no

Font
Theme

အပိုင်း (၄၁)- စာမေးပွဲအခန်းထဲ ဖမ်းဆီးခြင်း (၂)

မြေခွေးလေး: "ကျေးဇူးပြုပြီး ငါ့ကိုလွှတ်ပေးပါနော်။"

ဟုန်ကျွင့်: "မင်းတို့က စာသင်သားတွေ အများကြီးကို သတ်ပစ်လိုက်ပြီလေ။ ငါမင်းကို အပြစ်မရှိဘူးလို့ မပြောပေးနိုင်မှာ စိုးမိတယ်။"

မြေခွေးလေး: "ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး! ငါ တကယ်မလုပ်ခဲ့ပါဘူး!"

ဟုန်ကျွင့်: "မင်းရဲ့တခြားမျိုးနွယ်တွေကရော။"

မြေခွေးလေးလည်း တိတ်ဆိတ်သွားခဲ့သည်။

ဟုန်ကျွင့်: "မင်းက စာသင်သားပေါင်း ၂၆၆ ယောက်ကို သတ်ခဲ့တဲ့ မြေခွေးတွေထဲမှာ ပါဝင်နေတယ်။ အဲဒီအထဲမှာ ထန်မင်းဆက်အတွက် အနာဂတ် အရာရှိတွေလည်း ပါနိုင်တယ်။"

မြေခွေးလေး: "ဒါပေမဲ့ ငါတကယ် မလုပ်ခဲ့ပါဘူး။ ငါ ဘယ်တုန်းကမှလည်း သူတို့ရဲ့အနှစ်သာရကို စုပ်ယူဖို့ ဆန္ဒမရှိခဲ့ဘူး။ ငါရောက်တဲ့အချိန်မှာ အဲ့ကောင်လေးက တခြားမျိုးနွယ်တူတွေဆီက စုပ်ယူခံရလို့ ခြောက်နေပြီ။"

ဟုန်ကျွင့်မှာ မထိန်းနိုင်ဘဲ တုန်ယင်သွားခဲ့သည်။ သူ့နောက်ကျောမှ အမွေးအမျှင်လေးများပင် ထောင်တက်လာသယောင် ခံစားလိုက်ရ၏။

"သူတို့က ငါ့ကို အဲ့စာသင်သားနေရာမှာ အစားထိုးခိုင်းလို့ ငါလည်း လုပ်ခဲ့ရတာပါ။ ဟုန်ကျွင့်၊ မင်းကိုတောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါနော်။"

ဟုန်ကျွင့် ပြတင်းပေါက်မှ ခုန်ဆင်းလာကာ သက်ပြင်းချလိုက်လေသည်။ သူက မြေခွေးလေးကို အပြစ်ရှိစိတ်တို့ဖြင့် စိုက်ကြည့်နေခဲ့သည်။

"တောင်းပန်ပါတယ်။"

ဟုန်ကျွင့်က နောက်ဆုံး၌ တောင်းပန်စကားသာ ပြောခဲ့သည်။

သူ့လက်ကို ဆန့်တန်းပြီး ဆေးမှုန့်ကို ဖြန်းချင်သော်ငြားလည်း မြေခွေးလေးက သူ့လက်ညှိုးကို ကိုက်ပစ်လေ၏။ တစ်ခဏချင်းမှာပင် မြေခွေးလေးလည်း အိပ်ပျော်သွားကာ လီကျင်လုံက စာအုပ်စင်အနောက်မှ အမြန်ပြေးထွက်လာခဲ့သည်။

"ဒဏ်ရာရသွားတာလား။"

လီကျင်လုံ အလောတကြီးဖြင့် ပြောလာသည်။

"ငါ့ကိုပြ!"

ဟုန်ကျွင့် အကိုက်ခံလိုက်ရသော လက်ညှိုးကို မြှောက်လိုက်စဥ် လီကျင်လုံက သူ့လက်ကို ကမန်းကတန်း ဆွဲယူကြည့်ကာ ညှစ်လိုက်လေသည်။

ဟုန်ကျွင့်: "ကိစ္စမရှိပါဘူး။ ကျွန်တော် တောင်ပေါ်မှာတုန်းကလည်း တိရိစ္ဆာန်လေးတွေဆီက အကိုက်ခံရဖူးပါတယ်။"

လီလုန်ကျီးလည်း စာအုပ်စင်နောက်ကွယ်မှ ထွက်လာ၏။ သူလည်း ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ကြားလိုက်ရမှာ အသေအချာပင်။ ဟုန်ကျွင့် မတ်တတ်ထရပ်စဥ် လီကျင်လုံက လှည့်၍ဂါဝရပြုလိုက်ပြီး သူ့ကိုယ်စား ပြောလိုက်သည်။

"အရှင်မင်းမြတ် ဒီမြေခွေးတစ်ကောင်ကိုတော့ ဟုန်ကျွင့်အတွက် သနားညှာတာပေးဖို့ တောင်းပန်ချင်ပါတယ်။ သူက ဘယ်သူ့ကိုမှ ဒုက္ခမပေးဖူးပါဘူး။"

လီလုန်ကျီးက သူ၏ဝတ်ရုံတို့ကို ဝှေ့ယမ်းလိုက်၏။

"ထားပါတော့။ မင်းပဲ ဆုံးဖြတ်ချက်လိုက်။"

ယခုအချိန်၌ နေရောင်အောက်တွင် ရပ်နေလျက်ရှိသော လီလုန်ကျီးမှာ အတော်လေး အသက်ကြီးသွားပုံပေါ်၏။ တော်ဝင်စာမေးပွဲဧရိယာထဲမှ ဖြည်းညင်းစွာ လျှောက်လာစဥ် သူ၏ခြေလှမ်းများက အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။ ဟုန်ကျွင့်လည်း သက်ပြင်းချကာ လီလုန်ကျီးနှင့် လီကျင်လုံတို့နောက်ကို လိုက်သွားခဲ့သည်။

"ငါကိုယ်တော်မျက်စိနဲ့သာ မမြင်ခဲ့ရင်...."

လီလုန်ကျီးက ရှေ့ကိုလှမ်းရင်း ဆိုလာသည်။

"ဒီလိုရယ်စရာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ဘယ်တော့မှ ယုံမိမှာ မဟုတ်ဘူး။"

နေဝင်ရီတရောအချိန်တွင် ယန်ယွိဟွမ်က ရှင်းချင့်နန်းတော်၊ အနောက်ဘက်နန်းဆောင်၏ လှေကားပေါ်တွင် ရပ်နေကာ ရပ်ပြင်အလယ်တွင် စုပြုံနေသော အိပ်နေသည့်မြေခွေးများကို ကြည့်နေခဲ့သည်။ သူ(မ)၏မျက်လုံးများသည် ထိတ်လန့်မှုအပြည့်နှင့် တုန်တုန်ယင်ယင် ဖြစ်နေလေ၏။

သခင်မကော်နှင့် ယန်ကော်ကျုံးတို့၏ မျက်နှာများကလည်း ချက်ချင်းပင် ဖြူဖျော့သွားကြသည်။ ဖန်းချန်ချင်နှင့် ကောင်းလိရှစ်က ဘယ်ညာနေရာယူထားကာ တော်ဝင်စာမေးပွဲ ဧရိယာအတွင်းက မိန်းမစိုးများသည် ကုလားထိုင်အများအပြားကို နန်းတော်ထဲမှ ရွှေ့ကာ ဟွာချင်းနန်းတော်မှ ပြန်လာသော တော်ဝင်မျိုးနွယ်များကို ထိုင်ရန် ချပေးခဲ့သည်။

"ဒါက စစ်သူကြီးဖန်း ပြောတဲ့...."

ယန်ယွိဟွမ်မှာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်၏။

ဖန်းချန်ချင်: "အတိအကျပါပဲ။ သူတို့က တော်ဝင်စာမေးပွဲ စာသင်သားတွေ အဖြစ်နဲ့ ရုပ်ဖျက်ပြီး ကျွန်တော်မျိုးတို့ ထန်မင်းဆက်ကို နှောင့်ယှက်ချင်တဲ့ မြေခွေးမိစ္ဆာတွေပါ။"

မြေခွေးအစုအဝေးရှေ့မှာတော့ ချိုယုံစစ်၊ အားထိုက်နှင့် မော့ရစ်ကန်းတို့က လက်နက်တစ်ခုစီကိုင်ထားပြီး မြေခွေးမိစ္ဆာများ နိုးထလာပါက တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။

လီလုန်ကျီးက မြေခွေးအုပ်အနားက ဖြတ်သွားသောအခါ ၎င်းတို့ကို မကြည့်ဘဲ သက်ပြင်းတစ်ချက်သာ ချလေ၏။ ထို့နောက် လှေကားထစ်များပေါ်ရှိ မြင့်မားသော ထိုင်ခုံပေါ်တွင် ထိုင်ကာ အားလုံးကို ကြည့်လိုက်သည်။

ယန်ယွိဟွမ်မှာ မြေခွေးအုပ်စုကို ကြည့်ပြီးနောက် လီလုန်ကျီးကို ကြည့်လိုက်ပြန်သည်။ လီလုန်ကျီးက ယန်ယွိဟွမ်၏ လက်ဖမိုးပေါ်တွင် သူ့လက်တစ်ဖက်ကို တင်၍ သူ့နောက်က လိုက်လာနေသော လီကျင်လုံအား လှည့်ပြောလိုက်သည်။

"လီကျင်လုံ... လူတိုင်းကို ပြောပြလိုက်။"

လီကျင်လုံ: "အရှင်မင်းမြတ်၊ ကြင်ယာတော်၊ အားလုံးပဲ ဒီကိစ္စက ဟုန်ကျွင့် ချန်အန်းမြို့ထဲကို ဝင်လာတဲ့ အချိန်ကစခဲ့ပါတယ်။"

လီကျင်လုံက လှေကားရင်းမှာရပ်ကာ ဟုန်ကျွင့်တစ်ယောက် ချန်အန်းသို့ ရောက်ရှိလာပြီး ဖေးအောင်ကို တွေ့ရှိသည့်နေ့မှ စတင်၍ ပြောပြလိုက်သည်။ ဖျင်ကန်းလီအကြောင်း ပြောလိုက်သောအခါ ယန်ယွိဟွမ်က မျက်မှောင်ကြုတ်ကာ မေးလေ၏။

"လက်စသတ်တော့ အဲ့လိုကိုး။ အဲဒီနေ့တုန်းက မင်း ဖျင်ကန်းလီမှာ ရှိနေတာက ဒီအမှုကို စုံစမ်းနေလို့လား။"

လီကျင်လုံ: "..."

လီကျင်လုံက အံကြိတ်ကာ ဆက်ပြောပြလိုက်သည်။

"ဟုတ်ပါတယ်။ ကျွန်တော်မျိုး ဖျင်ကန်းလီမှာ မိစ္ဆာအငွေ့အသက် ရှိနေတယ်ဆိုတာကို ရှာတွေ့ခဲ့တာပါ။"

ဤသည်မှာ အရှင်မင်းမြတ်ကိုလှည့်စားသည့် ရာဇ၀တ်မှုပင်။ အားထိုက်တို့ လက်အောက်ငယ်သားများအားလုံး ဤအချက်ကို တစ်ချိန်တည်းမှာ တွေးမိခဲ့ကြသော်လည်း လီကျင်လုံက နာမည်ကောင်းကို ပြန်ရဖို့အတွက် အခွင့်အရေး ရနေပြီဖြစ်၍ တိတ်ဆိတ်နေခဲ့သည်။ ဟုန်ကျွင့်တစ်ယောက်တည်းသာ "မဟုတ်ဘူး" ဟု ပြောလုနီးပါးဖြစ်သွားခဲ့ပြီး လီကျင်လုံ၏အကြည့်ကြောင့် ရပ်တန့်သွားခဲ့သည်။

ထို့နောက် လီကျင်လုံက ဖျင်ကန်းလီသို့ နှစ်ကြိမ် ဝင်ရောက်ခဲ့ကြောင်း၊ မြေခွေးမိစ္ဆာကို ရှာဖွေခဲ့ကြောင်းနှင့် သဲလွန်စများနောက် လိုက်ရင်း ဖေးအောင်ကို ရှာတွေ့ခဲ့ကြောင်း ပြောပြခဲ့သည်။ သူ မပြောပြလိုက်သည့် တစ်ခုတည်းသော အရာမှာ ဟုန်ကျွင့်၏ ပျောက်ဆုံးသွားသော ဓားပျံအကြောင်းပင်။

ထို့နောက် ဟူရှန်းနှင့် မြို့တံခါးစောင့် စစ်သည်တို့အား သူ့စကားများက မှားယွင်းမှုမရှိကြောင်း သက်သေပြရန် ဆင့်ခေါ်ခဲ့သည်။ လီလုန်ကျီးနှင့် ကြင်ယာတော်တို့သည် ဖြစ်စဉ်တစ်ခုလုံးကြောင့် ထိတ်လန့်တုန်လှုပ်နေကာ သခင်မကော်ကလည်း တုန်တုန်ယင်ယင်အသံဖြင့် မေးလာ၏။

"မင်းတို့ တိုက်ခိုက်ရင်း သာ့မင်နန်းတော်ကို ရောက်သွားကြတာလား။"

ယန်ကော်ကျုံးကလည်း မျက်မှောင်ကြုတ်ပြီး :"ဒီမြေခွေးတွေက တကယ်ပဲ စာသင်သား အမတ်လောင်းတွေဖြစ်ပြီး အစားသွင်းခံခဲ့ရတယ် ဆိုတာကို လှည့်စားထားတာ မဟုတ်ဘူးလို့ မင်းဘယ်လိုအာမခံနိုင်လဲ။"

လီလုန်ကျီးက သူ့လက်ကို မြှောက်လိုက်ပြီး: "ငါကိုယ်တော် ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပြီးပြီ။ အဲဒါကို သံသယဝင်စရာ မလိုဘူး။ လီကျင်လုံ ဆက်လုပ်။"

လီကျင်လုံက သာ့မင်နန်းတော်မှာ ဖြစ်ပျက်ခဲ့သည်များကိုလည်း ပြောပြလိုက်သည်။

"အဲ့မိစ္ဆာက နှိမ်နင်းဖို့ အရမ်းခက်ခဲပါတယ်။ သူရုန်းကန်နေတဲ့အချိန်မှာ သာ့မင်နန်းတော်က အဖိုးတန်ရွှေတိုင်နဲ့ ရတနာတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ကျွန်တော် တကယ်ကို ထိတ်လန့်မိတာက..."

လီလုန်ကျီးက ဖြည်းဖြည်းမှန်မှန်ဖြင့်: "ဒီနေ့ မင်းလုပ်ထားတဲ့ လုပ်ရပ်ကြောင့် ငါကိုယ်တော် အဲဒါကို ဖြေလျှော့ပေးပြီးသားမို့ စိတ်မပူနဲ့။ ငါကိုယ်တော်လက်ထဲ အပ်ထားလိုက်။"

သို့မှသာ နတ်ဆိုးနှင်ဌာနက လူတိုင်း လျော်ကြေးအတွက် စိတ်ပူစရာ မလိုတော့သောကြောင့် စိတ်သက်သာရာ ရသွားကြတော့သည်။ အမှန်မှာ လီလုန်ကျီးက ဖန်းချန်ချင်ထံမှတစ်ဆင့် အမှုတစ်ခုလုံး၏ အသေးစိတ် ပြောပြချက်ကို တစ်ကြိမ်ကြားခဲ့ပြီးသား ဖြစ်သော်လည်း ယခု လီကျင်လုံထံမှ ကြားလိုက်ရသည်က ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းနေ၏။

နောက်ဆုံးမှာတော့ လီကျင်လုံက ဆက်ပြောလာသည်။

"ဒီမြေခွေးမိစ္ဆာတွေက တော်ဝင်နန်းတွင်းမှာ ဆူပူစေပြီး အရမ်းဆိုးရွားတဲ့ အရာတွေကို လုပ်ခဲ့ကြပါတယ်။ သူတို့ကို ဒီနေရာကနေ ဖယ်ရှားပစ်ဖို့ အရှင်မင်းမြတ်ရဲ့ ဘုန်းအာနုဘော်ကို ကျွန်တော်မျိုး အလေးအနက်ထားပြီး လျှောက်ထားပါတယ်။"

"မင်းသဘောအတိုင်းပဲ။"

လီလုန်ကျီးက အေးစက်စွာ ပြောလေ၏။

"သေဆုံးသွားတဲ့ စာသင်သားတွေအတွက် သာသနာရေးဌာနကနေ ပင်စင်ထုတ်ပေးပြီး သူတို့ရဲ့ မိသားစုတွေကို အကြောင်းကြားပေးမှာပါ"

သာသနာရေးဌာနက အမတ်ကြီးသည်လည်း အမိန့်ကိုလက်ခံရန် အလျင်တစောဖြင့် ဦးညွှတ်လိုက်သည်။ ယန်ယွိဟွမ်၏ မျက်လုံးများမှာတော့ စာသင်သားများအတွက် သနားကြင်နာမှုတို့ဖြင့် ပြည့်နေကာ သက်ပြင်းချနေခဲ့၏။

"ကျွန်တော်မျိုးရဲ့ လက်အောက်ငယ်သား လေးယောက်ထဲမှာ တစ်ယောက်က ယက်ဇ်ဒီဂတ်ဒ်လို့ ခေါ်ပါတယ်။ သူက ပါရှားပြည်သားပါ။"

"ယက်ဇ်ဒီဂတ်ဒ်?"

လီလုန်ကျီးသည် ထိုနာမည်ကို ကြားသည်နှင့် အမူအရာတို့ ပြောင်းသွားတော့သည်။

"နာဆီယာနဲ့ ဘယ်လိုပတ်သက်လဲ။"

"အဖေပါ။"

အားထိုက်က ရှေ့တိုးလာပြီး လီလုန်ကျီးကို ဦးညွှတ်လိုက်သည်။ လီလုန်ကျီးသည် အားထိုက်ကို ခေတ္တမျှ စိုက်ကြည့်နေခဲ့ကာ တည်ငြိမ်စွာ ဆိုလေ၏။

"ပြန်လာပြီလား။"

အားထိုက်လည်း သက်ပြင်းတစ်ချက်ချကာ ပြုံးပြလိုက်သည်။

"ဟုတ်ကဲ့။ ထန်မင်းဆက်အတွက် အစွမ်းကုန်ကြိုးစားပေးဖို့ အသင့်ပါပဲ။"

လီလုန်ကျီး၏ အတွေးတို့သည် အမှတ်တရများထဲ ပျောက်ဆုံးသွားသကဲ့သို့ ငြိမ်သက်သွား၏။

လီကျင်လုံ: "တိုင်ဂရာက ဇိုရိုအက်ထရီယန်ဘာသာ ကိုးကွယ်ပြီး မီးအတတ်ပညာကို ကျွမ်းကျင်ပါတယ်။ မြေခွေးမိစ္ဆာတွေကို မီးရှို့ပေးရင်တော့ အောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်မှာပါ။"

ထိုသို့ကြားသောအခါ ယန်ယွိဟွမ်၊ ယန်ကော်ကျုံးနှင့် သခင်မကော်တို့အားလုံးသည် မခံစားနိုင်သော အမူအရာများ ပြသခဲ့ကြသော်ငြားလည်း လီလုန်ကျီးက ခါးသီးစွာ ပြောလေ၏။

"ရှို့ပစ်လိုက်!"

မြေခွေးမိစ္ဆာများသာ လူအများကို လှည့်စားပြီး အမတ်လောင်းများနေရာကို အစားထိုးနိုင်ခဲ့လျှင် ထန်မင်းဆက်၏ဂုဏ်သိက္ခာနှင့် ဧကရာဇ်ဂုဏ်သိက္ခာလည်း ဆုံးရှုံးသွားမည် ဖြစ်သည်။ သို့တင်မက တော်ဝင်စာမေးပွဲဟာလည်း ရယ်စရာကြီး ဖြစ်သွားလိမ့်မည်။

သူ ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ။

ထို့နောက် လီကျင်လုံက နောက်ပြန်ဆုတ်သွားပြီး မီးရှို့နိုင်ပြီဖြစ်ကြောင်း ညွှန်ပြရန် အားထိုက်ဘက်သို့ လက်ဟန်ပြခဲ့သည်။ ပြီးလျှင် ဟုန်ကျွင့်ဘက်ကိုလည်း တိုးတိုးလေး လှည့်ပြောလိုက်သေးသည်။

"မင်းမကြည့်ချင်ရင် ခဏလောက် ရှောင်နေလို့ရတယ်။"

ဟုန်ကျွင့်: "ကိစ္စမရှိပါဘူး။"

အားထိုက်က ရင်ပြင်ပေါ်တွင် ရပ်လျက် မန္တာန်အချို့ ရွတ်ဖတ်နေ၏။ နေဝင်ရီတရော မှောင်ရီပျိုးစအချိန်တွင် သူ့လက်ထဲရှိ လက်စွပ်ဆီမှ ထောင်ပေါင်းများစွာသော အနီရောင် မီးတောက်များ ပေါက်ကွဲထွက်သွားကာ မီးလျှံကြီးတစ်ခု ဝုန်းခနဲ တောက်လောင်သွားသည်။ တစ်ဆက်တည်း၌ပင် သူ့လက်ထဲတွင် ခေါက်ယပ်တောင်ကို လှုပ်ခါလိုက်ရာ မီးတောက်နှင့် လေပြင်းများ ပေါင်းစပ်သွားကာ လေဆင်နှာမောင်းအဖြစ် မြေခွေးမိစ္ဆာများဆီ ပြေးဝင်သွားတော့၏။

မီးလောင်ကျွမ်းသွားသောအခါတွင် မြေခွေးနှစ်ရာကျော်သည် ဝမ်းနည်းပူဆွေးသော ညည်းတွားသံများကို ထုတ်လွှတ်လိုက်လေသည်။ ဤတော့မှ ရုတ်ခြည်း လန့်နိုးလာကာ အသည်းအသန် ရုန်းကန်ကြသည်။ သို့သော် လုံးဝ မလွတ်နိုင်တော့ရုံမက ၎င်းတို့၏ အော်ဟစ်သံများက စက္ကန့်ပိုင်းအတွင်း တိတ်ဆိတ်သွားကာ ရင်ပြင်တစ်ခုလုံး ငြိမ်သက်သွားခဲ့၏။

မီးတောက်က ညှော်နံ့နှင့် အရိုးအက်ကွဲသံများကို သယ်ဆောင်လာကာ ကောင်းကင်အထက်သို့ လျှံတက်လာသည်။ မြေခွေးမိစ္ဆာအားလုံး သေဆုံးပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ကောင်းကင်သို့ တည့်တည့် ပစ်လွှတ်လိုက်သလို ထိုးတက်သွားခဲ့သည်။

လီလုန်ကျီးပင် တုန်တုန်ယင်ယင် ဖြစ်သွားလေရာ ကျောင်းဝင်းထဲရှိ လူတိုင်း၏ မျက်နှာအရောင်များလည်း တစ်ပြိုင်နက် အရောင်ပြောင်းသွားကြ၏။

ထိုစွမ်းအားက မြေခွေးမိစ္ဆာများထံမှ လွတ်မြောက်လာသော ဒေါသနှင့် ရန်လိုမှုများကဲ့သို့ပင်။ ၎င်းက ကောင်းကင်သို့ အဆက်မပြတ် ထိုးတက်သွားပြီး အဆုံးမရှိသော မီးတောက်များအဖြစ် ပြောင်းလဲသွားသည်။ လီကျင်လုံလည်း ဤသို့ ပြောင်းလဲသွားမည်ဟု မမျှော်လင့်ထားသောကြောင့် ချက်ချင်း ဟစ်အော်လိုက်လေ၏။

“အရှင်မင်းမြတ်ကို ကာကွယ်ကြ!"

ထိုအချိန်တွင် ဟုန်ကျွင့်လည်း ပေါက်ကွဲလုမတတ် ပြင်းထန်သော နာကြည်းမှုကို ခံစားလိုက်ရသည်။ ဝမ်းနည်းမှုနှင့် နာကြည်းမှုစသည့် စိတ်ခံစားမှုများစွာ ထွက်ပေါ်လာခဲ့သည်။ ထိုစဥ် လီကျင်လုံက ချက်ချင်းပင် သူ့ကိုလှမ်းဆွဲ၍ အနောက်၌ ကာကွယ်ပေးထားလိုက်၏။

သူ့ရှေ့မှာ လီကျင်လုံ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော နာကြည်းမှုများ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် အနက်ရောင် မီးတောက်များက ကောင်းကင်အထက်သို့ ပျံတက်သွား၏။ ၎င်းတို့က ဥက္ကာပျံများ ပြေးလွှားနေသည့်အလား ကောင်းကင်သို့ ထိုးတက်ကာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ယန်ယွိဟွမ် မျက်မှောင်ကြုတ်ပြီး :"ဒါက ဘာလဲ။"

မော့ရစ်ကန်း: "ကြင်ယာတော်ကို ပြန်လည်ဖြေကြားပါတယ်။ ဒါက လူသားတွေဆီကနေ မိစ္ဆာတွေ စုပ်ယူထားတဲ့ အနှစ်သာရနဲ့ အသွေးအသားကြောင့် ထွက်ပေါ်လာတဲ့ နာကြည်းမှုတွေပါ။ အခု မိစ္ဆာတွေကို သတ်လိုက်ပြီဆိုတော့ သူတို့အောက်မှာ သေဆုံးသွားတဲ့ စာသင်သားတွေရဲ့ ဝိညာဉ်တွေလည်း ကောင်းကင်သွေးပြန်ကြောတွေအထိ လွတ်မြောက်သွားပါပြီ။ စိတ်ပူစရာ မလိုတော့ပါဘူး။"

ထိုည၏ အမှောင်ထုအောက်မှာ မြေခွေးမိစ္ဆာတို့၏အလောင်းများ မီးလောင်ပြာကျသွားကာ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ တော်ဝင်ကျောင်းတော်ရင်ပြင်တွင် မည်သူမျှ စကားမပြောရဲကြဘဲ သုဿန်တစပြင်အလား တိတ်ဆိတ်နေ၏။ လူတိုင်း အတွေးကိုယ်စီဖြင့် တွေးတောနေကြသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment