no

Font
Theme

အပိုင်း (၂၇)-မြောက်ဘက် ဆင်ခြေဖုံးနန်းတော် (၂)

ထိုအချိန်တွင် ဟုန်ကျွင့်က နတ်အလင်းငါးရောင်ကို ရုပ်သိမ်းလိုက်ရာ အားထိုက်က အချိန်ကိုက်ပင် အပြာရောင် ခေါက်ယပ်တောင်ကို ဝှေ့ယမ်းလိုက်လေသည်။

လေဆင်နှာမောင်းတစ်ခု မြေပြင်ပေါ်တွင် ပေါက်ကွဲသွား၏။ အားထိုက်က ဖေးအောင် ထုတ်လွှတ်လိုက်သော ရေငွေ့များကို လေမုန်တိုင်းတစ်ခုဖြစ်အောင် ဖန်တီးလိုက်သဖြင့် ဖေးအောင်၏ခန္ဓာကိုယ်နှင့် အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားခဲ့သည်။ ကျယ်လောင်သော အသံနက်ကြီးနှင့်အတူ ဟူရှန်း၏အခန်းတံခါးများနှင့် ပြတင်းပေါက်များ အားလုံး ပျက်စီးသွား၏။

ထိုစဥ် မြားသုံးစင်းကိုလည်း မော့ရစ်ကန်းက ပစ်ခတ်လိုက်ရာ ဖေးအောင်ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။ ဖေးအောင်က လေထဲတွင် ဧရာမငါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲပစ်လိုက်၏။

လီကျင်လုံ: "ဟုန်ကျွင့်! ဓားပျံ!"

ဟုန်ကျွင့်လည်း ဓားပျံများကို ပစ်လွှတ်လိုက်ပြန်ရာ မြားများနှင့် ဓားများအားလုံး ဖေးအောင်ကို ထိသွားခဲ့သည်။ ဧရာမငါးကြီးသည် အခန်းအနောက်ဘက်က နံရံကို ဖောက်ထွက်ကာ မြေကြီးပေါ်တွင် တွားသွားရင်း ပြေးထွက်သွားလေသည်။ ၎င်းက ဟုန်ကျွင့်၏ ဓားပျံဖြင့် ဒုတိယအကြိမ်မြောက် ထိုးစိုက်ခံရပြန်ပြီး လုံဝူစစ်တပ်မှ ပြေးထွက်သွားတော့၏။

ခဏအကြာတွင် လုံဝူစစ်တပ်တစ်ခုလုံး ထိုအသံဗလံများကြောင့် ကြောက်လန့်ကုန်ကာ မီးရှူးတိုင်များဖြင့် ထွက်လာကြ၏။

လီကျင်လုံ: "လိုက်! ဒီတစ်ခါတော့ သူ့ကို မလွတ်စေနဲ့!"

ဖေးအောင် ဖောက်ထွက်သွားသော နေရာမှ အားလုံးအတူ ပြေးလိုက်သွားရင်း တပ်စခန်း၌ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြသည်။

ဟုန်ကျွင့်: “ငါ့ရဲ့ဓားပျံနောက်ကို လိုက်!"

ထိုအချိန်တွင် ဖေးအောင်တစ်ယောက် ဓားပျံနှင့်အတူ မြို့မြောက်ဘက်ကို ထွက်ပြေးသွားခဲ့သည်။

လီကျင်လုံ: "နန်းတော်ထဲ မသွားစေနဲ့! လိုက်!"

နတ်ဆိုးနှင်ဌာနမှ လူတိုင်းသည် ပုံမှန်ထက် အရှိန်မြှင့်ကာ ဆက်လိုက်ခဲ့ကြသည်။ ဟုန်ကျွင့်မှာ ယခင်တစ်ကြိမ်က ပျောက်သွားသော ဓားပျံကို ပြန်ယူရန်အတွက် ဤတစ်ကြိမ်တွင်လည်း ၎င်းကို မလွတ်သွားစေလိုသောကြောင့် ချိတ်ကို ချက်ချင်းထုတ်ပြီး တံစက်မြိတ်ဆီသို့ ပစ်တင်လိုက်၏။ မော့ရစ်ကန်းတို့လည်း ခုန်တက်လာပြီး ဟုန်ကျွင့်နောက်ကို လိုက်သွားသည်။

အားထိုက်က သူ၏ခေါက်ယပ်တောင်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ လေပြင်းတစ်ချက် တိုက်ခတ်ပစ်လိုက်သည်။ ထို့နောက် လူအုပ်နောက်ကို လိုက်သွားကာ ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် အနှီလေပြင်းနှင့်အတူ ခုန်တက်လိုက်သည်။

"မင်းတို့ ငါ့ကိုစောင့်ပါဦး!"

ချိုယုံစစ်က လှမ်းအော်လာ၏။

လီကျင်လုံ: "..."

ချိုယုံစစ်က တံတိုင်းကိုကျော်တက်ရန် ကြိုးစားနေခဲ့သော်လည်း အကြိမ်အနည်းငယ် ကြိုးစားပြီးသည်အထိ သူ့ခမျာ မတက်နိုင်ခဲ့သောကြောင့် လီကျင်လုံကပင် လှည့်ကာ သူ့ကို ဆွဲတင်လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ရှေ့က လူသုံးယောက်ဟာ ဘယ်ကိုပြေးသွားမှန်း မသိတော့ပေ။

လီကျင်လုံ ကူကယ်ရာမဲ့သွားသည်။

"မြန်မြန်လိုက်!"

ဖေးအောင်က ဓားပျံထိုးစိုက်နေသော အခြေအနေဖြင့်ပင် နန်းတော်ကို ကွေ့ပတ်ကျော်ဖြတ်ကာ မြို့မြောက်ဘက်သို့ ဆက်ပြေးသွားခဲ့သည်။

ဟုန်ကျွင့်: "သူ မြို့ထဲက ထွက်သွားတော့မယ်!"

အားထိုက်: "ဟုန်ကျွင့်! ငါ့ကိုအပေါ်ပို့ပေး!"

ဟုန်ကျွင့်: "??"

ဖေးအောင်မှာ လျင်မြန်လွန်းလှကာ ခဏအတွင်း အရှေ့မြောက် မြို့တံခါးဆီသို့ ရောက်သွားလေပြီ။ ဟုန်ကျွင့်လည်း စဉ်းစားနေရန် အချိန်မရှိသဖြင့် ချိတ်ကြိုးကို ပစ်လွှတ်လိုက်ပြီး သူ့ကိုယ်သူ ချိတ်ကြိုးဖြင့် လွှဲတင်လိုက်သည်။

ထိုအခိုက် အားထိုက်က အိမ်ခေါင်မိုးမှ ခုန်ဆင်းကာ လေထဲတွင် လှည့်ပတ်နေသောဟုန်ကျွင့်၏ လက်ကို လှမ်းဆွဲလိုက်၏။ ဟုန်ကျွင့်လည်း ခွန်အားရှိသမျှဖြင့် အားထိုက်၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ပြင်းပြင်းထန်ထန် ဝှေ့ယမ်းရင်း အားထိုက်ကို လေထဲသို့ လွှဲယမ်းပစ်လိုက်လေသည်။

ထို့နောက် ချက်ချင်းဆိုသလို မော့ရစ်ကန်းကလည်း ခုန်ဆင်းလာပြီး ဟုန်ကျွင့်၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ ဆိုလိုက်သည်။

"ဒုက္ခပေးမိပြီ!"

ဟုန်ကျွင့်လည်း တစ်ဖန်လှည့်ပြီး မော့ရစ်ကန်းကို မြို့တံခါးအထိ ပစ်တင်လိုက်သည်။ ညနက်နေပြီဖြစ်သော်လည်း ဂိတ်စောင့်များက ယနေ့ချန်အန်းနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ပြောဆိုနေကြဆဲဖြစ်သည်။

"ဒီနေ့ လီကျင်လုံက မြေခွေးတစ်ကောင်ဖမ်းပြီး လုံဝူစစ်တပ်ဆီ ပို့လိုက်တယ်လို့ ကြားတယ်။ အဲဒါက မိစ္ဆာတစ်ကောင်တဲ့လေ။ ဟားဟားဟား..."

"အလုပ်ကြိုးစားပြချင်လွန်းလို့ ရူးနေပြီ ထင်တယ်! မနက်ဖြန် ငါလည်း ခွေးတစ်ကောင် ယူသွား...."

"ဘာသံလဲ!"

မြို့တံခါးစောင့် စစ်သည်အမြောက်အမြားက မြေပြင်ပေါ်မှ အော်သံများ၊ မြို့တံခါးရှေ့က အားထိုက်နှင့် ဟုန်ကျွင့်တို့၏ အော်သံများကို ကြားလိုက်သဖြင့် စကားများရပ်ပြီး မြို့တံခါးအောက်ကို ငုံ့ကြည့်ရန် ကပျာကသီ ရောက်လာကြသည်။ တစ်ဖက်မှာတော့ ချိုယုံစစ်နှင့် လီကျင်လုံတို့က ပြေးလာနေဆဲပင်။

ထိုအခိုက် ဖေးအောင်သည် မြေကြီးထဲက ဖောက်ထွက်ကာ ခုန်တက်လာ၏။ ၎င်းက ကျယ်လောင်စွာ ဟောက်ပြီး သွေးပျက်ဖွယ်ပါးစပ်ကြီးကို ဖွင့်ဟကာ အစောင့်များကို အပိုင်းပိုင်းပြတ်သွားအောင် ကိုက်ခါနီးတွင် အားထိုက်က လေထဲတွင် ပေါ်လာလေသည်။

အားထိုက်တစ်ယောက် သူ၏နောက်ကျောမှ ဝူးသဲစောင်းကို ဆွဲထုတ်လိုက်၏။

"ဆင်းစမ်း!"

ထိုစကားကိုပြောပြီးနောက် ဝူးသဲစောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဖေးအောင်၏ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ချပစ်လိုက်တော့သည်။

လူတိုင်း: "..."

ထိုအသံက မြေကြီးကိုပင် တုန်ခါသွားစေ၏။ ဝူးသဲစောင်း ကျလာသည့်အခိုက်၌ ကျယ်လောင်သွားသော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ တစ်ဆက်တည်း အလွန်ပြင်းထန်သော အသံလှိုင်းတစ်ခု ဖြာထွက်သွားကာ အမြင့်သုံးပေနီးပါးရှိသော ငါးမိစ္ဆာကြီးက မြို့ရိုးဆီသို့ ရိုက်ချခံလိုက်ရသောကြောင့် ပေါက်ကွဲသံကြီးနှင့်အတူ မြို့အပြင်ဘက်သို့ လွင့်ကျသွားလေသည်။

ဟုန်ကျွင့်: "မဟုတ်သေးပါဘူး။ တကယ်ကြီး ရိုက်လိုက်တာလား!"

အားထိုက်: "အင်းလေ။"

မော့ရစ်ကန်းကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကာ မျှော်စင်ပေါ်သို့ ပြေးတက်သွားသည်။ သူက အုတ်ကြွပ်များပေါ်က ပျံသန်းကာ လေးကိုဆွဲ၍ ဖေးအောင်၏နဖူးတည့်တည့်သို့ မြားသုံးစင်း ပစ်လိုက်သည်။ မြားများ မော့ရစ်ကန်းဆီသို့ ပြန်လှည့်လာသောအခါတွင် ဖေးအောင်၏ မျက်လုံးတစ်လုံး ကျွတ်ပါလာ၏။

ဖေးအောင်သည် မြို့အပြင်ဘက်က မြေပြင်ပေါ်သို့ အပြင်းအထန် လဲကျသွားတော့သည်။ ဤအခိုက်၌ လီကျင်လုံနှင့် ချိုယုံစစ်တို့လည်း အပြေးအလွှားဖြင့် ရောက်လာကြသည်။

လီကျင်လုံက ဟစ်အော်လိုက်၏။

"တံခါးကို မြန်မြန်ဖွင့်!"

ဤအခိုက်အတန့်တွင် ဂိတ်စောင့်တို့မှာ ပြိုလဲတော့မည့်အလား တုန်ယင်နေကြလေသည်။

လီကျင်လုံ: "နတ်ဆိုးနှင်ဌာနက အမှုလိုက်နေတယ်။ တံခါးမဖွင့်ရင် တစ်ခုခုဖြစ်သွားတာနဲ့ မင်းတို့တာဝန် ယူရမယ်!!"

မြို့တံခါးစောင့်လည်း တံခါးကို အမြန်ဖွင့်လိုက်သည်။ လီကျင်လုံက စကားမပြောနိုင်သေးဘဲ ပြင်းပြင်းထန်ထန် အသက်ရှူနေရသော ချိုယုံစစ်ကို ဆွဲထုတ်ကာ ပြေးထွက်သွား၏။

"မြင်းဘယ်မှာလဲ။"

လီကျင်လုံ လှည့်ကြည့်သည်။

"မိစ္ဆာ ဘယ်မှာလဲ။"

မော့ရစ်ကန်းက အမှောင်ထဲတွင် လှည့်ပတ်ကြည့်နေ၏။ လီကျင်လုံက မြောက်ဘက်သို့ ညွှန်ပြလိုက်ပြီး မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း အချက်ပြလိုက်သည်။

"အားထိုက် မင်းက အရမ်းသန်မာတာပဲ!"

ဟုန်ကျွင့် အံ့သြစွာ ဟစ်အော်လိုက်သည်။

အားထိုက်က ကျိုးနွံစွာဖြင့်: "မဟုတ်တာ မဟုတ်တာ၊ မင်းလောက် မတော်ပါဘူး။"

"မဟုတ်ဘူး။ မင်းရဲ့စောင်းက အရမ်းအစွမ်းထက်တယ်။"

ဟုန်ကျွင့် အားထိုက်၏လက်စွမ်းကို အမှန်တကယ် သဘောကျနေလေသည်။ အထူးသဖြင့် စောင်းဖြင့်ရိုက်ချက်ကို အလွန်သဘောကျမိ၏။

"ငါတို့အားထိုက်က အနောက်တိုင်းဒေသတွေရဲ့ သခင်လေ!!"

ချိုယုံစစ်က ကမန်းကတန်း ဝင်သဘောတူလိုက်သည်။

အားထိုက်: "လုံလောက်ပြီ! ချိုယုံစစ်၊ မင်း ဒီရက်ပိုင်း ငါတို့ရဲ့မျောက်ပွဲကို ကြည့်ရုံကလွဲလို့ ဘာမှဝင်မလုပ်ခဲ့ဘူး။ အခု မင်းရဲ့အရည်အချင်းကို ပြသချိန်ရောက်ပြီ!"

ချိုယုံစစ်: "ငါ တကယ် မလုပ်နိုင်ဘူး။"

"စကားပြောနေတာ ရပ်လိုက်တော့!"

လီကျင်လုံက စိတ်မရှည်စွာ ဝင်အော်လိုက်၏။

"ဒီကို မြန်မြန်လာ! မြင်းတွေ့ပြီ!"

လီကျင်လုံနှင့် မော့ရစ်ကန်းတို့က မြင်းများကို ဦးစီးပြီး ယူလာသည်။ ဟုန်ကျွင့်က ယခုတစ်ကြိမ်တွင် အနှီမိစ္ဆာနောက်တစ်ကြိမ် လွတ်မြောက်သွားမည်အား စိုးရိမ်နေခဲ့သည်။ ဒုတိယမြောက် ဓားပျံကို ပေးဆပ်ထားခဲ့ရသော်လည်း မြို့ပြင်တွင် မြင်းများ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လူတိုင်း မြင်းများပေါ် ခုန်တက်ကာ အဓိကလမ်းမကြီးတစ်လျှောက် ပြေးလိုက်သွားကြလေ၏။

"ဘာလို့ မြင်းတွေရှိနေတာလဲ။"

ဟုန်ကျွင့်က သံသယဖြင့် မေးလိုက်သည်။

လီကျင်လုံ: "နေ့လယ်တုန်းက ပြင်ဆင်ထားတာ။ အရှေ့၊ တောင်၊ အနောက်၊ မြောက် တံခါးလေးပေါက်လုံးမှာ မြင်းတွေရှိတယ်။"

စစ်မြင်းက အမှောင်ထုကို ဖြိုခွင်းကာ မြောက်ဘက်သို့ ပြေးထွက်သွားလေသည်။ ဖေးအောင်၏ကိုယ်ပေါ်မှ ဓားပျံမှာ ပို၍ပို၍ အရောင်တောက်ပလာ၏။ ၎င်း၏ဒဏ်ရာက အလွန်ပြင်းသွားသဖြင့် အရှိန်ကလည်း သိသိသာသာ နှေးကွေးသွားခဲ့သည်။ ဆောင်းဦးရာသီ၏ ရိတ်သိမ်းပြီးသော ဂျုံခင်းများကြားမှ အကြမ်းပတမ်းဖြတ်ပြေး၍ မြောက်ဘက်တောင်များဆီသို့ တဟုန်ထိုး ဦးတည်နေလေ၏။

လီကျင်လုံ: "ဒီဓားက မင်းရဲ့ဓားပျံကို ကောင်းကောင်း အာရုံခံနိုင်တယ်။"

လီကျင်လုံသည် လက်တစ်ဖက်က ဇက်ကြိုးကို ထိန်းချုပ်ပြီး အခြားတစ်ဖက်တွင်တော့ ဓားရှည်ကို ကိုင်ထားသည်။ ဓားကိုယ်ထည်မှ အလင်းရောင်များ တောက်ပနေသောကြောင့် သူတို့အရှေ့မှလမ်းကိုလည်း တောက်ပသွားစေသည်။

ချိုယုံစစ်: "သူတို့ကို ပစ္စည်းတစ်ခုတည်းကနေ လုပ်ထားလို့ ဖြစ်နိုင်တယ်။ မှော်လက်နက်တွေက တူညီတဲ့ လက်နက်သန္ဓေသားကနေ ထွက်လာရင် အမြဲတမ်း ပဲ့တင်ထပ်နေတတ်တယ်။"

ခဏကြာသောအခါ လူတိုင်း မြင်းပေါ်၌ ထိုင်နေကာ သာ့မင်နန်းဆောင်ရှေ့၌ စိုးရိမ်တကြီး ရပ်နေကြ၏။ လီကျင်လုံ၏မျက်ခုံးများက စိုးရိမ်စိတ်တို့ကြောင့် တွန့်ချိုးသွားသည်။ ဓား၏အလင်းက တည်ငြိမ်သွားပြီဖြစ်ရာ ထိုမိစ္ဆာ သာ့မင်နန်းဆောင်ထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း ထင်ရှားနေသည်။

"ဝင်ကြမလား။"

မော့ရစ်ကန်း မေးသည်။

လီကျင်လုံ: "ဝင်မယ်။"

ဟုန်ကျွင့်က ချိတ်ကြိုးကို ပစ်တင်လိုက်ပြီး ဆယ်ပေမြင့်သော သာ့မင်နန်းဆောင်၏ နောက်ဖေးနံရံကို ကျော်တက်လိုက်သည်။ ပြီးသည်နှင့် လူတိုင်းလည်း ချိတ်ကြိုးကို အသုံးပြုကာ တစ်ယောက်ပြီးတစ်ယောက် ခုန်တက်ခဲ့ကြသည်။

သာ့မင်နန်းတော်က လီလုန်ကျီး၏ ယာယီနေထိုင်ရာ နန်းတော်ဖြစ်သော်လည်း ရှင်းချင့်နန်းတော်လောက် မနှစ်သက်သောကြောင့် လီလုန်ကျီးက ဤနန်းတော်သို့ ရံဖန်ရံခါသာ လာရောက်လေ့ရှိ၏။ ဤနန်းတော်က ချန်အန်းမြို့အပြင်ဘက်တွင် ရှိနေသောကြောင့် နန်းတော်ကိုစောင့်ကြပ်ရန် ရာဂဏန်းမျှသာရှိသည်။

လီကျင်လုံက သူ့လက်အောက်ငယ်သားများအား သူ့နောက်သို့ လိုက်ရန် အချက်ပြကာ ခန်းမများ၏စင်္ကြံလမ်းတစ်လျှောက် ဖြည်းညင်းစွာ လျှောက်သွားနေခဲ့သည်။

နန်းတော်ထဲရှိလူများက အိပ်မောကျနေလေပြီ။ ကောင်းကင်က ဖြာကျလာသော လရောင်များသည် နန်းတော်၏ သန့်ရှင်းပြီး ဆိတ်ညံရာနေရာအား တောက်ပနေစေကာ ထူးထူးခြားခြား ဝမ်းနည်းဖွယ်ကောင်းစေ၏။ ထိုစဥ် လီကျင်လုံ၏ဓားက ပိုတောက်ပလာခဲ့သည်။ ဆောင်းဦးလေလေးက ပိတ်ပါးကန့်လန့်ကာတို့ကို တိုက်ခတ်သွား၏။

တစ်ချက်တစ်ချက် အနောက်ဘက် နန်းတော်ဝင်းထဲမှ အသံအချို့ကို ကြားနေရသည်။ ဖေးအောင်က သေဆုံးသွားသော မြေခွေးလေးကို သူ့လက်ထဲတွင် ပွေ့ချီထားပြီး ခြံဝင်းထဲတွင် ဒူးထောက်ကာ ဝမ်းနည်းပူဆွေးနေစွာ ငိုကြွေးနေလေသည်။

"ဘာလို့ မင်း ဒီလိုသေသွားရတာလဲ။"

ဖေးအောင် အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

ဟုန်ကျွင့်မှာ ထိုငိုသံကို ကြားလိုက်သောအခါတွင် သူ့နှလုံးသားထဲက နာကျင်သွားသလို ခံစားလိုက်ရ၏။ ဤအခိုက်၌ မော့ရစ်ကန်းက သူ၏အတွေးများကို ခန့်မှန်းမိသောကြောင့် လက်တစ်ဖက်ကို ဟုန်ကျွင့်၏ပခုံးပေါ် တင်လာခဲ့သည်။

လီကျင်လုံလည်း အသံတိုးတိုးဖြင့်: "မင်းတို့မှာ အထူးကျွမ်းကျင်တဲ့ အကွက်တွေဘာတွေရှိရင် အဲဒါတွေကို ထုတ်သုံးဖို့ အချိန်ကျပြီ။ မင်းတို့ရဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်မနေနဲ့။ အထူးသဖြင့် မင်းပဲ ချိုယုံစစ်!"

ချိုယုံစစ်က ပြုံးရုံသာ ပြုံးနိုင်ခဲ့သည်။

"ငါတို့ သူ့ကို စစ်ဆေးမေးမြန်းဖို့အတွက် အသက်ရှင်လျက် ခေါ်သွားမယ််။ ရန်သူကို တတ်နိုင်သမျှ အမြန်ဆုံး အနိုင်ယူပြီး ဒီနေရာက ပစ္စည်းတွေကိုလည်း မဖျက်ဆီးမိစေနဲ့။"

အားလုံးက "အင်း" ဟု တုံ့ပြန်လာ၏။ လီကျင်လုံက နောက်တစ််ကြိမ်ထပ်တွေးလိုက်ပြီးနောက် ရုပ်ဝတ္ထုများထက် လူ့အသက်က ပိုအရေးကြီးကြောင်း ဆုံးဖြတ်ချက်ချလိုက်သည်။

"ထားလိုက်တော့။ မင်းတို့ကြိုက်သလို လုပ်လိုက်။ ခုနတုန်းက ငါပြောထားတာကို မေ့ပစ်လိုက်တော့။"

ထို့နောက် လက်ဟန်ခြေဟန်ပြလိုက်ရာ လူအားလုံးက နန်းတော်၏ ထောင့်လေးထောင့်သို့ ထွက်ခွာသွားကြတော့သည်။ လီကျင်လုံက ဓားကိုကိုင်ကာ ကွင်းပြင်ထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားနေပေပြီ။

ဟုန်ကျွင့်၊ မော့ရစ်ကန်းနှင့် အခြားသူများမှာ လီကျင်လုံကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြ၏။ ဤလီကျင်လုံက ရန်သူကို အချိန်တိုင်းနီးပါး ဆွဲဆောင်နေသူပင်။ ယင်းမှာ အလွန်အန္တရာယ်များလှသည်။

ဟုန်ကျွင့်၏ဓားပျံသည် ဖေးအောင်နောက်ကျော၌ စိုက်ဝင်နေပြီး တောက်ပနေဆဲဖြစ်သည်။

လီကျင်လုံက ဖေးအောင်ထံသို့ လှမ်းသွားပြီးနောက် ကျယ်ဝန်းလှသော ကွင်းပြင်ထဲ၌ ခြေလှမ်ယဆယ်လှမ်းအကွာမှ မျက်နှာချင်းဆိုင် ရပ်နေလိုက်သည်။

"လှုပ်ရှားကြရအောင်။ အခြေအနေက ဒီအဆင့်ထိတောင် ရောက်နေပြီ။ ထပ်ပြောစရာ မလိုတော့ဘူး။"

ဖေးအောင်က အက်ကွဲနေသော အသံဖြင့်: "လီကျင်လုံ မင်းမှာ ချစ်သူရှိလား။ မင်းချစ်သူက ဘယ်သူလဲ။"

လီကျင်လုံမှာ တိတ်ဆိတ်နေပြီး သူ့မျက်လုံးများက ဖေးအောင်၏ လှုပ်ရှားမှုများကိုသာ မြဲမြံစွာ စိုက်ကြည့်နေသည်။

"ဒီနေ့ မင်းတို့ ငါ့ကိုမသတ်နိုင်ရင် ငါ အနာဂတ်မှာ မင်းချစ်သူရဲ့အသားကို တစ်လက်မချင်းကိုက်ပြီး သူ(မ) အရေပြားကို တစ်လွှာချင်း ခွာပစ်မယ်။ သူ(မ)ရဲ့အရွတ်တွေကို ဖြည်းဖြည်းချင်း ဆွဲထုတ်မယ်။ တစ်နေ့ကျရင် မင်းလည်ပင်းကို ညှစ်ဖို့ သူ(မ)ရဲ့အရွတ်တွေကို ငါသုံးပြမယ်။"

ဖေးအောင်က လီကျင်လုံကို စူးစူးဝါးဝါး စိုက်ကြည့်နေသော်လည်း အဝေးမှဟုန်ကျွင့်က တုန်တက်သွားလေ၏။

ဤသည်မှာ မိစ္ဆာတစ်ကောင်၏မျက်လုံးများထဲမှ ပြင်းထန်သော မုန်းတီးမှုနှင့် ရန်လိုမှုတို့ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ၎င်းက အနက်ရောင်စွမ်းအင်များကို ထုတ်ပစ်လာသည်အထိ ခြိမ်းခြောက်နေ၏။

ဖေးအောင် ၎င်း၏ပါးစပ်ကို ဖွင့်ဟလိုက်သောအခါ မျက်နှာက ပုံပျက်လာခဲ့သည်။ ပါးစပ်ကို ဖွင့်ဟလိုက်သည်နှင့် ချွန်ထက်သောသွားများဖြင့် ပြည့်နေသော ပါးစပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။ လီကျင်လုံက သူ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ပြန်ဖြေလိုက်၏။

"သနားစရာပဲ။ မင်းမှာ အဲဒီလိုနေ့မျိုး မရှိလောက်တော့ဘူး။"

"ဒီနေ့ မင်းလက်ထဲမှာ ငါသေသွားရင်တောင်မှ ငါ့အတွက် ဒီသွေးကြွေးကို တစ်ယောက်ယောက်က သေချာပေါက် လက်စားချေလိမ့်မယ်!"

"အခုပဲ!"

ချိုယုံစစ်က ရုတ်တရက် လှမ်းအော်လိုက်သည်။

လီကျင်လုံ အမိန့်မပေးသေးခင် လုံးဝ မျှော်လင့်မထားသော ချိုယုံစစ်အသံက အရင်ထွက်ပေါ်လာခဲ့၏။ ဟုန်ကျွင့်မှာ လီကျင်လုံတစ်ယောက် အနှီဖေးအောင်၏ ပြင်းထန်လှသော တိုက်ကွက်ကို မခုခံလိုက်နိုင်မည်အား ကြောက်လန့်နေသဖြင့် ဓားပျံကို ချက်ချင်း လွှတ်ထုတ်ပစ်လိုက်သည်။

ဓားပျံက သူ့လက်ထဲကနေ ပျံသန်းသွားသည်နှင့် ဖေးအောင်၏လည်ချောင်းထဲမှ မရေမတွက်နိုင်သော သွားစွယ်များကို ပျံသန်းထွက်လာခဲ့သည်။ လီကျင်လုံလည်း ခြေတစ်လှမ်း ဆုတ်ခွာလိုက်ပြီး ဓားရှည်ကို ဝှေ့ယမ်းပစ်လိုက်သည်။

ပစ်လွှတ်လိုက်သော ဓားပျံက အရပ်ရပ်သို့လွင့်စဉ်လာသော အေးစက်ချွန်ထက်သော သွားများကို တားဆီးလိုက်၏။

ဟုန်ကျွင့်တစ်ယောက် ရုတ်တရက် ဟစ်လိုက်မိသည်။

"လီကျင်လုံ!"

ဤတစ်ကြိမ်တွင် လီကျင်လုံက အသင့်ပြင်ထားသဖြင့် ဖေးအောင်လက်ထဲမှ ရှောင်ထွက်ရန် နောက်ဆုတ်လိုက်၏။ အားလုံးက အတူတူ လုပ်ဆောင်ခဲ့ကြသော်လည်း ဖေးအောင်က မထင်မှတ်ထားသော လှုပ်ရှားမှုတစ်ခုပြုလုပ်ကာ သာ့မင်နန်းတော်၏ အနောက်ခန်းမဆီ ပြေးဝင်သွားခဲ့သည်။

ချက်ချင်းဆိုသလို မော့ရစ်ကန်းကလည်း သံခေါင်းမြားခုနစ်စင်းကို ပစ်လွှတ်လိုက်၏။ မြားများက လေထဲ၌လှည့်ပတ်ကာ ဖေးအောင်နောက်လိုက်ရင်း နန်းတော်ထဲသို့ ပြေးဝင်သွားလေသည်။ ဟုန်ကျွင့်နှင့် အားထိုက်တို့လည်း ပြေးဝင်လာကြသည်။

"ခဏနေဦး!"

လီကျင်လုံက အော်တော့မည့်အခိုက် ချိုယုံစစ်က အရင်ဝင်ပြောလိုက်ပြန်၏။

"ဟုန်ကျွင့်ရဲ့မှော်လက်နက်က အကြမ်းဆုံးပဲ။ သူ့ကို စိတ်မပူနဲ့။ ခေါင်းဆောင် သွားရအောင်!"

လီကျင်လုံ၊ ချိုယုံစစ်နှင့် မော့ရစ်ကန်းတို့က ချက်ချင်း ပြေးဝင်လာသည်။ သစ်သားတံခါးကို ဖေးအောင် ဖျက်ဆီးလိုက်ပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံထွက်ပေါ်လာပြီး တစ်စုံတစ်ခု ပြုတ်ကျသွား၏။ မည်သည့်အရာ ပြိုကျသွားသလဲတော့ မည်သူမျှ မသိကြပေ။

ထို့နောက် ချက်ချင်းဆိုသလို အားထိုက်သည် လက်တစ်ဖက်က ယပ်တောင်ကိုကိုင်ကာ သူ့လက်ချောင်းပေါ်ရှိ အနီ၊ အပြာ၊ အဝါနှင့် အစိမ်းရောင် လက်စွပ်များကို တစ်ပြိုင်နက်တည်း ထွန်းညှိရင်း မြေပြင်ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

*ဝုန်း!*

ကျယ်လောင်သောအသံကြီးက မြေကြီးတစ်ခုလုံးကို တုန်ခါသွားစေပြီး အားထိုက်၏ စွမ်းအင်အောက်၌ မြေကြီးတစ်ခုလုံး တုန်သွားခဲ့သည်။

ထိုအခါ ဖေးအောင်လည်း ပုန်းအောင်းမနေနိုင်တော့ဘဲ မြေကြီးထဲက ဖောက်ထွက်ကာ အားထိုက်ကို လှမ်းကိုက်လိုက်လာခဲ့သည်။ ရုတ်တရက်ဆိုသလို ဟုန်ကျွင့်က အားထိုက်ရှေ့ကို ပြေးရပ်လိုက်ကာ ဖျက်ဆီးလို့မရနိုင်သော နတ်အလင်းငါးရောင်ကို ဒိုင်းတစ်ခုကဲ့သို့ အသုံးပြုလိုက်၏။ စွမ်းအင်နှစ်ခု တိုက်မိသွားသည့်အခိုက် ဟုန်ကျွင့်ဆီကနေ အော်သံတစ်သံ ထွက်ပေါ်လာသည်။

"ထွက်သွားစမ်း!"

ဖေးအောင်တစ်ယောက် နတ်အလင်းငါးရောင်ကို အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်ကာ ၎င်း၏စွမ်းအင်များ ပေါက်ကွဲသွားပြီး အနောက်သို့ လွင့်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က နန်းတော်အတွင်း လှည့်ပတ်ကာ မရေမတွက်နိုင်သော ပရိဘောဂများနှင့် ကြွေထည်များကို ပျက်စီးသွားစေ၏။

သာ့မင်နန်းတော်၏အပြင်ဘက်ရှိ အစောင့်များကလည်း ထိတ်လန့်တကြားဖြင့် လာရောက်စုံစမ်းရာ နေရာတိုင်း အော်ဟစ်သံများဖြင့် ဆူညံကုန်တော့သည်။

"မင်းတို့..."

လီကျင်လုံက ခန်းမထဲ ပြေးဝင်လာခဲ့သည်။ မြေပြင်ပေါ်တွင် ရှုပ်ယှက်ခတ်နေသော ပစ္စည်းများက လျော်ကြေးငွေ မည်မျှပေးရတော့မလဲ မသိသောကြောင့် သူ ဒေါသထွက်သွား၏။

"သူ့ကို အပြင်ခေါ်ထုတ်ပြီးမှ တိုက်ခိုက်ကြ!"

"ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်!"

ဟုန်ကျွင့်ကအော်ရင်း ဖေးအောင်နောက်ကို အမြန်လိုက်သွားခဲ့သည်။ မော့ရစ်ကန်းလည်း သူ့လက်ကိုဆုပ်လျက် သံခေါင်းမြားခုနစ်စင်းကို ပြန်လည်ဆင့်ခေါ်လိုက်သည်။ ထို့နောက် နောက်ပြန်ဆုတ်သွားရင်း မြားလက်တစ်ဆုပ်စာကို ကိုင်လိုက်ကာ လေးကြိုးရှေ့၌ အသင့်ဆွဲတင်ထားလိုက််၏။

ဟုန်ကျွင့်က လက်တစ်ဖက်တွင် ဒေါင်းမွေးကို ကိုင်ဆောင်ကာ ကျန်တစ်ဖက်၌ ဓားပျံကို ကိုင်ဆောင်ထားသည်။ သူက ဓားပျံများကို ဥက္ကာပျံများကဲ့သို့ ဖေးအောင်ထံ အလှည့်ကျ မရပ်မနား ပစ်ခတ်နေခဲ့သည်။ အားထိုက်ကလည်း ၎င်း၏ခေါက်ယပ်တောင်ကို သုံးကြိမ်ဝှေ့ယမ်းကာ လျှပ်စီး၊ နှင်းခဲများနှင့် သဲများပြည့်နေသော လေဆင်နှာမောင်းသုံးခုအား ပစ်လွှတ်ခဲ့သည်။

ခန်းမနောက်ဘက်ရှိ ဖေးအောင်က အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသောနံရံကိုဖြတ်ကျော်၍ တစ်ဖက်ခန်းမဆီသို့ ထွက်ပြေးခါနီးတွင် မော့ရစ်ကန်း၏မြားများက နောက်ဆုံးမှာတော့ သူ၏ညာဘက်လက်ထဲကနေ လွတ်ထွက်သွားလေပြီ။

"ပြန်ဆုတ်ကြ!"

ဟုန်ကျွင့်က ရန်သူကို တိုက်ခိုက်ရန် ရှေ့ဆုံးတွင် ရှိနေခဲ့သူပင်။ လီကျင်လုံက သူ၏ကော်လံကို ဆုပ်ကိုင်ကာ အနောက်သို့ပြန်ဆွဲခေါ်လိုက််၏။

သံခေါင်းမြားခုနစ်စင်းက လေထဲ၌ တစ်စင်းတည်းအဖြစ် ပေါင်းစည်းသွားကာ စူးရှသော အလင်းရောင်များ တောက်လောင်လျက်ရှိ၏။ ၎င်းက လေထဲတွင်လှည့်ပတ်ပြေးရင်း တိုင်တစ်တိုင်ကို ဖောက်ထွင်းသွားပြီး ဖေးအောင်၏ ဝမ်းဗိုက်ကို ထိုးဖောက်သွားခဲ့သည်။

ထို့နောက် လေဆင်နှာမောင်းသုံးခု သုံးကြိမ်တိတိ တိုက်ခတ်သွားပြန်ရာ နံရံကြီးပြိုကျသွားသည့် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်၌ ဖေးအောင်က သာ့မင်နန်းတော်၏ အနောက်ဘက်ခန်းမ အပြင်ဘက်ရှိ ရင်ပြင်ဆီသို့ ဦးတည်၍ ပြေးထွက်သွားခဲ့ပြန်သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment