အပိုင်း (၁၅) - ဖျင်ကန်းလီသို့ နောက်တစ်ခေါက် (၁)
ဟုန်ကျွင့်တစ်ယောက် သူ၏လက်ထဲမှာ စာရွက်တစ်ရွက်ကို ကိုင်ထားပြီး နောက်ကျောတွင် ငါးတစ်ကောင်ကို ပိုးထားလေသည်။ မနက်အစောကြီး ကျောက်ကျစ်လုံ အိပ်ပျော်နေစဥ် သူ၏နောက်ကျောပေါ် ကောက်တင်လာသောကြောင့် ငါးခမျာ ၎င်း၏ပါးစပ်ကို ဖွင့်ဟပြီး မကြာခဏ သမ်းဝေနေရှာ၏။
"ကြောင်ပျောက်ရှာတဲ့ သတိပေးချက်တွေ လိုက်ကပ်လိုက်ရင် အသုံးဝင်မယ်လို့ထင်လား။"
ငါးကြင်းမိစ္ဆာ: "မင်းရဲ့တောင်ခြစ်မြောက်ခြစ် ဆွဲပုံနဲ့ဆို ဒါက ကြောင်တစ်ကောင်ပါလို့ ဘယ်သူက ပြောနိုင်မှာလဲ။"
ဟုန်ကျွင့်က မနက်စောစောစီးစီး လူအနည်းငယ်သာ သွားလာလှုပ်ရှားနေကြသည်ကို အခွင့်ကောင်းယူကာ ကြိုးချိတ်ကို လွှဲပစ်လိုက်ပြီး အနီးနားရှိ အိမ်ခေါင်မိုးပေါ်သို့ ဝဲပျံတက်လိုက်တော့သည်။ သူက မျှော်စင်၏ထိပ်ဆုံးအလွှာသို့ ရောက်ရှိသွားပြီးနောက် ထိုနေရာမှာထိုင်ကာ သူ၏ဒူးနှစ်ဖက်ကို ပွေ့ဖက်ထားလိုက်သည်။
အပြာရောင်နှင့် အဖြူရောင်တိမ်တိုက်များအောက်တွင် ချန်အန်းမြို့၏ ကြွေပြားအုတ်ကြွပ် ထောင်ပေါင်းများစွာက နံနက်ခင်း၏ လေနုအေးနှင့် နေရောင်တို့ကြောင့် တောက်ပနေကြသည်။ ဤကုန်းမြေကြီးတွင် လူသားမျိုးနွယ်က ဇိမ်ကျကျနှင့် ကြီးကျယ်ခမ်းနားသော မြို့တစ်မြို့ကို အမှန်တကယ် တည်ထောင်ခဲ့ကာ စိတ်အေးလက်အေးနှင့် ပျော်ရွှင်စွာ နေထိုင်ခဲ့သည်။
ဟုန်ကျွင့် မြို့၏အလှကို ကြည့်နေမိခိုက် ယောက်ကျင်းနန်းတော်ကိုတောင် သတိရသွား၏။ အပြင်မထွက်မီ သူဆွဲထားသော ကြောင်ပုံများကို ထုတ်ကြည့်ရင်း ယောက်ကျင်းနန်းတော်မှာ ရှိနေခဲ့လျှင် ချင်းရှုံနှင့် ချုံမင်တို့က ငှက်များနှင့် စကားပြောနိုင်၍ ကြောင်ရှာရန် သိမ်းငှက်နှစ်ကောင်ကို စေလွှတ်လိုက်မည်ဖြစ်ကာ သူ့ထက်ပင် ပိုမြန်လိမ့်မည်ဟု တွေးမိသွားသည်။
"ငါတို့ ဒီအပေါ်မှာ ဘယ်လောက်ကြာကြာ ဆက်နေကြဦးမှာလဲ။"
ငါးကြင်းမိစ္ဆာက မကျေမနပ် ညည်းတွားလေသည်။
"ဆောင်းဦးရာသီမှာ အပြင်လေက ခြောက်သွေ့တယ်။ ငါ့ရဲ့အကြေးခွံတွေ ယားလာပြီ။"
ဟုန်ကျွင့်: "ငါ သူ့ကို တကယ်စာနာမိလို့ပါ။ လူတိုင်းမှာ ကိုယ်စီရုန်းကန်ရတဲ့ အခက်အခဲတွေ ရှိတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါ သူ့ကို ကြောင်ရှာတဲ့နေရာမှာ ကူညီပေးချင်တုန်းပဲ။"
ငါးကြင်းမိစ္ဆာ: "မင်းကတော့ လူတိုင်းကို လိုက်သနားနေတာပဲ။ မင်းရဲ့ အဲဒီလို အူလှိုက်သဲလှိုက် သနားတတ်တဲ့ စိတ်ထားက တစ်နေ့ကျရင် မင်းကို ဒုက္ခပေးလိမ့်မယ်!"
ဟုန်ကျွင့်: "ငါတို့သာ ကြောင်ကို ရှာတွေ့ခဲ့ရင်၊ အဲဒီအရာရှိတွေက သူ့အပေါ် နည်းနည်းလောက် ပိုကောင်းကောင်း ဆက်ဆံလာကြမလား။"
သူက ပြီးခဲ့သည့် ညနေခင်းတစ်ခုလုံးကို ငါးကြင်းမိစ္ဆာဆီကနေ လူ့အဖွဲ့အစည်း၏ တင်းကျပ်သော အဆင့်အတန်းနှင့် ရာထူးအာဏာခွဲခြားမှုများအကြောင်း သင်ယူရင်း ကုန်ဆုံးခဲ့သည်။
အချို့သော အကြောင်းအရာများမှာ သူ၏ခေါင်းထဲ လုံးဝ ဝင်မသွားခဲ့သည်မှာ သေချာသော်လည်း၊ အနည်းဆုံးတော့ လီကျင်လုံ သူ၏ရည်မှန်းချက်များကို မအောင်မြင်နိုင်ဖြစ်နေရခြင်းမှာ ဧကရာဇ်နှင့် နန်းတွင်းအမတ်ကြီးများက သူ့ကို အထင်သေးနှိမ့်ချထားကြသောကြောင့်ဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်ခဲ့သည်။
ငါးကြင်းမိစ္ဆာ: "မတုံးစမ်းပါနဲ့။ လူ့အစွဲတွေက ဖယ်ရှားပစ်ဖို့ ခက်တယ်။ အမှန်အတိုင်းပြောရရင်၊ လူသားတွေက သူတို့ရဲ့ ဆင်ခြင်တုံတရားတွေကို လွှတ်ချလိုက်တဲ့အခါ မိစ္ဆာတွေထက်တောင် ပိုပြီး ယုတ်မာနိုင်ကြသေးတယ်။ လီကျင်လုံကို တိုက်ခိုက်ပုတ်ခတ်နေတဲ့သူတွေထဲက ဘယ်သူကမှ သူက အရည်အချင်းရှိတဲ့လူပါလို့ ဘယ်တော့မှ ဝန်ခံကြမှာမဟုတ်ဘူး—အဲလိုဝန်ခံတာက သူတို့မျက်နှာကို သူတို့ ဖြတ်ရိုက်သလို ဖြစ်သွားမှာကိုး။ ငါ့အမြင်ကို ပြောရရင်တော့၊ သူတို့က သူ့ကို ပျောက်နေတဲ့ ကြောင်တွေ၊ ခွေးတွေကိုပဲ အမြဲတမ်း လိုက်ရှာခိုင်းနေကြဦးမှာ။"
ဟုန်ကျွင့်က သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။
"အဲဒီကြောင်က ဘာလို့ထွက်ပြေးသွားတာလဲ။ တစ်စုံတစ်ခုက သူ့ကို ခြောက်လှန့်လိုက်လို့လား။"
ဟုန်ကျွင့်တစ်ယောက် ငန်းရိုင်းမျှော်စင်၏ အမြင့်ဆုံးထပ်တွင် ထိုင်နေခိုက် လီကျင်လုံ၏အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ငါတို့ အတွေးတူနေကြတာပဲ။ ဖြစ်နိုင်တာတော့ အဲဒီကြောင်က မမြင်သင့်တဲ့အရာကို မြင်သွားတာဖြစ်မယ်။"
ဟုန်ကျွင့်ခမျာ လန့်ဖျပ်ပြီး လျှောကျလုနီးပါး ဖြစ်သွားခဲ့သည်။
သူတို့နှစ်ယောက်စလုံး ချန်အန်းမြို့၏ အမြင့်ဆုံးနေရာသို့ တက်ရောက်ကာ မြို့တစ်ခုလုံးကို အပေါ်စီးကနေ ငေးမောကြည့်ရှုရန် စိတ်ကူးချင်း တိုက်ဆိုင်ခဲ့ကြပုံပင်။ ဟုန်ကျွင့်က သူ၏ကြိုးချိတ်ကို အောက်သို့ ချပေးလိုက်ပြီး လီကျင်လုံကို မျှော်စင်အထက် သူ၏ဘေးနားသို့ တက်လာကာ ထိုင်စေခဲ့သည်။
ဟုန်ကျွင့်တစ်ယောက် လီကျင်လုံကို အပြစ်ရှိသလို ခိုးကြည့်လိုက်မိ၏။
"ခင်ဗျား ဘယ်အချိန်တုန်းက ရောက်လာတာလဲ။"
"မင်း 'ငါ သူ့ကို တကယ်စာနာမိလို့ပါ' လို့ ပြောလိုက်တုန်းက။"
ဟုန်ကျွင့် အလွန်ရှက်သွားသော်လည်း လီကျင်လုံကတော့ မျက်မှောင်ကြုတ်ကာ ပြောပြလာသည်။
"ငါ သခင်မချင်းရဲ့အိမ်တော်ဆီ သွားခဲ့တယ်။ အဲဒီညတုန်းက ကြောင်က တစ်ခုခုကိုမြင်ပြီး ထိတ်လန့်သွားတာတဲ့။ ကြောင်တွေက မကောင်းဆိုးဝါးအငွေ့အသက်တွေကို အာရုံခံနိုင်ကြတယ်။ သူတို့က အစားချေးများပြီး လွယ်လွယ်ကူကူ အိမ်မပြောင်းတတ်ကြဘူး။ ချန်အန်းမှာ သခင်မချင်းရဲ့အိမ်တော်ထက် အစားအသောက်နဲ့ နေရာထိုင်ခင်း ပိုကောင်းတဲ့နေရာ မရှိဘူး။ ဆိုတော့ အဲဒီကြောင် မြင်ခဲ့တဲ့အရာက ဘာပဲဖြစ်ဖြစ်၊ အိမ်ပြန်မလာချင်တော့လောက်အောင်ကို တကယ် ထိတ်လန့်စရာကောင်းတဲ့ အရာဖြစ်ရမယ်။"
"လမ်းပျောက်နေတာရော ဖြစ်နိုင်လား။"
ဟုန်ကျွင့်က အစမ်းသဘောဖြင့် မေးကြည့်လိုက်သည်။
"မဖြစ်နိုင်ဘူး။"
လီကျင်လုံ ခေါင်းယမ်းပြလိုက်သည်။
"ဒါဆို တစ်ယောက်ယောက်က အဲ့ဒါကို ဝှက်ထားတာရော မဖြစ်နိုင်ဘူးလား။"
"သခင်မချင်းရဲ့ကြောင်ကို ဝှက်ရဲတဲ့သူကတော့ သေလမ်း ရှာနေတဲ့လူပဲ။ နန်းတွင်းတပ်ဖွဲ့တွေ ဆယ်ရက်ကျော်လောက်ထိ လိုက်ရှာခဲ့ကြတာ၊ ပြီးတော့ ကြောင်ကို ပြန်အပ်ရင်လည်း ဆုလာဘ်တွေ အမြောက်အမြားပေးမယ်လို့ ကတိပြုထားသေးတယ်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ မြင်ခဲ့ရင် သတင်းပို့ကြမှာ သေချာတယ်။ တကယ်လို့ ထင်မှတ်မထားတဲ့ အန္တရာယ်တစ်ခုခု မကြုံခဲ့ရရင်တော့၊ အဲဒီကြောင် အသက်ရှင်နေသရွေ့ မြို့ထဲက တစ်နေရာရာမှာ ပုန်းနေလိမ့်မယ်—ဖြစ်နိုင်တာက နယ်စားကတော်ရဲ့ အိမ်တော်နဲ့ မဝေးလှတဲ့ နေရာမှာပေါ့။ ကဲ... သွားကြစို့။"
ထိုအခိုက် လီကျင်လုံက တော်တော်လေးကို ဉာဏ်ပညာထက်မြက်သူဖြစ်ကြောင်း ဟုန်ကျွင့် ရုတ်တရက် သတိပြုမိသွားခဲ့သည်။
လီကျင်လုံက မျှော်စင်ထိပ်ကနေ မဆင်းခင် ဟုန်ကျွင့်က ချိတ်ကို ဝှေ့ယမ်းကာ ငန်းရိုင်းမျှော်စင်အနီးနားရှိ အိမ်ခေါင်မိုးပေါ်သို့ လှမ်းချိတ်ပြီး လီကျင်လုံကိုပါ တစ်ပါတည်း ခေါ်သွားခဲ့သည်။ ထို့နောက် ထိုနှစ်ဦးသား အိမ်ခေါင်မိုး အစွန်းများပေါ်မှတစ်ဆင့် လျင်မြန်စွာဖြတ်သန်းကာ နောက်ထပ် အိမ်ခေါင်မိုးတစ်ခုဆီသို့ ဆက်တိုက် ခုန်ကူးသွားခဲ့ကြသည်။
"ချန်အန်းမှာ မိစ္ဆာတွေ အများကြီးရှိနေမယ်လို့ ထင်လား။"
ဟုန်ကျွင့် ရုတ်တရတ် အတွေးတစ်ခုရသွားပြီး အရှေ့က သွားနေသူ လီကျင်လုံကို လှမ်းမေးလိုက်သည်။
လီကျင်လုံ: "ချန်အန်းမြို့ကို လွှမ်းခြုံထားတဲ့ ငရဲတစ္ဆေနှင်းမြူတွေကို ဘယ်သူကမှ မနှိမ်နင်းဘဲ ပစ်ထားခဲ့တာ ကြာပြီ။ ညတိုင်း ညတိုင်းမှာ မိစ္ဆာတွေက သောက်စားပျော်ပါးဖို့ စုဝေးကြပြီး ချန်အန်းမြို့ကြီးက ပြောင်းလဲသွားတတ်တယ်၊ မင်း အခု မြင်တွေ့နေရတဲ့ မြို့တော်ကြီးနဲ့ လုံးဝ မတူတော့ဘူး။"
"ခင်ဗျား ဘယ်လိုသိတာလဲ။"
ဟုန်ကျွင့်လည်း သူကိုယ်တိုင် အနည်းငယ် ခံစားမိသော်ငြား လီကျင်လုံဖော်ပြသည့် အတိုင်းအတာအထိ မဟုတ်ပေ။ ညတိုင်းလိုလို ဗုံသုံးချက်တီးပြီးသည့်အခါတိုင်း ချန်အန်းတစ်မြို့လုံး ပြောင်းလဲသွားရုံသာမက မည်သူမျှမသိသော တစ်နေရာရာတွင် မကောင်းသည့်အရာတစ်ခုခု ဖြစ်ပျက်နေသကဲ့သို့လည်း ခံစားရ၏။
လီကျင်လုံက သူ့ခါးမှဓားကိုသာ ပွတ်သက်လိုက်ပြီး ပြန်မဖြေခဲ့ချေ။
"ဒီဓားက ခင်ဗျားကိုပြောပြတာလား။ ဒါဆို ချန်အန်းမှာ မိစ္ဆာဘယ်နှစ်ကောင် ရှိနေမယ်လို့ထင်လဲ။"
"သောင်းချီတယ်။"
လီကျင်လုံက ဟုန်ကျွင့်ကိုပြန်ကြည့်ကာ ဖြေလိုက်သည်။
ဟုန်ကျွင့်တစ်ယောက် ချုံမင်ပြောခဲ့သည့် စကားကို ပြန်သတိရသွား၏—မိစ္ဆာများက ချန်အန်းမြို့ကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ပြောခဲ့သော်လည်း၊ သူ မြို့ထဲမှာ ရက်ပေါင်းများစွာ နေထိုင်ခဲ့သည့်တိုင် အခြားသောမိစ္ဆာများနှင့် ထိပ်တိုက်မတွေ့ခဲ့ရသေးပေ။ ထိုမိစ္ဆာများက အလွန်အပုန်းတော်လွန်းသည်လား၊ သို့မဟုတ် သူကိုယ်တိုင်က သတိမမူမိဘဲ ငတုံးတစ်ယောက်ဖြစ်နေ၍လော။
"မျောက်ကလေး။"
ထိုစဉ် ငါးကြင်းမိစ္ဆာက ဟုန်ကျွင့်၏အနောက်ကွယ်ကနေ လှမ်းခေါ်လိုက်သည်။
"ဘာကြီး?"
လီကျင်လုံနှင့် ဟုန်ကျွင့်တို့ နှစ်ယောက်လုံး ကြောင်ရှာဖွေရေးကြောင့် စိတ်ရှုပ်နေကြစဥ် အရှေ့ဈေး အပြင်ဘက်ရှိ ခေါင်မိုးပေါ်တွင် တစ်စုံတစ်ခု ရုတ်တရက် ပျံသန်းလာပြီး လီကျင်လုံ၏မျက်နှာကို ထိသွားလေသည်။ တစ်ချိန်တည်းမှာပင် ဟုန်ကျွင့်ကလည်း လန့်ဖျပ်ကာ ချာခနဲ လှည့်ကြည့်လိုက်သည်။
အဆက်မပြတ် အော်ဟစ်နေသည့် အသံတစ်သံနှင့်အတူ ကျောက်စိမ်းပန်းမြတ်ခန်းမ၏ခေါင်မိုးပေါ်၌ ထိုင်နေသော မျောက်လေးတစ်ကောင်ကို တွေ့လိုက်ရ၏။ ၎င်းက သူတို့နှစ်ဦးကို ကြည့်နေသည်။
"ဒါက ဘာလဲ..."
လီကျင်လုံက ၎င်းကို မောင်းထုတ်ရန် ခြေလှမ်းပြင်တော့မည့်အခိုက် ဟုန်ကျွင့်သည် ထိုမျောက်ဟာ ဈေးထဲတွင် လှည့်စားခံနေရ၍ သူ လွှတ်ပေးလိုက်သော မျောက်ကလေးဖြစ်ကြောင်း ရုတ်ခြည်း သတိရသွားပြီး ပြုံးပြုံးလေးဖြင့် အော်ပြောလိုက်၏။
"အာ.... မင်းကိုး!"
ဟုန်ကျွင့်က မျောက်ကလေးအား လက်ပြနှုတ်ဆက်လိုက်စဥ် မျောက်ကလေးက ပြေးလာခဲ့သည်။ မျောက်မုဆိုးထံမှ လွတ်မြောက်ပြီးနောက် ၎င်း၏မျက်နှာက ပြည့်ပြည့်လေး ဖြစ်လာချေပြီ။ ရံဖန်ရံခါ ကြင်နာတတ်သူများထံမှ အစာတချို့ ရခဲ့ပုံပင်။ သူ့လက်ထဲတွင် မှိုတက်နေသော ပေါက်စီကို ကိုင်ဆောင်ကာ ဟုန်ကျွင့်ကို ကျွေးရန် လက်မြှောက်လိုက်သည်။
ဟုန်ကျွင့်လည်း ၎င်း၏ရည်ရွယ်ချက်ကို သဘောပေါက်သဖြင့် ငါးကြင်းမိစ္ဆာကို အစာကျွေးရန် အပိုင်းတချို့ကို ဖြတ်ပေးလိုက်ရာ ငါးကြင်းမိစ္ဆာမှာ မပျော်မရွှင် ဖြစ်သွားလေသည်။
"ဒီပေါက်စီက..."
"စားလိုက်စမ်းပါ။"
ဟုန်ကျွင့်က ငါးကြင်းမိစ္ဆာ၏ ပါးစပ်ကို ဖြည်းဖြည်းချင်း ညှစ်လိုက်ပြီး ထိုးထည့်ပေးလိုက်သည်။ ထို့နောက် ဓားပျံဖြင့် မျောက်ကလေး၏ လည်ပင်းပေါ်ရှိ သံကြိုးများကို ဆွဲဖြုတ်ပေးလိုက်သည်။
လီကျင်လုံ: "လူအနားကပ်တဲ့ မျောက်တွေက လူသားတွေရဲ့ စကားကို အားလုံး နားလည်နိုင်ကြတယ်တဲ့။ သူ ဒီရက်ပိုင်း ဒီနားတစ်ဝိုက်မှာ လျှောက်ပြေးနေခဲ့တာဆိုတော့ ကြောင်ကို တွေ့ဖူးမလားလို့ မေးလို့ရလောက်တယ်။"
ဟုန်ကျွင့်လည်း တွေးကြည့်လိုက်သည်။ ထို့နောက် သူ့လက်ထဲမှာ ဆွဲထားသော ကြောင်ပုံကို အမြန်ထုတ်လိုက်ပြီး မျောက်ကို ကြည့်ခိုင်းလိုက်စဥ် လီကျင်လုံက ထအော်လိုက်သည်။
"မင်းဆွဲထားတာ... မင်းဆွဲထားတာက ကြောင်ဆိုတာ သေချာလို့လား!"
လီကျင်လုံခမျာ နောက်တစ်ကြိမ် ဒုက္ခရောက်လုနီးပါး ဖြစ်သွားရသည်။ စာရွက်ပေါ်၌ ဟုန်ကျွင့် ရေးဆွဲထားသည့် အရာမှာ စက်ဝိုင်းကြီးသုံးခု၊ ကောက်ကွေးသော အင်းဆက်အမြီးတစ်ခု၊ ချွန်ထွက်နေသော နားရွက်နှစ်ခုပင်။ ယင်းက ကြောင်နှင့်မတူဘဲ မိစ္ဆာနှင့်တောင် တူနေခဲ့သည်။
မျောက်ကလေးက ခေါင်းစောင်းပြီး ကြိမ်ဖန်များစွာ အော်ဟစ်လိုက်ပြီး ဟုန်ကျွင့်အား သူ့နောက်က လိုက်လာခဲ့ရန် အချက်ပြကာ အမြန်ထွက်ပြေးသွားခဲ့သည်။
ငါးကြင်းမိစ္ဆာ : "တကယ်ကြီး နားလည်တယ်ဟ!"
ဟုန်ကျွင့်လည်း အမြန်ထလိုက်ပြီး လီကျင်လုံနှင့်အတူ မျောက်လေးနောက်ကို လိုက်သွားခဲ့သည်။ ယခုအချိန်တွင် အရှေ့ဈေးမှာလည်း ဆိုင်ခန်းများ ဖွင့်နေကြီဖြစ်၍ လူအသွားအလာများဖြင့် စည်ကားနေပြီဖြစ်၏။ လီကျင်လုံ၏ နှလုံးသားထဲမှာ စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းအချို့ ရှိနေဆဲပင်။ သူက လူအများနှင့် ခပ်ဝေးဝေးနေကာ သူ့ကို မမြင်နိုင်အောင်လည်း ခေါင်းငုံ့နေခဲ့သည်။
မျောက် ရပ်လိုက်သည်နှင့် ဟုန်ကျွင့်ခမျာ "အာကနဲ" ဆွံ့အသွားလေ၏။
ဖျင်ကန်းလီရှိ လျိုယင်းချွမ်းရှောင်နှင့် ယီရှီးလန်တို့ မျှော်ရင်နှစ်ခုကြားရှိ တံစက်မြိတ်အဆုံးက နေရောင်အောက်တွင် အဖြူရောင်အရာတစ်ခု မလှုပ်မယှက် လဲလျောင်းနေ၏။
"ဒါမလား။"
ဟုန်ကျွင့်က ချက်ချင်း ခေါင်းလှည့်ကာ မေးလိုက်သည်။
"တိုးတိုးနေ! မလှုပ်နဲ့!"
လီကျင်လုံတစ်ယောက် အံ့အားသင့်သွားခဲ့သည်။ သူတို့ ထိုသတ္တဝါကို တကယ်ရှာတွေ့လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးချေ။ ကြောင်ကို ဖမ်းမိခြင်းက ၎င်းတို့ ခေါင်းမော့ရင်ကော့နိုင်လောက်သည့် အောင်ပွဲမျိုး မဟုတ်သော်လည်း၊ အနည်းဆုံးတော့ နန်းတွင်းတပ်ဖွဲ့များ၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဟုန်ကျွင့်က ဤမျှအထိ ကံကောင်းနိုင်လိမ့်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း၊ မြို့တစ်ခုလုံးကို အထက်အောက် နေရာအနှံ့ရှာဖွေခဲ့သည့်တိုင် မတွေ့ခဲ့သောအမှုမှာ သူ၏လက်ထဲသို့ ရောက်ရှိလာသည်နှင့် ချက်ချင်း ပြေလည်သွားခဲ့ရသဖြင့်—လီကျင်လုံမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။
ဟုန်ကျွင့်က မေးလိုက်သည်။
"ကျွန်တော်တို့ မော့ရစ်ကန်းနဲ့ တခြားသူတွေကို လာခိုင်းရမလား။ တကယ်လို့ ဒါက တခြားကြောင်တစ်ကောင် ဖြစ်နေရင်။"
ထိုမနက်က လီကျင်လုံသည် သူတို့ကို ကြောင်ရှာတွေ့ခဲ့လျှင်တောင် သူ့ကို အရင်အကြောင်းမကြားဘဲ ဖမ်းဆီးခြင်းမပြုရန် တင်းကျပ်စွာ အမိန့်ပေးထားခဲ့သည်။ အမှန်တော့ ၎င်းတို့ ကြောင်မှားဖမ်းမိသွားလျှင် အရှက်ကွဲရမည်မဟုတ်လော။ သို့သော် လီကျင်လုံ သခင်မချင်း၏အိမ်တော်သို့ သွားရောက်စဉ်က ဤကြောင်သည် အလွန်ဈေးကြီးသော ကြောင်မျိုးစိတ်ဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ချန်အန်းမြို့၏ မည်သည့်နေရာတွင်မဆို ဤကဲ့သို့သော ကြောင်မျိုးကို ထပ်မံတွေ့ရှိရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
"မလိုဘူး။"
လီကျင်လုံ အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
"သူတို့က အခုအချိန်မှာ တစ်ခုခုကို ခိုးလုပ်နေကြတာနေမှာ။ တကယ်လို့ ကြောင်မှားနေရင်တောင် အရင်ဖမ်းလိုက်ပြီးမှ ကျန်တာကို ဆက်ရှင်းကြတာပေါ့။ မင်းက ဒီမှာနေ၊ ငါ သူ့ရဲ့ နောက်ကျောဘက်ကနေ ပတ်သွားမယ်။ မင်းဆီမှာ ပိုက်ကွန်ပါလား။"
"ပါတယ် ပါတယ်။"
ဟုန်ကျွင့် အလျင်စလိုပြောလိုက်သည်။
“အောက်က လမ်းသွားလမ်းလာတွေကို မနှောင့်ယှက်မိစေနဲ့။ မဟုတ်ရင် အဲဒါက လန့်ပြီး ထွက်ပြေးသွားဦးမယ်။”
ဟုန်ကျွင့်က အူတူတူဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လီကျင်လုံ ခန္ဓာကိုယ်ကို နှိမ့်ချလျက် ဟုန်ကျွင့်ကိုလည်း ထိုသို့ပြုလုပ်ရန် လက်ဟန်ပြကာ ကြောင်၏အခြားတစ်ဖက်သို့ ပတ်သွားသည်အား စောင့်ကြည့်နေမိသည်။
ငါးကြင်းမိစ္ဆာက ပြောလာ၏။
“အဲ့လောက်အထိ လုပ်နေစရာမလိုပါဘူး။ ကြောင်လေးတစ်ကောင်ပဲကို။”
ဟုန်ကျွင့်က စကားစလိုက်၏။
"ခဏနေကျ မင်း ကူညီပြီး..."
ငါးကြင်းမိစ္ဆာ: "လုံးဝမဖြစ်နိုင်ဘူး! ငါ အဲဒီကြောင်ကို ဖမ်းဖို့ မင်းတို့ကို ဘယ်လိုနည်းနဲ့မှ ကူညီမှာမဟုတ်ဘူး! ငါက ဘာလဲဆိုတာကို မင်း မေ့သွားပြီလား။"
ဟုန်ကျွင့်သည် ငါးကြင်းမိစ္ဆာဟာ ငါးတစ်ကောင်ဖြစ်ပြီး ကြောင်များနှင့် ဝက်ဝံများကို သဘာဝအတိုင်း ကြောက်ရွံ့တတ်ကြောင်း သတိရသွား၏။ သူက လီကျင်လုံ ခြေလှမ်းငါးဆယ်ခန့် အကွာအဝေးသို့ တဖြည်းဖြည်း ချဉ်းကပ်သွားသည်အား စောင့်ကြည့်နေခဲ့ပြီး၊ လီကျင်လုံကို မမြင်ရတော့လောက်သည့် အနေအထားရောက်မှသာ ကြောင်ရှိရာသို့ တဖြည်းဖြည်း တိုးကပ်သွားခဲ့သည်။ လက်ထဲတွင် ပိုက်ကွန်ကို ကိုင်ဆောင်လျက် ဟုန်ကျွင့်တစ်ယောက် အိမ်ခေါင်မိုးပေါ် ခြေသံလုံစွာဖြင့် အရှေ့သို့ တိုးသွားလိုက်သည်။
ဤဇာတ်လမ်း၏ အဓိကဇာတ်လိုက်ဖြစ်သော ကြောင်ကြီးက နေရောင်အောက်တွင် ပျင်းရိစွာ လဲလျောင်းနေဆဲဖြစ်သည်။
ဟုန်ကျွင့်နှင့် လီကျင်လုံတို့ တစ်ဖက်တစ်ချက်စီမှ တဖြည်းဖြည်း နီးကပ်လာကြစဉ် အလယ်ကကြောင်မှာ မလှုပ်မယှက်ရှိနေဆဲပင်။ သူ့ခန္ဓာကိုယ်က အသက်ရှူသံမှန်မှန်ဖြင့် အိပ်ပျော်နေသကဲ့သို့ ဖြည်းဖြည်းမှန်မှန်လေး လှုပ်ရှားနေသည်။
လီကျင်လုံက ကြောင်နှင့် ဆယ်ပေခန့် အကွာအဝေးသို့ ရောက်ရှိသောအခါ ရပ်တန့်လိုက်ပြီး ဟုန်ကျွင့်အား လက်ဟန်ပြလိုက်၏။ ဟုန်ကျွင့်က ခန္ဓာကိုယ်ကို နှိမ့်ချလျက် လက်နှစ်ဖက်ဖြင့် ပိုက်ကွန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ တစ်လှမ်းချင်း တိုးကပ်သွားခဲ့သည်။
ရုတ်တရက် ကြောင်က မျက်လုံးများကိုဖွင့်လာပြီး လီကျင်လုံကို မြင်သွားခဲ့သည်။ လူနှင့် ကြောင်က ထိတ်လန့်စွာဖြင့် အချင်းချင်း စိုက်ကြည့်မိကြပြီးနောက် လီကျင်လုံက အော်လိုက်လေ၏။
"လုပ်လိုက်တော့!"
လီကျင်လုံက ကြောင်ရှိရာသို့ အားကုန်ခုန်အုပ်လိုက်စဉ် ဟုန်ကျွင့်ကလည်း ပိုက်ကွန်ကိုဖြန့်လျက် အရှေ့သို့ ပြေးဝင်ခဲ့လိုက်သည်။
လီကျင်လုံသည် ကြောင်က သူ့လက်ခုပ်ထဲမှ ထွက်ပြေးရန် ကြိုးစားရင်း ဟုန်ကျွင့်၏ပိုက်ကွန်ထဲသို့ တဲ့တိုးကြီး ပြေးဝင်သွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ထိုသတ္တဝါက လမ်းကြောင်းကို ချက်ချင်းပြောင်းလဲလိုက်ပြီး လီကျင်လုံ၏ ခြေထောက်နှစ်ဖက်ကြားရှိ နေရာလွတ်မှတစ်ဆင့် ဖြူဖွေးသော အရိပ်တစ်ခုကဲ့သို့ လျင်မြန်စွာ လျှောထွက်သွားခဲ့လေသည်။
နောက်တစ်စက္ကန့်တွင် ဟုန်ကျွင့်ကလည်း အောက်သို့ ငုံ့လျက် လီကျင်လုံ၏ ခြေထောက်နှစ်ဖက်ကြားမှတစ်ဆင့် လိုက်ပြီး လျှောဆင်းသွားခဲ့သည်။
"ဒီကို ပြန်လာခဲ့!"
သူက အော်ဟစ်လိုက်၏။
ဟုန်ကျွင့်တစ်ယောက် ကြောင်ကိုဖမ်းဆီးရန် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်စဉ် အိမ်ခေါင်မိုးပေါ်ရှိ လျော့ရဲနေသော အုတ်ကြွပ်ပြားတစ်ခုကို နင်းမိသွားသဖြင့် သူ၏ ခြေထောက်က လေဟာနယ်ထဲနင်းမိသွားခဲ့သည်။ သူ၏ ဦးနှောက်ထဲမှာ အတွေးတစ်ခု ချက်ချင်း ဖြတ်ပြေးသွား၏—
'ဒီကြောင်က တော်တော်ပါးနပ်တာပဲ၊ မိစ္ဆာအတတ်များ ကျင့်ကြံထားတာလား။'
နောက်အခိုက်အတန့်တွင် ဟုန်ကျွင့်တစ်ယောက် အရှိန်လွန်သွားကာ လျိုယင်းချွမ်းရှောင်၏ ခေါင်မိုးပေါ်ကနေ လိမ့်ကျသွားပြီး အောက်ဘက်လမ်းကြားတွင် အခုလေးတင် ဖွင့်လှစ်ထားသော ခေါက်ဆွဲဆိုင်များနှင့် ယီရှီးလန်မျှော်စင်၏ အောက်ထပ်အလွှာများဆီသို့ အရှိန်ဖြင့် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သော်လည်း နောက်ဆုံးအခိုက်အတန့်၌ လီကျင်လုံက သူ၏ခြေကျင်းဝတ်ကို သန်မာသောလက်ဖြင့် ကျစ်ကျစ်ပါအောင် ဖမ်းဆွဲလိုက်သဖြင့် ဘေးကင်းသွားခဲ့သည်။
လီကျင်လုံက သူ့ကို ဆွဲတင်ပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးနေစဉ်၊ ဟုန်ကျွင့်တစ်ယောက် အောက်ဘက်ရှိ ခေါက်ဆွဲဆိုင်၌မှ တဗွက်ဗွက်ဆူပွက်နေသော ဟင်းချိုအိုးကြီးကို ငုံ့ကြည့်လိုက်မိသည်။
တကယ်ကို သီသီလေးပဲ!
အကယ်၌ ဟုန်ကျွင့်ကိုယ်တိုင် အန္တရာယ်မရှိဘဲ လွတ်မြောက်သွားခဲ့လျှင်တောင် ထိုဟင်းချိုအိုးကြီးက ကျောက်ကျစ်လုံအတွက်တော့ ဘဝနိဂုံးချုပ်ရာ ဖြစ်သွားပေလိမ့်မည်။
ထိုအခိုက်တွင် ကြောင်က ယီရှီးလန်မျှော်စင်၏ တတိယထပ်သို့ ခုန်တက်သွားချေပြီ။ ပြတင်းပေါက် လှုပ်သွားသည်ကို မြင်ရုံမျှဖြင့် ထိုအနောက်တွင် ပုန်းနေကြောင်း သိသာလှ၏။ ဟုန်ကျွင့်က ခပ်တိုးတိုးလေး ပြောလိုက်သည်။
"ကျွန်တော် အကောင်းဆုံး ကြိုးစားခဲ့တာကို။"
လီကျင်လုံက ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး။ ဘယ်မှာရှိနေလဲဆိုတာ သိပြီမလို့ ပိုလွယ်သွားပြီ။"
နှစ်ယောက်သား တံစက်မြိတ်မှတစ်ဆင့် အောက်ကို ဆင်းလာကြစဥ် ဟုန်ကျွင့် တိုးတိုးလေး ထပ်ပြောပြန်သည်။
"ကျွန်တော်လုပ်ပါရစေ။ မဟုတ်ရင် ခင်ဗျား ထပ်ပြီး..."
"အဲ့လောက်ထိ ကံမဆိုးလောက်တော့ပါဘူး။"
လီကျင်လုံက တိုးတိုးလေး ပြန်ပြောလာသည်။
***
Aurora Novel Translation Team