အပိုင်း (၂၁) - ညဉ့်အချိန်၌ မြေခွေးကိုအမဲလိုက်ခြင်း (၁)
ထိုအချိန်တွင် အားထိုက်နှင့် ချိုယုံစစ်တို့က ဖျင်ကန်းလီလမ်းထဲမှ လွတ်မြောက်သွားသော အခြားအမျိုးသမီးနှစ်ဦးကို မြင်ပြီးနောက် ပြေးလိုက်သွားကြပြီပင်။ ထိုအမျိုးသမီးနှစ်ယောက်က အရှေ့ဈေးအတွင်း၌ မြေခွေးများအဖြစ် ပြောင်းလဲသွားကြသည်။
တစ်ကောင်က အမှောင်ကျနေသော ဈေးထဲ၌ ပတ်ပြေးနေကာ တခြားတစ်ကောင်ကမူ ခေါင်မိုးပေါ်သို့တက်ကာ တောင်ဘက်သို့ ပြေးထွက်သွားပြီး မြားတစ်စင်း အမှောင်ညထဲသို့ ပစ်ခွင်းလိုက်သကဲ့သို့ တစ်ခဏအတွင်း သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။
အားထိုက်နှင့် ချိုယုံစစ်တို့က လမ်းကြားထဲမှ ထွက်လာစဥ် လီကျင်လုံ၊ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့က သူတို့နောက်မှ လိုက်လာ၏။ သူတို့ ဘာမှပြန်မပြောမီ လီကျင်လုံက အမိန့်ပေးလိုက်သည်။
"မင်းတို့ အပေါ်က တစ်ကောင်ကို လိုက်! ငါတို့က အောက်က တစ်ကောင်ကို လိုက်မယ်! မြန်မြန်!"
သို့နှင့် အားထိုက်တို့နှစ်ယောက်လည်း အိမ်ခေါင်မိုးပေါ်တက်ပြီး ဆက်ပြေးကြသည်။ လီကျင်လုံ၊ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့က ညဘက်တွင် ပိတ်ထားသော အရှေ့ဈေး၏ အနက်ရှိုင်းဆုံးနေရာသို့ ပြေးထွက်လာခဲ့ကြသည်။
ယီရှီးလန်မျှော်စင်ထဲမှာတော့ ငါးကြင်းမိစ္ဆာတစ်ကောင်တည်းသာ ပြေးဝင်လာ၏။ လူတိုင်း တုန်လှုပ်နေကြဆဲ အချိန်၌ ဧည့်သည်တစ်ဦးက အော်ပြောလိုက်သည်။
“မြို့ကို ကင်းလှည့်နေတဲ့ လုံဝူစစ်တပ်ကို မြန်မြန်ခေါ်လိုက်!!”
ငါးကြင်းမိစ္ဆာက လူအုပ်ကြား အလျင်အမြန် ပြေးဝင်သွားခဲ့သည်။
"တိမ်မှုန်လေးတွေ လွင့်လာပြီဝေ့!"
ထိုသို့ပြောပြီးနောက် အိတ်ကိုထုတ်ကာ ၀တ်မှုန်များအား ဖြန့်ချပစ်လေရာ ပတ်ဝန်းကျင်ရှိ လူအားလုံး ရုတ်တရက်ဆိုသလို အဆက်မပြတ် နှာချေကုန်ကြတော့သည်။
"ဟက် ဟက်ချိုး!"
"ဖြစ်တည်မှုအားလုံးဟာ စိတ်ကူးယဉ်မှုတွေသက်သက်ပဲ!"
ငါးကြင်းမိစ္ဆာသည် ခန်းမအလယ်ရှိ စားပွဲပေါ်သို့ ခုန်တက်လိုက်ကာ စိတ်ဝိညာဉ်လွင့် ပန်းမှုန်များကို ထပ်မံဖြန်းချပစ်လိုက်သည်။
"ဟက် ဟက်ချိုး!"
ထို့နောက် ချက်ချင်း တတိယထပ်သို့ လှေကားမှ ခုန်တက်ကာ အိတ်ကို လှုပ်ယမ်း၍ နောက်ဆုံးကျန်နေသေးသော ဝတ်မှုန်များကို ခန်းမထဲသို့ ကြဲချလိုက်ပြန်သည်။
"ကဲ မေ့လိုက်ကြ!"
"ဟား ဟက်ချိုး!"
ငါးကြင်းမိစ္ဆာ: "အားလုံး စားကြ၊ သောက်ကြ၊ ပျော်ကြ၊ ပါးကြနော်။ ငါတော့ သွားပြီ!!"
ငါးကြင်းမိစ္ဆာက ပြတင်းပေါက်မှတစ်ဆင့် ခုန်ထွက်သွားကာ ဟုန်ကျွင့်နှင့် တခြားသူများ ပြေးထွက်သွားရာဘက်သို့ လိုက်ပြေးသွားခဲ့သည်။ လက်ရှိ၌ အရှေ့ဈေးထဲတွင် အလွန်တိတ်ဆိတ်နေပြီး မိမိ၏လက်ချောင်းများကိုပင် မမြင်နိုင်လောက်အောင် မှောင်မည်းနေ၏။
လီကျင်လုံ: "မင်းအခု မိစ္ဆာဘယ်မှာလဲ ခံစားလို့ရလား။"
"အရမ်းအားနည်းလွန်းတယ်၊ နည်းနည်းပဲ အာရုံခံလို့ရတော့တာ။"
ဟုန်ကျွင့်က တိုးညင်းစွာ ပြန်လည်ဖြေကြားလိုက်ရင်း နေရာတစ်ခုသို့ လက်ညှိုးထိုးပြလိုက်သည်။
"ဒါပေမဲ့ အခုလေးတင် အဲဒီဘက်မှာ အလင်းတန်းတစ်ခုကို မြင်လိုက်ရတယ်။"
မော့ရစ်ကန်းကလည်း သူ၏မျက်လုံးများဖြင့် အမှောင်ထုကို စူးစိုက်ကြည့်နေသောကြောင့် လီကျင်လုံက လှမ်းမေးလိုက်သည်။
"မင်းမြင်ရလား။"
မော့ရစ်ကန်းက လေးလေးနက်နက် မျက်မှောင်ကြုတ်ပြီးမှ ပြန်ဖြေ၏။
"မမြင်ရဘူး။ အရမ်းမှောင်နေတယ်။"
မော့ရစ်ကန်း၏အမြင်အမြင်အာရုံမှာ အထူးကောင်းမွန်လှသည်။ ၎င်း၏ နောက်ကျောပေါ်ရှိ မြားများမှာ သံမဏိကောင်းဖြင့် ပြုလုပ်ထားပြီး အဆောင်စာလုံးများ ရေးထွင်းထား၏။ ကျယ်ပြောလှသော သဲကန္တာရ သို့မဟုတ် မြက်ခင်းပြင်တွင် သူပစ်ခတ်လိုက်သော မြားက ကောင်းကင်အထက် မိုင်ထောင်ပေါင်းများစွာက ငှက်များကိုတောင် ထိမှန်နိုင်သည်။ သို့သော် ဤမှောင်မိုက်ဈေးထဲတွင်တော့ သူ့အမြင်အာရုံက အသုံးမဝင်ချေ။
"ဒါမှမဟုတ်... ဟိုဘက်မှာဖြစ်နိုင်တယ်!"
ဟုန်ကျွင့်က ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာဖြင့် အခြားလမ်းကြောင်းတစ်ခုသို့ လှည့်ကြည့်လိုက်ပြန်သည်။
ထိုစဥ် မော့ရစ်ကန်းက လီကျင်လုံ၏လက်မောင်းကို လှမ်းပုတ်ပြီး ပြောလာ၏။
"ခေါင်းဆောင်၊ မင်းရဲ့ဓားက အရောင်ထွက်နေတာလား။"
လီကျင်လုံကလည်း ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ဟုန်ကျွင့် ညွှန်ပြသည့် ဦးတည်ရာဆီသို့ ချိန်ထားလိုက်သည်။ ဓားရှည်ပေါ်ရှိ စာလုံးများက တောက်ပနေသောကြောင့် ဟုန်ကျွင့်နှင့် မော့ရစ်ကန်းတို့တောင် တစ်ခဏတာမျှ အံ့အားသင့်ဆွံ့အသွားကြ၏။ လီကျင်လုံက ဓားရှည်ကို အခြားဘက်ကို ရွှေ့လိုက်စဥ် ဓားပေါ်ရှိ အလင်းရောင်က မှိန်ကျသွားသည်။
"ဘာကိုဆိုလိုတာလဲဟင်။"
ဟုန်ကျွင့်က စပ်စုလိုစိတ်လေးဖြင့် မေးလိုက်သည်။
"ဒီဓားက မိစ္ဆာတွေရဲ့စွမ်းအင် ဒါမှမဟုတ် မင်းရဲ့ဓားပျံကို အာရုံခံနိုင်တာဖြစ်မယ်။"
လီကျင်လုံက ဓားကို ဘယ်ဘက်မှ ညာဘက်သို့ ဖြည်းညင်းစွာ လှည့်နေခိုက် ဓား၏အလင်းရောင်သည် သူ့လှုပ်ရှားတို့အတိုင်း ဖြည်းဖြည်းချင်း လင်းလာ၏။ ဓားရှည်ကို ယပ်တောင်တစ်ချောင်းကဲ့သို့ ဝှေ့ယမ်းလိုက်ပြီးနောက် အလင်းရောင်ကို တည်ငြိမ်သွားအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။
"အဲ့ဒီမြေခွေးက ငါတို့ကို ဝိုင်းပတ်ပြီးပြေးနေတာပဲ။ သူက အရှေ့ဘက်ဈေးကနေ အကွေ့အကောက် လမ်းကြောင်းအတိုင်း ထွက်ခွာပြီး ငါတို့ရဲ့အာရုံကို လွှဲဖို့ ကြိုးစားနေတာ။ သွားမယ်... သူ့ကို တားကြစို့!"
စကားဆုံးသောအခါ သုံးယောက်သား လူစုခွဲကာ လမ်းတစ်ဖက်စီမှ ဝိုင်းရံထားရန် ပြေးထွက်သွားကြသည်။ အနှီမြေခွေးမိစ္ဆာက လိမ္မာပါးနပ်ကာ ကောက်ကျစ်လွန်းသောကြောင့် မိမိဘက်က အမှားအယွင်းများရှိခဲ့လျှင် နောက်တစ်ကြိမ် ထွက်ပြေးသွားနိုင်သည်။ သူက ဟုန်ကျွင့်၏ဓားပျံကို ဆုံးရှုံးလိုက်ရမည်ကို စိုးရိမ်သောကြောင့် မလိုအပ်ပါက ကရုဏာမပြရန် ချက်ချင်း အမိန့်ထုတ်ခဲ့သည်။
အားထိုက်နှင့် ချိုယုံစစ်ကလည်း အိမ်ခေါင်မိုးများပေါ်၌ ပြေးလွှားနေကြ၏။ ပြေးလွှားရလွန်း၍ အားထိုက်ခမျာ အသက်ရှူကျပ်နေလေပြီ။
"အစ်ကိုချို! မင်း ရှေ့ကနေ အရင်သွားနှင့်၊ ငါ အသက်ခဏလောက် ရှူပါရစေဦး။"
ချိုယုံစစ် ဇဝေဇဝါဖြစ်သွား၏။
"ငါက မင်းကို အဖော်လိုက်ပေးနေတာလေ။ ငါက မိစ္ဆာတွေကို ဖမ်းမှာမဟုတ်ဘူး!"
အားထိုက်: "..."
အားထိုက်ခမျာလည်း ဆက်ပြေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။
"ဒီဌာနခေါင်းဆောင်ကတော့ ဘယ်လိုလုပ် ထွက်တိုက်မယ်ဆို ထွက်တိုက်ပစ်ပါလိမ့်။ အစကတည်းက မပြောထားဘဲနဲ့။"
ချိုယုံစစ်က ရယ်မောလိုက်သည်။ ထို့နောက် တံစက်မြိတ်များကြားရှိ ကွာဟချက်တစ်ခုကို ဖြတ်ကျော်ခုန်ကူးသွားစဉ် အားထိုက်ကို လက်တစ်ဖက်ဖြင့် ကူညီပေးလိုက်၏။
"ငါတော့ လီကျင်လုံဆိုတဲ့တစ်ယောက်ကို တော်တော် ဉာဏ်ကောင်းတယ်လို့ ထင်တယ်။ အသေးစိတ် အချက်အလက်တွေကိုပဲ အာရုံစိုက်နေရုံနဲ့ မလုံလောက်ဘူး။ လုံးဝပြီးပြည့်စုံတဲ့ အစီအစဉ်ဆိုတာမျိုးလည်း မရှိနိုင်ဘူး။ အရာအားလုံး အဆင်မပြေဖြစ်လာတဲ့အခါ အခြေအနေတွေကို လှုပ်ခတ်ပစ်လိုက်တာက အကောင်းဆုံးပဲ။ ငါတို့ အခုအချိန်အထိ စုံစမ်းစစ်ဆေးခဲ့တာတွေကလည်း ဘာရလဒ်မှ ထွက်မလာခဲ့ဘူး မဟုတ်လား။ အဲဒီခြောက်ကပ်နေတဲ့အလောင်းကို ဧည့်ခန်းထဲ ပစ်ချလိုက်ပြီး မြေခွေးမိစ္ဆာကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ ဖမ်းဆီးလိုက်တာက သူတို့ကို သူတို့ရဲ့အမြီးတွေ ပြသလာအောင် နောက်ဆုံးမှာ ပြုလုပ်နိုင်ခဲ့ပြီပဲလေ။"
အားထိုက်: "ဒါပေမဲ့ အခု သူတို့ရဲ့နောက်ကွယ်က ကြိုးကိုင်သူက သတိထားမိသွားပြီ။ ဒါက ရေရှည်မှာ ငါတို့အတွက် အလုပ်တွေကို ပိုပြီး ခက်ခဲစေလိမ့်မယ်။"
ချိုယုံစစ်: "ထိုင်ပြီး စိတ်ပူမနေနဲ့။ သူလည်း အရန်အစီအစဉ်တစ်ခုကို စိတ်ကူးထားပြီးသားဖြစ်နိုင်တယ်။ ဒီနောက်ကွယ်က လူကိုတောင် ခန့်မှန်းမိပြီးလောက်ပြီ။"
အားထိုက်: "ငါကတော့ မထင်ပါဘူး။"
...
"ဟေ့ ပေါ်လာပြီ!"
"မြန်မြန် မြန်မြန်လုပ်!"
ဓားပျံ၏ အလင်းတန်းများ လင်းလက်လာပြီး လူနှစ်ယောက် ချက်ချင်း အိမ်ခေါင်မိုးပေါ် ပြေးတက်သွားကြသည်။ ပခုံးပေါ်ထိုးစိုက်နေသော ဓားပျံကြောင့် မြေခွေးမိစ္ဆာ၏အရှိန်ကလည်း နှေးကွေးသွား၏။ အရှေ့ဈေးထဲ ရောက်သောအခါ မော့ရစ်ကန်းနှင့် ဟုန်ကျွင့်တို့က သူ၏ ထွက်ပြေးမည့် လမ်းကြောင်းကို ဖြတ်တောက်ရန်အတွက် တိတ်တဆိတ် ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ကြပြီး လီကျင်လုံ၏ အချက်ပြမှုကို စောင့်ဆိုင်းလျက် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့ကြသည်။
မြေခွေးမိစ္ဆာက အန္တရာယ်ကို ခံစားသိရှိပုံရပြီး အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ရပ်သွားခဲ့သည်။ တစ်ခဏချင်းမှာပင် လီကျင်လုံကလည်း အမှောင်ထုထဲပြေးဝင်လာပြီး သူ့ဓားကို တိတ်တဆိတ် ဝှေ့ယမ်းလိုက်ရာ မြေခွေးမိစ္ဆာကလည်း အနောက်ဆုတ်ရင်း ရုတ်ခြည်းဟိန်းဟောက်လာ၏။ ၎င်း၏ပါးစပ်ထဲက မီးခိုးများ လွင့်ထွက်လာသည်။
ထိုအခိုက် နောက်ထပ်မြားတစ်စင်းက လေထုထဲကနေ ပစ်ဝင်လာပြန်၏။ မြေခွေးကလည်း မလွတ်မြောက်နိုင်တော့ကြောင်း သိသွားသည့်ဟန်ပင်။ ၎င်းက စူးရှသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ကာ အသွင်ပြောင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် အမျိုးသမီးတစ်ယောက်၏ အော်သံကိုလည်း ကြားလိုက်ရသည်။
"အရှက်မရှိတဲ့ လူသားတွေ! လွန်လာပြီ! ငါနင်တို့ကို ဘာလုပ်ခဲ့ဖူးလို့လဲ။"
လီကျင်လုံက အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်။
"လူ့အသက်တစ်ချောင်းကို သတ်ပစ်လိုက်တာက အပြစ်ပဲ။ ချန်အန်းက မင်းတို့တွေ သောင်းကျန်းရမယ့်နေရာမဟုတ်ဘူး!!"
မြေခွေးမိစ္ဆာက ပေါက်ကွဲသံနှင့်အတူ မြူခိုးများထဲမှ ပြေးထွက်လာပြီး အရပ်က ဆယ်ပေခန့်အထိ မြင့်သွား၏။ ၎င်းက ချွန်ထက်သော ခြေသည်းများကို ဆန့်ထုတ်ကာ လီကျင်လုံဆီသို့ ပြေးဝင်သွားခဲ့သည်။ လီကျင်လုံက သူ့ဓားဖြင့် ပိတ်ဆို့ရန် ချက်ချင်း မြှောက်လိုက်သော်လည်း လူက မြေပြင်ပေါ်သို့ လွင့်ကျသွားခဲ့သည်။
ဤမြေခွေးမိစ္ဆာ အလွန်အမင်း ကြီးမားနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ ၎င်း၏ရည်ရွယ်ချက် အစစ်အမှန်မှာ သူတို့ကို ဤနေရာအထိ ဆွဲခေါ်လာပြီး သတ်ပစ်ချင်နေခြင်းပင်။
မော့ရစ်ကန်းဆီက မြားတစ်စင်းက ပြေးထွက်သွားခဲ့သည်။ ယီရှီးလန်မျှော်စင်၌ အလောင်းကို မီးရှို့ခဲ့သူက ဤအကောင် ဖြစ်နိုင်ကြောင်း သက်သေပြနေ၏။ မြားက မြေခွေး၏ပခုံးကို ထိမှန်သွားသော်လည်း မြေခွေးမိစ္ဆာက မော့ရစ်ကန်း၏မြားကို လုံးဝ မကြောက်ပေ။
၎င်း၏မျက်လုံးများက သွေးနီရောင် မျက်လုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်း၏ပါးစပ်ကနေလည်း မီးတောက်များ ဖြာထွက်လာခဲ့သည်။ အနှီမီးတောက်များက လီကျင်လုံအား ဖုံးလွှမ်းတော့မတတ် ပြေးထွက်လာ၏။ ထိုစဥ် ဟုန်ကျွင့်က လီကျင်လုံအပေါ်ကနေ ခုန်ထွက်လာကာ နတ်အလင်းငါးရောင်ဖြင့် နှစ်ယောက်စလုံးအပေါ် ဖုံးအုပ်ထားလိုက်သည်။
တစ်ခဏချင်းမှာပင် မီးတောက်များက ပြန်ကန်ထွက်သွားသဖြင့် မြေခွေးမိစ္ဆာခမျာ မိမိ၏မီးကြောင့် မျက်နှာတစ်ခုလုံး မီးလောင်သွားလေရာ နာနာကျင်ကျင်ဖြင့် ဟောက်လိုက်တော့၏။
မီးတောက်များ ငြိမ်းသွားပြီးနောက် မြေခွေးမိစ္ဆာက ဈေးဆိုင်ခန်းတစ်ခုကို ပြင်းထန်စွာ ဝင်တိုက်မိခဲ့သဖြင့် ၎င်းဆိုင်ခန်းမှာ ကျယ်လောင်သော အသံကြီးနှင့်အတူ ပြိုလဲသွားခဲ့သည်။ လီကျင်လုံက ဟုန်ကျွင့်ကို ပွေ့ဖက်လိုက်ပြီး ပြိုကျလာသော ဆိုင်ခန်း၏အောက်မှ လွတ်မြောက်ရန်အတွက် ဘေးဘက်သို့ လှိမ့်ချလိုက်၏။
"ခေါင်းဆောင်!"
မော့ရစ်ကန်းက ခေါင်းမိုးထက်မှ ပြေးလာနေသည်။
လီကျင်လုံ: "ငါ သူ့ကို အာရုံလွှဲထားမယ်!! မင်းတို့ သူ့နှလုံးကို ထိအောင်ပစ်!!"
လီကျင်လုံက ပြောပြီးသည်နှင့် မိစ္ဆာအရှေ့သို့ ပြေးထွက်သွားခဲ့သည်။ ဟုန်ကျွင့်နှင့် မော့ရစ်ကန်းကလည်း အပျက်အစီးများ ပုန်းအောင်းကာ အပြင်ကို လှမ်းကြည့်လိုက်၏။ ဤမြေခွေးမိစ္ဆာ၏ ပခုံးနှစ်ဖက်တွင် မော့ရစ်ကန်း၏ မြားတစ်စင်းနှင့် ဟုန်ကျွင့်၏ဓားပျံတစ်ချောင်း ထိုးစိုက်နေသဖြင့် ခက်ခက်ခဲခဲ မတ်တတ်ထရပ်နေရကာ ကြံ့ခိုင်မှုက အလွန်အားနည်းသွားပြီဟု ဆိုရမည်။
ဟုန်ကျွင့်က မြေခွေးမိစ္ဆာ မီးထပ်မှုတ်လာမည်အား စိုးရိမ်သောကြောင့် သူ၏ညာလက်ဖြင့် နောက်ဆုံးဓားပျံကို ဆုပ်ကိုင်ထားပြီး ဘယ်ဘက်လက်တွင်တော့ နတ်အလင်းငါးရောင်ကို ထုတ်ကာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထား၏။ ထိုစဥ် မော့ရစ်ကန်းက ဟုန်ကျွင့်၏ပခုံးကို ပေါ့ပေါ့ပါးပါးလှမ်းပုတ်၍ ထွက်သွားလေသည်။
မြေခွေးမိစ္ဆာမှာ ရင်တထိတ်ထိတ်ဖြင့် လီကျင်လုံကို တိုက်ရိုက်ကြည့်နေ၏။ လက်ရှိအချိန်၌ ဟုန်ကျွင့်လည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ထိုစဥ် လီကျင်လုံက ဓားရှည်ကိုဆွဲလျက် အရှေ့သို့ တက်ကာ အေးစက်စွာ ပြောလိုက်သည်။
"မိစ္ဆာမ! ထန်မင်းဆက်ရဲ့ နတ်ဆိုးနှင်ဌာနက လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က ညှိုးနွမ်းသွားခဲ့တာ မှန်ပေမဲ့ ဒီဓားရှိနေသရွေ့ ချန်အန်းက မင်းတို့မိစ္ဆာတွေ မောက်မောက်မာမာမာ ပြုမူနိုင်တဲ့ နေရာမဟုတ်ဘူး!"
ထိုသို့ပြောပြီးနောက် လီကျင်လုံက သူ၏ဓားကို မြေခွေးမိစ္ဆာထံသို့ ညွှန်ပြလိုက်ရာ မြေခွေးမိစ္ဆာ၏ခန္ဓာကိုယ်ပေါ်ရှိ ဓားပျံမှာ စူးရှသောအလင်းရောင်များ တောက်ပလာတော့သည်။
မြေခွေးမိစ္ဆာက လှောင်ပြောင်လိုက်သည်။
"နင် တကယ်ကြီး နင့်ကိုယ်နင် ဟုတ်လှပြီလို့ ထင်နေတာလား။ ချန်အန်းက နင်တို့ လူသားမျိုးနွယ်ရဲ့နေရာ မဟုတ်တော့ဘူး။ စောင့်ကြည့်နေလိုက်!!"
မော့ရစ်ကန်းက ခပ်မြင့်မြင့် သစ်သားပုံပေါ်၌ ရပ်ကြည့်နေကာ မြားများကို ထပ်မံပစ်လွှတ်လိုက်၏။ ဟုန်ကျွင့်က ဓားပျံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့လက်ဖဝါးတစ်ခုလုံး ချွေးများရွှဲနေသည်။
လီကျင်လုံ ထိုစကားကို ကြားလိုက်ရသောအခါ လန့်ဖျပ်သွားသော်လည်း ဤအခိုက်တွင် မြေခွေးမိစ္ဆာက ၎င်း၏ချွန်ထက်သော သွားများကို ဖွင့်ကာ လီကျင်လုံအား ခုန်အုပ်လိုက်လေပြီ။ ချွန်ထက်သော ခြေသည်းများက ညအလင်းရောင်အောက်၌ အလွန်အမင်း တောက်ပနေ၏။ အကယ်၍ လီကျင်လုံသာ ဖမ်းမိသွားပါက အသားစများ စုတ်ပြဲကုန်လိမ့်မည်။
လီကျင်လုံက သူ၏ဓားရှည်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရင်း ယင်းခြေသည်းများကို ခုခံထားလိုက်သည်။ ထို့နောက် အနောက်သို့ တစ်ချက်ခုန်ကာ ရှောင်လိုက်၏။ ထိုအချိန်တွင် မြင်းခွာသံများ နီးကပ်လာကာ လုံဝူစစ်တပ်မှ စစ်သည်တစ်စု ရောက်ရှိလာခဲ့သည်။
“ညကြီးအချိန်မတော် ဘယ်သူက လာဆူညံနေတာလဲ!”
မော့ရစ်ကန်း သူ့မြားကို ချက်ချင်း ပြန်ရုပ်သိမ်းကာ ဟုန်ကျွင့်လည်း ချာခနဲ ခေါင်းလှည့်ကြည့်လိုက်သည်။ လီကျင်လုံ ရှောင်တိမ်းလိုက်သည့် စက္ကန့်ပိုင်းအတွင်းမှာပင်၊ မြေခွေးမိစ္ဆာသည် အခွင့်ကောင်းကို အမိအရ ရယူလိုက်ပြီး လုံဝူတပ်ဖွဲ့ဝင်များရှိရာသို့ အပြေးအလွှား ဦးတည်သွားခဲ့တော့သည်။
လီကျင်လုံ ဒေါသတကြီးဖြင့် အော်လိုက်သည်။
"ပြေးတော့!!"
လုံဝူစစ်တပ်၏ ကင်းလှည့်စစ်သည်များက မြေခွေးကြီးကို မြင်လိုက်သောအခိုက် အိပ်မက်နှင့် လက်တွေ့ မသဲကွဲတော့ဘဲ တဆတ်ဆတ် တုန်လှုပ်သွားကုန်၏။ မြေခွေးကြီးကြောင့် စစ်သည်နှင့် မြင်းများအားလုံး အလူးအလဲ ခံလိုက်ရကာ ချက်ချင်း ပြန်မထနိုင်ခင် မြေခွေးမိစ္ဆာက အဖွဲ့ထဲဝင်လုံးကာ ပြေးထွက်သွားချေပြီ။
လီကျင်လုံတစ်ယောက် ၎င်းနောက်ကို အလွန်လျင်မြန်စွာ ပြေးလိုက်သွားကာ မြေခွေးမိစ္ဆာ၏နောက်ကျောပေါ် ခုန်တက်လိုက်သည်။ ထို့နောက် မိစ္ဆာ၏လည်ပင်းနောက်ဘက်သို့ ဓားဖြင့် ထိုးချလိုက်သည်။
မြင်းများက ကြောက်လန့်တကြားဖြင့် အနီးနားရှိ အရပ်ရပ်သို့ ပြေးထွက်သွားကြသောကြောင့် လုံဝူစစ်တပ်၏ စစ်သည်များခမျာ မြေပြင်ပေါ်သို့ လဲကျပြီး အထိတ်တလန့် ဖြစ်ကုန်ကြ၏။
"ပြေးကြ!"
ထို့နောက် စစ်သည်များက လူးလှိမ့်တွားသွားကာဖြင့် ထွက်ပြေးသွားခဲ့ကြသည်။ မြေခွေးမိစ္ဆာက လည်ပင်းအနောက်ဘက်အား ဓားထိုးခံထားရသဖြင့် ပြင်းထန်စွာ ဟိမ်းဟောက်ကာ တစ်ဖန်လှည့်၍ ခါထုတ်ပစ်လိုက်လေရာ လီကျင်လုံလည်း မြေပြင်ပေါ်သို့ ကြိမ်ဖန်များစွာ လှိမ့်သွားခဲ့၏။ ဟုန်ကျွင့်က လီကျင်လုံ ထိခိုက်သွားမည်အား စိုးရိမ်သောကြောင့် ဓားပျံတစ်စင်းကို ပစ်လွှတ်ရခက်နေခဲ့သည်။
***
Aurora Novel Translation Team