အပိုင်း (၁၄) - အမှုကို တရားဝင်ကိုင်တွယ်ခြင်း (၂)
လီကျင်လုံကတော့ ဤအကြောင်းအရာကို ဆက်နားမထောင်ချင်တော့သည့်အတွက် အားလုံးရပ်သွားအောင် သူ့လက်ကို မြှောက်လိုက်သည်။
"ဒါက ဌာနရဲ့ကုန်ကျစရိတ်ဖြစ်လို့ နန်းတွင်းကနေ ငါတို့ကို ငွေပြန်အမ်းပေးလိမ့်မယ်။ ဒီဝတ်မှုန်ကို လောလောဆယ် ဒီအတိုင်းပဲ ထားလိုက်ဦး၊ နောက်မှ ငါ တစ်ယောက်ချင်းစီကို ခွဲဝေပေးမယ်။"
"ဒါက ဘာလဲ။"
မော့ရစ်ကန်းသည် လီကျင်လုံလက်ထဲက စာလိပ်ကိုတွေ့သဖြင့် မေးလိုက်သည်။
"တရားစီရင်ရေးဌာနက ပို့လိုက်တဲ့ အမှု။"
"မဖြစ််နိုင်တာ!"
အခုလေးတင် ပြန်ရောက်လာသော သူတို့သုံးယောက်က တစ်ပြိုက်နက်တည်း ညည်းတွားလိုက်တော့သည်။
"အပြင်ထပ်သွားရဦးမှာလား။"
ဟုန်ကျွင့်: "စိတ်ဝိညာဉ်လွင့်ပန်းမှုန်ကို ရှာရတာ ခက်လားဟင်။ အရမ်း ပင်ပန်းလို့လား။"
"အနောက်ဘက်ဈေးမှာ ဘာမှမရှိဘူး။"
ချိုယုံစစ်က ပြောပြလိုက်သည်။
"အားထိုက်က ငါတို့ကို အဲဒါရှာဖို့ ကုန်စည်ပြပွဲရဲ့ မြေအောက်မှောင်ခိုဈေးကို ခေါ်သွားတာ။ အဲ့ကုန်သည်ကြီးတွေဆီက မဝယ်နိုင်ခင်မှာ မိန်းမတွေလို၀တ်ပြီး သူတို့ကို တစ်နာရီတောင် ကပြခဲ့ရသေးတာကွ!"
ငါးကြင်းမိစ္ဆာ: "ဒါပေမဲ့ မင်းတို့ရဲ့ကျောမှာ ဘာလို့ မြက်ပင်တွေ ကပ်နေတာလဲ။"
ငါးကြင်းနတ်ဆိုးက သူတို့သုံးယောက်၏အနောက်ကနေ လှမ်းပြောလာ၏။
"မင်းတို့ မြို့ပြင်ထွက်ပြီး လျှောက်ဆော့နေခဲ့တာလား။"
သူတို့၏အမှားများကို ဖုံးကွယ်ရန် မည်မျှကြိုးစားခဲ့ပါစေ၊ သူတို့၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ပူးပေါင်းဆောင်ရွက်နေကြသည့် ဟုန်ကျွင့်နှင့် ငါးကြင်းမိစ္ဆာတို့၏ ရှေ့တွင် အနှီသုံးယောက် ဘာမှမတတ်နိုင်တော့ချေ။ ၎င်းတို့က ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီးနောက် အကြောင်းအရာကို ချက်ချင်းလွှဲပြောင်းလိုက်ကြသည်။
အားထိုက်: "အိုး! အမှုရောက်လာပြီဆိုမှတော့ မြန်မြန်ဆန်ဆန်ဖြေရှင်းပြီး ငါတို့ရဲ့ စွမ်းရည်ကို ထုတ်ပြရမယ့်အချိန်ပဲ။"
ချိုယုံစစ်: "ဟုတ်တယ်၊ ဟုတ်တယ်။ တိုင်းပြည်အတွက် အမှုထမ်းဖို့က ငါတို့တာဝန်ပဲ။"
မော့ရစ်ကန်းကလည်း သူ၏လက်များကို ပွတ်သပ်ကာ ပြောလိုက်သည်။
"ပြောစမ်းပါဦး၊ ဒါက ဘယ်လိုမျိုးအမှုကြီးလဲ။ ဘယ်လိုအမှုပဲဖြစ်ဖြစ် ငါတို့ အခုချက်ချင်း ဖြေရှင်းပေးမယ်၊ ခေါင်းဆောင်!"
လီကျင်လုံက သူတို့သုံးယောက်ကို သံသယဖြင့် တစ်ချက်ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
"လူ့အသက်နဲ့ ပတ်သက်တာမျိုး မဟုတ်သရွေ့ မနက်ဖြန်မှ လုပ်လို့ရတယ်။ ကြည့်ကြည့်ရအောင်။"
ထိုသို့ပြောပြီးနောက် ခေါင်းငုံ့ကာ လက်ထဲက စာလိပ်ကို စားပွဲပေါ် ဖြည်ချလိုက်သည်။
"ကိုးလပိုင်း ငါးရက်နေ့မှာ အမွေးရှည် ကြောင်ဖြူကြီးတစ်ကောင် သာ့နင်လမ်းက သခင်မချင်းရဲ့အိမ်တော်ကနေ ပျောက်သွားခဲ့တယ်။ အဲ့ဒီကြောင်က တစ်ပေခွဲရှိပြီး မျက်လုံးတစ်ဖက်က အပြာ၊ ကျန်တစ်ဖက်က ရွှေရောင်ရှိတယ်။"
ထျန်းပေါင် ၁၂ နှစ်၊ ကိုးလပိုင်း ၂၃ ရက်။
နတ်ဆိုးနှင်ဌာန၏ပထမဆုံးအမှု - ကြောင်ရှာခြင်း။
ခက်ခဲမှုအဆင့် - လူသားအဆင့်။
တည်နေရာ - ချန်အန်းမြို့။
အမှုတွင် ပါဝင်ပတ်သက်သူ - သခင်မချင်း၏အိမ်တော်ရှိ နေထိုင်သူအားလုံး။
အမှုအသေးစိတ် - ကိုးလပိုင်း ငါးရက်နေ့တွင် သခင်မချင်း မွေးမြူထားသည့် ချစ်လှစွာသောကြောင်လေး ချင်းအာက ညဘက်တွင် နေအိမ်ကနေ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်။ ဤကာလအတွင်း ယွိလင်စစ်တပ်၊ ရှန်ဝူစစ်တပ်၊ လုံဝူစစ်တပ်တို့က ချန်အန်းမြို့ထဲ၌ ဆယ်ရက်ကြာ ရှာဖွေခဲ့ရာ မအောင်မြင်ခဲ့သောကြောင့် ထန်မင်းဆက်၏ နတ်ဆိုးနှင်ဌာနသို့ လွှဲပြောင်းပေးခဲ့သည်။
ဆုလာဘ် - တော်ဝင်ကြင်ယာတော်ယန်နှင့် သခင်မချင်းတို့က ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်။
ထိုအချိန်တွင် လီကျင်လုံ၏မျက်နှာက ပို၍ပို၍ ရုပ်ဆိုးလာခဲ့ရာ ချိုယုံစစ် မနေနိုင်တော့ဘဲ ဝင်ဆိုလိုက်လေ၏။
"ခေါင်းဆောင်အတွက် ရေနည်းနည်းလောက် ငှဲ့ပေးကြပါဦး။ သူ့မျက်နှာက သိပ်အဆင်မပြေတော့ဘူး။"
"ဝယ်ထားတဲ့ ပန်းဝတ်မှုန်ကို ခေါင်းဆောင်ကို ပေးသုံးလိုက်ရင်ရော?"
ဟုန်ကျွင့်က အကြံပေးကြည့်လိုက်သည်။
"ဒုက္ခမပေးစမ်းနဲ့!"
အားလုံးက ဟုန်ကျွင့်ကို သံပြိုင်လှည့်အော်လိုက်သောကြောင့် ဟုန်ကျွင့်လည်း ရပ်သွားလေ၏။
မော့ရစ်ကန်းက ရေနွေးကြမ်း ပြေးငှဲ့ပေးကာ အားထိုက်က ခွက်ကလေးကို လီကျင်လုံလက်ထဲ ထည့်ပေးခဲ့သည်။ ဟုန်ကျွင့်က လီကျင်လုံ စိတ်လျှော့နိုင်အောင် သူ့နောက်ကျောကို ဖြည်းဖြည်းလေး ပွတ်သပ်ပေးနေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် လီကျင်လုံတစ်ယောက် နောက်ဆုံး၌ သူ၏ အသက်ရှူသံကို ထိန်းချုပ်နိုင်လိုက်သည်။
နတ်ဆိုးနှင်ဌာနကို ပြန်လည်တည်ထောင်ထားခဲ့ပြီးနောက် ပထမဆုံး လက်ခံရရှိသည့် အမှုမှာ ယန်ယွိဟွမ်၏အစ်မရှစ်အတွက် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ရှာဖွေပေးရန်ဖြစ်နေသည်။ ဤသည်မှာ နတ်ဆိုးနှင်ဌာနအတွက် စော်ကားမှုကြီးတစ်ခုဖြစ်၏။
ဟုန်ကျွင့်က ပြောလိုက်သည်။
"ဒါက အရမ်းခက်မှာ။ ချန်အန်းက ဒီလောက်ကြီးတာ ကျွန်တော်တို့ ဘယ်လိုသွားရှာမလဲ။"
"လက်မခံဘူး!"
လီကျင်လုံက အမှုတွဲစာလိပ်ကို ပြင်းပြင်းထန်ထန် ပစ်ချလိုက်၏။
"ဒါကို ပြန်ပို့လိုက်စမ်း! ဒီတစ်ကြိမ်တော့ သူတို့တွေ စည်းကျော်လာကြပြီ!"
လူတိုင်းက ထိုသို့ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ထားကြသည့်အလား စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ကြတော့သည်။
နောက်တစ်နေ့ မနက် အစောကြီးတွင် နတ်ဆိုးနှင်သူ လူငယ်လေးယောက်က လီကျင်လုံ့အနောက်ကနေ သမ်းဝေလျက် ယိုင်တိုင်တိုင်ဖြင့် လိုက်ပါလာခဲ့ကြ၏။ လီကျင်လုံက ၎င်းတို့ကို ချန်အန်းမြို့၏ ပင်မလမ်းမကြီးတစ်လျှောက် ခေါ်ဆောင်လာခဲ့သည်။ လမ်းဘေးရှိ ဆိုင်ခန်းများမှာ ဖွင့်လှစ်ခြင်း မရှိသေးချေ။
"ခေါင်းဆောင်ရေ ငါတို့လည်း တစ်ညလုံး ဒီအကြောင်းကို တွေးခဲ့ပြီးပြီ။ ကြောင်တစ်ကောင်ကိုရှာနိုင်တဲ့ မှော်အစွမ်းဆိုတာ တကယ်မရှိတာ။"
လီကျင်လုံက သူ့အင်္ကျီလက်များကို ခါလိုက်ပြီး ဆို၏။
"ဒါဆိုလည်း မင်းတို့မျက်လုံးတွေနဲ့ပဲ ရှာကြ။ ဘာပဲဖြစ်ဖြစ် ငါတို့မှာ ဒါထက်ပိုကောင်းတဲ့ အလုပ်မှ မရှိတာ။"
သို့ဖြင့် သူတို့လူခွဲရှာကြတော့သည်။ ချန်အန်း၏ အရှေ့၊ အနောက်၊ မြောက်နှင့် တောင် ထောင့်လေးထောင့်ကို တစ်ယောက်ချင်း ခွဲသွားကာ ပျောက်ဆုံးနေသော ကြောင်အကြောင်းကို စုံစမ်းခဲ့ကြ၏။ နန်းတွင်းတပ်ဖွဲ့များက စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီးသားဖြစ်၍ ချန်အန်းမြို့သူမြို့သားအမြောက်အမြားကို သေချာပေါက် မေးမြန်းခဲ့ကြပြီးဖြစ်သော်လည်း ထိုအချိန်မှစ၍ အသစ်အဆန်းထူးခြားမှုများ ရှိမရှိ မည်သူပြောနိုင်မည်နည်း။
ဟုန်ကျွင့်က ချန်အန်း၏တောင်ဘက်ကိုရှာရန် တာဝန်ယူထားသည်။ တောင်ဘက်စွန်းအထိ လမ်းလျှောက်ရန်မှာ တစ်နာရီခန့် ကြာသည်။ အမှန်အတိုင်းပြောရရင် ထိုကြောင်က မြို့၏ နယ်နိမိတ်အပြင်ဘက်သို့ ထွက်ပြေးသွားလောက်ပြီဟု သူ သံသယရှိနေမိသည်။
"ခုန်ဟုန်ကျွင့်!"
ဟုန်ကျွင့် ပင်မလမ်းမပေါ်မှ ထွက်ခွာလာသည့်အခိုက် လမ်းကြားတစ်ခု၏ အဝင်ဝကနေ မော့ရစ်ကန်းတစ်ယောက် သူ့ကိုလက်ဝှေ့ယမ်းပြနေသည်အား တွေ့လိုက်ရသည်။
“မင်းရဲ့အစ်ကိုတွေအနေနဲ့ မင်းကို သွားကစားဖို့ လာခေါ်တာ။ သွားရအောင်။”
မော့ရစ်ကန်းက ဆိုလိုက်သည်။
"အလုပ် မလုပ်တော့ဘူးလား။"
ဟုန်ကျွင့်က မေးလိုက်၏။
"မင်း သူ့အတွက် တကယ်ကြီး ကြောင်ရှာပေးဖို့ စဉ်းစားနေတာလား။"
"ဟုတ်တယ်လေ။ ခေါင်းဆောင်က လူကောင်းတစ်ယောက်လို့ ခံစားရတယ်။"
မနေ့ညက အဖြစ်အပျက်အပြီးတွင် လီကျင်လုံအပေါ် သူ၏ အထင်အမြင်မှာ အနည်းနှင့်အများ ပြောင်းလဲသွားခဲ့သည်။ သူက နှလုံးမီးအိမ်ကိစ္စကို ချန်လှပ်ကာ ၎င်းတို့ သုံးယောက်အား အကျဉ်းချုပ်ရှင်းပြလိုက်သည်။ ၎င်းမှာ လီကျင်လုံက မဟာထန်ပြည်ကြီးအတွက် ထူးခြားဆန်းပြားသောအရာတစ်ခုခုကို လုပ်ဆောင်ပေးချင်သည့် စိတ်ရင်းမှန်ဖြင့် နတ်ဆိုးနှင်ဌာနသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်းပင်။ သာမန်လူသားတစ်ယောက်အနေဖြင့်—နန်းတွင်း၏ အထင်သေးမှုကို ခံရသူတစ်ဦးအနေဖြင့်—သူ အလိုရှိသည့်အတိုင်း တိုင်းပြည်အတွက် အမှုထမ်းရန် သူ လုပ်ဆောင်နိုင်သောအရာမှာ အလွန်နည်းပါးသည်။
ဟုန်ကျွင့်က အခြားသူများ၏ မျက်နှာအမူအရာများ ထူးဆန်းသွားသည်အား စောင့်ကြည့်နေမိသည်။ သူ ရုတ်တရက် သတိပြုမိသွားသည်မှာ—နတ်ဆိုးနှင်သူများအနေဖြင့် ဤသုံးယောက်က သူတို့ကိုယ်သူတို့ ညီအစ်ကိုများအဖြစ် သတ်မှတ်ထားကြပြီး လီကျင်လုံကိုတော့ အပြင်လူတစ်ယောက်လို့ သတ်မှတ်ထားကြလေသည်။
"လောကကြီးမှာ အပူဆုံးအရာက ကိုယ့်လက်ထဲကို ဘယ်တော့မှ ရောက်မလာနိုင်မယ့်အရာကို တောင့်တနေရတာပဲ။"
အားထိုက်က နားထောင်ပြီးနောက် ပခုံးတွန့်ကာ ပြောလိုက်သည်။
“အဲ့လိုလား။ ဒါပေမဲ့ သူ ဘာဖြစ်လို့ ငါတို့ကို ဒါတွေ မပြောခဲ့တာလဲ။”
မော့ရစ်ကန်းကလည်း ဆိုလိုက်သည်။
ဟုန်ကျွင့် ခဏလောက် တွေးပြီးမှ: "ငါ သူ့ကိုကူပြီး ရှာပေးလိုက်ဦးမယ်။ အကယ်၍ ငါတို့ ရှာမတွေ့ရင်လည်း တခြားနည်းလမ်းတစ်ခုခု ထပ်ကြိုးစားကြည့်တာပေါ့။"
ကျန်သုံးယောက်ခမျာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ နောက်ဆုံးတွင်တော့ မော့ရစ်ကန်းကသာ အရင်စပြောလိုက်၏။
“ဒီလိုဆိုမှတော့…”
မော့ရစ်ကန်းက သူ့လက်ကိုဖြန့်ပြပြီး ဟုန်ကျွင့်၏မျက်နှာကိုထောက်ကာ ကြောင်ကူရှာပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ၎င်းတို့လေးယောက်က နေ့လယ်စာ စားချိန်ရောက်လျှင် အရှေ့ဈေးတွင်တွေ့မည်ဟု သဘောတူကာ လူစုခွဲခဲ့ကြလေသည်။
***
Aurora Novel Translation Team