no

Font
Theme

အပိုင်း (၄၂) - ကရုဏာနှလုံးသား (၁)

လီလုန်ကျီး: "လီကျင်လုံ၊ မင်းနဲ့ မင်းရဲ့လက်အောက်ငယ်သားတွေက နန်းတော်ထဲမှာ ခဏနေခဲ့ကြ။ ကျန်တဲ့သူတွေ နောက်ဆုတ်ကြတော့။ အရမ်းလည်း နောက်ကျသွားပြီ။ ကော်ကျုံး၊ မနက်ဖြန် မင်းနဲ့ ချန်ချင်က စာမေးပွဲဧရိယာကို အတူတူသွားကြ!"

လူတိုင်း ဦးညွှတ်ပြီး တဖြည်းဖြည်း နောက်ပြန်ဆုတ်သွားကြသည်။ လီကျင်လုံကလည်း ယန်ယွိဟွမ်နှင့်အတူ ရှင်းချင့်နန်းတော်၏ အနောက်ဘက်နန်းဆောင်ထဲ ဝင်သွားခဲ့၏။ လီကျင်လုံလည်း ယနေ့ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်သည် အရှင်မင်းမြတ်အတွက် မယုံနိုင်လောက်အောင် အံ့သြစရာ ကောင်းလွန်းနေမှန်း သိသည်။

အရှင်မင်းမြတ်အနေဖြင့် ခဏအတွင်း ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့ပြီမို့ အချိန်တစ်ခု ပေးရန်လိုပေ၏။ ထို့နောက် သူသည် သူ့ဓားရှည်ကိုဆွဲထုတ်ပြီး မီးလောင်နေသော မြေခွေးမိစ္ဆာ၏ ခန္ဓာကိုယ်များကို ထိုးကြည့်လိုက်သည်။

ချိုယုံစစ်: "ခေါင်းဆောင်၊ မင်း မင်းရဲ့ဓားကို ကောင်းကောင်းဆက်ဆံတာ ပိုကောင်းမယ်နော်။ သူက မီးတုတ်လို မဟုတ်ဘူးလေ။"

လီကျင်လုံက ချိုယုံစစ်ကို တစ်ချက်သာ စိုက်ကြည့်လိုက်၏။ ထိုစဥ် မော့ရစ်ကန်းက ရယ်လေသည်။

"သာ့မင်နန်းတော်ကို ငါတို့ လျော်ကြေးပေးဖို့ မလိုတော့ဘူးမလား။"

အားထိုက်ကလည်း ပြုံးလိုက်ပြီး: "ကောင်းလိုက်တာ!"

ထိုစဥ် ဟုန်ကျွင့်တစ်ယောက် သက်ပြင်းချလိုက်သည်။ ထိုသက်ပြင်းချသံကြောင့် လီကျင်လုံက ခေါင်းလှည့်ကြည့်လာ၏။

"ဘာလဲ၊ မင်းရဲ့ဆန္ဒကို ငါလိုက်လျောပေးပြီးပြီမလား။ မင်းက ဘာလို့ စိတ်ဓာတ်ကျနေသေးတာလဲ။"

ဟုန်ကျွင့်သည် ထိုနေ့ညက လီကျင်လုံ ပြောခဲ့သည့်စကားကို တွေးနေမိခြင်းပင်။ မြေခွေးလေး ပြောသည့်စကားက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ယခင်က မည်သူ့ကိုမျှ မသတ်ခဲ့ဖူးသည်ဖြစ်စေ သူ ဘာကိုမှ တိတိကျကျ မသိခဲ့ပေ။ မည်သို့ပင်ဖြစ်နေစေကာမူ လီကျင်လုံ၏စကားက မှန်ကန်ကြောင်း သိလိုက်ရပြီးနောက် စိတ်ဓာတ်မကျဘဲ မနေနိုင်ခဲ့။

"ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အမြဲတမ်း လှည့်စားခံနေရတယ်လို့ ခံစားရလို့ပါ။ ခင်ဗျားပြောကြည့်၊ တုဟန်ချင်း၊ သူ..."

"ဘဝမှာ စိတ်ရှုပ်စရာတွေက ရှိတတ်တာပဲ။"

လီကျင်လုံက သူ့လက်ကို ဦးစွာဝှေ့ယမ်းလိုက်သည်။

"အရာရာတိုင်းကို သိပ်အလေးအနက် ထားမနေနဲ့။ သူ့ကို မေ့ပစ်လိုက်တော့။ နောက်နေ့ကျရင် သူ့ကို စိတ်ဝိညာဉ်လွင့်ပန်းမှုန် ရှူခိုင်းလိုက်ပြီး လွှတ်ပေးလိုက်မယ်။ ဒါဆို ဒီကိစ္စပြီးသွားပြီ။"

"အရမ်းစိတ်ထဲမထားပါနဲ့။"

မော့ရစ်ကန်းကလည်း ပြုံး၍ နှစ်သိမ့်ပေးသည်။

ဟုန်ကျွင့်: "ကောင်းပါပြီ။"

ထိုအချိန်တွင် အရှင်မင်းမြတ်က မနက်စာတည်ခင်းနေသောကြောင့် လီကျင်လုံအား ခန်းမအတွင်း၌ စောင့်ဆိုင်းရန် မိန်းမစိုးတစ်ယောက်က လာပြောလေ၏။ သန့်ရှင်းရေး အလုပ်သမားများလည်း ရောက်လာပြီဖြစ်သဖြင့် အားလုံးသည် မိန်းမစိုးနောက်မှ ရှင့်ချင်နန်းတော်၏ တော်ဝင်ဥယျာဉ် အတွင်းသို့ လိုက်သွား၍ နံဘေးခန်းမတွင် ထမင်းစားရင်း စောင့်ဆိုင်းနေကြသည်။

လီလုန်ကျီးက မနက်စာဖြင့် ဆုချခြင်းမှာ ယခင်က ဆုချပုံဖြင့် နှိုင်းယှဥ်၍မရချေ။ ယန်ယွိယွမ်ကတောင် ထူးထူးခြားခြား မင်ကျစ်မင်မုန့်ကို အထူးတလည် ပြင်ဆင်ခိုင်းထားသည့်အတွက် ဟုန်ကျွင့်တစ်ယောက် အလွန်ပျော်ရွှင်သွားသည်။ လီကျင်လုံမှာတော့ ထိုမုန့်ကိုမြင်သည်နှင့် တစ်ခုခု မှားယွင်းနေသလို ခံစားနေရ၏။

ချိုယုံစစ်: "အခု ဒါက အမှုပိတ်သွားတာလား။"

"ဟုတ်တယ်။"

ရုတ်တရက် လီကျင်လုံတစ်ယောက် သတိပေးခံလိုက်ရသလို သတိဝင်လာပြီး ချက်ချင်း ပြုံးရယ်လိုက်သည်။

"မင်းတို့ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်၊ ညီအစ်ကိုတို့။"

မနက်စာစားပြီးနောက် လက်ဖက်ရည်သောက်နေစဥ် လီလုန်ကျီးက သူတို့ကို ထပ်မံဆင့်ခေါ်လာ၏။ အားလုံးက လက်ဆေးပြီး မျက်နှာသန့်ရှင်းလိုက်သည်။ ထို့နောက် ရွှေပန်းကြွေနန်းဆောင်ဟု ခေါ်သည့် ခမ်းနားလှပသော နန်းဆောင်ဆီသို့ ရောက်လာခဲ့ကြ၏။

မိန်းမစိုး: "အရှင်မင်းကြီးက တိုင်ဂရာကို ဆင့်ခေါ်ခိုင်းလိုက်ပါတယ်။"

လီလုန်ကျီး၏အမိန့်က အားထိုက်ကို ဦးစွာ ဆင့်ခေါ်ခြင်းဖြစ်သဖြင့် လူတိုင်း အံ့သြသွားကြသည်။ လီကျင်လုံသည် အားထိုက်ကို ခေါင်းညိတ်ပြကာ အားပေးသည့်ဟန်ဖြင့် ပြုံးပြလိုက်သည်။ အားထိုက် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဖိနပ်ကိုချွတ်ကာ ခန်းမထဲသို့ ဝင်သွား၏။

ကျန်လူများကိုတော့ ကြင်ယာတော်ယန်က ပန်းများရှုစားရန်၊ လက်ဖက်ရည်သောက်ရန် ရွှေပန်းကြွေနန်းဆောင် အပြင်တွင်စောင့်နေရန် အမိန့်ပေးလိုက်သည်။

ဆောင်းဦးညသည် စောစောစီးစီး မှောင်လာတတ်ရာ ဘယ်ပန်းများကို သွားရှုစားရမည်နည်း။ လီကျင်လုံသည် ဘာမှလုပ်စရာ မရှိသောကြောင့် ခန်းမအပြင်ဘက်ကိုမီလျက် အိပ်ပျော်သွားခဲ့သည်။

ဤရက်ပိုင်းအတွင်း၌ အဆက်မပြတ် အမှုလိုက်နေရ၍ သူ၏ခန္ဓာကိုယ်တစ်ဝက်သည် မောပန်းနွမ်းနယ်နေပြီဖြစ်ရာ အနည်းငယ် အနားယူချင်မိသည်။ သူ တဖြည်းဖြည်း အိပ်ပျော်သွားချိန်မှာတော့ ခေါင်းက ဟုန်ကျွင့်ဘက်သို့ စောင်းသွား၏။ နောက်ဆုံးတွင် ထိုလူငယ်လေး၏ ရင်ခွင်ထဲအထိ ရောက်သွားခဲ့သည်။

ဟုန်ကျွင့်လည်း တစ်ဖက်လူကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ထားပေးရင်း မော့ရစ်ကန်းနှင့် ချိုယုံစစ်တို့ကို တိုးတိုးလေး စကားလှမ်းပြောနေသည်။ တစ်နာရီကြာပြီးနောက် အားထိုက် ထွက်လာပြီး လီလုန်ကျီးက ချိုယုံစစ်နှင့် မော့ရစ်ကန်းကို ဆင့်ခေါ်ကြောင်း ပြောလာ၏။

လီကျင်လုံ နိုးလာပြီး သူ့မျက်နှာပေါ်က ချွေးများကိုသုတ်လိုက်သည်။ ပြီးလျှင် စိတ်ရှုပ်ထွေးနေပုံဖြင့် ဟုန်ကျွင့်ဘက် လှည့်မေးလိုက်သည်။

"ငါတို့ကို ခေါ်သေးလား။"

"မခေါ်ဘူး။"

ဟုန်ကျွင့်လည်း သူတို့ကို အဘယ့်ကြောင့် တစ်ယောက်ပြီး တစ်ယောက် ဆင့်ခေါ်နေရလဲကို နားမလည်နိုင်ဘဲ ထူးဆန်းနေသလို ခံစားနေရ၏။ ဤတစ်ကြိမ်မှာတော့ မော့ရစ်ကန်းတို့က စကားအနည်းငယ် ပြောပြီးနောက် ထွက်လာခဲ့သည်။

"ငါတို့ အရင်ပြန်တော့မယ်။ ကျန်တာက ငါတို့ကိစ္စ မဟုတ်တော့ဘူး။"

မော့ရစ်ကန်းက ပြောသည်။

လီကျင်လုံ: "သွားပါ။ ကျောက်ကျစ်လုံက နတ်ဆိုးနှင်ဌာနမှာ စောင့်နေတုန်းပဲ။"

မော့ရစ်ကန်းတို့သုံးယောက် ချက်ချင်းပင် လှည့်ထွက်သွားခဲ့၏။ လီကျင်လုံ မှိန်းခနဲ အိပ်ပျော်သွားမိ၍ သူ၏မျက်နှာကို ပွတ်သပ်နေမိသည်။ ခဏအကြာ၌ အထဲကခေါ်သံကို ကြားလိုက်ရရာ ဟုန်ကျွင့်နှင့်အတူ ဝင်သွားခဲ့သည်။

ရွှေပန်းကြွေနန်းဆောင် အတွင်း၌ ကြည်လင်သော ရေကန်တစ်ကန်ရှိ၏။ ရေကန်ဘေးတွင် သလွန်တစ်ခု ချထားကာ ၎င်းအနောက်တွင်တော့ ကြိုးကြာငှက်များ ပျံဝဲနေပုံ ရေးဆွဲထားသော ရှစ်ချပ်တွဲ အကာနံရံတစ်ခုကို ခမ်းနားစွာ ကာရံထညးလျက်ရှိသည်။

မီးရောင်တို့က မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေပြီး ဂီတသံတို့ကို အဝေးမှပင် ကြားနေရ၏။ ရေကန်ထဲတွင် နှစ်တစ်ရာပင်ရှိနေသည်။ ဂီတကြိုးလှုပ်ခတ်သွားစဥ် ၎င်း၏ ရွှေဝါရောင်အရွက်များက ဖြည်းညင်းစွာ ကြွေကျလျက်ရှိကာ နန်းဆောင်ကြီးကို ခမ်းနားလှပသော မြင်ကွင်းတစ်ခုအဖြစ် ဖန်တီးပေးနေတော့သည်။

လီကျင်လုံ သူ့မျက်နှာကို သပ်ရပ်သွားအောင် သုတ်လိုက်၏။ လီလုန်ကျီးက သလွန်ပေါ်တွင် ထိုင်လျက်ရှိကာ ယန်ယွိဟွမ်ကတော့ ဆေးမှုန်များ ရောစပ်နေသည်။ လီကျင်လုံ ဦးညွတ်မည်အပြု လီလုန်ကျီးက ဆိုလာခဲ့သည်။

"ထတော့။ ထိုင်ကြပါ။"

အစေခံများက ထိုင်ခုံအချို့ ပြင်ဆင်ပေးလာရာ လီကျင်လုံနှင့် ဟုန်ကျွင့်လည်း ထိုင်ရင်း လက်ဖက်ရည်တစ်ခွက်စီ သောက်လိုက်သည်။

"လီကျင်လုံ၊ မင်း ဒီတစ်ကြိမ်မှာတော့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရသွားခဲ့တယ်။ မင်း ဘာဆုလိုချင်လဲ ပြောပါ။"

လီကျင်လုံ: "ဒါက တိုင်းပြည်အတွက် ကျွန်တော်မျိုးလုပ်ဆောင်ရမယ့် တာဝန်ဖြစ်ပြီး ဆုလာဘ်တွေကို လက်မခံဝံ့ပါဘူး။ အရှင်မင်းမြတ်က သာ့မင်နန်းတော်ကို ဖျက်ဆီးမိခဲ့တဲ့ အပြစ်ကနေ ကင်းလွတ်ခွင့် ပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်မိပါတယ်။"

ဤစကားများက နှိမ့်ချသည့်စကားမျိုး ဖြစ်သော်လည်း လီကျင်လုံ၏ ပါးစပ်ဖျားမှ ထွက်လာသောအခါတွင် နှိမ့်ချမှုနှင့် မောက်မာမှု ခံစားချက်မျိုး မရှိကြောင်း ခံစားရစေသည်။ ထိုအခါ ယန်ယွိဟွမ်လည်း အနည်းငယ်ပြုံးကာ ဝင်ဆိုလိုက်လေ၏။

"ကြည့်! ကျွန်တော်မျိုးမ ခန့်မှန်းတာမှန်တယ်။"

လီလုန်ကျီးလည်း ရယ်မောလိုက်သည်။ ထိုအခိုက် လေးနက်သော လေထုမှာ သိသိသာသာ ပေါ့ပါးသွားသည်။

လီကျင်လုံ: “ဒါပေမဲ့ မိစ္ဆာတွေကိုတော့ အမြစ်ပြတ်ချေမှုန်းရမယ်။ ဒီရက်ပိုင်းအတွင်းမှာ မိစ္ဆာတွေ ပိုက်ကွန်ထဲက ခုန်ထွက်မသွားအောင် တားဆီးဖို့ ကျွန်တော်မျိုး သူတို့ကိုခေါ်ပြီး ဖျင်ကန်းလီမှာ သွားစုံစမ်းရဦးမယ်။”

"ဟုတ်ပြီ။ တရားဝင်တာဝန်တွေ ထမ်းဆောင်တဲ့အခါ သွားသင့်ရင်သွားပါ။"

"ကျွန်တော်မျိုး စိုးရိမ်တာက ချန်အန်းက ပြည်သူတွေ......"

"ငါကိုယ်တော်ကို မင်းအတွက် တော်ဝင်အမိန့် ထုတ်ပေးစေချင်လား။"

လီလုန်ကျီးက ဟာသနှောလျက် ဆိုလိုက်ရာ အားလုံးလည်း ရယ်မောလိုက်ကြတော့သည်။ ထိုအချိန်တွင် ဟုန်ကျွင့်က လည်ပင်းလေးကိုကုတ်ပြီး ရုတ်တရက် ဝင်ပြောလာ၏။

"အရှင်မင်းမြတ်၊ ကျွန်တော်တို့တွေ စိတ်ဝိညာဥ်လွင့်ပန်းမှုန် ရောင်းတဲ့ဆိုင်မှာ ငွေ ၆၄၀၀ အကြွေးတင်နေတုန်းပဲ။ အဲဒါလေး ပေးချေကူပါလား။"

လီကျင်လုံ: "..."

ယန်ယွိဟွမ်: "အဲဒါက ဘာလဲ။ ဘာလို့ ငွေအရမ်းများနေတာလဲ။"

ဟုန်ကျွင့် ရှင်းပြလိုက်သောအခါ ယန်ယွိဟွမ် အရမ်းအံ့သြသွားတော့သည်။

"ဒီကမ္ဘာမှာ ဒီလိုပစ္စည်းမျိုးလည်း ရှိသေးတာလား။"

လီလုန်ကျီး: "ပျော်ရွှင်မှု၊ မေတ္တာ၊ အာဃာတတွေနဲ့ ဝမ်းနည်းမှုတွေအားလုံးကို မေ့ပစ်နိုင်တယ်။ ဒီလိုမှော်ဆေးတစ်မျိုးက ကမ္ဘာပေါ်မှာ ရှားပါးတယ်။ လူတွေရဲ့ နာကျင်မှုတွေကိုလည်း သက်သာစေနိုင်တယ်ဆိုတော့ တကယ်ကို အံ့သြစရာကောင်းပါတယ်။"

ယန်ယွိဟွမ်ကလည်း ပြုံးပြီးပြောလေ၏။

"ဒါပေမဲ့ ပျော်ရွှင်မှု၊ မေတ္တာ၊ အာဃာတနဲ့ ဝမ်းနည်းမှုတွေက ဘယ်လောက်ပဲ စိတ်အနှောင့်အယှက် ဖြစ်နေပါစေ ကိုယ်ပိုင်တဲ့အရာတွေ ဖြစ်နေတုန်းပဲ။ ပြီးတော့ ဒါက ဘဝအတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့အရာတွေပဲ မဟုတ်ဘူးလား။ အဲဒီဝတ်မှုန်ကိုသာ ကျွန်မကို ရှူခိုင်းရင် ကျွန်မကတော့ ရှူမှာမဟုတ်ဘူး။"

လီလုန်ကျီးကလည်း ပျော်ရွှင်နေဟန်ဖြင့် ပြောလိုက်သည်။

"မှန်တယ်။ မင်း ရှူလိုက်ရင်တောင် မေ့လို့မရတဲ့အရာတွေ ရှိနေမှာ ကြောက်ရတယ်။"

ယန်ယွိဟွမ်က ဒေါသတကြီးဖြင့် ပြန်ပြောလေသည်။

"ဘယ်သူကသိမှာလဲ။"

ဟုန်ကျွင့်နှင့် လီကျင်လုံတို့မှာ အရှင်မင်းမြတ်နှင့် ကြင်ယာတော်တို့ကြားက အသေးအမွှားကိစ္စနှင့် ပတ်သက်ပြီး နားမလည်ကြချေ။ ၎င်းမှာ အနည်းငယ် စိတ်ဆိုးနေသည့် ကိစ္စလေးတစ်ခုနှင့် ပတ်သက်နေလောက်၏။ သို့ဖြင့် ဟုန်ကျွင့် သူ၏အတွေးကိုသာ ပြောပြလိုက်သည်။

"ဒါဆို ကျွန်တော် နောက်တစ်ခါ ဝယ်ပြီးရင် အရှင့်အတွက်လည်း ပေးမယ်လေ။"

"ကော်ကျုံးကိုရှာပြီး စာရင်းယူလိုက်ကြ။"

လီလုန်ကျီးက စဥ်းတောင်မစဥ်းစားဘဲ ဆိုလိုက်သည်။

"ငါကိုယ်တော်ရဲ့ချစ်ကြင်ယာတော်က ဒီလိုပြောနေမှတော့ ထားလိုက်တော့မယ်။"

ဟုန်ကျွင့် ခေါင်းညိတ်ပြပြီး စားစရာတစ်ခုခု တောင်းချင်နေသော်လည်း လီကျင်လုံက သူ့ကို တံတောင်ဆစ်ဖြင့် ထိုးလိုက်လာ၏။ ဤသည်မှာ 'ဘယ်အချိန်မှာရပ်ပြီး ဘာမှ မတောင်းရတော့ဘူး' ဟု ဆိုလိုခြင်းပင်။

ယန်ယွိဟွမ်က အသံတိုးတိုးဖြင့်: "ဒီနေ့တော့ ငယ်ငယ်ကတည်းက ချိတ်ဆက်နေတဲ့ ကံကြမ္မာကို သက်သေပြနိုင်ခဲ့ပြီ။ မင်းတို့နတ်ဆိုးနှင်သူတွေက ဒီထူးဆန်းတဲ့ စွမ်းအားတွေနဲ့ ရှုပ်ထွေးနေတဲ့ အရာတွေကို ကိုင်တွယ်ဖြေရှင်းကြတာဆိုတော့ ငါ့ကိုပြောပြချင်တဲ့ တခြားအသစ်အဆန်း တစ်ခုခုများရှိလား။"

လီကျင်လုံက နတ်ဆိုးနှင်ခြင်းနှင့်ပတ်သက်၍ အသိပညာအချို့ ရှိသော်လည်း သူက သာမန်လူဖြစ်နေဆဲပင်။ ငယ်စဉ်ကတည်းက အတွေ့အကြုံများစွာ ရှိခဲ့သော်လည်း အခြားသော နတ်ဆိုးနှင်သူများကဲ့သို့ မတော်သေးကြောင်း သူ့ကိုယ်သူ သိသည်။ ထို့ကြောင့် ဟုန်ကျွင်အား လှည့်ပြောလိုက်၏။

"ကြင်ယာတော်ကို မင်းပဲ ပြောပြလိုက်မလား။"

ဟုန်ကျွင့်လည်း ယန်ယွိဟွမ်ကို သဘောကျသည်။ သူသည် သူ(မ)ကို တွေ့တိုင်း "နွေဦးလေပြေလေး" ကဲ့သို့ပင် ခံစားရသည်။ သူ(မ)သည် တစ်ဖက်သားကို သက်သောင့်သက်သာ ဖြစ်စေကာ ငဲ့ညှာတတ်သော မိန်းကလေးဖြစ်၏။ သို့ဖြင့် သူ့ခေါင်းထဲရှိ မိစ္ဆာပုံပြင်များကို ပြန်စဥ်းစားကာ ၎င်းတို့အကြောင်း ပြောပြလိုက်သည်။

ယန်ယွိဟွမ်က ဤပုံပြင်တို့ကို ကြားပြီးနောက် မေးခွန်းအချို့မေးမြန်းရင်း စိတ်လှုပ်ရှားလာတော့၏။ ဟုန်ကျွင့်သည် ကောင်းကင်သွေးကြောများမှ မြေကြီးသွေးကြောများအထိ အရာအားလုံးကို ပြောပြခဲ့သည်။ ထို့နောက် "လျှို့ဝှက်ဆန်းကြယ်မှုထဲက လျှို့ဝှက်ဆန်းကြယ်မှုများ၊ အံ့ဖွယ်အပေါင်း၏ တံခါးပေါက်" ကိုလည်း ပြောပြခဲ့သည်။ ကောင်းကင်နှင့်မြေကြီး နှစ်ခုစလုံးကို ပရမ်းပတာဖြစ်စေခဲ့သော နတ်ဆိုးအကြောင်းလည်း ပါသေး၏။

လီကျင်လုံက နတ်ဆိုးနှင်ဌာနရှိ လူများအကြားတွင် ဟုန်ကျွင့်အကြောင်းကို သိပ်မသိခဲ့ပေ။ ဟုန်ကျွင့်က သူ့ကိုယ်ပိုင်လက္ခဏာကို အားကိုးပြီး ဝါကြွားခြင်းမရှိဘဲ ခေါင်းညိတ်ခြင်း သို့မဟုတ် "အင်း" ဟုသာ ပြောလေ့ရှိသည်။ သို့သော် ကောင်းကင်မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုတို့အကြောင်း ပြောသည့်အခါတွင်တော့ သူသည် အမှန်တကယ် တက်ကြွနေ၏။

လီလုန်ကျီး: "မင်းက တာအိုမိသားစုကလား။"

"အမ်... "

ဟုန်ကျွင့်မှာ သူ မည်သည့်မိသားစုက ဆင်းသက်လာကြောင်း ပြောရခက်နေသည်။ ချင်းရှုံကတော့ တာအိုဝါဒီထက် ဗုဒ္ဓဘာသာ၏ အတွေးအမြင်များကို ပိုမိုပြောပြလေ့ရှိ၏။

"ဗုဒ္ဓဘာသာကလို့ ပြောရမလား မသိဘူး။ အမ်၊ ချိုယုံစစ်ကတော့ တာအိုဝါဒီတစ်ယောက်နဲ့ ပိုတူတယ်။"

"မင်းတို့ရဲ့ ရှစ်ဝေက လုပ်ဖော်ကိုင်ဖက်ကရော?"

ယန်ယွိဟွမ်က မေး၏။

"သူက ပါရှားလူမျိုးမလား။"

ဟုန်ကျွင့်က မဝံ့မရဲလေး ပြောသည်။

"တိုင်ဂရာက ဇိုရိုအက်စ်ထရီယန်ရဲ့ သူတော်စင်သားတော်။"

လီလုန်ကျီးက ဆိုလေသည်။

"ဖျင်ကန်းလီမှာ ရန်ဖြစ်ရင် လူတိုင်းက ကိုယ့်နတ်ဘုရားတွေကို ဖိတ်ခေါ်ကြတာမလား။ ထူးဆန်းလိုက်တာ။"

ဟုန်ကျွင့်: "ကမ္ဘာပေါ်က နည်းဥပဒေသအားလုံးက မတူညီတဲ့ လမ်းကြောင်းတွေကနေ တူညီတဲ့ ဦးတည်ရာကိုပဲ ဦးတည်နေကြတာပါ။ ကျွန်တော့်အဖေက ပြောတယ်။ တင်းမာပြနေဖို့ မလိုဘူး၊ ဒါပေမဲ့ နှလုံးသားထဲကအတိုင်း တောက်ပနေရမယ်တဲ့။"

လူတိုင်းလည်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။

လီကျင်လုံက ကနဦး၌ အရှင်မင်းမြတ်၏ စုံစမ်းမေးမြန်းမှုသည် အမှုကိစ္စတွင် တစ်ခုခုလွဲချော်နေပြီဟု ခံစားမိ၍ သူ၏နောက်ထပ်အစီအစဉ်များအကြောင်း သိချင်နေသည့် အရိပ်အယောင်တစ်ခုဟု ထင်မြင်ခဲ့သည်။ အမှန်တကယ်တမ်းမူ ထိုသို့မဟုတ်ချေ။ သူက ညသန်းခေါင်ယံတွင် ထိုကိစ္စနှင့်ပတ်သက်၍ မေးမည့်အစား တစ္ဆေများနှင့် နတ်ဘုရားများအကြောင်း အချိန်အတော်ကြာအောင် လှည့်ပတ်ပြောနေခဲ့သည်။

နောက်ဆုံးကျရင် အမတအကြောင်းများ မေးမလို့လား။

အချိန်ဖြုန်းနေတာပဲ။ အိမ်ပြန်အိပ်တာကမှ ပိုကောင်းသေးတယ်။

ထိုစဥ် ယန်ယွိဟွမ်က ထပ်မေးပြန်သည်။

"အမ်၊ ဟုန်ကျွင့်၊ ငါ မင်းကို မေးစရာရှိတယ်။"

"မေးပါ။"

ဟုန်ကျွင့်တစ်ယောက် ယဥ်ကျေးမနေတော့ပေ။ လက်တစ်ဖက်တွင် လက်ဖက်ရည်ပန်းကန်တစ်လုံးကို ကိုင်ထားပြီး လီကျင်လုံ၏ဒူးပေါ်သို့ ခြေတစ်ဖက်ကို ကွေးလျက် တင်ထားကာ ရှင်းချင့်နန်းတော်ကို သူ၏အိမ်အဖြစ် သဘောထားနေ၏။

"ကောင်းကင်နဲ့ မြေကြီးကြားမှာ မသေနိုင်တဲ့အရာတွေဘာတွေ ရှိလား။"

ဤသည်ကို ကြားသောအခါ လီကျင်လုံလည်း မသိချင်ယောင်ဆောင်ကာ မနေနိုင်တော့ဘဲ ဟုန်ကျွင့်၏ခြေထောက်ကို ဖယ်လိုက်ကာ သူ့ကို ဘေးတိုက် ကြည့်နေလိုက်သည်။ ဟုန်ကျွင့်လည်း သူ အနေအထိုင်မဆင်ခြင်မိကြောင်း သဘောပေါက်သွားပြီး သူ့ဘာသာသူ မတ်မတ်ထိုင်လျက် ခဏလောက် စဉ်းစားကာ ပြန်ဖြေလိုက်၏။

"မရှိဘူး။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment