အပိုင်း (၃၅)- ကျောင်းတော်က မိစ္ဆာကို စုံစမ်းခြင်း(၂)
ကျောင်းသားအားလုံးက ၎င်းတို့အချင်းချင်း စကားပြောနေကြသည်။ ၎င်းတို့ထဲမှ တစ်စုံတစ်ယောက်သည် သူတို့ဘက်ကို လှမ်းကြည့်နေသော်လည်း တစ်ချက်မျှသာ။
"တစ်ယောက်ယောက်က ငါတို့ကို စောင့်ကြည့်နေတယ်။"
ဟုန်ကျွင့်က ချိုယုံစစ်ကို ပြုံးပြလိုက်၏။
"မင်းပြောတဲ့အတိုင်းဆို မိစ္ဆာတွေ အများကြီးရှိနေမှာမလား။"
"ဟုတ်တယ်။ ငါတို့ မိစ္ဆာအသိုက်ထဲ ရောက်နေပြီ။"
ချိုယုံစစ်ကလည်း ပြုံးလိုက်သည်။
"အခု တိုက်ခိုက်လို့ မရသေးဘူး။ မဟုတ်ဘဲ ကျောင်းတော်ကြီးပါ ထပ်ပြီး ပျက်စီးသွားရင်တော့ ခေါင်းဆောင် ငိုလိမ့်မယ်။"
ဟုန်ကျွင့် အနောက်စားပွဲဝိုင်းက လူငယ်သုံးယောက် စကားစမြည်ပြောကာ ရယ်မောနေပုံအား လှမ်းကြည့်လိုက်သည်။ ၎င်းတို့အတွက် ကောင်လေးတစ်ယောက်က လက်ဖက်ရည်ငှဲ့ပေးနေ၏။ စကားစမြည်ပြောနေသူများက လူငယ်ကို လုံးဝ ဂရုမစိုက်ကြပေ။
လူငယ်လေးက အလွန်ငြီးငွေ့နေပုံဖြင့် ခေါင်းကိုလှည့်ကာ ခန်းမအပြင်ဘက်မှ ခြံဝင်းကို စိုက်ကြည့်နေသည်။ ခဏကြာသောအခါ သူ၏မျက်လုံးကို လှည့်ရင်း ဟုန်ကျွင့်နှင့် တိုက်တိုက်ဆိုင်ဆိုင် အကြည့်ချင်းဆုံသွားခိုက် ပြုံးပြလိုက်လေ၏။
ထိုအပြုံးက အမျိုးသမီးတစ်ယောက်ကဲ့သို့ ဆွဲဆောင်မှု အရိပ်အမြွက်အချို့ ရောပါနေရာ ဟုန်ကျွင့်၏နှလုံးသားလေးမှာ ရုတ်တရက် အရူးအမူး ခုန်ပေါက်သွားတော့သည်။ သူ၏ချောမောသော မျက်နှာနှင့် နားရွက်ကလေးများ နီရဲသွား၏။ ဟုန်ကျွင့်လည်း ရှက်ရွံ့စွာ ပြုံးပြပြီး ချိုယုံစစ်ဘက် ပြန်လှည့်သွားသည်။
"ဘယ်လို မိစ္ဆာမျိုးလဲ။"
ချိုယုံစစ် မေး၏။
"မြေခွေး ဖြစ်နိုင်တယ်။"
ဟုန်ကျွင့် ယခုလေးတင် ထိုအပြုံးမှတစ်ဆင့် အလွန်ထင်ရှားသော ဆွဲဆောင်နေသည့် စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ ဤအခိုက်အတန့်၌ လူငယ်လေးသည် အမှန်တကယ် မတ်တတ်ထရပ်ကာ သူတို့နှစ်ဦးရှိရာသို့ လျှောက်လာပြီး ဝင်ထိုင်တော့သည်။
"ဒီလက်ဖက်ရည်က အရမ်းမွှေးတာပဲ။"
ဟုန်ကျွင့်: "!!!"
ချိုယုံစစ်က လျစ်လျူရှုသည့် အရိပ်အယောင် လုံးဝမပြဘဲ ပြန်ပြောလိုက်သည်။
"ခဏနေရင် ရပါပြီ။ မလောပါနဲ့။ ဒီကညီလေး နာမည်က ဘယ်လိုခေါ်လဲ။"
"တုဟန်ချင်းပါ။"
လူငယ်လေးတွင် မျက်ခုံးကွေးကွေးလေး ရှိ၏။ သူ၏မျက်လုံးများသည် ရေစိုနေသည့်အလား ရွှမ်းလဲ့နေကာ သူ၏ပုံစံသည်လည်း ပျော့ပြောင်းနူးညံ့လှသည်။ သူသည် ဟုန်ကျွင့်၏မျက်နှာနှင့် ရင်ဘတ်ကို စိုက်ကြည့်ရင်း အနားကိုကပ်သွားကာ မေးလေသည်။
"မင်းတို့ကရော။"
'အား... အနားကိုကပ်မလာနဲ့'
သို့သော် ဟုန်ကျွင့်တစ်ယောက် စိတ်ထဲမှသာ အော်ပြောလိုက်ပြီး ချိုယုံစစ်ကတော့ ပါးစပ်ဖွင့်ပြောလိုက်သည်။
"ချိုယုံစစ်ပါ။ ဟန်ကျိုးကလာတာ။ ဒါက ငါ့ဝမ်းကွဲ ဟုန်ကျွင့်လေ။ ဟုန်ကျွင့် မင်းတို့နှစ်ယောက်က အသက်အတူတူလောက်ပဲ၊ ပိုပြီး ရင်းရင်းနှီးနှီး နေသင့်တယ်။"
တုဟန်ချင်း: "မြို့တော်ကို အခုမှရောက်တာလား။"
တုဟန်ချင်း၏မျက်လုံးများက ဟုန်ကျွင့်ဆီကနေ မည်သို့မျှ မခွာသွားချေ။
"စာမေးပွဲက နောက်လရဲ့ငါးရက်မြောက်နေ့မှာ စမှာ။"
ဟုန်ကျွင့်မှာ တစ်ဖက်လူ၏အကြည့်တို့ကို မြင်လိုက်ရသောအခါ အလွန်စိတ်မသက်မသာ ဖြစ်လာမိသည်။ မြေခွေးမိစ္ဆာမှန်း သိသော်လည်း ဘာမှမစဉ်းစားရသေးခင် ချိုယုံစစ်က စားပွဲအောက်မှ ခြေဆန့်ထုတ်လာကာ ဟုန်ကျွင့်ကို မျက်တောင်မခတ်ဘဲ တစ်ချက်လှမ်းကန်၏။ ဟုန်ကျွင့်လည်း ဘာလုပ်ရမှန်းမသိသောကြောင့် တုချင်းဟန်၏ မျက်လုံးများကိုကြည့်ပြီး ရယ်ပြလိုက်သည်။
တုဟန်ချင်း ပြုံးလိုက်သည်။
"မင်းအသက် ဘယ်လောက်ရှိပြီလဲ။"
သူတို့နှစ်ယောက်၏ အသက်အရွယ်အကြောင်းပြောရင်း ဟုန်ကျွင့်က တုဟန်ချင်းထက် နှစ်လပိုကြီးကြောင်း သိလိုက်ရသည်။ တုဟန်ချင်းက သူ၏ခေါ်ဟန်ကိုပြောင်း၍ "ကိုကို" ဟု ပြောင်းခေါ်ခဲ့လေ၏။ တစ်ဖက်က သူတို့ဘယ်မှာနေသလဲဟု မေးသည့်အခါ ချိုယုံစစ်ကပင် သူတို့က မြို့ထဲမှာရှိသည့် ဆွေမျိုးအိမ်မှာ တည်းခိုနေပြီး ယနေ့တော့ ကျောင်းတော်ကို လာကြည့်ခြင်းဖြစ်ကြောင်း ပြောလိုက်သည်။
ဟုန်ကျွင့်: "မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့တောင် စာမေးပွဲ လာဖြေနေပြီလား။ တကယ်မလွယ်လောက်ဘူး။"
တုဟန်ချင်းက ပြုံးပြီးပြော၏။
"ကျွန်တော်ငယ်ငယ်လေးကတည်းက ကျွန်တော့်မိသားစုက ဆင်းရဲတယ်လေ။ အားလုံးက ကျွန်တော် စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်နိုင်မယ်လို့ မျှော်လင့်နေကြတာ။"
ပြောရင်း ဟုန်ကျွင့်၏ခါးမှ ဒေါင်းမွေးနှင့် ဆော့ကစားရန် သူ့လက်ကို ဆန့်တန်းလိုက်သည်။ ဟုန်ကျွင့်လည်း နတ်အလင်းငါးရောင်က တစ်ဖက်လူအား ရိုက်ထုတ်လိုက်မည်ကို စိုးရိမ်သောကြောင့် လက်ဖြင့် အလျင်အမြန် တာဆီးလိုက်၏။
ချိုယုံစစ်: "အဆောင်လက်ဖွဲ့ပါ!"
တုဟန်ချင်းလည်း ခေါင်းညိတ်ပြလိုက်သည်။ ထိုစဥ် မနီးမဝေးမှ လူတစ်ယောက်က "ဟန်ချင်း" ဟု အော်ခေါ်လာသည်။ ထို့နောက် တုဟန်ချင်းက သူတို့ကို လက်ဖက်ရည်ငှဲ့ပေးရန် ထွက်သွားတော့သည်။
ဟုန်ကျွင့်မှာ အနှီတုဟန်ချင်း လူသတ်ခဲ့သလား၊ ဘယ်နှယောက်သတ်ခဲ့လဲ သိချင်နေ၏။ ယောက်ကျင်းနန်းတော်တွင် နေစဥ်က ချင်းရှုံသည် မြေခွေးမိစ္ဆာများက စိတ်ခံစားချက်များကို ဆော့ကစားရာတွင် အကျွမ်းကျင်ဆုံးဖြစ်ပြီး လူ့နှလုံးကို စားတတ်သည်ဟု ပြောပြဖူး၏။
မြေခွေးမိစ္ဆာ၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုများက လူသားများနှင့် အနီးစပ်ဆုံး တူညီသော်ငြား ၎င်းတို့၏ စိတ်ခံစားချက်များက အခါးသီးဆုံး အရာများ ဖြစ်နေပြန်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က လူသားများ၏ ခံစားချက်အမျိုးမျိုးကို ခံစားနိုင်သော်လည်း မိစ္ဆာခန္ဓာကိုယ်မှ မလွတ်မြောက်နိုင်၍ပင်။
"သူ ခဏနေရင် ပြန်လာလိမ့်မယ်။"
ချိုယုံစစ်က ဟုန်ကျွင့်လက်ထဲသို့ အဖြူရောင်ကျောက်စိမ်းဖြင့် လုပ်ထားသော ကျောက်စိမ်းဖြူဗုဒ္ဓ ရုပ်တုလေးအား ထည့်ပေးလိုက်သည်။
"ဒါ သူ့ကို ပေးလိုက်။"
"သူ မလာလောက်ပါဘူး။”
ဟုန်ကျွင့်က ပြောသည်။
ချိုယုံစစ်: "သူလာလိမ့်မယ်။ ဒီကောင်လေးက မင်းကို သဘောကျနေတာ သိသာတယ်။ ကံကောင်းချင်တော့ ခေါင်းဆောင် ဒီမှာမရှိဘူးလေ။"
ဟုန်ကျွင့်: "?"
ခဏအကြာတွင် တုဟန်ချင်းက တကယ်ကြီး ပြန်ရောက်လာသည်။ လက်ဖက်ရည် ငှဲ့ပေးပြီးနောက် သူ၏သူငယ်ချင်းအချို့က သူ့ကို အလုပ်ခိုင်းဖို့သာ ခေါ်ကာ အရေးမလုပ်ချင်ပုံပင်။ ဟုန်ကျွင့်က တုဟန်ချင်းကို သေချာစိုက်ကြည့်နေမိရာ တုဟန်ချင်းတစ်ယောက် ရှက်ရှက်ဖြင့် ရယ်မောလိုက်၏။
"ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ။"
"မင်းက တော်တော်ကြည့်ကောင်းလို့ပါ။"
ဟုန်ကျွင့် ပြုံး၍ ဆိုလိုက်သည်။ တုဟန်ချင်း၏ ပျော့ညံ့သော ပုံပန်းသဏ္ဌာန်မှာ ဖော်မပြနိုင်လောက်အောင် ဆွဲဆောင်မှုရှိသည်ဟု သူ အမှန်တကယ် ခံစားမိသည်။
တုဟန်ချင်း: "မင်း ကဗျာဖတ်လား။"
"ဖတ်တယ်!"
"ဘယ်သူ့ကိုကြိုက်လဲ။"
"လီပိုင်။ ငါ သူ့ကို အကြိုက်ဆုံးပဲ။"
"ငါကတော့ ဝမ်ချောင်းလင်ကို ကြိုက်တယ်။"
သို့ဖြင့် နှစ်ယောက်သား ကဗျာအကြောင်း ပြောမိကြ၏။ တုဟန်ချင်းက မိစ္ဆာတစ်ကောင် ဖြစ်သော်ငြားလည်း သူ၏ကဗျာစွမ်းရည်မှာတော့ အတော်လေး ကောင်းမွန်သည်ဟု ဆိုရမည်။ စကားများများပြောလေ တုဟန်ချင်းက မိစ္ဆာဖြစ်ကြောင်း မေ့လာလေပင်။
ဟုန်ကျွင့်က တစ်ဖက်လူကို လီပိုင်၏ကဗျာများကို လက်ခံဖို့သာ ကြိုးစားနေရာ တုဟန်ချင်းမှာ ဒေါသထွက်ကာ အသက်ရှူမဝတောင် ဖြစ်လာခဲ့သည်။
အနောက်ဘက်သို့ နေဝင်သွားပြီဖြစ်သောကြောင့် ချိုယုံစစ်က ပြုံးပြီး ဝင်ပြောလိုက်သည်။
"ငါတို့ သွားကြတော့မလား။"
တုဟန်ချင်း: “မင်း ငါ့ကို အယုံသွင်းနေတာပဲ။"
သို့သော် ဟုန်ကျွင့်က ရယ်ပြီး ပြောလိုက်လေ၏။
"ဒါလေးကို မင်းကြိုက်လား။"
ဟုန်ကျွင့် ကျောက်စိမ်းဗုဒ္ဓလေးကို စားပွဲပေါ်တင်ပြီး တုဟန်ချင်းဆီသို့ လက်ညှိုးလေးဖြင့် တွန်းပို့ပေးလိုက်သည်။
“မင်း ကျောက်စိမ်းတွေကို ကြိုက်တယ်မလား။ မင်း ငါ့ခါးကဆွဲသီးကို သဘောကျနေတာ မြင်လိုက်တယ်။ အဲဒါ ငါ့အဖေ ပေးထားတာဆိုတော့ ငါ မင်းကို မပေးနိုင်ဘူး။ ဒါလေး ပေးမယ်လေ။"
ဟုန်ကျွင့်က အခြားလူနှင့် မရင်းနှီးခင်က မသိမသာ အူတူတူလေး ဖြစ်နေပုံရသော်ငြားလည်း စကားစမြည်ပြောပြီးသည်နှင့် ချက်ချင်းဆိုသလို တက်ကြွပြီး စိတ်အားထက်သန်သူ ဖြစ်လာလေသည်။ တုဟန်ချင်းကလည်း ကျောက်စိမ်းကို လှမ်းယူလိုက်ကာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။
"မနက်ဖြန် လာတွေ့မယ်။"
တုဟန်ချင်းက ရုတ်တရက် ထပြောလာ၏။
"ဟင်?"
ဟုန်ကျွင့် အံသြသွား၏။
'မလုပ်ပါနဲ့လား'
တုဟန်ချင်းသာ နတ်ဆိုးနှင်ဌာနထဲကို ဝင်လာခဲ့လျှင် အင်မတန် အန္တရာယ်များလိမ့်မည်။
ချိုယုံစစ်: "အိမ်မှာက ဆွေမျိုးတွေ အများကြီးရှိတယ်။ မင်းတို့နှစ်ယောက်တွေ့ဖို့ နေရာစီစဉ်ပေးရမလား။"
ဟုန်ကျွင့်က ခေါင်းညိတ်ပြပြီး မနက်ဖြန်နေ့လယ်တွင် လီရွှေတံတားအောက်၌ တွေ့ဆုံရန် တုဟန်ချင်းနှင့် ချိန်းထားခဲ့သည်။
...
နေဝင်ရီတရောအချိန် ရောက်သောအခါ လီကျင်လုံတစ်ယောက် ဖန်းအိမ်တော်ထဲမှ ထွက်လာခဲ့သည်။ ဖန်းချန်ချင်က ချိုင်းထောက်များကိုအမှီပြုကာ တံခါးဝတွင် ရပ်လျက် ဖြည်းညင်းစွာ ပြောလာ၏။
"နောက်ဆုံးတော့ တိုးတက်မှုတွေ ရှိလာပြီပေါ့။ အရင်က မင်း ငါ့ကို တစ်ခါမှ ဒီလိုမမေးဖူးဘူး။"
လီကျင်လုံက နှုတ်ဆိတ်နေသောကြောင့် ဖန်းချန်ချင်ကသာ ဆက်ပြောလိုက်သည်။
"မင်းရဲ့ရည်မှန်းချက်ကို ငါနားလည်ပါတယ်။ ဒါပေမဲ့ တရားရုံးမှာ အရာရှိဖြစ်ဖို့ဆိုတာ မင်းထင်သလို မလွယ်ဘူး။ အရာရှိဆိုတာ 'အထက်လူကြီးကို လှည့်စားပြီး လက်အောက်ငယ်သားတွေ အမှန်တရားမသိအောင် ဖုံးကွယ်ထားရတာ' ထက် ဘာမှမပိုဘူး။ ဖုံးကွယ်ထားလို့ မရတော့တဲ့ အချိန်ကျမှ မင်း အခွင့်အရေး ရလာလိမ့်မယ်။"
လီကျင်လုံ: "ဖုံးကွယ်ထားလို့ မရတော့တဲ့ အချိန်ရောက်ရင် အရမ်းနောက်ကျသွားမှာ ကြောက်ရတယ်။"
"သူတို့အတွက်ကတော့ ဘယ်တော့မှ နောက်မကျပါဘူး။ သွားတော့။ သေသေချာချာ ဆွေးနွေးကြဦး။"
လီကျင်လုံ၏မျက်ခုံးတန်းမျာက ဖန်းချန်ချင်၏ စကားကို နားထောင်ပြီးနောက် စိုးရိမ်စိတ်ပိုဝင်သွားသောကြောင့် တင်းမာသွားတော့၏။
...
တော်ဝင်ကျောင်းတော်မှ ပြန်ထွက်လာသောအခါ မိုးချုပ်နေလေပြီ။ သို့မှသာ ဟုန်ကျွင့်က ထိုလူသုံးယောက်ကို မစစ်ဆေးရသေးကြောင်း သတိရသွားသည်။
ချိုယုံစစ်: "ခန်းမထဲမှာ လူတိုင်းက မြေခွေးမိစ္ဆာတွေ ဖြစ်သွားပြီ။"
ဟုန်ကျွင့်၏ မေးရိုးလေးက ရုတ်တရက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့မတတ် ဖြစ်သွား၏။ သူ တုဟန်ချင်းနှင့် စကားစမြည် ပြောနေစဉ် ချိုယုံစစ်က ခန်းမထဲရှိ ဆူညံလှသော စကားဝိုင်းကို ဂရုတစိုက် နားထောင်နေခဲ့သည်။ ထိုလူများ၏နာမည်များ သူ့နားထဲသို့ ဝင်လာသည်နှင့် ချိုယုံစစ်က အကဲဖြတ်ပြီးသားပင်။
"မြေခွေးမိစ္ဆာတွေ ဖြစ်သွားပြီလား။"
ချိုယုံစစ်: "မဟုတ်ရင်ရော။ ဘယ်မြေခွေးတွေက ဆယ်နှစ်လောက် စာကျက်ပြီး မြို့တော်မှာ စာမေးပွဲဖြေဖို့ လာနေမယ်ထင်လဲ။ စာသင်သားတွေ ချန်အန်းထဲကို ဝင်လာပြီးတာနဲ့ သူတို့အားလုံးရဲ့နေရာမှာ မြေခွေးတွေက အစားထိုးဝင်ထားတာ ဖြစ်ရမယ်။ သူတို့အားလုံးမှာ မေးစေ့ချွန်ချွန်နဲ့ မက်မွန်မျက်လုံးတွေရှိတော့ ခွဲခြားကြည့်ဖို့ မခက်ပါဘူး။ အရင်က မစဉ်းစားမိခဲ့ရုံပဲ။"
ဟုန်ကျွင့်: "ဒါဆို မူလလူတွေကရော။"
ချိုယုံစစ်က ဟုန်ကျွင့်ကို တစ်ချက် စောင်းကြည့်လိုက်သည်။ ဟုန်ကျွင့်မှာ ကျင့်ယွင်၏အိပ်ရာအောက်၌ ဝှက်ထားခဲ့သော အလောင်းခြောက်အကြောင်းကို တွေးမိသွားပြီး ဆံပင်များတောင် ထောင်တက်သွားခဲ့လေသည်။
***
Aurora Novel Translation Team