အပိုင်း (၁၈) - ခုတင်အောက်ကအလောင်း (၂)
သို့သော် ခေတ္တရှာကြည့်ပြီးသော် တိရန်ကျယ်၏ မိစ္ဆာများရှိကြောင်း မှတ်တမ်းတင်ထားသည့် စာအုပ်များ ရှိခဲ့သော်ငြား အများစုမှာ ယခင်မြို့တော် လော့ယန်မှဖြစ်နေသည်။ ချန်အန်းသို့ ပြောင်းရွှေ့ပြီးနောက် မိစ္ဆာနှင့် ပတ်သက်သော ဖြစ်ရပ်မှတ်တမ်းများမှာ အလွန်ပင် နည်းပါးသွားခဲ့သည်။
"ဘယ်လိုမိစ္ဆာမျိုးက လူ့အနှစ်သာရနဲ့ သွေးကို စုပ်ယူနိုင်တာလဲ။"
လီကျင်လုံက လှည့်မေးလိုက်သည်။
"လူတော်တော်များများ သိကြတာက..."
မော့ရစ်ကန်းက အမှုတွဲများကို စစ်ဆေးရန် ခေါင်းငုံ့နေရာမှ ပေါ့ပေါ့ပါးပါး ပြောလာ၏။
"မြေခွေးတွေ၊ မြွေတွေလို တိရစ္ဆာန်မိစ္ဆာတွေ... ပန်းမန်တွေလည်း ဖြစ်နိုင်တယ်။ ပန်းချီကားတွေလို အရာဝတ္ထုတွေက တန်ဖိုးကြီးပြီး သက်တမ်းကြာလာရင်လည်း ဖြစ်တတ်တာပဲ..."
အားထိုက်: "အများကြီး မပြောနဲ့။ အဲဒီအလောင်းက ကျင့်ယွင်ရဲ့ ချစ်သူသာဆိုရင် ဘယ်လိုလုပ်မလဲ။"
လူတိုင်း အံ့အားသင့်သွားကြသည်။
ချိုယုံစစ်: "အဲဒါတော့ မဟုတ်သေးပါဘူး။ မင်းက အဲဒီလို အရာတွေကို စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော်!"
"သေချာတာပေါ့၊ ငါကတော့ သူ(မ)ကို မိစ္ဆာတစ်ကောင်ပဲ ဖြစ်စေချင်တယ်။"
အားထိုက်က ပြုံးပြီး ရွှတ်နောက်နောက်ဖြင့် ပြန်ပြောလိုက်သည်။ ထိုစဥ် လီကျင်လုံက ရုတ်တရက် လှည့်မေးလာ၏။
"မင်းတို့ နတ်ဆိုးနှင်ဌာနကို အတူတူ ရောက်လာခဲ့တာလား။"
အားထိုက်က ပြုံးလျက် ပြောလိုက်သည်။
"ရှေ့ဆင့်နောက်ဆင့်ပဲ။”
လီကျင်လုံ: "ဘာလို့ မင်းတို့က တစ်ယောက်ကို တစ်ယောက် အရင်ကတည်းက သိနေကြသလို ဖြစ်နေတာလဲ။"
လီကျင်လုံက ထိုသို့မေးပြီး စကားဆက်မပြောတော့ပေ။ အားလုံးလည်း စကားစဲသွားကြသည်။ သို့သော် တကယ်တမ်းမူ သူက ဤလူသုံးယောက်၏ တုံ့ပြန်မှုကို သတိပြုမိပြီးသားပင်။
"အနာဂတ်မှာ မင်းတို့ရဲ့အကြံဉာဏ်တွေ ထပ်တောင်းရမှာပဲ။ ဒါကြောင့် ဒီညအစီအစဉ်ကို မင်းတို့လက်ထဲ အပ်ထားခဲ့လိုက်မယ်။"
သုံးယောက်သား လီကျင်လုံကို ခေါင်းညိတ်ပြလိုက်သည်။ ဟုန်ကျွင်သည် အလွန်မူးနေသောကြောင့် မော့ရစ်ကန်းခမျာ သူ့ကို လှုပ်နှိုးလိုက်ရသည်။
"ဟုန်ကျွင့်?"
ညနေပိုင်းအထိ အိပ်မောကျနေမည်ကို စိုးရိမ်သဖြင့် မော့ရစ်ကန်းက သူ့ကို အတည်အလင်း နှိုးရန် ပြင်လိုက်စဉ် ခြံဝင်းထဲရှိ ငါးကြင်းမိစ္ဆာ လှုပ်ရှားလာခဲ့သည်။ သူက မူးဝေစွာဖြင့် ထရပ်လိုက်ပြီး ယိမ်းထိုးနေခဲ့သည်။
"ငါတို့ ပြန်ရောက်ပြီလား။"
“ပြန်ရောက်လာပြီလား။ အွန်း...”
ထိုစဥ် ငါးကြင်းမိစ္ဆာမှာ ယိုင်တိုင်တိုင်ဖြင့် စင်္ကြံဘက်သို့ လမ်းလျှောက်လာခဲ့၏။ တစ်ချိန်တည်းမှာပင် ကြောင်ကလည်း ငါးကြင်းကိုမြင်သည်နှင့် ချက်ချင်း စိတ်ဝင်စားလာကာ ကြိုးကွင်းထဲမှ ခေါင်းကို အတင်းဆွဲထုတ်ပြီး ငါးကြင်းမိစ္ဆာဆီသို့ ပြေးထွက်သွားလေတော့သည်။ ငါးကြင်းမိစ္ဆာခမျာ ကြောင်ဖြူကြီးကိုကြည့်ရင်း ကြောက်အားလန့်အားဖြင့် အော်ပစ်လိုက်၏။
"ကယ်ကြပါဦး၊ ကြောင် လွတ်လာပြီဟ!!"
လီကျင်လုံက ကြောင်လည်ပင်းအစ်သွားမည်ကို စိုးသဖြင့် တင်းတင်းကျပ်ကျပ် မချည်နှောင်ထားခဲ့ပေ။ ၎င်း လွတ်မြောက်သွားလိမ့်မည်ဟု သူ တစ်ခါမှ မထင်မှတ်ထားခဲ့မိချေ။ သူတို့ ခက်ခက်ခဲခဲ ဖမ်းဆီးခဲ့ရသော သားကောင် လွတ်မြောက်သွားတော့မည်ကို သိရှိလိုက်ရသဖြင့် လူတိုင်း ကမန်းကတန်း ထကာ လိုက်လံဖမ်းဆီးကြတော့သည်။
"ခန်းမဆောင်ကြီးထဲကို ဝင်ခဲ့!"
လီကျင်လုံက ငါးကို လှမ်းအော်သည်။
ငါးကြင်းမိစ္ဆာက အထဲသို့ တန်းတန်းမတ်မတ်ပြေးဝင်သွားခဲ့ပြီး၊ ကြောင်ကလည်း အနောက်ကနေ ထက်ကြပ်မကွာ လိုက်ပါလာခဲ့သည်။
"တံခါး မြန်မြန်ပိတ်!!"
ဟုန်ကျွင့်က လှမ်းအော်လိုက်သည်။
ကျန်လူများက တံခါးကို ကမန်းကတန်း ပိတ်လိုက်ကြသည်။ ငါးကြင်းမိစ္ဆာမှာ ကြောင်ရန်မှ လွတ်မြောက်ရန် ဟိုဟိုသည်သည် ပျာယာခတ်လျက် ခုန်ကူးနေခဲ့ရပြီး ကြောက်လွန်းသဖြင့် ဆီးပင်ထွက်လုနီးပါး ဖြစ်နေခဲ့သည်။ ဟုန်ကျွင့်က သူ့ကို ငြိမ်ငြိမ်နေရန် လှမ်းအော်သော်လည်း ငါးကြင်းမိစ္ဆာက သူ၏သဘာဝရန်သူနှင့် ရင်ဆိုင်နေရသဖြင့် ပြင်းထန်လှသော ထိတ်လန့်မှုကြောင့် ဟုန်ကျွင့်၏အမိန့်ကို လုံးဝ မနာခံနိုင်ခဲ့ပေ။
၎င်းက စားပွဲပေါ်ကို ဦးစွာခုန်တက်ပြီး ပူဇော်သည့်စားပွဲပေါ် ခုန်တက်သည်။ သေရေးရှင်ရေး၏ အရေးကြီးသော အခိုက်အတန့်တွင် ထူးခြားသော စွမ်းအားများကို အသုံးချပြီး ဗီရိုထိပ်ကို မြားတစ်စင်းပမာ ပျံသန်းသွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် အားထိုက်နှင့် မော့ရစ်ကန်တို့ကလည်း ကြောင်ကို ပြေးဖမ်းကြ၏။ သို့သော် ကြောင်ဖြူကြီးက ရိုးရိုးကြောင်ထက် အလွန်လျင်မြန်ပြီး ဗီရိုထိပ်ရှိ ငါးကြင်းမိစ္ဆာကို လှမ်းခုတ်နိုင်လေသည်။
လီကျင်လုံလည်း ပြဿနာတက်ပြီဖြစ်ကြောင်း ရုတ်ခြည်း သဘောပေါက်လိုက်သောကြောင့် နံရံပေါ်သို့ ခုန်တက်ကာ ငါးကြင်းမိစ္ဆာကို ကယ်တင်ရန် ပြေးသွားလိုက်၏။
သို့သော် နောက်ကျသွားလေပြီ။
ငါးကြင်းမိစ္ဆာ: “ဘုရားရေ......”
ငါးကြင်းမိစ္ဆာက အော်ဟစ်လိုက်ပြီး၊ ကြောင်က လက်သည်းဖြင့် ကုတ်ခြစ်ရန် ပြင်လိုက်စဉ် ဗီရိုပေါ်မှ အောက်သို့ ခုန်ဆင်းကာ လီကျင်လုံ၏ရင်ခွင်ထဲသို့ ဝင်ရောက်သွားခဲ့သဖြင့် ထိုနေရာရှိ စိတ်ဝိညာဥ်လွင့်ပန်းမှုန်သေတ္တာက လေထဲ လွင့်သွားတော့သည်။
လူတိုင်း၏အကြည့်များ အောက်တွင် စိတ်ဝိညာဥ်လွင့်ပန်းမှုန်သည် ဗီရို၏ထိပ်မှ လွင့်စဥ်သွားပြီး ဟုန်ကျွင့်၏ခေါင်းကို ထိမှန်သွားကာ သေတ္တာအဖုံးလည်း ပွင့်သွား၏။ ထိုအခိုက် ပန်းဝတ်မှုန်များက ကောင်းကင်တစ်ခုလုံး ပျံ့နှံ့သွားတော့သည်။
လူတိုင်း: "..."
မိုးရွာနေသောကြောင့် တံခါးများနှင့် ပြတင်းပေါက်များက ပိတ်ထားသဖြင့် ဝတ်မှုန်များက သူတို့အနီးဝန်းကျင်ရှိ နေရာအနှံ့ကိုသာ ပြန့်ကျဲကုန်သည်။ လူငါးယောက်မှာ ဆက်တိုက်ဆိုသလို မြေကြီးကွဲအက်တော့မတတ် နှာချေကုန်တော့၏။
"ဟက်ချိုး!"
"ဟက်ချိုး!"
"ဟက်ချိုး! ဟက်ချိုး! ဟက်ချိုး!"
"ဟက်ချိုး!"
အားထိုက်၊ မော့ရစ်ကန်း၊ ချိုယုံစစ်၊ ဟုန်ကျွင့်နှင့် လီကျင်လုံတို့မှာ အရူးများပမာ နှာချေနေကြကုန်သည်။ နှာချေသံများကြား၌ တစ်ယောက်ပြီးတစ်ယောက် အံ့သြတုန်လှုပ်သွားကာ အခန်းထဲတွင် ကြောင်အစွာ ရပ်ကြသည်။
ဟုန်ကျွင့်: "ဘာဖြစ်တာလဲ၊ ဟက်ချိုး!"
အားထိုက်: "ငါက ဘယ်သူလဲ၊ ဟက်ချိုး!"
မော့ရစ်ကန်း: "မင်းတို့က ဘယ်... ဟက်ချိုး၊ ငါက ဘယ်ရောက်နေ... ဟက်ချိုး!"
ချိုယုံစစ်: "ဟေး တစ်ဆိတ်လောက်ပါ... ဟက်ချိုး!"
ကြောင်ဖြူကြီးတောင် တစ်ခဏတာမျှ တုံ့ဆိုင်းသွားလေသည်။ သူက ငါးကြင်းမိစ္ဆာကို မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်နေခဲ့သော်ငြား နှာချေပြီးနောက် လူတိုင်းကဲ့သို့ ကြောင်အမ်းသွားသည်။
"ငါတို့ အပြင်ထွက်ကြမလား။ ဟက်ချိုး!"
လီကျင်လုံက ထိုသို့ပြောနေသော်လည်း နောက်ထပ် အကြိမ်ပေါင်းများစွာ နှာချေနေစမြဲပင်။ နောက်ဆုံး၌ ငါးကြင်းမိစ္ဆာကသာ ခုန်ဆင်းပြီး တံခါးဖွင့်ဖို့ ပြေးထွက်သွားခဲ့၏။
ငါးကြင်းမိစ္ဆာ၏နှာခေါင်းက ရေထဲမှာသာ အလုပ်လုပ်ပြီး ကုန်းပေါ်တွင်တော့ လူများလောက် အသုံးမဝင်ပေ။ နှာခေါင်းပေါက်များက သေးငယ်လွန်းသဖြင့် မကြာခဏ ပိတ်ဆို့နေတတ်သည်။ ယခု ကြောင်မှာ ကြောင်အမ်းနေပြီး မလိုက်နိုင်တော့သောကြောင့် တံခါးကို အမြန်ဖွင့်လိုက်သည်။
"မြန်မြန်ထွက်ကြ!"
ငါးကြင်းမိစ္ဆာ အော်လိုက်သည်။
ဤကဲ့သို့ စိတ်ရှုပ်ထွေးနေသော အခြေအနေအောက်၌ ဟုန်ကျွင့်က ၎င်းမှာ သူ့ကို ခေါ်နေခြင်းဖြစ်ကြောင်း ခံစားလိုက်ရလေသည်။ ဟုန်ကျွင့် လှုပ်ရှားလိုက်သည်နှင့် ကျန်လူများလည်း တံခါးဘက်သို့ တစ်ယောက်ပြီး တစ်ယောက် ပြေးထွက်လာကြ၏။
ဟုန်ကျွင့်က ငါးကြင်းမိစ္ဆာကို တည့်တည့်စိုက်ကြည့်နေသော်လည်း မူးဝေနေဆဲပင်။ လီကျင်လုံနှင့် အခြားသူများမှာ တစ်စုံတစ်ခုကို စဥ်းစားနေခိုက် ကြောင်တစ်ကောင်လည်း ခုန်ထွက်လာပြီး ဘယ်ကိုသွားရမည်မသိ ဖြစ်နေသည်။ ထိုစဥ် ငါးကြင်းမိစ္ဆာက အော်လိုက်သည်။
"ဟုန်ကျွင့်! မြန်မြန်လုပ်! သူ့ကိုဖမ်း!"
ဟုန်ကျွင့်လည်း မသိစိတ်၏စေခိုင်းရာအတိုင်း ကြောင်လေးကို ပွေ့ဖက်ထားလိုက်၏။ တစ်ဖက်က ငါးကြင်းမိစ္ဆာမှာ စုတ်တံသေးသေးလေးကို ကောက်ယူလိုက်ပြီး စိတ်ဝိညာဉ်လွင့်ပန်းမှုန်များကို ဖယ်ရှားရန် အခန်းထဲ ပြန်ဝင်သွားလေသည်။
လီကျင်လုံ: "ခုနက ဘာဖြစ်သွားတာလဲ။"
ကျန်လေးယောက်ကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။ ခဏအကြာတွင် အားထိုက်က တစ်ခုခုကို မှတ်မိသွားဟန်ဖြင့် ပြောလိုက်သည်။
"မင်းက ခေါင်းဆောင်လီပဲ!"
"အာ!"
လီကျင်လုံက ပြောလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ ငါက လီကျင်လုံပဲ။ ဒါက နတ်ဆိုးနှင်ဌာန။"
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်!"
လူတိုင်း အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်လျက် ထောက်ခံနေကြသည်။
ထိုစဥ် ဟုန်ကျွင့်က ကြောင်ကိုပွေ့ဖက်လျက် ပြောလိုက်သည်။
"ဒါပေမဲ့ ငါက ဘာဖြစ်လို့ ကြောင်ကို ချီထားရတာလဲ။"
"မြောင်?"
ကြောင်ဖြူကြီးကလည်း သံသယစိတ်ဖြင့် လှည့်ပတ်ကြည့်နေသည်။
"ငါတို့.... ဘာလုပ်နေကြတာလဲ။"
လီကျင်လုံက မေးလိုက်သည်။
လူတိုင်း၏ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် စိတ်ရှုပ်နေကြစဥ် မော့ရစ်ကန်းတစ်ယောက် ခြံဝင်းတစ်ဝိုက် ဟိုဟိုသည်သည် လျှောက်နေခဲ့၏။
"လူတိုင်း နတ်ဆိုးနှင်ဌာနကို သတင်းပို့နေကြတာကိုတော့ ငါ နည်းနည်း မှတ်မိနေသေးတယ်။"
ချိုယုံစစ်: "ငါတို့ အဲဒါကို လုပ်ပြီးသားမဟုတ်ဘူးလား။ ဘာလို့ ဒီကလူတိုင်းနဲ့ ပထမဆုံးအကြိမ် တွေ့ဖူးတာ မဟုတ်သလို ခံစားနေရတာလဲ။"
လီကျင်လုံ: "စိတ်အေးအေးထား။ ခုနက တစ်ခုခု ဖြစ်ခဲ့လောက်တယ်။"
ထိုအခိုက်အတန့်တွင် အထဲမှငါးကြင်းမိစ္ဆာက ကြမ်းပြင်တစ်ပြင်လုံးရှိ ပန်းမှုန်များကို လှည်းကျင်းကာ လူလက်ဖဝါးအရွယ် ပိုးထည်အိတ်တစ်ခုထဲ ထည့်ကာ ရှင်းပြလာသည်။
"မင်းတို့ စိတ်ဝိညာဉ်လွင့်ပန်းမှုန်ကို ရှူမိပြီး မေ့ကုန်တာ!"
"ဟုတ်တယ်၊ ဟုတ်တယ်!"
အားလုံး မှတ်မိသွားပြီးနောက် အချင်းချင်း ထပ်ခါတလဲလဲ ခေါင်းညိတ်ပြနေကြသည်။ ဤသို့ဖြင့် အကြောင်းတရားနှင့် အကျိုးဆက်ကို အကြမ်းဖျင်း ချိတ်ဆက်လာနိုင်ခဲ့သည်။
နာရီဝက်အကြာတွင် လူတိုင်း အချို့ကိစ္စများကို တဖြည်းဖြည်း မှတ်မိလာကြသော်လည်း စိတ်ဝိညာဉ်လွင့်ပန်းမှုန်ကို မရှူမိခင် စက္ကန့်ပိုင်းအလိုက အရေးကြီးဆုံး သတင်းအချက်အလက်ကိုမူ လုံးဝ မမှတ်မိနိုင်ဘဲ ဖြစ်နေခဲ့ကြသည်။
ငါးကြင်းမိစ္ဆာက ကြောင်ကိုဖမ်းရသော အမှုအကြောင်း အတိုချုပ် ပြောပြခဲ့သည်။ ကျန်ကိစ္စများကို ၎င်းလည်း မသိသောကြောင့် အနှီ "မေ့သွားသည့်အရာ" မှာ သူတို့ထပ်မံရင်ဆိုင်ရသည့် အဓိကပြဿနာ ဖြစ်လာတော့သည်။
ကြောင်ကို လှောင်အိမ်ထဲ ထည့်ထားလိုက်သည်။ ၎င်းက လှောင်အိမ်ထဲမှနေ၍ ငါးကြင်းမိစ္ဆာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။
"ဒါပေမဲ့ ငါတို့ တကယ်ပဲ ဘာလုပ်နေခဲ့ကြတာလဲ။"
လီကျင်လုံ လေးလေးနက်နက် စဥ်းစားရင်း မျက်မှောင် ကြုတ်လိုက်သည်။
"လက်ဖက်ရည်သောက်နေတာ ဖြစ်နိုင်လား။"
ချိုယုံစစ်က ဆို၏။
"မဖြစ်နိုင်ဘူး။"
လီကျင်လုံ သူ့ဘာသာသူ ရေရွတ်လိုက်သည်။
"လက်ဖက်ရည် သောက်နေရင် စားပွဲပေါ်မှာ စာအုပ်တွေ အများကြီး ဘယ်လိုလုပ် ချထားမှာလဲ။ ထူးဆန်းတယ်။ ခုနတုန်းက အရေးကြီးတဲ့ကိစ္စတစ်ခုခုကို လုပ်နေတာလို့ ခံစားနေရတယ်။"
"ပထမဆုံးအနေနဲ့ ကြောင်ကို ဖမ်းတုန်းက ဟုန်ကျွင့်နဲ့ ငါ ခုတင်အောက်မှာ ပုန်းနေခဲ့တာကို မှတ်မိတယ်။"
"ဒါက ငါ ခြေဆေးရေကို သောက်ပြီးတဲ့နောက်မှာ ဖြစ်ခဲ့တာ။"
ငါးကြင်းမိစ္ဆာက ကြားဖြတ်ပြောလိုက်သည်။
လီကျင်လုံက ပြန့်ကျဲနေသော မှတ်ဉာဏ်များကို အခြေခံ၍ ခွဲခြမ်းစိတ်ဖြာ ကြည့်နေသည်။ ဟုန်ကျွင့်လည်း သူ့ကိုယ်သူ ဘယ်သူလဲ၊ သူဘယ်ကလာသလဲဆိုတာကို တဖြည်းဖြည်း တွေးတောရင်း သူက ယောက်ကျင်နန်းတော်မှ လာသူဖြစ်ကြောင်း ဖြည်းဖြည်းချင်း သတိရသွားခဲ့၏။ သူ၏ ကလေးဘဝ မှတ်ဉာဏ်များလည်း တစ်ခုပြီးတစ်ခု ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ ခဏမျှကြာပြီးနောက်တွင် ဟုန်ကျွင့် ချုံမင်ကို သတိရသွားခဲ့သည်—ပိုပြီးတိတိကျကျ ပြောရလျှင် သူနှင့် ချုံမင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က အချိန်ကိုပင်။
ဟုန်ကျွင့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သို့သော် သူသည် သူတို့၏ စကားဝိုင်းထဲသို့ ဝင်ရောက်ရန် ရှေ့သို့ တိုးလိုက်စဉ်မှာပင် ရုတ်တရက် မှတ်ဉာဏ်တစ်ခုထဲတွင် ပြန်လည်ပိတ်မိကာ တောင့်တင်းသွားခဲ့သည်။
သူ့နားထဲမှ လီကျင်လုံ၏အသံမှာ တဖြည်းဖြည်းနှင့် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ နေရောင်ခြည်က ဖြာကျနေခဲ့ပြီး မိုးမခပင်များမှ ကာကွယ်ပေးထားသော အရိပ်များက ခြံဝင်းတစ်ခုလုံးကို ပြင်းထန်လှသော အိပ်မက်ဆိုးတစ်ခုကဲ့သို့ အသွင်ဆောင်နေစေခဲ့သည်။ ဤအိပ်မက်ထဲတွင် သူ၏ကိုယ်ပိုင်အသိစိတ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရပြီး အချိန်များကလည်း လှည့်ပတ်နေသော ဝဲဂယက်ကြီးတစ်ခုကဲ့သို့ သူ့ကို ယောက်ကျင်နန်းတော်သို့ ရောက်ရှိခဲ့သော ပထမဆုံး ညနေခင်းဆီသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့တော့သည်။
မရေမတွက်နိုင်သော မြင်ကွင်းများက နောက်ပြန်လွင့်မျောနေခဲ့ပြီးနောက် ရုတ်တရက် နေ့ရက်တစ်ခုအရောက်မှာ အထင်အရှား ရပ်တန့်သွားခဲ့သည်။
"ဟုန်ကျွင့်က ခုတင်အောက်မှာ အလောင်းတစ်လောင်း တွေ့ခဲ့တယ်လို့ ပြောတယ်။"
"အလောင်း၊ ဟုတ်လား။"
လူတိုင်း ချက်ချင်း ထိတ်လန့်သွားကုန်သည်။ ထိုစဥ် ငါးကြင်းမိစ္ဆာက ထိုအခန်းထဲ၌ ဖြစ်ပျက်ခဲ့သည်များကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေခဲ့သည်။
ဟုန်ကျွင့်၏ မျက်စိသူငယ်အိမ်များက စိတ်ဝိညာဉ်လွင့်ပန်းမှုန်များကို ရှူရှိုက်မိပြီးနောက် ပြင်းထန်စွာ ကျုံ့သွားပြီး ယောက်ကျင်းနန်းတော်သို့ သူ ပထမဆုံး ရောက်သွားသည့် ညကို ရုတ်တရက် သတိရသွားသည်။ သူ မျက်လုံးများကို ဖွင့်လိုက်သည့် ပထမဆုံးစက္ကန့်၌ မြင်တွေ့ခဲ့ရသည့်အရာမှာ ချုံမင်၏ မျက်ရည်များပြည့်နှက်နေသော မျက်နှာကြီးဖြစ်နေခဲ့သည်။
သူ၏မှတ်ဉာဏ်များက နောက်တစ်ကြိမ် အနောက်ပြန်ရစ်ခဲ့ပြီး အမှောင်ထုထဲသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြန်သည်။ သူက ပျက်စီးနေသော အဆောက်အအုံတစ်ခု၏အလယ်မှာ ရုတ်တရက် ရပ်နေမိပြီး ဇဝေဇဝါဖြစ်လျက် ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရှုနေမိ၏။ ထိုစဉ် မရင်းနှီးသော အမျိုးသားတစ်ဦး၏အသံကို ကြားလိုက်ရသည်။
"...ငါ့ရဲ့ တစ်ဦးတည်းသောသားပါ..."
***
Aurora Novel Translation Team