no

Font
Theme

အပိုင်း (၅) - လီမိသားစု

ဟုန်ကျွင့် အထဲသို့ ဝင်သွားလိုက်သောအခါ တံခါးအတွင်း၌ ဥယျာဉ်တစ်ခုရှိပြီး ဥယျာဉ်ထဲတွင် ကြာကန်တစ်ကန်လည်း ရှိနေသည်အား တွေ့လိုက်ရသည်။ ကြာပန်းရနံ့များက လေပြည်အေးအေးထဲ၌ မွှေးပျံ့နေသည်။ အမွှေးအကြိုင်များနှင့် ပေါင်းစပ်ထားသော အိမ်တစ်လုံး၏ ခမ်းနားမှုက ဟုန်ကျွင့်အား ဆွဲဆောင်သွားခဲ့လေရာ ဟုန်ကျွင့်လည်း ထိုလူကို ဆွဲခေါ်ကာ စင်္ကြံလမ်းတစ်လမ်းထဲသို့ ဝင်သွားလိုက်၏။

ဘယ်ညာကြည့်လိုက်သောအခါ အိမ်ကြီးက မီးရောင်တို့ဖြင့် လှပလွန်းနေသည်အား တွေ့လိုက်ရသည်။ ဤမိသားစုက နှစ်ထပ်အိမ်လေး ဆောက်ထားခြင်းဖြစ်ကာ အပေါ်ထပ်မှ မိန်းကလေးတစ်ယောက်၏ အသံကိုလည်း ကြားနေရသည်။

ဟုန်ကျွင့်တစ်ယောက် မိစ္ဆာသားရဲကို တစ်ညလုံး လိုက်ဖမ်းနေခဲ့ရသောကြောင့် အနားယူဖို့ နေရာရှာချင်နေ၏။ ထို့ကြောင့် ရောက်သည့်နေရာ၌ ချက်ချင်းဆိုသလို ဘုတ်ခနဲ ထိုင်ချပစ်လိုက်ပြီး အမောဖြေနေခဲ့သည်။

ထိုအချိန်တွင် ခဲရောင်စကတ်လေးကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက လက်ထဲမှာ ပင်လုံးကြိုင်ပန်းခတ်ကို ကိုင်ဆောင်လျက် စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့ပြီး ဟုန်ကျွင့်ကို မတော်တဆ ဝင်တိုက်ခဲ့မိသည်။

ထိုမိန်းကလေးက သူ(မ)အရှေ့မှ စုတ်ပြတ်သတ်နေသော လူငယ်လေး၊ သူ့ဘေးမှာ ခြေကားယားလက်ကားယား သတိမေ့နေသော အမျိုးသားနှင့် သူ့ပခုံးအကျော်မှာ ပြူတစ်နေသော ပါးစပ်ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည့် ငါးကြင်းဦးခေါင်းတို့ကို ကြောင်ကြည့်နေမိသည်။

ဟုန်ကျွင့်လည်း ဇဝေဇဝါဖြစ်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ သူ ထိုမိန်းကလေးနှင့် အကြည့်ချင်းဆုံသွားပြီး သူ၏အမူအရာက ပျက်ယွင်းသွားခဲ့၏။ အနှီမိန်းကလေး အထိတ်တလန့်ဖြင့် အော်တော့မည့်အချိန်မှာ ဟုန်ကျွင့်က အမြန်ထကာ သူ(မ)ကို မအော်ရန် လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သည်။

မိုးသည်းထန်စွာ ရွာထားသည့်ကြားမှ တစ်ညလုံး ပြေးလွှားလာခဲ့ရသဖြင့် ဟုန်ကျွင့်၏မျက်နှာပေါ်ရှိ အညစ်အကြေးများက ဆေးကြောပြီးသား ဖြစ်သွားလေပြီ။ သူ၏အသားအရေက ထင်မှတ်မထားလောက်အောင် ချောမွေ့ပြီး ရုပ်ရည်ကလည်း ချောမောလွန်းလှရာ မိန်းကလေးမှာ ခဏကြာတော့မှ အသိစိတ် ပြန်ဝင်လာခဲ့၏။

ဟုန်ကျွင့်: "ငါ့ကို မင်းဆီမှာ ခဏလောက် နေခွင့်ပေးပါလား။"

ဟုန်ကျွင့်၏ဖခင်က ဥဒေါင်းဘုရင်မျိုးနွယ်မှ လှပသော အမျိုးသားတစ်ဦးဖြစ်ပြီး သုံးလောကကို အလှအပဖြင့် လွှမ်းခြုံထားနိုင်ခဲ့သူပင်။ သူ့ကို နံပါတ်နှစ်အဖြစ် အသိအမှတ်ပြုထားပါက မည်သူကမှ နံပါတ်တစ်နေရာကို ယူဝံ့မည်မဟုတ်ချေ။ သူ ခြေဆန့်လိုက်သည်နှင့် နတ်ဘုရားမများက ပန်းလေးများကို ဆန္ဒရှိရှိ ကျဲချပေးလာစေသည်အထိ ချောမောလွန်းလှသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ ခန့်၌ သူပေါ်ပေါက်လာသောအခါ နတ်ဘုရားမများက ပန်းများကို ဖြန့်ကျဲပေးခဲ့သည့် ဖြစ်ရပ်တစ်ခုတောင် ရှိခဲ့သေးသည်။ ထိုဖြစ်ရပ်မှာ မိစ္ဆာမျိုးနွယ်ထဲ လူအမြောက်အမြားကို သေကြေပျက်စီးစေခဲ့သည့် အဖြစ်ဆိုးကြီးကိုပင် ဖြစ်ပျက်သွားစေခဲ့၏။

ဟုန်ကျွင့်သည် ငယ်စဉ်ကတည်းက ဖခင်ကို ဆုံးရှုံးခဲ့ရပြီး ဖခင်အရင်းဖြစ်သူ ခုန်ရွှမ်းနှင့်အတူ မကြီးပြင်းလာခဲ့ရခြင်းမှာ နှမြောစရာကောင်းလှသည်။ သူက ချုံမင်၏လက်ထဲတွင် ၁၂ နှစ်ကြာ ထိန်းသိမ်းထားခံခဲ့ရပြီး အရှေ့ တောင်တန်းများ၊ အနောက်ဘက် စမ်းချောင်းများနှင့် တောရိုင်းများကြား မကြာခဏ ပတ်ပြေးနေလေ့ရှိသည်။

နေ့ဘက်တွင် နေပူထဲ၌၊ ညဘက်တွင် မိုးရွာထဲ၌၊ ရံဖန်ရံခါ မီးခိုးငွေ့များကြား၌ပင် ပြေးလွှားနေတတ်သေးသည်။ လေနှင့်မိုးက သူ၏အသားအရေကို များစွာပျက်စီးစေခဲ့သော်လည်း မျက်ခုံးများ၊ နူးညံ့သော နှုတ်ခမ်းပါးများနှင့် သူ့အဖေထံမှ အမွေဆက်ခံထားသော သွားဖြူဖြူလေးများအပြင် လူငယ်လေး၏ ထူးခြားပြီး သန့်ရှင်းတောက်ပသော ရောင်ဝါက သူနှင့်တွေ့ဆုံသည့်လူများကို မိန်းမောသွားစေနိုင်သည်။

"ရှင်... ဒီလူက ဘာဖြစ်နေတာလဲ။"

မိန်းကလေးက ဟုန်ကျွင်းဘေးရှိ သတိလစ်နေသော ဒုတပ်မှူးကို လှည့်ကြည့်ကာ အံ့သြဆွံ့အသွားလေသည်။

"ဒါက ဒုတပ်မှူးကျင်လုံ မဟုတ်ဘူးလား။"

"ဒုတပ်မှူးဆိုတာ ဘာကိုပြောတာလဲ။"

ဟုန်ကျွင့်မှာ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။

"ဘာလုပ်နေတာလဲ!"

ထိုစဥ် လေးထပ်မြောက် အဆောက်အအုံပေါ်မှ အမျိုးသမီး တစ်ယောက်၏ မကျေမနပ်အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

"အောက်က စန်းအာလား။ နင်ဘယ်သူ့ကို ခေါ်လာပြန်တာလဲ။"

စန်းအာအမည်ရသော မိန်းကလေးက ဟုန်ကျွင့်ကို အလျင်အမြန် လက်ဟန်ပြပြီး ပြောလိုက်သည်။

"လူတိုင်း အိပ်နေကြပြီဆိုတော့ ဆူဆူညံညံ မလုပ်နဲ့၊ ကျွန်မနောက်က လိုက်ခဲ့ပါ။"

ဟုန်ကျွင့်လည်း မတ်တတ်ထရပ်ပြီး 'ဒုတပ်မှူးကျင်လုံ' ကို သိုင်းဖက်ကာ မိန်းကလေးနောက်ကနေ အပေါ်ထပ်သို့ လိုက်သွားခဲ့သည်။ ဒုတပ်မှူးကို သစ်သားလှေကားထစ်ပေါ် ဆွဲတင်လိုက်စဥ် သံဖိနပ်များက တချွင်ချွင်အသံများ မြည်လာရာ သူ၏သံဖိနပ်ကို မချွတ်ပေးလိုက်မိကြောင်း သတိရသွားသဖြင့် အမြန်ဆွဲတင်လိုက်ရ၏။

ထို့နောက် ဖိနပ်ကို ဆွဲချွတ်ပေးကာ အခန်းထဲသို့ ဆွဲခေါ်၍ ခုတင်ပေါ် ပစ်ချပေးလိုက်သည်။ အိတ်ကိုလည်း ချွတ်ကာ စားပွဲပေါ် တင်ထားလိုက်သည်။

"ငါ ဘယ်လိုလုပ်ရမလဲ။"

ဟုန်ကျွင့်တစ်ယောက် သူ့ကိုယ်သူ ပြန်ပြောနေမိသည်။

"ဒီငါးက ရှင့်ရဲ့ငါးလား။"

စန်းအာမှာ စားပွဲပေါ်ရှိ ငါးကြင်းကို ကြည့်ရင်း မေးလိုက်ခြင်းပင်။ ကျောက်ကျစ်လုံက အပြည့်အဝ သတိမဝင်လာသေးသဖြင့် ပါးဟက်များက လှုပ်ရွနေဆဲဖြစ်၏။

ဟုန်ကျွင့်က ခေါင်းညိတ်ပြလိုက်သည်။ ဒုတပ်မှူးက အောက်ခံအဖြူဝတ်ရုံကို ဝတ်ဆင်ထားကာ ခါးပေါ်၌ “လီကျင်လုံ၊ ထန်မင်းဆက် လုံဝူစစ်သည်” ဟု ရေးထားသော တံဆိပ်ပြားတစ်ခုကို ချိတ်ဆွဲထားသည်။ ဟုန်ကျွင့် လှမ်းကိုင်လိုက်ကာ ဖတ်ကြည့်ပြီးနောက် ဘာကိုဆိုလိုမှန်းမသိသောကြောင့် စားပွဲပေါ်သာ ပစ်ချထားလိုက်တော့၏။

နတ်အလင်းငါးရောင် အကာအကွယ်ကို ဖြတ်ကျော်ကာ ဆွဲသီးကို ဖြိုခွဲပစ်ခဲ့သည် ဓားကို လှမ်းကြည့်လိုက်သောအခါ ဓားက အလွန်ရိုးရှင်းပြီး ဘာမျှမထူးခြားသည်အား တွေ့လိုက်ရသည်။ သို့သော် အလွယ်တကူ မ'မယူနိုင်အောင် လေးလံလှသည်။ ဓားအရောင်ကား အနက်ရောင်ဖြစ်ကာ ဓားမျက်နှာပြင်ပေါ်တွင် သေးငယ်သော စာလုံးလေးများကို ရေးထွင်းထားသည်။

ဟုန်ကျွင့်ခမျာ မည်သို့သော စာသားများဖြစ်ကြောင်း မသိသဖြင့် လီကျင်လုံ၏အဝတ်အစားများကို ဖြည်ချပစ်လိုက်၏။ ထိုအခါ တစ်ဖက်လူ၏ သန်မာသော ရင်ဘတ်၊ သွယ်လျသော ခါးနှင့် ဝမ်းဗိုက်ကြွက်သားများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားဖြစ်သွားသည်။ နက်မှောင်သော ဓားတစ်စင်းအလား မျက်ခုံးနှစ်ဖက်၊ ချောမောသော မျက်နှာအသွင်အပြင်၊ မြင့်မားသော နှာတံနှင့်အတူ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်နေ၏။

ထိုလူကို ငေးကြည့်နေမိပြီး ခဏအကြာမှ ဟုန်ကျွင့်တစ်ယောက် နှလုံးမီးအိမ်၏ဆွဲသီးလေး ကွဲသွားသည့် အခိုက်အတန့်ကို ပြန်အမှတ်ရလိုက်ပြီး ချင်းရှုံပြောခဲ့သည့် စကားကိုလည်း ပြန်လည်ကြားယောင်မိလိုက်သည်။ ဆွဲသီးသာ ကွဲသွားခဲ့လျှင် နှလုံးမီးအိမ်က ခန္ဓာကိုယ်တွင်းသို့ သဘာဝအတိုင်း ဝင်ရောက်သွားမည်ဖြစ်၏။

ချင်းရှုံပြောသည့်အတိုင်းသာဆိုလျှင် နှလုံးမီးအိမ်က တစ်ဖက်လူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားခြင်းဖြစ်ပေလိမ့်မည်။

လက်ရှိ၌ သူ ဘာမှမခံစားရသော်လည်း ဤလူ အကြာကြီး သတိမေ့နေသည်မှာ ပုံမှန်ဟုတ်မနေချေ။ ယုတ္တိရှိရှိပြောရလျှင် သတိလစ်ပြီးသည်နှင့် ခဏအကြာတွင် နိုးလာသင့်၏။

ဤသည်မှာ နှလုံးမီးအိမ်ကြောင့်လော။

ဟုန်ကျွင့်လည်း အလင်းရောင်များ ဖြာထွက်လာနေသည့် ထိုနှလုံးမီးအိမ်ကို ဘာအတွက်သုံးမှန်း မသိချေ။ သို့ဖြစ်ရာ သူက နှလုံးခုန်သံကို နားထောင်ရန်အလို့ငှာ လီကျင်လုံ၏ ရင်ဘတ်ပေါ် သူ့နားရွက်ဖြင့်ကပ်ကာ နားထောင်ကြည့်နေစဥ် စန်းအာမှာ အံ့သြသင့်ကာ အာစေးမိသွားခဲ့သည်။

"ငါတို့ကို ခဏလောက် အချိန်ပေးလို့ရမလား။"

ဟုန်ကျွင့်က ပြောလိုက်သည်။ စန်းအာတစ်ယောက် သူ့ကို ထူးဆန်းသည်ဟူသော အဓိပ္ပာယ်ဖြင့် ကြည့်လိုက်မိသော်လည်း နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။

"ဒုတပ်မှူးကျင်လုံ ဒဏ်ရာရထားတာလား။ သူ့အတွက် သမားတော် ပင့်ပေးရမလား။"

"သမားတော်ဆိုတာ ဘာလဲ။"

ဟုန်ကျွင့် မသိစိတ်အရ ထုတ်မေးလိုက်ပြီးမှ အလျင်အမြန် ငြင်းလိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မလိုပါဘူး။"

"ဒါဆို ကျွန်မ ရေသွားယူပေးပါ့မယ်။"

စန်းအာက ထိုသို့ပြောပြီး ထွက်သွားခဲ့သည်။ ဟုန်ကျွင့်လည်း ငါးကြင်းမိစ္ဆာကို ချက်ချင်းဖမ်းဆုပ်ကာ လှုပ်နှိုးလိုက်သည်။

"ကျောက်ကျစ်လုံ၊ ထတော့!"

“သမားတော်ဆိုတာ လူတွေကို ကုသပေးတဲ့သူကွ! ဒါက ဘယ်ရောက်နေတာလဲ၊ ဘာတွေဖြစ်ကုန်တာလဲ။”

ဟုန်ကျွင့်က ဖြစ်စဉ်ကို ရှင်းပြလိုက်သောအခါ ငါးကြင်းမိစ္ဆာမှာ အလန့်တကြားဖြင့် ထအော်တော့သည်။

“အား၊ မင်းတော့ ဒုက္ခရောက်ပြီ! အခု ဘယ်လိုလုပ်ကြမလဲ!"

"ငါလည်း မသိဘူးလေ!"

ဟုန်ကျွင့်ခမျာ ရူးချင်နေခဲ့သည်။

ငါးကြင်းမိစ္ဆာ: "သူရဲ့မျိုးရိုးနာမည်က ချန်လား။"

"သူ့မျိုးရိုးနာမည်က ချန် မဟုတ်ဘူး၊ လီတဲ့။ သူ မျိုးရိုးနာမည် ပြောင်းထားတာများလား။"

"မင်းက ငတုံးလား! သူက ချန်မျိုးရိုးရဲ့ နောက်မျိုးဆက် မဟုတ်ဘူးကွ။"

ငါးကြင်းမိစ္ဆာက စိတ်ဆိုးဆိုးဖြင့် အော်ထည့်လိုက်သည်။

ဟုန်ကျွင့်: "သွားပြီ၊ သွားပြီ ငါ ဘာလုပ်ရတော့မလဲ!"

"သူ့ကိုသတ်လိုက်! ပြောလို့မရဘူး နှလုံးမီးအိမ် ပြန်ထွက်လာလောက်တယ်။"

ဟုန်ကျွင့်: "ငါက သူ့ကို ဘယ်လိုလုပ်ပြီး သတ်နိုင်မှာလဲ။ သေချာပေါက် ငါက မှားတာကြီးကို!"

ငါးကြင်းမိစ္ဆာ: “သက်ရှိသတ္တဝါတွေ အားလုံး ဒုက္ခရောက်တတ်တာပဲလေ။ သူက ထက်မြက်တဲ့လူလို့ ထင်ရပေမဲ့ မျက်ခုံးမွေးတွေကြားမှာ နည်းနည်း အမှောင်ရိပ်သမ်းနေတယ်။ သူ့မျက်နှာအမူအရာက စိတ်ပျက်လက်ပျက် ဖြစ်နေတာကို ငါမြင်နေရတယ်။ သူအသက်ရှင်နေတာက ဘာမှ အသုံးမဝင်ဘူး။ သူ့ကို သတ်လိုက်ကြရအောင်။"

ဟုန်ကျွင့်: "..."

ဟုန်ကျွင့်တစ်ယောက် ဉာဏ်ရည်ဉာဏ်သွေးအပြည့်နှင့် စဥ်းစားနေစဉ် ငါးကြင်းမိစ္ဆာက ဆိုလေသည်။

"နှလုံးမီးအိမ်က လူမှားသွားလို့ အခု ငါတို့ ဒုက္ခရောက်နေပြီလေ!"

ဟုန်ကျွင့်က ဓားပျံကိုကိုင်ဖို့ တွန့်ဆုတ်နေသည့်အတွက် ငါးကြင်းမိစ္ဆာက အော်လိုက်ပြန်၏။

"မင်းက လူသားအစစ်လည်း မဟုတ်ဘဲနဲ့ လူတစ်ယောက်ကိုသတ်ရမှာကို ဘာဖြစ်လို့ ကြောက်နေရတာလဲ။"

"ငါ့အမေက လူသားလေ!"

"မင်း မိစ္ဆာကိုလည်း သတ်တာပဲလေ။ မြန်မြန်လုပ်စမ်းပါ၊ မဟုတ်ရင် ချန်မိသားစုက အနာဂတ်မှာ ဘာဖြစ်သွားမလဲ မသိဘူး။ နှလုံးမီးအိမ်ကို ချန်မိသားစုဆီ ပြန်ပေးရမယ်၊ ပြီးရင် ကောင်းကင်နတ်ဆိုးက..."

ငါးကြင်းမိစ္ဆာမှာ စကားမှားသွားပြီမှန်း သတိပြုမိလိုက်သောကြောင့် ချက်ချင်းပါးစပ်ပိတ်သွားခဲ့သည်။

"ကောင်းကင်နတ်ဆိုး၊ ဟုတ်လား။"

ဟုန်ကျွင့် ထိုနေ့က ချုံမင်နှင့် ချင်းရှုံတို့ကြားရှိ စကားဝိုင်းကို သတိရသွားသဖြင့် အံ့သြစွာ လှည့်မေးလိုက်သည်။

ငါးကြင်းမိစ္ဆာ :"ဘာပဲဖြစ်ဖြစ် ငါတို့နှလုံးမီးအိမ်ကို ပြန်ယူရမယ်။ မဟုတ်ရင် အားလုံးသေကုန်လိမ့်မယ်။ ငါမင်းကို ခြောက်နေတာ မဟုတ်ဘူးနော်။ ဟုတ်သားပဲ၊ ဓားပျံဘယ်မှာလဲ၊ မင်း ရှာတွေ့ပြီလား။"

ဟုန်ကျွင့်: "မတွေ့သေးဘူး၊ တစ်ချောင်းလျော့သွားပြီ။"

"အားးးး...."

ငါးကြင်းမိစ္ဆာခမျာ ချက်ချင်း ရူးသွပ်သွားတော့သည်။

"မင်းကို မလိုက်ပါနဲ့လို့ ပြောတာကိုကျ နားမထောင်ဘူး!! ကြည့်စမ်း၊ အချိန်တွေကုန်သွားသလို၊ ဓားပျံက ပျောက်၊ နှလုံးမီးအိမ်ကလည်း..."

ဟုန်ကျွင့်တစ်ယောက် ခေါင်းအုံးဖုံးကို ဆွဲယူကာ အလျင်အမြန်လှိမ့်လိုက်ပြီး ငါးကြင်းမိစ္ဆာ၏ပါးစပ်ထဲသို့ တိတိကျကျ ထိုးထည့်လိုက်ကာ ၎င်း၏ အဆုံးမရှိသော ပေါက်ပေါက်ဖောက်မှုများကို ရပ်တန့်ခိုင်းလိုက်သည်။

ထိုစဥ် အပြင်ဘက်ကနေ တံခါးခေါက်သံ ကြားလိုက်ရပြီး စန်းအာက ဝင်လာခဲ့၏။

"ရှင် ဘယ်သူနဲ့ စကားပြောနေတာလဲ။"

လီကျင်လုံက ခုတင်ပေါ်၌ သတိလစ်နေဆဲဖြစ်ကြောင်း မြင်လိုက်ရသောအခါ စန်းအာမှာ စိတ်ရှုပ်ထွေးစွာ မေးလိုက်မိသည်။

"ငါ့ဘာသာငါ ပြောနေတာ။ မင်း နည်းနည်းလောက် အချိန်ထပ်ပေးလို့ရမလား။"

စန်းအာက မျက်နှာသုတ်ပဝါတစ်ထည်အား ပေးလိုက်ပြီး ဟုန်ကျွင့်ကို ပြုံးပြုံးလေးကြည့်ကာ ပြောလိုက်သည်။

"အိုး၊ အဆင်ပြေပါတယ်။"

စန်းအာ ထွက်သွားပြီးနောက် ဟုန်ကျွင့်ကလည်း လီကျင်လုံ၏မျက်နှာကို ပေါ့ပေါ့တန်တန် သုတ်ပေးလိုက်သည်။ ထို့နောက် ထိုလူကို ဆွဲထူ၍ သူ့ကိုယ်ပေါ်သို့ တစ်ဝက်လှဲစေလိုက်၏။

ဟုန်ကျွင့် အသက်ပြင်းပြင်းရှူကာ နတ်အလင်းငါးရောင် စွမ်းအင်များကို လက်တစ်ဖက်ဖြင့် စုစည်းလိုက်သည်။ အလင်းမှုန်တို့ ထွက်လာသည်နှင့် သူ့လက်ကို လီကျင်လုံ၏ရင်ဘတ်ပေါ် ဖိကပ်လိုက်၏။

ငါးကြင်းမိစ္ဆာက လက်နှစ်ဖက်ဖြင့် ပါးစပ်ထဲက ခေါင်းအုံးဖုံးကို ဆွဲထုတ်ပစ်ကာ အော်လိုက်ပြန်သည်။

"ဟုန်ကျွင့်၊ တွန့်ဆုတ်မနေစမ်းနဲ့!"

ဟုန်ကျွင့်က ရောင်စုံအလင်းရောင်ငါးရောင်ကို စုစည်းပြီး လီကျင်လုံ၏ခန္ဓာကိုယ်အတွင်းသို့ အလင်းတန်းများ ထိုးသွင်းရန် စီစဉ်ထားခဲ့သည်။ ဤနည်းဖြင့် နှလုံးမီးအိမ်သာ သူ့ကိုယ်ထဲ စီးဝင်သွားပါက ခုခံမှုကို အလိုလိုလှုံ့ဆော်ပေးမည်။ သို့သော် သူ စွမ်းအားကို ထိုးသွင်းလိုက်သည့်အခိုက်မှာ လီကျင်လုံ၏တစ်ကိုယ်လုံးက ဆတ်ခနဲလှုပ်ရှားသွားပြီး သူက ရုတ်တရက် နိုးလာခဲ့လေ၏။

တစ်ချိန်တည်းမှာပင် အပြင်ဘက်မှာ ဆူညံသံများလည်း ထွက်ပေါ်လာခဲ့သည်။

"ရှန်ဝူစစ်တပ်က ကျူးကျော်သူကို လိုက်ရှာနေတယ်၊ မသက်ဆိုင်တဲ့ လူတွေအားလုံး ဝေးဝေးမှာ နေကြ!"

လီကျင်လုံက မျက်လုံးများကိုဖွင့်ကာ ဆတ်ခနဲ ခေါင်းငုံ့ကြည့်လိုက်စဥ် သူ့ရင်ဘတ်ပေါ်ဖိထားသော လူငယ်လေး၏ လက်ကို တွေ့လိုက်ရသည်။ ဟုန်ကျွင့်၏လက်တစ်လျှောက် လိုက်ကြည့်ရင်း ဟုန်ကျွင့်၏မျက်လုံးများဆီ ရောက်ရှိသွားခဲ့သည်။

ဟုန်ကျွင့် : "..."

လီကျင်လုံ : "..."

လီကျင်လုံ ခေတ္တမျှ စိတ်ရှုပ်ထွေးစွာဖြင့် ကြောင်အမ်းနေမိ၏။ လက်ရှိ၌ သူက ဘောင်းဘီရှည်တစ်ထည်သာ ဝတ်ဆင်ထားကာ ခါးမှအဝတ်တို့အပြင် ခါးစည်းကြိုးအထိပါ ဖြည်ချခံထားရမှန်း သတိပြုမိသွားသည့်အခိုက် ချက်ချင်းဆိုသလို ဒေါသတကြီး အော်ပစ်လိုက်တော့သည်။

"မင်း ဘာလုပ်နေတာလဲ!!"

ဟုန်ကျွင့်: "ခင်ဗျား ကျွန်တော့်နှလုံးမီးအိမ်ကို..."

လီကျင်လုံက အော်ဟစ်လိုက်ပြီး သူ့ရင်ဘတ်ပေါ်မှ ဟုန်ကျွင့်၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ်ဖြင့် ခုတင်ပေါ်မှ ပြုတ်ကျသွားခဲ့ကြသည်။

ဟုန်ကျွင့်က အခြေအနေကိုထိန်းချင်သဖြင့် အော်လိုက်လေ၏။

"ရပ်လိုက်!"

အခန်းထဲ၌ ရုတ်ခြည်း ဖရိုဖရဲဖြစ်သွားခဲ့သည်။

ငါးကြင်းမိစ္ဆာ: "ဟုန်ကျွင့်! သွားကြရအောင်... တစ်ယောက်ယောက် ထပ်လာနေပြန်ပြီ!"

လီကျင်လုံ ချာခနဲ လှည့်ကြည့်လိုက်ရာ ငါးကြင်းမိစ္ဆာကို တွေ့သွားသဖြင့် ချက်ချင်း တိုက်ခိုက်ရန်ပြင်တော့သည်။

"မိစ္ဆာ!"

ဟုန်ကျွင့်လည်း နောက်တစ်ကြိမ် ဒုက္ခထပ်ရောက်မည်ကို စိုးရိမ်သောကြောင့် အိတ်ကို အမြန်ဆွဲယူကာ ငါးကြင်းမိစ္ဆာအား လှမ်းကောက်လိုက်၏။ ထို့နောက် ပြတင်းပေါက်ကနေ လှိမ့်ဆင်းလိုက်လေသည်။ လီကျင်လုံကလည်း သူ၏ဓားကို ချက်ချင်း ပြေးကိုင်လိုက်သည်။ သူက တုန်လှုပ်ခြောက်ခြားနေသော မျက်နှာထားဖြင့် ရပ်နေကာ အသက်ရှူကျပ်နေဆဲ ဖြစ်ပြီး ဘာဖြစ်သွားမှန်း မသိသေးပေ။

ဟုန်ကျွင့်က ပြတင်းပေါက်ကနေ ခုန်တက်လိုက်ပြီး တံစက်မြိတ်ကို လက်တစ်ဖက်ကိုချိတ်ကာ ခေါင်မိုးပေါ်သို့ ပေါ့ပါးစွာ ခုန်တက်သွားခဲ့သည်။ ထို့နောက် တံစက်မြိတ် အဆုံးအထိ အဆက်မပြတ် တောက်လျှောက်ပြေးကာ အုတ်ကြွပ်မိုးပေါ်မှ လျှောကျရင်း လွတ်မြောက်သွားခဲ့သည်။

လီကျင်လုံခမျာ အခန်းထဲတွင် ရှိနေဆဲဖြစ်ပြီး သူ့ကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများက ပျောက်ချင်းမလှ ပျောက်သွားခဲ့လေပြီ။ ထိုစဥ် အပြင်ဘက်မှ စကားသံများ ထွက်ပေါ်လာခဲ့၏။

"အထဲမှာ ဘယ်သူလဲ။ ရှန်ဝူစစ်တပ်က စစ်ဆေးစရာ ရှိတယ်၊ တံခါးမဖွင့်ရင်...."

ထိုအသံနောက်မှာ စန်းအာ၏အသံ ထွက်ပေါ်လာခဲ့သည်။

"လိင်ဆက်ဆံနေတဲ့ ဧည့်သည်နှစ်ယောက်ရှိပါတယ်။ ကျေးဇူးပြုပြီး သူတို့ကို မနှောင့်ယှက်ပါနဲ့။"

"ရှန်ဝူစစ်တပ်" ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် လီကျင်လုံတစ်ယောက် ယနေ့ပြဿနာကို ဖြေရှင်းနိုင်တော့မည် မဟုတ်ကြောင်း သဘောပေါက်သွားသလို ယခုချက်ချင်း ထွက်ပြေးရတော့မည်ဖြစ်ကြောင်းကိုလည်း ချက်ချင်း သဘောပေါက်လိုက်၏။ မဟုတ်လျှင် သူ မျက်နှာပျက်လိမ့်မည်။

သူက ပြတင်းပေါက်ကနေ ခုန်ထွက်လိုက်ပြီး လှိမ့်ထွက်လာသော်လည်း ဟုန်ကျွင့်ကဲ့သို့ မကျွမ်းကျင်သဖြင့် ရုတ်တရက် ချော်လဲသွားတော့သည်။ သူက အုတ်ကြွပ်ပြားများ တစ်လျှောက် လျှောကျကာ တံစက်မြိတ်အောက်သို့ ခွေးကျဝက်ကျ ပြုတ်ကျသွားခဲ့၏။

လီကျင်လုံမှာ ဓားကို လက်တစ်ဖက်က ကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် တစ်စုံတစ်ခုအား ဆွဲထားချင်သော်လည်း မီသည့်နေရာမရှိတော့သဖြင့် ယက်ကန်ယက်ကန်ဖြင့် ဆူညံနေသော လမ်းမတစ်ခုထဲ ပြုတ်ကျသွားတော့သည်။

စောစောက ဟုန်ကျွင့် သူ့ကို တစ်လမ်းလုံးဆွဲခေါ်ကာ ပုန်းအောင်းနေခဲ့သည့်နေရာမှာ ချန်အန်း၌ အကျော်ကြားဆုံးဖြစ်သော ဖျင်ကန်းလမ်းဖြစ်ပြီး ဤပြည့်တန်ဆာဧရိယာက စီးပွားရေးအတွက် တည်ဆောက်ထားသော အဆောက်အအုံများနှင့် ပြည့်နေ၏။ သူရောက်နေသော 'လျိုယင်းချွမ်းရှောင်' ဆိုလျှင် ချန်အန်း၏ အကောင်းဆုံး အဆောက်အအုံများထဲမှ တစ်ခုဖြစ်ပြီး ၎င်း၏ဘေးချင်းကပ်မှာ ချန်အန်း၏ အရှေ့ဈေးဖြစ်သည်။

လက်ရှိအချိန်က မိုးရွာပြီးခါစဖြစ်၍ ကောင်းကင်ကြီးက ကြည်လင်နေရာ လမ်းသွားလမ်းလာများနှင့် ဈေးသည်များဖြင့် စည်ကားနေ၏။ ၎င်းတို့တွေ အသံလာရာသို့ လှည့်လိုက်ကြရာ အပေါ်ပိုင်းဗလာနှင့် ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ ပြတင်းပေါက်ကနေ ပြုတ်ကျလာသော လီကျင်လုံကို တွေ့လိုက်ကြရသည်။ နေ့ခင်းကြောင်တောင်ကြီးမှာ သူက တံစက်မြိတ်ပေါ် အကြိမ်အနည်းငယ်လောက် တရကြမ်းလျောကျလာပြီး အရှေ့ဈေးထဲသို့ ပြုတ်ကျသွားခဲ့လေ၏။

"ဟေး၊ ဒါ ဒုတပ်မှူးကျင်လုံ မဟုတ်ဘူးလား။"

"ဒုတပ်မှူးလီလား၊ ဟားဟားဟား..."

လီကျင်လုံ၏ဂုဏ်သိက္ခာမှာ ရုတ်ခြည်းဆိုသလို အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားတော့သည်။ သူ အသက်ဝဝမရှူနိုင်သေးခင် လူများစွာက သူ့ကို ဝန်းရံထားပြီးသားဖြစ်နေလေပြီ။ ရှန်ဝူစစ်တပ်မှ စစ်သည်များက လျိုယင်းချွမ်းရှောင်၏ အခန်းပြတင်းပေါက်ကနေ ခေါင်းများပြူထွက်ကာ သူ့ကို ငုံ့ကြည့်လာခဲ့ကြသည်။

လီကျင်လုံမှာ ချက်ချင်းရှောင်တိမ်းကာ ဓားကိုဆွဲယူ၍ ရှက်ရွံ့စွာဖြင့် ပုန်းအောင်းလိုက်သည်။ ရှန်ဝူစစ်တပ်၏ ကျန်စစ်သည်များက နေရာတိုင်းတွင် ရှာဖွေနေခဲ့ကြပြီး ဈေးသူဈေးသားများကတော့ ရယ်မောနေခဲ့ကြသည်။ သို့တင်မကဘဲ ခရေစေ့တွင်းကျလိုက်တတ်သော စာပေပညာရှင်တစ်ဖွဲ့ကဆို ထိုအကြောင်းကို ဆွေးနွေးခဲ့ကြလေသည်။

"ကျုပ် ကဗျာတစ်ပုဒ်စပ်ထားတယ်၊ အကြံလေးဘာလေး ပေးကြပါဦး။"

"ကောင်းသားပဲ။ ပြောကြပါဦး။"

"ကျုပ် ခေါင်းစဉ်ကိုတော့ 'လုံဝူစစ်သည် လီကျင်လုံ လျိုယင်းချွမ်းရှောင်မှ ထွက်ခွာခြင်း' လို့ နာမည်ပေးထားတယ်။"

"ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံတဲ့ တို့ရဲ့ဒုတပ်မှူးကျင်လုံ၊ အရုဏ်မယ် ဖျင်ကန်းလီဝယ် သတိလည်လာတယ်။ ကျိုးပဲ့နေတဲ့ အမိုးကြွပ်တွေကြား၊ ခံ့ညားတဲ့ ထိုပျိုရွယ်ဟာ၊ ပြည့်တန်ဆာအိမ်ကို နှုတ်ဆက်ရလို့ မျက်ရည်စက်လက်နဲ့ ဝမ်းနည်းနေရှာသတဲ့ကွယ်။"

"လက်ရာကောင်းတယ်ဗျို့! ကျုပ်လည်း ၂ ကြောင်းလောက် ထပ်ဖြည့်ချင်သားဗျာ။"

"လုပ်စမ်းပါ ညီအစ်ကိုရ!"

"အထင်ကရဒုတပ်မှူးက တစ်ဖန်ရှင်သန်လာခဲ့ပြန်၊ ရုပ်အဆင်းအင်္ဂါ ချောမောသလို ကြံ့ကြံကလည်းခံ။ နတ်ဘုရားတွေကိုတောင် မကြောက်တတ်သူက သံချပ်ကာဝတ်ဖို့ကိုတော့ မေ့လျော့နေဟန်၊ ကိုယ်လုံးတီးနဲ့ ပျော်မွေ့နေတဲ့ သူ့ရဲ့သဏ္ဌာန်။"

လီကျင်လုံ : "..."

လီကျင်လုံတစ်ယောက် အရှေ့ဈေးထဲရှိ ရေစည်ထဲမှာ ဝင်ရောက်ပုန်းအောင်းနေခဲ့ပြီး သူ့ကို သရော်နေမှုများအား သည်းခံနေခဲ့ရသည်။ သူက သစ်သားအဖုံးကို အနည်းငယ် လှပ်၍ ချောင်းကြည့်လိုက်ရာ ရှန်ဝူစစ်တပ်က တပ်ပြန်သိမ်းပြီး အရှေ့ဈေးကို ဖြတ်ကျော်သွားသည်အား မြင်လိုက်ရတော့မှသာ စိတ်သက်ရာရစွာဖြင့် သက်ပြင်းချလိုက်တော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment