no

Font
Theme

အပိုင်း (၃၄) - ကျောင်းတော်က မိစ္ဆာကို စုံစမ်းခြင်း(၁)

လီကျင်လုံက ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်နှယ် လက်ထဲမှ ဉာဏ်အလင်းဓားကို ကြည့်ကာ အိမ်ရှေ့ခန်းမဆီသို့ အမြန်ထွက်သွားခဲ့သည်။ တုန်လှုပ်ခြင်းမဲ့အလင်းဘုရင်ရုပ်တု၏ ရင့်ကျက်သော အသွင်အပြင်သည် ကမ္ဘာပေါ်ရှိ လူအားလုံးကို စောင့်ကြည့်နေသည့် အတိုင်းပင်။ ၎င်းလက်ထဲက ဓားပုံစံသည် လက်ရှိ လီကျင်လုံ့လက်ထဲရှိ သံချေးတက်နေသော အနက်ရောင်ဓားနှင့် တစ်ထပ်တည်း တူနေ၏။

"ဒါက နတ်ဆိုးတွေကို နှိမ်နင်းဖို့ သန့်စင်ထားတဲ့ မဟာဉာဏ်အလင်းဓားတစ်လက်။"

ချိုယုံစစ်က ရှင်းပြသည်။

"အဲဒီဓားမျိုးက ကမ္ဘာပေါ်က နတ်ဆိုးအားလုံးကို ဖျက်ဆီးနိုင်တယ်ဆိုတဲ့ ကောလဟာလတွေလည်း ရှိခဲ့ဖူးတယ်။"

ဟုန်ကျွင့်၏မျက်ခုံးများက နက်ရှိုင်းစွာ တွန့်ချိုးသွားကာ တုန်လှုပ်ခြင်းမဲ့အလင်းဘုရင်ကို မော့မကြည့်ဘဲ မနေနိုင်တော့ပေ။ ထို့နောက် လီကျင်လုံ၏ဓားကို ကြည့်ကာ သူ့စိတ်ထဲမှာ သံသယတစ်ခုသာ ပေါ်လာသည်။

သူ၏နတ်အလင်းငါးရောင်ကို လီကျင်လုံ၏ဓားက အဘယ့်ကြောင့် ချိုးဖျက်နိုင်ရသနည်း။

တစ်ချိန်က ချုံမင်သည် နတ်အလင်းငါးရောင်က ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ဒိုင်းကာတစ်ခုဖြစ်ပြီး ထိုက်ဟန်တောင်ထွတ်၏ သက်ရောက်မှုကိုတောင် ခံနိုင်ရည်ရှိနိုင်ကြောင်း ပြောခဲ့ဖူးသည်။

ချိုယုံစစ်: "ဒါဆို မင်း ဒီမှော်လက်နက်ကို ကောင်းကောင်း သုံးနေသရွေ့ နတ်ဆိုးတွေကို တိုက်ခိုက်တဲ့အချိန်မှာ ပြဿနာမရှိနိုင်တော့ဘူး။ ခေါင်းဆောင်၊ ဝိညာဥ်သွေးကြောတွေ မရှိဘဲ နတ်ဆိုးနှင်သူ တစ်ယောက်ဖြစ်ဖို့က အိပ်မက်တစ်ခုတော့ မဟုတ်ဘူး။ ဓားရဲ့အသုံးဝင်ပုံကိုတော့ တဖြည်းဖြည်း ရှာတွေ့လာမှာပါ။"

လီကျင်လုံက ခေါင်းညိတ်ပြပြီး နားလည်ကြောင်း ဖော်ပြလိုက်သည်။ တစ်ဖက်တွင်မူ ဉာဏ်အလင်းဓားကို သူ့လက်ထဲတွင် တင်းတင်းလေး ဆုပ်ကိုင်ထားမိ၏။ လူတိုင်းက အကြည့်ချင်း ဖလှယ်နေကြပြီး လီကျင်လုံအား မနေ့ညက ဆုတ်ယုတ်မှုမျိုးနှင့် ကြုံခဲ့ရပုံရကြောင်း နားလည်သောကြောင့် မည်သူမျှ မမေးမြန်းကြပေ။ သူတို့အပြောအဆိုနှင့် အမူအရာများကို လေ့လာကြည့်ပြီးနောက် လီကျင်လုံမှာ ယုံကြည်မှုအချို့ ပြန်လည်ရရှိလာခဲ့သည်။

"ဒီနေ့ အမှုကို ဆက်စုံစမ်းမယ်။"

လီကျင်လုံက ပြော၏။

"အပြင်မှာ ဘယ်လိုကောလဟာလတွေပဲ ပြန့်နေကြပါစေ သိထားရမှာက ငါတို့က ကိုယ့်အလုပ်ကို လုပ်နေတာ။ တခြားသူတွေနဲ့ ဘာမှမသက်ဆိုင်ဘူး။"

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။ လီကျင်လုံက ချိုယုံစစ်ကို ဟုန်ကျွင့်နှင့် ပူးပေါင်းလုပ်ဆောင်ရန်၊ အားထိုက်နှင့် မော့ရစ်ကန်းကို ပူးပေါင်းစုံစမ်းရမည်ဟု အမိန့်ချခဲ့သည်။ သူကတော့ တစ်ယောက်တည်း လုပ်မည်ပင်။

ချိုယုံစစ်နှင့် ဟုန်ကျွင့်တို့က ချန်အန်းရှိ စာသင်သားများ၏ တည်နေရာကို စုံစမ်းရန် သွားရောက်ပြီး အားထိုက်နှင့် မော့ရစ်ကန်းမှာမူ မကြာသေးမီ ရက်များအတွင်း၌ ပျော်ပျော်ပါးပါး ဆော့ကစားရန် ပြည့်တန်ဆာအိမ်သို့ သွားခဲ့ကြသော စာသင်သားများအကြောင်း မေးမြန်းရန် ဖျင်ကန်းလီသို့ သွားရောက်ရမည်။

အားထိုက်: "လိုအပ်လို့လား။ ခေါင်းဆောင် ငါတို့ဘာလို့ မိစ္ဆာကို အရင်မရှာတာလဲ။"

"အခု သာ့မင်နန်းတော်ကိစ္စကို လျစ်လျူရှုထားကြရအောင်။ ဒီကိစ္စကို အဆုံးထိ မစုံစမ်းနိုင်ဘူးလို့ ငါမယုံဘူး။"

လူတိုင်းက လီကျင်လုံကို လှည့်ကြည့်လိုက်ရာ လီကျင်လုံက ဆက်ပြောလိုက်သည်။

"ငါ သတ္တိမရှိတာ မဟုတ်ဘူး။ အမည်မဲ့ အလောင်းတစ်လောင်း ရုတ်တရက် ပေါ်လာတာတောင် ဘယ်သူကမှ လူပျောက် မတိုင်ဘူးဆိုတာ သံသယဖြစ်စရာ ကောင်းတယ်လို့ မထင်ဘူးလား။"

"ကောင်းပြီ။"

ချိုယုံစစ်က ပထမဦးစွာ ထောက်ခံလိုက်သည်။

"မင်းပြောတာ နားထောင်မယ်။ စစ်ဆေးစို့။"

ဟုန်ကျွင့်: "ခင်ဗျားကရော။ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါလား။"

"ငါ့မှာ လုပ်စရာရှိတယ်။" လီကျင်လုံ၏ မျက်ခုံးများက တွန့်လိမ်နေဆဲဖြစ်ပြီး အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။

"အတူတူ သွားကြရအောင်ပါ။"

ဟုန်ကျွင့်သည် လီကျင်လုံ၏အင်္ကျီလက်ကို လှမ်းဆွဲမည်အလုပ် လီကျင်လုံက အရင်ပြောလာလေ၏။

"ဟိုဆွဲသည်ဆွဲ မလုပ်နဲ့။ ဒါက အစိုးရရုံး။ ဘယ်လိုအပြုအမူတွေ လာလုပ်နေတာလဲ။"

လီကျင်လုံက ပြောပြီးသည့်နှင့် တံခါးဝသို့ အမြန်ပြေးလေ၏။

...

နေ့ခင်းဘက်ရောက်သည်အထိ ဟုန်ကျွင့်တစ်ယောက် ဇဝေဇဝါ ဖြစ်နေဆဲပင်။ အမှုကို စုံစမ်းရန် ထွက်လာခဲ့သည့်အခါမှသာ ချိုယုံစစ်နောက်မှ လိုက်လာခဲ့သည်။ လီကျင်လုံမှလွဲ၍ အခြားအဖော်တစ်ဦးနှင့် ပထမဆုံးအကြိမ် လိုက်သွားရသောကြောင့် သူ အနည်းငယ် ကသိကအောင့်ဖြစ်နေသည်။

သို့သော် သူနှင့် ချိုယုံစစ်က အဘယ့်ကြောင့် အတူတွဲပြီး တာဝန်ထမ်းဆောင်နေရသနည်း။

ချိုယုံစစ်က အရပ်ရှည်ပြီး ထွားကျိုင်းသည်။ လက်ထဲတွင် ခေါက်ယပ်တောင်ကို ကိုင်ထားပြီး လမ်းလျှောက်သည့်အခါ တဖျပ်ဖျပ် ခတ်နေသောကြောင့် လေတဝေါဝေါ တိုက်နေသလို ခံစားရလေ၏။ လမ်းလျှောက်ရင်း တစ်ခါတရံ ဟုန်ကျွင့်ကို ရပ်စောင့်တတ်သည်။

ချိုယုံစစ် : "တော်ဝင်ကျောင်းတော်ကို သွားကြမယ်။ ဗိုက်ဆာနေပြီလား။ မုန့်စားပြီး အနားလေးဘာလေးယူရအောင်။"

ဟုန်ကျွင့်က သူ့လက်ကို ဝှေ့ယမ်းပြီး :"ငါက အစားကျူးတဲ့သူလည်း မဟုတ်ဘူး။ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး ဗိုက်ဆာနိုင်မှာလဲ။"

ချိုယုံစစ်ကလည်း ပြုံးပြီး ပြန်ပြောသည်။

"ခေါင်းဆောင်က ငါတို့ကို တွဲပေးထားတာဆိုတော့ ငါတို့အလုပ်ချိန်မှာ အချောင်ခိုလို့ မရဘူး။"

ဟုန်ကျွင့် လေးလေးနက်နက် ခေါင်းညိတ်ပြသည်။

"မင်းတို့ ဘယ်အချိန်ကျမှ သူ့ကို လေးလေးစားစားနဲ့ စကားသေချာပြောမှာလဲ။"

ချိုယုံစစ်က ကျယ်လောင်စွာ ရယ်မောပြီး :"ခေါင်းဆောင်က လူကောင်းပါ။ ဒါပေမဲ့ သူက ငါတို့အရင်က စိတ်ကူးထားတဲ့ပုံနဲ့ မတူရုံလေးပဲ။ အဲဒါကလည်း ငါတို့ရဲ့ အမှားပါ။ ထားပါတော့။ ဒါပေမဲ့..."

ချိုယုံစစ်က စိတ်ပြောင်းသွားဟန်ဖြင့် ခေါက်ယပ်တောင်ကို ဖယ်ထားလိုက်သည်။ ထို့နောက် သူက ဟုန်ကျွင့်ကို တစ်ချက်ကြည့်လိုက်ပြီး မေး၏။

"မင်းပဲ ဟုန်ကျွင့်။ ဘယ်အရာကများ မင်းသူ့ကို စလာကတည်းက ယုံကြည်သွားစေခဲ့တာလဲ။"

ဟုန်ကျွင့် ခဏလောက် စဉ်းစားကာ :"ငါ့နှလုံးမီးအိမ်က သူနဲ့အတူရှိနေလို့ ဖြစ်မယ်။"

"နှလုံးမီးအိမ်?" ချိုယုံစစ် လန့်သွားသည်။

အားလုံးက မိစ္ဆာဘုရင်ကို ရှာဖွေရန် ဤနေရာသို့ ရောက်နေကြခြင်းဖြစ်သဖြင့် ဟုန်ကျွင့်လည်း မဖုံးကွယ်ထားတော့ဘဲ လီကျင်လုံ၏ ခန္ဓာကိုယ်ထဲသို့ မတော်တဆ ဝင်သွားခဲ့သော နှလုံးမီးအိမ်အကြောင်းကို ပြောပြလိုက်တော့သည်။

"လက်စသတ်တော့ မင်း နတ်ဆိုးဌာနထဲကို ဝင်ကတည်းက လီကျင်လုံနောက်ကို နေ့တိုင်းလိုက်နေတာ အဲဒါကြောင့်ကိုး။ ငါတို့က ဘာများမကောင်းလို့များလဲလို့တောင် တွေးနေတာ။"

ဟုန်ကျွင့်က ထိုသို့မဟုတ်ကြောင်း ကမန်းကတန်း ပြောပြလိုက်သောအခါ ချိုယုံစစ်က ခေါင်းညိတ်၍ ဆက်ပြောလေသည်။

"မင်းရဲ့နှလုံးမီးအိမ်က သူ့ကိုယ်ပေါ် ရောက်နေတယ်ဆိုတော့.. ပြောလို့မရဘူး။ အဲဒီလူက သူ့ဆန္ဒကို တကယ်ဖြည့်ဆည်းနိုင်လောက်တယ်။"

ဟုန်ကျွင့်သည် နှလုံးမီးအိမ်က မည်မျှအစွမ်းထက်ကြောင်း မသိသော်လည်း ချိုယုံစစ်က မှော်လက်နက်များအကြောင်း ကောင်းစွာသိရှိပြီး နှလုံးမီးအိမ်ကို ထုတ်ယူရန် နည်းလမ်းရှာနိုင်သည်ဟု ထင်မိသည်။ သူ မေးမည်အပြု သူတို့နှစ်ယောက်လုံး ကျောင်းတော်ရှေ့ ရောက်လာကြလေပြီ။

ချိုယုံစစ်က ဟုန်ကျွင့်ကိုကြည့်လိုက်ပြီး အမှုကိစ္စကို ကိုင်တွယ်ရတော့မည်ဖြစ်ကြောင်း လက်ဟန်ပြလိုက်၏။

နောက်လ၏ ငါးရက်နေ့က တော်ဝင်စာမေးပွဲ ဖြေဆိုမည့်နေ့ဖြစ်၍ ယခုအချိန်၌ စာသင်သား အဝင်အထွက်များလှသည်။ နိုင်ငံတစ်ဝှမ်းမှ စာသင်သား စုစုပေါင်း ၆၀၀၀ လာရောက်တွေ့ဆုံ ဖြေဆိုကြမှာ ဖြစ်သည်။ မေးခွန်းများပေါက်ကြားခြင်း၊ အခြားသူများအတွက် စာမေးပွဲဖြေဆိုခြင်း စသည်တို့ကို ရှောင်ရှားရန်အတွက် တော်ဝင်ကျောင်းတော်သို့ ဝင်ရောက်သူနှင့် ထွက်ခွာသူတိုင်း စစ်ဆေးခံရ၏။

ပြင်ပမှ စာအုပ်များ ယူဆောင်လာခွင့် မရှိသည့်အပြင် အထဲဝင်ရန် တော်ဝင်ကျောင်းတော်၏ တံဆိပ်ပြားကိုလည်း ကိုင်ဆောင်ထားရန် လိုအပ်သည်။

သူတို့နှစ်ဦးက စစ်ဆေးရေးဂိတ် အပြင်ဘက်တွင် ရပ်လျက် ဝင်ထွက်နေကြသူများကို ကြည့်နေ၏။ ချိုယုံစစ်က လူအဝင်အထွက် များလာချိန်၌ ဟုန်ကျွင့်ကို ဆွဲခေါ်လာခဲ့သည်။

"ဟေး၊ အစ်ကိုဝမ် အစ်ကိုဝမ်။ ကျွန်တော့်ကို စောင့်ပါဦး။"

အရှေ့ကဖြတ်သွားသည့် လူတစ်ယောက်ကို တွေ့သည်နှင့် ချိုယုံစစ်တစ်ယောက် ဟုန်ကျွင့်ကို ဆွဲထုတ်လိုက်ပြီး ပြေး၍တန်းစီလေသည်။

"မြန်မြန်၊ မြန်မြန်၊ ကျွန်တော် တံဆိပ်ပြား ယူလာဖို့ မေ့နေလို့ပါ။"

တံခါးအနားတွင် ကျောင်းသားများစွာရှိနေကာ အစောင့်တွေက တစ်ယောက်ချင်းစီ စစ်ဆေးနေသည်။ ချိုယုံစစ်က သူ၏ခန္ဓာကိုယ်ပေါ် လျှောက်စမ်းကြည့်နေ၏။

အစောင့်: "တံဆိပ်ပြား ဘယ်မှာလဲ။"

ချိုယုံစစ်: "ယူလာဖို့ မေ့သွားလို့ပါ။ အခုပဲ ပြန်သွားယူလိုက်ပါမယ်။"

အနောက်ဘက်က လူများမှာ ချိုယုံစစ်ကို အမြန်သွားရန် တိုက်တွန်းနေကြပြီဖြစ်ကာ အစောင့်ကလည်း ဘာမှမတွေ့သဖြင့် စိတ်မရှည်တော့ဘဲ လူကို ဝင်ခွင့်ပေးလိုက်သည်။ ဟုန်ကျွင့်အလှည့် ရောက်သောအခါတွင်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ ဘာမှမတွေ့တော့ အစောင့်က အော်မေးလိုက်၏။

"တံဆိပ်ပြားရော။"

"ခဏလေး။ သူတို့နှစ်ယောက်လုံးမှာ တံဆိပ်ပြားတွေ မရှိဘူး။ ရှေ့ကတစ်ယောက် ရပ်လိုက်!! မင်းတို့က ဘယ်ကျောင်းကလဲ။"

ဟုန်ကျွင့်၏နှလုံးသားလေးမှာ တဆတ်ဆတ် တုန်လှုပ်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားလေရာ ချိုယုံစစ်က ပြန်ရောက်လာပြီး အစောင့်နှစ်ယောက်ကို ပြောပြလိုက်သည်။

"သူက ဟူလူမျိုးလေ။ ဒီဘက်ကစကားကို သိပ်နားမလည်ဘူး။ တံဆိပ်ပြားတွေက ကျွန်တော့အခန်းထဲမှာ ထားခဲ့လိုက်မိတာ။ ဟေး၊ တံဆိပ်ပြား!"

ထိုအခိုက် ဟုန်ကျွင့်လည်း သတိပြန်ဝင်လာပြီး ချက်ချင်း ပြုံးပြလိုက်သည်။

"မင်္ဂလာပါ၊ ဟန်မူရာဘီပါ... ထန်မင်းဆက်က ချစ်လှစွာသော သူငယ်ချင်းတို့!"

ဟုန်ကျွင့်က ၎င်းတို့ကိုပွေ့ဖက်ရန် ခြေလှမ်းပြင်တော့မည့်အခိုက် သူ့အနောက်က ကျောင်းသားများမှာ စောင့်ဆိုင်းနေကြရသောကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေကြလေပြီ။ တော်ဝင်ကျောင်းတော်၏ အဝင်ဝ၌ တံခါးစောင့်နှစ်ယောက်သာ ရှိနေပြီး ဟုန်ကျွင့်တို့က ပိတ်နေကြရာ အစောင့်များမှာ သူတို့ကို လွှတ်ပေးရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

ချိုယုံစစ်သည် ဟုန်ကျွင့်ကို စင်္ကြံတစ်ဖက်သို့ ဖြတ်ခေါ်လာခဲ့ကာ ရံဖန်ရံခါ နောက်ပြန်လှည့်ကြည့်နေသည်။

"ကံကောင်းလို့ပေါ့။ လူအုပ်ကြီးရှိနေလို့ ငါတို့ ဝင်လာနိုင်တာ။"

ဟုန်ကျွင့်: "ငါတို့ ဘာလို့ နံရံပေါ်တက်ပြီး ဝင်မလာတာလဲ။"

သာ့မင်နန်းတော်ထဲဖြစ်စေ သို့မဟုတ် တော်ဝင်ကျောင်းတော်ထဲသို့ ဝင်သည်ဖြစ်စေ ဟုန်ကျွင့်၏မျက်လုံးများထဲတွင် မြေပြင်တွင် လမ်းလျှောက်နေရသည့်အလားပင်။ တစ်ခုတည်းသော ခြားနားချက်မှာ သူ့ရှေ့ရှိ တံတိုင်း၏အရောင်သာ။ ဤမေးခွန်းကို ကြားသောအခါ ချိုယုံစစ်လည်း အံသြသွားခဲ့သည်။

'ဘာလို့ နံရံကို ကျော်မတက်ခဲ့တာလဲ။'

"အကြမ်းဖက်မှုနဲ့ပဲ ပြဿနာတွေကို အမြဲတမ်း မဖြေရှင်းနဲ့။"

နှစ်ယောက်သား တော်ဝင်ကျောင်းတော်ထဲ ရောက်သောအခါ ချိုယုံစစ်က တစ်ရွာတည်းသား သုံးယောက်ကို ရှာနေကြောင်းပြောကာ ဟုန်ကျွင့်ကို နာမည်များ ချရေးခိုင်း၏။ ဟုန်ကျွင့်လည်း စုတ်တံတစ်ချောင်းကို ကိုင်လိုက်ပြီး ထိုလူသုံးယောက်၏ အမည်များကို ချရေးလိုက်သည်။

ကြီးကြပ်ရေးမှူးက ၎င်းတို့သည် ဆီးပန်းပွင့်ခြံထဲရှိ လေးခုမြောက်အဆောက်အအုံတွင် ရှိနေကြောင်း ပြောပြသဖြင့် နှစ်ယောက်သား စင်္ကြံလမ်းထဲကို ဖြတ်လျှောက်ကာ ဘေးခန်းမမှတစ်ဆင့် ဆီးပန်းပွင့်ခြံ အတွင်းသို့ ဝင်လာခဲ့ကြသည်။

ဘေးဘက်ခန်းမသည် အလွန်ကျယ်ဝန်းပြီး ကျောင်းသားများ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောရန် စီစဥ်ပေးထားခြင်း ဖြစ်၏။ ဟုန်ကျွင့်နှင့် ချိုယုံစစ်တို့ ဘေးဘက်ခန်းမကို ဖြတ်သွားကြစဥ် ဟုန်ကျွင့်တစ်ယောက် ရုတ်တရက် ရပ်တန့်သွားကာ ခန်းမထဲသို့ အမှတ်တမဲ့ လှမ်းကြည့်လိုက်မိသည်။

ချိုယုံစစ်: "ဘာဖြစ်လို့လဲ။"

"ဘာမှမဖြစ်ပါဘူး။"

ဟုန်ကျွင့် ပြန်ဖြေလိုက်သည်။

"မင်းရဲ့ ပင်ကိုယ်အသိကို ယုံကြည်ပါ။ ငါတို့က အခု ဒီအမှုကို စုံစမ်းစစ်ဆေးနေတာ။"

ဟုန်ကျွင့်: "ထူးထူးဆန်းဆန်း ရင်းနှီးနေသလို ခံစားနေရတယ်။"

"ပြောပြကြည့်မလား။"

ချိုယုံစစ်သည် သူ့ဘေးက ဟုန်ကျွင့်ဘက်သို့ ခေါင်းစောင်းကြည့်လိုက်သည်။

'အိမ်မှာရှိနေရတဲ့ ခံစားချက်အတိုင်းပဲ။ ဘယ်လိုခံစားချက်ပါလိမ့်။'

ဘေးခန်းမကြီးထဲတွင် လူ ၄၀ နီးပါး စုဝေးနေကြပြီး ကျောင်းသားများသည် ၎င်းတို့အချင်းချင်း တီးတိုးပြောရင်း ရယ်မောနေကြသည်။ အတွင်း၌ လူကြီးလူငယ် အရွယ်စုံလှ၏။

ထိုအချိန်တွင် လူငယ်တစ်ယောက်သည် ခေါင်းငုံ့ကာလာရင်း ဟုန်ကျွင့်ကို မတော်တဆ ဝင်တိုက်မိသွားသည်။ ဟုန်ကျွင့် အနည်းငယ် ယိုင်သွားသဖြင့် လူငယ်မှာ အဆောတလျင်ဖြင့် ဦးညွှတ်တောင်းပန်လိုက်ပြီး ဟုန်ကျွင့်ကို မော့ကြည့်လိုက်သည်။

လူငယ်လေးက ပိန်ပိန်သေးသေးလေး ဖြစ်ပြီး ဟုန်ကျွင့်ထက် အနည်းငယ် ငယ်ပုံပင်။ သူ၏မျက်လုံးများက စိတ်မသက်မသာ ဖြစ်သွားပုံပေါ်နေရာ ဟုန်ကျွင့်ပြုံးပြရင်း အဆင်ပြေကြောင်းပြရန် လက်ဝှေ့ယမ်းလိုက်၏။ ထို့နောက် လူငယ်လေးလည်း ခန်းမထဲသို့ ဝင်သွားသည်။ ဘေးတိုက် ပြုံးသွားပုံမှာ သူ့ကိုယ်သူ ဂုဏ်ယူနေသည့်အတိုင်းပင်။

ထိုလှုပ်ရှားမှုတစ်ခုက ဟုန်ကျွင့်အား ယောက်ကျင်းနန်းတော်တွင် ရှိစဥ်က ခံစားချက်ကို ရုတ်တရက် သတိရသွားစေသည်။ ယောက်ကျင်းနန်းတော်ရှိ လူငယ်များအားလုံးက မိစ္ဆာအငွေ့အသက်များရှိပြီး ငှက်မှ လူအသွင်ပြောင်းထားသူများ ဖြစ်၏။

ယောက်ကျင်းနန်တော် တစ်ခုလုံး မိစ္ဆာအငွေ့အသက်များ ပြည့်နှက်နေသည်။ သို့သော် ချုံမင်က မျိုးရိုးမြင့်ကာ အညစ်အကြေးများကို မထိသောကြောင့် အားလုံးကို သန့်စင်ပြီးနောက် အခြားကမ္ဘာမှ အမတတစ်ပါး၏ အရှိန်အဝါနှင့် ပိုတူသွားခဲ့သည်။

"မိစ္ဆာပဲ!"

ဟုန်ကျွင့် ပြောလိုက်သည်။

ချိုယုံစစ်သည် ဘာမှ ပြန်မပြောဘဲ ဟုန်ကျွင့်ကိုသာ ခေါ်ထုတ်သွား၏။ ဟုန်ကျွင့်လည်း တိုးတိုးလေး ကပ်ပြောလိုက်သည်။

"မင်းလည်း ခံစားရလား။"

"မိစ္ဆာတွေက ငါတို့ကို ထိသွားတယ်လေ။ ငါ အဲဒါကို မခံစားမိဘဲနေပါ့မလား။"

မိစ္ဆာဖော်မှန်ကဲ့သို့ မှော်လက်နက် မရှိသော်လည်း ဟုန်ကျွင့်သည် ဤမျှနီးကပ်သော အကွာအဝေးအတွင်း၌ မိစ္ဆာစွမ်းအင်ကို ခံစားနိုင်ဆဲပင်။ ထို့နောက် နှစ်ယောက်သား ဘေးခန်းမထဲ၌ ဝင်ထိုင်လိုက်သည်။

"လှည့်မကြည့်နဲ့!"

ချိုယုံစစ်က နူးညံ့ပြေပြစ်စွာ ပြုံးပြီးပြောလေသည်။

"လူကြီးမင်း ဒီမှာ ထမင်းကြော်ရှိတယ်။ လက်ဖက်ရည် တစ်ခွက်လောက်ရော သောက်ချင်လား။"

"အင်း အင်း အင်း!"

ဟုန်ကျွင့်က ချိုယုံစစ်စပ်ပေးသော လက်ဖက်ရည်ကို အကြိုက်ဆုံးဖြစ်သည်။ ရနံ့သင်းသင်းနှင့် လက်ဖက်ရွက်က လတ်ဆတ်သည်။ နှမ်းစေ့အချို့ ဖြူးထားသော မုန့်ခြောက်နှင့် ထမင်းကြော်ကို လက်တစ်ဆုပ်စာ ဝယ်စားလိုက်ကြ၏။ အရသာလေးက ချိုမြိန်ကာ ရနံ့လေးကလည်း မွှေးကြိုင်သည့်အပြင် တစ်လုတ်စားလိုက်သည်နှင့် လျှာပေါ်စွဲနေလေရာ အမှန်တကယ် အရသာရှိသော အစားအသောက်တစ်မျိုးပင်။

ချိုယုံစစ်က ပြုံး၍ဆို၏။

"မင်းရဲ့ ပုံမှန်အန္တရာယ်ကင်းတဲ့ ပုံစံလေးနဲ့နေ။ ပတ်ဝန်းကျင်ကိုလည်း အာရုံစိုက်ထား။ ငါတို့ကို ဆက်ကြည့်နေတဲ့သူ ဒါမှမဟုတ် မိစ္ဆာတစ်ကောင်ရှိရင် မင်းမြင်တာနဲ့ ငါ့ကိုပြော။"

ဟုန်ကျွင့် : "..."

ဟုန်ကျွင့်လည်း ခေါင်းလေးကိုလှည့်၍ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးလေးများသည် ချန်အန်းသို့ ပထမဆုံးရောက်ဖူးသည့် တိုင်းတစ်ပါးသားကဲ့သို့ စပ်စုလိုစိတ်တို့ အပြည့်ဖြင့်။

ဤအခိုက်၌ ဘေးခန်းမထဲရှိ ပစ္စည်းများကို သေသေသပ်သပ် စီထားသည်အား တွေ့ရ၏။ စားပွဲအောက်ထဲတွင် အိုးနှင့် မီးဖိုများ တန်းစီချထားသည်။ ဆောင်းဦးရာသီသည် ရှည်လျားကျယ်ပြန့်ပြီး အပြာရောင်ကောင်းကင် အထက်တွင် တိမ်ဖြူဖြူကြီးများ လွင့်မျောနေလျက် ရှိသည်။

နေရောင်ခြည်တို့ တိုးဝင်လာစဥ် အလွန်အမင်း သက်တောင့်သက်သာရှိပြီး ပျင်းရိနေသူများ အနားယူချင်လောက်သော နေရာကောင်းတစ်ခုဖြစ်၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment