no

Font
Theme

အပိုင်း (၄၇)- မကြာခဏ ဖြစ်ပွားနေသော လူသတ်မှုများ (၂)

"အင်း။ သူ စစ်တပ်ထဲမှာ ရာထူးတိုးလာခဲ့တယ်။ ချင်ဝူရဲ့ မိသားစုက အရမ်းဆင်းရဲတော့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ချင်ခဲ့တာ။ သူက ငါ့လက်အောက်ငယ်သားတွေနဲ့ ပိုရင်းနှီးလာတယ်၊ ပြီးတော့ နောက်ကွယ်နေ စစ်တပ်ထဲမှာ ငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ သတင်းတွေကို လုပ်ဖော်ကိုင်ဖက်တွေဆီ ပြောခဲ့တယ်။”

ငါးကြင်းမိစ္ဆာ: "အသက် ၂၀ နီးပါးရှိတဲ့လူက အိမ်ထောင်မပြုသေးဘူး။ လူပျိုတွေနဲ့ တစ်နေကုန်အတူရှိနေတော့ မဟုတ်တာတွေ မတွေးမိဖို့ ခက်မှာပဲ။"

"မင်း..."

လီကျင်လုံမှာ နှလုံးခုန်နှုန်းရပ်လုမတတ် ဖြစ်သွားခဲ့သည်။ ဟုန်ကျွင့်က တစ်ဖက်လူ၏ကျောကို ကမန်းကတန်းပွတ်သပ်ပေးပြီး မေးလေ၏။

"နာမည်ပျက်တာလား။ ဘယ်မှာပျက်တာလဲ။ ကျွန်တော် ဘာလို့ ထပ်ပြီး နားမလည်ပြန်တာလဲ။"

လီကျင်လုံက စကားမပြောဘဲ တုံ့ဆိုင်းနေသော်လည်း ငါးကြင်းမိစ္ဆာက လီကျင်လုံကိုကြည့်ကာ မေးလိုက်သည်။

"ဟုတ်တယ်မလား။"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက အပြစ်ကင်းတယ်။ သူ့အပေါ်လည်း ဘာအပြစ်မှ မလုပ်ခဲ့ဘူး!"

သူတို့အားလုံးက တပ်ထဲသို့ ဝင်သောအခါက လူပျိုများဖြစ်ကြကာ တော်ဝင်စစ်တပ်ထဲတွင် ချောမောသော လူငယ်များစွာ ရှိကြ၏။ လက်မထပ်ရသေးသော လူငယ်များ အချင်းချင်း ရင်းနှီးကြသည်က မဆန်းချေ။ သို့သော် စစ်တပ်ထဲဝင်ပြီးနောက် ကိုယ်ခံပညာကို ဦးစွာလေ့ကျင့်ထားရ၏။

စစ်သည်တစ်ယောက်ဖြစ်ရခြင်းက တာဝန်တစ်ခုပင်။ အကြပ်အတည်းကာလ ရောက်လျှင် စစ်သည်များက လက်နက်စွဲကိုင်ပြီး တိုင်းပြည်အတွက် အသေခံရမည်။ ပုံမှန်အားဖြင့် လုံဝူစစ်တပ်က အရှင်မင်းမြတ်၏ နှာခေါင်းအောက်တွင် ရှိသောကြောင့် ရန်ဖြစ်ခြင်း သို့မဟုတ် ပြဿနာတစ်စုံတစ်ရာ မဖြစ်စေရပေ။

လေ့ကျင့်ရေး၊ သိုင်းပွဲများနှင့် အခြားပြိုင်ပွဲများရှိသည်။ အကြီးစားအဖွဲ့များကမူ အရှင်မင်းမြတ်နှင့်အတူ အမဲလိုက်ထွက်ခွင့်ရ၏။ အဖွဲ့ငယ်များက လစဉ် ပထမနေ့နှင့် ၁၅ ရက်နေ့များတွင် ပုံမှန်လေ့ကျင့်မှုများ ပြုလုပ်ရပြီး အမှန်တကယ် ကျွမ်းကျင်မှုအပေါ် အခြေခံ၍ စွမ်းဆောင်ရည်အား အကဲဖြတ်ကြသည်။

အရည်အချင်း မပြည့်မီသူများကို အရှက်ခွဲကာ ကဲ့ရဲ့လှောင်ပြောင်ကြပြီး အခမ်းအနားအတွင်း၌ ချပ်ဝတ်တန်ဆာ အပြည့်အစုံ၀တ်ဆင်၍ တောက်ပသော နေရောင်အောက်၌ လေးနာရီကြာ ရပ်နေရသည်။

ထိုသို့ ပြင်းထန်စွာ လေ့ကျင့်ထားရရာ စခန်းကို ပြန်လာသည့်အခါတိုင်း ချက်ချင်း အိပ်ပျော်သွားတတ်ကြသဖြင့် ဘာလုပ်ဖို့ ခွန်အားရှိနိုင်တော့မည်နည်း။ တစ်သင်းလုံး ဆွဲချခံလိုက်သည်နှင့် ညသန်းခေါင်၌ ခေါင်းစွပ်'စွပ်ထားသော လုပ်ဖော်ကိုင်ဖက်များ၏ ရိုက်နှက်ခြင်းကိုတောင် ခံရနိုင်သည်။

သို့တင်မက လိင်တူဆက်ဆံခြင်းဆိုင်ရာ ကောလာဟလများ ပျံ့နှံ့လာပါက တပ်ဖွဲ့တစ်ခုလုံး ဆွဲချခံရမည်ဖြစ်ကာ စစ်တပ်တစ်ခုလုံး၏ လှောင်ပြောင်စရာ ဖြစ်လာမည်မှာလည်း ဧကန်မလွဲပင်။

ချင်ဝူက လီကျင်လုံတစ်ယောက် သေသေချာချာ လေ့ကျင့်ထားသောကြောင့် အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သည်။ သူက ရာထူးတိုးလိုပြီး လီကျင်လုံအား ဖယ်ထုတ်ချင်ခဲ့သည်။ သူဖြန့်ခဲ့သည့် ကောလဟာလကြောင့် လီကျင်လုံခမျာ အသက် ၁၈ နှစ်တွင် ညီအစ်ကိုများနှင့် ဆက်ဆံရေးသာမက အိမ်ထောင်ရေးလည်း ပျက်စီးသွားခဲ့သည်။

"ဒါကြီးက ဘယ်လောက်တောင် အငြိုးကြီးနေတာလဲ!"

ဟုန်ကျွင့်က ရေရွတ်လိုက်သည်။ ယနေ့ ချင်ဝူ ပြောခဲ့သည်များကို ပြန်စဥ်းစားကြည့်လိုက်သောအခါ ထိုလူက အပြစ်ရှိစိတ်ကြောင့် ထိုစကားပြောခဲ့ခြင်း ဖြစ်နိုင်ကြောင်း နောက်ဆုံးတော့ နားလည်လိုက်လေပြီ။ လီကျင်လုံ၏အဆိုအရ ချင်ဝူက ကောလာဟလများလွှင့်ပြီးနောက် ရာထူးတိုးခံခဲ့ရသည်။

ဟူရှန်းကလည်း ကောလဟာလများကြောင့် နောက်ရက်များတွင် လီကျင်လုံကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းလိုက်၏။ လီကျင်လုံ၏ကွပ်ကဲမှုအောက်တွင် သူနှင့် လက်အောက်ငယ်သားများမှာ အဆင်ပြေသွားခဲ့သည်။

လီကျင်လုံ: "ဒါပါပဲ။ မရင်းနှီးဘဲ စကားများများပြောမိတဲ့ ငါ့အမှားပါ။"

"ဟေး...."

ငါးကြင်းမိစ္ဆာက တစ်စုံတစ်ရာကို ကြားလိုက်ပုံရသဖြင့် ရုတ်တရက် နိုးကြားလာကာ လီကျင်လုံကို သတိထား၍ကြည့်လိုက်သည်။

ပြောပြီးသောအခါ လီကျင်လုံတစ်ယောက် မနေနိုင်ဘဲ ဟုန်ကျွင့်ကို ပြန်ကြည့်လိုက်သည်။ ဟုန်ကျွင့်က ထိုကိစ္စကြောင့် စိတ်မကောင်းဖြစ်နေဆဲပင်။ သို့သော် ဟုန်ကျွင့် ကြားခဲ့သည်များကို အခြေခံပြီး သူ သိပ်စဉ်းစားနေမှာ မဟုတ်ချေ။

"ဒါဆို ခင်ဗျား ချင်ဝူကိုကြိုက်လား။"

ဟုန်ကျွင့်က ထပ်မေးလိုက်သည်။

"ငါ မကြိုက်ဘူး။"

လီကျင်လုံ ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်သည်။

"သူက ငယ်ရွယ်ပြီး... ပြီး..."

လီကျင်လုံက ခေါင်းငုံ့ပြီး တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်၏။

"သူ့မိသားစုက ဆင်းရဲတော့ သူ့ကို ဂရုစိုက်ပေးခဲ့ရုံပဲ။ မင်း ငါ့အတွက် ညည်းညူနေစရာမလိုပါဘူး။ ငါလည်း ဒီကိစ္စကို မေ့ထားပြီးသား။ အခု ငါက နတ်ဆိုးနှင်ဌာနကို ရောက်နေပြီ။ လူတိုင်းနဲ့လည်း အဆင်ပြေတယ်။ ငါ့စိတ်ထဲမှာ မထားတော့ဘူး။"

ဟုန်ကျွင့်က ခဏစဉ်းစားကာ ပြန်တုံ့ပြန်လာသည့် သူ၏နောက်ဆုံး မှတ်ချက်ကတော့ "အိုး" ဟူသည့် အသံလေးပင်။ လီကျင်လုံကလည်း ခဏလောက် စဥ်းစားနေ၏။ ဟုန်ကျွင့်ကို မော့ကြည့်လိုက်သောအခါ ဟုန်ကျွင့်မှာ ငါးကြင်းမိစ္ဆာဘက်ကို စကားလှည့်ပြောနေသည်။

"ငါက ယောက်ျားနဲ့ မိန်းမပဲ 'အဲဒါကို လုပ်နိုင်တယ်' လို့ ထင်နေတာ။ လတ်စသတ်တော့ ယောက်ျားလေးနဲ့ ယောက်ျားလေးလည်း အဲဒါကို လုပ်လို့ရတာပဲ။"

[T/N - အဲဒါက ဘာလဲ သိတယ်ဟုတ် 😜]

ငါးကြင်းမိစ္ဆာ: "..."

လီကျင်လုံ: "..."

ငါးကြင်းမိစ္ဆာ: "ယောက်ျားတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက်သာ 'အဲဒါ' ကိုလုပ်ရင် ကလေးမရနိုင်ဘူး။ ငါကတော့ ငါးအထီးနဲ့ ကလေးမလိုချင်ပါဘူး။"

"မင်းတို့ငါးတွေက အဲဒါကို ဘယ်လိုလုပ်ကြတာလဲ။"

ဟုန်ကျွင့်က အလွန်သိချင်နေခဲ့သည်။ လေထုက တဖြည်းဖြည်း နေရခက်လာသောကြောင့် လီကျင်လုံလည်း သူ့ကို ဝင်နှောင့်ယှက်ရန် အကြောင်းတစ်ခုခုကို ရှာချင်လာ၏။ ထိုစဥ် ငါးကြင်းမိစ္ဆာက ဆိုလိုက်သည်။

"အဲဒါကို စိတ်မပူနဲ့တော့။ မင်းက အများကြီး သိထားတော့ ဘာလုပ်မှာမလို့လဲ။ တစ်ယောက်ယောက်ကို မင်းတကယ် ကြိုက်သွားရင် ဘာမှ မတတ်နိုင်တော့ဘူး။ တချို့လူတွေက 'အဲဒါ' ကို ကြိုက်သလို တချို့က 'အဲဒါ' ကိုချစ်တယ်။ ကမ္ဘာကြီးက အရာအားလုံးကို လွှမ်းခြုံထားတာကွ! ခေါင်းဆောင်လီက ယောက်ျားတွေကို သဘောကျတယ်ဆိုရင်တောင် တခြားသူတွေက ဝင်စိတ်ပူစရာမလိုဘူး။ ဟုန်ကျွင့်၊ မင်းလည်း အဲဒီမြေခွေးလေးကို ကြိုက်သွားတာပဲ မဟုတ်ဘူးလား။"

"ငါ သူ့ကို မကြိုက်ပါဘူး! သူက သနားစရာကောင်းတယ်လို့ ထင်လို့။"

လီကျင်လုံ စာလိပ်တစ်လိပ်ကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး ဟုန်ကျွင့်ထံသို့ လွှင့်ပစ်လိုက်ကာ ခေါင်းစဉ်ကို အဆုံးသတ်လိုက်သည်။

"ကြည့်!"

ထျန်းပေါင်၏ ၁၂ နှစ်၊ ၁၁ လပိုင်း ငါးရက်နေ့။

ဖြစ်စဉ် - ကုန်သည်အဖွဲ့ အသတ်ခံရခြင်း (လူသတ်မှု)။

ခက်ခဲမှုအဆင့် - အခြေခံအဆင့်။

ဒေသ - ဖျင်ဟဲလျန်။

အမှုတွင်ပါဝင်ပတ်သက်သူ - အနောက်ဘက်ဒေသမှ ကူချာကုန်သည်အဖွဲ့ ၂၂။

အမှုအသေးစိတ် - ၁၁ လပိုင်း၊ ငါးရက်မြောက်နေ့တွင် ကူချာကုန်သည်အဖွဲ့သည် ချင်လင်တောင်၏ အကိုင်းအခက် တစ်ခုဖြစ်သော ဖျင်ဟဲလျန်ကို ဖြတ်သွားခဲ့ပြီး မွန်းလွဲပိုင်းတွင် အဖွဲ့ထဲမှ လူ ၁၂ ယောက် သတ်ဖြတ်ခံခဲ့ရသည်။ လူသတ်သမားကို မသိရသေးပါ။ မိစ္ဆာဝင်နှောင့်ယှက်သည်ဟု ထင်သောကြောင့် ထန်မင်းဆက်၏ နတ်ဆိုးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။

ဆုလာဘ် - ကူချာကုန်သည်အဖွဲ့နှင့် ချန်အန်းမြို့မှာအခြေစိုက်သော ကုန်သည် ဟန့်ကော်လန်မှ လူချင်းတွေ့၍ ကျေးဇူးတင်မည်။

"သွားကြည့်ရအောင်။"

လီကျင်လုံ: "အခုက နောက်ကျသွားပြီ။ မနက်ဖြန်မှ လုပ်ရအောင်။"

ဆောင်းဦး၏ ဆည်းဆာအချိန်ကတော့ အေးနေ၏။ မော့ရစ်ကန်းတို့သုံးယောက် ပြန်လာသည်နှင့် ညစာစားသောက်ရန် ထိုင်ကြပြီး သတင်းများ ဖလှယ်ကြသည်။

"မင်းတို့ ဘယ်မှာ ကစားလာခဲ့ပြန်တာလဲ။"

လီကျင်လုံက လူတိုင်း မစားနိုင်မသောက်နိုင် ဖြစ်နေသည်ကို တွေ့လိုက်ရသောကြောင့် ပေါ့ပေါ့ပါးပါးလေး မေးလိုက်သည်။

"ဇနီးဖြစ်သူ အသတ်ခံရတဲ့အမှုနဲ့ ကြုံခဲ့ရတယ်။”

မော့ရစ်ကန်းက မျက်မှောင်ကြုတ်ကာ ရေတစ်ခွက်ကို ကောက်သောက်နေ၏။

“ပန်းပဲသမားက ဇနီးဖြစ်သူနဲ့ စကားများရန်ဖြစ်ပြီး တူနဲ့ မသေမချင်း ရိုက်သတ်ခဲ့တာ။ ဦးနှောက်အရည်တွေက ဖြန်းခနဲ ထွက်လာခဲ့တာ။ သွေးတွေကလည်း နံရံပေါ်မှာ ထိုင်ခုံပေါ်မှာ..."

"ဆက်ပြောမနေနဲ့တော့!"

ချိုယုံစစ်နှင့် အားထိုက်သည် မော့ရစ်ကန်းအား ထိုအမှုကို ဆက်မပြောပြရန် ချက်ချင်း ဝင်တားလိုက်ရသည်။ သူတို့ခမျာ ၎င်းကို မေ့ပျောက်ပစ်နိုင်ရန် မလွယ်ကူပေ။ သို့သော် ဟုန်ကျွင့်ကတော့ ကဏန်းဟင်းချိုတစ်ပန်းကန်ကို အနှောင့်အယှက် မရှိဘဲ သောက်နေခဲ့သည်။

အားထိုက်က ဆက်၍: “နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ လူနာတစ်ယောက် လေပူကြောင့် ချောင်းဆိုးလာလို့ သမားတော်ဆီ သွားပြတာ၊ သမားတော်က ခြေဗလာသမားတော်တဲ့။ လူနာကို သွေးထွက်လွန်အောင် လုပ်မိတော့ လူနာက သေသွားတယ်။ သမားတော်က ထွက်ပြေးသွားတယ်။ သူ့မိသားစုဝင်တွေက ချွန်းလင်ခန်းမအပြင်ဘက်ကို အခေါင်းသယ်လာလို့ ပွဲဆူနေပြီ။"

[T/N - ခြေဗလာသမားတော်က ဆေးပညာကို ပြည့်ပြည့်စုံစုံ မသင်ထားတဲ့ ရွာကဆေးဆရာလေးတွေကို ပြောတာပါ။]

"အင်း။"

လီကျင်လုံမှာ ကုန်သည်အဖွဲ့ တိုက်ခိုက်ခံရသည့်အကြောင်းကို တွေးနေဆဲပင်။

လီကျင်လုံ: "မင်းတို့ နောက်ထပ် ဘာတွေ့သေးလဲ။"

"နှစ်ဆန်းပိုင်းတုန်းက လူသတ်မှုတွေ နည်းနည်းပဲ ဖြစ်ခဲ့တာ။"

အားထိုက်က ပြောသည်။

လီကျင်လုံ: "၁၁ လပိုင်း အစကနေ အခုထိ လူသတ်မှုတွေ အများကြီး ဖြစ်သွားတယ်ပေါ့။"

မော့ရစ်ကန်း: "အရင်တုန်းက ချန်အန်းမှာ လူသတ်မှုတွေ မကြာခဏ ဖြစ်ဖူးလားလို့ တွေးမိသေးတယ်။ ဒါက ပုံမှန်လို့ ယူဆလို့ရလား။"

ချိုယုံစစ်: "တစ်ခုရှိတယ်။ ဒီလူသတ်မှုတွေက မနေ့ကနဲ့ ဒီနေ့မှာ ဖြစ်ခဲ့တာတွေပဲ။"

"ကုန်သည်တွေ အပါအဝင် နှစ်ရက်အတွင်း လူသတ်မှုက သုံးကြိမ်။ စုစုပေါင်း လူ ၁၄ ယောက် သေဆုံးသွားတယ်။"

လီကျင်လုံ မျက်မှောင်ကြုတ်ကာ: "ဒီလောက်တောင် ပြင်းထန်ရလား။"

အားထိုက်: "မမေ့နဲ့ဦး။ မိစ္ဆာဘုရင်က ဘယ်မှာပုန်းနေလဲ မသိရသေးဘူးနော်။"

ဟုန်ကျွင့်: "ဒါက ရန်စတာများလား။"

လီကျင်လုံ အသက်ပြင်းပြင်းရှူရင်း မျက်မှောင်ကြုတ်နေမိ၏။ ဘာမှ ပြန်မဖြေဘဲ လူတိုင်းကို စောစောအိပ်ရာဝင်ဖို့သာ လက်ပြလိုက်သည်။ မနက်ဖြန် မနက်စောစော၌ အမှုကို စုံစမ်းရန် ထွက်သွားကြရမည်။

ဟုန်ကျွင့်တစ်ယောက် ညဘက် ရေတွင်းဘေးတွင် အာလုတ်ကျင်းရန် ထိုင်နေခိုက် ငါးကြင်းမိစ္ဆာက ရေကန်ထဲမှ ခုန်ထွက်လာသည်။

"ဟုန်ကျွင့်!"

ဟုန်ကျွင့်က သူ့ခေါင်းကို လှည့်ပြီး မျက်ခုံးပင့်ကာ ပြောစရာရှိလျှင် ပြောဟု ဟန်ပြလိုက်သည်။

ငါးကြင်းမိစ္ဆာ: "မင်းရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံး အချိန်တွေကို အတူတူ ကုန်ဆုံးချင်တဲ့လူနဲ့ တွေ့ပြီလား။"

"ဘာကိုဆိုလိုတာလဲ။"

ဟုန်ကျွင့်က သန့်စင်ပြီးနောက် ရေကန်ဘေး၌ ထိုင်နေလိုက်သည်။

"ဆိုလိုတာက သူ(မ)နဲ့ တစ်သက်လုံး အတူနေချင်တယ်။ နဂါးတံခါးကို မခုန်ချင်တော့ဘူး။ အသက်ကြီးတဲ့အထိ သူ(မ)နဲ့ အတူနေချင်တယ်။ သူ(မ) သေတဲ့နေ့မှာ မင်းလည်း အတူသေချင်တယ်။ အဲ့လိုလူမျိုးလေ။"

ငါးကြင်းမိစ္ဆာသည် ပါးစပ်ကို အဖွင့်အပိတ်လုပ်ကာ သဘာဝကျကျ ပြောလိုက်သည်။

"ရှိတယ်။"

ဟုန်ကျွင့် ပြုံးလိုက်သည်။

“ဘယ်သူလဲ။”

ဟုန်ကျွင့်: "အဖေနဲ့ ချင်းရှုံလေ။"

(TN - တရုတ်မှာ သူနဲ့ သူ(မ)က အသံထွက် တူပါတယ်)

ငါးကြင်းမိစ္ဆာ: “အဲဒီလိုလူမျိုးကို ပြောတာ မဟုတ်ဘူးလေ။ မေ့လိုက်တော့။”

ငါးကြင်းမိစ္ဆာမှာ ပြန်အိပ်တော့ရန် ပြင်လိုက်သော်လည်း ဟုန်ကျွင့်က ၎င်း၏အမြီးကိုဆွဲထားပြီး ရေထဲက ဆွဲထုတ်လိုက်လေသည်။

"ဘာဖြစ်နေတာလဲ၊ ငါ့ကိုပြောပြလေ။"

ငါးကြင်းမိစ္ဆာ: "မင်း ခံစားဖူးလား။ မင်း သူ(မ)နဲ့ တစ်ချိန်လုံး ရှိနေချင်တယ်။ သူ(မ) မင်းအနားမှာရှိတဲ့အခါ မင်းအတွက် အရာရာတိုင်းက ဖော်မပြနိုင်လောက်အောင် သက်တောင့်သက်သာ ရှိတယ်လို့ ခံစားရတယ်။ ဘာမှစဉ်းစားနေစရာ မလိုပါဘူး။ အဲ့လိုမျိုး။"

ဟုန်ကျွင့်: "ခေါင်းဆောင်လီလေ။"

ငါးကြင်းမိစ္ဆာ: "သောက်ကျိုးနည်း!"

"ခေါင်းဆောင်က အမြဲတမ်း ယုံကြည်စိတ်ချရပြီး အရမ်းတော်တဲ့သူ တစ်ယောက်လေ။ အရာအားလုံးကို သူ့ဆီအပ်ထားလိုက်လို့ရတယ်။ ကျောက်ကျစ်လုံ မင်းဘာဖြစ်နေတာလဲ။ ဒီနေ့ မင်းကိုကြည့်နေတာ ထူးဆန်းနေသလိုပဲ။"

ငါးကြင်းမိစ္ဆာ: “ငါ ကျင်လီတစ်ကောင်ကို ချစ်မိသွားပြီ။”

"အာ? ဘာကိုဆိုလိုတာလဲ။"

ငါးကြင်းမိစ္ဆာ: “သူ(မ)နဲ့ လက်ထပ်ချင်တယ်။ ဘယ်တော့မှ ခွဲမသွားချင်ဘူး။”

"မင်း နဂါးတံခါးကို ခုန်မလို့မဟုတ်ဘူးလား။ ခုန်မတက်တော့ဘူးလား။"

ငါးကြင်းမိစ္ဆာသည် ရေကန်စွန်းတွင် လက်တစ်ဖက်ကိုတင်ကာ ငါးခေါင်းကိုပါ တင်၍ ပူဖောင်းနှစ်ခုကို မှုတ်ထုတ်ရင်း ပြောပြသည်။

“အဲဒါက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့သက်သက်ပြောတာ။ ဘဝမှာ အိပ်မက်တစ်ခုတော့ ရှိရမယ်မလား။ အဲဒီအိပ်မက်ကို အကောင်အထည် မဖော်နိုင်ရင်တောင်မှပေါ့။”

ဟုန်ကျွင့်က ခေါင်းကုတ်ပြီး: "အချစ်ဆိုတာက ဘာကိုဆိုလိုတာလဲ။"

"အိုး... မင်း နားမလည်ပါဘူး။"

ငါးကြင်းမိစ္ဆာသည် ရေထဲ ပြန်ခုန်ဆင်းသွားပြီး ရေကန်အောက်ခြေကနေ ဟုန်ကျွင့်ကို မော့ကြည့်လိုက်သေးသော်လည်း ဘာမှ မပြောတော့ပေ။ ဟုန်ကျွင့် ငါးကြင်းမိစ္ဆာကို ကောက်ယူပြီး ဆက်မေးတော့မည့်အခိုက် ရုတ်တရက် အပြင်က တံခါးခေါက်သံ ထွက်လာသည်။

တံခါးပွင့်သွားသည်နှင့် တစ်ကိုယ်လုံး သွေးဖုံးနေသည့် လူတစ်ယောက် ရုတ်တရက် ပြေးဝင်လာပြီး တုန်တုန်ယင်ယင် အသံဖြင့် ဟစ်အော်နေလေ၏။

"ငါ့ကိုကူညီပါ... ကယ်ပါဦး... ဒုတပ်မှူး... ငါမင်းကို တောင်းပန်ပါတယ်... ငါ့ကိုကယ်ပါ.. ."

"ချင်ဝူ?!"

ဟုန်ကျွင့်မှာ အံ့သြသွားတော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment