အပိုင်း (၁၇) - ခုတင်အောက်ကအလောင်း (၁)
မွန်းတည့်ချိန်ရောက်သောအခါ ဟုန်ကျွင့်က ကျန်သုံးယောက်နှင့် ချိန်းထားသည့် စားသောက်ဆိုင်သို့ ရောက်ရှိလာ၏။ ၎င်းမှာ 'နဂါးဂိတ်တံခါး' ဟုခေါ်သော စားသောက်ဆိုင်ကြီး တစ်ဆိုင်ပင်။ သူ၏ စိတ်အစဥ်တို့မှာ မတည်ငြိမ်သေးသောကြောင့် ရောက်ရောက်ချင်း ဖောက်သည်ချလိုက်သည်။
"ဒီနေ့ ပြဿနာကြီးတစ်ခု ဖြစ်သွားတယ်!"
ချိုယုံစစ်၊ မော့ရစ်ကန်းနှင့် အားထိုက်တို့လည်း အံ့အားသင့်သွားကြသည်။
"လာ လာ လာ မြန်မြန်ပြောပြ။ ဒါနဲ့ ခေါင်းဆောင် မရောက်သေးဘူးလား။"
ဟုန်ကျွင့်: "သူက ကြောင်နဲ့ပြန်သွားပြီ။ ငါတို့ကို အရင်စားနှင့်တဲ့။ သူလာတဲ့အခါ အသေးစိတ်ရှင်းပြမယ် ပြောတယ်။"
"သူ တကယ် ရှာတွေ့သွားတာလား။"
မော့ရစ်ကန်းက အံ့သြစွာ ပြောလိုက်သည်။ သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကမန်းကတန်း မေးလိုက်ကြ၏။ ဟုန်ကျွင့်က အတိုချုပ် ရှင်းပြလိုက်သည်။
လီကျင်လုံက ကြောင်ကို ဖမ်းမိပြီးနောက် မကြာသေးမီက ပျောက်ဆုံးသွားသူများ၏ စာရင်းကို စုံစမ်းမေးမြန်းရန် တရားစီရင်ရေးဌာနသို့ သွားရောက်ခဲ့သည်။ ဤအမှုက အမှုတစ်ခုအတွင်းမှ နောက်ထပ်အမှုတစ်ခု ဖြစ်လာခဲ့သည်။ ခုတင်အောက်တွင် ထိုအရာကြီးကို တွေ့ရှိခဲ့ပြီးနောက် အကျိုးဆက်များက ကြီးမားလာနိုင်သဖြင့် သူတို့အနေဖြင့် သတင်းအချက်အလက်များကို တတ်နိုင်သမျှ များများစုဆောင်းရန် အလွန်အရေးကြီးပေသည်။
"စားကြပါတော့။ ငါ ဗိုက်ဆာလို့ သေတော့မယ်။"
စားပွဲထိုးက လာရောက်ရွတ်ပြသော်လည်း၊ သူပြောသော ဟင်းလျာများကို မည်သူမျှ မသိကြချေ။ အားထိုက်က တိုင်းတစ်ပါးသားမို့ ဘာမျှအကျွမ်းတဝင်မရှိသလို မော့ရစ်ကန်းက မြက်ခင်းပြင်မှာမွေးဖွားခဲ့ပြီး ဤကဲ့သို့သော အဆင့်မြင့် စားသောက်ပွဲမျိုးကို တစ်ခါမျှ မတက်ရောက်ဖူးပေ။ ဟုန်ကျွင့်မှာ သာတောင်ဆိုးသေးသည်။
ချိုယုံစစ်ကလည်း ကျိုးနွံစွာ ပြောလာ၏။
"မင်းတို့ ကြိုက်တာမှာလိုက်ကြ။ ငါက ဘာနေနေ အကုန်စားတယ်။"
ဟင်းပွဲများ၏အမည်များကို ကြားလိုက်ရသောအခါတွင် အားလုံး ကြောင်အနေကြသောကြောင့် စိတ်မရှည်တော့သည့် ငါးကြင်းမိစ္ဆာတစ်ကောင်မှာ ဟုန်ကျွင့်နောက်ကွယ်မှ အိတ်ကိုဖွင့်ကာ အော်လိုက်လေသည်။
“ကြက်သားဟင်းရည် ခြောက်ပွဲ၊ ကြက်ဥမွှေကြော် တစ်ပွဲ၊ ကြက်သား ရှာလကာရည်၊ လိမ္မော်သီး၊ ရုံးပတီသီးနှင့် အသီးအရွက်ငါးပွဲ၊ တော်ဝင်ဘုရင်မထမင်း ခြောက်ပွဲ၊ နှင်းမွှေးတစ်ပန်းကန်နဲ့ နွေဦးတောင်တန်း တစ်ပွဲ။ ငါးနဲ့ချက်ရမဲ့ ဘယ်ဟင်းကိုမဆို ငါးကြင်းနဲ့မချက်နဲ့။"
"ဘယ်... ဘယ်သူက စကားပြောနေတာလဲ။"
စားပွဲထိုးလေးခမျာ လူငယ်များထံမှမဟုတ်သော အသံကြောင့် ရုတ်ခြည်း ဖြူဖျော့သွားတော့သည်။
"အသံတုပါ။"
ဟုန်ကျွင့် ချက်ချင်း ထပြောလိုက်သည်။
"လူလေးယောက်အတွက် ထမင်းခြောက်ပွဲ?"
ဟုန်ကျွင့်: "မစားရသေးတဲ့ လူတစ်ယောက် ရှိသေးတယ်။ ထမင်းစားခါနီးရင် လာလိမ့်မယ်။"
“ငါးကြင်းက အရိုးများတယ်လေ။ ဘယ်သူကများ စားမှာမို့လဲ။”
စားပွဲထိုးက တိုးတိုးလေး ညည်းတွားလိုက်၏။
"မင်း ဘာပြောလိုက်တယ်?!"
ငါးကြင်းမိစ္ဆာက စော်ကားခံလိုက်ရသလို ခံစားလိုက်ရသဖြင့် ဟုန်ကျွင့်နောက်ကနေ ထွက်လာပြီး ၎င်း၏မျက်လုံးများကို ပြူးပြလိုက်တော့သည်။
စားပွဲထိုး: "???"
"ဘာမှမဖြစ်ပါဘူး။"
ဟုန်ကျွင့်မှာ စားပွဲထိုးကို မမြင်သင့်တာ မမြင်ရအောင် အမြန်နှင်လွှတ်လိုက်ရသည်။
စားပွဲထိုးလည်း အစားအသောက်များကို ပြင်ဆင်ရန် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ထွက်သွားခဲ့သည်။
ဟင်းလျာများ ရောက်လာသောအခါ ဟုန်ကျွင့်တစ်ယောက် လွန်ခဲ့သည့်ရက်အနည်းငယ်က လမ်းပေါ်တွင် သူစားခဲ့သော ဟင်းလျာများကို ထမင်းအဖြစ် လုံးဝ ထည့်မတွက်နိုင်ကြောင်း သိလိုက်တော့သည်။ ကြက်သားဟင်းရည်ကို ဝါးလုံးပုံစံပြုလုပ်ထားသော ကြွေပန်းကန်လုံးများဖြင့် တည်ခင်းထား၏။
ငါးနှင့် သိုးသားကြော်၊ ကြက်သွန်နှင့် ရှာလကာရည်ကြက်သားဟင်းအပြင် ထမင်းဖြူနှင့် ရောင်စုံဟင်းပွဲများ၊ မွှေးကြိုင်သော အနံ့တို့ကြောင့် ဟုန်ကျွင့်တစ်ယောက် ချက်ချင်း ဆွဲဆောင်ခံလိုက်ရ၏။ တော်ဝင်ဘုရင်မထမင်းက လူလေးယောက်နှင့် ငါးတစ်ကောင်ကြောင့် ချက်ချင်း ပြောင်ထွက်သွားသည်။
ဟုန်ကျွင့် : "အရင်က ကျောက်ကျစ်လုံ ချန်အန်းထဲက စားသောက်ဆိုင်မှာ နေဖူးတယ်လေ။ သူရှိနေလို့ ကံကောင်းသွားတာ။ သူက အများကြီး ကြားဖူးတယ်။"
"အိုး?"
မော့ရစ်ကန်းက
"စားဖိုမှူးအဖြစ်နဲ့လား၊ မထင်ရဘူးနော်။"
“ဟင်းချက်စရာ အမယ်အဖြစ် နေတာ။”
ငါးကြင်းမိစ္ဆာက ပြန်ဖြေလိုက်သည်။
လူတိုင်း: "..."
ခဏမျှ အိုးတိုးအမ်းတန်း ဖြစ်သွားပြီးနောက် ဟုန်ကျွင့်က ပြန်လည်ရှင်းပြလိုက်ရသည်။
"သူက ဈေးထဲမှာ အရောင်းခံနေရတုန်း စားသောက်ဆိုင်တစ်ခုက ဝယ်သွားပြီး ငါးကန်ထဲမှာ ထည့်ထားခံရတာ။ နောက်တော့ ကြင်နာတတ်တဲ့ ဘုန်းကြီးတစ်ပါးက သူ့ကို ဝယ်ပြီး ဘေးမဲ့လွှတ်ပေးခဲ့တာ။ အဲ့ဒါကြောင့် သူ အခု ငါတို့နဲ့ အတူရှိနေတာပေါ့။"
ငါးကြင်းမိစ္ဆာက ဗိုက်ပြည့်သွားသောအခါ သေရည်ခွက်ထဲ ခေါင်းနှစ်၍ အနည်းငယ် သောက်လိုက်သည်။ သူ၏ငါးခန္ဓာကိုယ်သည် တဆတ်ဆတ် တုန်လှုပ်သွားကာ စားပွဲပေါ်မှာ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မူးနောက်နောက်ဖြင့် လဲကျသွားတော့သည်။
အားထိုက်: "လာ ဒီနေ့ မင်းတို့ကိုငါဒကာခံမယ်။ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုနဲ့ ငါတို့ရဲ့မရှိသေးတဲ့ ခေါင်းဆောင်ကို ဂုဏ်ပြုလိုက်ကြရအောင်။"
ဤသည်မှာ သူတို့လေးယောက် နတ်ဆိုးနှင်ဌာနထဲ ဝင်ပြီးနောက်ပိုင်း ပထမဆုံး တရားဝင်စုဝေးခြင်းဖြစ်၏။ သူတို့က မကြာခဏဆိုသလို ပျင်းရိနေကြသော်လည်း ဟုန်ကျွင့်နှင့် လီကျင်လုံတို့နှစ်ယောက်ကတော့ ရင်းနှီးနေကြလေပြီ။ ထို့ကြောင့် လီကျင်လုံအကြောင်း ချက်ချင်း မေးမြန်းကြလေရာ ဟုန်ကျွင့်ကလည်း ယေဘုယျအဖြေအချို့ကို ပေးခဲ့သည်။
မကြာသေးမီအထိ သူသည် မော့ရစ်ကန်းတို့သုံးယောက်နှင့်အတူ အခြားလှုပ်ရှားမှုများတွင် မပါဝင်ခဲ့သဖြင့် ယခု သူ၏လုပ်ဖော်ကိုင်ဖက်များ အကြောင်းကို အလွန်သိချင်နေသည်။
"ငါ့အဖေက ငါ့ကို ချန်အန်းကို ပို့လိုက်တာ။"
ဟုန်ကျွင့် ပြောလိုက်သည်။ ကျောက်ကျစ်လုံက မူးပြီး သတိလစ်နေပြီဖြစ်သော်လည်း လမ်းမှာကတည်းက သူ့နောက်ကြောင်းကို အများကြီး မပြောပြရန် မှာထား၏။ အပြောလွန်ပြီး အမှားလုပ်မိတော့မည်ကို ကြောက်သောကြောင့် ဟုန်ကျွင့်က လိုရင်းကိုသာ ပြောပြလိုက်သည်။
"ငါ့အဖေက ငါ့ကို ချန်အန်းက မိစ္ဆာတွေအကုန်လုံးကို မောင်းထုတ်ခိုင်းတာ။ ဒါပဲ။"
အားထိုက်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
"ချန်အန်းမြို့ထဲမှာ ဘယ်မိစ္ဆာတွေရှိနိုင်မှာလဲ။"
မော့ရစ်ကန်းကလည်း ရယ်မောလိုက်သည်။
"ဒါပေမဲ့ မိစ္ဆာတွေမရှိရင် ငါတို့ရော ဘာလုပ်ကြမလဲ။"
ဟုန်ကျွင့်: "ခေါင်းဆောင်ကတော့ ချန်အန်းမှာ မိစ္ဆာတွေ ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ခဏခဏ ထွက်မလာတတ်ဘူးတဲ့။"
ဟုန်ကျွင့် ယခင်က တစ်ခါမှမသောက်ဖူးပေ။ ယနေ့ ပထမဆုံးအကြိမ် အရက်သောက်ဖူးခြင်းပင်။ အရသာက ပြင်းရှသော်လည်း သူက ရေကဲ့သို့ အတင်းအကျပ် သောက်နေခဲ့သည်။ ထို့ကြောင့် ဟုန်ကျွင့် အရက်သောက်နိုင်သည်ဟု ထင်မှတ်ကာ အခြားသူများကလည်း သူ့ကို မတားဆီးခဲ့ကြချေ။ အရက်၏အရှိန်များ တက်လာသည်နှင့် ထိန်းမနိုင်သိမ်းမနိုင် မူးဝေသွားကာ ဘေးကို တစ်ချက် လှဲချလိုက်ပြီးသည်နှင့် ချက်ချင်းအိပ်ပျော်သွားတော့သည်။
ဟုန်ကျွင့် မူးသွားပြီး သိပ်မကြာခင်မှာပင် လီကျင်လုံ ရောက်လာ၏။ ထို့နောက် မူးပြီးလဲနေသူ ဟုန်ကျွင့်ကိုတွေ့လိုက်သည်နှင့် ချက်ချင်း ဒေါသထွက်သွားသည်။
"မင်းတို့က တာဝန်ချိန်အတွင်းမှာ အရက်လာသောက်နေတာလား။ ပြီးတော့ သူ့ကိုပါ မူးအောင် တိုက်လိုက်သေးတယ်။"
အားထိုက်က ကမန်းကတန်း ထပြောလိုက်သည်။
"ခေါင်းဆောင်၊ လာ လာ မြန်မြန်လာထိုင်။ ဒီနေ့ ငါ ဒကာခံပါ့မယ်။"
လီကျင်လုံက မျက်မှောင်ကြုတ်လျက် စားပွဲမှာ ဝင်ထိုင်လိုက်သည်။ ဟင်းလျာများအားလုံးမှာ အကြွင်းအကျန်များသာ ဖြစ်နေသော်လည်း၊ လီကျင်လုံက ဂရုမစိုက်ဘဲ အေးစက်နေပြီဖြစ်သော အစားအစာများကို စတင်စားသောက်တော့သည်။ ကျန်သုံးယောက်က လီကျင်လုံကို အမှုအကြောင်း အလျင်စလို မေးမြန်းလိုက်ကြ၏။
သူ ယီရှီးလန်မျှော်စင်မှ အကြောင်းအရာများကို ပြောပြလိုက်ချိန်၌ လက်ဖက်ရည်သောက်နေသူ၊ အရက်သောက်နေသူ၊ အချိုပွဲစားနေသူ—ထိုနတ်ဆိုးနှိမ်နင်းသူ သုံးယောက်စလုံး ငြိမ်သက်သွားကြပြီး လီကျင်လုံကို တစ်ပြိုင်နက်တည်း စိုက်ကြည့်ကြတော့သည်။
"ခုတင်အောက်မှာ လူသေအလောင်း တွေ့ခဲ့တယ်?"
မော့ရစ်ကန်းက မေးလိုက်သည်။
လီကျင်လုံက ခေါင်းညိတ်ပြ၏။
"နောက်ဆုံးတော့ မင်းတို့ စိတ်ဝင်စားလာပြီပေါ့။ ငါ အခုလေးတင် တရားစီရင်ရေးရုံးကို ဝင်ခဲ့သေးတယ်၊ ဒါပေမဲ့ ဒီရက်တွေထဲမှာ ပျောက်ဆုံးနေသူရှိတဲ့အကြောင်း ဘယ်သူကမှ သတင်းမပေးခဲ့ဘူးတဲ့။"
အားထိုက်: "အဲဒါတော့ မဟုတ်သေးဘူးလေ။ အလောင်းကို ခုတင်အောက်မှာ ဝှက်ထားတာက ဘာကိုဆိုလိုတာလဲ။"
လီကျင်လုံက အေးဆေးတည်ငြိမ်စွာပင် ပြန်ပြောလေသည်။
"ဒါက ငါတို့ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိ၊ မရှိ မသိပေမဲ့ ငါ မင်းတို့နဲ့ ဆွေးနွေးဖို့တော့ လိုသေးတယ်။"
မော့ရစ်ကန်း: "မိစ္ဆာပဲ ဖြစ်ရမယ်!"
"ပြီးတော့ အဲ့ဒီမိစ္ဆာက ထွက်မပြေးသေးဘူး။"
ချိုယုံစစ်က ပြုံးပြီး ဝင်ပြောလိုက်သည်။
"ဘာလို့လဲ ငါ့ကိုပြောပြကြည့်!!"
လီကျင်လုံသည် မျက်မှောင်ကြုတ်ကာ ပေါ့ပေါ့ပါးပါး စားသောက်ရင်း ပြန်မေးလိုက်သည်။ တစ်ဖက်က အားထိုက်သည် လီကျင်လုံကို ခေတ္တစိုက်ကြည့်ကာ ခဏအကြာ၌ ဆိုလာ၏။
"ဒီကညီအစ်ကိုနှစ်ယောက်ပဲ ပြောလိုက်ပါ။"
"မဟုတ်ဘူး မဟုတ်ဘူး။ မင်းအရင်ပြောလိုက်ပါ။"
"မင်းအရင်ပြော မင်းအရင်ပြော။"
သူတို့သုံးယောက်က တစ်ယောက်တစ်လှည့် တွန်းထိုးနေသောကြောင့် လီကျင်လုံမှာ ဒေါသထွက်လာသည်။
လီကျင်လုံ: "တော်လောက်ပြီ!"
ခဏအကြာတွင် မော့ရစ်ကန်းက ပြောလာပြ၏။
"အလောင်းကို ခုတင်အောက်မှာ ဝှက်ထားရင် ရက်အနည်းငယ်အတွင်း ပုပ်သွားမှာ။ အနံ့ကလည်း လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်မှာပဲ။ ခြောက်သွေ့နေတဲ့ လူသေကို ထုပ်ပြီး ခုတင်အောက်မှာ ဝှက်ထားရင် ပြဿနာများလွန်းတယ်။ အဲဒါကို တိုက်ရိုက် မြှုပ်ပစ်လိုက်တာကမှ ပြဿနာ နည်းလိမ့်မယ်။"
လီကျင်လုံ: "ဒါဆို ကျင့်ယွင်က မိစ္ဆာမှော်အတတ်တစ်ခုခုကို လေ့ကျင့်ချင်နေလို့ အလောင်းကို ဝှက်ထားခဲ့တာလား။"
လူတိုင်း လီကျင်လုံကို ထူးဆန်းသော မျက်နှာများဖြင့် ကြည့်နေကြသည်။ သူတို့ခမျာ ရယ်ချင်သော်လည်း မရယ်ဝံ့ပေ။ လီကျင်လုံကတော့ ပွင့်ပွင့်လင်းလင်းသာ ပြန်မေးလိုက်၏။
"ငါပြောတာ မှားသွားလို့လား။"
ချိုယုံစစ်: "အမ်... ခေါင်းဆောင်၊ ငါ့အမြင်ကတော့ သားကောင်က အဲ့ဒီနေရာမှာတင် ချက်ချင်း အခြောက်ခံလိုက်ရပြီး အခု မင်းမြင်ခဲ့ရတဲ့ အလောင်းဖြစ်သွားတာ ထင်တယ်။"
လီကျင်လုံက ချက်ချင်း နားလည်သွားသည်။
"လက်စသတ်တော့ အဲ့လိုကိုး..."
မော့ရစ်ကန်း: "တစ်ကိုယ်လုံးမှာရှိတဲ့ အနှစ်သာရနဲ့ သွေးတွေကို မိစ္ဆာတွေက စုပ်ယူလိုက်တာပဲဖြစ်မယ်။ ပြီးတော့ ခဏအတွင်းမှာ ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိလို့ ခုတင်အောက်မှာ ကြုံရာကျပန်း ထိုးထည့်ထားတာ။ ဒါက ဖြစ်နိုင်ခြေအများဆုံးပဲ။"
လီကျင်လုံက ခဏမျှ စဉ်းစားကြည့်နေသည်။
အားထိုက်က အခြားလူနှစ်ယောက်ကို ကြည့်လိုက်၏။
"ဒီည လမ်းလျှောက်ထွက်ကြမလား။ ဖျင်ကန်းလီဘက်မှာ တစ်ခုခုမှားနေတယ်လို့ ငါ တစ်ချိန်လုံး ခံစားနေရတာ။ ထင်တဲ့အတိုင်း မြေခွေးရဲ့အမြီးက ထွက်လာတော့မယ့်ပုံပဲ။"
ချိုယုံစစ်က အားထိုက်ကို အကြည့်တစ်ချက်ဖြင့် ချက်ချင်း ရပ်ခိုင်းလိုက်ပြီး အပိုစကားများ ထပ်မပြောရန် တားလိုက်သည်။ ထိုမှသာလျှင် ယမန်နေ့ညက အားထိုက်နှင့် ချိုယုံစစ်တို့သည် မိစ္ဆာများကို စစ်ဆေးရန် ပြည့်တန်ဆာအိမ်သို့ အလည်သွားခဲ့ကြောင်း လီကျင်လုံ သဘောပေါက်သွားတော့သည်။
လီကျင်လုံ: "ဖျင်ကန်းလီဘက်မှာ မိစ္ဆာတစ်ကောင် ရှိနေတာလား။"
ချိုယုံစစ်: "မိစ္ဆာအငွေ့အသက်က အရမ်းဆိုးတယ်။ မိစ္ဆာအငွေ့အသက် အပြင်းထန်ဆုံးနေရာတွေက ဖျင်ကန်းလီ၊ သာ့မင်နန်းဆောင်နဲ့ ရှင်းချင့်နန်းဆောင်ပဲ။"
လီကျင်လုံက အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
ယီရှီးလန်မျှော်စင်ကို ဝန်းရံပြီး လူသေအလောင်းများကို ရှာဖွေရန် ရှန်ဝူစစ်တပ်နှင့် လုံဝူစစ်တပ်ကို အကြောင်းကြားသင့်သည်လော သို့မဟုတ် ဘယ်သူမှ မသိလိုက်ခင် မိစ္ဆာကို ဖမ်းလိုက်သင့်သည်လော။
သို့ရာတွင် သူ၏ကံမကောင်းမှုကြောင့် ကျင့်ယွင်အမည်ရှိမိစ္ဆာမကို ဖမ်းမိလျှင်လည်း မည်သူကမျှ သူ့ကို ယုံမှာမဟုတ်သည့်အပြင် ပြဿနာတောင် ကြီးသွားလိမ့်မည်။ မထင်မှတ်ဘဲ ဤလက်အောက်ငယ်သားများက သူ့ထက် ပိုသိနေလေသည်။
"ဒါဆို ဒီနေ့ညက မင်းတို့အားလုံးရဲ့အရည်အချင်းကို စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။"
လီကျင်လုံက ပြောလိုက်သည်။
မော့ရစ်ကန်း: "ဟုန်ကျွင့်ကို ဒီအမှုမှာ အဓိက ဦးဆောင်ခိုင်းလိုက်ရအောင်။ သူက မိစ္ဆာသေးလေးတစ်ကောင်၊ နှစ်ကောင်လောက်ကိုတော့ သေချာပေါက် ဖမ်းနိုင်လိမ့်မယ်။ ငါတို့တွေက သူ လိုအပ်ရင် ကူညီပေးဖို့ နောက်ကွယ်ကနေ ဝန်းရံပေးထားကြတာပေါ့။"
နေ့ခင်းဘက် ဖြစ်သည့်တိုင် မိုးခြိမ်းသံများ တဝုန်းဝုန်းကြားလာရကာ ချန်အန်းတစ်ခွင်၌ မိုးအနည်းငယ် ရွာသွန်းလာခဲ့သည်။ လီကျင်လုံက လူအုပ်ကိုဦးဆောင်လာခဲ့ပြီး မော့ရစ်ကန်းမှာတော့ အရက်မူးနေသော ဟုန်ကျွင့်ကို သူ့နောက်ကျောပေါ်တင်ကာ မိုးစက်များအောက်၌ နတ်ဆိုးနင်ဌာနသို့ အမြန်ပြန်သွားခဲ့သည်။
အားထိုက်နှင့် ချိုယုံစစ်တို့လည်း အနောက်မှ အမြန်ပြေးလိုက်လာကြ၏။ လမ်းတစ်လျှောက်တွင် မိုးခိုနေကြသော ချန်အန်းမိန်းကလေးများက သူတို့ကို သတိထားမိသွားသဖြင့် သူ(မ)တို့၏ အပေါင်းအဖော် အမျိုးသမီးကို ကြည့်ကာ တိုးတိုးလေး ကပ်ပြောနေကြသည်။
လီကျင်လုံက အရပ်ရှည်ပြီး ချောမောသည်။ မော့ရစ်ကန်းက သွယ်လျသော ရုပ်သွင်ရှိပြီး အားထိုက်ကတော့ ပုလဲကဲ့သို့ ချောမောလှသည်။ ချိုယုံစစ်မှာမူ ချစ်စရာကောင်းကာ သိမ်မွေ့သော အသွင်အပြင်ရှိပြီး မော့ရစ်ကန်း ပိုးထားသော ဟုန်ကျွင့်ဆိုလျှင်လည်း အပြစ်ကင်းစင်သော အဖြူရောင် ကျောက်စိမ်းကဲ့သို့ မျက်နှာလေးရှိလေ၏။
တစ်ခုတည်းသော ပြစ်ချက်က သူ၏နောက်ကျော၌ ငါးကြင်းတစ်ကောင်ကို ထမ်းထားခြင်းပင်။
မော့ရစ်ကန်း လှည့်ကြည့်လိုက်သောအခါ ထိုမိန်းကလေးများက သူတို့နောက်မှ အမြန် လိုက်လာနေကြလေပြီ။
အားထိုက်: "ကျစ်၊ စိတ်ဆင်းရဲစရာကြီးကွာ။ ဘာလို့များ နေရာတကာ လိုက်နေကြတာလဲ။ ဘာဖြစ်လို့ ငါတို့နောက်ကို လူတွေ ဒီလောက်အများကြီး လိုက်နေကြတာလဲ? မြန်မြန်သွားပြီး ဒီနေရာကနေ ထွက်ကြရအောင်။"
ဌာနသို့ပြန်ရောက်သောအခါ လူတိုင်း ပင်မခန်းမရှေ့ရှိ စင်္ကြံလမ်းရှေ့တွင် ရပ်လိုက်ကြ၏။ လီကျင်လုံက ကြောင်ကို ကြိုးဖြင့် ချည်ထားကာ ခေါင်းကလေးကိုသာ အပြင်ထုတ်ပေးထားသည်။ ယနေ့ ပြဿနာတစ်ခု ထပ်တွေ့ခဲ့ရသဖြင့် ကြောင်ကို မနက်ဖြန်မှသာ ပြန်ပို့ပေးရန် စီစဉ်ထားခြင်းပင်။
ငါးကြင်းမိစ္ဆာက မိုးရေလေးများ တဖျောက်ဖျောက် ကျဆင်းနေသော ခြံဝင်းထဲတွင် မလှုပ်မယှက် ရေစိမ်နေကာ ဟုန်ကျွင့်ကတော့ ခန်းမထဲတွင် အိပ်နေ၏။ လီကျင်လုံက တိရန်ကျယ် စာရင်းပြုစုထားသော အမှုတွဲဟောင်းအားလုံးကို တိတ်တဆိတ် ပြန်ရှာ၍ ဖျင်ကန်းလီက မိစ္ဆာများအကြောင်းကို စတင်စုံစမ်းရန် လုပ်ဆောင်ခဲ့သည်။
***
Aurora Novel Translation Team