အပိုင်း (၁၁) - အရာအားလုံး အသစ်တစ်ဖန် (၂)
"မင်းတို့ရဲ့စာတွေကို ငါ့ကိုပေးကြ။"
လီကျင်လုံက ဆိုလိုက်သည်။
"ငါ ဒီနေ့ မင်းတို့ကို စာရင်းသွင်းပေးပြီး မနက်ဖြန်ကျ အမတ်ချုပ်ယန်ကို အစီရင်ခံလိုက်မယ်။"
"ခေါင်းဆောင်၊ ဒီစာက မင်း ငါတို့ကို ပို့လိုက်တဲ့စာလား။"
မော့ရစ်ကန်းက မေးလိုက်သည်။
လီကျင်လုံက ခေါင်းယမ်းလိုက်၏။
"မဟုတ်ဘူး၊ ငါလည်း ဒီစာကို ဘယ်သူပို့လိုက်တာလဲ စဥ်းစားနေတာ။"
၎င်းတို့အား လိမ်ညာနေရန် မလိုအပ်တော့ပေ။ တချို့သော ဆွေးနွေးမှုများအပြီးတွင် တစ်စုံတစ်ယောက်က ထန်မင်းဆက်၏ နတ်ဆိုးနှင်ဌာနကို ပြန်လည်တည်ထောင်ရန် ၎င်းတို့လေးဦးအား ချန်အန်းသို့ တစ်ချိန်တည်းခေါ်ဆောင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ထိုသို့ပြောလိုက်လျှင် သူကိုယ်တိုင်က ဤနေရာကို မတော်တဆ ရောက်လာခြင်းဖြစ်ကြောင်း မည်သို့ ရှင်းပြရတော့မည်နည်း။ ကံကြမ္မာကြောင့် တိုက်ဆိုင်သွားခြင်းဟု ပြောရမည်လော။
ဟုန်ကျွင့်က သူ့စာကို လီကျင်လုံထံသို့ ဦးစွာ ပေးလိုက်သည်။
"ခုန်ဟုန်ကျွင့်၊ မင်းက ဘယ်မှာနေပြီး မင်းရဲ့မိဘတွေက ဘယ်သူလဲ။"
ထိုစဥ် ငါးကြင်းမိစ္ဆာက ခန်းမအပြင်ဘက်မှ ခေါင်းညိတ်ပြလေ၏။ ဟုန်ကျွင့်လည်း ယခင်က သူ သင်ကြားခဲ့သည့်အတိုင်း လိုက်နာ၍ မွေးစားဖခင်က ထိုက်ဟန်တောင်တန်းရှိ ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ပြောပြခဲ့ပြီး လောကကြီးကို တွေ့ကြုံခံစားနိုင်ရန် ချန်အန်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သေချာလေး ပြောပြလိုက်သည်။
ကျောက်ကျစ်လုံကမူ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက သူနှင့် မတော်တဆတွေ့ဆုံခဲ့ပြီး သူက မွေးစားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းက မိစ္ဆာမျိုးနွယ်မှပေးပို့ထားသော သူလျှိုမဟုတ်ကြောင်း ပြောပြခဲ့သည်။
လီကျင်လုံက အများကြီး မမေးခဲ့ပေ။ ဟုန်ကျွင့်၏စကားများထဲ၌ လိမ်လည်ထားသည့် အချက်ရှိကြောင်း၊ ရှင်းပြရခက်သော ဟာကွက်များစွာ ရှိကြောင်း ခံစားရသော်ငြား လီကျင်လုံက ဆက်မမေးဘဲ ယုံကြည်ပေးခဲ့သည်။
ထို့နောက် ရှစ်ဝေတွင် မွေးဖွားခဲ့သော မော့ရစ်ကန်းကလည်း လီကျင်လုံကို အတွေ့အကြုံရယူရန် လာရောက်ခဲ့ကြောင်း ပြောလာ၏။ မော့ရစ်ကန်းက အချို့ကိစ္စများစွာကို ဖုံးကွယ်ထားပုံရသည်ဟု ဟုန်ကျွင့်တောင် ထင်မိသော်လည်း လီကျင်လုံကတော့ မမေးဘဲ မော့ရစ်ကန်း၏အမည်ကို မှတ်တမ်းထင်လိုက်သည်။
အားထိုက်က ထန်မင်းဆက်၏ယဉ်ကျေးမှုကို လေ့လာရန် ရောက်ရှိလာသော ထူဟောလော်မှ အဆင့်မြင့်မျိုးရိုးဖြစ်သည်။ ချိုယုံစစ်က ဟန်ကျိုး၌ နေထိုင်သူဖြစ်ပြီး ပညာရှိမိသားစုမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ၎င်း၏အဘိုးက သူ သတ္တိရှိလာဖို့အတွက် နတ်ဆိုးနှင်ရန် စေလွှတ်လိုက်ကြောင်း ပြောပြခဲ့သည်။
လီကျင်လုံက လူတိုင်းကို စာရင်းသွင်းပြီးနောက် ချိုယုံစစ်လည်း လက်ဖက်ရည်စပ်ပြီးသွားရာ ငါးကြင်းမိစ္ဆာအပါအဝင် လူတိုင်းကို ပန်းကန်လုံးတစ်လုံးစီ ပေးလိုက်သည်။
"နောက်တစ်ခါ ဝင်မလာခင် ခြေထောက်ကို ခြောက်အောင် အရင်သုတ်။ ရေတွေနဲ့ ကြမ်းပြင်ပေါ် မနင်းနဲ့။"
လီကျင်လုံ ငါးကြင်းမိစ္ဆာအား အမိန့်ပေးလိုက်သည်။
လီကျင်လုံ: "နောက်ထပ်လူသစ်တွေ သတင်းလာပို့တာမျိုး မရှိတော့ဘူးထင်တယ်။"
အားလုံးက လီကျင်လုံကို တိတ်တဆိတ် ကြည့်နေကာ 'သူဘာပြောမလဲ' ဆိုသည်အား မှန်းဆကြည့်နေကြသည်။ လီကျင်လုံကမူ သူ့ရှေ့က လူလေးယောက်ကို မကြည့်ဘဲ လက်ဖက်ရည်သောက်လိုက်၏။
"မင်းတို့ကို ဘယ်သူခေါ်လဲတော့ ငါမသိဘူး။ တိရန်ကျယ် ဆုံးသွားပေမဲ့ သူက ငါတို့မဟာထန်ကို စောင့်ရှောက်ပေးနေတုန်းပဲလို့ ငါယုံကြည်တယ်။ ဒီနေ့ ငါတို့အားလုံး ဒီမှာ စုဝေးနေကြတာက ကံကြမ္မာရဲ့ ဆန်းကြယ်တဲ့ စီမံမှုတစ်ခု ဖြစ်တယ်ဆိုတာ သက်သေပြနေတာပဲ။"
သူက စကားပြောနေရင်း ခေါင်းမော့လျက် ပင်မခန်းမ၏ အရှေ့ဘက်နံရံရှိ တိရန်ကျယ်၏ပန်းချီကားကို လေးလေးနက်နက် ကြည့်လိုက်သည်။ ထို့နောက် စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် နောက်ပြန်လှည့်ကာ တိရန်ကျယ်၏ရုပ်တုကိုလည်း စိုက်ကြည့်လိုက်သည်။
"မင်းဆိုလိုတာ တိရန်ကျယ် မကွယ်လွန်ခင်ကတည်းက သူ သေဆုံးပြီး နှစ်ပေါင်းများစွာအကြာမှာ ပေးပို့ဖို့အတွက် ဒီစာလေးစောင်ကို ရေးသားခဲ့တာလို့ ပြောချင်တာလား။ သူက မဟာထန်ရဲ့ နတ်ဆိုးနှင်ဌာနကို ပြန်အသက်သွင်းဖို့ ငါတို့ကို ဒီကိုဆင့်ခေါ်ခဲ့တာလို့ ထင်နေတာလား။"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"
လူတိုင်းက လီကျင်လုံကို 'မင်းငါတို့ကို ငတုံးလို့ထင်နေတာလား' ဟူသည့် အမူအရာဖြင့် ပြန်ကြည့်နေကြလေသည်။
"ဒါက... ယုတ္တိမဲ့လွန်းတယ်မလား။"
ဟုန်ကျွင့်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။
လီကျင်လုံ: "ခြေတွေ၊ လက်တွေပါပြီး အမွေးအမျှင်တွေရှိနေတဲ့ ငါးကြင်းတစ်ကောင်ထက်တော့ ယုတ္တိမမဲ့ပါဘူး။"
လီကျင်လုံက သူ့ခေါင်းကို လှည့်ကာ ငါးကြင်းမိစ္ဆာကို တစ်ချက်ကြည့်လိုက်သည်။
ငါးကြင်းမိစ္ဆာ: "..."
"မှန်တယ်!"
ဟုန်ကျွင့်က အလျင်အမြန်တုံ့ပြန်ကာ ခေါင်းညိတ်ပြလိုက်၏။
"ဒါနဲ့ နှိုင်းယှဥ်ပြီးကြည့်ရင် သေပြီးမှ စာပို့ရင်တောင် ဒီကိစ္စက နားလည်ပေးလို့ ရနိုင်တုန်းပဲ။"
ကျန်လူများအားလုံးမှာ ကိုယ့်နဖူးကိုယ် လက်ဝါးဖြင့် ရိုက်လိုက်ကြပြီး စိတ်ပျက်လက်ပျက်ဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သို့သော် လီကျင်လုံက ပြောပြီးဖြစ်၍ သူတို့ နောက်ထပ် မမေးမြန်းရဲကြတော့ပေ။ သူက အထက်လူကြီးဖြစ်သည်မို့ အထက်လူကြီး ပျော်ရွှင်နေသရွေ့ အားလုံးအဆင်ပြေပေသည်။
"မနက်ဖြန် ငါ မင်းတို့အတွက် ခါးတံဆိပ်ပြားတွေနဲ့ တရားဝင်ဝတ်စုံတွေကို သွားထုတ်ပေးမယ်။"
"မင်းတို့ ဒီမှာ ဆက်နေဖို့ ရွေးချယ်မလား၊ ဆက်နေရင်ရော လစာ ဘယ်လောက် တောင်းဆိုမလဲ—အဲ့ဒါတွေအားလုံးက မင်းတို့အပေါ်မှာပဲ မူတည်တယ်။ မင်းတို့မှာ စဉ်းစားဖို့ နောက်ထပ်တစ်ရက် အချိန်ရှိသေးတယ်။ ဟူလူမျိုးဖြစ်ဖြစ်၊ ဟန်လူမျိုးဖြစ်ဖြစ် တရားရုံးမှာ နာမည်စာရင်းသွင်းပြီးရင် တရားဝင်အမှုထမ်းဖြစ်သွားပြီ။"
ဟုန်ကျွင့်က ချန်မိသားစုနှင့် သူ၏နတ်ဓားပျံကို ဘယ်အချိန် ရှာတွေ့နိုင်မလဲဟု တွေးတောရင်း လီကျင်လုံအား စိုက်ကြည့်လိုက်ရာ တစ်ဖက်လူက သူ့ကို မျက်ခုံးပင့်ပြလာလေသည်။
"ကျွန်တော် နေမယ်။"
ဟုန်ကျွင့် ဦးစွာ ဆိုလိုက်သည်။
မော့ရစ်ကန်း: "ကျွန်တော်လည်း နေမယ်။"
အားထိုက်: "ကျွန်တော်ရောပဲ။"
ချိုယုံစစ်ကလည်း ပြောလိုက်သည်။
"နေမယ်။ ဒါပေမဲ့ နတ်ဆိုးနှင်ဌာနမှာ ငါတို့က ဘာလုပ်ရမှာလဲ။ ခေါင်းဆောင်၊ ငါတို့အတွက် လုပ်စရာတစ်ခုခု ရှိရမယ်မလား။"
"မင်းတို့အတွက် သေချာပေါက် အလုပ်ရှိလာမှာပါ။"
လီကျင်လုံက ဆိုလိုက်၏။
"အမတ်ချုပ်ယန်က သဘာဝလွန် ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတဲ့ ဘယ်အမှုမဆို—အကယ်၍ တော်ဝင်စစ်တပ်နဲ့ တရားစီရင်ရေးဌာနက မဖြေရှင်းနိုင်ခဲ့ရင်—နတ်ဆိုးနှင်ဌာနဆီကို လွှဲပြောင်းပေးလိမ့်မယ်လို့ ပြောထားတယ်။ ငါတို့ဆီမှာ အမှုတွေမရှိသေးလို့ မင်းတို့အနေနဲ့ ချန်အန်းမြို့ကို လှည့်လည်လေ့လာဖို့ အချိန်ယူနိုင်မယ်လို့ ငါ တွေးထားပေမဲ့... အကယ်၍ မင်းတို့က အဲဒီလောက်တောင် အလျင်စလိုဖြစ်နေရင်တော့ အခုချက်ချင်း အလုပ်စလုပ်လို့ရတယ်။"
လီကျင်လုံက ထိုသို့ပြောပြီး လက်ဖက်ရည်ကို လက်စသတ်ကာ ထလိုက်လေသည်။ ဟုန်ကျွင့်က ချက်ချင်း ပြောလိုက်၏။
"ခေါင်းဆောင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးနိုင်မလား။"
"မရဘူး။"
လူတိုင်း: "..."
"မင်း အဲဒီညတုန်းက မိစ္ဆာကို သွားရှာချင်နေတာ ငါသိတယ်။ ဒါပေမဲ့ မင်းဘာတတ်နိုင်လဲ ငါမသိသေးဘူး။ အရင်က မင်းတို့နဲ့ ငါ အလုပ်အတူတူ တွဲမလုပ်ဖူးဘူး။ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ အခုထွက်သွားရင် မင်း ဒီထက်ပိုပြီး ဒုက္ခရောက်လိမ့်မယ်။ ခဏ စောင့်ကြည့်ရအောင်။"
ဟုန်ကျွင့်က စိတ်ဆိုးချင်သော်လည်း လီကျင်လုံ၏စကားတို့က ကျိုးကြောင်းဆီလျော်ကြောင်း သဘောပေါက်သည့်အတွက် ခေါင်းသာ ညိတ်ပြလိုက်ရသည်။
လီကျင်လုံက ထရပ်ပြီး စားပွဲမှ ထွက်သွားပြီးနောက် အားလုံးလည်း ခန်းမထဲမှ ထွက်သွားကြ၏။ အရှေ့ဘက် အခန်းထဲသို့ ဝင်လိုက်သောအခါတွင် သူ ရုတ်တရက် စိတ်သက်သာရာရသွားသလို တိုင်ကိုမှီ၍ အသက်ဝဝ ရှူနေရသည်။ မှော်စွမ်းအားရှိသည့် ဤနတ်ဆိုးနှင်အဖွဲ့ကို သူက ဦးဆောင်ထားရကြောင်း တွေးကြည့်ရင်း လက်သီးကိုဆုပ်ပြီး လေထဲ ဝှေ့ယမ်းလိုက်၏။
တစ်ဆက်တည်း၌ပင် ရှားရှားပါးပါး အပြုံးတစ်ခုကလည်း သူ၏နှုတ်ခမ်းပေါ် တွဲခိုလာခဲ့သည်။
သူ ခေါင်းမော့လိုက်သည်နှင့် ဟုန်ကျွင့်က သူ့အရှေ့မှာ ရပ်ကာ သူ့မျက်နှာကို သံသယများဖြင့် စိုက်ကြည့်နေသည်အား မြင်လိုက်ရ၏။
"ခေါင်းဆောင် ဘာလုပ်နေတာလဲ။"
လီကျင်လုံ ချက်ချင်း ချောင်းဆိုးလိုက်၏။
"ဘာကိစ္စလဲ။"
"ကျွန်တော့်ကို ကျေးဇူးပြုပြီး ကူညီပေးနိုင်မလား။"
"ငါပြောပြီးသားပဲလေ၊ မရဘူး!"
လီကျင်လုံက မကျေမနပ်ဖြင့် ဟောက်လိုက်၏။
"ကျွန်တော် မိစ္ဆာကို လိုက်မရှာပါဘူး။"
ဟုန်ကျွင့်က တစ်ဖက်လူ ငြင်းမည်စိုး၍ ချက်ချင်း ဆက်ပြောလိုက်သည်။
"ခင်ဗျားက ချန်အန်းနဲ့ ရင်းနှီးပြီးသားဆိုတော့ ချန်မိသားစု ဘယ်မှာနေလဲ ကျွန်တော့်ကို ပြောပြပါလား။ ကျွန်တော် တစ်ယောက်တည်း သွားလိုက်ပါ့မယ်။"
ဟုန်ကျွင့်၏ နတ်ဆိုးနှင်ဌာနမှ အခြားသူငယ်ချင်းများမှာ ဤမြို့သို့ အသစ်ရောက်ရှိလာကြသူများ ဖြစ်ကြသဖြင့် သူတို့ကို ဤမေးခွန်းမေးမြန်းရန် အကြောင်းမရှိချေ။ ထို့အပြင် ချန်အန်းမြို့၌ အိမ်ခြေခြောက်သိန်းကျော် ရှိနေသည်။ သူ တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေနိုင်မည် မဟုတ်။ ယခု လီကျင်လုံ ရောက်ရှိလာပြီဖြစ်ရာ ထိုလူက ဟုန်ကျွင့်၏ကယ်တင်ရှင် သေချာပေါက် ဖြစ်လာပေလိမ့်မည်။
"မင်းကို မေးခွန်းတစ်ခု မေးပါရစေ။"
လီကျင်လုံက ဟုန်ကျွင့်ကိုကြည့်ကာ ရုတ်တရက် မေးခွန်းပြန်ထုတ်လိုက်လေ၏။
"မင်းက ကျင့်ကြံသူတစ်ယောက်ပဲ။ မင်းမှာ လူတွေကို တချို့ကိစ္စတွေ မေ့သွားစေနိုင်တဲ့ မှော်စွမ်းအင်ရှိလား။"
"မှော်စွမ်းအင်လား။"
ဟုန်ကျွင့် ခဏစဥ်းစား၍ ပြောလိုက်သည်။
"မှော်စွမ်းအင်တော့ မရှိဘူး။ ဒါပေမဲ့ ပန်းတစ်မျိုးတော့ ရှိတယ်..."
ဟုန်ကျွင့်သည် ကလေးဘဝက ထိုက်ဟန်တောင်တန်းများ၌ လွတ်လပ်စွာ ပြေးလွှားဆော့ကစားရသည်အား နှစ်သက်ခဲ့သည်။ ယောက်ကျင်းနန်းတော်၏ခြံဝင်းထဲမှာ ရှားပါးပြီး ထူးခြားဆန်းပြားသော အပင်မျိုးစုံ ပေါက်ရောက်နေတတ်ပြီး ယခု သူ ပြန်လည်စဉ်းစားကြည့်သောအခါ အနောက်ဘက်ဒေသမှ ထိုနေရာသို့ ယူဆောင်လာကာ စိုက်ပျိုးထားသည့် ထိုကဲ့သို့သော အာနိသင်ရှိသည့် ပန်းတစ်ပွင့်အကြောင်းကို သူ ရေးတးတေးလေး မှတ်မိနေသေးသည်။
***
Aurora Novel Translation Team