အပိုင်း (၃၈) - လီရှန်းတောင်၌ ဧကရာဇ်မင်းနှင့်တွေ့ဆုံခြင်း (၁)
ဟုန်ကျွင့် ထိုညတွင် နောက်ထပ်အိပ်မက်ဆိုးတစ်ခု မက်ခဲ့ပြန်သည်။
အိပ်မက်ထဲတွင် တုဟန်ချင်း၏ တစ်ကိုယ်လုံး မီးစွဲလောင်နေပြီး အရေပြားများ အက်ကွဲကာ သွေးများလည်း ပန်းထွက်လာနေသည်။ အရေပြားအောက်ရှိ နာကျင်နေသော မြေခွေးတစ်ကောင်သည် လူသားခန္ဓာကိုယ်ထဲမှ ရုန်းထွက်ရန် ကြိုးစားရင်း သနားချင်စဖွယ် ငိုကြွေးသံတို့ကို ထုတ်လွှတ်နေ၏။
"အား!"
ဟုန်ကျွင့် အထိတ်တလန့်ဖြင့် ထထိုင်လိုက်သည်။
"ဟုန်ကျွင့်?"
မော့ရစ်ကန်းသည် အော်သံနှင့်အတူ အခန်းအပြင်ဘက်မှ လျင်မြန်စွာ ပြေးဝင်လာပြီး ပြိုလဲတော့မည့် ဟုန်ကျွင့်၏လက်ကို ဖမ်းဆွဲထားလိုက်သည်။ ဟုန်ကျွင့် ဖြည်းညင်းစွာ အသက်ရှုသွင်းရင်း မောဟိုက်နေ၏။
ဤသည်မှာ သူ၏ ဒုတိယအကြိမ် အိပ်မက်ဆိုးမက်ခြင်းပင်။ သူ့ကိုယ်သူ တည်ငြိမ်သွားအောင်လုပ်ပြီးမှ မော့ရစ်ကန်းဘက် လှည့်ကြည့်လိုက်သည်။
“သမင်ဖြူ ထွက်သွားတဲ့ညကစပြီး မြက်ခင်းပြင်ရဲ့ နေရာတိုင်းမှာ အိပ်မက်ဆိုးတွေက တောမီးလိုပျံ့နေတာ။”
မော့ရစ်ကန်းက အသံတိုးတိုးလေးဖြင့် ပြောပြသည်။ ဟုန်ကျွင့်အတွက် ရေတစ်ခွက်ကို ခပ်ပေးကာ လက်ဖက်ရည်ခွက်ပေါ်သို့ မန္တာန်အချို့ကို တိတ်တိတ်လေး ရေရွတ်လိုက်၏။ ဟုန်ကျွင့်လည်း ရေသောက်ပြီးမှသာ စိတ်အစဥ်တို့ အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
ဟုန်ကျွင့်: "မင်း ဘာကိုဆိုလိုတာလဲ။"
"မီးခိုးရောင်ဝံပုလွေက နေ့ကိုစောင့်ကြပ်တယ်။ သမင်ဖြူက ညကိုစောင့်ကြပ်တယ်။ ငါတို့ဘက်က ဒဏ္ဍာရီတစ်ခုရှိတယ်။ သမင်ဖြူ အမှောင်ထဲမှာ ပျောက်ကွယ်သွားရင် အိမ်ကထွက်သွားတဲ့ ကလေးတွေ အိပ်မက်ဆိုး မက်ကြလိမ့်မယ်တဲ့။ မင်း အိမ်လွမ်းနေတာလား။"
"နည်းနည်းပါ။"
ဟုန်ကျွင့် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ မော့ရစ်ကန်းလည်း ဟုန်ကျွင့်ပခုံးကို ပုတ်ပြီး ပြောလိုက်၏။
"လူဆိုတာ ကြီးပြင်းလာတဲ့အခါ အိမ်ကနေ ထွက်သွားကြရစမြဲပဲ။"
"ဟုတ်ပါတယ်။"
မော့ရစ်ကန်း၏ နှစ်သိမ့်စကားအတွက် ဟုန်ကျွင့်လည်း ကျေးဇူးတင်စကားဆို၍ ခေါင်းညိတ်ပြလိုက်သည်။ ထိုရေခွက်ကို သောက်ပြီးနောက် များစွာ သက်သာလာခဲ့သဖြင့် ပြန်လှဲအိပ်ရာ ဤတစ်ကြိမ်တွင်တော့ ခပ်မြန်မြန်ပင် အိပ်ပျော်သွားခဲ့၏။
နောက်တစ်နေ့မနက်စောစောတွင် ဟုန်ကျွင့် ပထမဦးစွာ နိုးလာကာ ရေတွင်းအနားတွင် ထိုင်ပြီး သွားတိုက်နေခဲ့သည်။ ဤအခိုက်၌ ငါးကြင်းမိစ္ဆာသည် ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည်များကို သိသွားပြီး ဆူလေတော့၏။
“အဲဒီမိစ္ဆာကို မင်းက ဘာလို့ဂရုစိုက်နေတာလဲ။ ဆွေမျိုးလည်းမဟုတ် သူငယ်ချင်းလည်း မဟုတ်နဲ့။ လူတိုင်းကို ဂရုစိုက်နေလို့မရဘူးလေ။"
ဟုန်ကျွင့်က သူ့ပါးစပ်ကို သုတ်လိုက်ပြီး ခဏလောက် စဉ်းစားနေသည်။
"တကယ်တော့ ငါက မိစ္ဆာတစ်ကောင်ပဲ မဟုတ်ဘူးလား။ တစ်နေ့တော့ ခေါင်းဆောင်လည်း သိသွားမှာပဲ။"
"မင်းက အဲ့မြေခွေးတွေနဲ့ မတူဘူး။ ခေါင်းဆောင်က ငါ့ကို မထီမဲ့မြင်ပြုတာ မဟုတ်ဘူး။ အဲဒီတုန်းက မင်းအဖေဆီ ခိုလှုံဖို့ မြေခွေးတွေက မလာခဲ့ဘူးလေ။ သူတို့ကိုယ်တိုင် သူတို့မျိုးနွယ်ကို ဦးဆောင်ချင်ခဲ့တာ။ ဒါ့ထက် မင်း အသားစားတဲ့အခါတုန်းက သတ္တဝါတိုင်းက တန်းတူညီတူ ဖြစ်သင့်တယ်လို့ မင်း မမြင်ခဲ့ပါဘူး။”
"အဲဒါက မတူဘူးလေ။ အသားမစားတာက သနားလို့ အသားစားတာက သူတို့ကို ဒုက္ခပင်လယ်ထဲက ကယ်တင်ဖို့ပဲတဲ့။ ချင်းရှုံက အဲ့လိုပြောတယ်။"
"မင်္ဂလာနံနက်ခင်းပါ ခေါင်းဆောင်။"
ထိုစဥ် ချိုယုံစစ်နှင့် လီကျင်လုံတို့က တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်နေကြ၏။ ဟုန်ကျွင့်နှင့် ငါးကြင်းမိစ္ဆာတို့၏ စကားဝိုင်းလည်း ရပ်တန့်သွားသည်။ ထိုအချိန်တွင် မော့ရစ်ကန်းက အပြင်မှဝင်လာလေရာ လီကျင်လုံက ချက်ချင်း လှည့်မေးလိုက်သည်။
"ပြီးပြီလား။"
မော့ရစ်ကန်းက ခေါင်းညိတ်လေသည်။
ဟုန်ကျွင့်: "ဒီလောက်အစောကြီးကို မင်းဘာတွေသွားလုပ်နေတာလဲ။"
မော့ရစ်ကန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြီး 'နောက်မှသိလိမ့်မယ်' ဟု ပြောနေသည့်အလား "ရှူး" ဟူသော အမူအရာတစ်ခု လုပ်ပြလေ၏။
လီကျင်လုံ: "ကရုဏာထားစေချင်တဲ့ စကားတွေပဲ ကြားနေရတယ်။ မနက်စာ အရင်စားရအောင်။ စားပြီးရင် အဝတ်အစားလဲမယ်။"
မနေ့ညကကိစ္စသည် မည်မျှကြီးမားနေပါစေ တစ်ညအိပ်ပြီးနောက် ပြီးသွားခဲ့သည်။ ဟုန်ကျွင့်နှလုံးသားထဲက နာကြည်းမှုများလည်း ပျောက်ကွယ်သွားပြီပင်။ ယင်းကြောင့် ဟုန်ကျွင့်မှာ လီကျင်လုံကို မျက်နှာချင်းဆိုင်ရသည့်အခါ အနည်းငယ် အဆင်မပြေ ဖြစ်နေ၏။ သို့သော် လီကျင်လုံကတော့ သူ့ကို တစ်ချက်သာကြည့်လိုက်ပြီး အားလုံးကို တရားဝင်ဝတ်စုံအား ပြောင်းဝတ်ရန် အမိန့်ပေးလိုက်သည်။
နတ်ဆိုးနှင်ဌာန၏ တရားဝင်ဝတ်စုံကို အရှင်မင်းမြတ်နှင့် ကြင်ယာတော်ယန်မှ ကိုယ်တိုင်ကိုယ်ကျ ဆုချထားသည့် အပြာနုရောင် အချောထည်ဖြင့် ချုပ်ထား၏။ အတွင်းထဲ၌ နှင်းကဲ့သို့ ဖြူဖွေးသော အတွင်းဝတ်တစ်ထည် ပါသေးသည်။
သိုင်းပညာရှင်များ၏ ဝတ်စုံဖြစ်၍ ပခုံးကျယ်ကာ ခါးကျဉ်းကျဥ်းလေး ဖြစ်စေသည်။ ၎င်းက အရပ်ဘက်အရာရှိများ၏ ဝတ်ရုံရှည်များနှင့် မတူချေ။ ၀တ်ရုံမှာ ရှည်လျားသော်ငြား အနက်ရောင် သိုင်းဖိနပ်တို့က ပေါ်လွင်စေသည်။ ဤသည်မှာ တိုက်ခိုက်ရာ၌ ပိုမိုအဆင်ပြေစေသည့်အပြင် လမ်းလျှောက်ရာတွင်လည်း အရှိန်အဝါပိုကြီးစေ၏။
လူတိုင်းသည် မှန်ရှေ့မှာ ရပ်ပြီး အဝတ်အစားများကို သေသေသပ်သပ် ဖြစ်သွားအောင် ၀တ်ဆင်နေကြသည်။ စာပေပညာရှင်၏ ၀တ်စုံကိုသာ ၀တ်ဆင်လေ့ရှိသော ချိုယုံစစ်ပင် ဤသိုင်းဝတ်စုံကို ဝတ်သောအခါတွင် သူ၏ အရှိန်အဝါမှာ သူရဲကောင်းတစ်ယောက်အလား ဖြစ်သွားသည်။ လူငါးယောက်အနက် ဟုန်ကျွင့်က အချောဆုံးပင်။
ဟုန်ကျွင့်မှာ ချန်အန်းသို့ရောက်ကတည်းက လက်ပြတ်အင်္ကျီအကြမ်းကို ဝတ်ထားခဲ့ခြင်း ဖြစ်၏။ အပေါ်ပိုင်းက အဖြူရောင်၊ အောက်ပိုင်းက အပြာရောင်ဖြစ်ကာ သာမန်လယ်သမားတစ်ယောက်လိုပင်။ အခြားလူဆိုလျှင် ဤသို့ဖြစ်လိမ့်မည် မဟုတ်သော်လည်း ဟုန်ကျွင့်သည် အခြေခံကောင်းများဖြင့် မွေးဖွားလာသော လူငယ်တစ်ယောက်လို ၀တ်ဆင်နိုင်သည်။
ယခု ခမ်းနားထည်ဝါသော ဝတ်စုံကို ပြောင်းဝတ်လိုက်သောအခါ အဆင့်မြင့်မိသားစုမှ ဆင်းသက်လာသူကဲ့သို့ အငွေ့အသက်မျိုးကို ပိုင်ဆိုင်သွားပြီး လူအများ တိုက်ရိုက်မော့မကြည့်ရဲသော မင်းသားတစ်ပါးကဲ့သို့ အရှိန်အဝါမျိုးလည်း ရှိနေ၏။
"လည်ပင်းက နည်းနည်းတစ်နေတယ်။"
ရလဒ်အနေဖြင့် ဟုန်ကျွင့်တစ်ယောက် သူအခက်တွေ့နေသည့်အရာအား ပါးစပ်ဖွင့်ဟ၍ ထုတ်ဖော်လိုက်လေသည်။ လီကျင်လုံလည်း ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့ကို လှမ်းပြီး ဟုန်ကျွင့်ကို ကူညီပေးရတော့သည်။
"ငါ ကော်လံကို မေ့သွားတယ်။"
လီကျင်လုံသည် ယခင်က အပ်ချုပ်သမားအား ဤနေရာသို့ တစ်ကြိမ်လာရောက်ရန် အထူးတောင်းဆိုခဲ့ပြီး ကိုယ်တိုင်းရန် အချိန်ပိုပေးခဲ့ရသည်။ ထိုအချိန်တွင် ဟုန်ကျွင့်က နေရာ၌ မရှိခဲ့ပေ။ ယခုမူ အဝတ်အစားများက ခန္ဓာကိုယ်နှင့် အလွန်ကွက်တိကျနေသောကြောင့် ဟုန်ကျွင့်မှာ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရကာ မေးလာ၏။
"ကျွန်တော့်ခန္ဓာကိုယ်ကို ဘယ်သူမှ မတိုင်းခဲ့ပါဘူး။"
လီကျင်လုံ အနည်းငယ်ရှက်သွားပြီး ချောင်းဆိုးကာ လူတိုင်းဘက် လှည့်မေးလိုက်သည်။
"ဝတ်ကြည့်ကြည့်။ တော်တယ်မလား။"
"ခေါင်းဆောင်ရဲ့အမြင်က တကယ်စူးရှတာပဲ။"
ဟုန်ကျွင့်က လီကျင်လုံကို သံသယဖြင့်ကြည့်ကာ ထပ်မေးပြန်သည်။
"ကျွန်တော့်ခန္ဓာကိုယ် အရွယ်အစားကို ခင်ဗျားဘယ်လိုသိလဲ။"
"ကောင်းပြီ။ ဆက်မမေးနဲ့တော့။"
လီကျင်လုံက ဟုန်ကျွင့်ကို ခပ်သေးသေးဝတ်ရုံလေး အဝတ်တစ်ထည်ကို ပေးကာ အခန်းအပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"မင်းက ပိန်လို့ ကျန်တဲ့ပိတ်စနဲ့ ငါနောက်ထပ် ဝတ်စုံတစ်ထည် ထပ်ချုပ်ခိုင်းလိုက်တယ်။"
"ကျောက်ကျစ်လုံ!"
ဟုန်ကျွင့်က ဝတ်စုံလေးကိုယူကာ စူးစူးဝါးဝါး အော်ပစ်လိုက်သည်။
"ဘာလဲ၊ ဘာလဲ။"
ကျောက်ကျစ်လုံ အသည်းအသန် ပြေးဝင်လာသည်။ ဤသည်မှာ နှစ်အတော်ကြာအောင် နေထိုင်ပြီးနောက် ပထမဆုံးအကြိမ် အ၀တ်အစားဝတ်ရခြင်းပင်။ လီကျင်လုံက သူ့ကိုလည်း မေ့မထားခဲ့သောကြောင့် ချက်ချင်း ရွှင်လန်းသွားပြီး ဝတ်စုံကို မြေပြင်ပေါ်တွင် ဖြန့်ချလိုက်သည်။
ထို့နောက် အမွှေးရှည်ခြေထောက်တစ်ဖက်ကို ဆန့်၍ ဝတ်ဆင်လိုက်သည်။ ဝတ်ရုံကို ဝတ်ပြီးနောက် ခါးပတ်ကို တင်းတင်းကျပ်ကျပ်လေး ပတ်ကာ အနောက်တွင်တော့ သူ၏အမြီးလေးကို ဖော်ထား၏။ လီကျင်လုံက သူ့ကို စိတ်ဝိညာဥ်လွင့်ပန်းမှုန်များကို သယ်ဆောင်ရန် အိတ်ငယ်လေးတစ်လုံးလည်း ပေးထားသေးသည်။
လူတိုင်းမှာ မအောင့်နိုင်ဘဲ ရယ်ချလိုက်မိလေ၏။
ငါးကြင်းမိစ္ဆာ: "ငါ ကြည့်ပါရစေဦး။"
ပြောပြီးနောက် ကိုယ်လုံးပေါ်မှန်ရှေ့၌ ခုန်ဆွခုန်ဆွ လုပ်နေတော့သည်။
လီကျင်လုံ: "ဒီနေ့ အားလုံးအတူတူ လုပ်ဆောင်ကြရအောင်။ သေရေးရှင်ရေးနဲ့ဆိုင်တဲ့ နေ့ဆိုလည်းဟုတ်တယ်။ အကြောင်းပြချက်မရှိဘဲ စိတ်ဝိညာဉ်လွင့်ပန်းမှုန်ကို သိမ်းကျုံးမသုံးနဲ့။"
လူတိုင်းက တုံ့ပြန်လိုက်ကြသည်။ ထို့နောက် လက်နက်ကို ပြင်ဆင်ကာ အပြင်ထွက်ရန် ပြင်ဆင်နေကြသည့်အခိုက် ဟုန်ကျွင့်၏ နှလုံးသားမှာ တဒိန်းဒိန်း ခုန်မြန်လာ၏။ ထိုနေ့ညက လီကျင်လုံ ပြောခဲ့သည့် 'နတ်ဆိုးနှင်ဌာန' ဟူသည့် စကားကို ပြန်တွေးလိုက်မိသည်။ လီကျင်လုံကို နောက်တစ်ကြိမ် ကြည့်လိုက်စဥ်အခါ လီကျင်လုံက သူ့ကို နှစ်သိမ့်ပေးသလိုမျိုး သူ့မျက်လုံးမှတစ်ဆင့် အပြုံးတစ်ပွင့် ပေးလိုက်သည်။
'စိတ်မပူပါနဲ့၊ အားလုံးအဆင်ပြေသွားမှာပါ။'
...
နံနက်စောစောတွင် လီတောင်တန်းပေါ်၌ တိမ်တိုက်များ ဖုံးအုပ်နေကာ ရေတံခွန်မှ ရေမှုန်များသည် တောင်တက်သူတို့၏ အဝတ်အစားများ စိုစွတ်သွားစေ၏။ ရထားလုံး၏ လမ်းဘေးတွင်တော့ ရှန်ဝူစစ်တပ်မှ အစောင့်က ဆောလျင်စွာ ပြောလာခဲ့သည်။
"စစ်သူကြီး ရထားလုံးပေါ် တက်ပါတော့!"
ဖန်းချန်ချင်က သူ၏တုတ်ကိုအားပြုကာ လီရှန်းတောင်ပေါ်သို့ တက်နေ၏။ အရှင်မင်းမြတ်၏ ယာယီနန်းတော်ဘက်ဆီသို့ လျှောက်သွားရင်း လက်ဝှေ့ယမ်းလိုက်သည်။
"အဆင်ပြေပါတယ်။ မင်းတို့ ဒီစစ်သူကြီးကို အထင်သေးတာလား။"
စစ်သည်များလည်း ဘာမျှပြန်မပြောနိုင်တော့ရာ လွှတ်ထားပေးရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ ဖန်းချန်ချင်တစ်ယောက် တရားဝင်လမ်းအတိုင်း ခါးကုန်းကုန်းဖြင့် လျှောက်သွားသည်ကိုသာ ကြည့်နေကြရသည်။ ဖန်းချန်ချင်၏ မိဘများက သူငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ပြီး သူ၏မိခင်ဘက်က အဘိုးဖြစ်သူ လီလင်ဖူက သူ့အားလှောင်ပြောင်ကာ အန်းရှီသို့ ပြည်နှင်ဒဏ်ပေးခဲ့၏။
သူ၏ဘဝက ခက်ခဲကြမ်းတမ်းမှုများ၊ အိုးအိမ်စွန့်ခွာကာ ထွက်ပြေးရခြင်း၊ အဆက်မပြတ်သော စစ်ရေးလှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူက မသန်စွမ်းသော်လည်း ကောင်းရှန်းကျစ်လက်ထက်တွင် သူ၏ အံ့သြဖွယ်ကောင်းသော စွမ်းရည်များကို ပြသခဲ့သည်။ ရှောင်ပေါ်လုနှင့် သာ့ပေါ်လုတို့ကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ပြီး ၁၃ နှစ်ကြာသောအခါ သူသည် ကဲရှူးဟန့်နှင့် ယှဉ်နိုင်သော သန်မာသည့် စစ်သူကြီးတစ်ဦး ဖြစ်လာခဲ့၏။
ဖန်းချန်ချင်က တိုက်ပွဲများစွာကို အောင်မြင်ခဲ့ပြီး အနောက်ဘက်ဒေသများတွင် ဆင်နွှဲခဲ့သော စစ်ပွဲမှန်သမျှမှာ အပြစ်အနာအဆာများ မရှိသလောက်ပင်။ လူတိုင်း လီကျင်လုံကို ရယ်မောကြသော်လည်း ပျော့ပျောင်းပြီး ပိန်လှီသော ဖန်းချန်ချင်ကိုတော့ ဘယ်သောအခါမှ မရယ်ဝံ့ကြပေ။ စစ်တပ်ကို ကွပ်ကဲသူတစ်ဦးအနေဖြင့် သူက အခွင့်အာဏာရှိသော အသွင်အပြင်ကို သဘာဝအတိုင်း သယ်ဆောင်ထားလေ၏။
ဖန်းချန်ချင်က မြို့တော်တွင် အလုပ်မလုပ်သော်လည်း သူ့သခင် နန်းတွင်းသို့ ပြန်ရောက်သည့်နေ့တွင် သူက လီလုန်ကျီးထံ စကားလုံးပေါင်း ၁၀၀၀၀ နီးပါးကို အောက်မေ့ဖွယ်အမှတ်တရအဖြစ် တင်ပြကာ နယ်စပ်က နယ်မြေများကို ပြန်လည်သတ်မှတ်ပေးရန်၊ အရာရှိများနှင့် စစ်သည်များအား အိမ်ပြန်ခွင့်ရရန် နိုင်ငံရေးဗျူဟာတစ်ခုအဖြစ် အသုံးချခဲ့သည်။ အိမ်ပြန်ခွင့် ရလာပြီးနောက် သူသည် စစ်သံမှူးစခန်းနှင့် တပ်ထဲတွင် အလွန်နာမည်ကြီးလာခဲ့သည်။
မိန်းမစိုးက မြူမှုန်များ ဝန်းရံနေသော ဟွာချင်းနန်းတော်ထဲသို့ အလျင်အမြန် ဝင်လာခဲ့သည်။ လက်ရှိအချိန်တွင် လီလုန်ကျီးသည် ယန်ယွိဟွမ်နှင့်အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေရာ မိန်းမစိုးမှာ မအော်ဝံ့ပေ။ ဖန်းချန်ချင်တစ်ယောက် သူ၏တုတ်ဖြင့် ပြေးဝင်လာမည်ကိုလည်း စိုးရိမ်နေရသည်။ အပြင်ဘက်က အစောင့်အကြပ်များသည်လည်း သူ့ကို မတားရဲကြချေ။
မိန်းမစိုးက ပါးစပ်ဟလိုက်သော်လည်း အသံမထွက်ဝံ့သေးဘဲ အလွန်အမင်း စိုးရိမ်နေ၏။
"မင်းမှာ ပြောစရာရှိရင်ပြော မတွန့်ဆုတ်နဲ့။"
လီလုန်ကျီး၏အသံက တဲထဲမှ ထွက်လာ၏။ သူနိုးနေလေပြီ။
"ဘယ်အချိန်ရှိပြီလဲ။"
ယန်ယွိဟွမ်က ပျင်းရိစွာမေးလိုက်သည်။
"စစ်သူကြီးဖန်းချန်ချင်က အရှင်မင်းမြတ်ကို အစီရင်ခံဖို့ အရေးတကြီး ကိစ္စရှိတယ်ဆိုပြီး အပြင်မှာ စောင့်နေပါတယ်။"
ဤသည်ကို ကြားသောအခါ လီလုန်ကျီးက ချက်ချင်း ထထိုင်လိုက်၏။
"တစ်ခုခု ဖြစ်ပြန်ပြီလား။ မဖြစ်လောက်ပါဘူး။ ချန်ချင်ဆီကို မပို့ရသေးဘူးမလား။ စစ်ရေးဘက်က သူ့ကို လာခိုင်းတာလား။"
လီလုန်ကျီးက ခဏစဉ်းစားပြီး။
"ကော်ကျုံး ဘယ်မှာလဲ။ ကော်ကျုံးဆီကို ဘာလို့ အရင်မသွားတာလဲ။"
မိန်းမစိုး: "ထန်မင်းဆက်ရဲ့ ကံကြမ္မာနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတယ်လို့ ပြောပါတယ်။"
လီလုန်ကျီးက စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်း၏။
"ဘာဖြစ်နေတာလဲ။ ကိုယ်တော်သိပြီလို့ သူ့ကို ပြောလိုက်။ သူ ဘယ်တုန်းက ရောက်လာတာလဲ။"
“မနေ့ညက ဒုတိယကန့်နာရီမှာ တောင်ခြေကနေ တစ်လှမ်းချင်း လှမ်းတက်လာတာပါ။”
မိန်းမစိုးက ပြန်ဖြေလေသည်။
ယန်ယွိဟွမ်: "စစ်သူကြီးဖန်းရဲ့ ခြေထောက်တွေက အဆင်မပြေဘူး။ သူ ဘယ်လိုလုပ် တက်လာတာလဲ။"
ထိုအခါ လီလုန်ကျီးလည်း သူ၏နဂါး၀တ်ရုံကို ခြုံထားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ဘဲ ဆံနွယ်ဖရိုဖရဲဖြင့် အိပ်ဆောင်မှ ထွက်လာခဲ့ရသည်။ ဘေးအခန်းတွင်ထဲတော့ ဖန်းချန်ချင်သည် တုတ်ကိုမှီကာ မောဟိုက်နေပြီး လီလုန်ကျီးအား လေးနက်သော မျက်နှာထားဖြင့် ကြည့်နေသည်။
"မလောပါနဲ့။"
လီလုန်ကျီးက သူ့ကို နှစ်သိမ့်ပေးရင်း: ထိုင်ပါဦး။ စစ်သူကြီးဖန်းကို ရေတစ်ခွက် မြန်မြန် ပေးလိုက်စမ်း! စစ်သူကြီးဖန်း ဖြည်းဖြည်း ပြောပါ။"
ဖန်းချန်ချင်က တုန်တုန်ယင်ယင်ဖြင့် မော့ကြည့်လိုက်သည်။ လီလုန်ကျီးသည် သူ၏ရုပ်ရည်အသွင်အပြင်ကို ကောင်းမွန်စွာ ဂရုစိုက်ထားသော်လည်း အသက်က ၆၀ ကျော်နေပြီ ဖြစ်ရာ အိုမင်းခြင်း၏ လက္ခဏာများက မလွဲမသွေ ပြသနေပပေပြီ။ ဖန်းချန်ချင်သည် ငယ်ရွယ်သေးသော်လည်း လီလုန်ကျီးထက်ပင် အနည်းငယ် အသက်ကြီးနေပုံပေါက်၏။
"ဒီအရာရှိ ဒီနေ့ လီရှန်းတောင်တန်းပေါ်ကို တက်လာတုန်းက..."
ဖန်းချန်ချင်က မိန်းမစိုးပေးလာသော အဝတ်ကို ယူပြီး ချွေးသုတ်လိုက်သည်။ ရေသောက်ပြီးမီသာ အနည်းငယ် အသက်ရှူချောင်သွားလေသည်။
"ဘာလို့လဲတော့ မသိပေမဲ့ အဲဒီတုန်းက အရှင်မင်းမြတ်ရဲ့ သူရဲကောင်းဆန်တဲ့ အသွင်အပြင်ကို သတိရသွားမိတယ်... ."
"ဘယ်နှစ်ရဲ့ သူရဲကောင်းဆန်တဲ့ အသွင်အပြင်လဲ။"
လီလုန်ကျီးက ရယ်လေ၏။
"ထန်လုံ ပထမနှစ်၊ လင်ယန်းနန်းတော်ရှေ့မှာ တွေ့ဆုံခဲ့တဲ့ နှစ်ပေါ့။"
လီလုန်ကျီးသည် မနက်စောစော နိုးလာခဲ့ရသော်လည်း ဖန်းချန်ချင်က သူနှင့် ပထမဆုံး တွေ့ဆုံခဲ့သည့်နှစ်ကို တကယ် သတိရနေကြောင်း ကြားလိုက်ရသောအခါ ချက်ချင်း အားရပါးက ရယ်မောလိုက်လေသည်။ ဧကရာဇ်တစ်ပါးလို အချိန်အတော်ကြာအောင် နေခဲ့ရရာ သူ၏ဗီဇက အတိတ်အကြောင်း ဦးစွာပြောနေသည်က စကားလမ်းကြောင်းကို ချောမွေ့စေရန် ဖြစ်ပြီး ဆက်လာမည့်အရာမှာ မရိုးရှင်းကြောင်း ပြောပြနေ၏။
"မင်းသာမပြောဘူးဆိုရင် ကိုယ်တော်လည်း မေ့တော့မလို့။"
လီကျင်လုံက ပြုံးပြီး မိန်းမစိုးပေးသည့် ဂျင်ဆင်းလက်ဖက်ရည်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။
"အိုး၊ ချန်ချင်ကိုလည်း တစ်ခွက်ယူလာပေးလိုက်ပါ။"
***
Aurora Novel Translation Team