အပိုင်း (၂၉)- ဖေးအောင်ကို ကွပ်မျက်လိုက်ပြီ (၂)
သာယာလှသော ဆောင်းဦးရာသီ၏ နေရောင်ခြည်အောက်တွင် ငါးကြင်းမိစ္ဆာက ဟုန်ကျွင့်၏အဝတ်များကို နေလှန်းနေ၏။ အဝတ်လျှော်ပြီးတိုင်း အဝတ်အစားတို့၌ ရွှံ့နှင့်ငါးနံ့များ သင်းနေသော်ငြား ဟုန်ကျွင့်က ဘယ်တော့မှ 'မကြိုက်ဘူး' ဟု မပြောခဲ့ပေ။
ကိုယ် အပြင်ထွက်သွားတဲ့အခါ အဝတ်လျှော်ဖို့ အိမ်မှာ တစ်ယောက်ယောက် ရှိနေခဲ့တာက ဘယ်လောက်ကောင်းလိုက်သလဲ။
သို့သော် ငါးကြင်းမိစ္ဆာကတော့ စိတ်အနှောင့်အယှက် ဖြစ်နေ၏။ ဟုန်ကျွင့်က သူ့ကို ကျောတွင်လွယ်ထားသဖြင့် မကြာခဏဆိုသလို လူအများထံက လှောင်ပြောင်ခံရသည်။ ငါးအနံ့သင်းနေခြင်းကို သူ မကြိုက်ပေ။ ယခု ဟုန်ကျွင့်အား သူငယ်ချင်းအသစ်များနှင့် အတူတူနေခွင့်ပေးပြီး သူကိုယ်တိုင်က ခြံထဲ၌နေကာ အိမ်ကို ဂရုစိုက်ပေးလိုက်မည်။
ငါးကြင်းမိစ္ဆာက ငြိမ်ကျသွားကာ အနည်းငယ်လည်း စိတ်ပျက်သွားပြီး ဟုန်ကျွင့်တစ်ယောက် သူ့ကို မလိုအပ်တော့သလို ခံစားလာရ၏။ "လူတွေက အမြဲကြီးပြင်းလာကြတယ်" ဟူသည့် အမှန်တရားဖြင့်သာ သူကိုယ်သူ နှစ်သိမ့်နေခဲ့သည်။
"အမွှေးနံ့သာတွေ ပူဇော်တာပေါ့။"
ငါးကြင်းမိစ္ဆာက သူ့ကိုယ်သူ ပြောပြီး အမွှေးတိုင်ရှာရန် ခုန်ဆင်းလိုက်သည်။
"ဟုန်ကျွင့်ကို ကဲ့ရဲ့မခံရအောင် လုပ်ရမယ်။"
ထိုစဥ် အပြင်ဘက်တွင်တော့ အားလုံး ပြန်ရောက်လာ၏။ လီကျင်လုံ၏မျက်နှာက သေတော့မည့်လူအတိုင်း ဖြူဖျော့နေ၏။
ဟုန်ကျွင့်: "ခေါင်းဆောင်ကို ဒီမှာထား။"
ငါးကြင်းမိစ္ဆာ: "မင်းတို့ ပြန်လာပြီလား။ လှုပ်ရှားတာ ဘယ်လိုလဲ။"
ခန်းမရှေ့တွင် လူတိုင်း ခြေပစ်လျက်ပစ် လဲလျောင်းလိုက်ကြသည်။ လီကျင်လုံ၏အမူအရာကလည်း အနည်းငယ် အဆင်မပြေလှပေ။
"မအောင်မြင်ဘူးလား။"
ငါးကြင်းမိစ္ဆာက နှလုံးသားထဲမှ ပျော်ရွှင်မှုလေးတစ်ခုဖြင့် ဆိုလိုက်သည်။
"အစောကတည်းက သိရင် မင်းတို့နဲ့အတူ လိုက်ခဲ့ပါတယ်။"
ဟုန်ကျွင့်: "မိစ္ဆာကြီး သေသွားပေမဲ့ ဓားပျံကိုတော့ ပြန်မရခဲ့ဘူး။"
ငါးကြင်းမိစ္ဆာလည်း ဓားပျံကို ဖြည်းဖြည်းချင်း ပြန်ရှာ၍ရကြောင်း သူ့ကို စကားအနည်းငယ်ပြောကာ နှစ်သိမ့်ပေးနေခဲ့သည်။ ထိုစဥ် လီကျင်လုံက ဆိုလိုက်၏။
"ဒီနေ့ကတော့ လူတိုင်းအတွက် ခက်ခဲတဲ့နေ့ပဲ။ အနားယူကြရအောင်။ ငါ တခြားဖြေရှင်းနိုင်မယ့်နည်းတွေကို ဖြည်းဖြည်းချင်း စဉ်းစားလိုက်ဦးမယ်။"
လူတိုင်းက လီကျင်လုံ၏ပခုံးအား ကိုယ်ချင်းစာသည့်အနေဖြင့် ပုတ်လိုက်ပြီး အိပ်စက်အနားယူရန် ကိုယ့်အခန်းကိုယ် ပြန်သွားကြတော့သည်။ လီကျင်လုံက သူ့လက်ချောင်းများကို နဖူးပေါ်တင်ကာ နှိပ်နေစဥ် ငါးကြင်းမိစ္ဆာက မေးလိုက်သည်။
“ဘာဖြစ်နေတာလဲ။”
"ငါ့ကို တစ်ယောက်တည်း အေးအေးဆေးဆေး နေခွင့်ပေးပါ။"
ငါးကြင်းမိစ္ဆာက တံခါးပိတ်ပြီး မထွက်ခင်မှာ လှည့်ပြောလိုက်သေး၏။
"ကျော်လွှားလို့မရတဲ့ အတားအဆီးဆိုတာ မရှိပါဘူး။ မင်း အဆင်မပြေဘူးဆိုရင် စိတ်ဝိညာဉ်လွင့်ပန်းမှုန် သင်းသင်းလေး ရှူလိုက်မလား။ ငါ အသစ်ဝယ်ပြီးပြီ။"
လီကျင်လုံ ခါးသက်စွာ ပြုံးလိုက်၏။
"ဘယ်လောက်လဲ။"
"အရင်တစ်ခေါက်ကလို ၃၂၀၀ ကျတယ်။ အားထိုက်က ဆိုင်ရှင်နဲ့ ပြောထားတယ်တဲ့။ ဒီတစ်ခါ အကြွေးယူပြီး နောက်လပိုက်ဆံရရင် ပြန်လာဆပ်မယ်လို့ ပြောခဲ့တာ။"
လီကျင်လုံ: "..."
သာ့မင်နန်းတော်တွင် ထိုကဲ့သို့ ပျက်စီးသွားလေပြီ။ အမှုဖြေရှင်းနေတုန်း တွေ့သွားသူတို့အား စိတ်ဝိညာဥ်လွင့်ပန်းမှုန်အား လိုက်ရှူခိုင်းနေရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။ မဟုတ်ပါက စောင့်ကြပ်နေသော နန်းတော်အစောင့်များက သူတို့၏ဦးခေါင်းကို ဆုံးရှုံးသွားရလိမ့်မည်။
သို့သော်လည်း ယခုမူ မိစ္ဆာကပျောက်ကွယ်ပြီး မြေပြင်ကလည်း ရှုပ်ပွနေခဲ့သည်။ မြို့တံခါးနှင့် လုံဝူစစ်တပ်ထဲက ဟူရှန်း၏အခန်းလည်း ပျက်စီးသွား၏။ သူက ရှင်းပြစရာရှိသည်ကို မှတ်စုတစ်ခုအဖြစ် အသက်သွင်းရန် စုတ်တံတစ်ချောင်းကို ကောက်ယူလိုက်သည်။ ရှန်ဝူစစ်တပ်၊ တရားစီရင်ရေးဌာန၊ အလုပ်သမားဝဌာနတို့၏ ပြုပြင်မှုများ၊ ရာဇ၀တ်မှုများ၊ ဧကရာဇ်၏ စစ်ဆေးမေးမြန်းမှုများက မှတ်စုနှင့် လုံခြုံရေးအပေါ် အခြေခံပြီး သွားလိမ့်မည်။
'ထားတော့၊ ထားတော့ အရင်အိပ်လိုက်ဦးမယ်။'
လီကျင်လုံက ညစ်ပတ်နေသော၀တ်စုံများကို ချွတ်ပြီး ထိုနေရာ၌သာ လှဲချလိုက်ကာ ခဏအကြာတွင် စိုးရိမ်စိတ်များဖြင့် ပြန်နိုးလာခဲ့၏။
အားလုံးက အလွန်အမင်း မောပန်းနေသောကြောင့် တံခါးအကုန်ပိတ်ပြီး မနက်စာပင် မစားဘဲ အိပ်ပျော်သွားကြသည်။ ငါးကြင်းမိစ္ဆာက အဝတ်လျှော်ပြီးနောက် ရေကန်သို့ ပြန်သွားကာ ကောင်းကင်အထက်မှ တိမ်ဖြူဖြူများကို ငေးမောကြည့်ရှုရင်း တဖြည်းဖြည်း အိပ်ပျော်သွားခဲ့၏။
နေ့လယ်လောက်အထိ ဘယ်သူမှ မနိုးလာသေးပေ။
မွန်းတည့်ချိန်၌ တံခါးအပြင်ဘက်မှ မြင်းခွာသံများနှင့် လှည်းဘီးသံများကို ကြားလိုက်ရ၏။ တံခါးအပြင်ဘက်၌ ရထားလုံး လေးငါးစီးလောက် ရပ်သွားစဥ် ငါးကြင်းမိစ္ဆာ၏ ငါးခေါင်းက ဆတ်ခနဲထောင်လာကာ နိုးနိုးကြားကြားဖြစ်သွားသည်။ ထို့နောက် ပါးစပ်ကို ဖွင့်ချည်ပိတ်ချည်လုပ်ရင်း လီကျင်လုံနှင့် ဟုန်ကျွင့်တို့အား နှိုးသင့်မနှိုးသင့် တွေးနေခဲ့သည်။
"သူတော်စင် အရှင်မင်းမြတ် ကြွလာပါပြီ—"
မိန်းမစိုး၏အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာ၏။
“ကြင်ယာတော် ကြွလာပါပြီ—”
ငါးကြင်းမိစ္ဆာက ဖန်းချန်ချင်ပြောသွားသည့် "ဆုလာဘ်" ကို အမှတ်တမဲ့ သတိရသွားပြီး ရေကန်ထဲမှ ချက်ချင်းထွက်ပြေးကာ နံရံဘေးရှိ မြက်ခင်းပြင်တွင် ပုန်းနေလိုက်သည်။
"လက်ယာအမတ်ချုပ်ကြီး ရောက်လာပါပြီ—"
"သခင်မချင်း ရောက်ရှိလာပါပြီ—"
"သခင်မကော် ရောက်ရှိလာပါပြီ—"
နတ်ဆိုးနှင်ဌာနတစ်ခုလုံးမှာ တံခါးများပိတ်ကာ အိပ်နေဆဲပင်။
"နတ်ဆိုးနှင်ဌာနက ခေါင်းဆောင်လီ ဘယ်မှာလဲ။ သူ့ကို ချက်ချင်း ထွက်လာပြီး ဂါဝရပြုဖို့ ပြောလိုက်!"
"အဆင်ပြေပါတယ်။ ငါသွားကြည့်လိုက်မယ်။"
"အိုး၊ ဒီနတ်ဆိုးနှင်ဌာနက ထူးထူးခြားခြား အလှဆင်ထားတာပဲ။"
"အိုး၊ အစ်မ ဒါက ဘယ်လိုနတ်ဘုရားမျိုးလဲ။"
"ဒါကို 'တုန်လှုပ်ခြင်းမဲ့ဉာဏ်အလင်းဘုရင်' လို့ခေါ်ပြီး နတ်ဆိုးတွေကို နှိမ်နင်းတာ။"
"အတော်လေး လိုက်ဖက်တာပဲ။"
"ညောင်..."
"နယ်စားမင်းတိ၊ ချန်အန်းမှာရှိတုန်း ဒီခြံဝင်းလေးကို ဝယ်လိုက်တယ်လို့ ကြားတယ်။ အချိန်တွေကြာလာတော့လည်း ပျက်စီးသွားခဲ့တာပဲ။ အဲ့ဒါကြောင့် ပြုပြင်မွမ်းမံဖို့ လက်သမားတချို့ကို စေလွှတ်မယ်လို့ စဥ်းစားနေသေးတာ။"
"အရှင်မင်းမြတ်ရဲ့ စိုးရိမ်မှုက အချည်းနှီးဖြစ်သွားခဲ့ပုံပါပဲ။ လီမိသားစုက အရင်က ထင်ရှားတဲ့မိသားစုတစ်ခုပါ။ မိသားစုက ဆုတ်ယုတ်နေပေမဲ့ သူတို့ဘဝကို ဘယ်လို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းရမလဲဆိုတာ သိနေကြတုန်းပါပဲ။ လီကျင်လုံ ဘယ်မှာလဲ။ လီကျင်လုံ?!"
ယန်ကော်ကျုံး၊ လီလုန်ကျီး၊ ယန်ယွိဟွမ်၊ သခင်မကော်၊ သခင်မချင်း စသည်တို့သည် ခြံဝင်းထဲတွင် ရပ်နေကြ၏။
မိန်းမစိုး: "ခေါင်းဆောင်လီ၊ အရှင်မင်းမြတ် မင်းကို လာတွေ့နေတယ်!!"
"လီကျင်လုံ!"
ယန်ကော်ကျုံး: "လူတွေ ဘယ်မှာလဲ။ နတ်ဆိုးနှင်ဌာနမှာ လူရော ရှိသေးရဲ့လား။"
"ဘယ်သူလဲ ဘယ်သူလဲ ဘယ်သူလဲ။"
အားထိုက်က ပိုးသားညအိပ်ဝတ် အင်္ကျီဝတ်ပြီး ပြေးထွက်လာသည်။ ထို့နောက် ဟုန်ကျွင့်၊ ချိုယုံစစ်နှင့် မော့ရစ်ကန်းတို့သည်လည်း ခြေဗလာဖြင့် ပြေးထွက်လာကာ ဘယ်ညာ ကြည့်နေကြသည်။
...
လီလုန်ကျီး ယနေ့ဝတ်ထားသည်က ပေါ့ပေါ့ပါးပါး အဝတ်အစားပင်။ လီကျင်လုံခမျာ ပထမတစ်ချက်၌ သတိမထားမိသော်လည်း ယန်ကော်ကျုံးကိုတော့ သတိပြုမိသွားပြီး တုန်လှုပ်ချောက်ချားသွားတော့သည်။
"ဘာလို့ နေ့ခင်းကြောင်တောင်ကြီးကို အားလုံး အိပ်နေကြတာလဲ။"
လီလုန်ကျီးက ရယ်လျက် ဆို၏။
လူတိုင်း: "..."
လီကျင်လုံတစ်ယောက် အတွင်းစိတ်ထဲက သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။
"မနေ့ညက မိစ္ဆာတွေကို ဖမ်းဖို့ ထွက်သွားကြတော့ တစ်ညလုံး မအိပ်ခဲ့ရလို့ပါ။ ကျွန်တော်မျိုး စည်းကမ်းမတင်းကျပ်မိလို့ ခွင့်လွှတ်ပေးတော်မူပါ။"
စကားပြောပြီးနောက် လီကျင်လုံက ဒူးတစ်ဖက်ထောက်လိုက်ရာ လီလုန်ကျီးက သူ့ကို ကူညီရန် အလျင်အမြန် ခြေလှမ်းပြင်လိုက်တော့၏။ လီကျင်လုံ၏အနောက်တွင် ရပ်နေသော လူလေးယောက်ကို မြင်လိုက်သောအခါတွင် သူက ဝမ်းသာအားရဖြင့် ဆိုလိုက်သည်။
"မင်းတို့အားလုံးက လီကျင်လုံရဲ့ လက်အောက်ငယ်သားတွေလား။ နာမည် ဘယ်လိုခေါ်ကြလဲ။"
လူငယ်လေးယောက်က လက်သီးဆုပ်ကာ မတ်မတ်ရပ်နေကြပြီး ဂါဝရမပြုဘဲ ရိုးရိုးရှင်းရှင်းသာ ဖြေလိုက်သည်။ သူတို့၏အစဥ်အလာမှာ ပေါ့ပေါ့ပါးပါးသာဖြစ်ကာ ထန်မင်းဆက်၏ ဧကရာဇ်မင်းမြတ်ရှေ့တွင် ဒူးထောက်ရန် မလိုအပ်သည့်အပြင် ၎င်းတို့မှာ တရားဝင်ရာထူးများလည်း မရှိကြပေ။
မယဉ်ကျေးမလေးစားသည့် လူငယ်များကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ ၎င်းတို့အားလုံး ရပ်နေသော်လည်း တစ်ဖက်လူငယ်များက အရိုအသေ မပေးကြပေ။
ယန်ကော်ကျုံးက ပြစ်တင်ရှုံ့ချတော့မည်ဖြစ်သော်လည်း ယန်ယွိဟွမ်က ပြုံးကာ သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းရင်း အဆင်ပြေကြောင်း အချက်ပြလိုက်သည်။
"အားလုံးက ကျွန်မအစ်မရဲ့ ချင်းအာကို ရှာတွေ့အောင် ကူညီခဲ့ကြတာပဲဟာ။"
ယန်ယွိဟွမ်က နူးညံ့သည့် အပြုံးလေးဖြင့် ဆိုလေသည်။
"ဒီနေ့ အားလုံးကို ကျေးဇူးတင်ဖို့ ဒီကိုရောက်လာတာပါ။ ဒီချင်းအာက သူ(မ)ရဲ့အသက်သွေးကြောပဲ။ ဒီရက်ပိုင်း ကြောင်လေးကို ရှာမတွေ့လို့ ဆိုပြီး ငိုနေခဲ့တာမှ အကြိမ်ကြိမ်ပဲ။"
"ဟေး ဟေး ဟေး။"
သခင်မချင်းက ယန်ယွိဟွမ်၏စကားကို လျင်မြန်စွာ ကြားဖြတ်လိုက်ရာ လီလုန်ကျီးမှာ ရွှင်မြူးစွာ ရယ်နေတော့သည်။ ယန်ယွိဟွမ်၏ စကားများက ပတ်ဝန်းကျင်ကို အသက်ဝင်လာစေ၏။
ကျစ်ဝေးကြယ်၏ စောင့်ရှောက်မှုအောက်မှ လူသားကမ္ဘာ၏ဧကရာဇ်မင်းကို ဟုန်ကျွင့်အနေဖြင့် ပထမဆုံး အကြိမ်မြင်ဖူးခြင်းဖြစ်ရာ အလွန်အမင်း သိချင်စိတ်ရှိဖြင့် လီလုန်ကျီး၏မျက်နှာကို မထိန်းနိုင်ဘဲ စိုက်ကြည့်နေမိသည်။ ထိုသူ၏အသွင်အပြင်မှာ စွမ်းအင်ပြည့်နှက်နေပြီး ဘုန်းတန်ခိုးအာနုဘော် ရှိနေသည်ကို တွေ့ရသည်။
ဧကရာဇ်မင်းတစ်ပါး ဖြစ်သော်လည်း စကားပြောသောအခါ အလွန်လွတ်လပ်ပေါ့ပါးလှသည်။ မျက်ခုံးကြားတွင်လည်း နေစွမ်းအင်၏ အရိပ်အယောင်ကို သယ်ဆောင်ထားသေး၏။
ယန်ယွိဟွမ်၏ လှပသောမျက်နှာကလည်း တောက်ပသော လမင်းကဲ့သို့ နတ်ဆိုးနှင်ဌာန၌ ပေါ်လွင်ထင်ရှားနေသည်။ အရှင်မင်းမြတ်၏ ကြင်ယာတော်အနောက်က သခင်မချင်းကလည်း အနည်းငယ် လှပ၏။ အနောက်မှာရပ်နေသော သခင်မကော်မှာမူ အသက်အနည်းငယ်ပိုကြီးပြီး ဂုဏ်သိက္ခာရှိကာ စကားပြောရာတွင် လေးနက်သည့် အသုံးအနှုန်းကိုသာ သုံးလေသည်။
ယန်ကော်ကျုံးက အရပ်မြင့်မြင့်ဖြင့် လီကျင်လုံရှေ့တွင် ရပ်နေစဥ် လီကျင်လုံလည်း ခေါင်းငုံ့လိုက်လေ၏။
"ကျေးဇူးတင်ကြောင်း ပြောဖို့ ဒီကိုလာခဲ့တာပါ။"
ယန်ယွိဟွမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ထပ်ပြောလိုက်၏။
"ကြင်ယာတော်ရဲ့ကျေးဇူးတင်စကားအတွက် ဂုဏ်ယူမိပါတယ်!"
လီကျင်လုံကလည်း ကမန်းကတန်း ပြန်ပြောလိုက်သည်။ အခြားသူနှင့် ဟုန်ကျွင့်က ဤလူအုပ်စု၏ အသေးစိတ်တိုင်းကို မပျက်မကွက် မသိမသာဖြင့် ဝိုင်းကြည့်နေကြသည်။
"လာ။"
ယန်ယွိဟွမ်က ဟုန်ကျွင့်အကြိုက်ဆုံး မုန့်များအပြည့်ပါသော သေတ္တာလေးကို သူ(မ)ကိုယ်တိုင် ဖွင့်ပြီး ပြောလေ၏။
"အိမ်တော်ထိန်းက ဒီမှာ မုန့်စားရတာကြိုက်တဲ့ လူငယ်လေးတစ်ယောက် ရှိတယ်တဲ့။"
"မင်ကျစ်မင်မုန့်တွေ အများကြီးပဲ!"
ဟုန်ကျွင့်တစ်ယောက် မင်ကျစ်မင်မုန့်ကို တွေ့လိုက်ရသောအခါ ချက်ချင်းဆိုသလို မျက်လုံးအရောင်များ တောက်ပသွားသည်။
"အရမ်းစားလို့ကောင်းတဲ့မုန့်ပဲ!"
လီလုန်ကျီး: "..."
ယန်ကော်ကျုံး: "..."
လီကျင်လုံ: "…"
"ဘာတဲ့?"
ယန်ယွိဟွမ် ရှင်းရှင်းလင်းလင်း မကြားရသေးခင်မှာပင် လီကျင်လုံက ဟုန်ကျွင့်ဘက်ကို ချက်ချင်းလှည့်ပြောလိုက်သည်။
"မြန်မြန် ကျေးဇူးမတင်သေးဘူးလား။"
"ကျေးဇူးတင်ပါတယ်။"
ဟုန်ကျွင့်က ဝမ်းသာအားရ ထခုန်ပြီး မုန့်သေတ္တာလေးကို ယူလိုက်သည်။ သေတ္တာလေးမှာ သုံးထပ်ပါပြီး အားလုံးမှာ မုန့်မျိုးစုံဖြင့် ပြည့်လျှံနေ၏။ ယန်ယွိဟွမ်က လီကျင်လုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟုန်ကျွင့်ကိုလည်း တစ်ချက် ကြည့်လိုက်သည်။
နောက်ဆုံး လီကျင်လုံကို ပြုံးပြလိုက်သည်။
"ကျင်လုံ... အရှင်မင်းမြတ်က မင်းကို တစ်ခုခုပေးချင်တယ်လို့ ပြောခဲ့ပေမဲ့ ငါကတော့ ကိုယ်မြတ်နိုးရတဲ့သူ ပျော်ရွှင်နေတာကို မြင်ရတာက ကိုယ့်အတွက် ဘယ်လိုဆုလာဘ်မျိုးထက်မဆို ပိုကောင်းတယ်လို့ လျှောက်လိုက်တယ်။ ငါပြောတာ ဟုတ်တယ်မလား။"
လီကျင်လုံတစ်ယောက် ခဏတာမျှ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။ ထိုအခိုက် လီလုန်ကျီးက သူ့ပခုံးပေါ်တင်ကာ ဆို၏။
"လက်ထပ်ပြီး အခြေချဖို့ အချိန်တန်ပြီ။"
လီကျင်လုံတစ်ယောက် ဤအဆုံးအစ မရှိသော စာကြောင်းကို မတုံ့ပြန်နိုင်မီ အားထိုက်က ၎င်းကို ဦးစွာနားလည်သွားခဲ့ပြီး ထရယ်လေ၏။ ဟုန်ကျွင့်ကတော့ စိတ်ရှုပ်ထွေးနေကာ လူအများ၏ စည်းစိမ်ဥစ္စာနှင့် ကြွယ်ဝချမ်းသာမှုထဲ (မုန့်တွေ) ၌သာ သူ့ကိုယ်သူ ပျော်ရွှင်စွာ နှစ်မြှုပ်ထားခဲ့သည်။
သခင်မချင်းက အိမ်တော်ထိန်း၏အစီရင်ခံချက်ကို ဦးစွာနားထောင်ပြီးနောက် လီကျင်လုံက လူငယ်လေးတစ်ယောက်ကို အိမ်တော်ထဲ ကိတ်မုန့်များစားရန် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် ယန်ယွိဟွမ်သို့ သတင်းပို့ခဲ့သည်။
ထုံးစံအတိုင်း သူ(မ)တို့ညီအစ်မ သုံးယောက်စလုံးကလည်း ထက်မြက်သူများ ဖြစ်ကြ၏။ ပထမဆုံး လီကျင်လုံက အိမ်ထောင်မပြုရသေးသည့် အချက်မှ စတင်လိုက်သည်။ သူ့နောက်လိုက်ထဲတွင် လူငယ်ချောချောလေးတစ်ယောက် ရှိနေကြောင်း တွေ့လိုက်ရရာ ဤအကြောင်းကို သဘာဝကျကျ တွေးတောမိသွားသည်။ ဤလူငယ်ကို ဆုလာဘ်အဖြစ် မုန့်များ၊ ကိတ်မုန့်များပေးလျှင် ပိုကောင်းပေလိမ့်မည်။
ယနေ့ခေတ်တွင် ထန်မင်းဆက်၏ ရိုးရာဓလေ့များက ပွင့်လင်းလာပြီပင်။ လီလုန်ကျီးက လိင်တူချစ်သူများကို မနှစ်သက်သော်လည်း ယန်ယွိဟွမ်က ထိုကဲ့သို့ပြောနေသောကြောင့် သူ(မ)ကို လွှတ်ထားခဲ့ရသည်။
လီကျင်လုံလည်း ထိုလူများ၏ စကားလုံးနှင့် အမူအရာများကို သတိပြုမိပြီး အနည်းငယ် မှန်းဆကြည့်မိလေ၏။ ချက်ချင်းဆိုသလို သူ၏ ချောမောသော မျက်နှာအပါအဝင် နားရွက်များပါ နီရဲလာခဲ့တော့သည်။
ယန်ယွိဟွမ်က ထပ်ပြီး ပြုံးလိုက်ပြန်သည်။
"နောက်တာပါ။ ကျင်လုံက ဆုနဲ့ထိုက်တန်တုန်းပါပဲ။"
ထို့နောက် မိန်းမစိုးများက ငွေတုံး ၄၀ နှင့် အပြာရင့်ရောင် ပိုးထည်ဆယ်လိပ်အား ဆုချီးမြှင့်ခဲ့ရာ လီကျင်လုံလည်း အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်၏။ ယန်ကော်ကျုံးက လီကျင်လုံအား အဓိပ္ပာယ်ပါပါကြည့်နေစဥ် လီလုန်ကျီးနှင့် အခြားသူများက လှည့်ထွက်သွားခဲ့သည်။
"လာ၊ ချင်းအာ ခေါင်းဆောင်လီကို နှုတ်ဆက်လိုက်ပါဦး။"
သခင်မချင်းက ကြောင်၏ခြေဖဝါးကို ကိုင်လိုက်ပြီး လီကျင်လုံဆီကို ဝှေ့ယမ်းပြလိုက်သည်။ လီကျင်လုံက ကြောင်ကို ကိုင်ရမလား တွေဝေနေသောကြောင့် ဟုန်ကျွင့်က ထွက်လာခဲ့ပြီး ရယ်ရယ်မောမောဖြင့် ကြောင်၏ဦးခေါင်းလေးကို ထိလိုက်၏။ ကြောင်က လက်သည်းများကို ဆန့်ထုတ်လိုက်ပြီး ဟုန်ကျွင့်ဘက်သို့ စောင်း၍ ပွေ့ဖက်တော့မည့်နှယ် ပြုမူနေခဲ့သည်။
လီကျင်လုံက စိတ်ထဲမှ ညည်းညူနေခဲ့၏—ဒီဧည့်သည်တွေကို မြန်မြန်ပြန်ခွင့်ပေးလိုက်ပါတော့၊ ဘာဖြစ်လို့ ဆွဲထားနေရသေးတာလဲ။
ကံကောင်းထောက်မစွာဖြင့် သခင်မချင်းက ပြုံးရုံသာပြုံးပြီး ကြောင်ကို ပြန်ယူသွားခဲ့သည်။ သူ(မ)က ရထားလုံးပေါ်သို့ ကြော့ရှင်းစွာ တက်လှမ်းသွားခဲ့သည်။
"အရှင်မင်းကြီး လီရှန်းတောင်သို့ ကြွချီတော်မူပြီ...."
ဂုဏ်ပြုလက်နက်များ ခြံရံလျက် လုံဝူစစ်တပ်နှင့် ရှန်ဝူစစ်တပ် နှစ်ခုစလုံး လိုက်ပါလာသော ထိုယာဉ်တန်းကြီးက လမ်းကြားထဲမှ ထွက်ခွာ၍ လီရှန်းတောင်ခြေရှိ ဟွာချင်းရေပူစမ်းဆီသို့ ဦးတည်သွားသောအခါ ဟုန်ကျွင့်တစ်ယောက် အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့လေသည်။
ရိုးရှင်းသော အင်္ကျီအဖြူနှင့် ဘောင်းဘီရှည်များဝတ်ထားသော မိစ္ဆာနှင်သူများသာ ခြံဝင်းထဲမှာ ကျန်ရစ်ခဲ့၏။ အခြေအနေများအားလုံး ရှင်းလင်းသွားသည်ကို မြင်လိုက်ရမှသာ ငါးကြင်းမိစ္ဆာက ဝါးရုံတောထဲကနေ တိတ်တဆိတ်လျှောထွက်လာပြီး ရေကန်ထဲသို့ ဗွမ်းခနဲမြည်အောင် ငုပ်လျှိုးသွားတော့သည်။
***
Aurora Novel Translation Team