အပိုင်း (၄၃)- ကရုဏာနှလုံးသား (၂)
"မရှိဘူးလား။"
"ဟုတ်တယ် မရှိဘူး။"
ဟုန်ကျွင့်က လေးလေးနက်နက်ပြောလိုက်သည်။
"ထာဝရ တည်ရှိနေတဲ့ အရာကို ဇွတ်ပြချင်နေတယ်ဆိုရင်တော့ ခင်ဗျားတို့ခေါင်းပေါ်က ကောင်းကင်နဲ့မြေကြီးပဲရှိတယ်။"
ဟုန်ကျွင့်က သူ၏လက်ဖက်ရည် ပန်းကန်ကို ရွှေ့လိုက်ပြီး လီလုန်ကျီးနှင့် ယန်ယွိဟွမ်တို့အား နန်းတော်အပြင်ဘက်က ကြယ်ရောင်များဖြင့် လှပလျက်ရှိသည့် ဆောင်းဦးည၏ ကောင်းကင်ကို မော့ကြည့်ရန် လှုံ့ဆော်ပေးလိုက်သည်။
"'ကောင်းကင်နဲ့မြေကြီးက အသက်ရှည်တယ်၊ ကိုယ့်အတွက် အသက်ရှင်နေတာ မဟုတ်လို့ ထာဝရအသက်ရှင်နိုင်တာ။' အဓိပ္ပာယ်က ကိုယ့်ဘဝအတွက်ကြောင့် အသက်ရှင်နေတာ မဟုတ်မှ ထာဝရအသက်ရှင်နိုင်မယ်။ ဒါပေမဲ့ သက်ရှိတွေရဲ့ အသက်ရှည်ဆေးက ကိုယ့်အတွက်ကိုယ်ချည်းပဲ။ အဲဒါကြောင့် လောကကြီးထဲမှာ မသေနိုင်တဲ့အရာဆိုတာ မရှိဘူး။"
ထိုအချိန်တွင် လီကျင်လုံမှာ တစ်စုံတစ်ခုကို ခံစားလိုက်ရလေ၏။ လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် လက်ရှိဟုန်ကျွင့်သည် အရှင်မင်းမြတ်သာမက ကြင်ယာတော်အပါအဝင် ကောင်းကင်နှင့်မြေကြီး၏ နတ်ဘုရားများကိုတောင် ကြောက်ရွံ့ခြင်းမရှိသည့်အတိုင်း သူ၏အမူအရာက ထင်ရှားပြတ်သားလွန်းလှသဖြင့် လူကို နှလုံးခုန်မြန်လာစေသည်။
ဟုန်ကျွင့် သူ၏အကြည့်များကို ကောင်းကင်ဆီမှ ပြန်ရုတ်သိမ်းလိုက်ပြီး လီလုန်ကျီးနှင့် ယန်ယွိဟွမ်ကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။
"ဒါပေမဲ့ တစ်ခါတလေ လူဝင်စားတာက မသေနိုင်တဲ့ဘဝလို့ ခံစားရတယ်။ တစ်ခါတလေ နိဗ္ဗာန်ဆိုတာ မသေနိုင်တဲ့ အမျိုးအစားတစ်ခုပဲတဲ့။ ဒီဘဝမှာ ထွက်သွားတဲ့သူတွေက နောက်ဘဝမှာ မဆုံစည်းနိုင်တော့တာလည်း ဖြစ်လာနိုင်တယ်။ ဒီလောကမှာ ထာဝရတည်မြဲတဲ့အရာဆိုတာ မရှိဘူး။ အရာအားလုံးက ကံကြမ္မာအလိုကျပဲ။"
"ဒါဆို လူတွေကို အသက်ပိုရှည်စေနိုင်တဲ့ ဆေးရှိလား။"
ယန်ယွိဟွမ်က တိုးတိုးလေး မေးလိုက်၏။ ထိုအခိုက် လီလုန်ကျီးလည်း ယန်ယွိဟွမ်လက်ကို ဆုပ်ကိုင်လိုက်လေသည်။ သူ(မ) ဤမေးခွန်းကို မေးပြီးသည့်အခါ လီလုန်ကျီးကို မနေနိုင်စွာ မော့ကြည့်လိုက်သည်။
ဟုန်ကျွင့်: "အသက်ရှင်ရတာ ရိုးရှင်းလေ ကောင်းကင်မြေကြီးနဲ့ ပိုနီးလေပဲ။ အသက်လည်း ပိုရှည်လေပဲ။"
လီလုန်ကျီးက ရယ်ပြီး: "ထားလိုက်ပါတော့။ အဲဒါကို မတွေးချင်တော့ဘူး။ ခုန်ဟုန်ကျွင့်၊ မင်းက ဝိညာဉ်အသိရှိတဲ့ ကလေးပဲ။"
ယန်ယွိဟွမ်ကလည်း သက်ပြင်းချလိုက်၏။
"အရှင့်ရဲ့ဘုန်းအာနုဘော်ကိုသာ အနှစ်တစ်ထောင်အထိ သက်တမ်းတိုးနိုင်မယ်ဆိုရင်၊ မိစ္ဆာဖြစ်လာအောင် လေ့ကျင့်ပြီး အရှင့်ရဲ့အသက်ကို ကယ်တင်နိုင််မယ်ဆိုရင် ကျွန်တော်မျိုးမ ကျေကျေနပ်နပ်ကြီး လုပ်မှာ။"
"လူသားအဖြစ်မွေးဖွားလာတဲ့ သေမျိုးလူသားတွေက မသိနားမလည်တဲ့ မိစ္ဆာတွေထက် အများကြီးသာတယ်။"
ဟုန်ကျွင့်က ဝင်ဆိုလေ၏။
“ကြိုးကြာငှက်တွေက နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ပြီး လိပ်တွေက နှစ်သောင်းနဲ့ချီပြီး နေထိုင်ကြတယ်တဲ့။ ကမ္ဘာပေါ်က သတ္တဝါတိုင်းမှာ သူတို့ရဲ့ ကံကြမ္မာကိုယ်စီ ရှိကြတယ်။ အတင်းလုပ်ယူလို့ မရဘူး။"
လီကျင်လုံ: "ကျွန်တော်မျိုးကတော့ လူတွေက လိပ်တွေနဲ့ နေရာလဲပြီး ရွှံ့ထဲမှာ တစ်နေကုန် တွားသွားချင်မှာမဟုတ်ဘူးလို့ ထင်မိပါတယ်။"
ထိုအခါ လီလုန်ကျီးနှင့် ယန်ယွိဟွမ်တို့ နှစ်ယောက်လုံး ရယ်မောလိုက်ကြပြီး လီလုန်ကျီးက သူ့ကိုယ်သူ ပြောနေသလိုမျိုး ခေါင်းညိတ်လိုက်၏။
"ဒါအမှန်ပဲ။"
ဟုန်ကျွင့်က ရုတ်တရက် တစ်ခုခုကို သတိရသွားသကဲ့သို့ ထပြောလာသည်။
"အသက်ရှည်ဖို့တော့ နည်းလမ်းရှိမယ် ထင်တယ်။"
"ဘာလဲ!"
သုံးယောက်သား တစ်ပြိုင်နက် တုန်လှုပ်ချောက်ချားစွာ လှည့်မေးလိုက်သည်။
"ဗုဒ္ဓဖြစ်သွားတာလေ။"
လီကျင်လုံ: "ကောင်းပြီ ကောင်းပြီ။ အရမ်းစိတ်မလှုပ်ရှားကြပါနဲ့။"
လီလုန်ကျီးနှင့် ယန်ယွိဟွမ်တို့မှာ ကိုယ့်နဖူးကိုယ်ထိရင်း အခက်တွေ့သွား၏။
ဟုန်ကျွင့်: "သက်ရှိသတ္တဝါအားလုံးမှာ ဗုဒ္ဓသဘာဝရှိတယ်။ ဖြူစင် မြင့်မြတ်တဲ့ စိတ်ထားနဲ့ သတ္တဝါအားလုံးကို ကယ်တင်တာက ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာပဲတဲ့။"
ယန်ယွိဟွမ်: "မင်းက ဉာဏ်ရည်ထက်မြတ်တဲ့ ကလေးတစ်ယောက်ပဲ။ မင်း 'ဗုဒ္ဓဖြစ်တာ' လို့ ပြောလိုက်တုန်းက ရုတ်တရက် လူတစ်ယောက်ကို တွေးမိသွားတယ်။"
ဟုန်ကျွင့်က ပြုံးလိုက်သည်။
"ဘယ်သူလဲ။"
ယန်ယွိဟွမ်က ဟုန်ကျွင့်ကို အပြုံးတစ်ခုဖြင့် ကြည့်နေရာမှ ရုတ်တရက် သူ(မ)၏ အမူအရာတို့က ပြောင်းလဲသွားကာ တစ်စုံတစ်ခုကို မှတ်မိရန် ကြိုးစားနေသကဲ့သို့ မျက်ခုံးများလည်း အနည်းငယ် တွန့်ချိုးသွားသည်။
"ငါ မင်းကို မြင်ဖူးသလို ခံစားနေရတယ်။"
"ကျွန်တော်တို့ ရေစက်ရှိလို့များလား။"
"အင်း၊ အဲဒီနေ့တုန်းက မင်းကို ပထမဆုံးတွေ့ဖူးတာ။"
ယန်ယွိဟွမ်က မျက်ခုံးမွှေးများကို ပွတ်သပ်ရင်း ဆိုသည်။
"မင်းပြုံးလိုက်တော့ မင်းရဲ့အပြုံးကို အရမ်းရင်းနှီးတယ်လို့ ခံစားနေရတယ်။ ဒါပေမဲ့ ငါအရင်က ဘယ်နေရာမှာ မြင်ဖူးလဲဆိုတာ မမှတ်မိတော့ဘူး။"
လီလုန်ကျီး: "ကောင်းပါပြီ ထားလိုက်ကြရအောင်။ ငါတို့ဒီနေ့ ပြဿနာတွေလည်း လုံလုံလောက်လောက် ကြုံခဲ့ရပြီးပြီ။ စောစောပြန်ပြီး အနားယူလိုက်ပါ။ ကျင်လုံ မင်းအချိန်ရရင် မင်းညီငယ်လေးကို ကမ္ဘာကြီးရဲ့ နက်နဲမှုတွေအကြောင်း ပြောပြဖို့ ခေါ်လာခဲ့။"
လီကျင်လုံလည်း သူတို့ အိပ်ရာဝင်တော့မည် ဖြစ်ကြောင်း သဘောပေါက်သောကြောင့် ဟုန်ကျွင့်ကို အလျင်အမြန် ခေါ်ကာ ထွက်သွားရန်ပြင်လိုက်သည်။
"ဟုန်ကျွင့် ဒီကိုလာခဲ့။"
"မင်း နောက်ထပ် သားတစ်ယောက် မွေးစားမလို့လား။"
လီလုန်ကျီးက ပြုံး၍မေးလေ၏။
ယန်ယွိဟွမ်ကလည်း ပြုံးပြီး သရေစာများကို ယူကာ ဟုန်ကျွင့်စားဖို့ သီးသန့် လက်ဆောင်ပေးလိုက်သည်။ ဟုန်ကျွင့်လည်း ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကား ဆိုခဲ့၏။
"ဒီကလေးက အရမ်းလှတယ်။ ကျွန်မအစ်ကိုမှာ ကလေးတွေ အများကြီးရှိပေမဲ့ သူ့လောက် ဉာဏ်မကောင်းကြဘူး။"
...
ငါးလပိုင်း၏ ညသန်းခေါင်ယံအချိန်တွင် လီကျင်လုံနှင့် ဟုန်ကျွင့်တို့သည် နန်းတော်ထဲမှ ထွက်ခွာခဲ့ကြသည်။ လီကျင်လုံက လက်တစ်ဖက်၌ မြေခွေးလေးကို ထည့်ထားသော လှောင်အိမ်လေးကို သယ်ဆောင်ကာ လမ်းမကြီးတစ်လျှောက် ဖြည်းဖြည်းချင်း လျှောက်လာ၏။
ထိုအခိုက်တွင် ဟုန်ကျွင့်သည် လမ်းဘေးက သစ်ရွက်တစ်ရွက်ကို ခူပြီး လက်ချောင်းများကြား ကစားနေရင်း မေးလိုက်သည်။
"ဒီနေ့ ကျွန်တော်တစ်ခုခု မှားပြောမိသွားလား။"
"မမှားဘူး။"
လီကျင်လုံ သူ၏နှုတ်ခမ်းထောင့်ကို အနည်းငယ် ပင့်တင်လိုက်၏။
"မင်းလုပ်သွားတာ မဆိုးဘူး။ တဖြည်းဖြည်းနဲ့ ထက်မြက်လာပြီ။"
သူသည် ဟုန်ကျွင့်က လျင်မြန်စွာ သင်ယူတတ်မြောက်နိုင်ကြောင်း ခံစားရသည်။ သူ နတ်ဆိုးနှင်ဌာနသို့ စတင်ဝင်ရောက်ချိန်နှင့် နှိုင်းယှဉ်ပါက ယခုအခါ ချန်အန်း၏နေထိုင်မှုပုံစံနှင့် လိုက်လျောညီထွေ ဖြစ်နေပြီဖြစ်သည်။
"ကျွန်တော်က အရမ်းတုံးတာ။"
ဟုန်ကျွင့်က ရှက်ရွံ့စွာပြောပြသည်။
"ခင်ဗျားတို့စကားထဲမှာ အဓိပ္ပာယ်တစ်ခုခု ရှိနေတယ်ဆိုတာတောင် ဘယ်တုန်းကမှ မသိတတ်ခဲ့ဘူး။"
တကယ်တော့ ဟုန်ကျွင့်က ဤအမှုကို ဘုမသိဘမသိဖြင့် လိုက်လံစုံစမ်းခဲ့ရ၏။ ပြီးမှသာ အလှည့်အပြောင်းများကို တဖြည်းဖြည်း နားလည်သွားသည်။ လီကျင်လုံ၊ မော့ရစ်ကန်း၊ အားထိုက်နှင့် ချိုယုံစစ်တို့မှာ တစ်စုံတစ်ခုကို တိတ်တဆိတ် နားလည်နေပုံရသော်ငြားလည်း သူတစ်ယောက်တည်း သူတို့နောက်ကို ငတုံးလေးပမာ လိုက်ခဲ့ရသည်။
"သူတို့အားလုံးက ထက်မြတ်တဲ့လူတွေ။"
လီကျင်လုံက အပြုံးတစ်ပွင့်ဖြင့် ပြန်ပြော၏။
"မင်း နားမလည်တာ ပုံမှန်ပါပဲ။"
ဟုန်ကျွင့် ချာခနဲ လှည့်ကြည့်လိုက်သည်နှင့် လီကျင်လုံက ချက်ချင်း အပြုံးကို ပယ်ဖျောက်လိုက်သည်။
"ဆက်ပြုံးနေပါဦး၊ အရမ်း ကြည့်ကောင်းတာကို။ ဒီသခင်လေးအတွက် ပြုံးပြပါလား!"
လီကျင်လုံမှာ သူ၏နဖူးမှ အပြာရောင်သွေးပြန်ကြောများ ပေါက်ထွက်တော့မည့်အလား ခံစားလာရသည်။
"ဒါကို မင်းဘယ်ကနေ သင်လာတာလဲ။"
ဟုန်ကျွင့်က လီကျင်လုံ ပြုံးနေသည့်အခါ အတော်လေးကြည့်ကောင်းသည်ဟု ခံစားမိသည်။ တစ်ဖက်လူ လေးလေးနက်နက် ပြုမူပြီး ပြုံးမပြသောအခါ တည်ငြိမ်အေးဆေးသည့် စစ်သူကြီးတစ်ယောက်အတိုင်းပင်။ သို့သော် ပြုံးလိုက်ချိန်တွင်တော့ လူအများကို ရင်းနှီးကျွမ်းဝင်သကဲ့သို့ ခံစားရစေ၏။
"ငါမင်းကို စမ်းသပ်ကြည့်မယ်။ အခု ငါတို့ ဘယ်သွားနေတယ်လို့ ထင်လဲ။"
လီကျင်လုံ လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။
ဟုန်ကျွင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ဤသည်မှာ နတ်ဆိုးနှင်ဌာနသို့ ပြန်သည့်လမ်းမဟုတ်ကြောင်း တွေ့လိုက်ရ၏။
သူက ခေါင်းကုတ်လိုက်သည်။
"အရမ်းနောက်ကျနေပြီ။ ခင်ဗျား ဘယ်သွားချင်နေတာလဲ။"
သို့နှင့် နှစ်ယောက်သား နောက်ဖေးလမ်းကြားတစ်ခုသို့ ရောက်ရှိလာခဲ့သည်။ လီကျင်လုံက လှောင်အိမ်အား ဟုန်ကျွင့်ထံ လွှဲပေးကာ နံရံကိုခုန်ကျော်၍ ခြံအနောက်ဘက်ကို ခုန်ဆင်းသွားခဲ့သည်။
"တခြားအမှုကိစ္စ ရှိသေးတာလား။"
ဟုန်ကျွင့် အံ့သြစွာ ပြောလိုက်၏။
အတွင်းမှ တုံ့ပြန်မှုမရှိချေ။ ခဏကြာသော် လီကျင်လုံတစ်ယောက် အနောက်တံခါးကိုဖွင့်ပြီး မြင်းတစ်ကောင်ကို ဆွဲထုတ်လာသည်။
"ခင်ဗျား သူများမြင်းကို ခိုးနေပြီ။"
"ခဏငှားတာပါ။ သွားရအောင်!"
ထိုနေရာက လုံဝူစစ်တပ်၏ အနောက်တံခါးဖြစ်လေသည်။ လီကျင်လုံက မြင်းကို ဆွဲထုတ်လာပြီးသည်နှင့် မြင်းပေါ် ပေါ့ပါးစွာ ခုန်တက်သွား၏။ ထို့နောက် ဟုန်ကျွင့်ကို ဆွဲတင်ကာ သူ့နောက်တွင် ထိုင်စေသည်။ ထို့နောက် ရှည်လျားသော လမ်းမကိုဖြတ်ကာ အနောက်ဘက်တံခါးဆီသို့ ထွက်ခွာသွားလေသည်။
တိတ်ဆိတ်ရှည်လျားသော လမ်းမပေါ်တွင် မြင်းခွာသံများကသာ အထူးကြည်လင် ပြတ်သားစွာဖြင့် မြည်နေ၏။ မြို့တံခါးမှထွက်ပြီးနောက် တောင်ကုန်းတစ်ခုပေါ်တွင် ရပ်လိုက်ကြသည်။
"လာ..."
လီကျင်လုံက လှောင်အိမ်အား ဟုန်ကျွင့်ထံပေးကာ လှောင်အိမ်ပေါ်မှ စက္ကူကို ချွတ်လိုက်သည်။
"ဒီမှာထားခဲ့မှာလား။"
လီကျင်လုံ: "မဟုတ်ရင်ရော။ မင်းက ပြန်ယူသွားချင်သေးလို့လား။"
ဟုန်ကျွင့်လည်း ဤသို့ထားခဲ့ခြင်းကလည်း အဆင်ပြေသည်ဟု ထင်သဖြင့် လှောင်အိမ်ထဲက မြေခွေးလေးကို ထုတ်လိုက်သည်။ ထိုအခိုက် လီကျင်လုံက လက်ချောင်းတချို့ ဆန့်ထုတ်ပြီး မြေခွေးလေး၏မေးစေ့ကို ရှေ့တိုးနောက်ငင် ပွတ်သပ်လိုက်၏။
နံနက်ခင်း၏ ကြယ်ပွင့်ကြီးပေါ်လာပြီး ကောင်းကင်ကြီးကလည်း တဖြည်းဖြည်း ဖြူဖွေးလာလေပြီ။ ကုန်းမြေကြီးက ညဘက်မှ အရုဏ်ဦးအချိန်သို့ စတင်ပြောင်းလဲလာ၏။ ဟုန်ကျွင့်က နံနက်ခင်းနှင့် မိုးသောက်ယံအချိန်တို့ ရောယှက်နေသည့် စိမ်းပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
ကောင်းကင်သွေးပြန်ကြောများက ကြီးကျယ်ခမ်းနားသော အရောင်များ ဖြာထွက်ကာ မြေကြီးသွေးပြန်ကြောများကလည်း မရေမတွက်နိုင်သော အသက်စွမ်းအင်များက လည်ပတ်နေသည့် ဧရာမလှည်းဘီးကြီးနှင့် ဆင်တူလှသည်။
"ဟေး၊ ထတော့။"
လီကျင်လုံ၏အသံက ဤအခိုက်အတန့်တွင် ပို၍ နူးညံ့လာပြီး မြေခွေးငယ်၏မေးစေ့ကို အကြိမ်ကြိမ်ကုတ်နေ၏။
ဟုန်ကျွင့်က ရယ်လိုက်သည်။
"ကျွန်တော်ဒီတစ်ခါ ဆေးအများကြီးလည်း မသုံးထားဘူး။"
မြေခွေးလေးက "တအုအု" အသံလေးဖြင့် လန့်နိုးလာပြီး လီကျင်လုံကို ချက်ချင်းသတိဖြင့် ကြည့်ကာ လီကျင်လုံ၏လက်ညှိုးကို လှမ်းကိုက်ဖို့ ပြင်သည်။ လီကျင်လုံက လက်မြှောက်ကာ ၎င်း၏ခေါင်းလေးကို ရိုက်ချလိုက်သည်။
"မင်း ဟုန်ကျွင့်ကို ကိုက်ထားတဲ့ အကြွေးကိုတောင် ငါ မရှင်းရသေးဘူး။"
ဟုန်ကျွင့်က ကိစ္စမရှိကြောင်း လက်ဝှေ့ယမ်းပြလိုက်သည်။ သို့မှသာ မြေခွေးလေးက ဟုန်ကျွင့်ကို ချက်ချင်း စိတ်လှုပ်ရှားစွာကြည့်ပြီးနောက် လီကျင်လုံကို ထပ်ကြည့်ကာ အဖြစ်အပျက်ကို သိသွားခဲ့သည်။ ထိုအခိုက် လီကျင်လုံက သူ့နှာခေါင်းကို လက်ညှိုးဖြင့် ထိုးလိုက်သည််။
သူ၏လက်ချောင်းများကြားမှ ပြတ်သားသော အသံတစ်ချက်နှင့်အတူ စိတ်ဝိညာဥ်လွင့်ပန်းမှုန်တို့ ဖြာထွက်သွား၏။ ဝတ်မှုန်များကြောင့် မြေခွေးလေးက ရုတ်တရက် နှာချေလိုက်ကာ သူ၏မျက်လုံးလေးများက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။ ဟုန်ကျွင့် ၎င်း၏လက်ကို လွှတ်လိုက်သည်နှင့် မြေခွေးလေးခမျာ မြေပြင်ပေါ် ချက်ချင်းလဲကျသွားပြီး တောထဲကို မြှားတစ်စင်းအလား ပြေးဝင်သွားတော့သည်။
လီကျင်လုံ: "ချန်အန်းကို နောက်တစ်ခါ ပြန်မလာနဲ့။ ငါမင်းကို ထပ်တွေ့ရင် အလွတ်ပေးမှာ မဟုတ်ဘူး။"
မြေခွေးလေးက ချုံပုတ်ထဲတွင် ပုန်းနေပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။ ဟုန်ကျွင့်လည်း သူ့ကိုလက်ပြနှုတ်ဆက်ပြီး လီကျင်လုံနှင့်အတူ တောင်ပေါ်မှ ဆင်းလာခဲ့၏။
နေထွက်လာပြီဖြစ်၍ မိုင်ရှစ်ရာဝေးသော နေရာမှ ငှက်များအားလုံး နိုးလာကြပြီး တောင်တန်းများနှင့် သစ်တောများတွင် တေးသီချင်းများ သီဆိုနေကြလေပြီ။
ဟုန်ကျွင့်: "ခေါင်းဆောင်...."
"ဟမ်?"
လီကျင်လုံက အရှေ့ကသွားရင်း မြင်းကိုဆွဲခေါ်သွားနေစဥ် ဟုန်ကျွင့်သည် ရုတ်တရက် သူ့ကျောပေါ် ခုန်တက်လာ၏။
"ကျွန်တော် ခင်ဗျားကို အရမ်းသဘောကျတာပဲ!"
"မြန်မြန်ဆင်းစမ်း၊ ဘယ်လိုပုံစံတွေ လုပ်နေတာလဲ။"
"ဒီမှာ ဘယ်သူမှ မရှိပါဘူး။"
လီကျင်လုံလည်း ဟုန်ကျွင့်ကို သူ့ခန္ဓာကိုယ်ပေါ်ကနေ ဖယ်ထုတ်လိုက်သည်။
"မင်း ဘာလို့ အရူးထနေတာလဲ။"
"တကယ်တော့ ခင်ဗျားက မိစ္ဆာတွေကို အဲ့လောက်လည်း မမုန်းပါဘူး။"
ဟုန်ကျွင့်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"ဟုတ်တယ်မလား။"
"မကောင်းမှုမလုပ်တဲ့ မိစ္ဆာတွေကို ငါ မမုန်းပါဘူး။"
"ဒါဆို မြေခွေးလေးကို သဘောကျလား။"
"ချစ်ဖို့ကောင်းတဲ့ အကောင်တွေကို ဘယ်သူက သဘောမကျလို့လဲ။ ဒါပေမဲ့ ချစ်စရာကောင်းတာကို အားကိုးပြီး စည်းမဲ့ကမ်းမဲ့ လုပ်နေလို့တော့ မဖြစ်ဘူး။"
လီကျင်လုံက ပြောပြီးနောက် ဟုန်ကျွင့်၏ခေါင်းလေးကို လက်ညှိုးထိုးပြကာ မြင်းပေါ် ခုန်တက်လိုက်၏။ ထို့နောက် ထိုကောင်လေးကို မြန်မြန်တက်လာရန် အချက်ပြလိုက်သည်။
ဟုန်ကျွင့်မှာ ဤစကားများက သူ့အား သွယ်ဝိုက်ကာ ရည်ညွှန်းနေသလို ခံစားနေရသော်လည်း သိပ်နားမလည်သေးပေ။ သူက မြင်းစီးရင်း လီကျင်လုံကို လှည့်မေးလိုက်သည်။
"ခေါင်းဆောင်၊ ကျွန်တော့်ကို ဘယ်အချိန်မှ ဖျင်ကန်းလီကို ခေါ်သွားပေးမှာလဲ။"
လီကျင်လုံ: "..."
မြင်းခွာသံများ မှိန်ဖျော့သွားကာ ချန်အန်း၏ နံနက်ခင်း ခေါင်းလောင်းသံကို အဝေးမှပင် လှမ်းကြားနေရသည်။ မြင်းတစ်ကောင်နှင့် လူနှစ်ယောက်က နံနက်ခင်းနေရောင်အလင်းဖြင့် ပြည့်နှက်နေသော လမ်းမပေါ် ဖြည်းဖြည်းချင်း ပြန်လာခဲ့သည်။
ဆောင်းဦး၏ နံနက်စောစောနေရောင်ခြည်က နတ်ဆိုးနှင်ဌာနအပေါ် လှလှပပ ဖြာကျနေ၏။ သို့သော် နတ်ဆိုးနှင်ဌာနထဲက တစ်ယောက်မျှ မနိုးကြသေးပေ။
ဟုန်ကျွင့်က မြင်းစီးနေရင်းမှ အိပ်ပျော်သွားခဲ့လေရာ လီကျင်လုံ သူ့ကိုပွေ့ချီလျက် အခန်းထဲသို့ ခေါ်သွားပေးခဲ့ရသည်။ ခုတင်ပေါ် တင်ပေးလိုက်သောအခါ ကောင်လေးက အသက်ကို ဖြည်းဖြည်းချင်းရှူရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
"အိပ်တော့။"
ထို့နောက် လီကျင်လုံသည် မြင်းကိုပြန်ထားရန် ထွက်သွားခဲ့သည်။ သူပြန်ရောက်သော် လစာငွေရှင်းပေးသည့်လူက ရောက်နေလေပြီ။ လီကျင်လုံလည်း သူ၏ လက်အောက်ငယ်သားများကို မနှိုးတော့ဘဲ လစာငွေ ငွေတုံး ၉၀ ကို လက်ခံခဲ့ရသည့်အပြင် အဆာပြေမုန့်အချို့လည်း ပါသေး၏။
တိုင်းပြည်ဘဏ္ဍာတိုက်မှ ထုတ်ပေးသော ပြေစာကိုမူ စိတ်ဝိညာဥ်လွင့်ပန်းမှုန် ရောင်းသူထံ ငွေဖြင့်လဲလှယ်နိုင်သည်။
အရာအားလုံး ပြီးသွားပြီးနောက်တွင် လီကျင်လုံလည်း ညနေစောင်းသည်အထိ အိပ်ပျော်သွားခဲ့သည်။
...
"ချိုမိသားစုရဲ့ အကြီးဆုံးသား ချိုယုံစစ်၊ ရှစ်ဝေလူမျိုး၊ ယက်ဇ်ဒီဂတ်ဒ်ရဲ့ သားစဉ်မြေးဆက်၊ မှော်အစွမ်းမရှိတဲ့ သေမျိုး.."
"အဲဒီလူငယ်လေးရဲ့ အထောက်အထားက အဆန်းကြယ်ဆုံးနဲ့ အရမ်းထူးဆန်းတယ်လို့ ထင်တယ်။"
"သူဘယ်သူလဲ ငါဂရုမစိုက်ဘူး!! နင့်နှာခေါင်းအောက်မှာ ဒီလိုဖြစ်ပျက်နေတာကို တကယ်ပဲ ကြည့်နေတယ်ပေါ့။"
"ဒါဆို မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ။"
အစိမ်းရောင်ဝတ်ရုံ ၀တ်ထားသူက လက်ကိုဖြန့်ပြီး မေးလေသည်။
“မင်းရဲ့မြေခွေးသားမြေးတွေက ထောင်ချောက်ထဲကျလို့ ဒုက္ခရောက်ကုန်တာ။ လောင်းကြေး ရှုံးသွားတာကို လက်ခံရမယ်မလား။”
အမျိုးသမီးမှာ ဒေါသမီးကြောင့် မထိန်းနိုင်ဘဲ မောဟိုက်နေကာ သူ(မ)၏မျက်လုံးများကလည်း နီရဲနေတော့သည်။ ယင်းကြောင့် သူ(မ)၏ မျက်လုံးများထဲမှ သွေးများပင် ဖောက်ထွက်လုမတတ် ဖြစ်နေ၏။
“ငါ သူတို့အတွက် လက်စားချေချင်တယ်။”
ထိုလူနှင့် အမျိုးသမီးသည် ရှင်းချင့်နန်းတော်အတွင်းက မှောင်ရိပ်ထဲတွင် ရပ်နေခဲ့ကြသည်။ ၎င်းတို့၏ ရှည်လျားသော အရိပ်များသည် အစွယ်ကိုဖြဲပြပြီး ခြေသည်းများကို ဝှေ့ယမ်းပြနေသည့် ရက်စက်သော ဘီလူးများကဲ့သို့ပင် ဖြစ်နေသည်။
"သူ့ကို ရှင်းပစ်ဖို့က လွယ်ပါတယ်။"
ထိုလူက အမျိုးသမီး၏နားထဲသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဒါပေမဲ့ လူသားဧကရာဇ်က သတိရှိတယ်။ ကောင်းကင်နတ်ဆိုးကို စောစောဖော်ထုတ်လိုက်ရင်..."
"နှစ်နည်းနည်းလောက်ပဲ။"
အမျိုးသမီးက ထိုလူ၏မျက်နှာကို စေ့စေ့ကြည့်ကာ စကားလုံးတစ်လုံးချင်းစီကို တိုးတိုးလေး ပြန်ပြောလိုက်သည်။
"သူ့ရဲ့စွမ်းအင်နဲ့ ထန်မင်းဆက်ရဲ့ခွန်အားတွေက မကြာခင်မှာ ကုန်ဆုံးတော့မှာပါ။"
ထိုအခါ တစ်ဖက်လူကလည်း အေးစက်စွာ ပြန်ပြော၏။
"ဒါပေမဲ့ မင်းမှာ သူ့ကိုတိုက်ခိုက်ဖို့ နည်းလမ်းမရှိသေးဘူး။ မင်း သေချာစဥ်းစားတာ ပိုကောင်းလိမ့်မယ်။ နောက်ထပ် အပြောင်းအလဲတွေ ထပ်မဖြစ်စေနဲ့။ အဲဒီနတ်ဆိုးနှင်သူအုပ်စုက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ကောင်းကင်နတ်ဆိုး ပြန်လာရင် သူတို့ မခံနိုင်ပါဘူး။ မင်း စိတ်မရှည်မှုလို့ အစီအစဥ်ကြီးတစ်ခုဆီ ဦးတည်သွားနေတဲ့ လမ်းကို ဖျက်စီးပစ်နိုင်တယ်။ ငါ မင်းကို သတိမပေးဘူးဆိုပြီး အပြစ်မတင်နဲ့။"
အမျိုးသမီးလည်း ရုတ်တရက် တုန်လှုပ်သွားပြီး ရက်စက်ကြမ်းကြုတ်ကာ ကြမ်းတမ်းသော လေသံဖြင့် အော်လိုက်သည်။
"ဒါကို နင်သိနေတာကြာပြီပေါ့လေ။"
ထိုလူက ပြုံးပြီး: "မင်း သံသယဝင်တာတွေ အရမ်းများနေတယ်။"
အမျိုးသမီးက တုန်တုန်ယင်ယင်ဖြင့်: "နင် သူတို့ရဲ့ အစီအစဥ်ကို သိထားပြီးသား။ ဝင်မစွက်ဖက်ချင်လို့ ငါ့သားမြေးတွေ အားလုံးကို စတေးခဲ့တာပေါ့လေ။"
ထိုလူက ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွား၏။ အမျိုးသမီးက အနောက်ဘက်မှ လေသံမာမာဖြင့် လှမွးအော်လိုက်သည်။
"မဟုတ်ရင် နင် ဘာလို့ စာမေးပွဲဧရိယာကို မသွားခဲ့တာလဲ။ ဒီနေ့အဖြစ်အပျက်ကို နင် မှတ်ထား!"
***
Aurora Novel Translation Team