အပိုင်း (၁၉) - မှုန်ဝေးဝါးနေသော အတိတ်ပုံရိပ်များ (၁)
"ဒါဆို ငါတို့ အဲဒီအခန်းထဲ ပြန်သွားရမယ်ထင်တယ်။"
လီကျင်လုံသည် သူ၏မှတ်ဉာဏ်ထဲကအတိုင်း ပြန်လည်သုံးသပ်ရင်း မျက်မှောင်ကြုတ်နေ၏။ အားလုံးက ဟုန်ကျွင့်ကို တစ်ပြိုက်နက်တည်း လှည့်ကြည့်လိုက်ကြသော်ငြား ဟုန်ကျွင့်ကတော့ မသိစိတ်၏စေရာအတိုင်း မတ်တတ်ထရပ်ကာ ခန်းမထဲကထွက်ပြီး စင်္ကြံ၏တံစက်မြိတ်အောက်မှာ ရပ်နေလေသည်။
ဤနေရာက ရင်းနှီးသော နေရာတစ်ခုဖြစ်ခဲ့သော်လည်း သူ၏မှတ်ဉာဏ်ထဲတွင်တော့ အရာအားလုံးက ကွဲပြားလျက်ရှိ၏။ ဟုန်ကျွင့် ပတ်ပတ်လည်ကိုကြည့်ကာ သူ့ခေါင်းထဲ၌ တစ်ခါမှ မရှိခဲ့ဖူးသော မှတ်ဉာဏ်တစ်ခုကို တဖြည်းဖြည်း သတိရနေခဲ့သည်။
ဘာဖြစ်တာလဲ။ စိတ်ဝိညာဉ်လွင့်ပန်းမှုန်ကြောင့်လား။
သို့သော် စိတ်ဝိညာဥ်လွင့်ပန်းမှုန်က မှတ်ဉာဏ်များကို မေ့ပျောက်စေသည့် အကျိုးသက်ရောက်မှုမျိုးရှိခြင်း မဟုတ်လော။ အတိတ်ကို မည်သို့သတိရနိုင်မည်နည်း။
"အဖေ... အဖေ!"
သူ၏မှတ်ဥာဏ်ထဲမှာ ဟုန်ကျွင့်အငယ်လေးဟာ သူ့အဆုတ်ထဲမှ အသံကုန်အော်ဟစ်လိုက်သောအခိုက် အနက်ရောင် အရိပ်တစ်ခု ပြေးလာပြီး ခြံထဲတွင် ဆင်းသက်လာခဲ့သည်။ ၎င်းက ချင်းရှုံပင်။ ဟုန်ကျွင့် သူ့ခေါင်းကို ချာခနဲလှည့်လိုက်သည်နှင့် ယခင်က ချင်းရှုံကို တွေ့လိုက်ရသည်။
သူ၏၀တ်ရုံစများက လေပြည်တို့ကြောင့် ဝဲလွင့်လျက်ရှိကာ အရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး လေးနက်သော လေသံဖြင့် ပြောလာ၏။
“ဒီလောက် သတ်ဖြတ်ခဲ့တာနဲ့တင် လုံလောက်နေပြီ မဟုတ်လား။”
ရွှေရောင်အလင်းတန်းအောက်က ခန်းမအတွင်း၌ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ကာ သေဆုံးသွားသော စုံတွဲတစ်တွဲ ရှိနေပြီး ဟုန်ကျွင့်အငယ်လေးက ထိုအလောင်းများဘေး၌ အရူးအမူး အော်ဟစ်နေခဲ့သည်။ ထိုအခိုက် ချင်းရှုံက ကလေးငယ်ကို ကောက်ဆွဲကာ သူ့ဘက်သို့ ခေါ်ဆောင်လိုက်၏။
"အဖေ!"
ဟုန်ကျွင့်အငယ်လေး၏ အော်သံများကြား ချင်းရှုံ၏အသံလည်း သူ့နားထဲတွင် ထွက်ပေါ်လာသည်။
"ရှူး... ငါ့ကိုကြည့်စမ်း၊ ငါ့ကိုကြည့်။"
ချင်းရှုံက ဒူးထောက်ပြီး ဟုန်ကျွင့်အငယ်လေးကို သူ့ဘက် အတင်းလှည့်ခိုင်းကာ မျက်လုံးစူးစူးတို့ဖြင့် စိုက်ကြည့်နေသည်။ သူ၏နှုတ်ခမ်းတို့ အနည်းငယ် လှုပ်သွားပုံမှာ တစ်ခုခုပြောလိုက်ပုံပင်။
ဟုန်ကျွင့်လေးက ခြံထဲမှာ တောင့်တင်းစွာ ရပ်နေခဲ့၏။ ချင်းရှုံကတော့ သူ့ကို နောက်တစ်ကြိမ် ပြန်ကြည့်ရန် တွန်းအားပေးကာ ခေါင်းကို အတင်းဖိ၍ တစ်ခုခုပြောနေသော်လည်း ထိုစကားလုံးများကို တဖြည်းဖြည်းနှင့် မကြားရတော့ပေ။
ချင်းရှုံက ဘာပြောလိုက်တာလဲ။
တစ်ဖက်လူက ထိုစကားများကိုသာ ထပ်ခါထပ်ခါ ပြောနေပုံရသောကြောင့် ဟုန်ကျွင့် မျက်မှောင် ကြုတ်လိုက်မိသည်။ သို့သော် ဤနတ်ဆိုးနှင်ဌာနထဲ၌ သေဆုံးသွားသော ဇနီးမောင်နှံက 'ဘာဖြစ်သွားတယ်' ဟူသည့် အကြောင်းအရာမှာ ဟုန်ကျွင့်မှတ်ဉာဏ်ထဲ၌ ရှိမနေခဲ့ပေ။
"ဟုန်ကျွင့်!"
လူတိုင်း အော်လိုက်ကြသည်။
လီကျင်လုံက သူ့လက်ကိုမြှောက်ကာ ဟုန်ကျွင့်ရှေ့တွင် ဝှေ့ယမ်းရင်း မေးလိုက်သည်။
"အဆင်ပြေရဲ့လား။"
ဟုန်ကျွင့်က ချင်းရှူံ အရေးကြီးသော စကားတစ်ခွန်းကို ပြောခဲ့သော်လည်း သူ မေ့နေကြောင်း အလိုလိုခံစားလာရသဖြင့် မျက်လုံးများကိုမှိတ်ထားပြီး စဥ်းစားကြည့်နေသည့်တိုင် ခေါင်းကိုသာ ပြင်းပြင်းထန်ထန် ခါယမ်းနေမိသည်။ ၎င်းမှာ သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေသော မှတ်ဉာဏ်များကို အတတ်နိုင်ဆုံး ဖယ်ထုတ်ပစ်ရန် ကြိုးစားနေခြင်းပင်။
လီကျင်လုံက စိုးရိမ်တကြီးမေးလိုက်သည်။
"ဘာဖြစ်တာလဲ။"
ဟုန်ကျွင့်က အသက်ပြင်းပြင်းရှူရင်း အဆင်ပြေကြောင်းပြရန် သူ့လက်ကို ဝှေ့ယမ်းပြကာ ပင်မခန်းမထဲသို့ ပြန်ဝင်လာကြီး ထိုင်ချလိုက်သည်။ ထို့နောက် မျက်ခုံးပင့်ကာ ဆွေးနွေးမှု၏ရလဒ်ကို မေးလိုက်၏။
"ဒီညပဲ လှုပ်ရှားကြရအောင်။"
လီကျင်လုံက ပြောလိုက်သည်။
"ငါတို့မှာ အကြမ်းဖျင်း စီစဥ်ထားတဲ့ အကြံအစည်တစ်ခုတော့ ရှိတယ်။ ယီရှီးလန်မျှော်စင်မှာ သဲလွန်စတချို့ ထပ်တွေ့နိုင်လောက်တယ်။ ဒါပေမဲ့ အတည်ပြုဖို့တော့ လိုနေသေးလို့ သွားကြည့်ရမယ်။ အခုတော့ အနားယူကြရအောင်။ ညနေကျရင် အတူတူ လုပ်ကြမယ်။"
မော့ရစ်ကန်း၊ အားထိုက်နှင့် ချိုယုံစစ်တို့က ခေါင်းညိတ်ပြရင်း ဟုန်ကျွင့်ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။ ဟုန်ကျွင့်ကလည်း သူ့ကို စိတ်ပူစရာမလိုကြောင်း လူတိုင်းကို အလျင်စလိုပြောလိုက်ပြီး လူစုခွဲလိုက်၏။
ဟုန်ကျွင့် အိပ်စက်ရန် ပြင်ဆင်နေစဉ်မှာပင် လီကျင်လုံက သူ၏ အခန်းတံခါးဝသို့ ရောက်ရှိလာခဲ့သည်။ သူက အထဲသို့ ဝင်လာခဲ့ပြီး ဟုန်ကျွင့်၏ခုတင်ဘေးမှာ ဝင်ထိုင်လိုက်သည်။
"ခုန်ဟုန်ကျွင့်။ ဒီနေ့ မင်းဘာဖြစ်တာလဲ။"
ထိုအချိန်တွင် လီကျင်လုံက သူ့လက်ကို မြှောက်လိုက်ပြီး ဟုန်ကျွင့်၏ လက်ဖမိုးလေးပေါ် တင်လိုက်သဖြင့် ဟုန်ကျွင့်ခမျာ နှလုံးခုန်သံလေးများ ရုတ်ခြည်းဆိုသလို မြန်ဆန်လာကာ သူ့ရင်ထဲမှ တွန်းအားတစ်ခု ပေါ်ထွက်လာသယောင်လည်း ခံစားလိုက်ရတော့သည်။
သူ လီကျင်လုံ၏လက်ကို ဆုပ်ကိုင်လျက် သူ မြင်ခဲ့ရသော မှတ်ဉာဏ်များအကြောင်း ပြောပြချင်သော်ငြား သူကိုယ်တိုင်လည်း ဘာဖြစ်နေမှန်းမသိသောကြောင့် မပြောဖြစ်ခဲ့ပေ။
"ဘာမှမဖြစ်ပါဘူး။"
"မင်းစိတ်ထဲမှာ တစ်ခုခုရှိနေရင် ငါ့ကို အချိန်မရွေး ပြောပြလို့ရတယ်။"
လီကျင်လုံက ထိုသို့ပြောရင်း သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
စိတ်ဝိညာဥ်လွင့်ပန်းမှုန်နှင့် ဘာမှမဆိုင်ကြောင်း မြန်မြန် ပြောပြလိုက်မှသာ လီကျင်လုံလည်း ခေါင်းညိတ်ပြီး လှည့်ထွက်သွားခဲ့သည်။ ထို့နောက် ဟုန်ကျွင့်တစ်ယောက် အနည်းငယ် သမ်းဝေကာ ခေတ္တအိပ်ပျော်သွားလေ၏။
...
နေဝင်သွားသည်နှင့်အမျှ တောင်တန်းများ၏ အရိပ်များက သာ့မင်နန်းဆောင်အား တဖြည်းဖြည်း ဖုံးလွှမ်းလာ၏။ လှပသော အဝတ်အစားများ ဝတ်ထားသည့် အမျိုးသမီးက တိတ်ဆိတ်နေသော နန်းတော်တံတိုင်းအောက်က အရိပ်ထဲတွင် တစ္ဆေတစ်ကောင်ပမာ လျင်မြန်စွာ လမ်းလျှောက်လာနေခဲ့သည်။
"ငါ ခံစားမိနေတယ်။ အဲ့ဒါက ချန်အန်းမြို့ထဲမှာပဲ။"
နဖူးတွင် အမာရွတ်တစ်ခုရှိသော အနက်ရောင်၀တ် အမျိုးသားတစ်ယောက်က တိတ်ဆိတ်နေသည့် လေထုကို ဖြိုခွင်းပစ်လိုက်သည်။
"ဖေးအောင်၊ သွားပြီး စစ်ဆေးကြည့်စမ်း။"
ထိုအမျိုးသမီးက ပြောလေသည်။
"ငါ့ကို စားစရာတစ်ခုခု ပေး!"
ဖေးအောင်ဟုခေါ်သော ထိုအမျိုးသားက ပြောလိုက်ရာ အမှောင်ထုထဲမှာ သူ၏ သွေးဆာနေသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။
“နောက်ကျရင် အများကြီးရလာမှာပေါ့။”
အမျိုးသမီးက ခပ်တည်တည်သာ တုံ့ပြန်လိုက်။
“အဲဒီကောင်ကို တွေ့မှရမယ်။ ကောင်းကင်နတ်ဆိုးက မတည်ငြိမ်သေးဘူး။”
"ငါ့ကို အစာကျွေး!"
ဖေးအောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းသော သွားများကို ဖြဲပြလိုက်သည်။
"အဲဒါ မင်းရဲ့စားစရာ မဟုတ်ဘူး!"
အမျိုးသမီးက ခြိမ်းခြောက်သည့်အမူအရာဖြင့် အရှေ့ကို တိုးလာ၏။
"သူ့ကိုသာ ခေါ်လာခဲ့။ အချိန်တန်ရင် မင်းရဲ့ ဆာလောင်မှုကို ဖြည့်ဆည်းပေးလိမ့်မယ်။"
သူ(မ)၏မျက်လုံးများ ရုတ်တရက် နီရဲလာလေရာ ဖေးအောင်က ခြေတစ်လှမ်းနောက်ဆုတ်ရင်း ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် နန်းတော်တံတိုင်းကို ကျော်တက်ကာ နေဝင်ရီတရောအချိန်၏ လေထုထဲ ဖျပ်ခနဲ ပျောက်ကွယ်သွားတော့သည်။
"သခင်မလေး... ဒီမှာရှိနေတာကိုး..."
အစေခံမလေးတစ်ဦးက ကမန်းကတန်း ပြေးဝင်လာခဲ့သည်။ သူ(မ)၏သခင်မလေး တစ်ယောက်တည်း ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ဇဝေဇဝါဖြစ်လျက် မေးမြန်းလိုက်သည်။
"သခင်မလေး… တစ်ယောက်ယောက်နဲ့ စကားပြောနေတာလား။"
အမျိုးသမီးက သူ(မ)ထံသို့ လှည့်ကြည့်လိုက်ရာ အစေခံမလေးက သွေးပျက်မတတ် အော်ဟစ်လိုက်တော့သည်။
"ကယ်....."
အစေခံမလေးခမျာ အော်သံမဆုံးမီတွင် တစ်ကိုယ်လုံး အနက်ရောင် အခိုးအငွေ့များဖြင့် ဖုံးအုပ်ခံလိုက်ရချေပြီ။ ခမ်းနားထည်ဝါသော ဝတ်ရုံများကို ဆင်မြန်းထားသည့် အမွေးအမှင်များ ပြည့်နှက်နေသော မိစ္ဆာကောင်ကြီးတစ်ကောင်က ယခု သူ(မ)၏ရှေ့တွင် ရပ်နေခဲ့သည်။
အစေခံမလေး၏ လည်ချောင်းထဲမှ တဂတ်ဂတ်မြည်သံများ ထွက်ပေါ်လာခဲ့ပြီး ၎င်းမိစ္ဆာကောင်ကို မျက်လုံးပြူးလျက် စိုက်ကြည့်နေမိစဉ် သူ(မ)၏အသားအရေများက အရိုးပေါ်တွင် ချက်ချင်း ခြောက်ကပ်သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ထိုအစေခံမလေးက အရိုးခြောက် အလောင်းတစ်လောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
အဖိုးတန်အဝတ်အစားများကို ၀တ်ဆင်ထားသော အမျိုးသမီးက နေဝင်လုဆဲဆဲအချိန်မှာ အေးအေးဆေးဆေး လျှောက်လှမ်းသွားခဲ့သည်။ ထို့နောက် တောင်တန်းကြီးကို ငေးမေးကြည့်ရင်း လေချွန်သံတစ်ချက် ပေးလိုက်၏။ ရုတ်ခြည်းဆိုသလို တောရိုင်းမြေခွေး အမြောက်အမြား နန်းတော်နံရံပေါ်မှ ခုန်ဆင်းလာခဲ့ကြသည်။ အချိန်အနည်းငယ်အတွင်းမှာပင် ၎င်းတို့က အစေခံမလေး၏ရုပ်အလောင်းကို သာ့မင်နန်းဆောင်၏အပြင်ဘက်သို့ ဆွဲထုတ်သွားကြပြီး နက်ရှိုင်းသော ချောက်ကမ်းပါးထဲသို့ ပစ်ချလိုက်ကြတော့သည်။
...
"ဟုန်ကျွင့် ထတော့!"
မော့ရစ်ကန်း ဟုန်ကျွင့်ပခုံးပေါ် ပုတ်လိုက်သည့်အခိုက် ဟုန်ကျွင့်က ပြင်းထန်သော ခေါင်းကိုက်ဝေဒနာဖြင့် နိုးလာခဲ့သော်လည်း သူ၏ခြေထောက်များကို ခုတင်ဘေးသို့ ချလျက် ထရပ်လိုက်သည်။
မော့ရစ်ကန်းက ဟုန်ကျွင်း၏နဖူးကို စမ်းကြည့်လိုက်ရာ အဖျားမရှိပေ။
"မင်း နေမကောင်းဘူးလား။ ခဏလောက် ထပ်အိပ်လိုက်မလား။"
ဟုန်ကျွင့်က မော့ရစ်ကန်း၏စိုးရိမ်မှုများကို လက်ဝှေ့ယမ်းကာ ပယ်ချလိုက်သည်။ သူက ထူးဆန်းသော အိပ်မက်ရှည်တစ်ခုကို မက်ခဲ့သော်လည်း၊ ၎င်းက သူနိုးလာခဲ့သည့်စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏မှတ်ဉာဏ်ထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။
သူ၏ အခန်းပြင်ဘက်သို့ လှမ်းထွက်လိုက်သောအခါ၊ လူတိုင်းသည် ထိုညနေခင်း၏တာဝန်အတွက် အလုပ်ရှုပ်နေကြသည်ကို မြင်တွေ့လိုက်ရ၏။ လီကျင်လုံက လေးညှို့နှင့် ဓားကို ကျောပေါ်တွင်လွယ်ကာ လူတိုင်းကို တာဝန်ပေးနေသည်။
ဟုန်ကျွင့်သည် နေ့ခင်းဘက်တုန်းက သူ့လက်ဖမိုးကို ဆုပ်ကိုင်လာခဲ့သော လီကျင်လုံ၏လက်ဖဝါးကို ပြန်သတိရသွားကာ ထိုသူက အလွန်ယုံကြည်အားကိုးရကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။ ထို့ကြောင့် သူက အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ရင်း သူမြင်တွေ့ခဲ့ရသောအရာများကို ပြောပြသင့်၊ မပြောပြသင့် ဝေခွဲမရ ဖြစ်နေခဲ့သည်။ သို့သော် အခြားသူများအားလုံး ရှိနေသဖြင့် လီကျင်လုံက သူ့ကို ခေါင်းညိတ်ပြလိုက်ရုံသာ ပြုလုပ်ခဲ့ပြီး ဘာမှမပြောခဲ့ပေ။
ငါးကြင်းမိစ္ဆာက လီကျင်လုံ၏မြင်းပေါ် ရောက်နေလေပြီ။ ၎င်း၏ အကြေးခွံများ ထူထပ်သော ခြေထောက်နှစ်ချောင်းက လေထဲတွင် တွဲလောင်းကျနေသည်။ ၎င်း၏ဦးခေါင်းမှာ လီကျင်လုံ၏ နောက်ကျောတွင်ကပ်လျက် ငိုက်မျဉ်းနေခဲ့သည်။
"ဟုတ်ပြီ၊ သွားကြရအောင်။"
ဟုန်ကျွင့်လည်း သူ့ကို စိတ်မသက်မသာဖြစ်စေသည့် အနှီကိစ္စကို ခေတ္တမေ့ပစ်ထားရန် ဆုံးဖြတ်လိုက်သည်။
နေဝင်ရီတရော ဗုံသံများ မြည်လာစဥ်အခိုက် လူငါးဦးက မြင်းများပေါ်တက်ကာ ဖျင်ကန်းလီသို့ ထွက်လာခဲ့ကြ၏။ အားထိုက်နှင့် ချိုယုံစစ်က ဖျင်ကန်းလီ၏ အဓိကလမ်းမကြီးအတိုင်း သွားကာ လီကျင်လုံ၊ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့သည် နောက်ဖေးလမ်းကြားထဲသို့ တိတ်တဆိတ် ဝင်လာခဲ့ကြသည်။
မော့ရစ်ကန်းက သူတို့နှစ်ယောက်ဘက်သို့ အသာ ခေါင်းညိတ်ပြပြီးနောက် နံရံပေါ် ခုန်တက်ကာ ယီရှီးလန်မျှော်စင်၏ နောက်ဖေးသို့ လှစ်ခနဲ ဝင်သွားလိုက်သည်။
"ဟန်မူရာဘီနဲ့ ချိုယုံစစ်က အထဲက လူတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ထားလိမ့်မယ်။"
လီကျင်လုံက ထိုသို့ဆိုရင်း ငါးကြင်းမိစ္ဆာကို ချပေးလိုက်သည်။ ဟုန်ကျွင့်က ခေါင်းမော့ကာ ပတ်ပတ်လည်ကို လျှောက်ကြည့်နေသည်အား မြင်လိုက်ရသောအခါ လီကျင်လုံက ဆက်ရှင်းပြလာ၏။
"မော့ရစ်ကန်းက ကင်းထောက်အဖြစ် ဆောင်ရွက်လိမ့်မယ်။ ငါတို့ အခန်းကို နောက်တစ်ကြိမ် ထပ်မံရှာဖွေနေတုန်းမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေဖြစ်လာရင် သူ ငါတို့ကို သတင်းပို့လိမ့်မယ်။"
"ဝါး... ဒီနေရာက တကယ်ကို သက်ဝင်လှုပ်ရှားနေတာပဲ။"
ဟုန်ကျွင့်တစ်ယောက် နေဝင်ရီတရော ဗုံသံပြီးနောက် ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းမို့ ချန်အန်း၏ ရုတ်တရက် ပြောင်းလဲသွားသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။ ယီရှီးလန်မျှော်စင်ထဲတွင် သီဆိုကခုန်နေသူများနှင့် ပြည့်နေပြီး အနီရောင်မီးပုံးများအားလုံးကိုလည်း ထွန်းညှိထားသောကြောင့် ပြည့်တန်ဆာအိမ်များ၏ လသာဆောင်များရှိ အနုပညာမြောက်စွာ ထွင်းထုထားသော လက်ရန်းများကို အနီရောင်များ စွန်းထင်းနေစေခဲ့သည်။ တောက်ပသော အရောင်အသွေးစုံလင်လှသည့် မီးအိမ်များကို နေရာတိုင်းတွင် ထွန်းညှိထားခဲ့ပြီး၊ ဂီတသံစဉ်များကလည်း လေထုထဲတွင် အပြိုင်အဆိုင် ပျံ့လွင့်နေလေ၏။
သူ၏လက်ဝဲဘက်တွင်ရှိသော လျိုယင်းချွင်းရှောင်မှ စောင်းအသံအချို့ကိုလည်း ကြားနေရသည်။ လက်ယာဘက်ရှိ ယီရှီးလန်မှ စောင်းအပါအဝင် တူရိယာဒါဇင်ပေါင်းများစွာကို တညီတညွတ်တည်း တီးမှုတ်နေကြသည်။
အဆောက်အအုံနှစ်ခုစလုံးက ကောင်းကင်ထက် မြင့်မားစွာ ပျံတက်နေခဲ့ကြပြီး ၎င်းတို့၏ ပြတင်းပေါက်များကို လွင့်မျောနေသော ပိုးထည်နီများဖြင့် ကာရံထားသည်။ ထိုအရာများ၏အလွန်တွင် ပညာရှိများနှင့် ကုန်သည်များ၏ အော်ဟစ်အားပေးသံများ၊ မိန်းကလေးများ၏ အဆက်မပြတ် ရယ်မောသံများကို ဟုန်ကျွင့် ကြားနေရသည်။
တောက်ပစွာ လင်းထိန်နေသော မြင့်မားသည့် အဆောက်အအုံများက ယီရှီးလန်မျှော်စင်မှတစ်ဆင့် မျက်စိတစ်ဆုံးအထိ ရှည်လျားစွာ တည်ရှိနေခဲ့ကြပြီး ၎င်းတို့၏ လှပသော ပိုးထည်ကန့်လန့်ကာများ နောက်ကွယ်တွင် ရွှေရောင်နှင့် ရတနာများဖြင့် စီခြယ်ထားသော ခမ်းနားထည်ဝါမှုမျိုးစုံကို ဝှက်ထားခဲ့ကြသည်။
ပျော်ပါးသူများက လှုပ်ရှားနေသောမီးအိမ်များပေါ်မှ ဖြတ်သန်းသွားသော အရိပ်များကဲ့သို့ ဝင်လိုက်ထွက်လိုက် ရှိနေခဲ့ကြသည်။ ဖျင်ကန်းလီလမ်းက သီချင်းသံနှင့် ကပြဖျော်ဖြေမှုများ အိပ်စက်ခြင်းမရှိသော မြေပြင်ကြီးဖြစ်သည်ဟု ပြောစမှတ်ပြုကြပြီး၊ ၎င်းကလည်း ပြောစမှတ်ပြုသည့်အတိုင်း အမှန်တကယ် ဖြစ်နေခဲ့သည်။
"လူတွေက ဒီနေရာမှာ ဘာလုပ်ကြတာလဲ။"
ဟုန်ကျွင့်က စိတ်ထဲရှိ သံသယအချို့အား ထုတ်မေးလိုက်၏။
လီကျင်လုံသည် ဟုန်ကျွင့်က ပြည့်တန်ဆာအိမ်အကြောင်း မသိနားမလည်သူ ဖြစ်လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ဤကောင်လေးက အမှန်တကယ်ကို တုံးအခြင်းလော၊ တုံးအချင်ဟန်ဆောင်နေခြင်းလောတော့ မသိ။ သူ့အရှေ့မှ ဟုန်ကျွင့်ကို အကဲခတ်နေစဉ် ထိုလူငယ်က သူ့ကို အပြစ်ကင်းစင်စွာ ပြန်ကြည့်လာလေသည်။
"မင်း တကယ် မသိတာလား။"
ဟုန်ကျွင့်: "?"
"ဒါက..."
လီကျင်လုံခမျာ ငတုံးလေးကြောင့် တကယ်ကို ဒုက္ခရောက်နေလေပြီ။
"သေချာနားထောင်၊ မင်းသိထားဖို့က ဒီနေရာက နေရာကောင်း မဟုတ်ဘူးဆိုတာပဲ။"
ဟုန်ကျွင့်: "ကျွန်တော် ခင်ဗျားကို ပြီးခဲ့တဲ့တစ်ခေါက်က လျိုလျိုယင်းချွင်းရှောင်ဆီခေါ်လာတော့ လူတွေက ခင်ဗျားကို ဘာလို့ လှောင်ပြောင်ကြတာလဲ။"
လီကျင်လုံသည် သူ့လက်ကို ဝှေ့ယမ်းကာ နဖူးကိုပွတ်သပ်လိုက်သည်။ တစ်ဆက်တည်း၌ပင် နောက်ထပ် မေးခွန်းများ ထပ်မမေးရန်လည်း အချက်ပြလိုက်သည်။ အမှန်မှာ ချန်အန်းရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများထဲတွင် မည်သူကများ ဖျင်ကန်းလီလမ်းရှိ ပြည့်တန်ဆာအိမ်များသို့ မလာဘဲနေဖူးသနည်း။ ၎င်းတို့က သူ၏လူသိရှင်ကြား အရှက်ရမှုကို သူတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတွက် အသုံးချနေကြရုံသက်သက်သာ။
သို့သော် ဟုန်ကျွင့်မှာမူ အရိုးကို ကိုက်ထားသော ခွေးတစ်ကောင်ကဲ့သို့ ဇွဲမလျှော့ခဲ့ပေ။
"ခင်ဗျား အဲ့နေ့ညမတိုင်ခင်က ဒီကိုရောက်ဖူးလား။"
***
Aurora Novel Translation Team