အပိုင်း (၃၀) - ပါရှားမင်းသား (၁)
ထိုည၌ လူတိုင်းသည် ထမင်းဝိုင်းတွင် ဝိုင်းဖွဲ့ကာ ထိုင်နေခဲ့ကြသည်။
"မင်းတို့အကြောင်း ပြောစမ်းပါဦး။"
လီကျင်လုံက တူတစ်စုံကောက်ကိုင်ရင်း မေးလိုက်သည်။
"အရှင်မင်းမြတ်ကိုတွေ့တာ ဘာလို့ ဒူးမထောက်ကြတာလဲ။"
မော့ရစ်ကန်း: "ကိစ္စတွေ ဒီလောက်များတာကို မင်းဘယ်ကနေ ဒီကိစ္စကို တွေးမိသွားတာလဲ။"
အားထိုက်: "ငါတို့မိသားစုမှာ အထူးခွင့်ပြုထားတဲ့ စကားတစ်ခွန်း ရှိတယ်။ ဧကရာဇ်ထိုက်ကျုံးကို တွေ့ရင်တောင် ဒူးမထောက်ရဘူးတဲ့။"
လီကျင်လုံ: "..."
မော့ရစ်ကန်း: "အမှန်တိုင်းပြောရရင်... ခေါင်းဆောင် ငါ့မိသားစုမှာလည်း အထူးခွင့်ပြုချက်တစ်ခုရှိတယ်။ အလယ်ပိုင်းအရှင်မင်းမြတ်နဲ့ တွေ့တဲ့အခါ ဒူးထောက်စရာမလိုဘူး။ ဂါရဝပြုတဲ့ အရိုအသေတစ်ခုပဲ လုပ်လိုက်ရင် ရပြီ။"
လီကျင်လုံသည် တစ်ဖက်က ချိုယုံစစ်ကို ကြည့်လိုက်သောအခါ ချိုယုံစစ်ကလည်း ပြန်ဖြေသည်။
"ငါတို့မိသားစုထဲမှာ ဘိုးဘေးတစ်ယောက်က သူတော်စင်အဆင့်ရောက်နေပြီ။ အဲဒါကြောင့် ဒူးထောက်ဖို့ မလိုဘူး။ ငါတို့က သာမန်လူတွေကို ဒူးထောက်ဖို့ မလိုဘူး။"
လီကျင်လုံတစ်ယောက် လက်မြှောက်လိုက်တော့သည်။ ဤသဘောတရားလောက်ဆို သူနားလည်သွားလေပြီ။ မည်သို့ပင်ဆိုစေကာမူ သူ ဒူးထောက်ခဲ့သည်မဟုတ်လော။ အခြားသူများ၏ကိစ္စက သူ့ကိစ္စမဟုတ်ချေ။ လီကျင်လုံက နေ့ခင်းကနေ ညနေအထိ မုန့်စားနေဆဲဖြစ်သော ဟုန်ကျွင့်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။
"မင်းကရော။"
"ကျွန်တော်တို့မိသားစုက ကျောက်စိမ်းဧကရာဇ် ဒါမှမဟုတ် ဗုဒ္ဓနဲ့တွေ့ရင်တောင် ဒူးထောက်မှာ မဟုတ်ဘူးလို့ အဖေက ပြောဖူးတယ်။"
လူတိုင်း: "..."
"ဟုန်ကျွင့်!"
ငါးကြင်းမိစ္ဆာမှာ နံဘေးတွင် ထမင်းထိုင်စားရင်း ဟုန်ကျွင့်တစ်ယောက် သူ၏ကိုယ်ပိုင်ဘဝ အစစ်အမှန်ကို အလွန်အကျွံ မဖော်ပြမိစေရန်နှင့် စကားမလွန်စေရန် ဝင်ရောက်တားဆီးခဲ့သည်။
ဟုန်ကျွင့်: "ဒါပေမဲ့ နောက်တစ်ခါ ကျွန်တော့်ကို ကြိုပြောထားရင်တော့၊ အမ်... ခင်ဗျား ကျွန်တော့်ကို ဒူးထောက်ခိုင်းလည်း အရေးမကြီးပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဖေလည်း မသိဘူးလေ။ ဒူးထောက်လိုက်လို့ အသက်တိုသွားမှာပဲ ကြောက်တာ။"
ချိုယုံစစ်က ရုတ်တရက် ရယ်ချလိုက်၏။
"ဒါဆို မင်းနောက်တစ်ခါ မိစ္ဆာတစ်ကောင်ကိုတွေ့ရင် ဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင် ဂါဝရပြုလိုက်။ ပြီးရင် သူ့ရဲ့လျှို့ဝှက်နေရာကို ကန်ထည့်လိုက်။ အဲဒါက သက်တမ်းကို တိုစေတယ်တဲ့။ အဲ့လိုဆို ညီအစ်ကိုတွေလည်း ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေစရာ မလိုတော့ဘူး။"
"ဟုတ်သားပဲ!"
ဟုန်ကျွင့်လည်း ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသောကြောင့် နောက်တစ်ကြိမ်ဆိုလျှင် စမ်းကြည့်နိုင်လေပြီ။
"မင်းတို့..."
လီကျင်လုံမှာ သည်းမခံနိုင်တော့ပေ။
"မြန်မြန်လာ ထမင်းစားတော့။ ဟုန်ကျွင့် အဲဒီကိတ်မုန့် မစားတော့နဲ့။ မင်း ထမင်းမစားနိုင်တော့ဘဲနေမယ်။"
"လူကို အထင်သေးလိုက်တာ!"
ဟုန်ကျွင့်က လီကျင်လုံ၏အထင်သေးမှုကြောင့် နှာခေါင်းလေးရှုံ့လိုက်တော့သည်။
...
လီကျင်လုံ၏မျက်နှာပေါ်၌ စိုးရိမ်ပူပန်နေသော အရိပ်အယောင်များ ရှိနေ၏။ အိပ်ရာမှ နိုးလာသော်လည်း သူ၏မျက်ခုံးကို အမြဲလိုလို တွန့်ချိုးထားပြီး စိုးရိမ်စိတ်များ ရှိနေသေးပုံရသည်။ အမှန်လည်း နတ်ဆိုးနှင်ဌာနခွဲ၏ အမှုကို မပိတ်ရသေးပေ။
ဟုန်ကျွင့်၏ နောက်ဆုံးဓားပျံကို ရှာမတွေ့သေးသလို သာ့မင်နန်းတော်ကလည်း ပျက်စီးသွားသဖြင့် မကြာခင် လျော်ကြေးလာတောင်းပေလိမ့်မည်။ ယမန်နေ့ညက သာ့မင်နန်းတော်၌ ကြားခဲ့ရသော ဖေးအောင်တို့၏စကားဝိုင်းကို ပြန်စဥ်းစားကြည့်လျှင် အနှီမိစ္ဆာများ၌ လျှို့ဝှက်အစီအစဉ်တစ်ခု ရှိနေပုံရသည်။
'ထားလိုက်တော့ ထားလိုက်တော့။ ထမင်းအရင်စားမယ်။ ထမင်းစားပြီးမှ ဆက်ပြောကြမယ်။'
ခန်းမထဲမှာတော့ မည်သူကမှ စကားမပြောကြပေ။ လူတိုင်းမှာ ကိုယ်ပိုင်အတွေးများ ရှိပုံပေါ်ပြီး နောက်ဆုံးမှာတော့ လီကျင်လုံတစ်ယောက် လက်ဖက်ရည်ခွက်ကို ချပြီး သက်ပြင်းချလိုက်သည်။ ထိုအခါ ချိုယုံစစ်က အပြေးကလေး လက်ဖက်ရည်သွားငှဲ့ပေးကာ အားထိုက်ကလည်း အပြုံးလေးဖြင့် နှစ်သိမ့်ခဲ့၏။
"ခေါင်းဆောင် ငါတို့မကျော်လွှားနိုင်တဲ့ အတားအဆီးတွေ မရှိပါဘူး။ ငါတို့ စကားပြောကြည့်ကြရအောင်လေ။"
"ဘာလုပ်ချင်ပြန်ပြီလဲ!"
လီကျင်လုံမှာ ခေါင်းကိုက်ချင်လာသည်။
"မလုပ်ကြပါနဲ့။"
လီကျင်လုံက သူ့ရှေ့မှ လက်အောက်ငယ်သားများကြောင့် ကြီးကြီးမားမား တစ်စုံတစ်ရာ ထပ်ဖြစ်လာမည်ကို စိုးရိမ်နေခဲ့သည်။
အားထိုက်: "ငါ မင်းကို အမြဲတမ်း မဖုံးကွယ်ထားနိုင်တဲ့ အရာတွေရှိတယ်။"
လီကျင်လုံ၏နှလုံးသားက အောက်ခြေအထိ ရုတ်တရက် နစ်မြုပ်သွား၏။
"ငါကိုက ကံမကောင်းတာပါ။ ပြောကြည့်။ ဘာပဲဖြစ်ဖြစ် ငါ့ခေါင်းလည်း ပြုတ်တော့မှာ။"
"အဲ့လောက်လည်း မပြင်းထန်ပါဘူး။"
အားထိုက်: "ခေါင်းဆောင် တကယ်တော့ ငါမင်းကိုလိမ်ခဲ့တာ။ ငါ့နာမည်က ဟန်မူရာဘီမဟုတ်ဘူး။ ငါ့မျိုးရိုးနာမည်က ယက်ဇ်ဒီဂတ်ဒ်။ နာမည်အပြည့်အစုံက တိုင်ဂရာ ယက်ဇ်ဒီဂတ်ဒ်။ ငါက ထူဟောလော်က မဟုတ်ဘူး။ ငါ့ဇာတိက ပါရှား။"
လီကျင်လုံက အံ့ဩသွား၏။
"ယက်ဇ်ဒီဂတ်ဒ်က ဘာဖြစ်လို့လဲ။ ယက်ဇ်ဒီဂတ်ဒ်....."
လီကျင်လုံ တစ်ခဏကြာမှ တုံ့ပြန်နိုင်ခဲ့ပြီး တုန်တုန်ယင်ယင် အသံဖြင့်: "မင်း...မင်းက ဆဆေးနီးယန်းရဲ့ အိမ်ရှေ့မင်းသား?!"
အားထိုက်: "အဲဒါ ဆဆေးနီးယန်းမင်းဆက်မတိုင်ခင်က ခေါ်ခဲ့တဲ့ နာမည်ပါ။ ဘာပဲဖြစ်ဖြစ် ငါ့အဖေ၊ အဘိုး၊ အမေနဲ့ တခြားမိသားစုဝင်တွေ အားလုံး ဆုံးပါးသွားကြပြီ။ ငါတစ်ယောက်တည်းပဲ ကျန်တော့တာ။"
ဟုန်ကျွင့် ဆဆေးနီးယန်းမင်းဆက်အကြောင်း မသိသော်ငြား အားထိုက်၏ဆွေမျိုးများ ဆုံးပါးသွားကြောင်း ကြားလိုက်ရသောအခါ သူ့အကြောင်းသူ ပြန်တွေးမိသွားပြီး နှစ်သိမ့်ပေးရန် အားထိုက်၏ပခုံးကို လှမ်းပုတ်လိုက်သည်။ လီကျင်လုံမှာတော့ အလွန်တုန်လှုပ်သွားပြီး လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ မေးလေသည်။
"ဘာလို့... မင်း အရှင်မင်းမြတ်ဆီ မသွားတာလဲ။"
"ငါတို့မျိုးနွယ်က ကတိကိုဖြည့်ဆည်းပေးဖို့ ပျက်ကွက်ခဲ့တယ်လေ။"
အားထိုက်က အညိုရောင် ဆံပင်ကောက်ကောက်များကို သပ်ရင်း တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ပြောလေသည်။
"ငါ့အဘိုးက တိုင်လပ်စ်တိုက်ပွဲမှာ ထန်မင်းဆက်က ပေးခဲ့တဲ့ အန်းရှီးနယ်စပ်အုပ်ချုပ်ရေးဌာနကို ဆုံးရှုံးသွားတယ်။ အဘိုးက တိုင်းပြည်ပြန်လည်ထူထောင်ချင်လို့ ထန်မင်းဆက်ဆီက တပ်ဖွဲ့တွေကို ထပ်ပြီးချေးခဲ့တယ်။ ရလဒ်ကတော့..."
"စစ်တပ်က သူ့ကို ထူဟောလော်ဆီ လိုက်လံပို့ဆောင်ပြီးတဲ့နောက် ပြန်ထွက်သွားခဲ့တယ်။"
အားထိုက်က အနည်းငယ် အံ့သြသွားပြီ၏။
"မင်းသိတယ်ပေါ့?"
လီကျင်လုံ: "နောက်တော့ ဘာဖြစ်သွားလဲ။"
အားထိုက်က သက်ပြင်းချကာ ပြောပြသည်။ ထိုနှစ်၌ ပါရှားစစ်ရှုံးသွားသဖြင့် မြို့တော်က ရိက္ခာစစ်တပ်မှာ သိမ်းပိုက်ခံလိုက်ရပြီး တော်ဝင်မိသားစုကို ပြည်နှင်ဒဏ်ပေးခဲ့သည်။
အားထိုက်၏အဘေးဖြစ်သူ ယက်ဇ်ဒီဂတ်ဒ်သုံးက ထန်မင်းဆက်မှ တပ်များကို ငှားရမ်းပြီး အန်းရှီးနယ်စပ်အုပ်ချုပ်ရေးဌာနကို တည်ဆောက်ကာ နောက်ပိုင်းတွင် ကျီးလင်တွင်လည်း ပါရှားပြည်တွင်းအုပ်ချုပ်ရေးဌာနကို အောင်မြင်စွာ တည်ဆောက်ခဲ့၏။
သို့သော် ကောင်းသော အချိန်ကာလများက ကြာရှည်မခံတတ်ဘဲ နှစ်အနည်းငယ်အတွင်း တန်မင်းဆက်၏ နောက်ဆုံးနယ်မြေကို တာဂျစ်လူမျိုးတို့ လက်အောက်၌ ဆုံးရှုံးသွားခဲ့ရသည်။ အားထိုက်၏အဘိုးဖြစ်သူ ပီရောဇ်နှင့် အားထိုက်၏ဖခင် နာဆီယာက တပ်များကို ငှားရန်အလို့ငှာ ထပ်ရောက်လာခဲ့သည်။
ကောင်းကျုံးဧကရာဇ် လီကျစ်က တပ်များကို စေလွှတ်ပြီးနောက် ထူဟောလော်ကို ပြန်လည် သိမ်းပိုက်စေခဲ့သည်။ ဆယ်စုနှစ်များစွာ ကြာပြီးနောက် ယခင်ကတပ်စွဲမှုမှာ ကွဲကွာသွားခဲ့ပြန်၍ လူတိုင်းလည်း စိတ်ဓာတ်ကျခဲ့ရ၏။ ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သူ ဖေရှင်ကျန်က ရွှေ့ပြောင်း ပါရှားမင်းသားအား ထူဟောလော်သို့ ပြန်ပို့ကာ သူ၏တပ်များကို ရုပ်သိမ်းခဲ့သည်။
နာဆီယာ အလယ်ပိုင်းလွင်ပြင်သို့ တစ်ဖန်ဝင်ရောက်လာသောအခါ ထန်မင်းဆက်က ပြောင်းလဲသွားလေပြီ။ အရှင်မင်းမြတ်သည် လီရှန့်အား လက်ဝဲစစ်သူကြီးကျိုဝေဝေ့ဟု အမည်ပေးခဲ့သည်။ တပ်ချေးငှားသည့် ကိစ္စများကိုလည်း မပြောစေတော့ပေ။
နှစ်နှစ်အကြာတွင် နာဆီယာသည် တိုင်းပြည်ပြန်လည်ထူထောင်ရန် မျှော်လင့်ချက် မရှိတော့ကြောင်း သိမြင်လာ၍ ထူဟောလော်သို့ ပြန်သွားခဲ့၏။ ထို့ကြောင့် ဆယ်နှစ်အကြာတွင် တိုင်ဂရာအမည်ရှိ သူတို့ရှေ့က အားထိုက်ဟူသည့် သားတစ်ဦးကို ဖွားမြင်ခဲ့လေသည်။
ပါရှား ဖျက်ဆီးခံရသည့် အချိန်မှစ၍ ပါရှားမင်းသားလေးပါးက အနောက်ဘက်ဒေသများမှ ကမ္ဘာမြေအလယ်ပိုင်းအထိ ထွက်ပြေးခဲ့ကြသည်။ ထို့နောက် မရေရာသော ဆန္ဒတစ်ခုအတွက် အနှီအနောက်ဘက်ဒေသမှ ထွက်ခွာကာ မိုင်ထောင်ချီ ခရီးပြန်နှင်လာခဲ့၏။
သမိုင်းကြောင်းကို အားထိုက်၏ ပါးစပ်ဖျားမှ ကြားလိုက်ရသောအခါ ဤဆောင်းဦးည၏ အေးမြမှုတို့နှင့် ပေါင်းစပ်သွားပြီး စိတ်ပျက်အားငယ်ဖွယ် အငွေ့အသက်တို့ ပေါ်ထွက်လာလေသည်။
လီကျင်လုံ: "ဖေရှင်ကျန်က ငါ့အဘိုးပါ။"
အားထိုက် : "..."
"အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။"
လီကျင်လုံ သက်ပြင်းချလိုက်သည်။
"မင်းနဲ့ဘာဆိုင်လို့လဲ။"
အားထိုက် ရယ်လိုက်ပြီး
“တိုင်းပြည် ပြန်လည်ထူထောင်ဖို့ မျှော်လင့်ချက်မရှိမှတော့ ငါသာဆိုရင်လည်း စစ်သည် ၂၀၀၀၀ ရဲ့အသက်ကို စွန့်လွှတ်ရက်မှာ မဟုတ်ဘူးလေ။"
လီကျင်လုံ ထပ်ပြီး သက်ပြင်းချလိုက်စဥ် မော့ရစ်ကန်းက ဆိုလေ၏။
"တာဂျစ်တိုင်းပြည်မှာ သန်မာတဲ့ စစ်သည်တွေနဲ့ ရဲရင့်တဲ့ စစ်သူကြီးတွေရှိတယ်။ ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲကိုလည်း အချိန်အကြာကြီး တိုက်ခိုက်နိုင်စွမ်းရှိတယ်။ အကွက်လှတဲ့ ဗျူဟာတစ်ခုနဲ့ မဟုတ်ဘဲ အတွင်းကနေ ဖျက်ဆီးပစ်မှရမယ်။"
အားထိုက်က ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ပြောလိုက်သည်။
"တကယ်တော့ ငါလည်း သိပါတယ်။ အဖေမသေခင်က အရှုံးပေးခိုင်းတာ။ 'အားထိုက် မင်းဘဝကောင်းစားဖို့ပဲ မျှော်လင့်တယ်။ မင်းရဲ့ဘဝတစ်ခုလုံး ငါနဲ့ မင်းအဘိုးလို မကုန်ဆုံးပါစေနဲ့' တဲ့လေ။"
ထိုသို့ပြောပြီးနောက် အားထိုက်က အကြာကြီး နှုတ်ဆိတ်သွားခဲ့သည်။
ဟုန်ကျွင့်: "ဒါပေမဲ့ မင်းလုပ်ချင်နေသေးတာပဲမလား။"
အားထိုက် ပြုံးပြလိုက်သော်လည်း ထိုအပြုံးထဲတွင် ဝမ်းနည်းမှု အရိပ်အငွေ့တို့ ရှိနေခဲ့သည်။ ဟုန်ကျွင့်လည်း သူတောင်ပေါ်က ဆင်းမလာခင်မှာ ချုံမင်နှင့် ချင်းရှုံက သူ့အပေါ် ဤကဲ့သို့မျှော်လင့်ချက်များ ရှိခဲ့ကြောင်း သတိရနေသေးသည်။ 'မေ့ပစ်လိုက်' ဟု ပြောခဲ့သော်ငြား ဟုန်ကျွင့်ကတော့ သူလုပ်သင့်သည့်ကိစ္စကို လုပ်မည်ဟု ခံစားနေရဆဲပင်။
အားထိုက်အပေါ် သနားစိတ်အဝင်မိဆုံးမှာ သူ့အား မျှော်လင့်ထားသူက သေဆုံးသွားခဲ့ပြီဖြစ်သောကြောင့်ပင်။
"မင်းရဲ့အမိန့်အောက်မှာ လူဘယ်နှယောက် ရှိနေပြီလဲ။ မင်း သူတို့ကို ခေါ်လာပြီလား။"
လီကျင်လုံ၏ ဤစကားများက အားထိုက်၏နှလုံးသားထဲ ထိမိသွားလေသည်။ ထိုအခိုက်၌ အားထိုက်၏မျက်လုံးများကလည်း မျှော်လင့်ချက်အလင်းရောင်များ ရုတ်ခြည်းဆိုသလို လင်းလက်လာတော့၏။
"သူတို့အားလုံး ထူဟောလော်မှာ ရှိတယ်။ ငါ့ရဲ့သူငယ်ချင်းတစ်ယောက် ဦးဆောင်ပေးထားတဲ့ လူတစ်ရာကျော်လောက်ပေါ့။"
လီကျင်လုံက အသက်ပြင်းပြင်းရှူရင်း မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် ခန်းမထဲမှထွက်ကာ ခဏမျှ စဉ်းစားနေ၏။
"အားထိုက်၊ မင်း ဒီပညာတွေကို ဘယ်လိုသင်ယူခဲ့တာလဲ။"
အားထိုက်က နာဆီယာ အသက် ၅၀ အရွယ်ရောက်မှ မွေးဖွားခဲ့သည်။ ထိုအချိန်က ဇိုရိုအက်စထရီယန်က ပါရှားပြည်၏ နိုင်ငံတော်ဘာသာဖြစ်ခဲ့သော်ငြား ဆဆေးနီးယန်းမင်းဆက်ကျဆုံးပြီးနောက် သဘာဝအလျောက် အစားထိုးခံခဲ့ရ၏။ ထိုစဥ်အခါက နောက်ဆုံးသော ယဇ်ပုရောဟိတ်မင်းသည် အားထိုက်ကို ၎င်း၏တစ်ဦးတည်းသော တပည့်အဖြစ် လက်ခံခဲ့သည်။
အားထိုက်က မီး၊ မြေကြီး၊ မိုးကြိုး၊ ရေအပြင် မုန်တိုင်းတို့ကိုလည်း ယပ်တောင်တစ်ချောင်းတည်းဖြင့် ထိန်းချုပ်နိုင်၏။ တိုင်းပြည်ကို ပြန်လည်ထူထောင်ပြီး သာသနာတည်စေမည့် သူတော်စင်မင်းသားအဖြစ် သတ်မှတ်ခဲ့သော်လည်း ယဇ်ပုရောဟိတ်မင်းသည် နာဆီယာထက်စော၍ ကွယ်လွန်သွားခဲ့ရှာသည်။
ပလယ်ပိုင်းလွင်ပြင်၌ ဇိုရိုအက်စထရီယန်ဘာသာကို ယုံကြည်ကိုးကွယ်သူ ကျန်ရှိနေဆဲဖြစ်သော်လည်း တာဂျစ်ပြည်မှာတော့ ပျောက်ကွယ်သွားခဲ့လေပြီ။
"မင်းအတွက် ငါဘာလုပ်ပေးရမလဲ။"
လီကျင်လုံ လှည့်မေးလိုက်သည်။
"ချန်အန်းကို ငါ့ကိုခွန်အားတွေအဖြစ် ပေးစေချင်တယ်။ ထန်မင်းဆက်က ငါတို့အတွက် အခိုင်မာဆုံး မဟာမိတ်ပဲ။ ဒီနေရာမှာဆို ဘာမဆိုလုပ်နိုင်တယ်။ တစ်နေ့ကျရင် ထန်မင်းဆက်ရဲ့ အရှင်မင်းမြတ်က ငါတိုင်းပြည်ထူထောင်ဖို့ စစ်သည်တွေကို ချေးငှားနိုင်မယ်လို့ မျှော်လင့်တယ်။”
အလုပ်ဟူသည်ကား အပြောထက် ပိုခက်လှသည်။ အရှင်မင်းမြတ်က တာဂျစ်ပြည်ကို စော်ကားလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ ခန်းမတွင်းရှိ လူများကတောင် စစ်သည်များနှင့် မြင်းများကို စေလွှတ်လိုက်ပါက အနိုင်ရရန် အခွင့်အလမ်းက အဘယ်သို့ရှိကြောင်း သိကြ၏။
နောက်ဆုံးတော့ လီကျင်လုံက ဆိုလာသည်။
"ငါ အကောင်းဆုံး ကြိုးစားပါ့မယ်။ ဒါပေမဲ့ ဒီလိုကိစ္စက အလျင်စလို လုပ်လို့မရဘူး။"
အားထိုက်က ခေါင်းညိတ်ပြီး ပြန်ပြော၏။
"ဒီတစ်ခေါက် ချန်အန်းကိုလာကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပါ။ လောကကြီးက တည်ငြိမ်တယ်လို့ ထင်ရပေမယ့် တကယ်တော့ မတည်ငြိမ်ဘူးတဲ့။ ချန်အန်းရဲ့မိစ္ဆာဘုရင်ကို မသုတ်သင်နိုင်ရင် ထန်မင်းဆက်က ငါ့ကို စစ်သည်နဲ့ မြင်းတွေကို မငှားမှာ ကြောက်ရတယ်။"
လီကျင်လုံက ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။
"မိစ္ဆာဘုရင်?"
ထိုစဥ် ချိုယုံစစ်က အေးဆေးတည်ငြိမ်စွာ ဝင်ပြောလေသည်။
"မိစ္ဆာတွေစုဝေးတဲ့ နေရာတိုင်းမှာ မိစ္ဆာဘုရင်တွေရှိတတ်တယ်။ အခုချန်အန်းမှာက ဘုရင်နှစ်ပါးရှိတယ်။ တစ်ပါးက အလင်းထဲမှာရှိတဲ့ ဒီနေ့မြင်ရတဲ့ နဂါးဧကရာဇ်အစစ်၊ နောက်တစ်ပါးက အမှောင်ထဲမှာနေပြီး ဒီမြို့တော်ထဲက မိစ္ဆာမျိုးနွယ်ပေါင်း တစ်သောင်းနီးပါးကို ထိန်းချုပ်ထားတဲ့ မိစ္ဆာဘုရင်ပဲ!"
မော့ရစ်ကန်းလည်း ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။
"ဟုန်ကျွင့်တော့ မသိဘူး။ ဒါပေမဲ့ မင်းကို အမှန်အတိုင်းပဲ ပြောတော့မယ်။ ငါတို့သုံးယောက်က အဲဒီမိစ္ဆာဘုရင်ကြောင့် လာခဲ့တာ။"
"မိစ္ဆာဘုရင်က ဘယ်မှာလဲ။"
လီကျင်လုံမေးနေစဥ် ရုတ်တရက် ခြံအပြင်၌ ဧည့်သည်တစ်ယောက် ရောက်လာသည်။
"တရားစီရင်ရေးဌာနရဲ့ အငယ်တန်းအမတ် ဟွမ်ရုံက တွေ့ခွင့်တောင်းပါတယ်။"
လီကျင်လုံ၏နှလုံးခုန်သံက မြန်ဆန်သွားခဲ့သည်။ သာ့မင်နန်းတော်ရှိ အရှုပ်တော်ပုံကြီး ပေါ်သွားပြီဖြစ်ကြောင်း သူသိလိုက်၏။ အခြားလူများက အကြည့်ချင်းဖလှယ်ကြပြီး ထရပ်ခါနီးတွင် လီကျင်လုံက ၎င်းတို့ကို တားလိုက်ပြီး အခြေအနေကို သူကိုယ်တိုင် ကိုင်တွယ်မည်ဟု အချက်ပြလိုက်သည်။
"သူ ကြိုးချည်ပြီး အရိုက်ခံရတော့မှာလား။"
ဟုန်ကျွင့် တရားစီရင်ရေးရုံးသို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့စဉ်က ကြားခဲ့ရသည့် ညှဉ်းပန်းနှိပ်စက်မှု၏ အော်ဟစ်သံကြောင့် တုန်လှုပ်နေဆဲပင်။
ချိုယုံစစ်က သူ့ကို နှစ်သိမ့်ပေးလိုက်၏
"မဖြစ်နိုင်ပါဘူး။ မနက်ဖြန်မနက်ရောက်လို့ သူပြန်မလာဘူးဆိုရင် သူ့ကို ကယ်ထုတ်ဖို့ နည်းလမ်းရှာတွေ့မှာပါ။"
"ငါတို့ရဲ့ပိုက်ဆံတွေလည်း အကုန်သုံးပြီးပြီ။ ဒီလောက်ကြီးမားတဲ့ အရှုပ်အထွေးကလည်း ဖြစ်လာပြီ။"
အားထိုက်က ပြောနေ၏။
"ချန်အန်းမှာ ဘယ်သူ့ကိုမှ မသိဘူးလေ။ သူ့ကိုဘယ်လိုထုတ်ကြမလဲ။"
မော့ရစ်ကန်းကလည်း သက်ပြင်းချလိုက်ပြီး နဖူးကို ပွတ်သပ်လိုက်သည်။ သူက မိစ္ဆာတစ်ကောင်ကိုဖမ်းရန် အလွန်ကြိုးစားခဲ့ပြီး ယခုလည်း သူ၏အထက်လူကြီးကို ကယ်ထုတ်ရဦးမည်။
ငါ ဘာတွေများ မှားခဲ့လို့လဲ။
"လာ၊ လာ!"
လေထု၏အငွေ့အသက်က အနည်းငယ် လေးလံလာသောကြောင့် အားထိုက်က ဖြတ်ပြောလိုက်သည်။
"အဲဒါတွေကို မေ့လိုက်ပါတော့။ ငါ မင်းတို့အတွက် သီချင်းဆိုပြမယ်။"
ချိုယုံစစ်မှာ ကူကယ်ရာမဲ့သွား၏။
***
Aurora Novel Translation Team