no

Font
Theme

အပိုင်း (၂၀) - မှုန်ဝေးဝါးနေသော အတိတ်ပုံရိပ်များ (၂)

"မရောက်ဖူးဘူး။"

လီကျင်လုံ ဖြေပြီးချိန်၌ စာပေပညာရှင်တစ်ယောက်က ချောမောလှပသော မိန်းကလေးကို ပွေ့ဖက်ပြီး လမ်းကြားထဲက ထွက်လာ၏။ ထိုသူက မူးယစ်နေသည့် ပုံစံဖြင့် နောက်ဖေးတံခါးကို လိုက်လံရှာဖွေရင်း ထိုနောက်ဖေးလမ်းကြားလေးထဲသို့ လှည့်ဝင်လာခဲ့သည်။ လီကျင်လုံက ဟုန်ကျွင့်ကို ဆွဲလျက် အမှောင်ရိပ်ထဲသို့ အမြန်ဆုံးဝင်ရောက်ပုန်းကွယ်လိုက်သည်။

ဟုန်ကျွင့်မှာတော့ ထိုစုံတွဲကို စိုက်ကြည့်နေမိရာ သူ၏သိလိုစိတ်မှာ ထိန်းချုပ်မရလောက်အောင် ကြီးမားလာခဲ့သည်။ လီကျင်လုံလည်း ဟုန်ကျွင့်တစ်ယောက် ဟန်ဆောင်နေပုံမပေါ်သည်အား မြင်မှသာ လေးလေးနက်နက် ပြောလာသည်။

"ငါ... ဒါကိုမကြိုက်ဘူး။"

"ဘာကိုမကြိုက်တာလဲ။"

ဟုန်ကျွင့် ချာခနဲ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ နှစ်ယောက်သား အလွန်နီးကပ်သွား၏။ လီကျင်လုံက အိုးတိုးအန်းတန်းဖြင့် နောက်ဆုတ်လိုက်သည်။

"အဲဒီလိုမျိုး ခဏတာ ပတ်သက်ရတဲ့ သံယောဇဉ်တွေကို မကြိုက်တာ။"

ဟုန်ကျွင့်က လီကျင်လုံ ဘာအကြောင်း ပြောနေသည်ကို အကြမ်းဖျင်းမျှသာ သဘောပေါက်သဖြင့် သူ့ကို ဇဝေဇဝါဖြင့် စိုက်ကြည့်နေမိသည်။ လီကျင်လုံမှာ အံ့အားသင့်သွားလေ၏။

"မင်း ဘာဖြစ်လို့ ဘာမှ နားမလည်တာလဲ။ မင်းရဲ့မိဘတွေက မပြောရင်တောင် ငါးကြင်းမိစ္ဆာက မင်းကို ဘယ်တုန်းကမှ မသင်ပေးဖူးဘူးလား။"

"ဒါဆို ခင်ဗျားပဲ ကျွန်တော့်ကိုပြောပြလေ။"

ဟုန်ကျွင့်မှာ သူ၏စိတ်ထဲ၌ လျှို့ဝှက်ဆန်းကြယ်နေသကဲ့သို့ ခံစားနေရသဖြင့် ပိုပို စိတ်ဝင်စားလာ၏။

လီကျင်လုံ: "..."

....

တစ်ဖက်ရှိ ယီရှီးလန်မျှော်စင်၏အဓိကဝင်ပေါက် အတွင်း၌။

"ဟေး၊ ဟန်မူရာဘီ!"

အားထိုက်က နှုတ်ဆက်သည့်အနေဖြင့် သူ၏ လက်မောင်းများကို ဆန့်ထုတ်လျက် ကျယ်လောင်စွာ ပြုံးလိုက်သည်။

"ဝိုး၊ သူ ဒီကို ရောက်လာပြန်ပြီ!"

"အဲဒါဟူလူမျိုးပဲ။ စောင်းတီးကောင်းတဲ့ ဟူလူမျိုးသခင်လေး ဒီကိုထပ်ရောက်လာပြန်ပြီ!"

"ချစ်လေး..."

အားထိုက်က သူ့ကို လာနှုတ်ဆက်သော အမျိုးသမီးကြီး၏ မေးစေ့ကို ဆွဲပင့်ယူပြီး “နမ်းတယ်” ဟူသည့် အမူအရာလေး လုပ်ပြလိုက်သည်။ ထိုအခါ အမျိုးသမီးကြီး၏မျက်နှာမှာ ချက်ချင်းဆိုသလို နီရဲလာတော့သည်။

“သခင်လေး ပြန်လာပြီပေါ့။ ဒီကို ရက်အတော်ကြာအောင် မရောက်လာတော့ မိန်းကလေးတွေက လွမ်းနေကြတာရယ်။"

အားထိုက်က ပြုံးပြီးပြော၏။

"မတတ်နိုင်ဘူးလေ။ ကျွန်တော်က လူသစ်ဆိုတော့ ကျွန်တော့်သူဌေးကို စိတ်ကျေနပ်အောင် လုပ်ပေးရသေးတယ်။ အချိန်ရရင် လာတွေ့မှာပဲ မဟုတ်ဘူးလား။"

"အင်းပါ။"

အားထိုက် ခန်းမထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် မိန်းကလေးများက ဝိုင်းအော်ဟစ်ကာ အောက်ထပ်သို့ အမြန်ပြေးဆင်းလာရင်း နှုတ်ဆက်ကြလေသည်။ မြင်ကွင်းမှာ အင်မတန် ကတိုက်ကရိုက် ဆန်လွန်းသဖြင့် ခန်းမထဲက ဧည့်သည်များအားလုံးတောင် မထိန်းနိုင်ဘဲ လှည့်ကြည့်လာကြကုန်၏။

"သခင်လေးချိုလည်း ဒီကို ရောက်လာတာပဲ!"

နောက်ထပ် မိန်းကလေးအချို့လည်း အပြေးကလေး ရောက်လာသည်။

"ကျွန်မတို့အတွက် ကဗျာရေးစပ်ပေးချင်လို့လားဟင်။"

ချိုယုံစစ်က ပြုံးလိုက်သည်။

"ဒီညတော့ အားထိုက်ရဲ့ စောင်းသံကိုပဲ အရင် နားထောင်ကြည့်ရအောင်။"

အားထိုက် ခန်းမထဲကို ဝင်လာသောအခါ ကခုန်နေကြသည့် မိန်းကလေးများ အားလုံး တစ်ပြိုင်တည်း ရပ်သွားကြသည်။ အားထိုက်သည် သူ(မ)တို့ထဲက တစ်ယောက်ကို ပွေ့ဖက်ပြီး သူ(မ)၏ နူးညံ့သောမျက်နှာလေးကို ညင်သာစွာ နမ်းရှုပ်လိုက်သည်။ ထို့နောက် ခန်းမအဆုံးရှိ ထိုင်ခုံဆီကို တိုက်ရိုက်လျှောက်သွားလေ၏။

"သေရည် သောက်ကြမလား။"

ချိုယုံစစ်က ဆိုလိုက်၏။

ယနေ့ညတွင် ဆောင်းဦးရာသီ စာမေးပွဲအတွက် မြို့တော်သို့ လာရောက်ကြသော နိုင်ငံတစ်ဝှမ်းမှ စာသင်သားအများအပြားက ယီရှီးလန်မျှော်စင်ထဲမှာ ရှိနေကြသည်။ ၎င်းတို့၏ အဖော်မိန်းကလေးများက လည်တိုင်များဆန့်ကာ ဝိုင်းကြည့်နေကြသော အားထိုက်ကို မြင်လိုက်ရသောအခါ လူတစ်ယောက်က မကျေမနပ်ဖြင့် ဆိုလာသည်။

"အဲ့ဟူလူမျိုးက ဘာဖြစ်လို့လဲ။"

"ရှူး....."

မိန်းကလေးက သူ့ကို နောက်ထပ်မေးခွန်းများ ထပ်မမေးရန် အချက်ပြနေသော်ငြား စင်မြင့်ထက်ဆီမှ အကြည့်မလွှဲနိုင်ခဲ့ပေ။

အားထိုက်၏ ဦးခေါင်းထက်တွင် တောက်ပသော မီးပုံးများစွာကို တွဲလောင်းချထားသည်။ ဒုတိယထပ်နှင့် တတိယထပ်ရှိ လက်ရန်းများတွင် မိန်းကလေးများနှင့် ပြည့်နှက်နေသဖြင့် ဧည့်သည်များခမျာ ဘာဖြစ်မှန်း မသိသောကြောင့် ထွက်လာကြည့်ကြ၏။

တောက်ပနေသော မီးရောင်အောက်မှာ အားထိုက်က ကောက်ကောက်ကွေးကွေး အညိုရောင်ဆံပင်၊ ပင်လယ်ရေကဲ့သို့ အပြာရောင်မျက်လုံးများ၊ နှာတံမြင့်မြင့်နှင့် နို့နှစ်ရောင် အသားအရေမျိုးရှိသော ချောမောသူဖြစ်ကာ ပရိသတ်ကို ဆွဲဆောင်မှုရှိစွာ ပြုံးပြနေသည်။

ယီရှီးလန်မျှော်စင်တစ်ခုလုံး ရုတ်ခြည်း တိတ်ဆိတ်သွားခဲ့သည်။ အားထိုက်က တင်ပျဉ်ခွေထိုင်ပြီးနောက် ကြိုးများကိုမဆွဲသေးဘဲ လည်ချောင်းကို ရှင်းထုတ်ကာ သီချင်းစဆိုလိုက်၏။

"သဲကန္တာရဘယ်နှခုက ပန်းတွေပွင့်တဲ့ဥယျာဉ်တွေ ဖြစ်ခဲ့ဖူးလဲ..."

"နန်းတော်ဘယ်နှခုက အခုတော့ ပြိုပျက်နေတဲ့ အုတ်ရိုးတွေ ဖြစ်သွားခဲ့ရလဲ..."

ခေတ္တနားပြီးနောက် အားထိုက်က လက်ငါးချောင်းဖြင့် စောင်းကြိုးများကို တီးခတ်လိုက်သည်။ ထူးဆန်းသော စွမ်းအားတစ်ခုက သူ၏ လက်ချောင်းများမှတစ်ဆင့် စီးဆင်းလာခဲ့သကဲ့သို့—ငွေရောင်ဆည်းလည်းသံများနှင့်အတူ တောက်ပသော သမင်ဖြူတစ်ကောင်ပေါ်သို့ လမင်း၏ အလင်းတန်းများ ဖြာကျလာသကဲ့သို့ ခံစားရစေကာ၊ ၎င်း၏ ပေါ့ပါးလှသော ခြေလှမ်းတိုင်း၏နောက်ကွယ်မှာ ဖြူဖွေးသော ပန်းပွင့်များ ပွင့်လန်းလာခဲ့သလိုပင်။

"မင်းမျက်လုံးလေးတွေကြောင့် ယစ်မူးရင်း ကိုယ် အချိန်တွေကို မေ့လျော့နေခဲ့ရတယ်..."

အားထိုက်၏ ဦးခေါင်းကို အနည်းငယ်စောင်း၍ မျက်လုံးလေးများကို မှိတ်ထားရင်း တီးခတ်နေပုံက ရင်သပ်ရှုမောဖွယ် ကောင်းလွန်းလှသည်။ ထိုအချိန်တွင် ယီရှီးလန်မျှော်စင်တစ်ခုလုံးရှိ လူများက ဂီတသံစဉ်အောက် မျောပါသွားကာ အိပ်မက်ထဲသို့ ရောက်သွားသလို မိန်းမောသွားကုန်၏။

ချိုယုံစစ် ပြုံးနေခဲ့သည်။ သူ့နားထဲမှာ ဂွမ်းလုံးနှစ်လုံးကို ထိုးထည့်ထားသော်ငြား ဂီတသံထဲ မျောပါနေသည့်အလား အနည်းငယ် လိုက်ယိမ်းနေခဲ့သည်။

...

နောက်ဖေးလမ်းကြားမှာတော့ လီကျင်လုံ ပြောပြသည်များကို နားထောင်ပြီးနောက် ဟုန်ကျွင့်၏မျက်နှာလေးမှာ နီမြန်းသွားခဲ့၏။

သို့တိုင် စိတ်လှုပ်ရှားပြီး သိချင်နေဆဲပင်။

"တကယ်လား။"

လီကျင်လုံမှာ သူ ယခုလေးတင် ဟုန်ကျွင့်ကို ပြောပြခဲ့သည့် စကားများကို ထပ်ခါတလဲလဲ မပြောချင်ပေ။

"ဘယ်သူ့ကိုမှ မပြောနဲ့!!"

လီကျင်လုံက အမိန့်ပေးလိုက်သည်။ ဟုန်ကျွင့်က အသက် ၁၆ နှစ်ရှိနေပြီဟူသော အကြောင်းပြချက်ကြောင့်သာ ပြောပြခဲ့ခြင်းပင်။ ထန်မင်းဆက်၏ ရိုးရာဓလေ့များထဲ၌ ချန်းအန်မြို့က ယောက်ျားလေးများသည် အသက် ၁၃ နှစ် သို့မဟုတ် ၁၄ နှစ်တွင် အရွယ်ရောက်ပြီဖြစ်၍ ဖျင်ကန်းလီဘက်သို့ လာရောက်လည်ပတ်ခြင်းက သာမန်ကိစ္စတစ်ခု ဖြစ်သည်။

လီကျင်လုံက လုံဝူတပ်သားများအား ထိုကိစ္စများကို ဆွေးနွေးခြင်းမပြုရန် ဘယ်တုန်းကမှ မတားမြစ်ခဲ့ဖူးပေ။ သို့သော် ဟုန်ကျွင့်နှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ထူးဆန်းသော အပြစ်ရှိစိတ်တစ်ခုကို ခံစားနေမိသည်။

ဟုန်ကျွင့်: "ဒါပေမဲ့ ဒီနေရာက ဒီလောက်ကောင်းတာကို ခင်ဗျားက ဘာလို့မလာတာလဲ။"

"ငါကတော့ သေချာပေါက်မလာဘူး!"

လီကျင်လုံမှာ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့သည်။

"ငါက အဲဒီလိုလူမျိုးမဟုတ်ဘူးလို့ အခုလေးတင် မပြောခဲ့ဘူးလား။"

ထိုစဥ် မော့ရစ်ကန်းက နောက်ဖေးခြံဝင်းမှ လှည့်ကြည့်ကာ ခေါင်းညိတ်ပြလာ၏။ သူတို့နှစ်ဦးကို လေချွန်ပြကာ ဝင်သွားနိုင်ပြီဖြစ်ကြောင်းလည်း ညွှန်ပြရန် လက်ဝှေ့ယမ်းပြလိုက်သည်။ လီကျင်လုံ၏အမူအရာက ချက်ချင်း လေးနက်သွား၏။

ဟုန်ကျွင့်အား စောစောကစကားများကို လျှို့ဝှက်ထားရမည်ဟု ညွှန်ပြခဲ့သော်လည်း ၎င်းမှာ မလိုအပ်ဟုလည်း ထင်မိသည်။

"အလုပ်စမယ်!"

လီကျင်လုံက ငါးကြင်းမိစ္ဆာဘက်ကို အကြည့်လွှဲကာ အမိန့်ပေးလိုက်၏။

"မင်းက ယီရှီးလန်မျှော်စင်ဘက်ကို သွား!!"

ပြီးသည်နှင့် နှစ်ယောက်သား နောက်ဖေးခြံဝင်းထဲသို့ အမြန်ပြေးဝင်သွားကြသည်။ ဒုတိယထပ်နှင့် တတိယထပ်တို့တွင် လုံးဝ လူသူကင်းမဲ့နေ၏—အားထိုက်နှင့် ချုံယုံစစ်တို့ ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ ၎င်းက ထိရောက်မှုရှိပုံပင်။ ဟုန်ကျွင့်က သူ၏ချိတ်ကို ပစ်လွှတ်လိုက်ပြီး လီကျင်လုံနှင့်အတူ ဒုတိယထပ်သို့ ခုန်ကူးလိုက်ကြရာ ထိုနေရာရှိ နံရံမှာကပ်လျက် စောင့်ဆိုင်းနေသော မော့ရစ်ကန်းကို တွေ့လိုက်ရသည်။

မော့ရစ်ကန်းက လီကျင်လုံနှင့် ဟုန်ကျွင့်တို့ထံ ဂွမ်းစအချို့ကို လှမ်းပေးလိုက်သည်။ လီကျင်လုံက သူ၏နားများကို ချက်ချင်း ပိတ်ဆို့လိုက်သော်လည်း ဟုန်ကျွင့်ကမူ ဂွမ်းစများကို သူ၏အိတ်ကပ်ထဲသို့ ထည့်သွင်းလိုက်ကာ သူ၏ဓားပျံများကို ထုတ်ယူလိုက်သည်။

ပြတင်းပေါက်ကို တွန်းဖွင့်လိုက်ပြီးနောက် လီကျင်လုံက အခန်းထဲသို့ အရင်ဆုံး ဝင်ရောက်သွားခဲ့ပြီး ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့က အနောက်ကနေ ထက်ကြပ်မကွာ လိုက်ပါလာခဲ့ကြသည်။ ဤအခန်းက လီကျင်လုံ နေ့လယ်က လာရောက်ခဲ့သော ကျင့်ယွင်၏အခန်းဖြစ်ပေသည်။

အခန်းထဲမှာ မွှေးကြိုင်သော အမွှေးနံ့သာနံ့များ ပြည့်နှက်နေပြီး၊ ခရမ်းရောင် ပိုးထည်ကန့်လန့်ကာများကလည်း လေထဲမှာ လွင့်မျောနေသည်။ အခန်းပတ်ပတ်လည်၌ မည်သည့် ထူးဆန်းသော အရာမျိုးကိုမျှ မတွေ့ရချေ။ လီကျင်လုံက ခုတင်ဆီ လျှောက်လှမ်းသွားခဲ့ပြီး ခုတင်ဘောင်ကို မ'ကာ၊ ခုတင်အောက်ခြေရှိ အကာအရံကို မြှောက်လိုက်သည်။

"ငါ့ကို လာကူဦး။"

သူက တိုးတိုးလေး ဆိုသည်။

ဟုန်ကျွင့်က ခြောက်ကပ်နေသော ရုပ်အလောင်းကို ခုတင်အောက်မှ ဆွဲထုတ်လိုက်ပြီး လီကျင်လုံက ခုတင်ဘောင်ကို ပြန်ချလိုက်၏။ ယခုတစ်ကြိမ်၌ လီကျင်လုံက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာခဲ့သည်—ပိုးထည်နက် လက်အိတ်တစ်စုံကို ဆင်မြန်းလျက် သူက မည်သည့်ထိတ်လန့်မှုမျိုးကိုမျှ မပြသဘဲ ပိတ်စများကို ဖယ်ရှားလိုက်ပြီး ရုပ်အလောင်းကို စတင်စစ်ဆေးလိုက်သည်။ ဟုန်ကျွင့်ကမူ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့အနောက်မှာ တစ်ဝက်ခန့် ပုန်းကွယ်လျက် လိုက်လံကြည့်ရှုနေခဲ့၏။

လီကျင်လုံ: "ဒီလူက အသက် ၃၀ နဲ့ ၄၀ ကြားရှိပြီ။ အဝတ်အစားကို ကြည့်ကြည့်လိုက်။ သူက စီးပွားရေးသမား မဟုတ်ဘူး။ အရာရှိတစ်ယောက်လိုလည်း မဟုတ်ဘူး။ သူက စာမေးပွဲဖြေဖို့ မြို့တော်ကိုလာတဲ့ စာသင်သားတစ်ယောက် ဖြစ်နိုင်တယ်။ ဟုန်ကျွင့်?"

"ကျွန်တော် မကြည့်ရဲဘူး။"

ဟုန်ကျွင့်သည် တစ်ဖက်က ပါးစပ်ကျယ်ကျယ် ဖွင့်ထား၍ သွားဖုံးများက ပေါ်လွင်နေပြီး မည်းတူးနေသည့် အလောင်း၏မျက်နှာကို မြင်လိုက်ရသောအခါ ဖော်မပြနိုင်လောက်အောင် စက်ဆုပ်သွားခဲ့သည်။

လီကျင်လုံ: "မကြောက်ပါနဲ့။ မင်းကို မစားနိုင်ပါဘူး။ ကြည့်၊ ဘယ်လိုမိစ္ဆာက သူ့အနှစ်သာရနဲ့အသွေးကို စုပ်ယူသွားတာလဲ။ ဒါက ဖြည်းဖြည်းချင်း စုပ်ယူထားတဲ့ အကျိုးသက်ရောက်မှုတော့ မဖြစ်နိုင်ဘူး။"

"အဲ့ဒီမိစ္ဆာက ဒီအခန်းရဲ့ ပိုင်ရှင်များလား။"

ဟုန်ကျွင့် ရုတ်တရက် အကြံတစ်ခုရသွားပြီး ဗီရိုနှင့် အံဆွဲများထဲ လျှောက်ရှာကြည့်ရန် လျှောက်သွားလိုက်သည်။

လီကျင်လုံ: "လျှောက်မထိနဲ့။ သူတို့ တွေ့သွားလိမ့်မယ်။"

ဟုန်ကျွင့်တစ်ယောက် ဇက်လေးပုသွား၏။

"တကယ်လို့ မိစ္ဆာတစ်ကောင်ဆိုရင် သယ်ဆောင်သွားနိုင်တဲ့ မှော်လက်နက် ဒါမှမဟုတ် မကောင်းဆိုးဝါး ပစ္စည်းတွေရှိရမယ်။ ဒါပေမဲ့ ဒီမှာ မရှိဘူး။"

လီကျင်လုံက ခဏလောက် စဉ်းစားကြည့်နေသည်။ အားထိုက်က အောက်ထပ်တွင် စောင်းတီးနေဆဲဖြစ်၏။

"မင်းတို့ အခုထိ မပြီးသေးဘူးလား။"

မော့ရစ်ကန်းက အပြင်ကနေ လှမ်းပြောလာသည်။

အခန်းတွင်းရှိ နေရာအများစုကို မွှေနှောက်ရှာဖွေပြီးနောက် ဟုန်ကျွင့်က ဆုံးဖြတ်ချက်ချလိုက်သည်။

"ဒီအခန်းထဲမှာ မိစ္ဆာတွေ မရှိဘူး။"

"ငါ မေးခွန်းတစ်ခုမေးပါရစေ။ မင်း မိစ္ဆာအငွေ့အသက်ကို ခံစားမိလား။"

ဟုန်ကျွင့်က ခေါင်းခါလိုက်သဖြင့် လီကျင်လုံက ဆက်ပြောသည်။

"မိစ္ဆာက ဒီအဆောက်အအုံထဲမှာ ရှိကိုရှိရမယ်။ လက်ရှိ အခြေအနေအရ၊ ငါတို့အတွက် တစ်ခုတည်းသော ရွေးချယ်မှုကတော့ စွန့်စားရမှာပဲ။ ဟုန်ကျွင့်... မင်းရဲ့ ချိတ်ကို ငါ့ကို ခဏပေး။ မင်းနဲ့ မော့ရစ်ကန်းတို့က ဒီအထပ်ရဲ့ ဆန့်ကျင်ဘက်အစွန်းတွေမှာ သွားရပ်ပြီး အောက်ထပ် ဧည့်ခန်းထဲက လူအုပ်ကြီးကို ဂရုတစိုက်စောင့်ကြည့်ထားကြ။ မင်းရဲ့ဓားပျံတွေကို အချိန်မရွေးပစ်လွှတ်ဖို့ အဆင်သင့် ပြင်ထား။"

"ကျွန်တော့်မှာ ဓားပျံသုံးလက်ပဲ ကျန်တော့တယ်။"

"ငါ့လက်ထဲ အပ်ထားလိုက်ပါ။ ငါသေချာပေါက် ပြန်ယူပေးမယ်။"

ယီရှီးလန်၏ ပင်မခန်းမဆောင်တွင် အားထိုက်၏ သံစဉ်များမှာ လွင့်မျောနေသော တိမ်တိုက်များနှင့် စီးဆင်းနေသော ရေပြင်များကဲ့သို့ အရှိန်အဟုန်ဖြင့် မူးယစ်ဖွယ်ရာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ဂီတသံစဉ်များက လမင်းကိုဝါးမျိုရန် လေပြင်းများ တိုက်ခတ်လာသော မိုးတိမ်တိုက်ကြီးတစ်ခုကဲ့သို့ ကြီးမားလာခဲ့ပြီး မရေမတွက်နိုင်သော သစ်ရွက်ခြောက်များ လေထဲတွင် ဝဲပျံလျက် ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်ပေါ်နေခဲ့သည်။

"ဒီမုန်တိုင်းထဲမှာ ငါရှာနေတာ.."

အားထိုက်၏ သီဆိုသံက အဆောက်အအုံ တစ်ခုလုံးအပေါ် ပဲ့တင်ထပ်နေ၏။ ထိုအခိုက် လည်ပင်းကို ကြိုးချည်ထားသော အလောင်းတစ်လောင်း အပေါ်ထပ်မှ ဝုန်းခနဲ ပြုတ်ကျလာခဲ့သည်။ လုံးဝ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့်

ချိုယုံစစ်နှင့် အားထိုက်တို့ခမျာ ယင်းကြောင့် လန့်ဖျပ်သွားရ၏။

အားထိုက်တစ်ယောက် ဘာဖြစ်သွားမှန်း မသိသဖြင့် ဒုတိယထပ်သို့ လှမ်းကြည့်လိုက်သည်။ သီချင်းဆိုသံ ရုတ်တရက် ရပ်သွားပြီးနောက် ဧည့်ခန်းအတွင်းရှိ လူအုပ်ကြီးက သေဆုံးနေသော ရုပ်အလောင်းကို စက္ကန့်အနည်းငယ်မျှ ကြောင်ကြည့်နေခဲ့ကြ၏။ ထို့နောက်မှာတော့ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်ကြတော့သည်။ ဖောက်သည်များက ထိတ်လန့်တုန်လှုပ်စွာဖြင့် စတင်ထွက်ပြေးကြစဉ် အမျိုးသမီးကြီးက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

အဆောက်အအုံအတွင်း၌ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မိန်းကလေးတချို့မှာ ထိုနေရာ၌ပင် မူးလဲသွားကြသဖြင့် လေထုထဲတွင် အော်ဟစ်သံများ ပြည့်နှက်သွားခဲ့သည်။

ထိုအချိန်တွင် လီကျင်လုံ၊ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့က ဒုတိယထပ်ရှိ ထောင့်သုံးထောင့်မှနေ၍ ဧည့်ခန်းမဆောင်အတွင်းမှ ဧည့်သည်များကို စောင့်ကြည့်နေကြသည်။ ၎င်းတို့တွေ ထောင့်စွန်းမှ အမျိုးသမီးတစ်ဦး၏ မျက်နှာအမူအရာ ပြောင်းသွားသည်အား ဖမ်းမိလိုက်၏။

လူတိုင်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြေးလွှားနေကြစဉ် သူ(မ)က အနောက်သို့ ဆုတ်ခွာသွားခဲ့ပြီး သူ(မ)၏ မျက်နှာမှာ ထက်မြက်သောအရောင်အသွေးများ ပေါ်ထွက်လာခဲ့သည်။ ဆန့်ကျင်ဘက်ထောင့်များရှိ အခြားသော မိန်းကလေးနှစ်ဦးကလည်း စိုးရိမ်ပူပန်စွာဖြင့် ၎င်းတို့၏ ဖောက်သည်များဆီကနေ လှည့်ထွက်လျက် ပထမဆုံး အမျိုးသမီးရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။ ၎င်းတို့သုံးဦးက ဒုတိယထပ်ရှိ ကျင့်ယွင်၏တံခါးဘက်သို့ တညီတညွတ်တည်း မော့ကြည့်လိုက်ကြသည်။

ခဏကြာသောအခါ ဓားပျံသုံးစင်းက လေထုထဲမှ ပျံသန်းလာပြီး ထိုမိန်းကလေးများထံ ပစ်ခတ်လိုက်တော့၏။ မိန်းကလေးများက သူ(မ)တို့၏ အထောက်အထားများ ပေါ်သွားပြီဖြစ်ကြောင်း မသိသော်ငြား ဘေးဥပဒ်တစ်ခု ကျရောက်တော့မည်ကို သိသောကြောင့် ချက်ချင်းပင် လက်ဝှေ့ယမ်းလိုက်သည်။

ပိုးထည်စတစ်စ လွင့်သွားကာ မှိန်ဖျော့ဖျော့ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာ၏။ မမျှော်လင့်စွာဖြင့် ပျံသန်းလာသော ဓားပျံက အနှီခရမ်းရောင်အလင်းတန်းကို လုံးဝမကြောက်ဘဲ တောက်လောင်နေသော မီးမြှားတစ်စင်း ပစ်သွင်းလိုက်သည့်အလား ထိုအမျိုးသမီးများ၏ပခုံးများထဲသို့ တစ်ခဏချင်း နစ်မြုပ်သွားခဲ့သည်။

"ဓားပျံနောက်ကို လိုက်! သူတို့ကို မလွတ်သွားစေနဲ့!!"

လီကျင်လုံက လက်ရန်းပေါ်မှ ခုန်ချလိုက်ပြီး ပထမထပ်ရှိ ခန်းမထဲသို့ ပြေးဆင်းလာချိန်တွင် အားထိုက်ကလည်း စောင်းကို ဖယ်ကာ ချိုယုံစစ်နှင့်အတူ ပြေးထွက်လာခဲ့သည်။ မော့ရစ်ကန်းကလည်း ဒုတိယထပ် ပြတင်းပေါက်ကို ဖွင့်ကာ ပြေးထွက်သွား၏။

ဓားပျံဖြင့် တိုက်ခိုက်ခံလိုက်ရသည့် ပင်မတံခါးနှင့် အနီးဆုံးတွင် ရပ်နေသော အမျိုးသမီးက နာကျင်စွာအော်ဟစ်လိုက်သည်။ ၎င်းတို့ သုံးယောက်စလုံး ပခုံးတွင်စိုက်ဝင်နေသော ဓားသွားများကို ဆွဲနှုတ်ရန် ကြိုးစားလိုက်ကြသော်လည်း ဓားရိုးများက သူတို့၏လက်များကို လောင်ကျွမ်းစေသဖြင့် နာကျင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်ကြတော့သည်။ ၎င်းတို့က ကြောက်မက်ဖွယ်ကောင်းသော ရန်သူနှင့် ရင်ဆိုင်နေရကြောင်း သဘောပေါက်လိုက်ကြသဖြင့်၊ ထိုအမျိုးသမီးများက ဆက်မတိုက်ခိုက်ရဲကြတော့ဘဲ—လှည့်ပြေးကြတော့သည်။

ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ မခုန်ချခင် ၎င်းတို့ထဲမှကျင့်ကြံမှုအဆင့် အမြင့်မားဆုံးဖြစ်ပုံရသော ပထမဆုံး အမျိုးသမီးက လှည့်၍ သူ(မ)၏လက်ချောင်းထိပ်များမှတစ်ဆင့် မီးတောက်တစ်ခုကို ပစ်လွှတ်လိုက်သည်။

လီကျင်လုံ: "ဟုန်ကျွင့် သတိထား!"

ဟုန်ကျွင့်တစ်ယောက် ဒုတိယထပ်ကနေ အခုလေးတင် ခုန်ဆင်းခဲ့ခြင်းဖြစ်ပြီး လေထဲတွင် ရှိနေဆဲပင်။ သူက ဦးခေါင်းကို ဘေးသို့ရှောင်လွှဲလိုက်ရာ မီးတောက်များက သူ့ကို ကျော်ဖြတ်သွားခဲ့သည်—ထိုအမျိုးသမီးက သူ့ကို ရည်ရွယ်တိုက်ခိုက်ခြင်း မဟုတ်ဘဲ လက်ရန်းတွင် ချိတ်ဆွဲထားသော ရုပ်အလောင်းကို ရည်ရွယ်ခြင်းဖြစ်ပေသည်။ ရုပ်အလောင်းက မီးတောက်များအတွင်းသို့ ချက်ချင်း ကျရောက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တံခါးနားမှ အမျိုးသမီးက အမြန်ထွက်သွားသည်နှင့် မော့ရစ်ကန်းလည်း ဒုတိယထပ်က ပြတင်းပေါက်ကို ဖြတ်ကာ ပျံသန်းသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် လက်ထဲက လေးကို အလျင်အမြန်ဆွဲလိုက်ပြီး တစ်ကြိမ်တည်းဖြင့် မြားသုံးစင်းကို ဆက်တိုက်ပစ်ခတ်လိုက်၏။

အမျိုးသမီးက ပြေးထွက်လာပြီးသည့်နောက် နောက်ပြန် လှည့်ကြည့်လိုက်ချိန်မှာ သူ(မ)လည်ပင်းကို မြားတစ်စင်း ထိမှန်သွားခဲ့သည်။ ဝှစ်ခနဲ အသံနှင့်အတူ အဖြူရောင် အလင်းတန်းများကြား အညိုရောင်အမွေးများရှိသော အမြီးသုံးချောင်းမြေခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့၏။

၎င်းက ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟထားကာ လည်ပင်းမှ သွေးများစွာ ထွက်ကျလာခဲ့သည်။ နောက်ထပ် မြားနှစ်စင်းက ဝမ်းဗိုက်နှင့် ခြေထောက်တို့ကို ထိမှန်သွားခဲ့ပြီး ၎င်းကို ချက်ချင်း သေဆုံးသွားစေခဲ့သည်။

လီကျင်လုံက ဒေါသတကြီး ဟောက်လိုက်သည်။

"ပြင်းထန်တဲ့ စွမ်းအားတွေကို လျှောက်မသုံးနဲ့၊ ဒါက မင်းတို့အတွက် သတိပေးချက်ပဲ! ကျန်တဲ့နှစ်ကောင်က ဘယ်ကို ပျောက်သွားတာလဲ။"

မော့ရစ်ကန်းလည်း ဆင်းသက်ပြီး သူ့လက်ကို ဝှေ့ယမ်းကာ မြားသုံးစင်းကို ပြန်ဆွဲယူလိုက်သည်။ ထို့နောက် အပြစ်ကင်းစင်စွာ အော်လိုက်၏။

"ငါလည်း လည်ပင်းကို မပစ်ချင်ပါဘူး။"

ထိုအခိုက် ဟုန်ကျွင့်ကလည်း ယီရှီးလန်မျှော်စင်ထဲမှ ထွက်လာခဲ့သည်။ အထဲမှာ တော်တော်လေးကို ရှုပ်ပွသွားခဲ့လေပြီ။ ဟုန်ကျွင့် လက်ဝှေ့ယမ်းလိုက်သောအခါ မြေခွေးသေဆီမှ ဓားပျံက သူ့လက်ထဲကို ပျံသန်းလာ၏။

ဟုန်ကျွင့်က အံ့သြသွားလေ၏။

"သူတို့က မြေခွေးတွေလား။"

လီကျင်လုံ: "မြေခွေးမိစ္ဆာပဲ။ မင်းရဲ့ ဓားပျံကို မြန်မြန်သွားရှာရအောင်။"

ဟုန်ကျွင့်က ဦးတည်ရာတစ်ဖက်ကို လှည့်ကြည့်လိုက်၏။

"လမ်းကြားထဲမှာ!"

လီကျင်လုံ: "ကျောက်ကျစ်လုံ ဘယ်မှာလဲ။ စိတ်ဝိညာဥ်လွင့်ပန်းမှုန်ကို မြန်မြန်သုံးစမ်း!"

"လာပြီ၊ လာပြီ။"

ငါးကြင်းမိစ္ဆာက သူ၏အမြီးကို ဘယ်ညာခါယမ်းလျက် လက်ထဲတွင် ပိုးထည်အိတ်လေးတစ်ခုကို ကိုင်ဆောင်ကာ အပြေးအလွှား ရောက်လာခဲ့သည်။

လီကျင်လုံက ငါးကြင်းမိစ္ဆာကို အဆောက်အအုံအတွင်းရှိ တံခါးဝဆီသို့ ကန်ထည့်လိုက်ပြီး ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့ကို ခေါ်ဆောင်လျက် ထိုမြေခွေးမိစ္ဆာများ၏နောက်သို့ လိုက်လံဖမ်းဆီးတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment