အပိုင်း (၄၀) - စာမေးပွဲအခန်းထဲ ဖမ်းဆီးခြင်း (၁)
ကောင်းလိရှစ်က ယဥ်ကျေးမှုဆိုင်ရာ သာသနာရေးဌာနမှ အမတ်ကြီးနှင့် ဒုအမတ်ကြီး၊ ဝမ်ယွမ်စာပေခန်းမနှင့် ဟုန်ဝမ်စာပေခန်းမမှ စာပေပညာရှင်ကြီးနှစ်ဦးတို့နှင့်အတူ စာမေးပွဲကို ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့သည်။ အားလုံး ရောက်လာပြီးသည်နှင့် စာမေးပွဲအခန်းစောင့်များက အလယ်တွင် စုဝေးလာပြီး ရယ်ကာမောကာဖြင့် စကားစမြည်ပြောနေကြ၏။ ထိုအခိုက် အပြင်ဘက်မှ အသံတစ်သံ ထွက်လာခဲ့သည်။
"တော်ဝင်စာမေးပွဲ အခန်းထဲကို တာဝန်မရှိသူတွေ ဝင်ခွင့်မပြုဘူး!"
"နတ်ဆိုးနှင်ဌာနက တရားဝင်အမှုလိုက်နေတယ်။ မဆိုင်တဲ့သူတိုင်း ဝေးဝေးမှာနေ!"
ကောင်းလိရှစ်: "..."
စာမေးပွဲ အခန်းစောင့်များကြားတွင် ရုန်းရင်းဆန်ခတ် ဖြစ်လာခဲ့ရာ သူတို့အားလုံးလည်း စင်္ကြံလမ်းမှထွက်ကာ တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် ချိုယုံစစ်က ကျယ်လောင်သော အသံဖြင့် အော်လိုက်ပေ၏။
"တရားစီရင်ရေးဌာနရဲ့လက်အောက်က နတ်ဆိုးနှင်ဌာနက ဌာနခေါင်းဆောင် လီကျင်လုံ ရောက်ရှိလာပါပြီ..."
လီကျင်လုံ: "..."
ကောင်းလိရှစ်: "လီကျင်လုံ၊ မင်း ဒါ ဘာလုပ်နေတာလဲ။"
အစောင့်များက သူ့ကိုတားဆီးရန် ရှေ့တိုးလာကြသော်လည်း ဟုန်ကျွင့်က လီကျင်လုံ နောက်ကွယ်မှနေ၍ သူ၏ နတ်အလင်းငါးရောင်ကို ထုတ်လွှတ်လိုက်သည်။ ဤအရာကို သာမန်လူသားများအနေဖြင့် မည်သို့ တားဆီးနိုင်မည်နည်း။
နတ်အလင်းငါးရောင်က သူတို့ကို ချက်ချင်း တွန်းထုတ်ပစ်လိုက်တော့သည်။ တစ်ခဏအတွင်းမှာပင် စာမေးပွဲအခန်းရှေ့တွင် ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာပြီး အစောင့်များသည် ၎င်းတို့၏လက်နက်များကို ဆွဲထုတ်ကာ လီကျင်လုံနှင့် သူ့နောက်မှ လူလေးဦးကို ဝိုင်းထားလိုက်၏။
စာမေးပွဲအခန်းစောင့်များလည်း အံ့အားသင့်သွားကြသည်။ သူတို့သည် လီကျင်လုံ၏ အပေါင်းအဖော်များက မည်သို့သော နည်းလမ်းကို သုံးခဲ့သလဲ မသိခဲ့ကြသော်ငြား ကောင်းလိရှစ်မှာမူ ထိုညကပြောခဲ့သည့် စကားများသာ အမှန်ဆိုလျှင် ဤလူအုပ်စုမှာ နတ်ဆိုးနှင်သူများ ဖြစ်မည်ဟု ယူဆလိုက်သည်။
ယခုလေးတင် သုံးသွားခဲ့သော အရာသည် မှော်အတတ်ဖြစ်စေ၊ လှည့်စားခြင်းဖြစ်စေ အမှန်တကယ် ပြဿနာဖြစ်လာလျှင် တံခါးစောင့်များပင် ဤအုပ်စုကို မထိန်းနိုင်တော့မှာ ကြောက်ရသည်။ ထို့ကြောင့် အခြေအနေကို အရင်တည်ငြိမ်သွားအောင် လုပ်ရမည်။
"သူ့ကို ဝင်ခွင့်ပေးလိုက်!"
ကောင်းလိရှစ်က ခက်ထန်စွာ ပြောလိုက်သည်။ လူတိုင်း စာမေးပွဲဧရိယာထဲသို့ ဝင်လာသောအခါတွင် လီကျင်လုံက ကောင်းလိရှစ်ကို နှိမ့်ချခြင်း သို့မဟုတ် မာန်မာနထောင်လွှားခြင်း မရှိဘဲ ဦးစွာ ဂါဝရပြုခဲ့သည်။
ကောင်းလိရှစ်: "လီကျင်လုံ မင်းရဲ့နတ်ဆိုးနှင်ဌာနကို တရားဝင် ဖျက်သိမ်းလိုက်ပြီ။ မင်းအတွက် ကျန်နေသေးတဲ့ အချိန်က ပြန်ပြီး ပစ္စည်းတွေရွှေ့ဖို့ပဲ။ မင်း ဘာလို့ ဒီမှာ ပြဿနာ လာရှာနေသေးတာလဲ။"
သာသနားရေဌာနမှ အမတ်ကြီးကလည်း အေးစက်စွာ နှာမှုတ်ကာ လီကျင်လုံကို လှောင်ပြုံးတစ်ခုဖြင့် ကြည့်နေသည်။ ထိုမှသာ နတ်ဆိုးနှင်ဌာနရှိ လူတိုင်းသည်လည်း အဖြစ်အပျက်ကို သိသွားကြပြီး အလွန်အံ့သြစွာဖြင့် လီကျင်လုံကို ကြည့်လိုက်ကြသည်။
လီကျင်လုံ: "ကျွန်တော်က တော်ဝင်စာမေးပွဲကို ကြီးကြပ်ကွပ်ကဲပြီး စာမေးပွဲခန်းထဲက မိစ္ဆာတွေကို ဖယ်ရှားဖို့ အရှင်မင်းမြတ်ရဲ့အမိန့်နဲ့ ဒီနေ့ ဒီကို ရောက်လာခဲ့တာ!"
စာမေးပွဲအခန်းစောင့်များလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကြောင်အသွား၏။ အချို့ကလည်း ရယ်မောနေကြသည်။
သာသနာရေးရာအမတ်: "လီကျင်လုံ မင်းရူးနေလား။ ငါ မင်းအတွက် သမားတော် ပင့်ပေးရဦးမလား။"
လီကျင်လုံ: "အရှင်မင်းမြတ်က လီရှန်းတောင်ကနေ ပြန်ကြွလာနေပြီ။ ကျွန်တော်တို့ကတော့ သူ့ကို မစောင့်တော့ဘူး။ ခင်ဗျားတို့အားလုံးကို သက်သေအဖြစ် ခေါ်ယူချင်တယ်။ ကြွကြပါ။"
ထိုသို့ပြောပြီးနောက် ထိုလူအုပ်ကို လျစ်လျူရှုကာ စင်္ကြံလမ်းပေါ် လျှောက်သွားတော့၏။
ကောင်းလိရှစ်: "လီကျင်လုံ၊ မင်း ဘာတွေလုပ်နေတာလဲ။"
ဟုန်ကျွင့်နှင့် အခြားသူများက သူ့နောက်မှ လိုက်လာကြပြီး ကောင်းလိရှစ်အပါအဝင် အခြားအမှုထမ်းအရာရှိများလည်း အနောက်ကနေ အမြန်လိုက်ကြရလေသည်။
"လီကျင်လုံ! တော်ဝင်စာမေးပွဲက တိုင်းပြည်ရဲ့ကံကြမ္မာနဲ့ သက်ဆိုင်တဲ့နေရာပဲ။ ဘယ်သူက မင်းကို ဒီမှာ မာနကြီးဖို့ ခွင့်ပြုထားလို့လဲ!"
အခန်းတစ်ခုစီက စာသင်သားများသည်လည်း အပြင်ဘက်က ငြင်းခုံသံများကို ကြားလိုက်ကြရသဖြင့် ပြတင်းပေါက်ဆီသို့ ရောက်လာကြသည်။ လီကျင်လုံ အမြန်လမ်းလျှောက်သွားနေသည်ကို မြင်သော် ကောင်းလိရှစ်က အော်ပြောလေတော့၏။
"လီကျင်လုံ! မင်း ရူးနေပြီ! မြန်မြန်လာပြီး သူ့ကို ဖမ်းလိုက်ကြစမ်း!!"
"ဘယ်သူက လုပ်ရဲလဲ!"
ဟုန်ကျွင့် ထွက်ပြောပြီးသည့်နှင့် အစောင့်များမှာ ရှေ့ကို မလှမ်းဝံ့တော့ပေ။ လီကျင်လုံလည်း အခန်းတစ်ခန်းရှေ့ သွားပြီး ကန်ထည့်လိုက်သည်။ ထိုကန်ချက်ကြောင့် တံခါးသော့ကိုပင် ချက်ချင်း ချိုးဖျက်ပစ်သလို ဖြစ်သွား၏။
"မင်း ဘာလုပ်တာလဲ!"
အထဲမှ စာသင်သားတစ်ယောက်က လီကျင်လုံကို ကြည့်ရင်း ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် ဟုန်ကျွင့်၏နှလုံးက ဆောင့်ခုန်သွားကာ တစ်ကိုယ်လုံး အေးစက်နေသော ရေအေးများဖြင့် ခေါင်းမှခြေဖျားအထိ လောင်းချခံလိုက်ရသလို လန့်ဖျပ်သွား၏။ ပတ်ဝန်းကျင် တစ်ခုလုံးလည်း တိတ်ဆိတ်သွားသည်။ လူတိုင်း၏စိတ်ထဲ၌ တစ်ပြိုင်တည်း တွေးလိုက်မိသည် 'သွားပြီ' ဟူသည့် အတွေးပင်။
"ကျွန်တော် တံခါးမှားကန်မိလို့ပါ။ တောင်းပန်ပါတယ်။"
လူတိုင်း: "..."
လီကျင်လုံက တံခါးကို ထပ်ခေါက်လိုက်ပြန်ရာ ကောင်းလိရှစ် သည်းမခံနိုင်တော့ဘဲ ဟစ်အော်လိုက်သည်။
"လီကျင်လုံ!"
လီကျင်လုံ ဘေးသို့ ရှောင်ထွက်ပေးလိုက်သောအခါ ကောင်းလိရှစ်လည်း ခဏမျှ တိတ်ဆိတ်သွားတော့သည်။ အခန်းထဲ၌ စားပွဲတစ်လုံးရှိကာ ပြန့်ကျဲနေသော စာသင်သား၏ အဝတ်အစားများအောက်တွင် မီးခိုးရောင် မြေခွေးတစ်ကောင် လဲလျောင်းနေသည်။
ဟုန်ကျွင့်က ဝမ်းသာအားရဖြင့် ထခုန်လုနီးနီး ဖြစ်သွားကာ ကျန်လူများလည်း သက်ပြင်းကိုယ်စီ ချလိုက်ကြ၏။
"ဘာတွေဖြစ်နေတာလဲ။"
ကောင်းလိရှစ်က စာမေးပွဲအခန်းစောင့်များကို လှမ်းကြည့်နေစဥ် သာသနားရေးရာ အမတ်ကြီးက ရှေ့တိုးလာကြည့်သည်။ ထို့နောက် ခြေလှမ်းနှစ်လှမ်းမျှ နောက်ပြန်ဆုတ်ရင်း လဲကျသွားသည်။
“ဒါ…ဒါ…”
သာသနားရေးရာအမတ်ကြီးလည်း အလွန်အမင်း တုန်လှုပ်သွားပြီး
“ဒါက ဘာတွေဖြစ်ကုန်တာလဲ။"
"လူရော?!"
စာမေးပွဲအခန်းစောင့်ကလည်း အော်လိုက်သည်။
လီကျင်လုံက လူတိုင်းကို တစ်ချက်ကြည့်လိုက်၏။ တစ်ချိန်တည်းမှာပင် နတ်ဆိုးနှင်ဌာနရှိလူတိုင်း သဲလွန်စများကို ရှာဖွေရန် အရှိန်မြှင့်လိုက်ကြသည်။
ထိုစဥ် မော့ရစ်ကန်းက ဤနေရာတွင် ကြိုးကိုင်သူမရှိကြောင်း ခေါင်းခါယမ်းပြလိုက်သည်။ နံဘေးစာမေးပွဲခန်းက စာသင်သားတစ်ယောက်က ခေါင်းထွက်ကြည့်လာသဖြင့် ချိုယုံစစ်က ထိုသူ့ကို နောက်ပြန်တွန်းလိုက်ပြီး ဟုန်ကျွင့်က တံခါးသော့ကို ပြန်လှည့်ခတ်လိုက်သည်။
"မြေခွေးတွေကို ဖမ်း!"
လီကျင်လုံက အေးစက်စွာ အော်လိုက်ပြောလိုက်၏။
"တံဆိပ်ပြားနဲ့ အဝတ်အစားတွေကိုသိမ်း၊ နောက်အခန်းတွေကို ရှာကြ!"
"နောက်ထပ်ရှိသေးတာလား!"
စာမေးပွဲအခန်းစောင့်မှာ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ကောင်းလိရှစ်က ကြောင်အနေရာမှ ပြန်ကောင်းမလာခင်မှာပင် လီကျင်လုံက တံခါးတစ်ချပ်ကို ကန်ဖွင့်လိုက်ပြီးချေပြီ။
"ခဏနေဦး!"
"ဘာကိုစောင့်နေရမှာလဲ!! လူကြီးမင်းကောင်း၊ ထန်မင်းဆက်ရဲ့တော်ဝင်စာမေးပွဲမှာ ပါဝင်ခဲ့တဲ့သူတွေက တကယ်တော့ မြေခွေးအုပ်စုပဲ။ အနာဂတ်မှာ ညီလာခံထဲ မိစ္ဆာတွေပြည့်နေမှာကို ခင်ဗျား လုံးဝ မကြောက်ဘူးလား။"
ဤစကားလုံးများက ပြဿနာ၏ သဘောသဘာဝကို ဖော်ထုတ်ပြလိုက်၏။ စာမေးပွဲအခန်းစောင့်များ၊ စာပေပညာရှင်ကြီးများ၊ သာသနာရေးရာအမတ်ကြီး၊ ဒုအမတ်၊ တာဝန်ရှိ အမှုထမ်းအရာရှိများအားလုံး နောက်ကျောတစ်ခုလုံး ချမ်းတုန်သွားကုန်သည်။
"ကြည့်လိုက်!"
လီကျင်လုံ တံခါးများစွာကို တစ်ချပ်ပြီးတစ်ချပ် ကန်ဖွင့်ကာ လူတိုင်းကို ဦးစွာကြည့်ရှုခွင့် ပေးသည်။ ထို့နောက် မော့ရစ်ကန်းက မြေခွေးများကို ဝင်ဖမ်းခဲ့သည်။ ချိုယုံစစ်သည် ကျောင်းဝင်းအတွင်း၌ အဆောင်လက်ဖွဲ့စက္ကူဖြင့် မှော်အဝိုင်းတစ်ခုကို ပြုလုပ်ပြီး အိပ်နေသော မြေခွေးအားလုံးကို ပစ်ချလိုက်သည်။
"နေဦး!"
မြေခွေးများက ပိုပိုပြီးများလာ၏။ ကောင်းလိရှစ်မှာ လုံးဝကို စိတ်ရှုပ်ထွေးသွားရလေသည်။
"လီကျင်လုံ! ဒါက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း ရှင်းပြစမ်း!! ဒါက...."
ဟုန်ကျွင့်: "ကျွန်တော့်ကိုလည်း ကန်ခိုင်းပါဦး။"
လီကျင်လုံ: "ကန်ဖွင့်လိုက်။ အားထိုက်၊ မင်းနဲ့ တခြားသူတွေက ကျန်တဲ့အကောင်တွေကို ဖမ်းလာခဲ့။"
"ရပ်စမ်း၊ ရပ်စမ်း။"
စာပေပညာရှင်ကြီးမှာလည်း အသက်ရှူမဝ ဖြစ်နေလေပြီ။
လီကျင်လုံ တံခါးကို ကန်ဖွင့်လိုက်တိုင်း အမတ်လောင်းများသည် မြေခွေးများအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် လူတိုင်းလိုလို အထိတ်တလန့် ဖြစ်နေကြသည်။
"လီကျင်လုံ၊ မင်း ဘယ်လိုမှော်ပညာကို လာသုံးနေတာလဲ!"
ဟုန်ကျွင့်တစ်ယောက် တံခါးကို ဖျက်စီးလိုဟန်ဖြင့် နှစ်ကြိမ်သုံးခါလောက် ကန်ဖွင့်ပြီးနောက် လီကျင်လုံက မြေခွေးနှစ်ကောင်သုံးကောင် ဆက်တိုက် ဆွဲထုတ်လာလေသည်။ ထိုအခါ သာသနားရေးရာအမတ်ကြီးက ဟစ်အော်လာ၏။
"ဒီကိစ္စကို သေသေချာချာ ရှင်းပြစမ်း! လီကျင်လုံ မင်း ရှင်းရှင်းလင်းလင်း ရှင်းပြရင် ပိုကောင်းမယ်။ မဟုတ်ရင် တံခါးကို ကန်ခွင့်မပေးဘူး။"
လီကျင်လုံ: "နတ်ဆိုးနှင်ဌာနက ခင်ဗျားတို့ သာသနာရေးဌာနရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူး။ တရားရေးရာ အမတ်ကြီးကို ဖိတ်ခေါ်လိုက်ပါ။"
ကောင်းလိရှစ်က ဒေါသတကြီး ဟောက်လေသည်။
"လီကျင်လုံ၊ ဒါ မင်းရဲ့မှော်ပညာပဲ။ မင်း... မင်း လက်စားချေနေတာ!"
လီကျင်လုံက ရပ်လိုက်ပြီး ကောင်းလိရှစ်ကို အေးစက်စွာဖြင့် တစ်ချက် စိုက်ကြည့်လိုက်သည်။ သူ လှည့်ကြည့်လာသောအခါ ကောင်းလိရှစ်နှင့် အခြားသူများ ချက်ချင်း ထိတ်လန့်သွားကာ ခြေတစ်လှမ်း ဆုတ်မိသွား၏။ အကြောင်းမှာ သူတို့လည်း မြေခွေးများလို ကန်ကျောက်ခံရမည်ကို စိုးရိမ်သောကြောင့်ပင်။
သို့သော် ထိုအချိန်တွင် စာမေးပွဲဧရိယာအတွင်း အသံနက်ကြီးတစ်သံ ထွက်ပေါ်လာသည်။
"အရှင်မင်းမြတ် ကြွလာပါပြီ!!"
စာမေးပွဲဧရိယာတစ်ခုလုံး ဘာဖြစ်နေမှန်း မသိသေးသော အမတ်လောင်းများက လီလုန်ကျီး၏ မျက်နှာအစစ်ကို မြင်ရရန် ပြတင်းပေါက်ဆီသို့ အပြေးအလွှာ ရောက်လာကြ၏။ ယခုအချိန်တွင် လီလုန်ကျီးသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများကိုသာ ဝတ်ထားပြီး ခြေလှမ်းကျဲကျဲဖြင့် ရှေ့သို့ လှမ်းလာသည်။ ဖန်းချန်ချင်ကလည်း လီလုန်ကျီးနောက်တွင် ချိုင်းထောက်ဖြင့် လိုက်လာနေသည်။
ရင်ပြင်ထဲဖြတ်သွားစဥ်အခိုက် လီလုန်ကျီးသည် အဆောင်လက်ဖွဲ့ စက်ဝန်းထဲမှ မြေခွေးတို့ကို ငုံ့ကြည့်လိုက်လေ၏။ တသိမ့်သိမ့် တုန်ရီနေသော မျက်လုံးများဖြင့် ဖန်းချန်ချင်ကို ပြန်ကြည့်သော်လည်း ဖန်းချန်ချင်က "ကြွပါ" ဟူသည့် အမူအရာအား လုပ်ပြလာသည်။
"အရှင်မင်းမြတ်ကို ဂါဝရပြုပါတယ်။"
လီလုန်ကျီး ရောက်လာပြီဖြစ်၍ အားလုံးတစ်ပြိုင်နက်တည်း ဦးညွှတ်ဂါဝရပြုကြသည်။ ထိုစဥ် လီကျင်လုံက လက်သီးဆုပ်ပြီး ဆိုလေ၏။
"အရှင်မင်းမြတ်။ လူကြီးမင်းကောင်းနဲ့ တခြားသူတွေက အဲဒီမြေခွေးမိစ္ဆာတွေကို ဖမ်းဖို့ ကျွန်တော်တို့ကို ကူညီပေးနေကြတာပါ။"
လီလုန်ကျီးလည်း ကောင်းလိရှစ်ကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။
"အမှန်ပဲလား။"
ကောင်းလိရှစ်မှာတော့ မထိန်းနိုင်မသိမ်းရ တုန်တုန်ယင်ယင် ဖြစ်နေခဲ့သည်။ လီကျင်လုံ၏လှုပ်ရှားမှုနှင့် လှည့်ကွက်များက လှပလွန်းသဖြင့် မိမိခမျာ ခေါင်းမညိတ်သင့်သော်လည်း ခေါင်းညိတ်ရုံသာ တတ်နိုင်၏။
"ဟုတ်... ဟုတ်ပါတယ်... ဒါပေမဲ့ ကျွန်တော်မျိုးလည်း မသိ.... ဘာကြောင့်...."
"တံခါးဖွင့်လိုက်! ငါကိုယ်တော်ကြည့်မယ်။"
လီလုန်ကျီးက အခြားတံခါးတစ်ချပ်ရှေ့တွင် ရပ်နေလိုက်သည်။ စာမေးပွဲအခန်းစောင့်က သော့ကိုယူသွားသော်လည်း သူ၏လက်များက အလွန်အမင်း တုန်နေသောကြောင့် သော့ကို မဖွင့်နိုင်ခဲ့ပေ။ သို့နှင့် ဟုန်ကျွင့်က ရှေ့သို့ပြေးသွားကာ လီလုန်ကျီးအတွက် သစ်သားတံခါးကို တွန်းဖွင့်ပေးလိုက်သည်။
လီလုန်ကျီးက အခန်းထဲကို အမြန်ဝင်သွားသည်။ လီကျင်လုံမှာ သူ့ကိုတားချင်သော်လည်း ဖန်းချန်ချင်က အဆင်ပြေကြောင်း အချက်ပြလာ၏။ အရှင်မင်းမြတ်၏ ဘုန်းအာနုဘော်သည် ဤနေရာတွင် တည်ရှိနေဆဲပင်။ လီလုန်ကျီးသည် အခန်းထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ကာ မြေခွေးကို နားရွက်ကဆွဲယူ၍ ကြည့်လိုက်သည်။
"ဘယ်လောက်ရှိလဲ။"
"အရှင်မင်းမြတ်ကို ဖြေကြားပါတယ်။ စုစုပေါင်း ၂၆၆ ကောင် ရှိပါတယ်။"
လီကျင်လုံ ပြန်ဖြေလိုက်သည်။ လီလုန်ကျီး၏ မျက်လုံးများက ဒေါသအငွေ့အသက်များဖြင့် ပြည့်နေတော့၏။ နောက်တံခါးကို ရောက်သောအခါတွင် အခြားသူများ ကန်ဖွင့်ပေးမည်ကို မစောင့်နေတော့ဘဲ တံခါးများကို ကန်ဖွင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူတို့အားလုံးက မြေခွေးများ ဖြစ်နေသည်။
တစ်နာရီကြာပြီးနောက် စာမေးပွဲဧရိယာ၏ ပွင့်လင်းသော နေရာတွင် မြေခွေးများဖြင့် ပြည့်နှက်လာသည်။ ဟုန်ကျွင့် ပေးသောဆေးက အလွန်ပြင်းလှသဖြင့် မြေခွေးမိစ္ဆာများမှာ ခဏတာ မနိုးလာသေးပေ။ လီလုန်ကျီးက ထိုင်ခုံပေါ်ထိုင်လျက် လီကျင်လုံကို လှမ်းကြည့်လိုက်သည်။ ဤအခိုက်၌ သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှု အငွေ့အသက်တို့ ရှိနေခဲ့၏။
"ဒါက မင်းအတွက်..."
လီကျင်လုံက မြေခွေးလေးတစ်ကောင်ကို ကိုင်ဆောင်ကာ ဟုန်ကျွင့်အား ပေးလာ၏။ ၎င်း၏ရှေ့ခြေထောက်တွင် ကျောက်စိမ်းဗုဒ္ဓလေးတစ်ခုကို ကြိုးဖြင့် ချည်ထားလေသည်။ ဟုန်ကျွင့်လည်း စိတ်သက်သာရာရပြီး ကျေးဇူးတင်ကြောင်း ပြောတော့မည်အပြု လီကျင်လုံက အရင်ပြောလာသည်။
"မင်း ငါ့ကို တစ်ခုတော့ကူညီရမယ်၊ ဟုန်ကျွင့်..."
...
ညနေခင်းအချိန်၊ စာဖတ်ခန်းထဲရှိ လှောင်အိမ်ထဲမှ မြေခွေးလေးတစ်ကောင် နိုးလာ၏။ ၎င်းက ရုတ်ခြည်းဆိုသလို တုန်လှုပ်သွားပြီး မျက်လုံးလေးများ ပြူးကျယ်သွားသည်။ သူ့ကိုယ်သူ လှောင်အိမ်ထဲရောက်နေကြောင်း သိလိုက်သောအခါ ဘယ်ညာကြည့်လိုက်သည်။
"စိတ်မပူပါနဲ့။"
ဟုန်ကျွင့်၏အသံက စာဖတ်ခန်းဘေးမှ ထွက်ပေါ်လာသည်။
"ဒီမှာ ပုန်းနေတာ လုံခြုံပါတယ်။ သူတို့ မင်းကို ရှာတွေ့မှာ မဟုတ်ဘူး။"
မြေခွေးလေး၏ အမွေးအမျှင်များက ချက်ချင်းဆိုသလို ထောင်တက်သွားကာ ဟုန်ကျွင့်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ ဟုန်ကျွင့်က ပြတင်းပေါက်ဘောင်ပေါ် ခြေနှစ်ချောင်းကို တွဲလောင်းချထားပြီး လှပသော ကိုယ်ဟန်အနေအထားဖြင့် ထိုင်နေလျက် ရှိသည်။
"တောင်းပန်ပါတယ်။ မင်းတို့ရဲ့ အထောက်အထားတွေကို သိဖို့အတွက် ငါ အဲဒီနေ့က တော်ဝင်ကျောင်းတော်ထဲကို ဝင်လာခဲ့တာ။"
မြေခွေးလေး: "မင်း...မင်း...မင်းကဘယ်သူလဲ။"
"နတ်ဆိုးနှင်သူ။"
ဟုန်ကျွင့် အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
"မင်း ငါ့ကိုလိမ်တယ်!"
ဟုန်ကျွင့်: "ဒါပေမဲ့ မင်းအသက်ကိုလည်း ကယ်ခဲ့တယ်လေ။ မဟုတ်ရင် မင်း အခု သေသွားလောက်ပြီ။"
"သူတို့ ဘယ်မှာလဲ။"
မြေခွေးလေး တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
"သူတို့အားလုံး ပေါ်သွားပြီ။ မင်းတို့ကို ဘယ်သူ လွှတ်လိုက်တာလဲ။"
မြေခွေးလေးက ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်လာသည်။ ဟုန်ကျွင့်က ခေါင်းကိုလှည့်ကာ ပြုံးပြလေ၏။
"မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ ပြောပြရင် ငါ မင်းကို လွှတ်ပေးမယ်။"
မြေခွေးလေးက တိတ်ဆိတ်သွားခဲ့သည်။ သူ၏မျက်လုံးမှာတော့ မျက်ရည်များ အိုင်နေပြီး အလွန်အမင်း တုန်လှုပ်ချောက်ချားနေကြောင်း သိသာလှ၏။
"မသိဘူး။"
***
Aurora Novel Translation Team