အပိုင်း (၃) - ကောင်းကင်ပင်လယ် ကျယ်ပြောလှ၏
ခန်းမထဲတွင် အချိန်အတော်ကြာသည်အထိ အပ်ကျသံများပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။ နောက်ဆုံးမှာတော့ ချင်းရှုံက စကားစလိုက်သည်။
"မင်းကို ကိစ္စသုံးခုလုပ်ဖို့အတွက် လူသားကမ္ဘာဆီ သွားဖို့ ငါ ချုံမင်ကို ပြောထားတယ်။ ဟုန်ကျွင့်၊ မင်းအဖေက မင်းကို ၁၂ နှစ်လောက် စောင့်ရှောက်ပေးလာခဲ့တာ။ ဒီကိစ္စသုံးခုကို ထမ်းဆောင်ပြီး မင်းအဖေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလား။"
ဟုန်ကျွင့်တစ်ယောက် ချုံမင်ကို တစ်လှည့်၊ ချင်းရှုံကို တစ်လှည့် ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းညိတ်ပြလိုက်၏။
"ဒီလိုဆိုမှတော့ ကျွန်တော် သွားပါ့မယ်။"
ထိုအခါ ချင်းရှုံက သူ့အား စာတစ်စောင်ကို လက်လွှဲပေးလိုက်သည်။
"တိရန်ကျယ် မသေဆုံးခင်မှာ ထန်မင်းဆက်ရဲ့ နတ်ဆိုးနှင်ဌာနလို့ခေါ်တဲ့ တရားဝင်အစိုးရဌာနတစ်ခု ရှိခဲ့ဖူးတယ်။ မင်း ဒီစာကိုယူပြီး နတ်ဆိုးနှင်ဌာနကို သွားရမယ်၊ အချိန်ကြာလာတာနဲ့အမျှ မင်းရဲ့အဖေအရင်း ခုန်ရွှမ်းကို သတ်ခဲ့တဲ့ ရန်သူက ဘယ်သူလဲဆိုတာ ဖြည်းဖြည်းချင်း ရှာတွေ့လာနိုင်တယ်။ ဒါက ပထမဆုံး ကိစ္စပဲ။"
ဟုန်ကျွင့်က ခဏစဉ်းစားပြီး မေးလိုက်သည်။
"ရန်သူက ဘယ်သူလဲ။"
"မသိဘူး။"
ချင်းရှုံက မတ်တတ်ထရပ်ပြီး သူ၏လက်ချောင်းများကြားမှ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဒေါင်းအမွေးလေးကို ထုတ်ကာ ကမ်းပေးလိုက်သည်။
"မင်းအဖေက ဘယ်လိုလူလဲ၊ သူ ဘယ်သူ့ကို မုန်းတီးပြီး ဘယ်သူ့ကို ချစ်လဲ၊ ဘယ်သူ့ကို ကြင်နာပြီး ဘယ်သူ့အပေါ်ကို ရန်ငြိုးထားလဲဆိုတာ ငါတို့ မသိဘူး။ ဒါတွေအားလုံးရဲ့ အဖြေကို မင်းတစ်ယောက်တည်းပဲ ရှာနိုင်မှာ။"
ဟုန်ကျွင့်က တစ်ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ဒေါင်းအမွေးကို လှမ်းယူလိုက်သည်။
"မင်းငယ်ငယ်တုန်းက နတ်ဓားပျံလေးစင်းကို ပေးခဲ့ဖူးတယ်။"
ထိုအခိုက်အတန့်၌ ချုံမင်က သူ့လက်ကိုမြှောက်ကာ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။
"အခု ချန်အန်းက မိစ္ဆာတွေနဲ့ ပြည့်နေပြီ။ စာအုပ်ထဲက မိစ္ဆာတွေအားလုံးကို မင်း သတ်လို့ရတယ်။"
"အင်း။"
ဟုန်ကျွင့်က စာအုပ်ကို လှမ်းယူလိုက်သည်။ လက်ထဲရောက်လာသည့် စာအုပ်ကို ဖွင့်ကြည့်လိုက်သော်လည်း ရေးထားသော မိစ္ဆာနာမည်များကို တစ်ခုမျှမရင်းနှီးချေ။
"နားလည်လား။"
ချုံမင်က မေးလိုက်သည်။
ဟုန်ကျွင့်က စာအုပ်ကို လှန်လှောကာ ဂရုတစိုက်ကြည့်နေသယောင် ဟန်ဆောင်လိုက်သော်လည်း သူ၏မျက်လုံးများက ချုံမင်ကို ခိုးကြည့်ချင်နေခဲ့၏။ သို့သော်လည်း ချုံမင်ကတော့ သူ့ကို ကြည့်မနေခဲ့ချေ။
"တိရန်ကျယ်က ဘယ်သူလဲ။"
ဟုန်ကျွင့်က ချုံမင်၏အမူအရာ အနည်းငယ်ပျော့ပျောင်းသွားသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်း ထမေးလိုက်သည်။
"လူတစ်ယောက်။ မင်းအဖေရဲ့သူငယ်ချင်းဟောင်း။ သူလည်း သေသွားတာကြာပြီ။"
"နတ်ဆိုးနှင်ဌာနက မိစ္ဆာနဲ့ နတ်ဆိုးတွေကို စုဆောင်း သုတ်သင်ဖို့ တာဝန်ရှိတယ်။"
ချင်းရှုံက ရှင်းပြလိုက်သည်။
"အခု ချန်အန်းမှာရှိတဲ့ မိစ္ဆာဂိုဏ်းက ယောက်ကျင်းနန်းတော်နဲ့ ကမ္ဘာ့ရန်သူတွေပဲ။ မင်းဌာနထဲကို ဝင်ပြီးရင် အထက်လူကြီးတွေရဲ့စကားကို နားထောင်လိုက်၊ မင်းသာ ချန်အန်းမှာ အမြစ်တွယ်နေတဲ့ မိစ္ဆာဘုရင်ကို မောင်းထုတ်နိုင်ခဲ့ရင်....မင်းအဖေနဲ့ ငါ လူ့လောကကိုလာပြီး မင်းကိုအဖော်လုပ်ပေးလို့ရတယ်။"
"တကယ်လား။"
ဟုန်ကျွင့်က ရုတ်တရက် ကြည့်လိုက်သည်။
ချုံမင်: "ငါဘယ်တုန်းက ပြောမိလို့လဲ!!"
"လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က..."
ချင်းရှုံက နန်းတော်ထဲမှာ ခြေလှမ်း အနည်းငယ်လျှောက်လှမ်းရင်း ပြောပြလာခဲ့သည်။
"... ယောက်ကျင်းနန်းတော်နဲ့ ကောင်းကင်နတ်ဆိုးကြားမှာ စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ဖူးတယ်။ အချိန်တော်တော်ကြာပြီး နောက်ဆုံးတော့..."
"သူ့ကိုပြောပြစရာ မလိုဘူး။"
ချုံမင်က အနှောင့်အယှက် ဝင်ပေးလေ၏။
"သူ မလုပ်နိုင်ဘူး။"
ချင်းရှုံ: "သူက မင်းရဲ့သားဖြစ်သလို ယောက်ကျင်းနန်းတော်ရဲ့ မင်းသားတစ်ပါးလည်း ဟုတ်တယ်ကွ!"
"ထပ်မပြောနဲ့!"
ချုံမင်က ဒေါသထွက်လာခဲ့သည်။
"ကျွန်တော် မိစ္ဆာဘုရင်ကို အနိုင်ယူပြမယ်!"
ဟုန်ကျွင့်က ထိုသို့ဆိုရင်း ပြုံးပြလိုက်သည်။
"ဒါဆို ဒုတိယကိစ္စကရော...!"
"မင်း နဂါးနက်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖျက်ဆီးပစ်ရင်တောင်မှ..."
ချုံမင်က အံကြိတ်ကာ ပြောလိုက်လေသည်။
"... ငါ လူ့လောကကို ပြန်မလာတော့ဘူး။ မင်းရဲ့ကြိုးစားအားထုတ်မှုကို မဖြုန်းတီးနဲ့၊ မင်း အသက်အန္တရာယ်ရှိလာလိမ့်မယ်!"
ဟုန်ကျွင့် : "..."
"ပြီးတော့ ဒီဆွဲသီး။"
ချင်းရှုံက ဟုန်ကျွင့်လက်ထဲသို့ ဆွဲသီးလေးကို ထည့်ပေးလိုက်သည်။
"ချန်အန်းကို ရောက်ပြီးရင် ချန်ကျစ်အန်းလို့ခေါ်တဲ့ လူတစ်ယောက်ကိုရှာပြီး ဒီမီးအိမ်က တောက်လောင်နေတဲ့ မီးခွက်လို့ပြော.... ထားလိုက်တော့ ဘာမှပြောစရာမလိုဘူး။ သူ့ရှေ့ရောက်ရင်သာ ဒါကို ဖွင့်ပြလိုက် .."
ထိုသို့ပြောပြီးနောက် ချင်းရှုံက သွယ်လျသောလက်ချောင်းများဖြင့် ဆွဲသီးကိုကိုင်ဆောင်ကာ အစီအရင်ဖြင့် မီးထွန်းညှိလိုက်လေသည်။ ထိုအခါ ဆွဲသီးပတ်လည်ရှိ ယန္တရားတို့က အလိုအလျောက် ကွဲထွက်သွားပြီး သလင်းကျောက်လေးတစ်လုံး လေထဲသို့ တဖြည်းဖြည်း တက်လာခဲ့၏။
"...ပြီးရင် သူ့ရှေ့မှာ ဒီသလင်းကျောက်ကို ဖိလိုက်..."
ဟုန်ကျွင့် အံ့သြသွားလေ၏။
"ဘာလို့လဲ။"
"ဒါက ဘုရင်ရွှမ်တူးခွမ်း ငါ့ကို အပ်နှင်းထားတဲ့ နှလုံးမီးအိမ်။"
ချင်းရှုံက ဆက်ရှင်းပြလိုက်၏။
"ဆက်ခံသူက လူသားကမ္ဘာမှာရှိတဲ့ ချန်မိသားစုထဲကပဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က အမှားတစ်ခုကြောင့် မတော်တဆမှု သေးသေးလေးတစ်ခု ဖြစ်ပွားခဲ့တယ်။ နှလုံးမီးအိမ်ရဲ့စွမ်းအားက ချန်မိသားစုထဲကို မဝင်ရောက်နိုင်ခဲ့ဘူး။ နှလုံးမီးအိမ်က သူ့သခင်ကိုတွေ့ရင် သလင်းကျောက်က ကွဲသွားပြီး နှလုံးမီးအိမ်ကလည်း အဲဒီလူရဲ့ခန္ဓာကိုယ်ထဲသို့ အလိုအလျောက် ဝင်သွားလိမ့်မယ်။"
"အဲ့သေမျိုးကောင်တွေ အသက်ရှင်နေလားဆိုတာတောင် မရှင်းသေးဘဲနဲ့!"
ချုံမင်က လှောင်ပြောင်လိုက်သည်။
"သေသွားရင်လည်း ကိစ္စမရှိပါဘူး။ ချန်မိသားစုထဲက အမွေဆက်ခံနိုင်သူ ရှိနေသရွေ့တော့ အဆင်ပြေတယ်။"
ချင်းရှုံက ဖြတ်ပြောလိုက်၏။
"အတိုချုပ်ပြောရရင် ဟုန်ကျွင့်... မင်း နှလုံးမီးအိမ်ရဲ့ ဆက်ခံသူကို ရှာရမယ်။ သူ့ကိုယ်ထဲမှာ အလင်းရောင် ပေးနိုင်အောင် လုပ်၊ သူနဲ့လည်း သူငယ်ချင်းလုပ်။ ဒီသုံးချက်ပြီးရင် ယောက်ကျင်းနန်းတော်ဆီ ပြန်လာလို့ရပြီ။ မင်းအဖေလည်း မင်းကို တောင်ပေါ်ကနေ ပြန်မမောင်းထုတ်တော့ဘူး။"
"ကောင်းပြီ!"
ဟုန်ကျွင့်က နှလုံးမီးအိမ်ကို သေသေချာချာ သိမ်းလိုက်၏။
"ကျွန်တော် ဒီသုံးချက်စလုံးကို တစ်နှစ်အတွင်း ပြီးအောင် လုပ်ပြီး အိမ်ပြန်လာခဲ့မယ်။"
ထိုအခါ ချုံမင်ထံမှ လှောင်ပြောင်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"မင်းရဲ့ခန္ဓာကိုယ်ထဲမှာ ခုန်ရွှမ်းရဲ့ နတ်အလင်းငါးရောင်ရှိတယ်။"
"မင်းလက်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လုံလောက်တဲ့ လူနဲ့ မိစ္ဆာတွေကို သတ်ဖို့ ဓားတစ်လက်ရှိတယ်။ ငါမင်းကို ၁၂ နှစ်လောက် ကျွေးမွေးပျိုးထောင်ပေးခဲ့ပြီးပြီ။ ငါသာ မင်းကို ဒီမေးခွန်းမမေးခဲ့ရင် ချင်းရှုံက ငါ့ကို မကြင်နာဘူးလို့ ထပ်စွပ်စွဲလိမ့်မယ်၊ အခု မင်းသေချာစဉ်းစား..."
ထိုအခိုက်အတန့်၌ ဟုန်ကျွင့်က ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး ချုံမင်ကို စိုက်ကြည့်နေလိုက်သည်။ ချုံမင်က နောက်ဆုံးတော့ သူ့ဘက်သို့ လှည့်ကြည့်လာပြီး စကားတစ်ခွန်း ပြောလာ၏။
"ယောက်ကျင်းနန်းတော်မှာ မင်းလိုချင်တဲ့အရာတစ်ခုကို ရွေးလို့ရတယ်။ မင်းပြောတဲ့အရာကို ငါ ပေးမယ်။"
ကောင်းကင်မှအလင်းရောင်များ ခန်းမထဲသို့ တရိပ်ရိပ် ဝင်လာခဲ့သည်။ သူတို့နှစ်ဦးကြားမှာ ကောင်းကင်မှတိမ်တိုက်များ ခြားနေသကဲ့သို့ပင်။ အချိန်အတော်ကြာပြီးနောက် ဟုန်ကျွင့်က နောက်ဆုံးမှာတော့ ပြောလိုက်သည်။
"အဖေ။ ကျွန်တော့်ကို တောင်အောက်လိုက်ပို့ပေးဖို့ အဖေ့ကိုရွေးချင်တယ်၊ အဆင်ပြေလား။"
ချုံမင်တစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မတ်တတ်ရပ်ကာ ဘေးအခန်းသို့ လှည့်သွား၏။
"မရဘူး။"
သူက စကားတစ်ခွန်းအား ပြတ်ပြတ်သားသားပြောကာ ဟုန်ကျွင့်ဘက်သို့ လုံးဝပြန်မလှည့်လာတော့ချေ။
"အဖေပဲ ကြိုက်တာရွေးလို့ ရတယ်ဆို?"
ဟုန်ကျွင့်က ပြုံးလျက် ပြောလိုက်သည်။
"ကျွန်တော် အဖေ့ကိုရွေးမယ်။"
"မရှုပ်နဲ့တော့၊ ဟုန်ကျွင့်။ ရော့၊ ဒါက မင်းအတွက်!"
ချင်းရှုံက ထိုသို့ဖြတ်ပြောရင်း ဟုန်ကျွင့်ကို ခရီးဆောင်အိတ်လေးတစ်ခု ပေးလိုက်သည်။ ဟုန်ကျွင့်ကလည်း ၎င်းကို ယူ၍ သူ၏နောက်ကျောပေါ်လွယ်ကာ ချုံမင်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သော်လည်း ချုံမင်က သူ့ကို လှည့်မကြည့်လာတော့ပေ။ ထိုအစား ဘေးဘက်ရှိ စင်္ကြံဘက်သို့ လျှောက်သွားခဲ့လေသည်။
သို့ဖြစ်ရာ ဟုန်ကျွင့်ခမျာ ခြေလှမ်းများကို အရှိန်လျှော့လိုက်ရသည်။
ထိုအခိုက်အတန့်၌ ချုံမင်က ဆိုလာ၏။
"မင်းမှာ ဘာမှပြောစရာမရှိတော့ရင် အခု ထွက်သွားလို့ ရပြီ။"
ဟုန်ကျွင့် ခဏငြိမ်နေပြီးမှ ပြန်ပြောလိုက်သည်။
"မရှိတော့ပါဘူး။"
ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် ဘေးခန်းကနေ ထွက်ခွာလာခဲ့လေသည်။
"အဲဒီအချိန်တုန်းက ခုန်ရွှမ်းနဲ့ တထေရာတည်းပဲ။"
ချင်းရှုံက သက်ပြင်းချကာ ပြောလိုက်သည်။ ချုံမင်ဆီမှ စကားသံတို့က အကြာကြီး ပြတ်တောက်နေခဲ့ပြီးမှ သူ၏ပခုံးများက အနည်းငယ်တုန်ယင်လာခဲ့သည်။
"ဟုန်ကျွင့်က ဟုန်ကျွင့်၊ ခုန်ရွှမ်းက ခုန်ရွှမ်း။ ငါ လက်လွှတ်ထားတာ နှစ်တွေကြာနေပြီ၊ မင်းကသာ လွှတ်မချနိုင်သေးတာ!"
တစ်ဖက်တွင်မူ ဟုန်ကျွင့်က ခရီးဆောင်အိတ်လေးကို လွယ်လျက် ထိုက်ဟန်တောင်ထွတ်၏ အကွေ့အကောက်လမ်းပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ ထိုအခိုက် သူ့အနောက်မှ ငါးကြင်းမိစ္ဆာတစ်ကောင်က ခုန်ဆွခုန်ဆွဖြင့် ပြေးလိုက်လာသည်။
"အရှင့်သား၊ အရှင့်သား..."
ငါးကြင်းမိစ္ဆာခမျာ ခြေသံတိုတိုလေးဖြင့် အလောတကြီး ပြေးလာရသောကြောင့် အသက်ရှူမဝဖြစ််နေခဲ့သည်။
"ငါ့ကိုမစောင့်ဘဲ ဘာလို့ ထွက်သွားတာလဲ။"
ဟုန်ကျွင့်က ချာခနဲ လှည့်ကြည့်ပြီး ဤအကောင်ကို သူ အမှန်တကယ် မေ့သွားခဲ့ကြောင်း သဘောပေါက်သွား၏။
"မင်းက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ၊ မြန်မြန်ပြန်သွား! အဖေက ပြောတယ်၊ လူသားကမ္ဘာက အန္တရာယ်များလွန်းတယ်တဲ့။"
"အရှင်ချင်းရှုံက မင်းနောက်ကိုလိုက်သွားဖို့ ငါ့ကို ပြောထားတယ်။"
ငါးကြင်းမိစ္ဆာက ကျောက်တုံးပေါ်တွင် ထိုင်ကာ ၎င်း၏အမြီးကို ဘယ်ညာ ဝှေ့ယမ်းရင်း ခါးထောက်၍ မေးလိုက်သည်။
"ချန်အန်းက ဘယ်မှာလဲ မင်းသိလို့လား။"
ဟုန်ကျွင်း ခေါင်းကုတ်လိုက်သည်။
"ငွေတစ်စက ဘယ်လောက် တန်ဖိုးရှိလဲသိလား။"
"မြင်းဘယ်မှာဝယ်ရမလဲ သိလား။"
"လူတွေနဲ့တွေ့ရင် နှုတ်ဆက်ရမယ်ဆိုတာ မင်းသိလား။ ရုပ်ရည်ပိုချောတဲ့ ယောကျ်ားတွေက လူလိမ်ဖြစ်ဖို့ အလားအလာ အရမ်းများတယ်ဆိုတာ မင်းသိရဲ့လား။"
"ကောင်းပြီ၊ ကောင်းပြီ၊ မပြောနဲ့တော့!"
ဟုန်ကျွင်းက အိတ်ကို ဘေးပစ်ချကာ သူကိုယ်တိုင်လည်း ထိုင်ချလိုက်သည်။
ငါးကြင်းမိစ္ဆာ: "အစာမစားခင် လက်ကိုဆေးရမယ်။ ရာသီဥတု အေးလာတဲ့အခါ အဝတ်ပိုဝတ်ရမယ်။ လူ့လောကမှာ နွေဦး၊ နွေ၊ ဆောင်းဦးနဲ့ ဆောင်းဆိုပြီး ဥတုလေးမျိုးရှိတယ်။ ယောက်ကျင်းနန်းတော်နဲ့ မတူဘူးကွ။"
အကွာအဝေးတစ်ခုအတွင်းရှိ တိမ်များနှင့် မြူခိုးများကြားရှိ ထိုက်ဟန်တောင်ထွတ်တွင် ငှက်ကလေးများ၏ တေးဆိုသံတို့အား ကြားနေရလေသည်။ ရွှေရောင်အလင်းတန်းများက တိမ်ပင်လယ်များကြားမှ တိုးထွက်၍ ထွန်းလင်း တောက်ပနေသည်။
ဟုန်ကျွင့်၏နားထဲတွင် ငါးကြင်းမိစ္ဆာ၏ စကားသံတို့က သိပ်မဝင်လိုက်ချေ။ သူ့ခေါင်းထဲတွင် ယောက်ကျင်းနန်းတော်၌ ၁၂ နှစ်ကြာ နေခဲ့ရပြီး ယခု တောင်ပေါ်မှ ဆင်းလာရပြီဟူသော အတွေးများသာ ခိုအောင်းနေခဲ့၏။
ယခင်က အနီရောင်ဖုန်မှုန့်များကို သူ တောင့်တခဲ့ဖူးသော်လည်း ယခု အိမ်ကနေ ထွက်သွားနေရပေပြီ။ သူ ချုံမင်အား အမှန်တကယ် နှုတ်ဆက်ချင်သော်လည်း တစ်ဖက်သား၏တုံ့ပြန်မှုကြောင့် ဝမ်းနည်းမဆုံး ဖြစ်နေခဲ့သည်။
“ဒီသုံးချက်လေးပဲ... ဒီကိစ္စသုံးခုပြီးရင် မင်း အိမ်ပြန်လာလို့ရပြီ။”
ငါးကြင်းမိစ္ဆာက နှစ်သိမ့်ပေးရှာသည်။
“မငိုနဲ့တော့။”
"ငါ မငိုဘူး!"
ဟုန်ကျွင့်က ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။
"ဒါဆိုလည်း သွားကြရအောင်လေ။ တောင်ပေါ်မှာ လမ်းကြာကြာလျှောက်ရင် ငါးခြေထောက်တွေက နာတတ်တယ်။"
သို့ဖြစ်၍ ဟုန်ကျွင့်မှာ ငါးကြင်းမိစ္ဆာကို သယ်သွားရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ထို့နောက် သူက တောင်ထွတ်ဆီသို့ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်မိပြန်သည်။ သူ၏နှလုံးသားနှင့် ဦးနှောက်တို့ပ အလွန်ရှုပ်ထွေးပြီး နားမလည်နိုင်သော စိတ်ခံစားမှုများစွာကြောင့် မငြိမ်မသက်ဖြစ်နေ၏။
ငါးကြင်းမိစ္ဆာ: "သွားကြစို့ ငါတို့ အခုမသွားရင် ခဏနေဆို မှောင်လာတော့မှာ။"
ဟုန်ကျွင့် : "..."
ဟုန်ကျွင့်တစ်ယောက် တောင်လမ်းတစ်လျှောက် စတင်၍ လျှောက်ရတော့သည်။
သုံးရက်အကြာ ယောက်ကျင်းနန်းတော်၌။
"ဘယ်လိုဖြစ်လို့ သုံးရက်နဲ့သုံးည လှည့်ပတ်ပြီးတာတောင် ထိုက်ဟန်တောင်ထွတ်ကနေ မထွက်နိုင်သေးတာလဲ။"
ချုံမင်က ရေကန်ဘက်ကို မျက်နှာမူကာ စိတ်မရှည်သော အမူအရာတို့ဖြင့် ရပ်ကြည့်နေလေသည်။ ထိုစဥ် ရေကန်ထဲမှာ ပုံရိပ်တစ်ခုပေါ်လာ၏။ ဟုန်ကျွင့်က စမ်းချောင်းတစ်ခုအနီးမှာ ထိုင်ကာ ရေသောက်နေခြင်းပင်။ ချစ်စရာကောင်းသော်လည်း မျက်နှာရော၊ အင်္ကျီများပါ အလွန်အမင်း ပေကျံနေလေပြီ။
"ရေစိမ်းမသောက်ရဘူးလို့ ငါပြောပြထားတာကို နားမထောင်ဘူး။ မသောက်ခင် ကျိုချက်ရဦးမှာလေ။ မဟုတ်ရင် ဝမ်းလျှောတော့မှာပေါ့။ တောင်ပေါ်ကနေ ထွက်သွားလိုက်တာနဲ့ ဘာဖြစ်လို့ စည်းကမ်းမရှိတော့တာလဲ။"
"သူ လမ်းပျောက်နေတာလေ။"
ချင်းရှုံတစ်ယောက် ဘေးမှာရပ်ကြည့်နေရာကနေ ပြန်ဖြေလိုက်သည်။
ချုံမင်: "ငါးကြင်းက အသုံးမကျပါဘူးလို့ မင်းကို ငါ ပြောသားပဲ! မဖြစ်ဘူး... မင်း သူ့ကို တောင်အောက်လိုက်ပို့လိုက်။"
"ငါမသွားဘူး။"
ချင်းရှုံ ငြင်းလိုက်သည်။
"မင်းသွားချင်ရင် ကိုယ့်ဘာသာကိုယ်သွား!"
ရေထဲကပုံရိပ်ကို တစ်ချက်ကြည့်လိုက်ပြီး ချင်းရှုံက စကားဆက်လိုက်သည်။
"ထွက်လမ်းကို တွေ့ခါနီးနေပါပြီ။ လမ်းရဲ့ညာဘက်ကို ချိုးလိုက်ရင် ထွက်သွားလို့ရပြီ။"
နှစ်ယောက်သား ရေကန်ထဲသို့ အတူတူ ကြည့်လိုက်ကြသည်။ ဟုန်ကျွင့်က လမ်းဆုံတစ်ခုမှာ ရပ်နေပြီး လမ်းဘယ်ညာအား တစ်လှည့်စီ ကြည့်နေ၏။
"ညာဘက်ကလမ်း! ညာဘက်ကလမ်း!"
နှစ်ယောက်သား စိုးရိမ်တကြီးဖြင့် အတူတူ တိုက်တွန်းနေခဲ့ကြသည်။ အဆုံးမှာတော့ ဟုန်ကျွင့်တစ်ယောက် ၎င်းတို့ မျှော်လင့်ထားသည့်အတိုင်း မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်လိုက်တော့မှသာ နှစ်ယောက်သား သက်ပြင်းချနိုင်ခဲ့သည်။
ထိုအခိုက်အတန့်၌ ချင်းရှုံက ပြောလိုက်သည်။
"အခုထွက်သွားပြီးရင် လူ့လောကရဲ့တရားဝင်လမ်းကို လျှောက်လှမ်းရတော့မှာ။ နောက်တစ်လဆို ချန်အန်းကို ရောက်နိုင်မှာပါ။"
နောက်ဆုံးတော့ ဟုန်ကျွင့်က ရေကန်အတွင်းမှ မြင်နိုင်သောမြင်ကွင်းထဲကနေ ဖြည်းဖြည်းချင်း ထွက်သွားခဲ့လေပြီ။
ထိုက်ဟန်တောင်ထွတ်ရှိ နောက်ဆုံးချောက်ကြီးအလွန်သို့ ရောက်သောအခါ ချုံမင် သူ၏ပုံရိပ်ကို ထပ်မတွေ့နိုင်တော့ပေ။ ဟုန်ကျွင့်က တစ်ယောက်တည်း ဆက်လက်ထွက်ခွာသွားခဲ့လေသည်။
***
Aurora Novel Translation Team