အပိုင်း (၄၄) - လျိုယင်းချွမ်းရှောင် (၁)
ဆောင်းဦးလေပြည်အောက်၌ တဖြည်းဖြည်း မှောင်မိုက်လာသည်။ ညနေခင်းရောက်သောအခါ အားလုံးက လီကျင်လုံနောက်မှလိုက်ကာ အပျော်မယ်ဂေဟာဆီ ချီတက်လာခဲ့ကြ၏။
"အိုး၊ ဒုတပ်မှူးလီ။ မဟုတ်ပါဘူး၊ ဌာနခေါင်းဆောင်လီ!"
လျိုယင်းချွမ်းရှောင်က ချန်အန်းရှိ အကြီးဆုံးနှင့် တေးဂီတ အစုံအလင်ကို နားဆင်နိုင်သော အပျော်မယ်ဂေဟာကြီးဖြစ်၏။ သေးငယ်ပြီး ကဗျာဆန်သော ယီရှီးလန်၊ တိုင်းတစ်ပါး၏ အငွေ့အသက် အပြည့်ရှိသော ကုလားအုတ်ခေါင်းလောင်းသံတို့နှင့် နှိုင်းယှဉ်ပါက ဤနေရာက လူတိုင်း၏ လိုအပ်ချက်နှင့် ကိုက်ညီပြီး ပိုမိုဇိမ်ရှိကြောင်း ထင်ရှားသည်။
"ထွက် ထွက် သွား...ငါနဲ့ဝေးဝေးမှာနေစမ်း!"
လီကျင်လုံမှာ မိန်းကလေးများ ထွက်လာသည်နှင့် စိတ်မသက်မသာ ဖြစ်လာပြီး သူ့ရှေ့ကမြင်ကွင်းကို ပိတ်ဆို့ရန် ဟုန်ကျွင့်ကို အလျင်အမြန် ဆွဲခေါ်လိုက်သည်။ ဟုန်ကျွင့်မှာလည်း ပထမဆုံးအကြိမ် တရားဝင်လာရောက် လည်ပတ်ခြင်းဖြစ်ရာ ရုတ်တရက် ထိတ်လန့်သွားပြီး လီကျင်လုံ အနောက်မှာ အမြန်ဝင်ပုန်းနေတော့၏။
"မင်းပဲ ဖျင်ကန်းလီကို လာချင်နေတာ မဟုတ်ဘူးလား။ ဘာတွေ ပုန်းနေတာလဲ။"
လီကျင်လုံက အတော်လေး ရင်ခုန်နေသောကြောင့် သူ့အသံက အနည်းငယ် ကျယ်သွားသည်။ ဟုန်ကျွင့်၏မျက်နှာလေးမှာ ချက်ချင်းဆိုသလို နီရဲလာပြီး လီကျင်လုံဆီက ခံစားချက်ကိုလည်း ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။
"အိုး! အဲဒါ ဟူလူမျိုး အစ်ကိုလေးပဲ!"
တစ်စုံတစ်ယောက်က အားထိုက်ကို တွေ့သွားပြီး ချက်ချင်းထအော်ကာ အားထိုက်ဆီသို့ ဝိုင်းအုံလာခဲ့သည်။ အားထိုက်က ဖျင်ကန်းလီတွင် လူသိများပြီးသား ဖြစ်သောကြောင့် အနီရောင် ချယ်ရီပန်းများနှင့် စိမ်းလန်းသော မိုးမခပင်များက လာရောက်ကြိုဆိုကြရာဝယ် အတော်လေး သက်တောင့်သက်သာ ရှိနေသလို ခံစားခဲ့ရသည်။
အားထိုက်: "ဒီနေ့ မတီးတော့ဘူး။ မင်းတို့တီးတာ နားထောင်မယ်။"
ကောင်မလေးများက ခဏတာမျှ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြ၏။ အပျော်မယ်ကြီးသည် ခန်းမထဲရှိ အကျယ်ဆုံးနှင့် ဇိမ်ကျကျဆုံး ထိုင်ခုံများကို လီကျင်လုံတို့အတွက် အလျင်အမြန် ပြင်ဆင်ပေးလေသည်။
လီကျင်လုံ ဖြတ်သွားသောအခါတွင် ခန်းမထဲတွင် သီဆိုကခုန်သည့် ဖျော်ဖြေပွဲအား မစသေးပေ။ ဧည့်သည်များသည် ဟာသနှောလျက် စကားပြောနေကြပြီ။ လီကျင်လုံ ဖြတ်လာသည့်အခါ သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။
လီကျင်လုံက လျိုယင်းချွမ်းရှောင်ကို ဖြတ်ကျော်ကာ ကြာပန်း အမြောက်အမြားရှိသော ရေကန်ကြီးအနားကို ရောက်သည့်အခိုက် ကိုယ်ကို တမင်တကာ ကိုင်းညွတ်လိုက်၏။ ပြီးလျှင် အထည်အိတ်ကို လှုပ်ခါကာ ငါးကြင်းမိစ္ဆာကို ရေကန်ထဲ ပစ်ထည့်ပေးလိုက်သည်။
"သွားပျော်တော့။"
လီကျင်လုံက ပြောလိုက်သည်။
"ကျေးဇူးပါ!"
ငါးကြင်းမိစ္ဆာက ခေါင်းလေးပြူပြရင်း ပြောလိုက်ကာ ငါးကန်ကြီးထဲကို ပျော်ရွှင်စွာ ကူးခတ်၏။ ငါးကြင်းမိစ္ဆာမှာ ကျင်လီငါးတစ်ကောင်ကို ပွေ့ဖက်ထားလိုက်သော်ငြား ငါးလေးက ထွက်ပြေးသွားလေသည်။
"မသွားနဲ့လေ၊ အလှလေး...."
သိပ်မကြာခင်မှာပင် ဆွေးနွေးသံများ ထပ်မံထွက်ပေါ်လာသည်။ တော်ဝင်စာမေးပွဲကိစ္စသည် မကြာသေးမီရက်ပိုင်းက ချန်အန်းတွင် လူပြောအများဆုံး စကားဝိုင်းတစ်ခု ဖြစ်လာခဲ့ပြီး လီကျင်လုံ၏ မိစ္ဆာဖမ်းဆီးမှုအကြောင်းကလည်း မြို့တော်အတွင်း၌ လှုပ်လှုပ်ရှားရှားဖြစ်ကာ အာရုံစိုက်စရာ ဖြစ်လာခဲ့၏။
ထိုသတင်းက ရပ်တန့်၍မရဘဲ တောမီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားကာ မဟုတ်မမှန်သော ကောလဟာလများအဖြစ် နေရာတိုင်းတွင် ပျံ့နှံ့နေခဲ့သည်။ ယင်းအဖွဲ့နှင့် ပတ်သက်၍ ထင်မြင်ချက်အချို့လည်း ရှိနေသေးသည်။
အစေခံက သူတို့ကို ခန်းမထံရှိ အကြီးဆုံးစားပွဲသို့ ပို့ဆောင်ပေးပြီး နံဘေး၌ သစ်သားလေကာ မျက်နှာပြင်များကို တပ်ဆင်ပေးထားလေ၏။ ညာဘက်တွင် သုံးယောက်၊ ဘယ်ဘက်မှာ နှစ်ယောက် ထိုင်နေကြသည်။ ချိုယုံစစ်နှင့် အားထိုက်က အတူထိုင်ကာ လီကျင်လုံ၊ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့က အခြားတစ်ဖက်တွင် ထိုင်နေကြသည်။
လီကျင်လုံက အစေခံတစ်ဦးအား သစ်သားမျက်နှာပြင် သေးသေးလေး ထပ်ရွှေ့ခိုင်းပြီး ကလေးများအား စံနမူနာဆိုးများမပြစေရန် ပြည့်တန်ဆာအိမ်များကို ပုံမှန်လာလေ့ရှိသော ချိုယုံစစ်၊ အားထိုက်တို့ကို ပိတ်ဆို့ထားလိုက်သည်။
သူတို့သုံးဦးသည် ဧကတစ်ဝက်နီးပါးခန့် ကျယ်ဝန်းပြီး ပြောင်လက် တောက်ပနေသော ခန်းမကြီးတစ်ခုဆီသို့ မျက်နှာမူထား၏။ အဆင်တန်ဆာများကို အလွန်ကျကျနန အလှဆင်ထားသည့်အပြင် ခေါက်ထားလို့ရသော မျက်နှာပြင်များစွာလည်းရှိသည်။ အမျိုးသမီးငယ်များ၏ ရယ်မောသံများကို ရံဖန်ရံခါ ကြားနေရသည်။
ဟုန်ကျွင့် မျှော်ကြည့်လိုက်သောအခါ လျိုယင်းချွမ်းရှောင်က အထပ်သုံးထပ်ရှိပြီး တစ်ထပ်က အခြားတစ်ထပ်ထက် ပိုမြင့်သည်အား တွေ့လိုက်ရသည်။ အပေါ်ထပ်တွင် အိပ်မက်ထဲ ရောက်နေရသလို ရောင်စုံမီးပုံးများဖြင့် ဖုံးလွှမ်းထားသည့် သစ်သားတံတားတစ်ခု ရှိနေ၏။
"လူကြီးမင်းတို့ သဘောကျတဲ့ မိန်းကလေးတွေများ ရှိလား။"
"မရှိဘူး။"
လီကျင်လုံက သူ(မ)ကို ရိုးရိုးရှင်းရှင်းပင် ငြင်းလိုက်သည်။
"ဒါဆို မိန်းကလေးတွေကို...."
လီကျင်လုံ: "မလိုဘူး။"
"ဒီဘက်က သခင်လေးနှစ်ယောက်ကရော လိုသေးလား။"
လီကျင်လုံ: "မလိုဘူး!"
ဟုန်ကျွင့် : "..."
မော့ရစ်ကန်း : "..."
"ငါတို့ ဒီမှာဘာလုပ်နေတာလဲ။"
ဟုန်ကျွင့်က မော့ရစ်ကန်းအား လှမ်းမေးလိုက်၏။
မော့ရစ်ကန်းက ရယ်မောလိုက်ပြီး: "ဒါကတော့ ခေါင်းဆောင်ကို မေးရမှာပဲ။ ငါလည်းမသိဘူး။"
လီကျင်လုံက စားပွဲပေါ်ရှိ စပျစ်သီးကို ယူစားရင်း ပြန်ဖြေ၏။
"သီချင်းနားထောင်မယ်၊ အကကြည့်မယ်၊ ပိုက်ဆံဖြုန်းပြီးတော့ ညဘက်အိပ်ဖို့ နတ်ဆိုးနှင်ဌာနကို ပြန်သွားမယ်။"
ဟုန်ကျွင့်: "အနောက်မှာ ကတဲ့သူရှိတာလား။"
လီကျင်လုံ: "ရှိတယ်။ စောင်းတီးတဲ့သူလည်း ရှိတယ်။ မော့ရစ်ကန်း မင်းဘေးမှာထိုင်ဖို့ မိန်းကလေးတစ်ယောက်ယောက် ရှာချင်လား။"
မော့ရစ်ကန်းက ပြုံးပြီး: "ငါ့ရဲ့ ပထမဆုံးအကြိမ်ကို သိမ်းထားမယ်လို့ မင်းကို ပြောခဲ့သားပဲ။ ဒီညတော့ သီချင်းနားထောင်ပြီး ပျော်ပျော်ပဲနေမယ်။"
"သိမ်းထားမယ်?"
လီကျင်လုံ အနည်းငယ် အံ့သြသွားသည်။
မော့ရစ်ကန်းက တိုးတိုးလေးညည်းရင်း ခေါင်းညိတ်ပြလိုက်သည်။ သို့ဖြင့် လီကျင်လုံလည်း ထပ်မမေးတော့ပေ။ ထိုအခိုက် မော့ရစ်ကန်းက ပြောလာ၏။
"ခေါင်းဆောင်က ဟုန်ကျွင့်ကို မပေး..."
"သူ မလိုဘူး။"
လီကျင်လုံက မော့ရစ်ကန်း၏စကားကို ကရုဏာမဲ့စွာ ဝင်ဖြတ်ပစ်လိုက်ပြီး ဟုန်ကျွင့်ဘက် ကြည့်လိုက်သည်။
"ဟုတ်တယ်မလား။"
ဟုန်ကျွင့်မှာ ထိုညက လီကျင်လုံ သူ့ကို ရှင်းပြခဲ့သည်များကို တွေးတောရင်း အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ယခုအချိန်တွင်မူ သူ့ကိုယ်ပေါ် ရေအေးအေးများ လောင်းချခံလိုက်ရသလို ခံစားလိုက်ရ၏။ အနည်းငယ် ခုခံလိုဟန်ဖြင့်လည်း ပြောလာသည်။
"တကယ်တော့ ခေါ်လည်း ရပါတယ်။"
"ဒါဆို မင်း သူတို့ဘေးနားမှာ သွားထိုင်။"
လီကျင်လုံက အားထိုက်နှင့် ချိုယုံစစ်တို့ဘက်သို့ ညွှန်ပြလိုက်သည်။
"အဲဒီမှာက လျောက်ပတ်တဲ့သူတွေပဲ ထိုင်တာ။ မင်း ငါတို့နဲ့ အတူထိုင်ချင်လား။ ဒါမှမဟုတ် ဘေးကိုသွားမလား။"
ဟုန်ကျွင့် ခဏလောက်စဉ်းစားပြီး ရွေးစရာလမ်း မရှိတော့သဖြင့် နောင်တရသွားသလို တိုးတိုးလေး ပြောလေ၏။
"ကျွန်တော် ဒီမှာပဲ နေလိုက်ပါမယ်။"
လီကျင်လုံ: "မင်း သေချာစဉ်းစားနော်။ ခဏနေဆို မင်း လှုပ်ရှားခွင့် မရှိတော့ဘူး။ ငါတို့က ခဏနေ ချယ်ရီသီးအစာသွပ် စားတော့မှာ။"
ဟုန်ကျွင့်: "ဘာလဲ။ ဘာစားရမှာလဲ။ ချယ်ရီသီးအစာသွပ်လား။ ဘာလဲဟင်။ ကျွန်တော်မသွားတော့ဘူး။ ဒါဆို... သေရည်ရော သောက်လို့ရမလား။"
သေရည်ကတော့ အဆင်ပြေသည့်အတွက် လီကျင်လုံက သူ့အတွက် အစားအသောက်နှင့် သေရည်ကို ပျော်ပျော်ရွှင်ရွှင်ပင် မှာပေးလိုက်သည်။ ထို့နောက် ဘေးကအစေခံအား စစ်သူကြီးဟန် ဖွင့်ထားသည့် ဆိုင်ကို နာမည်ကြီး ချယ်ရီသီးအစာသွပ် သွားဝယ်ခိုင်းလိုက်သည်။ ဟုန်ကျွင့်ကို စိတ်ကျေနပ်အောင် လုပ်ရန်မှာ အလွန်လွယ်ကူနေဆဲဖြစ်၏။
အစားအသောက်နှင့် လိင်ပိုင်းဆိုင်ရာမှာ လူ့သဘောသဘာဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဟုန်ကျွင့်တွင် တဏှာစိတ်မရှိသောကြောင့် လီကျင်လုံပြောသည့် အရသာရှိ အစားအသောက်ကိုသာ ရွေးချယ်လိမ့်မည်။
"ဒါပေမဲ့ လူကြီးမင်းတို့က သီချင်းဆို ကခုန်နေတာကို ရှုစားတော့မှာဆိုတော့ တစ်ယောက်ယောက်က သေရည်ငှဲ့ပေးရမှာပေါ့။ တစ်ယောက်ယောက် စီစဥ်ပေးရမလား။"
အမျိုးသမီးကြီးက လာရောက် မေးမြန်းလေ၏။ လီကျင်လုံ ငြင်းခါနီးတွင် ဟုန်ကျွင့်က ရုတ်တရက် လူတစ်ယောက်ကို သတိရသွားသောကြောင့် လှည့်မေးလိုက်သည်။
"ခင်ဗျား စန်းအာကို သိလား။"
အမျိုးသမီးကြီးက သူ(မ)ကိုသိကြောင်းဆို၍ တစ်စုံတစ်ယောက်ကို ခေါ်လာခဲ့ပေးရန် တိုက်တွန်းလိုက်သည်။ လီကျင်လုံလည်း လိုက်လျောပေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ထိုစဥ် ဟုန်ကျွင့်က ကတိပေးလာသည်။
"ကျွန်တော် ဘယ်သူ့ကိုမှ ဟိုထိဒီထိ မလုပ်ပါဘူး။"
"မင်း ကောင်းကောင်းသိသားပဲ။"
မော့ရစ်ကန်း ပြုံးလိုက်သည်။
ခဏအကြာတွင် စန်းအာ ရောက်ရှိလာသဖြင့် ဟုန်ကျွင့်လည်း သူ(မ)ကို နှုတ်ဆက်လိုက်သည်။ စန်းအာဟူသည်မှာ ဟုန်ကျွင့် ချန်အန်းတွင် ပထမဆုံးတွေ့သော 'သူငယ်ချင်း' ဖြစ်သဖြင့် သူ(မ)ကို ပြန်တွေ့ရသောအခါ အလွန်ဝမ်းသာနေခဲ့သည်။ ယခုအချိန်တွင် စန်းအာက လျိုယင်းချွမ်းရှောင်တွင် ထိပ်တန်း အကူမိန်းကလေးအဖြစ် တာဝန်ထမ်းဆောင်နေသော လူတစ်ဦးဖြစ်ပြီး မမျှော်လင့်ဘဲ ယနေ့ ဖောက်သည်တစ်ဦး ရောက်ရှိလာ၏။ သူ(မ)ကို အထူးတလည် ခေါ်သောကြောင့် သူ(မ) အလွန်ပျော်ရွှင်သွားခဲ့သည်။
နှစ်ယောက်သားတွေ့သည်နှင့်တစ်ပြိုင်တည်း ပြုံးပြလိုက်ကြသည်။ စန်းအာက လီကျင်လုံကို ကြည့်ပြီးနောက် ဟုန်ကျွင့်ကိုလည်း ကြည့်လိုက်သည်။ လီကျင်လုံသည်လည်း ဟုန်ကျွင့်နှင့် ဤ "စန်းအာ" တို့၏ ဆက်ဆံရေးကို သံသယဝင်နေ၏။ ထိုအခိုက် စန်းအာက ရုတ်တရက် မေးလာသည်။
"အိုး ဒုတပ်မှူးလီ၊ ရှင်တို့နှစ်ယောက်က ဘယ်အချိန်ကစပြီး အတူတူရှိသွားတာလဲ။"
လီကျင်လုံမှာ ရေသောက်နေချိန်ဖြစ်သဖြင့် ရုတ်တရက် ရေတစ်ငုံ ထွေးထုတ်မိသွားသည်။ မော့ရစ်ကန်းမှာတော့ အပြုံးတစ်ခုဖြင့် ထိုင်ခုံနောက်ကို မှီလိုက်၏။
ဟုန်ကျွင့်က ပြုံး၍: "ငါတို့က အတူတူနေတာကြာပြီ။ စန်းအာ၊ မင်းငါတို့အတွက် သေရည်ငှဲ့ပေးပါလား။ ငါ မင်းကိုပိုက်ဆံပေးမယ်။"
စန်းအာကလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်လိုက်သည်။ သူ(မ)က သေရည်အိုးကို ယူကာ တစ်ခွက်စီလောင်းထည့်ပေး၏။ အိုးထဲတွင် လန်လင်းသာ့ချွီ သေရည်များဖြင့် ပြည့်နေပြီး အရောင်အသွေးမှာ ပယင်းရောင်ဖြစ်သည်။ ၎င်းကို အဖြူရောင် ကြွေဖလားထဲသို့ လောင်းထည့်လိုက်သောအခါ သေရည်၏ ရနံ့သင်းသင်းလေးက ချက်ချင်း သင်းပျံ့လာသည်။
“လန်လင်းသေရည်သည် ကျူးလစ်ကဲ့သို့ မွှေးပြီး ကျောက်စိမ်းပန်းကန်လုံးက ပယင်းကဲ့သို့ တောက်ပ၏” ဟူသော ဆိုရိုးစကားအတိုင်း ၎င်းသည် အဆောက်အအုံအတွင်းရှိ အကောင်းဆုံးသေရည် ဖြစ်၏။
"လျှော့သောက်..." လီကျင်လုံက ဟုန်ကျွင့်ဘက်သို့ လှည့်ပြောလိုက်၏။
"ဒီသေရည်က ပြင်းတယ်။"
မော့ရစ်ကန်းက သစ်သီးခြောက်ကို စားရင်း မေးလာသည်။
"ဒါက ချဥ်တာလား။"
(Tn - သဝန်တိုနေတာလားလို့ မေးတဲ့သဘောပါ)
စန်းအာ: "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ကျွန်မတို့ဆီက အကောင်းဆုံးသေရည်ပါ။"
မော့ရစ်ကန်းကတော့ အနံ့ခံကြည့်နေပြီး: "ဘာလို့များ ငါတို့နေရာမှာ ရှာလကာရည်အနံ့လို ချဉ်စူးစူးအနံ့တွေ ရနေပါလိမ့်။"
လီကျင်လုံ: "..."
စန်းအာလည်း ချက်ချင်း နားလည်သွားပြီး ပြုံးလိုက်ကာ အလျင်အမြန် ဝင်ဆိုလေ၏။
"လူငယ်အလှလေးက ဒီမှာ ထိုင်ပါ။"
လီကျင်လုံ: "မော့ရစ်ကန်း၊ မင်း..."
စန်းအာက ဟုန်ကျွင့်ကို လီကျင်လုံဘက်သို့ တွန်းတင်လိုက်သည်။ ထို့နောက် ထိုင်ခုံကို ရွှေ့ကာ မော့ရစ်ကန်းဘေးတွင် ဝင်ထိုင်လိုက်သည်။
မော့ရစ်ကန်း ပြုံးလျက်: "ဒီလိုဆို မှန်သွားပြီမလား။"
ဟုန်ကျွင့်: "???"
ဟုန်ကျွင့်က လီကျင်လုံဘေးမှာ ကပ်ထိုင်လိုက်သည်။ သူက စန်းအာနှင့် စကားပြောရန် အနည်းငယ်လှည့်လိုက်သည့်အခါ သူ့နောက်ကျောတစ်ခြမ်းက လီကျင်လုံဘက်ကို မှီထားသကဲ့သို့ ဖြစ်သွား၏။ လီကျင်လုံကတော့ ဟုန်ကျွင့်ကို မှီခိုင်းထားပြီး ဘာမျှမပြောချေ။ သိပ်မကြာခင်မှာပင် ဝယ်ခိုင်းထားသည့် ချယ်ရီသီးအစာသွပ်တို့ ရောက်လာရာ အားလုံး၏နှုတ်ဖျားမှ 'ဝိုး' ဟူသော အသံများ ထွက်ပေါ်လာခဲ့သည်။
ချယ်ရီသီးအစာသွပ်ကို ချယ်ရီသီးယိုဖြင့် အဓိကပြုလုပ်ထားခြင်းပင်။ ကြက်ဥအကာပေါ် တင်ထားသော သိုးခြေထောက် အသားကင်၊ လတ်ဆတ်သည့် ချိစ်၊ ခြစ်ထားသည့် အသီးအရွက်နှင့် အခြားအဆာများကို ထည့်ကာ လိပ်ထား၏။
ထို့နောက် ရေနွေးငွေ့ဖြင့်ပေါင်းကာ ပါးပါးလှီးထားသော အရွက်တို့ကို အပေါ်က ဖြူးပေးလိုက်သည်။ အဆီမပါဘဲ ချိုချိုငန်ငန် အရသာလေးက လျှာပေါ်၌ စွဲထင်ကျန်ခဲ့လေသည်။
"ဘာအရသာရှိတာတွေ စားနေကြတာလဲ။"
ချိုယုံစစ်က ဘေးအခန်းက လှမ်းကြည့်ရင်း မေး၏။
"စစ်သူကြီးဟန်အိမ်က မုန့်တွေ။"
လီကျင်လုံက အေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်။
"ငါတို့စားပွဲမှာ ငါတို့စားဖို့ပဲ ရှိတော့တယ်။ စားချင်ရင် ကိုယ်တိုင်သွားဝယ်!"
လီကျင်လုံမှာ လေးခုသာဝယ်ခိုင်းထားခဲ့ခြင်းပင်။ မထင်မှတ်ဘဲ စန်းအာလည်း ရောက်လာသောကြောင့် သူ(မ)အတွက်လည်း ဝေစုခွဲပေးလိုက်သည်။ ဟုန်ကျွင့်က အမြန်စားပြီးသည်နှင့် ချက်ချင်း လှည့်ကြည့်ရင်း မေး၏။
"နောက်ထပ်ရှိသေးလား။ သွားဝယ်ပါဦးလား။"
လီကျင်လုံမှာ သူကိုယ်တိုင်စားဖို့ ချန်ထားသည့် အပိုင်းကိုလည်း ပေးလိုက်ပြီး ခန်းမထဲကို လှည့်ကြည့်လိုက်သည်။ ဂီတပွဲ ဘာကြောင့်မစသေးသလဲ မေးရင်း တစ်ဖန်ပြန်လှည့်ကြည့်လိုက်သောအခါ ချယ်ရီသီးအစာသွပ်က မရှိတော့ပေ။
"နောက်ထပ် ရှိသေးလားဟင်။"
လီကျင်လုံ: "မင်း ကျောက်ကျစ်လုံဆီက သင်ယူသင့်တယ်။ ရသမျှကို ပါးစပ်ထဲ အတင်းထိုးထည့်မနေနဲ့။"
"စားလို့ ကုန်သွားတာကို။"
"မရှိတော့ဘူး။ ငါ မင်းကို ဗိုက်ပြည့်တဲ့အထိ စားခိုင်းလို့မဖြစ်ဘူး။ အမြဲတမ်း ဒါကိုပဲတွေးနေတယ်။"
ဟုန်ကျွင့်ခမျာ စွန့်စားပြီး မော့ရစ်ကန်း၏လက်ထဲက အစားအစာ တစ်ဝက်ကို လုစားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိသော်လည်း မော့ရစ်ကန်းမှာ စားပြီးလုနီးပါး ဖြစ်နေလေပြီ။
လီကျင်လုံ: "ကမ္ဘာပေါ်မှာ အရသာရှိတဲ့ အစားအစာတွေ အများကြီးရှိတယ်။ နောက်မှ ဖြည်းဖြည်းချင်းမြည်းစမ်းဖို့ ငါ မင်းကို ခေါ်သွားပေးမယ်။"
ထိုအခိုက် အစေခံများက ဒုတိယထပ်နှင့် တတိယထပ်မှ ဖြတ်သွားကာ မီးမှိတ်သွားခဲ့သည်။ ခန်းမအတွင်းရှိ မီးရောင်များ မှိန်ကျသွားသည်နှင့် စကားစမြည်ပြောသံ၊ ရယ်သံများပါ တဖြည်းဖြည်း ရပ်တန့်သွားသည်။ အမှောင်ထဲတွင် "ဒိန်း" ဟူသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။
ထိုတစ်ခဏ၌ ရေတံခွန်ပေါ်မှ ဖြာကျစီးဆင်းနေသော ရေစီးသံကဲ့သို့ သို့မဟုတ် မိုးတိမ်များ ရွေ့လျားနေသံကဲ့သို့သော တူရိယာတီးမှုတ်သံများ စတင်တော့သည်။ တေးဂီတသံက အပေါ်ထဲမှ နှင်းဖြူဖြူလေးများသည် ထောင်ပေါင်းများစွာသော ရေစက်များအဖြစ်သို့ သွန်းချလာလေသည့်အလားပင်။
အဆုံးသတ်ရောက်သောအခါ ဖီဖာစောင်းတီးခတ်သံများ ထွက်ပေါ်လာ၏။ ဖီဖာစောင်းသံက ငှက်ရာချီ ဇာမဏီကို ဦးညွှတ်နေသည့် ထိပ်တန်းတေးဂီတသံနှင့်အတူ ရောယှက်သွားကာ ခန်းမတစ်ခုလုံးကို ဝန်းရံသွားပြီး ကောင်းကင်အထိ ပျံလွင့်သွားသည်။
ခန်းမထဲမှလူများက တေးဂီတသံကို နားစင်ရင်း လက်ခုပ်သြဘာများဖြင့် အားရပါးရ အားပေးနေကြလေသည်။ ဟုန်ကျွင့်ပင် ဘာပြောရမလဲမသိတော့ဘဲ ခန်းမထဲ လှည့်ပတ်ကြည့်ရင်း စိတ်ထဲမှ ချီးကျူးလိုက်၏။
နားထောင်လို့ကောင်းလိုက်တာ။
***
Aurora Novel Translation Team