အပိုင်း (၃၃)- ရှေးဟောင်းဓား၏အမည် (၂)
ထိုဝေဒနာအမျိုးမျိုးတို့က ကောင်းကင်နှင့်မြေကြီး၏ ချီစွမ်းအင်အတွင်းသို့ ပျံ့နှံ့သွားပြီး ဤအစွမ်းထက်သော စွမ်းအားများအဖြစ် အဆက်မပြတ် သန့်စင်သွားကြသည်။ သို့ရာတွင် ၎င်းသည် ကောင်းကင်နှင့် မြေကြီး၏ သန့်စင်မှုအဆင့်ကို ကျော်လွန်သွားသည်နှင့် "နတ်ဆိုး" အဖြစ်သို့ စုရုံးလာလိမ့်မည်။
ဟုန်ကျွင့်သည် ချုံမင်နှင့် ချင်းရှူံတို့ ပြောသော "ကောင်းကင်နတ်ဆိုး" ဟူသည့် စကားလုံးများကို သတိရနေဆဲပင်။ နတ်ဆိုးများ၏ တည်ရှိမှုကို အလွန်အမင်း သိချင်ခဲ့သော်ငြား ငါးကြင်းမိစ္ဆာက နတ်ဆိုးမွေးလာပုံကိုသာ ရှင်းပြပြီး မည်သည့်အရာကိုမျှ ဆက်မရှင်းပြခဲ့ပေ။
ဟုန်ကျွင့် ရှင်းပြပြီးနောက် လီကျင်လုံက မျက်မှောင်ကြုတ်ပြီး ဆက်ပြောလေသည်။
"ဒါက နယ်စားမင်းတိပြောခဲ့တဲ့ ကုန်းမြေကြီးရဲ့ ဘေးဆိုးကြီး ဖြစ်နိုင်တယ်။"
ဟုန်ကျွင့်က လီကျင်လုံ၏ စိုးရိမ်သောကရောက်နေသလို အမူအရာကိုကြည့်ကာ ပြုံး၍ပြောလိုက်သည်။
"ခင်ဗျားဘာလို့ အမြဲတမ်း မပျော်မရွှင်ဖြစ်နေတာလဲ။"
"ငါ မပျော်နိုင်ဘူး။"
လီကျင်လုံမှာ မောပန်းနွမ်းနယ်နေဟန်ဖြင့် ပြန်ဖြေခဲ့သည်။ သို့သော် ဟုန်ကျွင့်ကို ကြည့်လိုက်စဥ်အခိုက် သူ့နှုတ်ခမ်းပါးက စိတ်သက်သာရာရစွာ ပြုံးပြလိုက်၏။
"ဒါပေမဲ့ မင်းနဲ့ စကားပြောပြီးတိုင်း ငါ့စိတ်ထဲ ပိုကောင်းလာတယ်။"
"ကျွန်တော်တို့ ဆေးမသောက်ရသေးဘူး။"
ဟုန်ကျွင့်က ပွက်ပွက်ဆူနေသည့် ရေနွေးကို ကြေးပန်းကန်လုံထဲကို လောင်းချပြီး အရည်ပျော်သွားအောင် ဆက်မွှေလိုက်သည်။
"သူတို့က ခင်ဗျားဆီက လျော်ကြေးတောင်းနေတာလား။ ကျွန်တော့်မှာ နည်းနည်းရှိသေးတယ်။"
ဟုန်ကျွင့် သူ၏ပုလဲများကို ထုတ်ယူရန် ထသွားမည်အပြု လီကျင်လုံက လှမ်းတားလိုက်သည်။
"လျော်ကြေးပေးဖို့ မလုံလောက်ဘူး။ ထားလိုက်တော့။ ငါ ဖြည်းဖြည်းချင်း စဉ်းစားပါ့မယ်။ အခက်ခဲဆုံးက တရားရုံးတစ်ခုလုံးက ငါ့ကိုတွေ့ဖို့ မလိုလားတာပဲ။ ဒါပေမဲ့ သူတို့ပြောတာကလည်း ကျိုးကြောင်းဆီလျော်ပါတယ်။"
ဟုန်ကျွင့်: "ခင်ဗျားတို့ အရှင်မင်းမြတ်ကို သွားရှာရင်ရော။ နန်းတော်က သူပိုင်တာမလား။ သူ့ကို တောင်းပန်လိုက်၊ သူသဘောတူရင် ရပြီမလား။ ကျွန်တော်ဆို တောင်ပေါ်က မဆင်းခင် ယောက်ကျင်းနန်းတော်ကို မီးရှို့ခဲ့သေးတယ်။"
လီကျင်လုံ: "..."
ဟုန်ကျွင့်က အိပ်မက်မက်နေသူကို နောက်ထပ် စကားလုံးတစ်လုံးဖြင့် နှိုးလိုက်လေ၏။ မည်သည့်ကိစ္စဖြစ်ပါစေ လီလုန်ကျီး ခေါင်းညိတ်ပြနေသေးသရွေ့ အရာအားလုံး အဆင်ပြေပြီပင်။ ဤလောကကြီးသည် သူစကားတစ်ခွန်း ပြောနေသမျှ အရာအားလုံးထက် ပိုထိရောက်လေသည်။
လီကျင်လုံက မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။ အရှင်မင်းမြတ်က သူ ဘာလုပ်နေသည်ကို သိထားရာ အရှင်မင်းမြတ် သူ့ကို ယုံကြည်နေသမျှ အရာရှိများက ဘာလုပ်နိုင်မည်နည်း။ သို့သော် ဧကရာဇ်မင်းအား အကြောင်းနှင့်အကျိုးကို ယုံကြည်သွားအောင် မည်သို့ဆွဲဆောင်နိုင်ရမည်က ရှိသေးသည်။ အနည်းဆုံးတော့ ဤနည်းလမ်းကို နောက်လငါးရက်နေ့ မတိုင်ခင်မှာ အကောင်အထည်ဖော်မှရမည်။
လီကျင်လုံ: "ငါပြန်စဉ်းစားကြည့်ဦးမယ်။ ဒီအမှုက မပြီးသေးဘူး။ နန်းတော်ထဲမှာလည်း မိစ္ဆာရှိတယ်။"
သူ့တွင် မရေရာသော အကြောင်းတစ်ခုရှိနေကြောင်း နားလည်သွားသော ဟုန်ကျွင့်က ဆေးပန်းကန်လုံးကို သူ့ထံသို့ တွန်းပေးလာသည်။ လီကျင်လုံသည် ထိုကောင်လေးအား ဆေးအရင်သောက်ရန် အချက်ပြပြီး ဖြေရှင်းနည်းကို စတင်စဉ်းစားနေခဲ့၏။ ဟုန်ကျွင့်က တစ်ဝက်သောက်ပြီးနောက် လီကျင်လုံ ၎င်းကိုယူကာ မော့သောက်လိုက်သည်။
"ဆေးက... နည်းနည်း... များသွားပြီ... ထင်တယ်။"
ဟုန်ကျွင့်တစ်ယောက် သောက်ပြီးသည်နှင့် ဇဝေဇဝါဖြင့် ရေရွတ်နေ၏။ လီကျင်လုံက ဆေးသောက်ပြီးသည့်အခိုက် တစ်ဖက်က ဟုန်ကျွင့်၏မျက်လုံးများက ရီဝေဝေဖြစ်လာကာ ပြိုလဲလုနီးပါး ဖြစ်နေသည်ကို တွေ့လိုက်ရ၍ ဟုန်ကျွင့်ကို ကူထိန်းပေးချင်သော်ငြား သူပါ ရုတ်တရက် မူးဝေလာပြီး ဟန်ချက်ပျက်သွားခဲ့သည်။
"မင်း... ဟုန်ကျွင့်..."
လီကျင်လုံတစ်ယောက် သူ၏ အမြင်အာရုံတို့မှာလည်း လှည့်ပတ်လာသဖြင့် ကပျာကယာ ထိုင်ချလိုက်ရ၏။ ထိုစဥ် လီကျင်လုံ၏ အထောက်အပံ့မရှိတော့သော ဟုန်ကျွင့်လည်း လီကျင်လုံပေါ်ပြိုလဲကျကာ အိပ်ပျော်သွားလေသည်။
"ဒါက ဘယ်လိုဆေးမျိုးလဲ။ စောင့်..."
လီကျင်လုံက ထိုင်ခုံကို လက်တစ်ဖက်ဖြင့်ထောက်ကာ ထရန်ကြိုးစားလိုက်သော်ငြား လက်က ချော်ထွက်သွားပြီး သတိလစ်သွားတော့သည်။
...
နောက်တစ်နေ့မနက်၌။
နေရောင်ခြည်က အခန်းအတွင်းသို့ ဖြာကျလာခဲ့သည်။ အားထိုက်တစ်ယောက် လီကျင်လုံ၏အခန်းအနီးက ဖြတ်သွားစဥ် လီကျင်လုံက ခုတင်အစွန်းတွင် အိပ်ပျော်နေကာ သူ့ခြေထောက်များကို အနည်းငယ် ကားထားသည်အား တွေ့လိုက်ရ၏။ ဟုန်ကျွင့်မှာ လီကျင်လုံ၏ခန္ဓာကိုယ်ပေါ် လဲလျောင်းနေပြီး နှစ်ယောက်လုံးက အတွင်းဝတ်အင်္ကျီများကိုသာ ၀တ်လျက် သက်တောင့်သက်သာ အိပ်ပျော်နေကြသည်။
အားထိုက်: "..."
"ချိုယုံစစ်!"
အားထိုက် အပြင်ဘက်ကို လျင်မြန်စွာ ပြေးထွက်၍ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အလွန်အနံ့ခံအာရုံကောင်းသော ချိုယုံစစ်ကလည်း အပြေးရောက်လာသည်။ သူတို့က အခန်းတွင်းရှိမြင်ကွင်းကို မြင်လိုက်သောအခါ ငါးကြင်းမိစ္ဆာအတိုင်း ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။
"မော့ရစ်ကန်းကို လာကြည့်ဖို့ ခေါ်လိုက်ရမလား။"
ငါးကြင်းမိစ္ဆာ: "ဘာကြည့်စရာရှိလို့လဲ။ ဘာကများ ကြည့်ကောင်းနေလို့လဲ။ ခေါင်းဆောင်ရဲ့တံခါးကို အမြန်ပိတ်လိုက်!"
"မနေ့ညက ကြားလိုက်လား။ ဟုန်ကျွင့်က သူ့နာမည်ကို ထပ်ခါထပ်ခါ ခေါ်နေတာ။ ခေါင်းဆောင်! ခေါင်းဆောင်! လီကျင်လုံ! လီကျင်လုံ! ဆိုပြီလေ။ ငါများ နားကြားမှားနေတာလား။"
"ဟုတ်တယ်၊ ဟုတ်တယ်။ ငါကြားတယ်၊ ငါကြားတယ်။ ဒါပေမဲ့ သူတို့က ဟုန်ကျွင့်အခန်းထဲမှာ မဟုတ်ဘူးလား။ အသံက ညာဘက်အခန်းကလာတာ။"
စကားသံများက တိုးသွားသည့်တိုင် လီကျင်လုံက ဦးစွာ နိုးလာ၏။ နိုးလာသည်နှင့် ဆတ်ခနဲ ခေါင်းငုံ့ကြည့်လိုက်စဥ် သူ၏ရင်ဘတ်ပေါ်မှာ လဲလျောင်းနေသော ဟုန်ကျွင့်ကို တွေ့လိုက်ရကာ ချက်ချင်းဆိုသလို နှလုံးခုန်သံများ မြန်ဆန်လာခဲ့သည်။
တစ်ဖက်လူကို အသာအယာပုတ်ရင်း အသံတိုးတိုးဖြင့် နှိုးလိုက်သည်။
"ဟုန်ကျွင့်! ထတော့!"
ဟုန်ကျွင့်မှာ သစ်သားတုံးလေးပမာ အိပ်ပျော်နေ၏။ မနေ့ညက စကားအလွန်များခဲ့ပြီး စိတ်ငြိမ်ဆေးရည်ကိုလည်း တစ်ပန်းကန်လုံး သောက်မိသွားရာ အလွန်များသွားသောကြောင့် သတိလစ်သွားခြင်းဖြစ်ပေမည်။
ဟုန်ကျွင့်ကို အခန်းထဲ ပြန်ခေါ်သွားချင်သော်လည်း အပြင်ဘက်တွင် အားလုံးက နိုးနေကြလေပြီ။ ငါးကြင်းမိစ္ဆာသာ သူတို့ကိုမြင်သွားလျှင် ပိုပြီးဆူညံနေလိမ့်မည်။ လီကျင်လုံက ၎င်းကို စိတ်အနှောင့်အယှက် မဖြစ်စေလိုသောကြောင့် ဟုန်ကျွင့်ကို သူ့အိပ်ရာပေါ် ကောက်တင်ကာ စောင်ခြုံပေးလိုက်သည်။
ပင်မခန်းမထဲ၌ မော့ရစ်ကန်းသည် ဘယ်နေရာက ရလာမှန်းမသိသော သားရေဒိုင်းကို လိမ်ရန် ကိရိယာတစ်စုံဖြင့် အလုပ်ရှုပ်နေသည်။ အားထိုက်က ရေသလင်းကျောက် အပိုင်းအစများနှင့် ကစားနေပြီး ချိုယုံစစ်က လက်ဖက်ရည် ထိုင်သောက်နေသည်။ လီကျင်လုံ ရေချိုးပြီးသည်နှင့် ခန်းမထဲ ရောက်လာခဲ့ရာ အားလုံးက သူ့ကို လာနှုတ်ဆက်လေ၏။
ထို့နောက် မနေ့ညက အဖြစ်အပျက်များကို စိုးရိမ်တကြီးဖြင့် မေးမြန်းကြတော့သည်။
လီကျင်လုံက ခေါင်းယမ်းပြီး ဘာမျှမပြင်းထန်ကြောင်း ပြောရင်း မနက်စာကို လေးပင်စွာစားကာ ချိုယုံစစ်ပေးလာသည့် လက်ဖက်ရည်ကို လက်ခံလိုက်သည်။ အားထိုက်နှင့် ချိုယုံစစ်တို့မှာ ထူးဆန်းသော အကြည့်များဖြင့် ဖလှယ်လိုက်ကြသည်။ မော့ရစ်ကန်းကတော့ သူ့ကိုသံသယရှိစွာ တစ်ချက်ကြည့်လာသည်။
“ဒါဆို ဒီအမှုကို ပိတ်မှာလား။”
အားထိုက်က မေးလိုက်သည်။
"မပိတ်သေးဘူး။ ငါတို့ဒီနေ့ ဆက်စစ်ဆေးရမယ်။"
လူတိုင်း၏မျက်နှာပေါ်မှာ သံသယအရိပ်အမြွက်များ ရှိနေကြသော်ငြား လီကျင်လုံသည် သူ့အတွေးနှင့်သူ ဆက်ပြောလာသည်။
"အားလုံးပဲ၊ မင်းတို့ ငါ့ကို မှော်ပညာ သင်ပေးနိုင်မလား။"
လူတိုင်း၏ပါးစပ်ထောင့်များက တွန့်သွား၏။
လီကျင်လုံ: "ငါ မင်းတို့ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး။ မင်းတို့ပြောတာ မှန်တယ်။ လူသားတစ်ယောက်အနေနဲ့ မိစ္ဆာတစ်ကောင်ကို ဖမ်းတဲ့အခါ အင်အားကိုပဲ အမြဲတမ်း အားကိုးနေလို့ မရဘူး။"
ဟုန်ကျွင့် နိုးလာသောအခါတွင် လွန်ခဲ့သည့် ရက်အနည်းငယ်၏ ပင်ပန်းနွမ်းနယ်မှုများ မရှိတော့သည်အား ခံစားလိုက်ရသည်။ လက်ကလေးကို ဆန့်တန်းရင်း အကြောဖြေလျှော့လိုက်စဥ် စောင်ပေါ်၌ ရနံ့တစ်ခုရှိနေသည်အား ရုတ်တရက် သတိပြုမိသွားသည်။ ခေါင်းမော့ကြည့်လိုက်တော့မှ ဤသည်က သူ့အခန်းမဟုတ်မှန်း သဘောပေါက်သွားတော့၏။
"ခေါင်းဆောင်?! ခေါင်းဆောင်လီ?! ခင်ဗျား ဘယ်မှာလဲ။"
လီကျင်လုံနှင့် လူသုံးယောက်က ခြံဝန်းထဲတွင် စကားပြောနေခဲ့ကြသည်။ ဟုန်ကျွင့်က သူ၏အမည်ကို အလောတကြီး ခေါ်နေသံကြားသောအခါ လီကျင်လုံ အနည်းငယ်ရှက်သွား၏။ သူ ရှင်းပြမည်အပြု မော့ရစ်ကန်းက မေးလိုက်ချေပြီ။
"ဟုန်ကျွင့်၊ မင်း ဘာဖြစ်လို့လဲ။"
ဟုန်ကျွင့်သည် အဖြူရောင်ဝတ်စုံဖြင့် ကမန်းကတန်း ပြေးထွက်လာ၏။
"ခေါင်းဆောင်လီ၊ မနေ့ညက ဘာဖြစ်သွားတာလဲ။"
ထိုစဥ် ငါးကြင်းမိစ္ဆာလက်ထဲက ခွက်ကလေးမှာ မြည်သံတစ်သံနှင့်အတူ ပြုတ်ကျသွားတော့သည်။ လီကျင်လုံက အဓိပ္ပာယ်မရှိသော စကားများကို မပြောမိရန် အလျင်စလို အချက်ပြနေသော်လည်း ဟုန်ကျွင့်က ဆက်ပြောနေပေပြီ။
"ကျွန်တော်က ဘာလို့ ခင်ဗျားခုတင်ပေါ်မှာ အိပ်နေရတာလဲ။ ခင်ဗျား ကျွန်တော့်ကို စောင်တောင် ခြုံထားပေးသေးတယ်!"
မော့ရစ်ကန်းမှာ လီကျင်လုံကို အံ့သြစွာကြည့်ကာ တစ်ဖန် ဟုန်ကျွင့်ဘက်ကိုလည်း လှည့်ကြည့်လိုက်သည်။ အားထိုက်နှင့် ချိုယုံစစ်က တညီတညွတ်တည်း ပြောလာ၏။
"မဟုတ်လောက်ပါဘူးနော်။ ဘာဖြစ်နေတာလဲ။"
"လီကျင်လုံ!"
ငါးကြင်းမိစ္ဆာက ဒေါသတကြီးဖြင့် ထအော်တော့သည်။
"မင်း ငါတို့အိမ်က ဟုန်ကျွင့်ကို ဘာလုပ်လိုက်တာလဲ။"
လီကျင်လုံလည်း နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီး ပြန်ဟောက်တော့သည်။
"ခုန်ဟုန်ကျွင့်! မင်း စိတ်ငြိမ်ဆေးရည်ကို သောက်လိုက်တာလေ။ စိတ်ဝိညာဉ်လွင့်ပန်းမှုန်ကို အနံ့ခံမိသလိုနဲ့ အားလုံးကို မေ့သွားရလား။ မနေ့ညက မင်းအရင်ဆုံး အိပ်မက်ဆိုးမက်ပြီး ထအော်တယ်..... ပြီးကျ ငါ့နာမည်ကို အော်တယ်။ ပြီးတော့ စိတ်ငြိမ်ဆေးရည်သောက်ချင်လို့ ဆိုပြီး ငါ့အခန်းထဲက မီးဖိုကိုငှားတယ်!"
ဤတော့မှ ဟုန်ကျွင့်တစ်ယောက် သတိပြန်ရသွားပြီး ခေါင်းလေးညိတ်ကာ တောင်းပန်လိုက်သည်။
"ထူးဆန်းလိုက်တာ။ ကျွန်တော် ဘာလို့ ခင်ဗျားနာမည်ကို ခေါ်လိုက်မိတာလဲ။"
"ငါက ဘယ်လိုလုပ်သိမှာလဲ!"
လီကျင်လုံလည်း နားမလည်နိုင်အောင် ဖြစ်နေ၏။
"ပြန်သွားပြီး အဝတ်အစားလဲတော့!"
"ခေါင်းဆောင်၊ မင်း ဒီလောက်ရှင်းပြနေစရာ မလိုဘူးရယ်။"
အားထိုက်က ကမန်းကတန်း ဝင်ပြောလိုက်သည်။
သူပြောပြီးသည်နှင့် ချိုယုံစစ်ကလည်း နောက်ကလိုက်ပြောလာ၏။
"ဟုတ်ပါတယ် ခေါင်းဆောင်။ ငါတို့အားလုံး နားလည်ပါတယ်။"
"မင်းတို့က ဘာနားလည်တာလဲ!!"
လီကျင်လုံမှာ အလွန်အမင်း ဒေါသထွက်သွားပြီး စိတ်တည်ငြိမ်သွားရန် အချိန်အတော် ကြာသွားခဲ့သည်။
...
ဟုန်ကျွင့် အဝတ်အစားများ လဲဝတ်ပြီးနောက် စင်္ကြံ၌ ခေါက်ဆွဲထိုင်စားနေခိုက် အားထိုက်နှင့် ချိုယုံစစ်တို့က လီကျင်လုံအား မှော်စွမ်းအင်အကြောင်း သင်ပေးသည်အား မြင်လိုက်ရ၏။ ဟုန်ကျွင့်လည်း စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
"ငါ့ရဲ့သွေးကြောထဲမှာ ဝိညာဉ်စွမ်းအား မရှိဘူး။"
လီကျင်လုံက ဆိုသည်။
မော့ရစ်ကန်း: "ခေါင်းဆောင်၊ တကယ်တော့ သေမျိုးလူသား တစ်ယောက်အနေနဲ့ဆို မင်းက တော်တော်လေး ထူးခြားနေပြီ။"
လီကျင်လုံ သက်ပြင်းချလိုက်သည်။
"မလုံလောက်ဘူး။"
မြေခွေးမိစ္ဆာနှင့် ဖေးအောင်ရှေ့တွင် သူ့ကိုယ်သူ ကာကွယ်ရန် ဟုန်ကျွင့်ကို အားကိုးခဲ့ရ၏။ ဟုန်ကျွင့်သာ အလျင်အမြန် မဆွဲထားခဲ့ပါက စက္ကန့်အနည်းငယ်အတွင်း ထိုမိစ္ဆာတို့၏ ဝါးမျိုခြင်းကို ခံနေရလောက်ပြီ။
ချိုယုံစစ်: "လူတစ်ယောက်အနေနဲ့ ဘဝမှာ အရေးကြီးဆုံးအရာက ဦးနှောက်ပဲ။ ဒုတိယအချက်ကမှ မှော်စွမ်းအား။ ငါ့ဘိုးဘေးက မှော်လက်နက်နဲ့ ကျင့်ကြံမှုကိုပဲ အားကိုးပြီး အရာရာကို ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအားနဲ့ ရင်ဆိုင်နေရင် မိစ္ဆာတွေရဲ့လက်ထဲမှာ အနှေးနဲ့အမြန် သေလိမ့်မယ်တဲ့။"
အားထိုက်: "ပြီးတော့ မင်းမှာ ဟုန်ကျွင့်ရှိပါတယ်။"
"ဟုတ်တယ်၊ မင်းမှာ ဟုန်ကျွင့်ရှိတယ်။"
မော့ရစ်ကန်းနှင့် ချိုယုံစစ်တို့ကပါ သံပြိုင်ထောက်ခံနေတော့၏။
ဟုန်ကျွင့်: "?"
လီကျင်လုံမှာ သူ၏ဓားကို ပြန်ချလိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ ထိုစဥ် ဟုန်ကျွင့်ကလည်း ရှေ့ထွက်လာကာ ဆိုလာ၏။
"ကျွန်တော်လည်း သိချင်နေတာကြာပြီ။ ဒါက ဘယ်လိုမှော်လက်နက်အမျိုးအစားလဲ။"
ဟုန်ကျွင့်က လီကျင်လုံ၏ဓားကို အလေးအနက်ထား ကြည့်သည်မှာ တတိယအကြိမ်မြောက် ဖြစ်လေသည်။
"ချင်းရှုံက ပြောတယ်။ မှော်လက်နက်ကို မှန်မှန်ကန်ကန် အသုံးပြုရင် စွမ်းအားမရှိသူတောင်မှ နတ်ဆိုးနှင်သူ ဖြစ်လာနိုင်တယ်တဲ့။"
ချိုယုံစစ်: "ဒါအမှန်ပဲ။ နတ်ဆိုးနှင်သူ တော်တော်များများမှာ မွေးရာပါ ဝိညာဥ်သွေးကြောတွေ မရှိဘူး။ သူတို့က မှော်လက်နက် နည်းနည်းလေးကို ကောင်းကောင်းအသုံးချပြီး ရန်သူကို အနိုင်ယူကြတယ်။ ဒီဓားကို ပြကြည့်ပါဦး။"
ချိုယုံစစ်၊ အားထိုက်နှင့် မော့ရစ်ကန်းတို့အတွက် လီကျင်လုံ၏ဓားကို အလေးအနက်ထား ကြည့်သည်က ပထမဆုံးအကြိမ် ဖြစ်သည်။ လီကျင်လုံ ပြောလိုက်သည်။
"ဒီဓားက ဟုန်ကျွင့်ရဲ့ဓားပျံနဲ့ ဆက်နွယ်နေသလိုပဲ။"
ဟုန်ကျွင့်လည်း သူ၏လက်ချောင်းများကြားရှိ ဓားပျံကို ထုတ်ကာ ဝိညာဉ်စွမ်းအားကို ထိုးသွင်းရန် ကြိုးစားကြည့်သည်။ တစ်ချိန်တည်းတွင်ပင် ရိုးရှင်းသော အနက်ရောင်ဓားရှည်ကြီးကလည်း ရွှေရောင်အလင်းများဖြင့် တောက်ပလာလေ၏။
"ဝိုး!"
အားလုံး အံ့အားသင့်သွားကြသည်။
ဟုန်ကျွင့်: "ဓားပျံက မိစ္ဆာရဲ့ကိုယ်ထဲကို ဖောက်လိုက်တုန်းက မိစ္ဆာရဲ့စွမ်းအားအရ အသက်ဝင်လာလိမ့်မယ်။ ဒီဓားရှည်နဲ့ ဓားပျံက သံတစ်မျိုးတည်းနဲ့ လုပ်ထားတာ ဖြစ်နိုင်တယ်။"
ချိုယုံစစ်: "ဖြစ်နိုင်တယ်။ နောက်တစ်ခါ ထပ်လင်းလာအောင်လုပ်ပြီး ကြည့်ကြည့်ရအောင်။"
ဓားပျံနှင့် ဓားရှည်တို့သည် အချင်းချင်း ပဲ့တင်ထပ်နေကာ ဓားရှည်ပေါ်၌ စာကြောင်းတစ်ကြောင်း ပေါ်ထွက်လာပြီး တဖြည်းဖြည်း ပိုမိုတောက်ပလာသည်။
"ဒါက... "
ချိုယုံစစ်သည် လီကျင်လုံကို ကြည့်လိုက်ပြီး တစ်ဖန် ဓားကို ပြန်ငုံ့ကြည့်လိုက်သည်။ လီကျင်လုံ မျက်မှောင်ကြုတ်ကာ မေးလေ၏။
"ဘာလဲ။"
"ဒီဓားက ဘယ်လောက်ကျလဲ။"
"ငါးသိန်း ငါးသောင်း။"
"ငါးသိန်း ငါးသောင်းသာဆိုရင် ငါ့ကို ၁၀ လက်လောက် မှာပေးစမ်းပါ။"
ချိုယုံစစ်က ပြုံးပြီး ပြောလိုက်သော်လည်း ဓားကိုတော့ လီကျင်လုံဆီ ပြန်ပေးလိုက်သည်။ ၎င်းတို့အနက် မှော်လက်နက်များအကြောင်း ဗဟုသုတအရှိဆုံးက ချိုယုံစစ်ပင်။ သူက ဤသို့ပြောလာသောအခါ အားလုံးတစ်ပြိုင်တည်း မတ်တတ်ထရပ်သွား၏။
လီကျင်လုံ: "ဒါက ဘယ်လိုမှော်လက်နက်မျိုးလဲ။"
"ဉာဏ်အလင်းဓား။"
"ဘာ?!"
ငါးကြင်းမိစ္ဆာက တအံ့တသြဖြင့် ထအော်လေ၏။
"မင်းသိလို့လား။"
လီကျင်လုံ မေးလိုက်သည်။
ငါးကြင်းမိစ္ဆာ: "မသိဘူး။"
လီကျင်လုံ: "..."
ငါးကြင်းမိစ္ဆာ: "ဒီအချိန်က အံ့သြသွားတဲ့လေထုကို ဖန်တီးသင့်တယ်လို့ ခံစားရလို့လေ။"
လူတိုင်း တိတ်ဆိတ်သွားလေသည်။
***
Aurora Novel Translation Team