no

Font
Theme

အပိုင်း (၄) - နတ်အလင်းက လောကထဲ ဝင်ရောက်လေပြီ

တစ်လကြာသော်။

မှောင်မိုက်သောညဖြစ်သော်လည်း လွင်ပြင်ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းချနေသည်။ မိုးကြိုးပစ်သံများနှင့်အတူ လျှပ်စီးကြောင်းကြီးက ရံဖန်ရံခါ လင်းလက်နေသဖြင့် လွင်ပြင်တစ်ခုလုံး လင်းထိန်သွား၏။

"ဘယ်ရောက်သွားတာလဲ မသိဘူး!"

ဟုန်ကျွင့်တစ်ယောက် သူ၏မျက်နှာပေါ်ရှိ မိုးရေများကို သုတ်လိုက်သည်။ အမှောင်ထုထဲမှာ မရေမတွက်နိုင်သော အန္တရာယ်များ ပုန်းနေသည့်အလား လေထု၏အငွေ့အသက်များက မူမမှန်ပေ။ မိစ္ဆာများက နေရာတိုင်းမှ ပြေးထွက်လာတော့မည့်အတိုင်းပင်။

"မလိုက်တော့နဲ့!"

ငါးကြင်းမိစ္ဆာက အနောက်မှ ပြေးလိုက်လာပြီး အော်ပြောလိုက်သည်။

"ငါတို့ ချန်အန်းကို ရောက်ခါနီးနေပြီလို့!"

ထိုအခါ ဟုန်ကျွင့်ကလည်း အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောလိုက်သည်။

"မိစ္ဆာက မိစ္ဆာပဲ၊ ငါတို့သတ်လိုက်တဲ့ မိစ္ဆာတိုင်းက တန်ဖိုးတစ်ခုခုတော့ ရှိစမြဲပဲ။"

ဟုန်ကျွင့်၏လက်ရှိပုံစံက တစ်ကိုယ်လုံး စိုစွတ်နေပြီး ဆံပင်များကလည်း သူ၏နဖူးမှာ ကပ်နေသည်။ သူက လမ်းမပေါ်မှာ ရပ်ကာ ဟိုဟိုသည်သည်ကြည့်ရင်း ဟောဟဲဆိုက်နေ၏။ ထိုက်ဟန်တောင်ထွတ်မှ ကွမ်းလုံသို့ တစ်လအကြာ ခြေလျင်ခရီးထွက်ပြီးနောက် သူ၏အဝတ်အစားများက စုတ်ပြတ်နေခဲ့လေပြီ။

ခန္ဓာကိုယ်တစ်ဝက်လောက်က သွေးများဖြင့် ဖုံးလွှမ်းနေခဲ့သော်ငြား မိုးရွာချလိုက်သောကြောင့် သွေးစက်များက မိုးရေများနှင့်အတူ ရွှံ့အိုင်လေးများထဲသို့ စီးကျသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ချင်းချွမ်လွင်ပြင်မှာ တဲအိမ်များ မီးလောင်နေသည့် မြင်ကွင်းများနှင့် ပြည့်နှက်နေပြီး ခေါင်းတစ်ခြမ်းကိုက်စေသည့် ကလေးငယ်များ၏ ကြေကွဲဖွယ် အော်ငိုသံများကိုလည်း ကြားနေရသည်။

ကွင်းပြင်များကိုဖြတ်၍ ပြေးလွှားနေကြသည့် မိစ္ဆာများ၏ ခြေသံများကို မိုးသံများက ဖုံးလွှမ်းသွားခဲ့လေ၏။ လျှပ်စီးတစ်ချက် လက်သွားတိုင်း အမှောင်ထုမှတစ်ပါး ဘာမှမကျန်ခဲ့သော်လည်း ဟုန်ကျွင့်၏လည်ပင်းမှာ ချည်နှောင်ထားသော ဆွဲသီးလေးဆီမှ နွေးထွေးသောအလင်းရောင်လေး တောက်ပလာခဲ့သည်။

၎င်းက အမှောင်ထဲမှာ နေလုံးငယ်လေးပမာ ထွန်းတောက်နေခဲ့သည်။

ဝုန်း!

ထိုအခိုက်အတန့်၌ ကျယ်လောင်သော ပေါက်ကွဲသံတစ်ကြီး ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာတစ်ကောင်က စပါးခင်းထဲမှ ရုတ်တရက် ခုန်ထွက်လာခဲ့သည်။ ၎င်း၏ပါးစပ်ထဲတွင် ချွန်ထက်သောသွားစွယ်များဖြင့် ပြည့်နှက်နေပြီး ၎င်းမှာ သွေးချင်းနီနေသော မျက်လုံးငါးလုံးလည်းရှိသည်။

ထပ်ပေါင်းပုံဖော်ရလျှင် အိမ်တစ်လုံးစာ အရွယ်အစားရှိသော ငါးခူကဲ့သို့ဖြစ်ကာ ခြေသည်းလေးချောင်းတောင် ပါရှိသေး၏။ ခြေလက်များပေါ်မှာ ချွဲကျိနေသောအရည်များ ဖုံးလွှမ်းထားသည်။

ထိုမိစ္ဆာက စပါးခင်းထဲမှ ခုန်ထွက်လာပြီးသည်နှင့် ဟုန်ကျွင့်၏ဦးခေါင်းကို လှမ်းကိုက်ချလိုက်သည်။

"အသားစားငါးမိစ္ဆာကြီး!"

ငါးကြင်းမိစ္ဆာက အကောင်သေးသော်လည်း ထင်မှတ်မထားသော အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ ဟုန်ကျွင့်တစ်ယောက် ချာခနဲလှည့်ကြည့်လိုက်ပြီး သူ၏လက်ချောင်းများကို ဝှေ့ယမ်းလိုက်၏။ သူက နတ်အလင်းရောင်ဖြင့် အတားအဆီးတစ်ခု ချလိုက်ရာ တစ်ဖက်မှ မိစ္ဆာကြီးက အတားအဆီးပေါ် ဦးခေါင်းနှင့် ပြေးဆောင့်ထိမှန်သွားသောကြောင့် နာကျင်စွာဟိန်းဟောက်ကာ နောက်ပြန်လွင့်ကျသွားခဲ့သည်။

လျှပ်စီးတစ်ချက် လက်သွားစဥ် ဟုန်ကျွင့်က သူ၏လက်ချောင်းများကြားရှိ ဓားပျံကို လှန်လိုက်သည်။ ဓားပျံကို ထုတ်ပြီးသည်နှင့် သူ့ခေါင်းပေါ် ထပ်မံခုန်တက်လာပြန်သော မိစ္ဆာ၏ပင်မမျက်လုံးဆီသို့ ပစ်ခတ်လိုက်၏။

နတ်ဓားပျံသည် အရှင်လုယာလက်ဆင့်ကမ်းခဲ့သော ရတနာတစ်ပါးဖြစ်ပြီး လေ၊ မိုးကြိုး၊ ရေနှင့် မီးဟူ၍ လေးစင်းရှိ၏။ မိုးကြိုးဓားပျံ ထွက်လာသည်နှင့် ကောင်းကင်ထက်မှ လျှပ်စီးကြောင်းများက ရေတံခွန်သဖွယ် ဆင်းသက်လာကာ နေရာအနှံ့သို့ ဖြာကျသွားခဲ့သည်။

အသားစားငါးမိစ္ဆာကြီးက ၎င်း၏ခေါင်းကို လှည့်လိုက်သည့်အခိုက်၌ နဖူးပေါ်ရှိ မျက်လုံးတစ်လုံးက မိုးကြိုးဓားပျံဖြင့် အထိုးခံလိုက်ရ၏။ ၎င်းက အနှီဓားချက်ကြောင့် အသံကျယ်ကြီးဟိန်းဟောက်ကာ မြေပြင်ပေါ်သို့ အလူးအလဲ လွင့်ကျသွားတော့သည်။ ထို့နောက် ၎င်းက ရွှံ့အိုင်ထဲသို့ နောက်တစ်ကြိမ်တိုးဝင်ကာ ပျောက်ကွယ်သွားလေ၏။

နောက်အခိုက်အတန့်၌ လမ်းမပေါ်မှာ ရွှံ့အိုင်များ တစ်အိုင်ပြီးတစ်အိုင် ပေါ်ထွက်လာခဲ့သည်။ ရွှံ့ရေများက မိစ္ဆာသားရဲ ခုန်ဝင်သွားသည့် အခိုက်အတန့်တိုင်းမှာ လှိုင်းလုံးငယ်လေးများ ဖြစ်ပေါ်လာကာ ရေစက်များက အဝေးသို့ လွင့်စဉ်သွားကြ၏။

ဟုန်ကျွင့်ကလည်း ငါးကြင်းမိစ္ဆာကို ချက်ချင်းဖမ်းဆွဲပြီး မြင်းပေါ်ခုန်တက်ပြီး ခပ်ကြမ်းကြမ်း မောင်းနှင်လာခဲ့သည်။

"ကျား--!"

မိုးသက်မုန်တိုင်းကြောင့် ချန်အန်းမြို့က အမှောင်ထုတို့ ဖုံးလွှမ်းနေလျက်ရှိသည်။ မြို့ရိုးထိပ်ရှိ အရာရှိများနှင့် စစ်သည်များက ဝါးဦးထုပ်များဆောင်းကာ မိုးကာ တံစက်မြိတ်များအောက်တွင် ထိုင်နေကြ၏။ ရုတ်တရက် မိစ္ဆာသားရဲ၏ ကျယ်လောင်သောဟိန်းဟောက်သံများ ထွက်ပေါ်လာသောအခါ လူတိုင်း အထိတ်ထိတ်အပြာပြာ ဖြစ်သွားခဲ့ကြသည်။

"အပြင်မှာ ဘာဖြစ်နေတာလဲ!"

ငိုက်မျဉ်းနေသော အရာရှိများနှင့် စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည်။ ၎င်းတို့က မြို့ရိုးထိပ်မှာ ချက်ချင်းစုရုံးလာကာ မြို့အပြင်ကို လှမ်းကြည့်လိုက်ကြ၏။ ထိုအခိုက် ကောင်းကင်ယံတွင် လျှပ်စီးကြောင်းတစ်ချက် လင်းလက်သွားရာ မြို့အပြင်ဘက် လမ်းမအဆုံးတွင် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။

ရွှံ့နွံများက အရပ်ရပ်သို့ ပျံ့လွင့်သွားကာ အမည်မသိအရာတစ်ခုက ခုန်လိုက်ဆင်းလိုက် လုပ်နေ၏။ ထိုအရာကြီးက အလွန်မြန်သော ရထားလုံးတစ်စင်းကဲ့သို့ပင် တရားဝင်လမ်းမကြီးအတိုင်း ချန်အန်း၏ အပြင်ဘက်ဂိတ်တံခါးဆီသို့ ပြေးဝင်လာခဲ့သည်။

သူ့အနောက်မှာ အရိုင်းဆန်စွာပြေးလာနေသော မြင်းတစ်ကောင်ပါလာပြီး မြင်း၏ကျောပေါ်မှ လူငယ်လေးတစ်ယောက်က ဒေါသတကြီး အော်ဟစ်နေလေ၏။

"ဘယ်ပြေးမလို့လဲ!"

"လေးသမားတွေ၊ ပစ်!"

"ချန်အန်းမြို့တွင်း ညမထွက်ရအမိန့်ထုတ်ထားတယ်—အဝင်အထွက် လုပ်လို့မရဘူး—"

သို့သော် သတိပေးလိုက်သံမှာ နောက်ကျသွားလေပြီ။ သို့မဟုတ် အဖြစ်အပျက်များက လျင်မြန်လွန်းသည်ဟု ဆိုရမည်။ မြို့စောင့်တပ်မှူးခမျာ စကားမဆုံးမီ မမြင်နိုင်သော လျှပ်စီးကြောင်းကဲ့သို့အရာတစ်ခုက မြို့တံတိုင်းဆီ ပြေးဝင်လာခဲ့လေပြီ။

ဝုန်းခနဲ ဟိန်းဟောက်သံနှင့်အတူ အနက်ရောင်အကောင်ကြီးတစ်ကောင်က တံတိုင်းဘေးမှ အမြန်ခုန်တက်လာခဲ့သည်။

မြို့တွင်းရှိ အရာရှိများနှင့် စစ်သည်များအားလုံး ပါးစပ်အဟောင်းသားဖြင့် ဆွံ့အနေကြသည်။ ကြီးမားသော ခြေလေးချောင်းနှင့် ငါးကြီးတစ်ကောင်က ၎င်းတို့၏နဖူးထက်မှ လျှပ်တစ်ပြက်အတွင်း လေထဲသို့ ပျံတက်သွားသည်အား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရ၏။

၎င်းက ဆယ်ပေလောက်အထိ ခုန်ပျံကာ ကျုံးထဲရှိ ရွှံ့နှင့်ရေများကိုပါ သယ်ဆောင်သွားလေသည်။ တစ်ဆက်တည်းဆိုသလို မျှော်စင်မှ အုတ်တံတိုင်းကို ဆွဲခြစ်သွားသောကြောင့် အုတ်ချပ်ကြွေပြားများက မြို့အတွင်းထဲသို့ တဝုန်းဝုန်း ပြုတ်ကျသွားခဲ့၏။

မြို့စောင့်တပ်မှူး: "..."

နောက်အခိုက်အတန့်တွင် အနှီငါးကြီးက ချန်အန်းမြို့ထဲရှိ မြေပြင်ပေါ်သို့ ခုန်ချလိုက်သည်။ ၎င်း၏ခွန်အားကြောင့် မြေပြင်ရှိ အုတ်ခဲချပ်များက ဝုန်းခနဲ တုန်ခါသွားပြီး ချက်ချင်းဆိုသလို ကွဲအက်သွားခဲ့သည်။ ငါးကြီးက မြေကြီးထဲ နစ်မြုပ်သွားပြီးနောက် မြေမျက်နှာပြင်ပေါ်မှာ အလွန်လျင်မြန်စွာ ပြေးထွက်သွား၏။

၎င်း၏ခန္ဓာကိုယ်ကနေလည်း လျှပ်စီးကြောင်းများ လွင့်ပျံလျက်ရှိသည်။ ၎င်းက မြို့၏လမ်းမကြီးထဲသို့ ဝရုန်းသုန်းကားဖြင့် ပြေးဝင်သွားခဲ့သည်။

"အား!!"

ဒါဇင်နှင့်ချီသော အစောင့်များက သတိပြန်ဝင်လာသည်နှင့် ကြောက်လန့်တကြားအော်ဟစ်ရင်း ပြေးထွက်သွားလေ၏။

"မလိုက်တော့နဲ့!"

အသံတစ်သံက အော်လိုက်သည်။

"ဓားပျံက သူ့ကိုယ်ပေါ်မှာ ရှိနေတုန်းပဲ!"

လူငယ်၏အသံက တစ်ဆက်တည်း ထွက်ပေါ်လာ၏။

"ဓားပျံကို ပြန်စုပ်ယူလိုက်လေ... မင်းငတုံးလား။"

"ပြန်ယူလို့ မဖြစ်ဘူး။ ဓားပျံကြောင့် သူ မြေကြီးထဲကို ဖောက်မဝင်နိုင်ဘူး ဖြစ်နေတာ။ ဓားပျံကို ပြန်ယူလိုက်တာနဲ့ မြေကြီးထဲကို ပြန်ဝင်သွားလိမ့်မယ်။"

ထိုအခိုက် တစ်စုံတစ်ခု ဝှေ့ယမ်းသံနှင့်အတူ ချန်အန်းမြို့ရိုး၏ မျှော်စင်တံစက်မြိတ်ပေါ်သို့ ချိတ်ကြိုးတစ်ချောင်း ဆွဲချိတ်လာသည်။ အလင်းတန်းများက ဖျပ်ခနဲလင်းလက်သွားကာ နတ်ဘုရားကဲ့သို့ သန်မာသော ရုပ်ပုံသဏ္ဌာန်တစ်ခု ခုန်တက်လာခဲ့သည်။

အစောင့်များမှာ ဟုန်ကျွင့်တစ်ယောက် တံစက်မြိတ်ပေါ်သို့ ခုန်တက်သွားသည်အား ကြောင်အမ်းအမ်းဖြင့် စောင့်ကြည့်နေခဲ့ကြသည်။ နောက်အခိုက်၌ ဟုန်ကျွင့်က သူ၏လက်များကို အတောင်များပမာ ဝေဟင်ထက်ဖြန့်လျက် မြေပြင်သို့ ပေါ့ပေါ့ပါးပါး ခုန်ဆင်းသွားလေ၏။

"မြန်မြန် မြန်မြန် မြန်မြန်... ယွိလင်အစောင့်တွေကို မြန်မြန်အကြောင်းကြား--!"

မျှော်စင်ပေါ်တွင်ရှိ မြို့စောင့်တပ်မှူးက ထိတ်လန့်စွာဖြင့် အော်ဟစ်အမိန့်ပေးလေတော့သည်။

ချန်အန်းမြို့ထဲ၌ ဟုန်ကျွင့်က ချိတ်ကို ထပ်မံပစ်တင်လိုက်ပြန်၏။ လမ်းတစ်ဖက်တစ်ချက်ရှိ တံစက်မြိတ်များတွင် ချိတ်ကာ ပြေးနေရင်း အရှိန်လျှော့ကာ မြေပေါ်သို့ လှိမ့်ဆင်းလာခဲ့သည်။

"ဘယ်ရောက်သွားတာလဲ။"

ဟုန်ကျွင့် ဆိုလိုက်သည်။

"ငါ မင်းကိုမလိုက်ဖို့ ပြောသားပဲ..."

ဟုန်ကျွင့်က ငါးကြင်းမိစ္ဆာကို သူ့ခါးအနောက်မှာချိတ်ထားသော အိတ်ထဲ၌ ထည့်ထားခဲ့ခြင်းပင်။ ဤအခိုက်၌ ငါးကြင်းမိစ္ဆာက မိုးရေကိုသောက်ရန် သူ့ပါးစပ်ကို ဖွင့်ဟလိုက်ကာ တစ်ဖန် ပါးစပ်ကို ပြန်ပိတ်လိုက်၏။

"လိုက်တောင် လိုက်လာပြီးပြီကို မင်းက ဘာတွေအော်နေတာလဲ။"

"အနောက်မှာ၊ အနောက်မှာ!"

ငါးကြင်းမိစ္ဆာက ချက်ချင်း ထအော်လိုက်သည်။ ဟုန်ကျွင့်၏မျက်လုံးများက လမ်းကြားထဲကို လျှပ်စီးလက်သွားသကဲ့သို့ ဝေ့ကြည့်လိုက်လေသည်။ သူတို့နံဘေးမှ လျှပ်စီးကြောင်းတစ်ခု လင်းလက်သွားပုံပင်။

"ညအမှောင်အောက်မှာ ကျူးကျော်လာသူရှိတယ်!!"

"အရောင်တောက်နေတဲ့ကောင်က ဟိုမှာ၊ သူ့ကိုဖမ်း!"

မြင်းခွာသံများ ကြားလိုက်ရပြီး ညဘက်တာဝန်ကျသော ကင်းလှည့်စစ်သည်များက မြားပစ်သံများနှင့်အတူ ပြေးချလာကြ၏။ ငါးကြင်းမိစ္ဆာက ပါးစပ်သေးသေးလေးဖြင့် အော်ဟစ်ရင်း ဟုန်ကျွင့်ကိုလည်း အမြန်ပြန်ဆုတ်ဖို့ တိုက်တွန်းလိုက်သည်။

ထိုစဥ် တိတ်ဆိတ်နေသော ညဉ့်သန်းခေါင်ယံက ထိုလူများ၏ အော်သံများဖြင့် အစားထိုးသွားခဲ့သည်။

"ဒါက ဘယ်နေရာလဲ။"

ဟုန်ကျွင့်တစ်ယောက် နောက်ဆုံး၌ တံစက်မြိတ်ကို မျှော်ကြည့်ကာ အပေါ်ကိုတက်ရန် ချိတ်ကိုလှမ်းပစ်ဖို့ ကြိုးစားလိုက်သော်လည်း သူရောက်နေသည့်နေရာက လမ်းကြား၏ အနက်ရှိုင်းဆုံးသောနေရာ ဖြစ်နေသောကြောင့် ချိတ်ကိုလွှတ်တင်ရန် နေရာ ရှာမတွေ့တော့ပေ။

ငါးကြင်းမိစ္ဆာ: “တစ်ယောက်ယောက် လာနေပြီ။”

ဟုန်ကျွင့် အမြန်လှည့်ကြည့်လိုက်သောအခါ အရာရှိများနှင့် စစ်သည်များက သူတို့ကို လာဖမ်းနေလေပြီ။ ၎င်းတို့အနက် ခေါင်းဆောင်ဟုထင်ရသူက သူ့ကိုတွေ့သည်နှင့် အော်လိုက်လေ၏။

"တွေ့ပြီ! ဒီမှာ!"

ဟုန်ကျွင့်လည်း ဤအခြေအနေကို မည်သို့ကိုင်တွယ်ရမှန်း မသိတော့ရာ အဆက်မပြတ် နောက်ဆုတ်သွားလိုက်သည်။ သူက မိစ္ဆာမဟုတ်သော အပြစ်မဲ့သူများကို မသတ်နိုင်ပေ။ သို့သော် တစ်ဖက်ခြမ်းရှိ အစောင့်များက ကရုဏာမပြဘဲ ဝှစ်ခနဲအသံများဖြင့် မြားမိုးများကို ကောင်းကင်အပြည့် လွှတ်တင်လိုက်ကြသည်။

သို့ဖြစ်၍ ဟုန်ကျွင့်လည်း သူ၏နတ်အလင်းရောင်ကို ချက်ချင်း လွှတ်ထုတ်လိုက်ရတော့၏။ နတ်အလင်း ထွက်ပေါ်လာသည့်အခိုက် လေးကိုင်ထားသောလူတချို့ခမျာ အထိတ်တလန့်အော်ဟစ်ကာ မြင်းပေါ်မှ ပြုတ်ကျကုန်ကြသည်။

"အဆင်ပြေကြရဲ့လား။"

ဟုန်ကျွင့်က အနည်းငယ်ထိတ်လန့်သွားပြီး သေမျိုးလူသားများကို မှားယွင်းသတ်မိမည်ကိုလည်း စိုးရိမ်သွားသည်။

"မိစ္ဆာ!"

ထိုပြတ်သားသော အသံက အော်ပြန်၏။

"သူ့ကိုဖမ်း!"

ချက်ချင်းဆိုသလို ဟုန်ကျွင့်ရှိရာ မြေပြင်အနှံ့ မြားမိုးများ ရွာကျလာပြန်သည်။

"မတိုက်တော့နဲ့၊ မြန်မြန်သာ သွားတော့ဟ!"

ငါးကြင်းမိစ္ဆာမှာ မနေနိုင်တော့ဘဲ အော်လေသည်။

"ဘယ်သွားရမှာလဲ!"

ဟုန်ကျွင့်က လှည့်ကြည့်လိုက်သည်။ ထိုသူများကို နာကျင်စေမိမည်အား ကြောက်သောကြောင့် ဓားပျံကိုမသုံးရဲဘဲ ပါးစပ်ကသာ အော်ပြောလိုက်၏။

"ငါက မိစ္ဆာမဟုတ်ပါဘူး!"

ငါးကြင်းမိစ္ဆာ: "မင်းက မိစ္ဆာပဲလေ။ မင်းအဖေက သွေးသန့်မိစ္ဆာတစ်ကောင်... မင်းကိုယ်ထဲမှာ သူ့သွေးတွေစီးနေတာကို ဘာဖြစ်လို့ မိစ္ဆာမဟုတ်ရမှာလဲ။"

ဟုန်ကျွင့် : "..."

အနှီဒုတပ်မှူးက ဝိညာဉ်စွမ်းအား မရှိသော်လည်း ကိုယ်ခံပညာကို အမှန်တကယ် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားသူဖြစ်၏။ ဟုန်ကျွင့် လမ်းကြားထဲကနေ အကြိမ်ပေါင်းများစွာ ထွက်ပြေးရန်ကြိုးစားသော်လည်း သူ၏လမ်းကို ဓားဖြင့် အကြိမ်ကြိမ် ပိတ်ဆို့ထားနိုင်ခဲ့သည်။

သို့ဖြစ်ရာ ဟုန်ကျွင့်လည်း ရွေးချယ်စရာမရှိတော့ဘဲ အလင်းငါးရောင်ရှိသော နတ်အလင်းကာကွယ်မှုကို တစ်ဖန်ထုတ်သုံးလိုက်ရသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ မိုးကြိုးသံများကလည်း အလွန်အမင်း ဆူညံနေခဲ့သည်။

"ကျွန်တော် ခင်ဗျားကို မတိုက်ခိုက်ချင်ဘူး!"

ဟုန်ကျွင့်က ထိုလူ သေချာကြားနိုင်စေရန် ဟစ်အော်လိုက်သည်။ ခြေလှမ်းအနည်းငယ်မျှ ပတ်ပြေးပြီးနောက် ကျဉ်းမြောင်းသောနံရံပေါ် ပြေးတက်လိုက်သည်။ သူက နံရံပေါ် လှမ်းတက်လိုက်ပြီး ဒုတပ်မှူး၏ခေါင်းပေါ်ကနေ ကျော်ပြေးချင်ခဲ့သည်။

မထင်မှတ်စွာဖြင့် အနှီဒုတပ်မှူးက ရုတ်တရက် လှည့်လာပြီး သူသွားမည့်လမ်းအရှေ့သို့ ပြေးထွက်လာခဲ့၏။ သူ၏ဓားကို ထိုးသွင်းလာပြီးနောက် ဓားရှည်က ရောင်စုံအလင်းတန်းများကို ဖြတ်သွားကာ ဟုန်ကျွင့်၏အကာအကွယ်ကို ဖောက်ထွင်းသွားခဲ့လေသည်။

ဟုန်ကျွင့်မှာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ထားသော နတ်အလင်းများကို ဖြတ်ကျော်နိုင်သည့် လက်နက်တစ်ခု ဤကမ္ဘာပေါ်တွင် ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။ သူက လေထဲမှာ တစ်ပတ်လှည့်လိုက်ပြီး ဘယ်ဘက်လက်ကို နောက်ကျောမှာကပ်ကာ ခန္ဓာကိုယ်ကို အနောက်သို့လှန်ချလိုက်ပြီး ညာဘက်လက်ကိုမြှောက်၍ ဓါးကို တားဆီးလိုက်၏။

ခဏချင်းအတွင်း ကောင်းကင်မှ ကျဆင်းလာသော မိုးရေစက်များက လေထုထဲ၌ အေးခဲသွားခဲ့သည်။ မိုးရေတစ်စက်ချင်းစီက အင်မတန်ဆန်းကြယ်ပြီး ထူးထူးဆန်းဆန်း မြင်ကွင်းတို့ကို ထင်ဟပ်လာစေခဲ့သည်။

အလင်းရောင်ထဲမှာ သူက ဒုတပ်မှူး၏ ထိတ်လန့်ဖွယ်မျက်လုံးများဖြင့် အကြည့်ချင်းဆုံသွားခိုက် ထိုဒုတပ်မှူး၏လက်ထဲမှ ဓားက သူ့လည်ချောင်းဆီ ဦးတည်လာလေ၏။

ဟုန်ကျွင့်လည်း ရုတ်ခြည်းဆိုသလို နောက်ပြန်ဆုတ်လိုက်ရာ သူ့လည်ပင်းရှိ ဆွဲသီးနှင့် လည်ဆွဲတို့ကို လွင့်ပျံသွားစေပြီး ဓားသွားနှင့် ထိပ်တိုက်ဆုံတွေ့သွားစေခဲ့သည်။

တစ်ဖက်လူ၏လက်ထဲရှိ လက်နက်က သာမန်မဖြစ်နိုင်ချေ။ ဟုန်ကျွင့်တစ်ယောက် သူ၏နားထင်ပေါ် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခဏလောက် ဂနာမငြိမ် ဖြစ်သွားစဥ် ဓားထိပ်ဖျားက လည်ဆွဲနှင့် ဆွဲသီးကို ချိုးဖျက်လိုက်ချေပြီ။ သလင်းကျောက်ဆွဲသီးက ဖြောင်းကနဲ ပေါက်ကွဲသံဖြင့် ကွဲအက်သွားပြီး အလင်းမှုန်လေးများ တောက်ပနေသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

မုန်တိုင်းအောက်မှာ ချန်အန်းမြို့ထဲ၌ အဖြူရောင် အလင်းတန်းကြီးတစ်ခု အရှိန်ပြင်းပြင်းဖြင့် ဖြာထွက်သွားပြီး ထန်မင်းဆက်၏ ခမ်းနားလှသော မြို့တော်ကြီးအား နေ့ဘက်အလင်းရောင်အောက်၌ တည်ရှိနေသည့်အလား လင်းလက် တောက်ပသွားစေခဲ့၏။

ထိုတောက်ပသောအလင်းရောင်က ချက်ချင်း ပျောက်ကွယ်သွားပြီး လေလှိုင်းများက ဟုန်ကျွင့်တို့ကို တွန်းထုတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို ဟုန်ကျွင့်လည်း လေစီးကြောင်းကြောင့် လွင့်စဥ်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။

ထိုအချိန်တွင် မိုးသည်းထန်စွာရွာသွန်းသံမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ဟုန်ကျွင့်တစ်ယောက် ခက်ခက်ခဲခဲ ပြန်ထလိုက်ပြီး မျက်လုံးထဲက ရေစက်များကို သုတ်ပစ်လိုက်သည်။ သူ၏လည်ပင်းကို မသိစိတ်အလျောက် ထိမိလိုက်စဉ် နောက်တစ်ကြိမ် မိုးကြိုးပစ်ခံလိုက်ရပြန်၏။

ဆွဲသီးရော! ကျိုးသွားပြီလား!

ကျိုးသွားပြီလား!

ကျိုးသွားပြီ!

ဟုန်ကျွင့်က မြေပြင်ပေါ်မှာ ညည်းတွားနေသော အရာရှိများနှင့် စစ်သည်များကို လှည့်ကြည့်လိုက်ပြီးနောက် သူ့အရှေ့မှ ဒုတပ်မှူးကို ကြည့်လိုက်ရာ ထိုဒုတပ်မှူးက မလှုပ်မယှက်ဖြင့် မေ့မြောသွားခဲ့ပြီဖြစ်သည်။

"အဆင်ပြေရဲ့လား!"

ဟုန်ကျွင့်က စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

"ထဦး!! ကျွန်တော့်နှလုံးမီးအိမ် ဘယ်ရောက်သွားတာလဲ!"

ထိုဒုတပ်မှူးက လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် သံချပ်ကာဦးထုပ်ကို ဝတ်ဆင်ထားသော်ငြား တုန်ခါမှုအားပြင်းပြင်းကြောင့် သူလည်း သတိလစ်သွားပုံပင်။ ဝရုန်းသုန်းကားအော်သံများ၊ ဆူညံသံများနှင့် လမ်းဘေးမှ အမျိုးသမီးများ၏ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။

သွားပြီ။

ဟုန်ကျွင့်တစ်ယောက် အတွေးများ ယောက်ယက်ခတ်သွား၏။

ဆွဲသီးက ပျောက်သွားလေပြီ။

ဘယ်လိုလုပ်ရမလဲ။ မဟုတ်ဘူး။ သူ စိတ်အေးအေး ထားရမယ်။ သူ့ဆွဲသီးက သေချာပေါက် ဒီလူ့ဆီမှာ ရှိနေလိမ့်မယ်။

ဟုန်ကျွင့်က ဒုတပ်မှူးကို ဆွဲထုတ်ရန် အစွမ်းကုန်ကြိုးစားလိုင်သော်လည်း ကီလိုဂရမ် ၂၀၀ နီးပါး အလေးချိန်ရှိသဖြင့် ထိုလူကို မ'မနိုင်ပေ။ ထို့ကြောင့် သူက အနှီချပ်ဝတ်တန်ဆာအားလုံးကို ဖြုတ်ချပစ်လိုက်သည်။

ပြီးသည်နှင့် ရှိသမျှအားဖြင့် ထိုဒုတပ်မှူးကိုထမ်း၍ လမ်း၏အနက်ဆုံးအရပ်ဆီသို့ မျှော်ကြည့်လိုက်၏။

လမ်းအဆုံးမှာ ၁၀ ပေနီးပါးမြင့်သော တံတိုင်းတစ်ခုရှိနေသည်။ တံတိုင်းအလွန်မှာ အဘယ်အရပ်သို့ ဦးတည်သွားကြောင်း မသိရသေးသော်လည်း အရပ် ၉ ပေနီးပါးရှိသော ဒုတပ်မှူးကို ဦးစွာဆွဲထုတ်လိုက်သည်။

သူ့ကို နံရံဆီသို့ ဆွဲခေါ်လာပြီးချိန်မှာ ဟုန်ကျွင့်တစ်ယောက် မောပန်းနွမ်းနယ်နေလေပြီ။ သူက နံရံပေါ် ဦးစွာ ခုန်တက်ကာ ဒုတပ်မှူး၏ခါးမှာ ချိတ်ကို ချိတ်လျက် ဖြည်းဖြည်းချင်း ဆွဲတင်လိုက်သည်။

နံရံနောက်ကွယ်၌ ပန်းအိုးများမှောက်လျက်ရှိသော ဥယျာဉ်တစ်ခုရှိသည်။ ဟုန်ကျွင့်က နံရံ၏တစ်ဖက်မှ သူ့ကို လိုက်ရှာနေသည့် စစ်သည်များ၏အသံကို ကြားလိုက်ရသောကြောင့် သတိလစ်နေသော ဒုတပ်မှူး၏လက်ကို အမြန်ဆွဲကာ နံရံနားကနေ အမြန်ထွက်လာခဲ့သည်။

ထိုအချိန်၌ မိုးသောက်ရောင်နီ အစပျိုးလာခဲ့ပြီး ကောင်းကင်ယံမှာတော့ မိုးဖွဲဖွဲလေး ရွာနေသေးသည်။ ဟုန်ကျွင့် ခြံထဲမှ ထွက်လာသောအခါ ဝင်္ကပါကဲ့သို့သော လမ်းများနှင့် လမ်းသွယ်များကို နေရာတိုင်းမှာ တွေ့လိုက်ရသည်။ လမ်းထောင့်တစ်ဖက်ကို ချိုးကွေ့လိုက်သည့်တိုင် နောက်ထပ်လမ်းများကို ထပ်တွေ့လိုက်ရသည်။

ထန်မင်းဆက်ရှိ ချန်အန်းမြို့က အပြင်ဘက်တံခါး ၁၂ ပေါက်နှင့် အတွင်းတံခါး ၁၁၀ ပါရှိပြီး ၎င်းကို ဆရာကြီးယွီဝမ်ခိုင်ကိုယ်တိုင် ပုံစံရေးဆွဲထားလေသည်။ ဟုန်ကျွင့်က လမ်းတစ်လျှောက်တွင် ရွာများစွာကို ဖြတ်သန်းခဲ့ရသော်လည်း ယခုကဲ့သို့ မြို့တော်ကြီးကို မရောက်ဖူးသေးပေ။ ထို့ကြောင့် မည်သည့်နေရာကို သွားရမှန်းမသိဘဲ ဖြစ်နေ၏။

"ဟေး၊ ကျောက်ကျစ်လုံ၊ ကျောက်ကျစ်လုံ!!"

ဟုန်ကျွင့်က သူ့နောက်မှ နှစ်ပေါင်မျှသာရှိသော ငါးကြင်းမိစ္ဆာကို ပြန်ကြည့်လိုက်သည်။ ငါးကြင်းမိစ္ဆာ၏မျက်စံများက ဘောလုံးပမာလည်နေပြီး ပါးစပ်က ပွင့်နေသော်လည်း အချိန်အတော်ကြာသည်အထိ မလှုပ်ရှားလာခဲ့ပေ။ ဟုန်ကျွင့်ကလည်း သူလွင့်သွားစဥ် ငါး၏ဦးခေါင်းကို ထိသွားသဖြင့် သတိလစ်သွားခဲ့ခြင်းဖြစ်မည်ဟု တွေးလိုက်သည်။

"မြန်မြန်ထတော့!"

ဟုန်ကျွင့်မှာ ကူကယ်ရာမဲ့နေသော်လည်း သူ ဤလူကို ထားခဲ့ပြီး ဘယ်ကိုမှ မသွားလိုပေ။

အဝေးတစ်နေရာမှ အစောင့်တစ်ယောက် ဖြတ်ပြေးသွားသောကြောင့် ဟုန်ကျွင့် အသံမထွက်ရဲတော့ချေ။

ထိုစဥ် အရှေ့လမ်းကြားထဲမှ ရုတ်တရက် တံခါးသေးသေးလေးတစ်ချပ် ပွင့်လာသည်အား တွေ့လိုက်ရသည်။ အမျိုးသမီးတစ်ယောက်က ခိုးခိုးခစ်ခစ် ရယ်လျက် အမျိုးသားတစ်ဦးကို လိုက်ပါပို့ဆောင်ပေးနေ၏။ ၎င်းတို့က ခဏမျှကျီစယ်နေကြပြီးနောက် အမျိုးသားက မြင်းပေါ် ခုန်တက်ကာ ထွက်ခွာသွားခဲ့သည်။

ဟုန်ကျွင့်လည်း ဒုတပ်မှူးကိုဆွဲလျက် အမှောင်ထဲမှာ ခဏကြာအောင် ပုန်းအောင်းနေလိုက်သည်။ ၎င်းတို့အနောက်မှ မြင်းခွာသံကို အဆက်မပြတ်ကြားနေရဆဲပင်။ ရှာဖွေနေသောအစောင့်များ နီးကပ်လာလေသဖြင့် အခြားရွေးချယ်စရာများမရှိတော့ရာ ပွင့်နေသောတံခါးဆီသို့ ပြေးသွားခဲ့ရတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment