အပိုင်း (၁၀) - အရာအားလုံး အသစ်တစ်ဖန် (၁)
လီကျင်လုံက ပြန်မဖြေဘဲ မီးအိမ်အောက်၌သာ သူ့အလုပ်သူ လုပ်နေသောကြောင့် ဟုန်ကျွင့်လည်း တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်သည်။
"ထွက်သွား!!"
လီကျင်လုံက ဆတ်ခနဲ လှည့်အော်လာ၏။
"ခေါင်းဆောင်တစ်ယောက်ရဲ့ အိပ်ခန်းထဲကို လက်လွတ်စပယ်ဝင်လာဖို့ မင်းကို ဘယ်သူက သင်ပေးထားလဲ။"
ဟုန်ကျွင့်ခမျာ သူ့ခေါင်းလေးကို ကုတ်လျက် အခန်းအပြင်ကို ပြန်ထွက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ ငါးကြင်းမိစ္ဆာက ဟုန်ကျွင့်၏ခြေရင်း၌ ရပ်နေခဲ့ပြီး သူ့ခေါင်းကို တံခါးခြေနင်းခုံပေါ်တင်ကာ အတွင်းထဲကို ချောင်းကြည့်နေလိုက်သည်။
လီကျင်လုံက ခုတင်ပေါ်၌ ခါးမတ်မတ်ထိုင်လျက် ဟုန်ကျွင့်ကို စိုက်ကြည့်နေခဲ့သည်။
"ကျွန်တော် ခင်ဗျားကို ဒုက္ခရောက်စေခဲ့တာလား။ ပြဿနာက တော်တော်ကြီးသွားလား။"
ဟုန်ကျွင့် မေးပြီးနောက် လီကျင်လုံဘက်က အသက်ပြင်းပြင်းရှူနေရာ ဒေါသထွက်တော့မည် ထင်လိုက်သဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိလေ၏။
"မင်းအသက် ဘယ်လောက်ရှိပြီလဲ။"
လီကျင်လုံက ထိုကောင်လေးကိုကြည့်ပြီး မေးလိုက်သည်။ ဟုန်ကျွင့်လည်း သူ့အသက်အရွယ်ကို အစီရင်ခံလိုက်သည်။
"မင်းရဲ့မိစ္ဆာကိုပဲ ဂရုစိုက်! ခိုးထွက်ပြီး လူတွေကို ကြောက်အောင် လုပ်မိရင် နှစ်ယောက်စလုံး အိမ်ပြန်လိုက်တော့။ နောက်ဘယ်တော့မှ ထပ်မလာနဲ့။"
ငါးကြင်းမိစ္ဆာမှာ ထိုလေသံအား ငြီးငွေ့လာသောကြောင့် မျက်ဖြူလှန်ပြလိုက်သော်လည်း ဟုန်ကျွင့်ကတော့ ပြန်ပြောလိုက်လေသည်။
"ကျွန်တော့်ကို နှင်မထုတ်ပါနဲ့၊ သတိထားပါ့မယ်။ ကျွန်တော် အခု အိမ်ပြန်လို့မရသေးလို့ပါ။"
လီကျင်လုံက လန့်ဖျပ်သွားပြီး ချာခနဲ လှည့်ကြည့်လိုက်သောအခါ ဟုန်ကျွင့်တစ်ယောက် အနောက်ဘက်ခြံဝင်းဆီသို့ ပြန်ပြေးသွားလေပြီ။
အိပ်ခန်းက ဖုန်များထူထပ်နေ၏။ ဟုန်ကျွင့်ခမျာ အိပ်ရာမရှိသောကြောင့် တစ်ညလုံး အနားယူနိုင်ရန် သစ်သားပြားကိုရှာကာ အိပ်ရာလုပ်ရန် ပြင်လိုက်သည်။ ထိုစဥ် မော့ရစ်ကန်းက သိုးမွေးအင်္ကျီကို သစ်သားပြားပေါ်တွင် ဖြန့်ခင်းထားသည်အား မြင်လိုက်ရလေသည်။ သစ်သားပျဉ်ပြားပေါ်တွင် ဖြန့်ခင်းထားသော သိုးရေဖြင့် ပြုလုပ်ထားသည့် အမဲလိုက်ဝတ်စုံကို တွေ့လိုက်ရ၏။ ၎င်းမှာ မော့ရစ်ကန်းက သူ့အတွက် စောင်အဖြစ်သုံးရန် ချန်ထားခဲ့ခြင်း ဖြစ်ပုံရသည်—ဟုန်ကျွင့်က သူ၏ ညစ်ပတ်နေသော အဝတ်အစားများကို စုပုံကာ ခေါင်းအုံးအဖြစ် အသုံးပြုပြီး လဲလျောင်း အိပ်စက်လိုက်တော့သည်။
နောက်တစ်နေ့ မနက်ရောက်သော လီကျင်လုံတစ်ယောက် ခြံရှေ့က ကွင်းပြင်ထဲ၌ ရပ်နေ၏။ ဒါဇင်နှင့်ချီသော အထမ်းသမားများက အိတ်ကြီးအိတ်ငယ်များကို ထမ်းကာ ခြံထဲ ဝင်လာကြသည်။
"အထဲမှာ ထား!"
အထမ်းသမားများကို စေခိုင်းရင်း ပိုက်ဆံကိုလည်း ပြန်တွက်နေ၏။ ဟုန်ကျွင့်က အံ့သြနေသည့် မျက်လုံးဝိုင်းလေးဖြင့် ရှေ့ကို လှမ်းကြည့်လိုက်သောအခါ အိပ်ရာ၊ ချည်သားစောင်နှင့် အခြားပစ္စည်းများအပြင် နေ့စဉ်သုံးပစ္စည်းများ၊ အိုးခွက်များ၊ စာကြည့်ခန်းအတွက် စာရေးကိရိယာများလည်းပါကာ အားလုံးကို လီကျင်လုံက ဝယ်ခဲ့ကြောင်း ထင်ရှားလှသည်။
"ဝါး... ဒါတွေက ကျွန်တော်တို့အတွက်လား။"
ဟုန်ကျွင့်တစ်ယောက် တအံ့တသြဖြင့် မေးလိုက်သည်။
"ကုန်ကျစရိတ်ကို ငါတို့ အချိုးကျ ခွဲဝေကြမယ်၊ ကုန်ကျစရိတ်ကို မင်းတို့ရဲ့ လစာထဲကနေ ဖြတ်မှာ။"
လီကျင်လုံက ပြောပြောဆိုဆိုဖြင့် အနောက်ဘက်ခြံဝင်းဆီသို့ လျှောက်သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။ ၎င်းမှာ အားထိုက်နှင့် ချိုယုံစစ်တို့၏ အခန်းတံခါးဖြစ်ပြီး တံခါးပွင့်သွားသည်နှင့် လီကျင်လုံက အော်ငေါက်ပစ်လိုက်သည်။
"အကုန်ထွက်ခဲ့!! မင်းတို့နှစ်ယောက် ညနက်သန်းခေါင်ကြီး မအိပ်ဘဲ ဘယ်တွေသွားခဲ့တာလဲ။"
အားထိုက်နှင့် ချိုယုံစစ်တို့မှာ ၎င်းတို့၏ လျှို့ဝှက်ဆန်းပြားသော စွန့်စားခန်းမှ ခိုးဝင်လာပြီးနောက် လေးနာရီခန့်သာ အိပ်ရသေးသည်။ ၎င်းတို့က ထိတ်လန့်တုန်လှုပ်စွာဖြင့် အိပ်ရာကနေ ကပျာကယာထလာကြသည့်ပုံစံမှာ သနားစဖွယ်ကောင်းနေတော့သည်။
လီကျင်လုံက လူတိုင်းကို နှိုးပြီးနောက် သူတို့အတွက် ပြင်ဆင်ထားသော ပစ္စည်းများကို အခန်းထဲသို့ သယ်ခိုင်းခဲ့ပြီး နတ်ဆိုးနှင်ဌာနကို သန့်ရှင်းရေးလုပ်ရန်နှင့် ပြန်လည်မွမ်းမံရန်အတွက် ခြံဝင်းအလယ်မှာ တတ်နိုင်သမျှ အမြန်ဆုံး စုဝေးရန် အမိန့်ပေးလိုက်သည်။
နတ်ဆိုးနှင်သူလေးယောက်နှင့် ငါးတစ်ကောင်တို့က ပျင်းရိနေကြစဉ် လီကျင်လုံက သုံးရက်တိုင်တိုင် ခွေးတစ်ကောင်လို ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသည်။ ၎င်းတို့က ခြံဝင်းထဲမှာ လျှောက်သွားရင်း အားထိုက်၏ စောင်းသံနှင့်အတူ သီချင်းဆိုကာ ဘာအလုပ်မှ မရှိသကဲ့သို့ ပျော်ပါးနေခဲ့ကြသည်။ လီကျင်လုံ ငှားရမ်းထားသော ဆေးသုတ်သမားများနှင့် ပန်းရန်သမားများကတောင် နံရံများနှင့် တိုင်လုံးများကို ပြင်ဆင်ရန် ခေါင်းဆောင် သန့်ရှင်းရေးလုပ်ပြီးသည်ကို စောင့်ဆိုင်းနေကြရသည်။
လီကျင်လုံ အလုပ်ပြီးသွားချိန်၌ နတ်ဆိုးနှင်ဌာနတစ်ခုလုံးက မှတ်မိနိုင်စရာမရှိအောင် ပြောင်းလဲသွားခဲ့လေသည်။
ဆီးနှင်းကဲ့သို့ ဖြူဖွေးသောနံရံများနှင့် အနီရောင်တိုင်လုံးများက မျက်စိတစ်ဆုံး သွယ်တန်းနေသည်။ တံခါးများနှင့် ပြတင်းပေါက်များ၊ ဟင်းလင်းပြင်ထဲရှိ ရေညှိကွက်များ၊ ပင်မခန်းမတွင် တည်ဆောက်ထားသော နိမ့်နေသော ထိုင်ခုံများ၊ အိပ်ရာခင်း၊ လက်ဖက်ရည်စားပွဲများကအစ အားလုံးကို အသစ်ဖြင့် အစားထိုးထားသည်။
အရှေ့ဘက်ခန်းမ၌ ရွှေရောင်ရုပ်တုတစ်ခုရှိသည်။ ခြံဝင်းအတွင်းရှိနေရာတိုင်းမှာ ဖီးနစ်ဝါးများရှိနေပြီး ၎င်းတို့က ဆောင်းဦး၏နေရောင်အောက်တွင် ရွှန်းလဲ့တောက်ပနေ၏။ အိမ်နောက်ဖေးရှိ ကျောက်စရစ်လမ်းကိုလည်း ပြန်ခင်းထားပြီး ရေကန်ထဲမှာ ရွှေငါးတချို့လည်း ကူးခတ်လျက်ရှိသည်။ ထိုနေရာ၌ ငါးကြင်းမိစ္ဆာ၏နေအိမ်ကို ညွှန်ပြသည့်အနေဖြင့် "ကျောက်ကျစ်လုံ" ဟူသော သစ်သားဆိုင်းဘုတ်တစ်ခုကိုလည်း စိုက်ထူထားသည်။
စင်္ကြံအောက်ရှိ ရေစီးသံက ညင်ညင်သာသာလေး ပေါ်ထွက်နေပြီး စမ်းချောင်းထဲ ရောက်နေသည့်အလား ခံစားရစေ၏။ ခြံဝင်းထဲရှိ သက်တမ်း ၇၀ ကျော် သဖန်းပင်တစ်ပင်က နေရောင်အောက်မှာ မားမားမတ်မတ်တည်ရှိနေသည်။
ခန်းမဆောင်ကြီးရှိ ထိုင်ခုံအသစ်၏အရှေ့မှာ လက်ဖက်ရည်ခွက်များကို သပ်ရပ်စွာ မှောက်ထားသော လက်ဖက်ရည်ပစ္စည်း အစုံအလင်တင်ထားသည့် စားပွဲတစ်ခုကို ချထားသည်။ လီကျင်လုံက အခြားသူများနှင့် သီးခြားဖြစ်သော အရှေ့ဘက်ဆောင်ရှိ အိပ်ဆောင်ကို ရွေးချယ်ခဲ့ပြီး၊ ၎င်းက ဌာန၏ ဘုံနေရာများဖြစ်သည့် လက်နက်တိုက်၊ ဆေးပေးခန်းနှင့် စာဖတ်ခန်းတို့နှင့် နီးကပ်သည်။
စာဖတ်ခန်းထဲမှာ တိရန်ကျယ်ချန်ထားခဲ့သော စာအုပ်များနှင့် အမှုတွဲမှတ်တမ်းများ မြင့်မားစွာပုံထားသည့် စာအုပ်စင် တစ်ဒါဇင်ခန့် ရှိနေသည်။
ယခု အခန်းတိုင်းမှာ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှည်လျားသော သစ်သားလျှောတံခါးအသစ်များ ရှိနေသဖြင့် သဘာဝအလင်းရောင်ကို ကောင်းစွာ ရရှိစေသည်။ ဟုန်ကျွင့်တစ်ယောက် စင်္ကြံလမ်း၌ ခြေဗလာဖြင့် ပြေးလွှားကြည့်လိုက်သော် ကြမ်းပြင်မှာလည်း အညစ်အကြေးများ ကင်းစင်နေကြောင်း တွေ့လိုက်ရသည်။ အခန်းတိုင်းကိုလည်း ၎င်းတို့၏သဘာဝအလိုက် ကိုယ်စီ အလှဆင်ထားကြောင်း သတိပြုမိခဲ့သည်။
မော့ရစ်ကန်း၏အခန်းရှိ ခပ်နိမ့်နိမ့် စားပွဲမှာ ကျားသားရေဖြင့် ဖုံးလွှမ်းထားပြီး နံရံမှာ အနောက်တိုင်းဈေးမှ ဝယ်ထားသော လေးကို ချိတ်ဆွဲထားသည်။ အားထိုက်၏အခန်းမှာ ထူးခြားဆန်းပြားသော စောင်များ၊ ကျောက်စိမ်းများ၊ ရောင်စုံကျောက်များဖြင့် ပြုလုပ်ထားသော ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။
ချိုယုံစစ်၏အခန်းထဲမှာ နာမည်ကျော် ပန်းချီဆရာ ကျန်ဇီချန်း၏ "နွေဦးခရီးစဉ်" ပန်းချီကားကို နံရံတစ်ခုမှာ ချိတ်ဆွဲထားပြီး နုညက်လှပသော စိမ်းပြာရောင် လက်ဖက်ရည်ခွက်များနှင့် ပန်းအိုးများဖြင့် အလှဆင်ထားသည်။
ဟုန်ကျွင့်၏အခန်းတွင်မူ နံရံနှင့်ကပ်လျက် ရှိသော ခုတင်တစ်လုံးသာရှိပြီး တစ်ခန်းလုံး အလွတ်အတိုင်းပင်။ လီကျင်လုံက ၎င်းကိုသတိပြုမိသွားသောအခါ သူက အနုပညာလက်ရာ သုံးခုကို ရွေးချယ်ပြီး ဟုန်ကျွင့်ထံသို့ ပစ်ပေးကာ သူ့ဘာသာသူ ချိတ်ဆွဲရန် ညွှန်ကြားလိုက်သည်။
တစ်ခုမှာ ပန်းချီဆရာကျန်းရွှီ၏ လက်ရေးလှပန်းချီ၊ တစ်ခုမှာ ကျန်းစန်းယောင်၏ "ငှက်တစ်ရာ" ဖြစ်ပြီး နောက်တစ်ခုက အခြားနာမည်ကြီး အနုပညာရှင်တစ်ဦးဖြစ်သည့် လီစစ်ရွှင့်၏ "ရွှေရောင်ရှုခင်း" ဖြစ်၏။
ဟုန်ကျွင့်တစ်ယောက် အနုပညာရှင်များ၏ တံဆိပ်တုံးများကို မသိရှိသလို ဤလက်ရာများ မည်မျှတန်ဖိုးရှိကြောင်း မသိသဖြင့် စိတ်ကူးပေါက်သလိုသာ ချိတ်ဆွဲလိုက်သည်။ အနည်းဆုံးတော့ ကျန်းစန်းယောင်၏ "ငှက်တစ်ရာ" ပန်းချီကားက သူ့ကို ယောက်ကျင်းနန်းတော်ရှိ နေ့ရက်များကို ပြန်သတိရကာ ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရလေသည်။
နတ်ဆိုးနှင်ဌာနက ယခု လုံးဝ ပြုပြင်မွမ်းမံပြီးသွားချေပြီ။ ဤနေရာက ချန်းအန်မြို့၏ မြို့တော်အတွင်း အလှပဆုံးနှင့် အသပ်ရပ်ဆုံးသော အစိုးရရုံးခန်း ဖြစ်လာခဲ့သည်ဟုပြောလျှင် ချဲ့ကားပြောရာမရောက်ပေ။ ဤလမ်းကြားရှိ နေအိမ်သည် မူလက နာမည်ကြီးဗိသုကာပညာရှင် ယွီဝမ်ခိုင်၏နေရာဖြစ်ခဲ့ပြီး ထန်မင်းဆက်ကို လော့ယန်မှ ချန်အန်းသို့ ပြောင်းရွှေ့စဥ်က တိရန်ကျယ်၏တပည့် လော့ကျင်းထုံးက ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အစကတည်းက သဘာဝအလင်းရောင်နှင့် ရေအရင်းအမြစ် အစုံအလင်ကို ရရှိထားပြီးဖြစ်ကာ လီကျင်လုံ၏ ကြိုးပမ်းအားထုတ်မှုကြောင့် လူတိုင်း၏အိမ်အသစ် ဖြစ်လာခဲ့သည်။
ဌာနတွင်း ပြောင်းလဲမှုများက ပြန်လည်မွမ်းမံခြင်း သက်သက်မျှသာ မဟုတ်ချေ။ နတ်ဆိုးနှင်သူ လေးယောက်ကလည်း လီကျင်လုံအပေါ် အမြင်သစ်များ စတင်ရရှိလာကြသည်။ ပထမနေ့တွင် ၎င်းတို့၏ အကြီးအကဲသစ်အား စွမ်းရည်မရှိဟု ထင်မှတ်ခဲ့ကြသော်လည်း မော့ရစ်ကန်း၊ အားထိုက်နှင့် ချိုယုံစစ်တို့သည် သူ၏ အစီအစဉ်များကို ဇွဲနပဲဖြင့် ရှေ့ဆက်လုပ်ဆောင်နေသည့်အပေါ် အံ့အားသင့်သွားကြသည်။ ၎င်းတို့တွေ မည်မျှပျင်းရိနေပါစေ လီကျင်လုံသည် သူ့အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်ခဲ့သည်။ နောက်ဆုံးတွင် သူက ၎င်းတို့၏ အခန်းသစ်များကိုတောင် တစ်ခန်းပြီးတစ်ခန်း ကိုယ်တိုင် သန့်ရှင်းရေး လုပ်ပေးခဲ့သေးသည်။
"အားလုံး အဆင်ပြေပြီ။"
အလယ်ခန်းမမှာ စုဝေးမိကြစဉ် လီကျင်လုံက နဖူးမှချွေးများကို သုတ်ရင်း ထိုင်လိုက်ကာ ဖိသိပ်ထားသော လက်ဖက်ခြောက်ရွက်တစ်တုံးကို ခွဲလိုက်ရင်း ပြောလိုက်သည်။
"ငါလုပ်ပေးမယ်..."
ချိုယုံစစ်က လက်ဖက်ရည်ရွက်များဆီသို့ အချက်ပြရင်း ပြောလိုက်သည်။
လီကျင်လုံက သူ့ကို လက်ဖက်ရည်ပြင်ဆင်ရန် ခွင့်ပြုလိုက်သည်။ ဆောင်းဦးပေါက်၏ကောင်းကင်ကြီးက ခေါင်မိုးထက်တွင် မြင့်မားကာ ကြည်လင်နေပြီး ကြေးအိုးထဲတွင် ရေဆူလာစဉ် လူတိုင်းက ခန်းမကြီးထဲထိုင်လျက် လက်ဖက်ရည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
"အရင်တုန်းက ငါ ဒီကိစ္စကို တွေးနေခဲ့တာ။"
လီကျင်လုံက ဘာမှမထူးခြားသည့် မျက်နှာထားဖြင့် ဆိုလာသည်။
"နတ်ဆိုးနှင်ဌာနက တာဝန်တွေ ပြန်စတင်တာ မကြာသေးလို့ ဒီပြန်လည်မွမ်းမံမှုကို အခွင့်ကောင်းယူပြီး ငါတို့အတူတူ အလုပ်လုပ်ရင်း အချင်းချင်း ရင်းနှီးအောင်လုပ်ကြမယ်လို့ ငါ တွေးထားခဲ့တာ…"
ဟုန်ကျွင့်က ဇဝေဇဝါဖြင့် မျက်တောင်ခတ်မိသည်။ ဘယ်ညာ လှည့်ကြည့်လိုက်သောအခါ မော့ရစ်ကန်း၊ ချိုယုံစစ်နှင့် အားထိုက်တို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် သဘာဝမကျသလို ဖြစ်သွားသည်ကို မြင်လိုက်ရသည်။
ဟုန်ကျွင့်:"?"
"...ဒါပေမဲ့ မင်းတို့အားလုံးက လူသားတွေထဲမှာ အတော်ဆုံးဖြစ်ပြီး ညီအစ်ကိုတွေလို ဖြစ်နေကြပြီဆိုတာ ငါ မြင်ပါတယ်။ ငါက သာမန်လူသားတစ်ယောက်အနေနဲ့ ငါတို့အလုပ်မှာ မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမဲ့သူလို့ ထင်တယ်။ အဲ့ဒီအတွက် ငါ့ဘက်က အနူးအညွတ် တောင်းပန်ချင်တယ်။"
လီကျင်လုံက ရုတ်တရက် တဲ့တိုးကြီး ပြောချလိုက်ရာ အားလုံးက ကိုးရိုးကားရား တိတ်ဆိတ်သွားခဲ့ကြသည်။ ဟုန်ကျွင့်မှလွဲ၍ ကျန်လူသုံးယောက်လုံးက သူ့အပေါ် သဘာဝလွန်စွမ်းရည်မရှိသည့်အတွက်ကြောင့် အထင်သေးခဲ့ကြသည်မှာ အမှန်ပင်။ လီကျင်လုံမှာ သူ၏ လက်အောက်ငယ်သားများက သူ့အပေါ် မလေးစားကြသည်ကို ကောင်းကောင်းသိထားသော်လည်း သူသွားလေရာရာမှာ အထင်သေးမှုများကို ရင်ဆိုင်ခဲ့ရသဖြင့် ၎င်းကို ကျင့်သားရနေခဲ့လေပြီ။
***
Aurora Novel Translation Team