no

Font
Theme

အပိုင်း (၂၅) - ငါးစာချခြင်း (၃)

လီကျင်လုံက မသိချင်ယောင်ဆောင်ကာ ဟုန်ကျွင့်အား လုံဝူစစ်တပ်သို့ ခေါ်သွားခဲ့သည်။ လုံဝူစစ်တပ်၏ အပြင်ဘက်နယ်မြေက အလွန်ကျယ်ပြောလှ၏။ ယခင်က ယွီချစ်ကျင်းသည် လီရှစ်မင်အတွက် ရွှမ်ကျားစစ်တပ်ကို တည်ထောင်ခဲ့ပြီး နှစ်တစ်ရာကျော် အပြောင်းအလဲများ ပြုလုပ်ပြီးနောက်တွင် "ရှန်ဝူ" နှင့် "လုံဝူ" ဟူ၍ ခွဲထုတ်လိုက်သည်။

လမ်းခရီးတွင် တစ်ဝက်ကို လော့ယန်သို့ ပြောင်းပြီးနောက် ကျန်တစ်ဝက်ကို ချန်အန်းသို့ ပြောင်းရွှေ့လိုက်သော်ငြားလည်း အလွန်အထင်ကြီးစရာ ကောင်းနေဆဲ ဖြစ်သည်။ စစ်သည်များ နံနက်ခင်းကွင်းပြင်ထဲ၌ လေ့ကျင့်နေကြသည့်အခိုက် မော့ရစ်ကန်း၊ အားထိုက်နှင့် ချိုယုံစစ်တို့က လှောင်အိမ်နှင့်အတူ ရောက်ရှိလာကြ၏။

လီကျင်လုံက ဟုန်ကျွင့်အား ၎င်းတို့နှင့်အတူ အပြင်တွင် စောင့်ခိုင်းခဲ့ပြီး ဟူရှန်းကိုတွေ့ရန် လှောင်အိမ်ကိုင်လျက် အထဲသို့ ဝင်သွားခဲ့သည်။

"ဟားဟား၊ လီကျင်လုံက မိစ္ဆာတစ်ကောင်ကို ဖမ်းမိသွားပြီတဲ့ ကြည့်စမ်း! မြေခွေးတစ်ကောင်တဲ့ ဟားဟားဟား။"

လုံဝူစစ်သည်များမှာ လီကျင်လုံက ရိုးရိုးမြေခွေးတစ်ကောင်ကို တစ်နေရာရာကနေ ဖမ်းဆီးလာခဲ့ပြီး သူ၏ ကြီးမားသောအောင်မြင်မှုများအတွက် အသိအမှတ်ပြုခံရစေရန် လှောင်အိမ်၌ မန္တာန်စာရွက်များကို ကပ်ထားခြင်းသက်သက်ဖြစ်လိမ့်မည်ဟု တွေးတောနေကြသည်ပင်။

"ငါတို့ရဲ့ ဌာနခေါင်းဆောင် လီကျင်လုံက သူ့လုပ်ဖော်ကိုင်ဖက်တွေကြားမှာ ရေပန်းစားခဲ့ပုံရတယ်နော်။"

အားထိုက်က ပြုံးပြလေသည်။ မော့ရစ်ကန်းကတော့ လီကျင်လုံ၏အခြေအနေကို အလွန်စိုးရိမ်နေသကဲ့သို့ လေးလေးနက်နက် မျက်မှောင်ကြုတ်ထား၏။

"သူ့လို ထက်မြက်တဲ့လူက နှစ်ဖက်စလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် နေရမယ်ဆိုတာ သိထားလောက်ပါတယ်။ တချို့အရာတွေကို ဘာလို့ နားမလည်နိုင်ရတာလဲ။"

ချိုယုံစစ်: "သေမျိုးတွေမှာလည်း သေမျိုးရဲ့ဒုက္ခတွေ ရှိတယ်လေ။ သူ့ရဲ့ပြဿနာကို သူ့ဘာသာ ဖြေရှင်းပြီးတဲ့အထိ စောင့်ရုံပဲရှိမှာ။"

ဟုန်ကျွင့်မှာ သူတို့ပြောနေသည့် စကားများကို နေ့တိုင်းလိုလို နားထောင်နေခဲ့သော်ငြား နားမလည်နိုင်သောကြောင့် စိတ်ရှုပ်ရှုပ်ဖြင့် ဖြတ်ပြောလိုက်တော့သည်။

“မင်းတို့ ဒီထက်ပိုရှင်းအောင် မပြောနိုင်ကြဘူးလား။”

သုံးယောက်သား ဟုန်ကျွင့်ကို လှည့်ကြည့်ကာ ထူးထူးဆန်းဆန်းကြီး ပြုံးပြလိုက်ကြသည်။

"မင်းသိတာနည်းလေလေ မင်းအတွက် စိုးရိမ်စရာနည်းလေလေပဲ။"

အားထိုက်က ဟုန်ကျွင့်ကို အလေးအနက်ထား ကြည့်ပြီး ဟုန်ကျွင့်၏မေးစေ့ကို အပြာရောင် ခေါက်ယပ်တောင်ဖြင့် ညင်သာစွာ ပင့်ယူရင်း စနောက်လိုဟန်ဖြင့် ပြုံးပြလိုက်သည်။

"အစ်ကိုတို့က မင်းကို စိတ်ပူနေလို့ပါ၊ ဟုတ်ပြီလား။"

"သူ့ကို လျစ်လျူရှုထားလိုက်!"

မော့ရစ်ကန်းသည် ဟုန်ကျွင့်၏ပခုံးများကို လှမ်းဆွဲကာ သူ့ဘေးသို့ ဆွဲခေါ်ထားလိုက်သည်။

ချိုယုံစစ်: "မော့ရစ်ကန်း။ မင်း ဒီလိုလုပ်တာ မှားတယ်နော်။ မင်းတကယ်ကြီး ဌာနခေါင်းဆောင်ဆီကနေ တစ်ယောက်ယောက်ကို လုယူချင်နေတာလား။"

မော့ရစ်ကန်းက ရယ်မောလိုက်သည်။

"သူက ငါ့ညီလေးနဲ့တူလို့လေ။ ဘာဖြစ်လို့လဲ။"

"မင်းမှာ ညီလေးတစ်ယောက် ရှိသေးတာလား။"

ဟုန်ကျွင့်က အံ့သြစွာဖြင့် မေးလိုက်သည်။

"ငါ့မှာ ညီ လေးယောက်နဲ့ ညီမ နှစ်ယောက်ရှိတယ်။"

ဟုန်ကျွင့်သည် မော့ရစ်ကန်းက မိသားစုထဲ၌ အကြီးဆုံး ဖြစ်လိမ့်မည်ဟု တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။

အားထိုက်က မေးလာ၏။

"ဒီမနက်တုန်းက ဘာဖြစ်ခဲ့တာလဲ။"

ဟုန်ကျွင့်က ခဏလောက် စဉ်းစားပြီးမှ မနက်က အဖြစ်အပျက်ကို အတိုချုပ်၍ ပြောပြလိုက်သည်။ ထိုအချိန်တွင် လုံဝူစစ်တပ်မှ စစ်သည်များက အော်ဟစ်လာ၏။

"ဟေး အားနည်းတဲ့လူတွေ! ဓားတွေ၊ လှံတွေက မျက်စိမပါဘူးနော်။ လေ့ကျင့်ရေးကွင်းမှာ ရပ်မနေနဲ့။ ထွက်သွား၊ ထွက်သွား!"

ဟုန်ကျွင့်မှာ ချန်အန်းသို့ ရောက်ရှိလာပြီးနောက်ပိုင်း ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားသည်။ အားထိုက်က သေသေချာချာ ဝတ်ဆင်ထားသောကြောင့် လူချမ်းသာတစ်ယောက် အသွင်ဖြစ်ပြီး မော့ရစ်ကန်းက မုဆိုးတစ်ဦးဖြစ်ကာ ချိုယုံစစ်ကလည်း စာသင်သားဟန်ပန်နှင့်ပင်။

ဤလူလေးယောက် အတူတူရပ်နေပုံမှာ မည်သို့ပင်ကြည့်ကြည့် အလွန်ပင် ထူးဆန်းလှ၏။ ထိုစကားကို ကြားပြီးနောက် စစ်သားအချို့မှာ အနည်းငယ် နောက်ဆုတ်သွားသော်ငြား ကျန်အဖွဲ့သားများကတော့ ရယ်မောကာ လှောင်ပြောင်ကြ၏။

"လီကျင်လုံရဲ့ ထူးဆန်းတဲ့ နောက်လိုက်တွေပဲ။"

ဤစကားများက ရည်ရွယ်ချက်ရှိရှိဖြင့် ဟာသလုပ်နေသောကြောင့် ဟုန်ကျွင့်၏မျက်လုံးလေးများက ဒေါသအရိပ်များဖြင့် တင်းမာသွားကာ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သော်လည်း မော့ရစ်ကန်းက သူ့ပခုံးကို ပြန်ဆွဲထားလိုက်သည်။

ချိုယုံစစ်: "မင်းတို့နှစ်ယောက် ဘာလုပ်ကြမလို့လဲ။ ကိုယ့်ကိစ္စကိုယ်သာ ဂရုစိုက်ကြ။"

မော့ရစ်ကန်း ဘာမှပြန်မပြောဘဲ ကြေးဒင်္ဂါးတစ်ပြားကို ထုတ်ပြီး အားထိုက်ဆီကို ပစ်ချလိုက်သည်။ အားထိုက်တစ်ယောက် အံ့သြနေစဥ် မော့ရစ်ကန်းက သူ့လက်နက်ကို ကောက်ကိုင်လိုက်ပြီး လေးရှည်ကိုဆွဲကာ မြှားသုံးချောင်းကို ဆွဲထုတ်ကာ အလယ်တည့်တည်သို့ ပစ်ခွင်းလိုက်လေ၏။

...

ထိုအချိန်တွင် မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို လီကျင်လုံက တင်ပြပြီးသွားပြီးနောက် ဟူရှန်း၏မျက်နှာက တုန်လှုပ်ချောက်ချားကာ တဆတ်ဆတ် တုန်သွားလေသည်။

"မင်း၊ မင်း၊ ဒီစကားက တကယ်!"

ဟူရှန်းဆီက ထိတ်လန့်နေသော အသံထွက်လာ၏။

လီကျင်လုံ: "မင်းကို လှည့်ဖြားဖို့ ငါ မနေ့ညကသက်သေတွေနဲ့ ပူးပေါင်းခဲ့တာ ဖြစ်နိုင်ပါ့မလား။"

ဟူရှန်း: "ဒါပေမဲ့ ဒါက မယုံနိုင်စရာ ကောင်းလွန်းတယ်! ဒီမြေခွေးက ယီရှီးလန်မျှော်စင်ထဲက မိန်းကလေးတစ်ယောက်လို့ ပြောနေတာလား။"

"အဲဒါက မြေခွေးမိစ္ဆာ!!"

လီကျင်လုံ အေးစက်စွာ အော်ပြောလိုက်၏။

"မင်း ခဏခဏ သွားတွေ့နေတတ်တဲ့ ကျင့်ယွင်ပဲ!"

"အဓိပ္ပာယ်မရှိတာ! လီကျင်လုံ မင်း..."

လီကျင်လုံ: "ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဒီမိစ္ဆာကို မင်းဆီ ငါလွှဲပေးလိုက်ပြီ။ ယီရှီးလန်မျှော်စင်က မိန်းကလေးသုံးယောက် ပျောက်ကွယ်သွားခဲ့တယ်ဆိုတာကို သိသွားကြတဲ့အချိန်ကျရင် တရားရေးစီရင်ရေးဌာနက မင်းရဲ့တံခါးကို လာရောက်ခေါက်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့မှာပါ။"

ဟူရှန်းလည်း အလွန်ဆိုးရွားသော ပြဿနာတစ်ခုကို ရုတ်ခြည်း သတိပြုမိလိုက်သည်။ သူက ကျင့်ယွင်နှင့် ဆက်ဆံရေးကို ထုတ်မပြောဖူးသော်လည်း ယီရှီးလန်မျှော်စင်မှ အိမ်တော်ထိန်း၊ အစေခံများနှင့် အခြားသော အမျိုးသမီးငယ်များက သူ့ကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးကြသည်။

သာမန်စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရုံမျှဖြင့် သူတို့အကြားက ဆက်နွှယ်မှုကို သေချာပေါက် ဖော်ထုတ်နိုင်လိမ့်မည်။

လီကျင်လုံက သူ့ကို မည်သည့်ဘက်ကိုမှ လှည့်လို့မရသော ထောင်ချောက်တစ်ခုအတွင်းသို့ အတင်းအကျပ် ပိတ်ဆို့လိုက်ခြင်း ဖြစ်ပေသည်။

"ကောင်းပြီ၊ ဒုတပ်မှူးလီ။ အရင်က ငါ မင်းကို တကယ် လျှော့တွက်ခဲ့မိတာပဲ။"

ဟူရှန်းက ပြောပြီးနောက် သူ၏မျက်လုံးများသည် မရေမတွက်နိုင်သော အတွေးများနှင့်အတူ မြေခွေးဆီသို့ လှည့်သွားခဲ့သည်။ လီကျင်လုံ မည်သည့်အစီအစဉ်ကို ကြံစည်နေမှန်း သူ မသိသော်လည်း၊ ကျင့်ယွင် ပျောက်ကွယ်သွားခဲ့သည်မှာ ငြင်းပယ်လို့မရသော အမှန်တရားတစ်ခုဖြစ်ပေသည်။ အကယ်၍ တရားစီရင်ရေးဌာနက လာရောက်စုံစမ်းမည်ဆိုပါက ၎င်းတို့သည် သူ၏အမှားများကို ဝန်မခံမချင်း သူ့နောက် ထက်ကြပ်မကွာ လိုက်လံနှောင့်ယှက်ကြလိမ့်မည်။

သူ(မ)သာ အမှန်ပင် မိစ္ဆာတစ်ကောင်ဖြစ်နေပါက တရားစီရင်ရေးဌာနရှေ့၌ မြေခွေးကိုသတ်ပစ်လျှင် သူက လီကျင်လုံကို မိစ္ဆာဖမ်းရန် ကူညီပေးနေကြောင်း ရှင်းပြနိုင်သည်။ သို့ဖြစ်ပါက သူ့အနေဖြင့် ပြည့်တန်ဆာအိမ်သွားသည့် အရာရှိဟူသော ရာဇဝတ်မှုကို ရှင်းလင်းနိုင်လေပြီ။

"ကောင်းပြီ။ တကယ်လို့ တရားစီရင်ရေးဌာနက ငါ့ဆီလာခဲ့ရင် ငါ ရှင်းပြလိုက်မယ်။ ဒါပေမဲ့ သူတို့က မင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံမေးမြန်းဖို့ မျှော်လင့်နေကြတုန်းပဲ ဖြစ်လိမ့်မယ်။"

လီကျင်လုံ: "စုံစမ်းစစ်ဆေးမှုကို စတင်ဖို့ စောင့်နေပါ့မယ်။"

ထိုအချိန်တွင် အပြင်ဘက်တွင် နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာရာ လီကျင်လုံ မျက်မှောင်ကြုတ်သွားသည်။ ဟူရှန်းက ပြတင်းပေါက်ဘက်သို့ သွားကြည့်လေ၏။

"မင်း ဒီကို မင်းလူတွေပါ ခေါ်လာတာလား။"

လီကျင်လုံလည်း တံခါးကို ကမန်းကတန်းဖွင့်ပြီး အမြန်လျှောက်သွားလိုက်သည်။ ထိုအခိုက် ကွင်းထဲမှာ လူများ စည်ကားနေလေပြီ။

လေးပစ်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နေသော မော့ရစ်ကန်း၏ မြားပစ်စွမ်းရည်ကြောင့် လုံဝူစစ်တပ်တစ်ခုလုံး ငြိမ်သက်သွား၏။

မြားသုံးစင်းကို ပစ်ပြီးနောက် မော့ရစ်ကန်းက နောက်ထပ်သုံးစင်းကို ရွေးချယ်လိုက်သည်။

သူက အားထိုက်ကို အချက်ပြလိုက်ပြီးနောက် လူအုပ်ကြီးကို လှမ်း၍ အော်ဟစ်လိုက်တော့သည်။

"ငြိမ်နေတဲ့ပစ်မှတ်ကို ပစ်ရတာက ပျော်စရာမကောင်းဘူး။ ငါတို့ရဲ့ အငယ်ဆုံးအဖွဲ့ဝင်ကို နည်းနည်းလောက် ကူညီခိုင်းလိုက်ရမလား။"

အားထိုက်လည်း သူ့လက်ထဲမှာ ခေါက်ယပ်တောင်ကို ကိုင်ထား၏။ ထို့နောက် ယပ်တောင်ပေါ်က ကြေးဒင်္ဂါးပြားအား လေပေါ် ပစ်တင်လိုက်သည်။

"သွား!"

ကြေးနီဒင်္ဂါးပြားလေး လေထဲသို့ လွင့်ပျံသွားစဥ် ဟုန်ကျွင့်တစ်ယောက် ရုတ်ခြည်းနားလည်သွားကာ သူ့လက်ထဲက ဓားပျံကိုလည်း ပစ်လွှတ်လိုက်၏။ ဓားပျံက ကြေးနီဒင်္ဂါးပြားကို ထင်းခနဲအသံဖြင့် ထိမှန်သွားခိုက် ဒင်္ဂါးပြားက နေရောင်အောက်တွင် ပြိုးပြိုးပြက်ပြက် အလင်းစတို့ဖြင့် ပျံသန်းသွားလေသည်။

ဒုခေါင်းဆောင်က မြားတစ်စင်းကို အသင့်ပြင်ထားခဲ့ပြီး မော့ရစ်ကန်းအနေဖြင့် သူတို့ကို ထိုကြေးပြားအား ပစ်ခတ်ခိုင်းရန် ရည်ရွယ်ထားကြောင်း ခန့်မှန်းမိသော်လည်း၊ သူ့မှာ ၎င်း၏ ပျံသန်းသည့်လမ်းကြောင်းကို သေချာမလိုက်နိုင်ခဲ့ပေ။ သူ၏လက်များက သူ၏လေးကို တည်ငြိမ်အောင် ထိန်းသိမ်းရန် ကြိုးစားရင်း တုန်ယင်နေခဲ့သည်။

ဟုန်ကျွင့်က နောက်ထပ်ဓားပျံတစ်စင်းကို ထပ်ပြီးပစ်လွှတ်လိုက်ရာ ၎င်းက ပထမဆုံးအနေဖြင့် ကွင်းပြင်၏ ဆန့်ကျင်ဘက်တွင်ရှိနေသော အဆောက်အအုံတစ်ခု၏ အမိုးအုတ်ကြွပ်ကို ထိမှန်သွားခဲ့ပြီး ထိုနေရာမှတစ်ဆင့် လမ်းကြောင်းပြောင်းကာ အနှီကြေးပြားကို နားကွဲလုနီးပါး ပြင်းထန်လှသော အသံတစ်ခုဖြင့် ထပ်မံထိမှန်လိုက်ပြန်သည်။

"မင်းအလှည့်ရောက်ပြီ။"

ဟုန်ကျွင့်က ဓားပျံကို ပြန်ဆွဲယူရန် သူ့လက်ကို မြှောက်ပြီး ပြုံးပြလိုက်သည်။

မော့ရစ်ကန်းက သူ၏လေးရှည်ကို အသင့်ဆွဲထားပြီးသားပင်။ ဒုခေါင်းဆောင်ခမျာ လေးညှို့ကို ကွေးထားသော်လည်း ချွေးစက်များက ရေစီးကြောင်းအလား နဖူးပေါ်မှ တသွင်သွင် စီးကျလာနေကြသည်။ သူက ကြေးနီဒင်္ဂါးကို ကြည့်ကာ ခေါင်းကိုမော့လိုက်သော်ငြား ၎င်းတို့က သူ၏မျက်လုံးထဲ၌ အနက်ရောင် အစက်လေးပမာ ဖြစ်သွားခဲ့၏။

ထိုစဥ် မော့ရစ်ကန်းဆီမှ အပြုံးတစ်ပွင့် ပေါ်ထွက်လာပြီး လေးကြိုးကိုလွှတ်မည်အပြု မြားတစ်စင်းက သူ့နံဘေးမှ ဖြတ်သန်းသွားကာ ကြေးနီဒင်္ဂါး၏ လေးထောင့်အပေါက်လေးထဲသို့ ပစ်သွင်းလိုက်သည်။ ကြေးနီဒင်္ဂါးပြား၏ အလယ်တည့်တည့်တွင် "ထန်း" ဟူသော အသံလေးတစ်သံ မြည်သွားကာ လေ့ကျင့်ရေးကွင်း၏ထောင့်၌ ခိုင်မြဲစွာ ထိုးစိုက်သွား၏။

ကွင်းထဲရှိ ထောင်ချီသောစစ်သည်များသည် တစ်ချိန်တည်း လှည့်ကြည့်လိုက်ရာ လီကျင်လုံက လုံဝူစစ်တပ်၏ မြင့်မားသောနေရာတွင် ဟူရှန်းနှင့် ဘေးချင်းကပ်ရပ်လျက် လေးရှည်ကိုင်ထားသည်အား တွေ့လိုက်ရသည်။

လီကျင်လုံ: "သွားကြရအောင်! မင်းတို့ရဲ့ အစွမ်းသတ္တိကိုပြပြီး ဒီမှာ အပြင်းအထန် တိုက်ခိုက်နေရအောင် ဘာစိတ်ဝင်စားဖို့ ကောင်းလို့လဲ။ "

ထို့နောက် အနှီလက်အောက်ငယ်သားများက ၎င်းတို့၏လက်နက်များကို ရုပ်သိမ်းကာ လီကျင်လုံနောက်သို့ လိုက်သွားခဲ့ကြသည်။ လီကျင်လုံ၏အမူအရာမှာ မရေမရာဖြစ်နေကာ တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့သည်။ ယင်းကြောင့် ဟုန်ကျွင့်လည်း စိတ်မသက်မသာဖြစ်လာ၏။

နတ်ဆိုးနှင်ဌာနသို့ ပြန်ရောက်သောအခါ လီကျင်လုံက သူ၏လက်အောက်ငယ်သားများအား ထပ်မံပြောဆိုခဲ့သည်။

"မင်းတို့က နတ်ဆိုးနှင်သူတွေလေ။ မင်းတို့ရဲ့အရည်အချင်းတွေက သာမန်လူတွေထက် သာလွန်နေပြီးသား။ သူတို့ကို အနိုင်ယူရတာ ဂုဏ်ယူစရာ ကောင်းလို့လား။"

သို့ဖြင့် လူတိုင်း ရှက်ရွံ့သွားကြ၏။

'ငါတို့က မင်းအတွက် လက်စားချေပေးဖို့ ကြိုးစားနေတာလေ၊ မင်းက ကျေးဇူးတောင် မတင်ဘူး။'

လူစုခွဲမည့်အခိုက်၌ လီကျင်လုံက ဆက်ပြောလာလေသည်။

"ဒီနေ့ညကစပြီး ငါတို့ လုံဝူတပ်စခန်းကို ချောင်းမြောင်းပြီး ငါးကြီးတွေကို ချုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ကြမယ်။"

"ကောင်းပြီ။"

"အမိန့်အတိုင်းပါ။"

ချိုယုံစစ်က မျက်တောင်ခတ်ပြပြီး 'ကြည့်ထားလိုက်' ဟူသည့် အမူအရာမျိုး လုပ်ပြလိုက်ရာ ဟုန်ကျွင့်လည်း ခေါင်းကုတ်ကာ ရယ်လိုက်တော့သည်။

ညဘက်ရောက်သောအခါ မှောင်မိုက်သော တိမ်တိုက်များက တဖြည်းဖြည်း ဖုံးလွှမ်းလာ၏။

လီကျင်လုံက တစ်နေ့တာ၏ စုံစမ်းမှုရလဒ်များအကြောင်း လူတိုင်းကို အသိပေးပြီးနောက် လုံဝူစစ်တပ်ဆီသို့ တိတ်တဆိတ် ထွက်ခွာလာခဲ့လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment