အပိုင်း (၂၄) - ငါးစာချခြင်း (၂)
အိမ်တော်ထိန်းမှာ ၎င်းတို့ကြားမှ အဆင့်အတန်းကြောင့်သာမဟုတ်လျှင် ဒူးထောက်ဦးချမိလိမ့်မည်။
"ဒီတစ်ခါတော့ ခေါင်းဆောင်လီကို တကယ်ကျေးဇူးတင်ပါတယ်။ မင်းက ငါတို့အသက်ကို ကယ်ခဲ့တာပါ။ ဟူး..."
ဤအိမ်တော်ထိန်းမှာ သရဲတစ္ဆေကဲ့သို့ အပြောင်းအလဲ မြန်သူပင်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတင် လီကျင်လုံ လာရောက်မေးမြန်းခဲ့သော်လည်း မတူမတန်သကဲ့သို့ ဂရုမစိုက်ခဲ့ပေ။ မထင်မှတ်ဘဲ လီကျင်လုံဘက်က ကြောင်ကို ရှာတွေ့သွားသောအခါ စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်းပင် စိတ်ပြောင်းသွားကာ စကားလုံးများတောင် မပီတော့ပေ။
လီကျင်လုံက အိမ်တစ်ဝိုက်ကို တစ်ချက်ကြည့်လိုက်၏။ သံသယဖြစ်ဖွယ် အစေခံများ သို့မဟုတ် ထူးဆန်းသော အသွင်အပြင်ရှိသူများ မတွေ့ရသေးသောကြောင့် ဟုန်ကျွင့်ကို အမြန်စားပြီး အမြန်ဆုံးထွက်သွားကြရန် တိုက်တွန်းလိုက်သည်။
ဟုန်ကျွင့်က လက်ဖက်ရည်သောက်ရင်း ခဏစောင့်ပေးရန် ပြန်ပြောလေသည်။ ထိုအခိုက် အိမ်တော်ထိန်းက ဆိုလိုက်၏။
"တကယ်လို့ မင်း ဒါတွေကို သဘောကျတယ်ဆိုရင်၊ ငါ နောက်ထပ် အများကြီးပြင်ဆင်ပြီး နတ်ဆိုးနှင်ဌာနကို အရောက်ပို့ဆောင်ပေးပါ့မယ်!"
လီကျင်လုံမှာ ဤအိမ်တော်ထိန်း၏ ကြောင်သူတော်ကဲ့သို့ သဘောထားကြောင့် သူ့ခေါင်းထဲက မီးခိုးများ ထွက်လာလုနီးနီး ဒေါသထွက်လာ၏။ သို့သော် သူ့စိတ်သူထိန်းကာ ပြောလိုက်သည်။
"ကြောင်ထွက်ပြေးသွားတဲ့ အချိန်တုန်းက အိမ်မှာ ဧည့်သည်ရှိလား။"
"အဲဒီညက အရှင့်ရဲ့ကြင်ယာတော်၊ သခင်မကော်နဲ့ အမတ်ချုပ်ယန်တို့ အလည်လာခဲ့ပါတယ်။ အဲဒီတုန်းက အိမ်တော်မှာ အရမ်းအလုပ်များနေတော့..."
လီကျင်လုံ မျက်မှောင်ကြုတ်လိုက်သည်။ ဟုန်ကျွင့်လည်း ဝါးနေခြင်းကို ရပ်လိုက်ပြီး လီကျင်လုံကို မော့ကြည့်လိုက်သည်။
"စားလို့ပြီးရင် ထွက်သွားရအောင်။"
လီကျင်လုံက ဆိုလိုက်၏။
အိမ်တော်ထိန်းမှာ ၎င်းတို့ကို စောင့်စေချင်သေးသော်ငြား လီကျင်လုံက သူ့လက်ကို ဝှေ့ယမ်းပြီး ဟုန်ကျွင့်ကို ဆွဲထုတ်သွားချေပြီ။ အိမ်တော်ထိန်းက ကျေးဇူးတင်ကြောင်းပြောရင်း ရွှေငွေများ ပေးချင်နေသည့်တိုင် လီကျင်လုံက တံခါးဝရောက်သည့်အခါ လှည့်မကြည့်ခဲ့ပေ။
နောက်ဆုံး သည်းမခံနိုင်တော့မှသာ လှည့်ပြောလိုက်၏။
"ဒါက အားထုတ်မှု သေးသေးလေးပါ။ ကျေးဇူးတင်စရာ မလိုပါဘူး။"
စကားပြော၍အပြီးတွင် လီကျင်လုံ ဟုန်ကျွင့်အားကြည့်ကာ ဆက်ပြောလိုက်သည်။
"ထန်မင်းဆက်အတွက် သွေးထွက်သံယိုတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ နယ်စပ်က စစ်သည်တွေရဲ့ စစ်တပ်လစာက တစ်လမှာ ငွေနှစ်တုံးပဲ ရတယ်။ သူတို့ဘဝရဲ့လစာတွေက ချင်းမိသားစုက အိမ်မွေးတိရိစ္ဆာန်ရဲ့ တစ်နပ်စာဖိုးတောင် မရှိဘူး။ တကယ်လို့ ဒီတပ်မှူးတွေက သူတို့ဘိုးဘေးပိုင် စည်းစိမ်ဥစ္စာတွေကို သုံးစွဲနေတာဆိုရင်တော့ အပြင်လူအနေနဲ့ ပြောစရာမရှိပါဘူး။ ဒါပေမဲ့ အဲလိုမဟုတ်ခဲ့ရင်… သူတို့ရဲ့ ဆန်းပြားတဲ့ လူနေမှုဘဝတွေအတွက် ဘဏ္ဍာငွေတွေကို ဘယ်ကနေ ရရှိနေလဲဆိုတာကို ဘယ်သူက ပြောနိုင်မှာလဲ။"
အိမ်တော်ထိန်းက ရုတ်တရက် ထွက်ပေါ်လာသော စူးရှလှသည့် ဤစကားလုံးများကြောင့် အနောက်သို့ အနည်းငယ် ဆုတ်ခွာသွားခဲ့ရသည်။ လီကျင်လုံကို ပြန်မပြောနိုင်ခင်မှာပင် ထိုနှစ်ဦးမှာ အိမ်တော်ထဲမှ ထွက်သွားပြီ ဖြစ်သောကြောင့် ပါးစပ်ပြန်ပိတ်ထားလိုက်ရသည်။
"မင်းရဲ့အရည်အချင်းက ကြောင်ကိုပဲ ရှာတွေ့နိုင်မှာ။"
အိမ်တော်ထိန်းက မထီမဲ့မြင်ပြုသော လေသံဖြင့် ပြောနေသော်ငြား လီကျင်လုံ မကြားချင်ယောင်ဆောင်ကာ ဟုန်ကျွင့်နှင့်အတူ တရားစီရင်ရေးဌာနသို့ မှတ်တမ်းများကို စစ်ဆေးရန် ထွက်လာခဲ့၏။ ဟုန်ကျွင့်တစ်ယောက် သူ့လက်ထဲမှ မုန့်များကို ထုတ်ကာ လီကျင်လုံအား ပေးလိုက်သည်။
"ဒီမှာ..."
"ငါ မင်ကျစ်မင်မုန့်ကို မစားဘူး!"
(TN - မုန့်ရဲ့အဓိပ္ပာယ်က လူတွေရဲ့ ချွေးနှဲစာနဲ့တူနေတာပါ။)
"ဒါကို မင်ကျစ်မင်မုန့်လို့ ခေါ်တာလား။ အရမ်းအရသာရှိတယ်။ စားကြည့်ပါဦး၊ ခင်ဗျား စားချင်နေမယ်ဆိုတာ သိပါတယ်။ ဘာလို့ အမြဲတမ်း စိတ်ထဲရှိတဲ့အတိုင်း ဖွင့်မပြောချင်ရတာလဲ။ ဒါက စားလို့မကောင်းဘူးလား။"
"ငါ ဆန့်ကျင်ဘက် စကားတွေကို ပြောနေတာမဟုတ်ဘူး၊ ငါ ဒါကို တကယ်မစားဘူးလို့ ပြောနေတာ!"
သူတို့က လမ်းမကြီး၏အလယ်မှာ တစ်ဦးကိုတစ်ဦး တွန်းထိုးနေခဲ့ကြသည်။ လီကျင်လုံက ဟုန်ကျွင့်၏အရှေ့မှာ လုံးဝ ကူကယ်ရာမဲ့နေခဲ့ပြီး၊ သူ၏ ရဲတင်းသောအမူအရာများအတွက် သူ့ကို ရိုက်နှက်ဆုံးမရန်လည်း မလုပ်ရက်ခဲ့ပေ။
ချန်အန်းမြို့၏လမ်းမများပေါ်၌ ရှိနေကြသော လူအုပ်ကြီးမှာ ၎င်းတို့ထံသို့ စတင်လှည့်ကြည့်လာကြသည်အား ရိပ်မိလိုက်သဖြင့် သူနှင့်ပတ်သက်သော ကောလာဟလအသစ်များက မကြာမီ ထွက်ပေါ်လာတော့မည်မှာ သေချာပေ၏။ ထို့ကြောင့် သူက ဟုန်ကျွင့်ကို စိတ်အေးသွားစေရန်အတွက် မုန့်ကို ယူဆောင်လိုက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ဟုန်ကျွင့်က ချင်းအိမ်တော်ထဲမှထွက်လာစဥ် ကြက်ဥအနှစ်မုန့်၊ ဒိန်ခဲ၊ မင်ကျစ်မင်မုန့်၊ ကွေ့ဟွားနှင့် နွေရာသီအစောပိုင်း၌ ရသော ပျားရည်ဖြင့် ပေါင်းထားသော ကောက်ညှင်းအလွှာကို ယူဆောင်လာသည်။ လီကျင်လုံက 'မစားဘူး' ဟု ခံငြင်းနေသော်ငြား အမှန်တကယ်တော့ သူလည်း ဗိုက်ဆာနေပြီဖြစ်ရာ နောက်ဆုံး၌ လက်လျှော့ကာ မင်ကျစ်မင်မုန့်ကို ယူစားလိုက်ရ၏။
"အရသာရှိတယ် ဟုတ်?"
ဟုန်ကျွင့်က ဆို၏။
လီကျင်လုံ: "အင်း။"
နှစ်ယောက်သားက ရှည်လျားသော လမ်းမကြီးတစ်လျှောက် ဆက်လျှောက်လာခဲ့ကြသည်။ လီကျင်လုံက သူ့ကို လူတွေ့သွားမည်အား စိုးရိမ်သောကြောင့် ပတ်ဝန်းကျင်ကို အခါအားလျော်စွာ ကြည့်နေတတ်သည်။
လီမိသားစုသည် ယခင်က ဓနဥစ္စာအချို့ရှိခဲ့သော်လည်း ၎င်းတို့၏ချမ်းသာမှုက ယန်ညီအစ်မများ၏အိမ်တော်များ၌ ရှိသကဲ့သို့ ဆန်းပြားသောအဆင့်မျိုးသို့ တစ်ခါမှ မရောက်ရှိခဲ့ပေ။။ လီကျင်လုံတစ်ယောက် သူ့ကိုယ်သူ ပြန်သုံးသပ်ရင်း အိမ်တော်ထိန်းပြောသည့် စကားကိုလည်း တွေးနေမိသည်။
ဟုန်ကျွင့်: "ငါတို့လိုက်ဖမ်းနေတဲ့ မိစ္ဆာကြီးက အရှင်မင်းမြတ်ဘေးမှာရှိမယ််လို့ ထင်လား။"
လီကျင်လုံက လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်၏။
"တကယ်လို့ ဒီလိုသာဆိုရင် အရှင်မင်းမြတ် အန္တရာယ်ရှိလိမ့်မယ်။"
"သိပ်မစိုးရိမ်ပါနဲ့။"
ဟုန်ကျွင့်က နောက်ပြန်လှည့်ကြည့်ကာ လမ်းဘေးတွင် မလှုပ်မယှက် ရပ်နေသော လီကျင်လုံအား ကြည့်လိုက်သည်။
"ရေမြေ့အရှင်က ကျစ်ဝေးကြယ်ရဲ့ အကာအကွယ်အောက်မှာရှိတယ်။ ကျင့်ကြံမှု ဘယ်လောက်ပဲမြင့်မားပါစေ မိစ္ဆာက အရှင်မင်းမြတ်ကို တိုက်ရိုက်မသတ်နိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရှာနေတဲ့ မိစ္ဆာက အမတ်ချုပ်ယန်လား၊ သခင်မကော်လား။ ဒါမှမဟုတ် အရှင့်ရဲ့ကြင်ယာတော်လား။"
"မဖြစ်နိုင်ဘူး။"
လီကျင်လုံက နှစ်ခါမတွေးဘဲ ပြန်ဖြေလိုက်သည်။
"ဘာလို့ မဖြစ်နိုင်တာလဲ။ ကျိုးကြောင်းမသင့်လို့လား။"
ဟုန်ကျွင့်၏စကားများက သူ့အား အိပ်မက်မက်နေရာမှ ချက်ချင်း နိုးထစေနိုင်သကဲ့သို့ လီကျင်လုံအား အချိန်အတော်ကြာ တိတ်ဆိတ်သွားစေခဲ့သည်။ ဤတွေးဆချက်က လီကျင်လုံ၏ လောကအမြင်တစ်ခုလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်သည်။
အရှင်မင်းမြတ်အနားမှာ ရှိနေကြသော လူများအနက် အမတ်ချုပ်၊ တော်ဝင်ကြင်ယာတော် သို့မဟုတ် သူ(မ)၏ အစ်မဖြစ်သူက မိစ္ဆာတစ်ကောင် ဖြစ်နေနိုင်သည်လော။
"သွားရအောင်လေ။ ခင်ဗျား အဲ့မှာရပ်ပြီး ဘာလုပ်နေတာလဲ။"
ဟုန်ကျွင့်သည် သူ့ဘေးက ခေါက်ဆွဲဆိုင်ကို ကြည့်လိုက်ပြီး လီကျင်လုံကိုလည်း ပြန်ကြည့်လိုက်သည်။
လီကျင်လုံ: "..."
ဟုန်ကျွင့် : "ဒီခေါက်ဆွဲတွေက ဘယ်လောက်စားကောင်းလဲ မသိဘူးနော်။ ကြည့်လိုက်ဦး။ ခေါင်းဆောင်ရော နည်းနည်းလောက် မမြည်းချင်ဘူးလား။"
ဆိုင်အနောက်တွင် သူဌေးက ခေါက်ဆွဲခြောက်များကို အိုးထဲသို့ထည့်ကာ ပြုတ်ပြီးနောက် ဝက်ခြေထောက်ပြုတ်၊ ပဲပုပ်နှင့် တို့ဟူးခြောက်တို့အပြင် အခြားအဆာပလာများ လောင်းထည့်နေသည်။ ပါဝင်ပစ္စည်းများကို လက်တစ်ဆုပ်စာ ဖြူးထည့်လိုက်သောအခါ မွှေးရနံ့က လေထုထဲသို့ သင်းပျံ့လာတော့၏။
လီကျင်လုံ: "မင်း ခုနလေးကတင် သရေစာတွေ စားထားတာ မဟုတ်ဘူးလား။ ဘာလို့ ဗိုက်ထပ်ဆာနေပြန်တာလဲ။"
သို့သော် အစားအစာကိုမြင်လျှင် မလှုပ်မယှက်ဘဲ ရပ်တန့်နေတတ်သော ဟုန်ကျွင့်၏အမူအရာကို ပြန်သတိရလိုက်သဖြင့် လီကျင်လုံမှာ သူသာ ငြင်းခုံရန်ကြိုးစားပါက ဘေးလူများက သူ့ကို ထပ်မံရယ်မောကြမည်ကို စိုးရိမ်မိသည်။
“ကောင်းပြီ၊ ကောင်းပြီ။ စား စား စား။”
လီကျင်လုံသည် ခေါက်ဆွဲနှစ်ပွဲကို မှာလိုက်ပြီး ထိုင်လိုက်သည်။ သူက ဤအနားယူချိန်ကို အသုံးချကာ ဟုန်ကျွင့်၏ ထူးဆန်းသောတွေးဆချက်ကို ပြန်သုံးသပ်နေခဲ့၏။ သူ၏ ဦးခေါင်းထက်မှာ မှောင်မိုက်သော တိမ်တိုက်ကြီးတစ်ခု ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ပြန်စဥ်းစားကြည့်ပါက မတိုင်ခင်ကဆိုလျှင် ကြောင်လေး၏အပြုအမူများက သူတို့အား တစ်စုံတစ်ရာကို အရိပ်အမြွက် ပြချင်နေပုံရသည်ဟု ခံစားမိလေသည်။ ကံမကောင်းစွာဖြင့် ကြောင်ကလည်း အရာများစွာကို မေ့သွားပုံရသဖြင့် သူ အတွေးလွန်နေသကဲ့သို့သာ အဆုံးသတ်လိုက်ရ၏။
ယန်မိသားစုထဲက တစ်ယောက်ယောက်သာ မိစ္ဆာတစ်ကောင်ဆိုလျှင် ဤကိစ္စက အသေးအဖွဲပြဿနာ မဟုတ်တော့ပေ။
'ဒါမှမဟုတ် ယန်ကော်ကျုံးရဲ့ ညီအကိုမောင်နှမတွေ အားလုံးက မိစ္ဆာတွေ နတ်ဆိုးတွေများလား။'
လီကျင်လုံ ထိုကိစ္စကို တွေးပင်မတွေးဝံ့တော့ပေ။ တွေးနေစဥ် သူ၏အာရုံက ဟုန်ကျွင့်ထံသို့ ပြန်ရောက်သွားခဲ့သည်။ တစ်ဖက်က ဟုန်ကျွင့်မှာ တတိယမြောက်ပန်းကန်ကိုတောင် စတင်စားနေလေပြီ။
လီကျင်လုံ: "မင်း ပုံမှန်လည်း အများကြီး စားလေ့ရှိလား။"
"ကျွန်တော်က ကြီးထွားနေတုန်းပဲလေ။"
ဟုန်ကျွင့်က အနည်းငယ် စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြန်ပြောလေသည်။
"ထပ်စားတော့ ဘာဖြစ်လဲ။ ခင်ဗျားအိမ်က ထမင်းစားတာလည်း မဟုတ်ဘဲနဲ့။"
လီကျင်လုံခမျာ စကားမပြောနိုင်ရှာဘဲ ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူ့မျက်လုံးက အခြားဘက်သို့ လှည့်ကာ သဘာဝမကျစွာ ပြောလိုက်သည်။
လီကျင်လုံ: "အနာဂတ်မှာ တစ်ယောက်ယောက်ကသာ မင်းကို ထောက်ပံ့ရမယ်ဆိုရင်တော့ ရတဲ့ငွေက မင်းစားဖို့နဲ့တင် မလောက်မှာ ကြောက်ရတယ်။"
"ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့နိုင်ပါတယ်။
ဟုန်ကျွင့် ရိုးသားစွာ ပြောလိုက်သည်။
"ကျွန်တော့်အဖေက ကျွန်တော့်ကို ပိုက်ဆံအများကြီး ပေးထားတယ်။ ကျွန်တော့်ရည်မှန်းချက်က ကမ္ဘာပေါ်က အရသာရှိတဲ့ အစားအစာတွေကို စားပစ်ဖို့ပဲ။ ဒီလူသားကမ္ဘာရဲ့ အစားအသောက်တွေကလည်း အရမ်းအရသာရှိတယ်!"
"လူသားကမ္ဘာ?"
"..."
ဟုန်ကျွင့်တစ်ယောက် စကားကျွံမိသွားသဖြင့် ပါးစပ်ပြန်ပိတ်သွား၏။ လီကျင်လုံကလည်း လိမ္မာပါးနပ်စွာ ခေါင်းညိတ်ကာ ထပ်မမေးတော့ပေ။
"မင်းတို့အားလုံးမှာ ပိုက်ဆံတွေအများကြီး ရှိကြတာပဲ။"
လီကျင်လုံက ကျသင့်ငွေကိုပေးချေရန် အကြွေစေ့များကို ရေတွက်ရင်း ပြောလိုက်ပြီး ဟုန်ကျွင့်ကို ဗိုက်မနာစေရန်အတွက် အစားစားခြင်းကို ရပ်တန့်ရန် သတိပေးလိုက်သည်။ ဟုန်ကျွင့်က သူ၏ ကိုယ်ပိုင်ပိုက်ဆံအိတ်ကို နှိုက်ယူလိုက်သော်လည်း လီကျင်လုံက ၎င်းကို လုံးဝ လက်မခံခဲ့ပေ။
"သူတို့အားလုံးက ချမ်းသာတဲ့သူတွေဖြစ်နိုင်တယ်။ ဝတ်မှုန်တစ်ထုတ် ၈၀၀ လောက်ကို အသာလေး ထုတ်ပေးနိုင်တာက ချမ်းသာတဲ့ မိသားစုကမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ။"
စိတ်ဝိညာဥ်လွင့်ပန်းမှုန်၏ ဝတ်မှုန်ဖိုး ၃၂၀၀ ကိုတောင် ပြန်မဆပ်ရသေးပေ။ ဤမတိုင်ခင်ကလည်း နတ်ဆိုးနှင်ဌာနကို ပြန်လည်တည်ဆောက်ရန်အတွက် သူ၏လက်ကျန် စုဆောင်းငွေအားလုံးကို သုံးစွဲခဲ့ရသည်။
ယခု ဟုန်ကျွင့်က တစ်နပ်တည်းဖြင့် အနည်းဆုံး နှစ်ရက်စာမျှရှိသော ၎င်းတို့၏အစားအသောက်ရန်ပုံငွေကို စားသောက်ပစ်ခဲ့ပြီးဖြစ်သလို လီကျင်လုံကိုယ်တိုင်လည်း နောက်လအထိ သူ၏လစာကို ရရှိဦးမည်မဟုတ်။
သူက သူ၏ပိုက်ဆံအိတ်ထဲ ကျန်ရှိနေသော ငွေ ၁၂ ပြားကို ပြန်လည်သုံးသပ်လိုက်သည်။ အကယ်၍ သူတို့ နောက်ထပ် မည်သည့်စားသောက်ဆိုင်ကိုမှ မသွားဘဲ၊ လာမည့်ရက်အနည်းငယ်အတွင်း နတ်ဆိုးနှင်ဌာန၌ စားသောက်ကြမည်ဆိုလျှင်… ယနေ့က နှစ်ဆယ့်ခြောက်ရက်နေ့ဖြစ်သည်။ သူ နောက်လငါးရက်နေ့အထိ အောင့်အည်းသည်းခံရပေမည်။
ဟုန်ကျွင့်တစ်ယောက် တရားစီရင်ရေးဌာနသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ သူ အစက ၎င်းကို ဘုံကျောင်းတစ်ခုဟု ထင်ခဲ့သော်လည်း ရောက်တော့မှသာ သာမန်အစိုးရရုံးတစ်ခုဖြစ်နေကြောင်း တွေ့လိုက်ရသည်။
အမှုထမ်းအရာရှိများ ဝင်ထွက်နေကြ၏။ ခန်းမဆောင်ကြီးကလည်း မှောင်မည်းနေပြီး စိတ်ပျက်ဖွယ်ရာလေထုများ အုံ့ဆိုင်းနေကာ အော်ဟစ်သံများကို အဝေးကနေတောင် ကြားနေရသည်။ အငြိုးအတေးများဖြင့် အော်ဟစ်နေသော အသံများက အလွန်ပြင်းထန်သောကြောင့် ဝင်ဝင်ချင်းမှာပင် စိတ်မသက်မသာဖြစ်စေ၏။
မိစ္ဆာကိုဖမ်းပြီး အလောင်းကိုရှာတွေ့သည်နှင့် တစ်ပြိုင်နက် အမှုအဆုံးသတ်သင့်သည်ဟု ယူဆသော်လည်း လီကျင်လုံက လူသေအလောင်းကိုမီးရှို့လိုက်သည့် မြေခွေး၏အပြုအမူက အလွန်သံသယဖြစ်ဖွယ်ကောင်းသလို ခံစားလိုက်ရသည်။ ယင်းက သူ ဆက်လက်စုံစမ်းစစ်ဆေးခြင်း မပြုနိုင်စေရန်အတွက် တားဆီးရန် ပြုလုပ်ခဲ့ခြင်းမှာ ထင်ရှားပေသည်။
ကြောင်ဖြစ်စေ၊ မြေခွေးမိစ္ဆာဖြစ်စေ ဤသို့ ထူးဆန်းသည့်ဖြစ်ရပ်များ ပိုများလေ ဤအမှု၏နောက်ကွယ်၌ ပိုမိုရှုပ်ထွေးသော လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေနိုင်ခြေများလေဟု ခံစားနေရ၏။
လီကျင်လုံက ဟုန်ကျွင့်ကို အမှုတွဲမှတ်တမ်းများထားရှိရာ အနောက်ဘက်အခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ၎င်းတို့က အမှုတွဲဟောင်းများကို အချိန်အတော်ကြာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေနေခဲ့ကြစဉ် ဟုန်ကျွင့်က ရုတ်တရက် ထအော်လိုက်၏။
"ဒါကိုကြည့်လိုက်!"
ဟုန်ကျွင့်တစ်ယောက် ယခု လီကျင်လုံ၏စိတ်ကူးအချို့ကို အကြမ်းဖျင်း ခန့်မှန်းနိုင်ပြီဖြစ်၏။ မှတ်တမ်းအများစုက သာမန်ဟု ထင်ရသော်လည်း အောက်ဖော်ပြပါ ဇာတ်လမ်းများထဲတွင် ထူးထူးခြားခြား ကိစ္စတစ်ခုခု ရှိနိုင်သည်။
မှတ်တမ်းထဲ၌ အသက် ၃၀ နှင့် ၄၀ ကြားရှိသော ပညာရှိသုံးယောက်က တော်ဝင်စာမေးပွဲများကို ဖြေဆိုရန်အတွက် ချန်အန်းမြို့သို့ လာခဲ့ကြပြီး စားသောက်ဆိုင်တစ်ခုတွင် ရက်အနည်းငယ်စာမျှရှိသော အသုံးစရိတ်များကို အကြွေးဖွင့်ထားခဲ့ကြကာ နောက်ပိုင်းတွင် ကျသင့်ငွေကိုမပေးချေဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်ဟု ဖော်ပြထားသည်။ ကျသင့်ငွေကို ကောက်ခံရန် မစွမ်းသာတော့သဖြင့် စားသောက်ဆိုင်ပိုင်ရှင်က တရားရေးစီရင်ရေးဌာနသို့ အစီရင်ခံစာတင်ပြခဲ့ခြင်းဖြစ်သည်။
"ဒါကို ယူသွားမယ်!"
လီကျင်လုံက စာရွက်တစ်ရွက်ကို ထုတ်ကာ လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရန် ထွက်သွားခဲ့သည်။ တရားစီရင်ရေးဌာနမှ နတ်ဆိုးနှင်ဌာနသို့ အမှုလွှဲပြောင်းပေးရန် ပြောလိုက်သောအခါ စာရေးတော်က ထိုအမှုကို မြင်သည်နှင့် ရယ်ရယ်မောမောဖြင့် လှောင်ပြောင်လေသည်။
“ကြောင်ရှာတာအပြင် နတ်ဆိုးနှင်ဌာနက အကြွေးတွေပါ လိုက်ကောက်ပေးနေတာလား။”
***
Aurora Novel Translation Team