အပိုင်း (၁၂) - အင်အားကို နှစ်ပိုင်းခွဲခြင်း
နေ့ခင်းဘက်ရောက်သော် လီကျင်လုံက ဟုန်ကျွင့်ကို ခြံဝင်းထဲမှ အပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့သည်။
မော့ရစ်ကန်းသည် နေရောင်အောက်က ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေပြီး ပါးစပ်ထဲမှာ မြက်ပင်တစ်ပင်ကို ကိုက်ထား၏။ ခြေထောက်တစ်ဖက်ကို နောက်တစ်ဖက်ပေါ်ချိတ်လျက် မျက်လုံးများကို မှေးစင်းထားသည်။ ချိုယုံစစ်က စာအုပ်တစ်အုပ်ကို ထိုင်ဖတ်နေ၏။ အားထိုက်က သူ့လက်ထဲမှ စောင်းကို တီးခတ်နေသည်။
"အားလုံးထကြတော့! မင်းတို့အတွက် ပထမဆုံးတာဝန်ရလာပြီ။"
လီကျင်လုံက ဆိုလိုက်သည်။
"အနောက်ဈေးကို သွားပြီး စိတ်ဝိညာဥ်လွင့်ပန်းမှုန်လို့ခေါ်တဲ့ ဆေးတစ်မျိုးကို ရှာရမယ်။"
"အဲဒါက ဘာလဲ။"
အားလုံးက ဝိုင်းမေးကုန်ကြသည်။
"စိတ်ဝိညာဉ်လွင့်ပန်းမှုန်က အနောက်တိုင်းဒေသကလာတဲ့ ထူးဆန်းတဲ့ ပန်းတစ်ပွင့်။ ဝတ်မှုန်ကူးချိန်မှာ ဝတ်မှုန်လေးတွေ ထွက်လာတယ်။ အဲ့ဒီအမှုန်လေးတွေကို ရှူမိရင် လူတွေက နှာချေပြီး လတ်တလောဖြစ်ပျက်ခဲ့တာတွေကို မေ့ပျောက်သွားနိုင်တယ်။"
လီကျင်လုံက ရှင်းပြလိုက်၏။
"အနာဂတ်မှာ ငါတို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အခါ ထိတ်လန့်တုန်လှုပ်နေတဲ့ သက်သေတွေကို တည်ငြိမ်အောင် ကူညီပေးဖို့အတွက် အသုံးဝင်လိမ့်မယ်။ အဲ့ဒါကြောင့် ကြိုတင် ပြင်ဆင်ထားရမယ်။"
ချိုယုံစစ်၊ မော့ရစ်ကန်းနှင့် အားထိုက်တို့က လီကျင်လုံအား သံသယရှိသော အမူအရာများဖြင့် စိုက်ကြည့်နေကြသည်။
“မရှိရင် ဘယ်လိုလုပ်မလဲ။”
အားထိုက်က မေးလိုက်သည်။
"မရှိနိုင်ဘူး ထင်တယ်။"
ချိုယုံစစ်ကလည်း ပြောလိုက်၏။
"ရှာမတွေ့ရင် တွေ့တဲ့အထိရှာ။ ဒါက အမိန့်ပေးတာ၊ ညှိနှိုင်းနေတာ မဟုတ်ဘူး။ ကဲ၊ သွားကြတော့။"
"ခေါင်းဆောင် အဲ့ဒီဝတ်မှုန်အကြောင်းကို ဘယ်ကကြားလာတာလဲ။"
ထိုစဥ် ဟုန်ကျွင့်က လီကျင်လုံနောက်မှ လက်ကလေးကို အားနည်းစွာ မြှောက်ပြလိုက်ရာ အားလုံးလည်း ခေတ္တမျှ စိတ်ပျက်လက်ပျက် ဖြစ်သွားကြတော့သည်။ လီကျင်လုံ နောက်သို့ လှည့်ကြည့်လိုက်သည်နှင့် ဟုန်ကျွင့် သူ့လက်ကို ချက်ချင်း ပြန်ချလိုက်သည်။
ချန်းအန်မြို့၏ ဆောင်းဦးရာသီ နေ့လယ်ခင်းအချိန်၌ ဟုန်ကျွင့်တစ်ယောက် လီကျင်လုံနောက်ကနေလိုက်ကာ လမ်းမပေါ် လမ်းလျှောက်နေရင်း အခြားလုပ်ဖော်ကိုင်ဖက်သုံးဦးတို့ ဒုက္ခရောက်နေမလား ထပ်ခါတလဲလဲ တွေးနေမိသည်။
အကြာကြီး ရှာဖွေပြီးသည်အထိ ထိုထူးဆန်းသောပန်းကို မတွေ့ပါက ပြန်ရောက်လာလျှင် မိမိ ပြဿနာရှာသည့်အတွက် ဆူပူကြိမ်းမောင်းလာနိုင်ကြောင်း ဟုန်ကျွင့်တစ်ယောက် လျှောက်တွေးနေမိသည်။
"ခေါင်းဆောင်၊ သူတို့ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ။"
"ခေါင်းဆောင်၊ တကယ်တော့လေ စိတ်ဝိညာဥ်လွင့်ပန်းမှုန်က တကယ် အသုံးဝင်ပါ့မလားတော့ မသိဘူးရယ်။"
"ခေါင်းဆောင်၊ ခင်ဗျားဘာလို့ စကားမပြောတော့တာလဲ။"
လီကျင်လုံ: "..."
"ဟင်? ခေါင်းဆောင်၊ ဒါက ဘာလဲ။"
လက်ရှိအချိန်တွင် ထန်မင်းဆက်က စည်ကားသိုက်မြိုက်သော အင်ပါယာတစ်ခုအဖြစ် ထွန်းကားနေပြီး ချန်အန်းမြို့၏ လမ်းမများမှာလည်း လူသူလှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ဟုန်ကျွင့်မှာ လူအုပ်ကြားထဲ လမ်းပျောက်သွားမည်စိုး၍ လီကျင်လုံ၏အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။ ထိုအပြုအမူကြောင့် လီကျင်လုံမှာ အတော်လေး စိတ်မသက်မသာဖြစ်လာသဖြင့် သူ့လက်ကို ခါချလိုက်ရာ ဟုန်ကျွင့်လည်း အလွန်ရှက်ရွံ့သွားခဲ့သည်။
"ခုန်ဟုန်ကျွင့်!"
လီကျင်လုံက အော်လိုက်သည်။
"လမ်းပေါ်မှာ ဟိုဆွဲသည်ဆွဲ မလုပ်စမ်းနဲ့!"
ဟုန်ကျွင့်သည် လေးနှစ်၊ ငါးနှစ်သားအရွယ်ကတည်းက နေ့စဥ်နေ့တိုင်း ချုံမင်၏လက်ကိုဆွဲပြီး အမြီးလေးလို တစ်ကောက်ကောက် လိုက်လေ့ရှိသဖြင့် အကျင့်ပါနေချေပြီ။ ထိုအကျင့်ကြောင့် ယခု သူ လီကျင်လုံဆီကနေ အဆူခံလိုက်ရလေသည်။
လီကျင်လုံက လမ်းကြားများထဲသို့ ဝင်လိုက်၊ ထွက်လိုက်လုပ်ရင်း နောက်ဆုံး အိမ်တံခါးတစ်ချပ်ရှေ့သို့ ရောက်လာခဲ့သည်။ တံခါးခေါက်ပြီးနောက်တွင် အမျိုးသမီးတစ်ဦး၏ အသံတစ်သံ ထွက်လာ၏။ လီကျင်လုံလည်း သူ့နာမည်ကို ပြောကာ တံခါးခုံကို ကျော်ဖြတ်၍ ဝင်သွားခဲ့သည်။
အမျိုးသမီးတစ်ဦးက ခြံဝင်းအပြင်ဘက်မှာ ရင်ခွင်ထဲ၌ နို့စို့ကလေးတစ်ဦးကို ပွေ့ချီလျက် သူတို့နှင့် ဆုံတွေ့ခဲ့သည်။ သူ(မ)က ဧည့်သည်များကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုလိုက်သည်။
ဟုန်ကျွင့်: "တစ်ဆိတ်လောက်ပါ၊ ချန်ကျစ်အန်း အိမ်မှာရှိပါသလား။"
လီကျင်လုံ: "ချန်ကျစ်အန်းက သေသွားတာကြာပြီ!"
လီကျင်လုံက အံကြိတ်လိုက်ပြီး ဟိုကြည့်သည်ကြည့်လုပ်နေသော ဟုန်ကျွင့်ကို လှမ်းဆွဲလိုက်သည်။
"ပေါက်ကရတွေ လျှောက်မမေးနဲ့!"
ဟုန်ကျွင့်မှာ အံ့အားသင့်သွားရသည်။ ပျက်စီးယိုယွင်းနေသော ခြံဝင်း၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် ပိုင်ရှင်မှာ အလွန်အမင်း ဆင်းရဲနွမ်းပါးကြောင်း ထင်ရှားပေ၏။
"သူ့မြေး ဒါမှမဟုတ် မြစ်များရှိလား။ ခင်ဗျားကရော ဘယ်သူလဲ။"
အမျိုးသမီးက ခဏလောက် စဉ်းစားပြီးနောက် ပြောလာ၏။
“အထဲဝင်လာကြပါဦး။”
အမျိုးသမီးက မှိန်ဖျော့ဖျော့အလင်းရောင်ရှိသော ခန်းမဆောင်ထဲရှိ စားပွဲငယ်တစ်ခုမှာ ထိုင်လိုက်သည်။ အမျိုးသမီး၏ရင်ခွင်ထဲမှ အသက်ခြောက်လထက်မပိုသော ကလေးငယ်က ဆာလောင်မှုကြောင့် တအီအီ ငိုကြွေးလာ၏။ ဟုန်ကျွင့်က ထိုကလေးငယ်ကို ချစ်စရာကောင်းကြောင်း ခံစားလိုက်ရပြီး ကလေးငယ်အား ချော့မြှူရန် လက်လှမ်းကာ မိခင်ဖြစ်သူ စကားပြောနေစဉ် ကလေးငယ်ကို သူ၏လက်ချောင်းများဖြင့် ကစားခွင့်ပြုထားလိုက်သည်။
လီကျင်လုံက အမျိုးသမီးနှင့် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောနေခဲ့၏။ ထိုကဗျာဆရာကြီး ချန်ကျစ်အန်းသည် လွန်ခဲ့သော ၅၁ နှစ်ခန့်က သြဇာကြီးမားသော အရာရှိဝူစန်းစစ်နှင့် ရန်ငြိုးဖွဲ့မိရာမှ ထောင်ထဲတွင် မတရားစွာ သေဆုံးသွားခဲ့ကြောင်း သိရှိခဲ့ရသည်။ သူ ကွယ်လွန်ချိန်မှာ သူ၏ တစ်ဦးတည်းသောသားဖြစ်သူ ကျန်ရစ်ခဲ့သော်လည်း နှစ်ပေါင်းများစွာ ကုန်လွန်လာသည်နှင့်အမျှ ချန်မိသားစု၏ လူဦးရေက တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။
နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ တော်ဝင်စာမေးပွဲ ကျရှုံးခဲ့သော တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ မျိုးဆက်သာ ကျန်ရှိတော့သည်။ ၎င်းတို့ရှေ့မှာ ထိုင်နေသော အမျိုးသမီးက သွမ့်ရှစ်ဖြစ်ပြီး သူ(မ)က ထိုလူ၏ဇနီးဖြစ်သည်။
သူ(မ)၏ခင်ပွန်းက တော်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဆောင်ဘွဲ့များရရှိရန်အတွက် ဆင်းရဲမွဲတေမှုနှင့် အခက်အခဲများကြားမှ ဆယ်နှစ်ကျော်တိုင်အောင် ကြိုးစားအားထုတ်ခဲ့သော်လည်း အကြိမ်ကြိမ် ကျရှုံးခဲ့ရပြီးနောက် နောက်တစ်ကြိမ် ထပ်မံမကြိုးစားနိုင်မီ ပြင်းထန်သောအအေးမိဝေဒနာကို ခံစားခဲ့ရသည်။ ကာလရှည်ကြာစွာ နာမကျန်းဖြစ်ပြီးနောက် သူက ကွယ်လွန်သွားခဲ့ပြီး မုဆိုးမတစ်ဦးနှင့် နို့စို့သားငယ်တစ်ဦးကိုသာ ချန်ရစ်ခဲ့တော့သည်။
"သူ့ရဲ့အုတ်ဂူက မြို့ပြင်မှာရှိပါတယ်။ မင်းတို့နှစ်ယောက်က ကွယ်လွန်သူခင်ပွန်းသည်ကို သိလို့လား။ တကယ်လို့ မင်းတို့ တွေ့ချင်ရင် မနက်ဖြန်ကျ ငါ လိုက်ပြပေးနိုင်ပါတယ်။"
သွမ့်ရှစ်က မေးလိုက်သည်။
ဟုန်ကျွင့်၏နှလုံးသားမှာ အေးစက်သော ချောက်နက်ကြီးထဲ နစ်မြုပ်သွားသည့်အလား အေးခဲသွားလေ၏။ နှလုံးမီးအိမ် ပြန်ပေးပြီးလျှင် ချန်မိသားစု၏မျိုးဆက်က သူ့အဖေ၏သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးရန် ကူညီပေးလိမ့်မည်ဟု ပြောခဲ့သည်။ သို့သော် သူ ၎င်းကို ပြန်လည်ပေးအပ်ရန် အောင်မြင်ခဲ့လျှင်တောင် ဤနို့စို့အရွယ်ကလေးငယ်က တစ်ညတည်းနှင့် ကြီးပြင်းလာနိုင်စရာ အကြောင်းမရှိပေ။
"မင်း အဖြေရပြီလား။ ရပြီဆို ပြန်ကြစို့။"
လီကျင်လုံက သွမ့်ရှစ်ဧည့်ခံထားသော ရေခွက်မှ ရေတစ်ငုံသောက်ကာ ပြောလိုက်သည်။
ဟုန်ကျွင့်တစ်ယောက် ထိုအကြောင်းကို တွေးတောနေခဲ့သော်ငြား အဆုံးမှာတော့ သူဘာလုပ်ရမှန်း မသိတော့ပေ။ အနည်းဆုံးတော့ ချန်မိသားစု၏မျိုးဆက်က အသက်ရှင်ကျန်ရစ်ဆဲဖြစ်သည်ဟု သူ ပြန်တွေးလိုက်၏။ သူက ပုလဲလက်တစ်ဆုပ်စာကို ရေတွက်လိုက်ပြီး သွမ့်ရှစ်လက်ထဲ ပေးလိုက်သည်။
"ခင်ဗျားတို့ ဘဝကို ကောင်းကောင်း ရှင်သန်ဖြတ်သန်းကြပါ။ တစ်ခုခုဖြစ်ရင် ကျင်းချန်လမ်းက နတ်ဆိုးနှင်ဌာနမှာ ကျွန်တော့်ကို လာရှာလိုက်ပါ။"
သွမ့်ရှစ်က ပုလဲ၏အဖိုးတန်မှုကို နားလည်သောကြောင့် ကမန်းကတန်း ပြန်ပေးလိုက်သော်လည်း ဟုန်ကျွင့်က ထပ်ခါတလဲလဲ အခိုင်အမာ ပြန်ပေးသဖြင့် သူ(မ)လည်း လက်ခံလိုက်ရသည်။ လီကျင်လုံက ကောင်လေး၏အပြုအမူကြောင့် အလွန်အံ့အားသင့်သွားပြီး ဟုန်ကျွင့်ကို လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
"မင်းက ငါ့ရဲ့ခင်ပွန်းဖြစ်သူနဲ့ သိကျွမ်းတာလား။"
သွမ့်ရှစ်က ကျေးဇူးတင်စကားဆိုရင်း မေးလိုက်သည်။
"မသိပါဘူး။"
ဟုန်ကျွင့်က ရိုးရိုးသားသား ပြန်ဖြေလိုက်၏။
သူတို့နှစ်ယောက်ကြား ကိုးရိုးကားယားနိုင်စွာ တိတ်ဆိတ်သွားခဲ့သည်။ လီကျင်လုံခမျာ ဟုန်ကျွင့် ဘာလုပ်ချင်နေလဲ မသိသည့်တိုင် ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏လက်အောက်ငယ်သားကို ကူညီပေးရန် ရှေ့ထွက်လိုက်သည်။
"ကျွန်တော့်ညီလေးက သူ့ဘဝတစ်လျှောက်လုံး ကဗျာဖတ်ရတာကို အကြိုက်ဆုံးပဲ။ အထူးသဖြင့် ချန်ကျစ်အန်းရဲ့ ကဗျာတွေပေါ့။ သူက အရမ်းသဘောကျခဲ့တာ။"
"အာ....."
သွမ့်ရှစ်က နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်၏။ ကဗျာများကို ဖတ်ရှုခြင်းက ကလောင်တံ၏နောက်ကွယ်မှ ကြီးမြတ်သော စိတ်ဝိညာဉ်များနှင့် ဆက်သွယ်ရသကဲ့သို့ ဖြစ်သဖြင့် ဤလူငယ်လေးက ချန်ကျစ်အန်းကို သူ၏မိတ်ဆွေဟောင်းအဖြစ် သတ်မှတ်ထားခြင်း ဖြစ်နိုင်ပေသည်။
ဟုန်ကျွင့်က သက်ပြင်းချလိုက်ပြီး သူ၏ မျက်ခုံးတန်းများမှာ စိတ်သောကရောက်မှုကြောင့် ပြင်းထန်စွာတွန့်လျိုးလျက် ခန်းမဆောင်အတွင်း လမ်းလျှောက်နေမိသည်။ စားပွဲမှာ ထိုင်နေဆဲဖြစ်သော အခြားနှစ်ယောက်က သူ့ကို ဇဝေဇဝါဖြင့် ကြည့်ရှုနေခဲ့ကြသည်။
"ငါတို့ သွားကြရအောင်။"
လီကျင်လုံက ပြောလိုက်ပြီး သူ၏ ရေခွက်ကို မ'ကာ ကျန်ရှိနေသောရေများကို သောက်လိုက်စဉ် ဟုန်ကျွင့်က စိုးရိမ်ပူပန်စွာဖြင့် သူ့အနောက်ကနေ ဖြတ်သန်းသွားခဲ့သည်။ ထိုအခိုက် ဟုန်ကျွင့်၊ လီကျင်လုံ၊ ကလေးနှင့် အမျိုးသမီးတို့မှာ တစ်ဖြောင့်တည်းဖြစ်သွားသည်ကို မြင်လိုက်ရာ ရုတ်တရက် လီကျင်လုံ၏ခန္ဓာကိုယ်ထဲမှ နှလုံးမီးအိမ်ကို ထုတ်ယူနိုင်မလားဟူသည့် အတွေးတစ်ခု ဝင်လာခဲ့လေသည်။
"ခန္ဓာကိုယ်နဲ့ အရိုးအားလုံးထဲက ဝိညာဉ်အစစ်တွေ ပေါ်လာစေ!"
ရေရွတ်ပြီးသည်နှင့် သူ၏နတ်အလင်းငါးရောင်ကို အသက်သွင်းကာ လီကျင်လုံ၏ကျောပေါ်သို့ ဖိကပ်လိုက်သည်။
တစ်ခဏချင်းအတွင်း ရောင်စုံအလင်းတန်း ငါးရောင်က လီကျင်လုံ၏မရီဒန်များထဲ ဒရောသောပါးဝင်ရောက်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံးအား အလင်းရောင်များအောက်၌ တောက်ပသွားစေခဲ့သည်။
သွမ့်ရှစ်က လန့်ဖျပ်သွားပြီး ကလေးငယ်ကို ပွေ့ဖက်လိုက်သည်။
"ခေါင်း ခေါင်း ခေါင်း ခေါင်းဆောင်လီ! မင်းရဲ့ကိုယ်က အလင်းတွေထွက်နေတယ်၊ ကယ်ကြပါဦး၊ အလင်းတွေထွက်နေတယ်!"
လီကျင်လုံနှင့် သွမ့်ရှစ်တို့ မတုံ့ပြန်နိုင်မီ ဟုန်ကျွင့်က လီကျင်လုံ၏ခန္ဓာကိုယ်ကို နတ်အလင်းငါးရောင်ဖြင့် အလျင်အမြန် ရှာဖွေနေခဲ့သည်။ သို့သော် သူ၏မရီဒန်များက ဗလာနတ္တိ ဖြစ်နေကာ နှလုံးမီးအိမ်ကို လုံးဝ မခံစားမိခဲ့ပေ။
သို့သော် နောက်အခိုက်၌ လီကျင်လုံတစ်ယောက် သူ၏ရင်ဘတ်ထဲမှ ချီစွမ်းအင်နှင့် သွေးများ တစ်ဟုန်ထိုး တက်လာပြီး သူ၏ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ လွတ်ထွက်လုနီးပါး ဖြစ်သွားသည်ဟု ခံစားလိုက်ရ၏။ သူက ရေကို မျိုချနေရင်း ချောင်းဆိုးလိုက်မိရာ ပါးစပ်ထဲမှရေများ ပန်းထွက်သွားပြီး သွမ့်ရှစ်နှင့် သူ(မ)၏ကလေးငယ်ကို စိုစွတ်သွားစေခဲ့သဖြင့် ကလေးငယ်က ချက်ချင်းဆိုသလို အော်ဟစ်ငိုယိုတော့သည်။
.....
တစ်နာရီ ကြာပြီနောက် နတ်ဆိုးနှင်ဌာန၌။
"မင်း ဘာလုပ်တာလဲ!"
လီကျင်လုံက ဟုန်ကျွင့်ကို အော်ငေါက်နေခြင်းပင်။
"မင်းရဲ့လစာကို လဝက်စာ ဖြတ်ပစ်မယ်!"
ဟုန်ကျွင့်က အကယ်၍ ၎င်းက ခေါင်းဆောင်၏ဒေါသကို ပြေလျော့စေမည်ဆိုပါက လစာတစ်လစာလုံးကို ဖြတ်တောက်နိုင်ပါသည်ဟု ပျာပျာသလဲ အကြံပြုလိုက်သည်။
"ငါ မင်းကို စိတ်ဆိုးအောင် တစ်ခုခု လုပ်ခဲ့မိလို့လား။ မင်းက ဘာဖြစ်လို့ အကြိမ်တိုင်းမှာ ငါ့ကို လူပြက်တစ်ယောက်ဖြစ်အောင် အမြဲတမ်း လုပ်နေရတာလဲ။"
လီကျင်လုံမှာ ဒေါသကြောင့် အသားများတောင် တဆတ်ဆတ် တုန်လာခဲ့၏။
"ဒါက မယုံနိုင်စရာကောင်းလွန်းတော့ ကျွန်တော်ပြောလိုက်ရင်လည်း ခင်ဗျား ကျွန်တော့်ကို မယုံမှာကြောက်လို့ပါ!"
လီကျင်လုံက လှည့်ထွက်သွားရန် ပြင်လိုက်သည့်အခိုက် ဟုန်ကျွင့် တစ်ဖက်လူ၏အင်္ကျီစကို လှမ်းဆွဲထားလိုက်လေသည်။
လီကျင်လုံက ၎င်းကို ဖယ်ချလိုက်၏။
"ငါ မင်းကို အပြစ်ပေးမယ်။ နံရံကို မျက်နှာမူပြီး ရပ်နေ! ညစာစားတဲ့အချိန်အထိ အဲ့မှာပဲ ရပ်နေ!"
"မင်း ဘာပြဿနာ ထပ်ရှာလာပြန်ပြီလဲ။"
ထိုအခိုက်အတန့်၌ ငါးကြင်းမိစ္ဆာက ရေကန်ထဲက တက်လာပြီး မေးလေ၏။
"နောက်ဆုံးတော့ မင်းကို ထိန်းချုပ်နိုင်တဲ့သူတစ်ယောက် ပေါ်လာပြီပဲ!"
ဟုန်ကျွင့်က ငါးကြင်းမိစ္ဆာကို အံကြိတ်ပြကာ မကျေနပ်ကြောင်း ထုတ်ဖော်ပြသလိုက်သည်။ သို့သော်လည်း လီကျင်လုံတစ်ယောက် ထွက်သွားပြီး သိပ်မကြာမီမှာပင် ခြံဝင်းထဲသို့ ပြန်ရောက်လာ၏။
"ဘယ်လောက်တောင် မယုံနိုင်စရာကောင်းနေလို့လဲ။"
သူက ဟုန်ကျွင့်ရှေ့မှာ ရပ်လိုက်၏။
"မင်းနောက်ပြောင်တာမျိုး မဟုတ်သရွေ့ မင်းကို အပြစ်ပေးမှာ မဟုတ်ဘူး။ ဒီတော့ သေချာပြောပြ!"
၎င်းကို မြင်လိုက်ရသည်နှင့် ဟုန်ကျွင့်လည်း သူ့မှာ ရွေးချယ်စရာ မရှိတော့ကြောင်း သိလိုက်ကာ လီကျင်လုံနှင့် သူ၏ရန်ပွဲအကြောင်း အားလုံးကို ပြောပြလိုက်ရတော့သည်။ သူက နှလုံးမီးအိမ်ကို လီကျင်လုံ၏ခန္ဓာကိုယ်ထဲကနေ ထုတ်ယူပြီး ထိုမှတစ်ဆင့် ချန်ကျစ်အန်း၏မျိုးဆက်ဆီ လွှဲပြောင်းပေးကာ သူ၏တာဝန်ကို ပြီးမြောက်စေရန် မျှော်လင့်ကြောင်း ရှင်းပြခဲ့သည်။
အချိန်အတော် ကြာသွားသည်အထိ လီကျင်လုံဘက်က စကားတစ်ခွန်းမှ ပြောမလာရာ ဟုန်ကျွင့်လည်း အနည်းငယ် စိတ်ဓာတ်ကျသွားတော့သည်။
"ချင်းရှုံသာ ဒီမှာရှိနေရင် အရမ်းကောင်းမှာပဲ။"
"ဒါဆို မင်းပြောချင်တာ နှလုံးမီးအိမ်က မတော်တဆ ငါ့ခန္ဓာကိုယ်ထဲကို ဝင်သွားတာလား။"
"ကျွန်တော်လည်း မသေချာဘူး။"
လီကျင်လုံ၏မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသည်ကို မြင်လိုက်ရသဖြင့် ဟုန်ကျွင့်က ခပ်သွပ်သွပ်လေး ဆက်ပြောလိုက်သည်။
"ခင်ဗျားဆီမှာ မရှိရင်တော့ ဒုက္ခရောက်ပြီ။ တကယ်လို့ နှလုံးမီးအိမ် ပျောက်သွားရင် ကျွန်တော့်တာဝန် ပျက်စီးသွားပြီး ကျွန်တော် အိမ်ပြန်နိုင်မှာလည်း မဟုတ်တော့ဘူး။ ခေါင်းဆောင်... ကျွန်တော် ခင်ဗျားအပေါ် မကောင်းတဲ့စိတ် မရှိပါဘူး။ ပြီးတော့ ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စဖြစ်လို့ ကျွန်တော် ဘယ်တော့မှ ပြဿနာမရှာပါဘူး။"
ငါးကြင်းမိစ္ဆာက ဝင်ပြောလိုက်သည်။
"အဲ့ဒါက အမြဲမမှန်ဘူး! မင်းဘာသာမင်း မကောင်းတဲ့စိတ် ရှိရှိ၊ မရှိရှိ မင်းက အမြဲတမ်း ပြဿနာလိုက်ရှာနေတတ်တာ!"
"ဝင်မနှောက်ယှက်နဲ့!"
ဟုန်ကျွင့်နှင့် လီကျင်လုံတို့က တစ်ချိန်တည်းတွင် ငါးကြင်းမိစ္ဆာဘက်သို့ လှည့်အော်လိုက်ကြသလို ဟုန်ကျွင့်က ထပ်ပေါင်းပြောလိုက်သေးသည်။
"မင်းရဲ့ရေကန်ထဲကိုသာ ပြန်သွားစမ်းပါ။"
ဤသို့ဖြင့် ငါးကြင်းမိစ္ဆာကလည်း ၎င်း၏အမြီးကို ခါယမ်းကာ ထွက်ပြေးသွားခဲ့တော့သည်။
လီကျင်လုံ: "ဒါဆို အတည်ပြုကြည့်။ ငါ မင်းနဲ့ ပူးပေါင်းပေးမယ်။"
"ဒါဆို ကျွန်တော် စလိုက်ရတော့မလား။"
လီကျင်လုံက ဟုန်ကျွင့်ကို အရှေ့ဘက်ဆောင်ရှိ စင်္ကြံဆီသို့ ခေါ်ဆောင်သွားပြီး တံစက်မြိတ်အောက်၌ ဘေးချင်းကပ် ထိုင်လိုက်ကြသည်။ ထို့နောက် လီကျင်လုံက သူ၏အင်္ကျီကြယ်သီးကို ဖြုတ်ကာ နေရောင်အောက်တွင် သူ၏ဂျုံရောင်အသားအရေနှင့် တောင့်တင်းနေသော ကြွက်သားများကို ထုတ်ဖော်ပြသလိုက်သည်။
"စိတ်လျှော့ထား။"
ဟုန်ကျွင့် ဆိုလေ၏။
"နည်းနည်းတော့ မသက်မသာဖြစ်လိမ့်မယ်။"
ဟုန်ကျွင့်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူကိုယ်တိုင်လည်း စိတ်လျှော့ထားလိုက်သည်။ စိတ်ထဲကနေ နှလုံးမီးအိမ်ကို ရှာတွေ့ပါစေကြောင်း ဆုတောင်းနေမိ၏။ ထို့နောက် လီကျင်လုံ၏ရင်ဘတ်ပေါ်သို့ သူ့လက်ကို ဖိကပ်လိုက်ပြီး တစ်ဖက်လူ၏မရီဒန်များထဲ နတ်အလင်းငါးရောင်ကို ထိုးသွင်းလိုက်သည်။
လီကျင်လုံက ဆတ်ခနဲ တုန်ယင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံးက ချီစွမ်းအင်နှင့် သွေးများ တစ်ဟုန်ထိုး တက်လာသည်အား ထင်ထင်ရှားရှား ခံစားလိုက်ရ၏။ ထို့နောက် ချက်ချင်းဆိုသလို နတ်အလင်းငါးရောင်၏ စွမ်းအင်များက သူ့နှလုံးသားထဲသို့ တိုးဝင်လာလေတော့သည်။
ဟုန်ကျွင့်တစ်ယောက် အသေအချာ အာရုံစိုက်နေသည့် အခိုက်အတန့်၌ အနောက်ဘက်ကနေ အသံတစ်သံ ထွက်လာ၏။
"ဒီမှာ ဘာတွေဖြစ်နေကြတာလဲ! ခေါင်းဆောင်လီ! မင်း ဘာလုပ်နေတာလဲ!"
တရားစီရင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် အုပ်ချုပ်ရေးအရာရှိတစ်ဦးက လီကျင်လုံ၏ အပေါ်ပိုင်း အဝတ်ဗလာနှင့် ပုံစံကြောင့် ကြောင်အမ်းသွားခဲ့ကြသည်။ လီကျင်လုံ၏ရှေ့တွင် ထိုင်နေသည့် လူငယ်လေးတစ်ဦးကလည်း လက်ဖဝါးနှစ်ဖက်ကို ဆန့်ကာ လီကျင်လုံ၏ ရင်ဘတ်ကြွက်သားများကို ဆုပ်ကိုင်ထားလေသည်။
ဟုန်ကျွင့်က ချက်ချင်း ရပ်လိုက်ရသော်လည်း နောက်ဆုံး အခိုက်အတန့်၌ သူ ခံစားလိုက်မိ၏။ လီကျင်လုံ၏ နှလုံးသားထဲတွင် အညှောင့်မပေါက်သေးသော မျိုးစေ့လေးကဲ့သို့ အလွန်အားနည်းသော စွမ်းအင်တစ်ခုရှိနေသည်။
ပါးပြင်များ နီမြန်းလျက် လီကျင်လုံသည် ဟုန်ကျွင့်ကို သူ၏နောက်သို့ တွန်းပို့လိုက်ပြီး သူ၏ အင်္ကျီများကို ပျာပျာသလဲ ပြန်လည် ဝတ်ဆင်လိုက်သည်။ ဒေါသနှင့် အနေရခက်မှုတို့က သူ၏ မျက်နှာပေါ်တွင် စစ်ခင်းနေသော်လည်း သူ ဒေါသမထွက်ရဲချေ။ သူသည် တည်ကြည်သောလေသံကို ဖန်တီးလျက် သူ၏ လက်များကို လက်သီးဆုပ်ကာ ပြောလိုက်သည်။
"တရားသူကြီးဟွမ်ကိုး.. ကျေးဇူးပြုပြီး အထဲကို ကြွပြီး လက်ဖက်ရည်သောက်ပါဦး။"
ဟုန်ကျွင့်တစ်ယောက် ပျော်သွားခဲ့သည်။
ရှာတွေ့ပြီ။ ရှာတွေ့ပြီ။
လက်ရှိ သူတွေ့ကြုံရသော ဒုက္ခမှာ နောက်ဆုံးတော့ ပြေလည်သွားချေပြီ။ တစ်ယောက်တည်း ခြံဝင်းထဲ ခုန်ပေါက်နေစဥ် လီကျင်လုံက ဒေါသတကြီးဖြင့် လှည့်အော်လာ၏။
"ခုန်ဟုန်ကျွင့်!"
ဟုန်ကျွင့်ခမျာ ကပျာကယာ အမူအရာထိန်းလိုက်ကာ လီကျင်လုံ၏ လက်သီးဆုပ်များအတိုင်း အတုယူ၍ အလုပ်များနေသော တရားစီရင်ရေးရုံးမှ ဒုတိယတရားသူကြီးဟွမ်ရုံကို နှုတ်ဆက်လိုက်လေသည်။
"အဲ့လို ယဉ်ကျေးနေစရာ မလိုပါဘူး။"
ဟွမ်ရုံက လက်ဝှေ့ယမ်းလိုက်သည်။
"တရားစီရင်ရေးရုံးကနေ မင်းတို့ဆီကို အမှုတစ်ခု လွှဲပြောင်းပေးထားတယ်။ အမတ်ယန်ကလည်း သေချာပေါက် ရှင်းပြထားပြီးဖြစ်တဲ့အတိုင်း ငါတို့ရဲ့ ကြားဝင်ဆောင်ရွက်မှု မလိုအပ်တဲ့ ဘယ်အမှုကိုမဆို ပုံတူတစ်စောင် မင်းတို့ဆီ ပို့ပေးလိမ့်မယ်။ ဒါက မှတ်တမ်းတင်အရာရှိ လျန်ဟောက်၊ နောင်မှာ သူက ငါတို့ ဌာနနှစ်ခုကြား ဆက်သွယ်ရေးကို တာဝန်ယူလိမ့်မယ်။ ယခုအခါ နတ်ဆိုးနှင်ထုတ်ရေးဌာနကို တရားဝင် ပြန်လည်ဖွဲ့စည်းပြီးပြီ ဖြစ်လို့၊ ဧကရာဇ်မင်းမြတ်နဲ့ အမတ်ချုပ်ယန်ကလည်း မင်းအပေါ် အရမ်းအကောင်းမြင်ထားတယ်။ မင်းတို့အနေနဲ့ တိုင်းပြည်အတွက် အမှုကိစ္စတွေကို စိတ်ရောကိုယ်ပါမြှုပ်နှံပြီး ကိုင်တွယ်ရမယ်။”
လီကျင်လုံက ခေါင်းညိတ်ပြလိုက်သည်။
ဟွမ်ရုံနှင့် လျန်ဟောက်တို့နှစ်ယောက် ထွက်သွားပြီး သိပ်မကြာခင်မှာပင် နံရံအပြင်ဘက်မှ လှောင်ရယ်သံများ ထွက်လာလေတော့၏။
"လီကျင်လုံက အစိုးရရုံးမှာ နေ့ခင်းကြောင်တောင်ကြီး နို့တိုက်နေတယ်တဲ့ဟေ့! ဟားဟားဟား..."
လီကျင်လုံ: "..."
***
Aurora Novel Translation Team