no

Font
Theme

အပိုင်း (၂၆) - မြောက်ဘက် ဆင်ခြေဖုံးနန်းတော် (၁)

နတ်ဆိုးနှင်ဌာနသည် ညနေခင်း နေဝင်ချိန်အထိ တစ်ရေးတစ်မောအိပ်ကြသည့် အလေ့အကျင့်ရှိနေပြီဖြစ်ကာ ညဘက်ရောက်မှသာ လှုပ်ရှားကြလေသည်။ နေ့နှင့်ည ပြောင်းပြန်ဖြစ်လျှင် ထာဝရအသက်ရှင်နိုင်သည် ဟူသည့် ဆိုရိုးစကားပင် ရှိ၏။ စက္ကန့်တိုင်း၊ နာရီတိုင်း ပိုမှန်ထက် စိတ်အားထက်သန်နေခဲ့သူ ဟုန်ကျွင့်အပါအဝင် လူတိုင်းသည် နှစ်နာရီအတွင်း အကြိမ်တစ်ရာမျှ သမ်းဝေပြီးသွားကြပေပြီ။ သို့သော် စိတ်အစဥ်တို့မှာတော့ အဆတစ်ရာလောက် စွမ်းအင်ပြည့်ဝနေကြသည်။

ချိုယုံစစ်နှင့် ဟုန်ကျွင့်တို့သည် လုံဝူစစ်တပ် တစ်ခုလုံးကို မြင်နိုင်သည့် တံစက်မြိတ်ပေါ်တွင် ထိုင်နေကြ၏။ အားထိုက်က ဟူရှန်း၏ အခန်းအပြင်ဘက်တွင် စောင့်ကြပ်နေပြီး မော့ရစ်ကန်းကတော့ အိမ်နောက်ဖေးနှင့် ဟူရှန်း၏အခန်းကြားက နံရံအနားတွင် နေရာယူထားသည်။

ညဘက်ရောက်ပြီမို့ ဟူရှန်းအခန်းထဲရှိ မီးများက လင်းလက်နေသည်။ လုံဝူတပ်စခန်းထဲတွင် အရာရှိများနှင့် စစ်သည်များစွာ နေထိုင်၏။ ဟူရှန်းသည် မြို့ထဲတွင် အိမ်တစ်လုံးရှိသော်လည်း သူ့လက်အောက်ငယ်သားများနှင့် အတူနေထိုင်ခဲ့သည်။ ဤည၌ ဘာကြောင့်မှန်းမသိ တစ်ခါတစ်ရံ သံတိုင်များဖြင့် ကာရံထားသည့် လှောင်အိမ်ကိုကြည့်ရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသလို စိတ်ထဲမှာလည်း အတော်လေး အဆင်မပြေဖြစ်နေသည်။

"မင်း ဘယ်ကလာတာလဲ။"

ဟူရှန်းသည် မြေခွေးငယ်လေးက ကျင့်ယွင်ဖြစ်ကြောင်း မယုံနိုင်သေးသော်လည်း ဒဏ်ရာပြင်းထန်ထားသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် သနားသွားမိသည်။ မြေခွေးလေးက ပြန်ဖြေ၏။

“တပ်မှူးဟူ ကျေးဇူးပြုပြီး ကျွန်မကို လွှတ်ပေးနိုင်မလားဟင်။”

ဟူရှန်းတစ်ယောက် ထိတ်လန့်မှုအပြည့်ဖြင့် ဟစ်အော်လိုက်မိသည်။ အခန်းအပြင်ဘက်ရှိ မော့ရစ်ကန်းနှင့် အားထိုက်တို့နှစ်ယောက်စလုံးမှာ အရှေ့သို့ လှမ်းထွက်ခါနီးဖြစ်နေလေပြီ။ ထိုအချိန်တွင် လီကျင်လုံက ခြံဝင်းအတွင်း၌ ရပ်နေကာ အထဲသို့ဝင်မသွားရန် အချက်လှမ်းပြခဲ့၏။

"ခဏစောင့်!"

လီကျင်လုံက အသံတိုးတိုးဖြင့် :"အဲ့အကောင် ထွက်မပြေးမချင်း ကမူးရှူးထိုး မလုပ်နဲ့။"

ထိုသို့ပြောပြီးနောက် လီကျင်လုံက နံရံပေါ်ခုန်တက်ကာ အမြင့်တစ်နေရာသို့ ပြေးတက်သွားခဲ့သည်။

"မင်း... မင်း... မင်းက စကားပြောနိုင်တယ်လား!!"

ဟူရှန်းကို အိပ်မက်ဆိုးမက်ကာ အော်ဟစ်နေသည်ဟု ထင်သွားသည့် လုံဝူစစ်သည်တစ်ယောက်က တံခါးလာခေါက်လေ၏။

"တပ်မှူးဟူ?"

ဟူရှန်းက သူအဆင်ပြေကြောင်း ခပ်မြန်မြန်ပြောပြီး အစောင့်ကို ဖယ်ထုတ်ကာ မြေခွေးလေးကို ပြန်ကြည့်လိုက်သည်။ မြေခွေးလေး၏ မျက်ဝန်းထဲတွင်တော့ မျက်ရည်စများ ပြည့်နေ၏။

"တပ်မှူးဟူ ရှင် ကျွန်မကို စိတ်ရင်းနဲ့ဆက်ဆံတာ ကျွန်မသိပါတယ်။ ကျွန်မလည်း ကျွန််မသာ မိစ္ဆာမဟုတ်ခဲ့ရင်ဆိုပြီး တွေးခဲ့ဖူးပါတယ်။"

"မင်း မင်း မင်း..."

ဟူရှန်းမှာ တုန်တုန်ယင်ယင်ဖြစ်နေသည့် ခြေထောက်များကို မထိန်းနိုင်ဘဲ အနောက်ဆုတ်သွားခဲ့သည်။ သူ၏ ကြောက်စိတ်များအပြည့်နှင့် မျက်လုံးများကလည်း တသိမ့်သိမ့် တုန်ရီနေ၏။

"ကျွန်မတို့ ညီမသုံးယောက်က ရှင်းယန်မှာ လေ့ကျင့်ခဲ့ဖူးပါတယ်။"

မြေခွေးငယ်လေးက လှောင်အိမ်အနားသို့ ချဉ်းကပ်လာပြီး ပြောပြလေသည်။

"ကျွန်မ ဒီကမ္ဘာကြီးကို မြင်ချင်ခဲ့တယ်။ အဲဒါကြောင့် အစ်မအကြီးဆုံးနဲ့ ဒုတိယအစ်မက ကျွန်မကို ချန်အန်းကို ခေါ်လာခဲ့တာ။ ကျွန်မတို့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးပါဘူး။ ကျွန်မမှာ အားကိုးစရာလူလည်း မရှိဘူး။ ကျွန်မ ထပ်မလုပ်ပါဘူးလို့ ကတိပေးပေမဲ့ လီကျင်လုံက မလွှတ်ပေးခဲ့ဘူး။"

"ဒီကောင်က ငါ့ကိုမလိမ်ဘူး။ မင်းက တကယ်မိစ္ဆာတစ်ကောင်ပဲ!"

"တပ်မှူးဟူ ဗုဒ္ဓဘာသာဝင်တွေက အသက်တစ်ချောင်းကို တန်ဖိုးထားတတ်ကြတယ်လို့ ကြားဖူးတယ်။ ကျွန်မကို လွှတ်ပေးရင် ရှင့်ရဲ့ကရုဏာကို ဒီဘဝမှာ သေချာပေါက် ပြန်ဆပ်ပါ့မယ်။ ကျွန်မ ရှင့်ကိုတွေ့တုန်းက ပုံပြင်လေးတစ်ပုဒ် ပြောပြတာကို မှတ်မိသေးလား။"

ဟူရှန်းက အသက်ပြင်းပြင်းရှူရင်း နောက်ဆုံးတွင်တော့ ငြိမ်သက်သွားသည်။ မြေခွေးလေး၏စကားကို ကြားသောအခါ သူသည် လွန်ခဲ့သောသုံးနှစ်က ယွီလန်ဖန်ပွဲတော်၌ ချွီးရွှေတံတားအောက် မီးပုံးများလွှတ်ရင်း ကျင့်ယွင်နှင့် ပထမဆုံး တွေ့ခဲ့သည့် ညကို သတိရသွားသည်။

ထိုညတွင် ကျင့်ယွင်သည် မြေခွေးမိစ္ဆာနှင့် စာပေပညာရှင်တစ်ဦး၏အကြောင်းကို ပုံပြင်တစ်ပုဒ်အဖြစ် ပြောပြခဲ့သည်။ ပုံပြင်၏ ယေဘုယျအကြောင်းအရာမှာ အရည်အချင်းရှိ စာပေသမားနှင့် လှပသော အမျိုးသမီးတစ်ဦးက မတူညီသောလမ်းစဥ်ကြောင့် ခွဲခွာခဲ့ရသည့် ပုံပြင်လေးဖြစ်သည်။

ဤအခိုက်၌ ဟူရှန်း၏မျက်လုံးများမှာ သနားညှာတာမှုများ ဖြင့် ပြည့်နှက်သွား၏။ သူသည် ငယ်စဉ်ကတည်းက ထိုကဲ့သို့ဆိုးဝါးကာ သနားစရာကောင်းသော ဇာတ်လမ်းများကို ကြားသိခဲ့ရသော်လည်း သူ့ရှေ့တွင် ဖြစ်ပျက်နေသော ဤအဖြစ်အပျက်ကိုတော့ 'ဟုတ်ရဲ့လား' ဟု သံသယဝင်နေမိ၏။

လီကျင်လုံက အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်သွားခဲ့သည်။ ချိုယုံစစ်နှင့် ဟုန်ကျွင့်က မတိုင်ခင်က တီးတိုးစကားပြောနေခဲ့ကြရာ လီကျင်လုံကို တွေ့လိုက်သည်နှင့် ချက်ချင်းပင် စကားစဲသွားကြသည်။

လီကျင်လုံက သူတို့နှစ်ယောက်ကို သံသယစိတ်ဖြင့် ကြည့်နေ၏။ တကယ်တော့ ဟုန်ကျွင့်က ချိုယုံစစ်အား ဖျင်ကန်းလီအကြောင်းကို မေးနေခြင်းပင်။ ၁၆ နှစ်အရွယ် လူငယ်လေးသည် စိတ်အားထက်သန်ပြီး အရာအားလုံးအပေါ် စပ်စုလိုစိတ် အပြည့်ရှိနေသည်။

လီကျင်လုံက ဖျင်ကန်းလီနှင့်စပ်လျဥ်း၍ မမေးခိုင်းလေလေ၊ ဟုန်ကျွင့်မှာ ထိုအကြောင်းကို ပိုသိချင်လေလေ ဖြစ်သည်။ သို့ဖြင့် ချိုယုံစစ်က သူ့အသံကိုလျှော့ပြီး ဟုန်ကျွင့်အား အတိအကျ ဖော်ပြလိုက်သောကြောင့် ဟုန်ကျွင့်မှာ မျက်တောင်လေးများ ပုတ်ခတ်ရင်း မျက်နှာလေး နီရဲတွက်သွားရလေသည်။

"ငါ့ကို ဖုံးကွယ်ထားတာတွေ ရှိလား။"

လီကျင်လုံက လှမ်းမေးလိုက်သည်။

"မရှိဘူး။"

ချိုယုံစစ်က ကမန်းကတန်း ပြောလိုက်သည်။

ဟုန်ကျွင့်ကလည်း မျက်နှာရဲရဲလေးဖြင့် အမြန်ပြန်ဖြေလေသည်။

"မရှိပါဘူး။"

သူတို့နှစ်ယောက်က လီကျင်လုံ ထွက်ခွာသွားမည့်အချိန်အား စောင့်ဆိုင်းနေသော်လည်း လီကျင်လုံက သူတို့ဘေးတွင် ဝင်ထိုင်လာခဲ့၏။ ဟုန်ကျွင့်တစ်ယောက် သူခိုးလူမိသွားသလိုသာမက အပြစ်ရှိသလိုပါ ခံစားလိုက်ရသဖြင့် ဂနာမငြိမ်တော့ပေ။

"မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုတို့။ ဒီအမှုကို စုံစမ်းစစ်ဆေးပြီးရင် အားလုံး ကောင်းကောင်းအနားယူပြီး ပျော်ပါးဖို့ နေရာကောင်းတစ်ခု ရှာပေးမှာပါ။"

လီကျင်လုံက ပြောပြီးနောက် ဟုန်ကျွင့်နှင့် ချိုယုံစစ်ကို ရုတ်တရက် စိုက်ကြည့်လိုက်၏။ ဟုန်ကျွင့်က စိတ်ဝင်စားလာသည်။

“ကျွန်တော်တို့ ခုနကမှ ပြန်…”

ဟုန်ကျွင့် စကားမဆုံးသေးခင် ချိုယုံစစ်က သူ့ကို ချက်ချင်း ဆွဲတားလိုက်လေသည်။

"တိုင်းပြည်အတွက် တာဝန် ထမ်းဆောင်ဖို့ လိုအပ်တယ်လေ။ ဒါကို ပင်ပန်းတယ်လို့ ဘယ်လိုလုပ်ပြောနိုင်ပါ့မလဲ။"

ထိုအချိန်တွင် အမှောင်ထုထဲက မြေသားများ ရုတ်တရက် ဖောင်းကြွလာ၏။ တစ်စုံတစ်ခုတော့ ရောက်လာလေပြီ။ ၎င်းက ကျောရိုးကြီးတစ်ခုအလား ခုံးခုံးကြီးဖြစ်ပြီး လုံဝူစစ်တပ်အနီးသို့ ချဉ်းကပ်လာသောအခါ အစီအရင်ကို အရှိန်ပြင်းပြင်းနှင့် ဝင်တိုက်မိသဖြင့် အနည်းငယ် နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် အခြားနည်းဖြင့် လမ်းလွှဲကာ ခြံဝင်းနံရံအောက်ကနေ ဝင်သွားခဲ့လေသည်။

လီကျင်လုံတစ်ယောက် ၎င်းကို ချက်ချင်း သတိထားမိသည်။

"ဘာသံလဲ။"

ဟုန်ကျွင့်နှင့် ချိုယုံစစ်တို့မှာ တစ်ခဏမျှ ဇဝေဇဝါ ဖြစ်သွားကြ၏။ ချိုယုံစစ်က တုန်ခါမှုအနည်းငယ်ကို ခံစားမိလိုက်သဖြင့် ပြောလိုက်သည်။

"ခုနက ငါတို့အောက်မှာ.... တစ်ခုခု လှုပ်ရှားသွားသလိုပဲ။"

ချန်အန်းမှာ မြေခွေးမိစ္ဆာရှိကြောင်း လူတိုင်းသိသွားကြပြီမို့ နံရံ၊ အိမ်ခေါင်မိုး စသည်များကို သေသေချာချာ အာရုံစိုက်နေခဲ့ကြရာ တစ်စုံတစ်ခုက မြေအောက်မှရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"မြေကြီးထဲမှာဆို ဘယ်လိုအကောင်တွေက တွင်းတူးပြီး သွားတတ်တာလဲ။"

လီကျင်လုံ လှည့်မေးလိုက်သည်နှင့် ဟုန်ကျွင့်လည်း ချက်ချင်း သတိရသွားသည်။ ထိုနေ့က သူ ဤကဲ့သို့သော ဧရာမငါးမိစ္ဆာကြီးကို မိုင်နှစ်ဆယ်နီးပါးအထိ လိုက်ဖမ်းခဲ့ရသည် မဟုတ်ပါလား။ လီကျင်လုံ ထိုအကြောင်းကို သိသိချင်း ချက်ချင်း ခုန်ဆင်းကာ အမိန့်ပေးလိုက်သည်။

"အားလုံး အိမ်နောက်ဖေးမှာ စုကြစို့!!"

ထိုအခိုက်၌ မြေကြီးထဲမှ အနက်ရောင်အငွေ့များ တိုးထွက်လာပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အမျိုးသားတစ်ယောက် ပေါ်လာသည်။ သူ့နဖူးတွင် သွေးစွန်းနေသော အမာရွတ်များရှိကာ အနက်ရောင် အဝတ်အစားကို ၀တ်ဆင်ထားသည်။

ထိုအမျိုးသား တံခါးကို တွန်းဖွင့်ပြီး ဝင်သွားသည်နှင့် တစ်ပြိုက်နက်တည်း လှောင်အိမ်တံခါးကလည်း ကျယ်လောင်သော အသံတစ်သံနှင့်အတူ ပွင့်လာ၏။ ဒဏ်ရာများကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့နေသော ကျင့်ယွင်က ဟူရှန်းကို အိပ်ရာပေါ် တင်ပေးလိုက်သည်။ သူ(မ)၏မျက်လုံးထဲတွင် မျက်ရည်စများဖြင့် ပြည့်နေပြီး တစ်ဖက်လူကို စောင်တစ်ထည်ခြုံပေးရင်း တိုးတိုးလေး ပြောလိုက်သည်။

"တပ်မှူးဟူ၊ ကျွန်မ တကယ်တောင်းပန်ပါတယ်။ ကျွန်မ ဒီလိုမလုပ်ချင်ခဲ့ပါဘူး။"

"မင်း သူ့အပေါ် ခံစားချက်တွေ ရှိနေတာပဲ။"

အနက်ရောင်ဝတ်ရုံနှင့် အမျိုးသားက ပြောလာ၏။

ကျင့်ယွင်က အထိတ်တလန့်ဖြင့် ချာခနဲလှည့်ကြည့်ရင်း မျက်မှောင်ကြုတ်သွားလေသည်။

"ဖေးအောင်လား။"

ဖေးအောင်: "အထက်လူကြီးတွေက မင်းကို ချန်အန်းမြို့ကနေ ချက်ချင်း ခေါ်ထုတ်သွားဖို့ ပြောထားတယ်။"

ကျင့်ယွင် သက်ပြင်းတစ်ချက်ချကာ မျက်ရည်လေးများဖြင့် ပြန်ပြောလိုက်သည်။

"အစ်မအကြီးဆုံးနဲ့ ဒုတိယအစ်မတို့ နှစ်ယောက်လုံး သူတို့လက်ထဲမှာ သေသွားပြီ။ ရှင့်ဒဏ်ရာတွေရော အဆင်ပြေရဲ့လား။"

ဖေးအောင်က ရှေ့သို့ တိုးလာကာ ကျင့်ယွင့်၏မေးစေ့ကို ပင့်ယူရန် သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

"ဒီတစ်ခါ နတ်ဆိုးနှင်ဌာနက ကြမ်းတမ်းတဲ့ကောင်တွေ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ခဏပဲစောင့်။ ငါ သူတို့အတွက် လက်စားချေပေးမယ်။ အခုတော့ သွားကြရအောင်။"

ကျင့်ယွင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း ရုတ်တရက် ယိုင်သွားခဲ့သည်။ သူ(မ) ဒဏ်ရာရနေသည်ကို မြင်လိုက်ရသဖြင့် ဖေးအောင်က သူ(မ)ကို ပွေ့ချီလိုက်တော့သည်။ သူက ဘယ်ဘက်လက်မှာ မိစ္ဆာစွမ်းအင်များကို စုစည်း၍ သူ(မ)၏ဒဏ်ရာများကို ကုသပေးရန် သူ(မ)၏ ဦးခေါင်းထဲသို့ အဆက်မပြတ် သွင်းပေးနေခဲ့သည်။

နောက်ဆုံး၌ ကျင့်ယွင်၏ မျက်နှာကလည်း တဖြည်းဖြည်း အရောင်ပြောင်းလာ၏။

ဤအခိုက်၌ နတ်ဆိုးနှင်ဌာနမှ လူငါးဦးက ခြံဝင်းအတွင်းတွင် ဖြန့်ကျက်နေရာယူထားကြလေပြီ။ မော့ရစ်ကန်းက ခြံဝင်းနံရံပေါ်တွင် ရပ်နေကာ သူ၏လေးကို ဖြည်းညင်းစွာ ဆွဲ၍ အခန်းအတွင်းရှိ မိစ္ဆာနှစ်ကောင်ကို ချိန်ထားသည်။ ချိုယုံစစ်နှင့် လီကျင်လုံတို့က တံခါးအပြင်ဘက်မှာ မှီလျက် အခန်းထဲက စကားဝိုင်းကို နားထောင်နေကြသည်။

အားထိုက်နှင့် ဟုန်ကျွင့်တို့မှာ အမှောင်ထဲတွင် ပုန်းနေကြပြီး တစ်ယောက်က ယပ်တောင်ကို အသင့်ကိုင်ထားကာ ကျန်တစ်ယောက်က ဓားပျံသုံးစင်းကို ပြင်ထား၏။

"ကျွန်မတို့ ရန်သူက မျက်စိရှေ့မှာတင် ရှိတယ်။ ရှင့်ရဲ့ ကျင့်ကြံမှုတွေကို အလဟဿ မဖြုန်းသင့်ဘူး။"

ဖေးအောင်က အသံတိုးတိုးဖြင့်: "ဒီညပြီးရင် ငါတို့ အဝေးကြီးကို ပျံသန်းလို့ရပြီ။ ဘယ်တော့မှ ချန်အန်းကို ပြန်မလာတော့ဘူး။ မင်းနဲ့ငါ သေသေချာချာ လေ့ကျင့်ပြီးရင် မင်းညီအစ်မတွေအတွက် လက်စားချေဖို့ ပြန်လာကြမယ်။"

ကျင့်ယွင်တစ်ယောက် ထိုစကားနောက်ကွယ်က အဓိပ္ပာယ်ကို ရုတ်ခြည်း သဘောပေါက်သွားသောကြောင့် တုန်လှုပ်ချောက်ချားစွာ ပြန်မေးလိုက်၏။

"သူတို့က ကျွန်မကို သတ်ဖို့ အမိန့်ပေးလိုက်တာလား။"

"ငါဒီမှာရှိနေသရွေ့ မင်းကို ဘယ်သူမှ မထိနိုင်စေရဘူး။"

"တခြားညီမတွေရော? လီကျင်လုံ ဆက်ပြီးစုံစမ်းနေမှာ ကျွန်မ ကြောက်တယ်။"

"မင်းရဲ့ဒုတိယအစ်မပေါ့ဆလို့သာ မဟုတ်ရင် အလောင်းတွေအားလုံး ပျောက်ကွယ်သွားလောက်ပြီ။ ဘယ်လိုစစ်ဆေးမှာလဲ။ တစ်ယောက်ပြီးတစ်ယောက် ဖမ်းပြီး ညှဉ်းပန်းနှိပ်စက်ဖို့က ဖြစ်နိုင်ပါ့မလား။ နောက်နှစ် တော်ဝင်စာမေးပွဲပြီးရင် လီကျင်လုံကို သင်္ချိုင်းမြေမရှိဘဲ သေသွားအောင် လုပ်ပေးလိုက်မယ်။ ဒါကတောင် သူ့ကိုတော်တော် သက်ညှာပေးရာကျနေပြီ။"

ထိုစကားကို ကြားသောအခါ ချိုယုံစစ်နှင့် လီကျင်လုံတို့၏ အကြည့်များအေးစက်သွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လီကျင်လုံသည် သူ့လက်ထဲက ဓားရှည်ကို မြှောက်ထားကာ အချိန်အတော်ကြာသည်အထိ ပြန်မချခဲ့ချေ။

ထိုအချိန်တွင် ဖေးအောင်က ကျင့်ယွင်ကို ပွေ့ဖက်လိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

လီကျင်လုံ မလှုပ်ရှားခင် မော့ရစ်ကန်းက မြားတစ်စင်းကို အလွန်လျင်မြန်စွာ ပစ်လွှတ်လိုက်သည်။ မကြာမီတွင် အန္တရာယ်ကို ခံစားမိသွားသော ကျင့်ယွင်က ဖေးအောင်ကို ဘေးသို့ တွန်းဖယ်ပစ်ကာ ထိုမြားကိုဝင်ခံလိုက်သဖြင့် မြေပေါ်သို့ အရှိန်ပြင်းပြင်း လဲကျသွားလေ၏။

"သူ့ကိုတား!"

လီကျင်လုံက အော်လိုက်သည်။

ဖေးအောင်၏ တုံ့ပြန်မှုကလည်း အတော်လေး မြန်လှသည်။ သူက ကျင့်ယွင်ကို မြားထိမှန်သွားသည်နှင့် ထောင်ချောက်မှန်း သဘောပေါက်သွားကာ အလျင်အမြန် တုံ့ပြန်ရင်း ကျင့်ယွင်ကို လက်တစ်ဖက်တည်းဖြင့် လှမ်းဆွဲလိုက်သည်။ လီကျင်လုံ ဓားရှည်ကိုဆွဲထုတ်ပြီး ပြေးဝင်လာသည့်အခိုက် ဖေးအောင်က ချာခနဲ ပြန်လှည့်လာပြီး လီကျင်လုံကို ခုန်အုပ်လိုက်၏။

"သေပေတော့!"

လီကျင်လုံ ရှုံးသွားမည်ကို စိုးရိမ်သဖြင့် လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကာ မြားများနှင့် ဓားပျံများကို ပစ်လွှတ်လိုက်လေသည်။ ဖေးအောင် ရုတ်တရက် ဟိန်းဟောက်လိုက်သောအခါ ပါးစပ်ထဲမှ ရေငွေ့များပေါက်ကွဲထွက်ကာ အရပ်ရပ်သို့ ပြန့်ကျဲသွား၏။

လီကျင်လုံက အနီးကပ်ဆုံးဖြစ်ရာ ထိုထိုးနှက်မှုကြောင့် လွင့်စဉ်သွားခဲ့သည်။ ဟုန်ကျွင့်က သူ့ကိုယ်သူနှင့် အားထိုက်ကို ကာကွယ်ရန် နတ်အလင်းငါးရောင်ကို ထုတ်လွှတ်လိုက်၏။ လီကျင်လုံကို ကယ်တင်ရန် ခြေလှမ်းပြင်လိုက်ချိန်တွင် အနှီလီကျင်လုံမှာ ဓားရှည်ကို ကိုင်ဆောင်ကာ တိုင်တစ်တိုင်ပေါ်သို့ ပြေးတက်သွားရင်း ဒေါသတကြီးဖြင့် ပြန်အော်လိုက်သည်။

"မင်းကသာ သေရတော့မယ့်သူ!!"

လီကျင်လုံက ဓားကိုဝှေ့ယမ်းရင်း ဖေးအောင်ဆီသို့ အပြေးအလွှား ပြေးဝင်တိုက်ခိုက်တော့သည်။ ဖေးအောင်က တောင့်တင်းသန်မာသော သူ၏လက်ကို မြှောက်လိုက်ပြီး ဓားကို ဖမ်းထားလိုက်သည်။ ပြီးလျှင် ဓားကိုလိမ်ကာ လီကျင်လုံအား ထပ်မံ ကန်ထုတ်လိုက်ပြန်၏။

"ဖေးအောင် မြန်မြန်ထွက်သွားတော့။ ကျွန်မကိုထားခဲ့..."

ကျင့်ယွင် အားနည်းစွာ ပြောလိုက်သည်။

ကျင့်ယွင့်၏အခြေအနေက သေလုမြောပါး ဖြစ်နေလေပြီ။ ထို့ကြောင့် ဖေးအောင်က ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်။

"ငါ သူတို့ကိုသတ်ပစ်မယ်!"

"မင်းအရည်အချင်းလေးနဲ့လား။"

အားထိုက်က လှောင်ပြောင်လိုက်၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment