အပိုင်း (၂၃) - ငါးစာချခြင်း (၁)
နောက်တစ်နေ့ မနက်စောစော၌။
"ငါနဲ့လိုက်ခဲ့၊ ဒါပေမဲ့ ဘာစကားမှမပြောနဲ့။"
လီကျင်လုံက ဟုန်ကျွင့်ကို နှိုးနေစဥ်အတွင်း သူ့ကို အထူးတလည် မှာကြားနေလေသည်။ ဆောင်းဦးရာသီ ဝင်လာပြီမို့ ခြံဝင်းထဲစိုက်ထားသော မေပယ်ပင်များစွာမှာ အနီရောင်ပြောင်းသွားသော်လည်း သဖန်းပင်များက စိမ်းနေဆဲပင်။ အနီရောင်နှင့် အစိမ်းရောင်များ ရောယှက်ထင်ဟပ်နေသည့် ရေကန်က ကောင်းကင်ပြာနှင့် တိမ်ဖြူများကိုလည်း ရောင်ပြန်ဟပ်ပြလျက် အရောင်စုံသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေသည်။
ခြံဝင်းထဲတွင် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော မြေခွေးတစ်ကောင်ကို မြေခွေးနှစ်ကောင်၏ အလောင်းဘေးတွင် ဘေးချင်းကပ်ချထား၏။ အငယ်ဆုံးအကောင်မှာ ဟုန်ကျွင့်၏ဓားပျံကြောင့် ၎င်း၏ပခုံးအရိုးကို ဖြတ်ပြီး နောက်ကျောအထိ ထိုးဖောက်ခံထားရသည်။
အားထိုက်၏မီးတောက်များကြောင့်လည်း ခြေထောက်များက မည်းတူးကာ အသားဖတ်များ လန်နေ၏။ လီကျင်လုံ နောက်ဆုံးပစ်လိုက်သော မြားက ထိုတစ်ကောင်ကို အသက်အန္တရာယ်ရှိလောက်အောင် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ နောက်တစ်ကောင်က နောက်ကျောကို ဓားဖြင့် အထိုးခံထားရ၏။
မော့ရစ်ကန်း၏မြားခေါင်းများ၌ ခက်ရင်းပုံသဏ္ဌာန် အတောင်ပံများ ပါရှိသဖြင့် ၎င်းကို ပြန်နှုတ်ရန်အတွက် မြားတံတစ်ခုလုံးကို အဆုံးအထိ ဆွဲထုတ်ခဲ့ကြရသဖြင့် ထိုသတ္တဝါမှာ နာကျင်စွာဖြင့် စူးစူးဝါးဝါး အော်ဟစ်နေခဲ့သည်။
အဆုံးမှာတော့ ဟုန်ကျွင့်သည် ယောက်ကျင်းနန်းတော်က ယူလာသော သွေးတိတ်ဝိညာဥ်ဆေးလုံးကို တိုက်ကျွေးလိုက်သောကြောင့် မြေခွေးလေး၏အသက်ကို ကယ်တင်နိုင်ခဲ့၏။
"ဒီတစ်ကောင်က ကျင့်ကြံဆင့် အမြင့်ဆုံးပဲ!!"
ချိုယုံစစ်က ခြံဝင်းထဲ ခြေလှမ်းအနည်းငယ် လှမ်းဝင်လာပြီးနောက် အကြီးဆုံးအကောင်ကို ညွှန်ပြလိုက်သည်။
"အဲ့ဒီကောင်ကို မော့ရစ်ကန်းက အရှေ့တံခါးရဲ့အဝင်ဝမှာတင် သတ်လိုက်တာ။ သူ့ရဲ့စွမ်းအားကို ခန့်မှန်းဖို့ခက်တယ်။ အသက်ရှင်ခဲ့တဲ့ကောင်က အတွေ့အကြုံ အနည်းဆုံးပဲ။"
မြေခွေးက မျက်လုံးများကို တင်းတင်းမှိတ်ထားကာ မလှုပ်မယှက်ပင်။
"မင်းကို တပ်မှူးဟူဆီ ပို့ပေးပြီး မင်းရဲ့အခုပုံစံကို မြင်အောင် လွှတ်ပေးလိုက်ရမလား၊ ကျင့်ယွင်။"
လီကျင်လုံက ခေါင်းကိုစောင်း၍ ကြည့်လိုက်သည်။
"နာတယ်မလား။"
မြေခွေးက ရုတ်တရက် မျက်လုံးဖွင့်လိုက်သော်လည်း ခေါင်းကို တစ်ဖက်သို့ လှည့်သွားသည်။
"ကျင့်ယွင်၊ ထူယင်းနဲ့ ကျစ်ရင်။"
လီကျင်လုံ၏လက်ထဲမှာ မနေ့ညက ပျောက်သွားသော မိန်းကလေးသုံးယောက်၏ ကျွန်စာချုပ်များ ရှိနေသည်။
"အသက် ၁၆ နှစ်မှာ ရှင်းယန်ဘိုးဘွားအိမ်က ရွာသားသုံးယောက်အနေနဲ့ ချန်အန်းမှာ အတူတူ အခြေချနေထိုင်ဖို့ ရောက်ရှိလာခဲ့တယ်။"
"တကယ်တော့ မင်းက ဒီလောကထဲမှာ ဝိညာဉ်စွမ်းအင်ရှိတဲ့ သတ္တဝါတစ်ကောင်ပဲ။ ကျင့်ကြံပြီး လူသားတစ်ယောက် ဖြစ်လာတယ်။ ကြင်နာမှုအပြည့်နဲ့ ကောင်းကောင်းအသက်ရှင်ခဲ့မယ်ဆိုရင် ငါ သက်ညှာအပေးနိုင်ဆုံး အပြစ်ဒဏ်က မင်းကို ချန်အန်းထဲကနေ နှင်ထုတ်လိုက်တာပဲ။"
လီကျင်လုံက အိမ်ရှေ့ဧည့်ခန်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး မြေခွေး၏မျက်လုံးများကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
"ဒါပေမဲ့ မင်းကဘာလို့ လူတွေကို သတ်ချင်ရတာလဲ။"
မြေခွေးက ပြန်မဖြေသဖြင့် လီကျင်လုံက အေးစက်စွာ ဆက်ပြောလိုက်သည်။
"အဲ့ဒီအလောင်းက ဘယ်သူလဲ။ ပြောစမ်း!"
မြေခွေးက တိတ်ဆိတ်နေ၏။
"မင်း ငါ့ကိုမပြောရုံနဲ့ ငါက မသိတော့ဘူးပေါ့လေ။ အခု မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ အဲဒီလူကို ဘယ်သူသတ်လိုက်တာလဲ။"
သို့တိုင် မြေခွေးက တိတ်ဆိတ်နေဆဲဖြစ်သောကြောင့် ချိုယုံစစ်က ဝင်ဆိုလိုက်သည်။
"ငါကတော့ သတ်ပစ်သင့်တယ်လို့ ထင်တယ်။"
အတန်ကြာ နှုတ်ဆိတ်နေပြီးနောက် လီကျင်လုံက ပြောလိုက်သည်။
"အမှုကို ပိတ်လိုက်ပြီ။ ယုံစစ်၊ မင်း အစီရင်ခံစာကို
ရေးလိုက်။ မနက်ဖြန်မနက် အမတ်ချုပ်ကြီးယန်ကို ငါကိုယ်တိုင် တင်ပြမယ်။ ငါတို့ ဒီသတ္တဝါကို ဒီနေ့ပဲ ဟူရှန်းဆီ အပ်နှံကြမယ်—ပြီးခဲ့တဲ့ညက ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူ သေချာပေါက် အစီရင်ခံစာရထားမှာပဲ၊ ငါတို့ကလည်း သူ့ကို ရှင်းပြဖို့ တာဝန်ရှိတယ်။ အဲဒီနောက်ပိုင်းကိစ္စတွေကိုတော့ သူ့ကိုပဲ ဆက်လက်ကိုင်တွယ်ခိုင်းလိုက်တော့မယ်။ ငါတို့ ခဏနေရင် ထွက်ကြမယ်၊ လောလောဆယ်တော့ မြေခွေးကို သော့ခတ်ထားလိုက်ဦး။"
မော့ရစ်ကန်းက မြေခွေးကို လှောင်အိမ်ထဲ သော့ခတ်လိုက်ပြီး ဘေးမှ ချိုယုံစစ်ကလည်း ၎င်းလွတ်မြောက်မသွားအောင် တားဆီးဖို့ လှောင်အိမ်ထဲမှာ အစီအရင်များ ထည့်ထားသော်ငြား တကယ်တမ်းမူ မလိုအပ်တော့ပေ။ မြေခွေးမှာ လွတ်မြောက်ချင်လျှင်ပင် ခွန်အားမရှိတော့ပေ။
အားလုံး တစ်ဖက်၌ ဝိုင်းအုံလိုက်ကြစဥ် အားထိုက်က မျက်မှောင်ကြုတ်ပြီး မေးလာ၏။
"သူက ယုံမှာလား။"
ဟုန်ကျွင့်: "?"
"မင်းအခု စကားပြောလို့ရပြီ။"
လီကျင်လုံက ဟုန်ကျွင့်ကို ပြောလိုက်သည်။
အားထိုက်ပြောသည့်အဓိပ္ပါယ်ကို မေးရန်ပြင်လိုက်စဉ် လီကျင်လုံက အစပြုပြီး ရှင်းပြလိုက်သည်။
"တော်ဝင်နန်းတော်တစ်ခုလုံးမှာ မိစ္ဆာတစ်ကောင်တည်းကို လိုက်ရှာရတာက သမုဒ္ဒရာထဲမှာ အပ်ပျောက်ရှာသလိုမျိုးပဲ။ လုံဝူစစ်တပ်ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိနေတဲ့ မြေခွေးတစ်ကောင်ကိုပဲ စောင့်ကြည့်ရတာက ပိုပြီးတော့ လွယ်ကူလိမ့်မယ်။"
မော့ရစ်ကန်း: "ဒါပေမဲ့ ဒီမြေခွေးကို ကယ်တင်ဖို့ ဘယ်သူမှ မလာဘူးဆိုရင်ရော?"
ထိုမှသာ ဟုန်ကျွင့်က နားလည်သွားခဲ့ပြီး လီကျင်လုံက အလွန်ထက်မြက်ကြောင်း သိသွားခဲ့သည်။ လီကျင်လုံက မြေခွေးကိုလှည့်ဖြားရန် အမှုပိတ်ထားသည်ဟု ဟန်ဆောင်ထားသော်လည်း ရည်ရွယ်ချက်အစစ်မှာ အခြားမိစ္ဆာများကို မျှားခေါ်ရန်ဖြစ်သည်။
ဟုန်ကျွင့်: "ခင်ဗျားတို့က မြွေကို သူ့အသိုက်ထဲကနေ ဆွဲထုတ်မယ်ပေါ့!"
ခန်းမထဲမှ လူလေးယောက်က စကားမပြောဘဲ ရပ်နေကြကာ လီကျင်လုံကသာ ခေါင်းညိတ်ပြလိုက်ပြီး ဟုန်ကျွင့်ကို ကြည့်လိုက်သည်။
"မင်း သဘောပေါက်သွားပြီပဲ။ တော်တယ်။"
ခဏအကြာတွင် လီကျင်လုံကသာ စကားဆက်လိုက်၏။
"တစ်ယောက်ယောက်ကတော့ သူ(မ)ကို ကယ်ဖို့ သေချာပေါက် လာလိမ့်မယ်။ အဆိုးဆုံးကတော့ သူ(မ)ကို နှုတ်ပိတ်ပစ်ဖို့ လာသတ်ကြမှာ သေချာတယ်။ သူ(မ)က အရမ်းထက်မြက်ပြီး ဘာမှ မပြောခဲ့တော့ ဘယ်လို ရှင်သန်ရမယ်ဆိုတာ သိတဲ့ပုံပဲ။ သူ(မ)မှာ ကြံရာပါတွေလည်း ရှိရမယ်။ ဒီမြေခွေးမက ဉာဏ်ကောင်းပြီး လျှို့ဝှက်ချက်ကို မပေါက်ကြားအောင် ထိန်းထားတယ်။ သူ(မ) အကြာကြီး မနေနိုင်ဘူးဆိုတာ သိထားတော့ ဟူရှန်းဘက်က လွှတ်ပေးလိုက်တော့လည်း ပိုလွယ်သွားတာပေါ့။ ငါတို့က အဲဒါကို ခြေရာခံဖို့ပဲလိုတာ။"
ဟုန်ကျွင့်မှာ သူ၏ဦးနှောက်ကို အသုံးမပြုနိုင်တော့သဖြင့် သူ့ရှေ့ရှိ လူအနည်းငယ်ဟာ မိစ္ဆာကြီးများလားဟုပင် ထင်ယောင်ထင်မှား ဖြစ်လာခဲ့သည်။
"ဒါက သေချာပေါက် အမှုကြီးတစ်ခုတော့ ဖြစ်လာလိမ့်မယ်။"
လီကျင်လုံ: "စကြရအောင်။ ငါတို့ သဲလွန်စတွေကို လိုက်ရှာပြီး အကောင်ကြီးကို ဖမ်းနိုင်မယ်လို့ မျှော်လင့်တယ်။"
ယခုအခိုက်၌ အားထိုက်၊ မော့ရစ်ကန်းနှင့် ချိုယုံစစ်တို့၏ လီကျင်လုံအား ကြည့်ရှုနေပုံမှာ မတူကြတော့ချေ။ အထူးသဖြင့် မနေ့ညက လီကျင်လုံ လှုပ်ရှားပြပြီးနောက် သူတို့အမြင်က လွန်ခဲ့သော ရက်အနည်းငယ်ကနှင့် လုံးဝ ကွဲပြားသွားခဲ့သည်။
လီကျင်လုံကတော့ ပြောပြီးသည်နှင့် မတ်တတ်ထရပ်လိုက်သည်။ သူ့နောက်လိုက်ဖို့ အားလုံးတစ်ပြိုင်တည်း လှမ်းလိုက်ကြသော်ငြား လီကျင်လုံက ဆိုလေ၏။
"မင်းတို့ အနားယူသင့်ပြီ။ ဟုန်ကျွင့်နဲ့ ငါပဲ ကြောင်ကို ပြန်သွားပေးလိုက်မယ်။"
"စိတ်ဝိညာဉ်လွင့်ပန်းမှုန်ကို ငါသွားယူလိုက်မယ်။"
ချိုယုံစစ်က ပြုံးပြရင်း ပြော၏။ လီကျင်လုံလည်း ချိုယုံစစ်ကို ငုံ့ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ဟုန်ကျွင့်မှာ ကြောင်ဖြူကြီးတစ်ကောင်ကို ကိုင်ထားပြီး သူနှင့်အတူ ထွက်သွားလေသည်။ နှစ်ယောက်သား ထွက်သွားသည်နှင့် ကျန်သုံးယောက်၏အမူအရာက ကွဲပြားသွားတော့သည်။
မော့ရစ်ကန်း: "မင်းတို့နှစ်ယောက် မနေ့ညက မတွေ့ခဲ့ရလို့။ အမြီးသုံးချောင်းရှိတဲ့ ဒုတိယမြေခွေးတစ်ကောင် ပေါ်လာတဲ့အချိန်တုန်းကဆို သူက ဟုန်ကျွင့်နဲ့ လုံဝူတပ်သားတွေကို ကာကွယ်ဖို့ သူ့အသက်ကို စွန့်စားခဲ့တာ။ သာမန်လူသားအတွက် အဲဒီလို သတ္တိရှိဖို့ဆိုတာ တကယ် မလွယ်ဘူး။"
အားထိုက်က ခဏလောက် စဉ်းစားနေသည့်ဟန်ဖြင့် ခြံဝင်းထဲ၌ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြောလိုက်သည်။
"သူ တကယ်ပဲ မိစ္ဆာဘုရင်ကို အနိုင်ယူနိုင်ပါ့မလား။"
ထိုအခါ ချိုယုံစစ်က လမ်းဘေးတစ်နေရာတွင် ထိုင်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"မင်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောနေတာက အရမ်းစောနေသလားလို့။"
"ငါကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အထုပ်အပိုးတွေပြင်ပြီး ထွက်ခွာဖို့ ပြင်ဆင်ထားပြီးသား!"
အားထိုက် အလွန်စိတ်ပျက်သွားပြီး သူ့တင်ပါးကို လက်နှင့်ထောက်ရင်း ပြန်ပြောသည်။
အားထိုက်: "ငါ ဘယ်လောက်စိတ်ဆင်းရဲနေလဲ မင်းတို့သိလား။ ဟမ့်၊ ငါ့ဘဝကြီးကို မျှော်လင့်ချက်လေးပေးလို့ မရဘူးလား။"
"ဝိုး.... ထူဟောလော် မိန်းမချောလေး။"
ထိုစဥ် ငါးကြင်းမိစ္ဆာနိုးလာပြီး ရေကန်ဘေးမှ ငါးစာများကို လာစားရင်း ဝင်ပြောလာလေသည်။
"ဒါဆို မင်းတို့သုံးယောက်က တစ်ဖွဲ့တည်း ဖြစ်နေတာပေါ့လေ။"
သူတို့သုံးယောက်က နံရံများတွင် နားရှိကြောင်း မေ့သွားပြီး စကားလွန်မိသွားကြရာ ခဏလောက် ထိတ်လန့်သွားကြတော့သည်။ သို့သော် အားထိုက်က ချက်ချင်း အကြံတစ်ခုရသွား၏။
"အစ်ကိုကျစ်လုံ၊ မင်း ဘယ်လိုငါးမျိုးကို ကြိုက်လဲ။ ငါ မင်းအတွက် တစ်ကောင်လောက် ဝယ်ပေးမယ်လေ။"
ငါးကြင်းနတ်ဆိုးက ငါးစာစားရင်း ပြော၏။
"မလိုဘူး။ ငါက လိင်မှုကိစ္စကို ရှောင်ပြီး ကျင့်ကြံချင်တာ။ ငါတို့မိသားစုက ဟုန်ကျွင့်လေးကို ဂရုစိုက်ပေးဖို့ မင်းတို့ကို အားကိုးထားလိုက်မယ်။ ဒီနေ့ကိစ္စကို ငါသေချာပေါက် ပါးစပ်ပိတ်ထားပေးပါ့မယ်။"
လူတိုင်း သက်ပြင်းချကြသော်လည်း ငါးကြင်းမိစ္ဆာက သံရှည်ဆွဲလိုက်လေသည်။
“ဒါပေမဲ့…”
လူသုံးယောက်၏ စိတ်နှလုံးတို့မှာ ရုတ်ခြည်းဆိုသလို ပြန်လည် ခုန်ပေါက်လာပြန်သည်။ ငါးကြင်းမိစ္ဆာက ဆက်ပြောလိုက်၏။
"လူတိုင်း စိတ်ရှုပ်ကုန်ပြီမလား။ ငါတို့ မြေခွေးတစ်ကောင်တောင် အတူတူဖမ်းလို့ မလွယ်တာ၊ ချန်အန်းရဲ့မိစ္ဆာဘုရင်ကို ဘယ်လို သွားဖြေရှင်းကြမှာလဲ။"
အားထိုက်: "ဟေး၊ အစ်ကိုငါး၊ မင်းပြောတာ မှားနေတယ်။ ငါတို့က ကြင်နာတတ်တော့ ခေါင်းဆောင်လီ ဒဏ်ရာရပြီး သေသွားမှာကို ကြောက်လို့ပါ။"
"သက်ရှိတိုင်းက တန်းတူညီမျှပဲ။"
ငါးကြင်းမိစ္ဆာ: “ငါ့ကို ပြန်လွှတ်ပေးခဲ့တဲ့ ဘုန်းကြီးက မိစ္ဆာပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် သတ္တဝါဆိုတာ ကိုယ်ကာကွယ်ချင်တဲ့ အရာတစ်ခုခုရှိတတ်တယ်လို့ ပြောဖူးတယ်။"
သုံးယောက်သား စကားဆက်မပြောရဲတော့ဘဲ ရပ်သွားကြတော့သည်။
ချိုယုံစစ်: "ငါတို့ အခွင့်အရေး ရှာဖို့လိုတယ်။ သူ့ကို ဖုံးကွယ်ထားစရာ မလိုဘူးလို့လည်း ထင်တယ်။ ဘာဖြစ်လို့ ခေါင်းဆောင်နဲ့ ကောင်းကောင်း စကားမပြောကြည့်ရမှာလဲ။ ဒီအကြောင်းကို သူ့ဆီ ပြောပြလိုက်ရအောင်လေ။"
ငါးကြင်းမိစ္ဆာက ငါးစာစားပြီးနောက် "ဟုန်ကျွင့်ရဲ့အဝတ်တွေကို လျှော်ပေးရဦးမယ်" ဟု ပြောကာ အဝတ်များကို လျှော်ဖွပ်ရန်အတွက် ရေတွင်းနားကို ဆွဲယူသွားလေသည်။ ထို့နောက် ဟုန်ကျွင့်၏အင်္ကျီမှအစ အတွင်းခံဘောင်းဘီအဆုံး သေချာပွတ်တိုက်ကာ လျှော်ဖွပ်တော့၏။
သူတို့သုံးယောက်မှာ လူကွယ်ရာ၌ အတင်းတုပ်မိသဖြင့် မျက်နှာကြီးနီရဲလာကြကာ အချိန်အကြာကြီး စကားစဲသွားခဲ့ကြသည်။ ၎င်းတို့၏အသိပညာနှင့် လောကအမြင်က ငါးကြင်းလောက်တောင် မကောင်းကြောင်းသိသွားကြရာ ချက်ချင်း တိတ်ဆိတ်သွားခဲ့ကြသည်။
...
မနက်အစောကြီးမို့ လူအသွားအလာ မများသေးပေ။ လီကျင်လုံက အရှေ့ကနေလျှောက်သွားပြီး ဟုန်ကျွင့်က ကြောင်ကိုပွေ့ချီကာ အနောက်မှလိုက်ရင်း သခင်မချင်း၏အိမ်တော်သို့ သွားနေခဲ့သည်။
လီကျင်လုံ: "ချင်းအိမ်တော်ကြီးထဲက လူတွေကို အာရုံစိုက်ထား။ တစ်ခါတလေမှာ သတင်းအချက်အလက် တော်တော်များများကို လူတစ်ယောက်ရဲ့ ထုတ်ဖော်ပြောဆိုမှုကနေရော အမူအရာကနေပါ ရယူနိုင်တယ်။"
ဟုန်ကျွင့်တစ်ယောက် ယခု လီကျင်လုံကို သဘောကျလာလေပြီ။ သို့သော်လည်း ဤအမှုမှာ တစ်ဖက်လူအတွက် မလွယ်ကူကြောင်းကိုလည်း ခံစားမိသည်။
'သူ ဘယ်လိုလုပ် ဒီလိုအဆုံးသတ်ပြီး အနိုင်ကျင့်ခံခဲ့ရတာလဲ။'
ဤသည်မှာ ဟုန်ကျွင့်အတွက် စဥ်းစားရခက်သော ပဟေဠိဌိအလားပင်။ သို့သော် ချုံမင်က လူတိုင်းတွင် ကိုယ်ပိုင်ဇွဲရှိတတ်၍ အချို့အရာများစွာကို တွန်းအားပေးရန် မလိုအပ်ကြောင်း တစ်ချိန်က ပြောပြခဲ့ဖူးသည်။
"ဒါပေမဲ့ ကျောက်ကျစ်လုံက ကျွန်တော့်မှာ အမြင်မရှိဘူးလို့ ပြောတယ်။"
လီကျင်လုံ: "လူ့ဘဝမှာ စိတ်မရှုပ်ရတဲ့ အချိန်ဆိုတာ အရမ်းရှားတယ်။ ထားပါတော့၊ မင်း အတင်းပြောနေစရာ မလိုပါဘူး။ ခဏနေလို့ စကားနည်းနည်းပဲပြောရင် ရပြီ။"
လီကျင်လုံနှင့် ဟုန်ကျွင့်တို့ သခင်မချင်း၏အိမ်တော်ထဲသို့ ကြောင်တစ်ကောင်ကို ပွေ့ချီလျက် ဝင်လာသည်နှင့် တစ်ပြိုင်နက် အိမ်တော်ထိန်းက ချက်ချင်းဟစ်အော်တော့သည်။
"ချင်းအာ ပြန်ရောက်လာပြီ!!"
"မြန်မြန် မြန်မြန်၊ ချင်းအာ အိမ်ပြန်ရောက်လာပြီ!"
ထိုမြင်ကွင်းက အိမ်တော်ထဲ၌ ထူးထူးခြားခြား စိတ်လှုပ်ရှားစရာ ကောင်းသွားခဲ့သည်။ လီကျင်လုံတောင် တော်တော်လေး ရှက်သွား၏။ အိမ်တော်ထိန်းက သူ့ကို သီးသန့်နှုတ်ဆက်ရန် ထွက်လာသဖြင့် လီကျင်လုံ မေးရန်ပြင်လိုက်သည်။
"ဒီအကောင်...."
စကားမဆုံးသေးခင်မှာပင် အိမ်တော်ထိန်းက ကြောင်ကို လက်လွှဲယူကာ ဝမ်းသာအားရ ပြောလိုက်၏။
"ဒါပဲ၊ ဒါပဲ! သူ့ကို ဘယ်နေရာကနေ ရှာတွေ့ခဲ့တာလဲ!"
အိမ်တော်ထိန်းက လူကိုယ်တိုင် လာရောက်၍ ကြိုဆိုနေပုံမှာ အရှင်မင်းမြတ် ကြွချီလာသည့်အလား။ သီဆိုကခုန်မှုများနှင့် တီးမှုတ်သူများသာ ပျောက်ဆုံးနေ၏။ သူအော်လိုက်သည်နှင့် အိမ်အကူများနှင့် အစေခံများအားလုံးက ကြောင်ကလေးကို ဝမ်းသာအားရလာကြည့်ကာ အိမ်တော်ထိန်းက ကြောင်ကို ပလ္လင်တစ်ခုပေါ်သို့ တရိုတသေ တင်လိုက်လေသည်။
အမွှေးနံ့သာ ခေါင်းအုံးအပျော့တစ်လုံးနှင့် ပင်လယ်သခွားသီး၊ ငါးခူနှင့် အခြားစားဖွယ်များပါရှိသော အစားအစာများ ထည့်ထားသည့် ကျောက်စိမ်းအစာပုံးကို ယူဆောင်လာကာ ပြောင်လက်တောက်ပသော ပန်းကန်လုံး တစ်လုံးကိုလည်း သယ်ဆောင်လာ၏။ ပြီးနောက် ကြည်လင်သန့်ရှင်းသော စမ်းရေများကို လောင်းထည့်ပေးလိုက်သည်။
ကြောင်လေးသည် နတ်ဆိုးနှင်ဌာနတွင် နှစ်ရက်တိတိ ထမင်းကိုသာ စားခဲ့ရသဖြင့် အစားအသောက်ကောင်းများအား ငတ်လင့်နေရာ အိမ်ပြန်ရောက်ချိန်မှာတော့ မောက်မာနေတော့သည်။
"တပ်မှူးလီကို ဂါဝရလာပြုကြစမ်း!"
အိမ်တော်ထိန်းက အော်လိုက်သည်။ ထိုအခါ အစေခံများက ရုတ်ခြည်းဆိုသလို စုဝေးလာကာ ခန်းမအပြင်ဘက်တွင် တန်းစီ၍ သုံးကြိမ်တိတိ ဦးညွှတ်လိုက်ကြ၏။
လီကျင်လုံ: "..."
"သူက ဒုတပ်မှူးလီပါ။"
ဟုန်ကျွင့်က ရှင်းပြလိုက်သည်။
လီကျင်လုံ၏မျက်နှာက အလွန်ပျက်ယွင်းသွားပြီး မတ်တတ်ထရပ်ကာ ထွက်ခွာမည်အလုပ် အိမ်တော်ထိန်းက ဆိုလေသည်။
"သခင်မက နန်းတော်ထဲ ဝင်သွားပါတယ်။ ကျေးဇူးပြုပြီး သခင်မကိုယ်တိုင် ကျေးဇူးတင်နိုင်ဖို့ သခင်မပြန်လာတဲ့အထိ စောင့်ပေးပါဦး။"
လီကျင်လုံက သူ့လက်ကိုဝှေ့ယမ်းပြီး ဟုန်ကျွင့်ကို ထွက်သွားရန် ပြောတော့မည့်အခိုက် ဟုန်ကျွင့်တစ်ယောက် စားပွဲပေါ်က မုန့်အချို့ကို မြင်သွားရာ လီကျင်လုံ၏အမိန့်ကိုလည်း မေ့သွား၏။ သူသည် မနက်ကတည်းက မနက်စာမစားရသေးသောကြောင့် သည်းမခံနိုင်တော့ဘဲ ၎င်းတို့ကို ချက်ချင်းပင် အငမ်းမရ စားသုံးနေခဲ့သည်။
"အရသာရှိလိုက်တာ။ အွန်း..."
ဟုန်ကျွင့်က စားလိုက်သောက်လိုက် လုပ်နေသောကြောင့် လီကျင်လုံကသာ မိတ်ဆက်ပေးလိုက်ရတော့၏။
"ဒါက ကျွန်တော့်ရဲ့ လက်အောက်ငယ်သားပါ။"
"လူတွေကြားထဲက ခြင်္သေ့ပါပဲ။"
***
Aurora Novel Translation Team