no

Font
Theme

အပိုင်း (၃၇)- မြက်ရိုးလက်စွပ် (၂)

အန္တရာယ်ကို သတိပြုမိတာဖြစ်ဖြစ်၊ သတိမပြုမိတာဖြစ်ဖြစ် မြေခွေးက ဟုန်ကျွင့်ကို စကားနှစ်မျိုး ပြောလာလိမ့်မည်။ လီကျင်လုံက နောက်ကွယ်မှလက်သည်သည် ခက်ခဲသည့်အခြေအနေထဲ ရောက်နေပြီဟု တွက်ချက်ထားပြီးသားပင်။ မဟုတ်ပါက တစ်ညတည်း ကျောင်းသားနှစ်ရာကျော် ပျောက်ဆုံးသွားခြင်းကို မည်သို့ရှင်းပြမည်နည်း။

ဤသည်မှာ နတ်ဆိုးနှင်ဌာနကို လက်ကိုင်တစ်ခု ပေးလိုက်ခြင်းပင်။

မေပယ်ရွက်များက လီရွှေတံတားအောက်တွင် ပျံဝဲနေပြီး ကျန်ရှိသော မေပယ်ရွက်များက မြစ်ကြောင်းအတိုင်း စီးဆင်းသွားကြသည်။ တုဟန်ချင်းသည် တံတားလက်ရန်းပေါ်မှီရင်း ရှုခင်းများကို ငေးမောကြည့်နေသည်။

"တုဟန်ချင်း!"

ဟုန်ကျွင့်က ပြုံးပြီး ခေါ်လိုက်၏။

"ဟုန်ကျွင့်?"

တုဟန်ချင်းက ချက်ချင်းဆိုသလို လှည့်ကြည့်လာသည်။ ဟုန်ကျွန့်ခမျာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားလေ၏။ တစ်ဖက်လူက သူလာမည့်အချိန်ကို စောင့်နေခဲ့ပုံပင်။ ထို့နောက် နှစ်ယောက်သား တံတားပေါ်တက်ပြီး တံတားပေါ်မှတစ်ဆင့် အရှေ့ဈေးသို့ ထွက်လာခဲ့ကြ၏။

တစ်ဖက်မှာတော့ လီကျင်လုံက ငါးကြင်းမိစ္ဆာကို သူ့လက်ထဲကိုင်ထားပြီး မော့ရစ်ကန်းနှင့်အတူ လမ်းကြားထဲပုန်းနေကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ ငါးကြင်းမိစ္ဆာလည်း အခြေအနေကို သဘောပေါက်သွားကာ တိုးတိုးလေး မေးလိုက်သည်။

“တွေ့ကုန်ကြပြီလား။”

"ရှူး...."

လီကျင်လုံက ငါးကြင်းမိစ္ဆာကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

ငါးကြင်းနတ်ဆိုး: "လောင်ချိုကို လာခိုင်းလိုက်ရင် ရပြီမဟုတ်ဘူးလား။ ခေါင်းဆောင်လီ မင်းက တကူးတကတောင် ပြေးလာသေးတယ်ပေါ့။"

လီကျင်လုံက ငါးကြင်းမိစ္ဆာ၏ ပါးစပ်ကိုပိတ်ကာ ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်။ ထိုစဥ် ဟုန်ကျွင့်နှင့် တုဟန်ချင်းတို့က လှည့်ထွက်သွားလေပြီ။

တောက်ပသော ဆောင်းဦးရာသီအောက်တွင် ဆယ်ကျော်သက်နှစ်ဦး ချန်အန်းဈေးကို ဖြတ်၍ ဘေးချင်းကပ် လမ်းလျှောက်လာခဲ့ကြသည်။ ဟုန်ကျွင့်က ကျောက်စိမ်းတစ်ပင် လေနှင်ရာအတိုင်း ယိမ်းနေသည်အလား ချောမောပြီး တုဟန်ချင်းမှာမူ နူးညံ့သိမ်မွေ့ကာ ဆွဲဆောင်မှုရှိ၏။ နှစ်ယောက်တွဲ၍ နေရောင်အောက်တွင် ရပ်နေပုံမှာ အမှန်ပင် လှပသော မြင်ကွင်းတစ်ခုအလား။

ဟုန်ကျွင့်: "ငါမင်းကို စာအုပ်ဆိုင် ခေါ်သွားပေးမယ်။"

တုဟန်ချင်း: "အမ်း၊ ဟုန်ကျွင့်၊ အဲဒီလူက ဘာလို့ ငါးကို ကိုင်ထားတာလဲ။"

ဟုန်ကျွင့် သူ့ခေါင်းကို လှည့်ကြည့်လိုက်သောအခါ လီကျင်လုံက ချက်ချင်း ခေါင်းလှည့်သွားပြီး ဈေးထဲက ငါးဆိုင်ကို မျက်နှာမူထားလိုက်သည်။ ငါးကြင်းမိစ္ဆာကို သူ့လက်ထဲတွင် ကိုင်ထားကာ ဆိုင်ရှင်နှင့် ညှိနှိုင်းချင်ယောင်ဆောင်နေ၏။

ဟုန်ကျွင့်တစ်ယောက် သူ ငါးကြင်းမိစ္ဆာကို သူ့နောက်ကျောပေါ် တင်ထားရသည်က ရယ်စရာကောင်းသည်ဟု မခံစားရသော်လည်း လီကျင်လုံ ငါးတစ်ကောင်ကို ကိုင်ထားပုံသည်အား တွေ့ရသောအခါ မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်လေသည်။

“ဟားဟားဟား၊ ဘယ်သူက ငါးကို ဒီလိုကိုင်ထားရလောက်အောင် တုံးနေတာလဲ!"

စျေးတစ်ခုလုံးတွင် လူအသွားအလာ များလွန်းလှရာ တစ်စုံတစ်ယောက်သည် ထိုအသံကြားသည်နှင့် ချာခနဲ လှည့်ကြည့်ကာ အကျယ်ကြီး လှောင်ရယ်နေတော့၏။

"ဟာဟားဟား ဒါ လီကျင်လုံ မဟုတ်ဘူးလား။"

လီကျင်လုံ: "..."

ထိုမှသာ ဟုန်ကျွင့်လည်း ထိုငါးက သူ့အိမ်မှငါးဖြစ်ကြောင်း သတိရလိုက်ပြီး ချက်ချင်းပင် ရှက်ရွံ့သွားလေသည်။ သို့ဖြင့် တုဟန်ချင်းကို အမြန်ဆွဲထုတ်ကာ စာအုပ်ဆိုင်ထဲသို့ ခေါ်သွားခဲ့သည်။

ဟုန်ကျွင့်: "ဒီမှာ စာအုပ်တွေ အများကြီးရှိတယ်။"

"အမ် ငါတကယ်တော့...."

တုဟန်ချင်းမှာ ဤနေရာသို့ တစ်ခါမျှမလာဖူးသည့် လျှို့ဝှက်ချက်ကြီး ပေါ်လုနီးနီး ဖြစ်သွားခဲ့သည်။

"ငါ ဒီကိုလာခဲတယ်။"

လီကျင်လုံက ငါးကြင်းမိစ္ဆာအား မော့ရစ်ကန်းလက်ထဲ ထည့်ပေး၍ စကားမပြောရန် အချက်ပြကာ စာအုပ်ဆိုင်ထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် စာအုပ်စင်နောက်တွင် ရပ်ကာ ထိုနှစ်ယောက် စကားပြောနေသည်ကို နားထောင်ရင်း ဟုန်ကျွင့်နှင့် တုဟန်ချင်းတို့ထံ ချဉ်းကပ်ခဲ့၏။ သို့သော် အချိန်အတော်ကြာအောင် သူတို့နှစ်ဦးက ကဗျာအကြောင်းသာ ပြောနေကြရာ လီကျင်လုံလည်း ဤမိစ္ဆာက အဘယ့်ကြောင့် လီပိုင်အကြောင်း ပြောနေလဲဟု တွေးကာ စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။

နောက်ဆုံးတွင် တုဟန်ချင်းက ဟုန်ကျွင့်၏ အကြံပြုချက်ကို လက်ခံခဲ့ပြီး သူနှင့်အတူ ညစာစားရန် နဂါးဂိတ်တံခါး စားသောက်ဆိုင်သို့ ခေါ်ဆောင်သွားခဲ့သည်။

လီကျင်လုံ: "..."

"ခေါင်းဆောင်။ ငါ ပိုက်ဆံယူလာဖို့ မေ့သွားတယ်။"

မော့ရစ်ကန်းက ငါးကြင်းမိစ္ဆာကို ကိုင်ထားကာ: "ပြန်ယူလိုက်မယ်။ မင်းငါ့ကို စောင့်နေ။ မင်းအရင် သွားထိုင်ထားနှင့်လိုက်။"

"မလိုဘူး ငါ့မှာ ပိုက်ဆံရှိတယ်။ မင်းအရင်ပြန်သွားလိုက်ပါ။ ဒီငါးကိုလည်း မြန်မြန် ခေါ်သွားလိုက်။"

...

စားပွဲထိုး ရောက်လာသောအခါ ဟုန်ကျွင့်လည်း ထိုနေ့က ငါးကြင်းမိစ္ဆာ မှာပေးသည့်ဟင်းလျာများကို ပြန်သတိရလာအောင် သူ့ခေါင်းလေးကို အလုပ်ပေးလိုက်သည်။

"ချွင်းရွှင်မွှေကြော်တစ်ပွဲဲ၊ ကြက်မည်းဟင်းရည်။"

ဟုန်ကျွင့် ဟင်းအားလုံးကို တုံ့ဆိုင်းစွာ မှာလိုက်သည်။ တုဟန်ချင်းက အံ့သြသွားပြီး မြန်မြန်လေး ဝင်ပြောလိုက်သည်။

"ဒီမှာက အရမ်းစျေးကြီးတယ်။"

"ကိစ္စမရှိပါဘူး။"

ဟုန်ကျွင့်က တုဟန်ချင်းကို ကြည့်ပြီး ပြုံးပြလိုက်သည်။ တုဟန်ချင်း၏မျက်လုံးလေးက အနည်းငယ် နီရဲလာပြီး တိုးတိုးလေးဆိုလိုက်သည်။

"ဒါက ငါ့ဘဝမှာ တစ်ယောက်ယောက် ဒီနေရာကိုခေါ်လာပေးတာ ပထမဆုံးအကြိမ်ပဲ။"

လေကာကန့်လန့်ကာ၏ နောက်ကွယ်တွင်တော့ စားပွဲထိုးက ထိုင်နေသည့် လီကျင်လုံကို မေးနေ၏။

"ဒီကလူကြီးမင်း ဘာစားချင်ပါလဲ"

"ရေတစ်ခွက်!"

လီကျင်လုံက မည်သည့်အချိန်များတွင် အလျှော့အတင်း လုပ်သင့်သလဲ သိသူပင်။

"ကောင်းပြီ! စစ်သူကြီးလီကျင်လုံက ဒီမှာ။ ရိုးရိုးရေတစ်ခွက်တဲ့!"

နဂါးဂိတ်တံခါး၏ ဒုတိယထပ်က စားပွဲထိုးများက တစ်ခန်းလုံးကြားအောင် ရယ်မောလိုက်ကြလေသည်။ လီကျင်လုံက အသက်ပြင်းပြင်းရှူရင်း ဘေးကစကားဝိုင်းကို ကြားရရန် လေကာမျက်နှာပြင်အနား အနည်းငယ် ကပ်ထိုင်လိုက်၏။

တုဟန်ချင်း: "ဘာတွေ ရယ်နေကြတာလဲ။"

ဟုန်ကျွင့်လည်း ၎င်းတို့တွေ လီကျင်လုံကို ဘာကြောင့် ထပ်ပြီးရယ်နေကြမှန်း မသိချေ။ သို့သော်လည်း လီကျင်လုံ ဘေးအခန်း၌ ရှိနေကြောင်း သိလိုက်သောအခိုက် ယနေ့၏ အဓိကတာဝန်အကြောင်း စကားပြောရမည် ဖြစ်ကြောင်း သတိရလိုက်မိသည်။

"မင်းရဲ့ရွာသားတွေကရော မင်းကို ချန်အန်းတစ်ဝိုက် လိုက်မပြဘူးလား။"

တုဟန်ချင်းက သက်ပြင်းတိုးတိုးလေးချပြီး ပြုံးလိုက်သည်။

"သူတို့မျက်လုံးထဲမှာတော့ ငါက လက်ဖက်ရည်ငှဲ့ပြီး ရေခတ်ပေးတဲ့ ကောင်လေးတစ်ယောက်ပဲ။"

လီကျင်လုံက ဘေးအခန်း၌ တိတ်ဆိတ်စွာထိုင်လျက် နှစ်ယောက်ကြားက စကားဝိုင်းကို နားထောင်နေ၏။

ဟုန်ကျွင့်: "မကြာခင် အဆင်ပြေသွားမှာပါ။"

"ဘယ်ကသာ၊ သူတို့ကို လက်ဖက်ရည်နဲ့ ရေ ဆက်သတဲ့ အလုပ်ကိုပဲ တစ်သက်လုံး လုပ်သွားရလောက်တယ်။ "

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ စာမေးပွဲပြီးရင် မင်းက တရားဝင်အရာရှိ ဖြစ်လာမှာ။"

ထိုအခါ တုဟန်ချင်းက အနည်းငယ်ပြုံးကာ မေးလာသည်။

"မင်းတို့မိသားစုမှာ လူဘယ်နှစ်ယောက်ရှိလဲ။ သူတို့က အရမ်းချမ်းသာလောက်တယ်၊ ဟုတ်တယ်မလား။"

ဟုန်ကျွင့်က ခဏလောက်စဉ်းစားပြီး ဖြေလိုက်၏။

"ငါရယ်၊ အဖေရယ်၊ ဦးလေးရယ် ရှိတယ်။ ဦးလေးအရင်းတော့ မဟုတ်ဘူး။ ငါလည်း သူ့ကို ဘာခေါ်ရမှန်းမလဲ မသိဘူး။"

ရိုးရိုးသားသား ပြောရလျှင် ချင်းရှုံကို ဘယ်လိုခေါ်ရမှန်း မသိသည်က အမှန်တရားတစ်ခုပင်။

"အာ? အားလုံးက ယောက်ျားလေးတွေလား။"

တုဟန်ချင်း အံ့အားသင့်သွားပြီး

“မင်းကို မွေးစားထားတာလား။"

"ဆိုပါတော့။ သူတို့ကြောင့် ငါ ကြီးပြင်းလာခဲ့တာ။ ငယ်ငယ်လေးကတည်းက အမေ မရှိခဲ့ဘူး။"

ထိုစကားတို့ကို ကြားလိုက်သော လီကျင်လုံ၏ နှုတ်ခမ်းထောင့်များက တွန့်သွားပြီး အံ့လည်းအံ့သြသွားခဲ့သည်။ ဟုန်ကျွင့်က သူတို့ကို သူ့မိသားစုအကြောင်း ပြောပြခဲသည် မဟုတ်ပါလား။

တုဟန်ချင်းက ပြုံးပြီး: "ငါပြောရမယ်ဆိုရင်တော့ မင်းကလေ အရွယ်ရောက်တဲ့လူနဲ့ မတူဘူး။"

ဟုန်ကျွင့်: "?"

တုဟန်ချင်းက သူ့ကိုယ်သူ ပြန်ကြည့်ကာ သက်ပြင်းချလိုက်သည်။

"တကယ်တော့ မင်း ငါ့ကို ဘာလို့ သဘောကျသွားတာလဲ မသိဘူး။"

ဟုန်ကျွင့် လန့်သွားသည်။

'မင်းကို ကြိုက်တယ်? ဘာကိုဆိုလိုတာလဲ။ ငါ မင်းကို မကြိုက်ပါဘူးနော်'

ထိုအခိုက် လီကျင်လုံ၏အမူအရာကလည်း ရုတ်တရက် လေးနက်လာသည်။

တုဟန်ချင်း: "မင်းလို သူငယ်ချင်းတစ်ယောက် ရသွားတာ အရမ်းပျော်ပါတယ်။ ငါက ချန်အန်းမှာ သူငယ်ချင်း များများစားစားမရှိဘူး။ မင်း အားလပ်ချိန်တွေရှိရင် ငါ့ကို တော်ဝင်ကျောင်းတော်ဆီ လာရှာပေါ့။"

ဟုန်ကျွင့်က ခေါင်းညိတ်လိုက်သည်။ လီကျင်လုံကလည်း ယခုအချိန်၌ ဟုန်ကျွင့်ကို မြေခွေးမိစ္ဆာက အန္တရာယ်မပြုသေးကြောင်း သေချာသလောက်ပင်။ သို့ဖြင့် အနည်းငယ် စိတ်လျှော့ကာ သူ့ရှေ့က ရေကိုသောက်ရင်း နှစ်ယောက်ကြားက စကားဝိုင်းကို ဆက်နားထောင်နေလိုက်သည်။

တစ်ဖက်မှာတော့ စားပွဲထိုးက ဟင်းလျာများကို ယူလာပေးနေလေပြီ။ တုဟန်ချင်းက ဟုန်ကျွင့်၏ မိသားစုနောက်ခံကို အလွန်စိတ်ဝင်စားနေခဲ့သည်။ သူက မေးခွန်းများစွာ မေးခဲ့ပြီး ဟုန်ကျွင့်ကလည်း အရေးမကြီးသော အဖြေများကိုသာ ရွေးချယ်ဖြေခဲ့၏။ သူ့လက်ထဲတွင် စက္ကူအိတ်သေးသေးလေးကို ကိုင်ထားပြီး ထိုအိတ်ထဲ၌ အသစ်လုပ်ထားသော ဆေးမှုန့်များ ပါလေသည်။

ဟုန်ကျွင့်တစ်ယောက် အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့ကာ အိတ်ဖွင့်မည့် အခွင့်အရေးလည်း မရခဲ့ပေ။

ဟုန်ကျွင့် တုဟန်ချင်းထံမှ သတင်းတစ်စုံတစ်ရာမျှ မရခဲ့ဘဲ တုဟန်ချင်းကသာ သူ့ဘက်က အချက်အလက်များကို ရသွား၏။ ထိုစကားကို ကြားလိုက်ရသည့် လီကျင်လုံမှာ တုန်လှုပ်သွားခဲ့သည်။ ၎င်းမှာ ဟုန်ကျွင့်တစ်ယောက် နတ်ဆိုးနှင်ဌာနကို မတော်တဆ ရောင်းစားမိသွားမည်ကို စိုးရိမ်သောကြောင့်ပင်။

အဆုံးတွင် တုဟန်ချင်းက အလွန်ပျော်ရွှင်နေပုံရပြီး ဖွင့်ဟပြောလာတော့သည်။

"ဟုန်ကျွင့်၊ ငါ မင်းကို အရမ်းကြိုက်တယ်။"

ဟုန်ကျွင့် ရှက်ရွံ့လာပြီး စိတ်ထဲတွင် အပြစ်ရှိသလို ခံစားလာရသောကြောင့် အကြောင်းအရာကို ပြောင်းလဲရန် ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့သည်။ တုဟန်ချင်းမှာ ဟုန်ကျွင့်၏ ဤတုံ့ပြန်မှုကို မျှော်လင့်ထားပုံရကာ သက်ပြင်းကို တိုးတိုးလေး ချလိုက်၏။

ညနေစောင်း နေဝင်ရီတရော၏ ဗုံသံတို့အောက်၌ ဟုန်ကျွင့် တုဟန်ချင်းကို တော်ဝင်ကျောင်းတော်တံခါးဝဆီသို့ လိုက်ပို့ပေးခဲ့သည်။

"ငါသွားပြီ။ မင်း၊ မင်းကိုယ်မင်း ဂရုစိုက်ပါ။"

တုဟန်ချင်းက လှည့်ကြည့်လာ၏။ သူက ဟုန်ကျွင့်ကို ပြုံးပြပြီး အဖြူရောင်ကျောက်တုံးလေးကို မြက်ကြိုးလေးနှင့် ချည်ထားသော လက်စွပ်ကို ပေးလိုက်သည်။

"မင်းပေးခဲ့တဲ့ ကျောက်စိမ်းဗုဒ္ဓကို ငါအရမ်းကြိုက်တယ်။ ဒီလက်စွပ်က မင်းအတွက်ပါ။ ငါ့မှာ ကျောက်စိမ်းတော့ မရှိဘူး။ ငါ မင်းကို ကျောက်ခဲပဲ အစားထိုးပေးနိုင်တယ်။ မင်း စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်။"

ဟုန်ကျွင့် လက်စွပ်လေးကိုယူကာ ခေါင်းညိတ်ပြလိုက်သည်။

တုဟန်ချင်းက ဆက်ပြောလာသည်။

"စာမေးပွဲပြီးရင် မြို့ပြင်ကို အတူတူထွက်ကစားရအောင်။"

"ကောင်းပြီ။"

ဟုန်ကျွင့် သူ့ကို ပြန်သွားခိုင်းလိုက်သည်။ ထို့နောက် တုဟန်ချင်းလည်း တော်ဝင်ကျောင်းတော်ထဲ ပြန်ဝင်သွား၏။ ဗုံတီးသံ ရပ်သွားသောအခါတွင် ဟုန်ကျွင့်လည်း အနည်းငယ် စိတ်ပျက်သွားသလို ခံစားရပြီး ရှည်လျားသော လမ်းမပေါ် တစ်ယောက်တည်း လမ်းလျှောက်လာခဲ့သည်။ ဆောင်းဦးနှောင်းပိုင်းက စောစောမှောင်တတ်၍ တစ်မြို့လုံး မှောင်နေလေပြီ။

"မင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။"

လီကျင်လုံ၏အသံက လမ်းဘေးမှ ရုတ်တရက် ထွက်ပေါ်လာခိုက် ဟုန်ကျွင့် ထိတ်လန့်သွားလေ၏။ သို့သော် စိတ်အခြေအနေ သိပ်မကောင်းသောကြောင့် တိုးတိုးလေးသာ ဖြေလိုက်သည်။

"ဘာမှမဖြစ်ပါဘူး။"

လီကျင်လုံက အရပ်ရှည်ရှည်၊ တောင့်တောင့်ဖြောင့်ဖြောင့် ခန္ဓာကိုယ်မျိုးရှိကာ ယနေ့ နက်ပြာရောင် ကိုယ်ခံပညာဝတ်ရုံကို ၀တ်ထားသည်။ ၎င်းက ကြင်ယာတော်ယန် ပေးအပ်ခဲ့သော အထည်မှ ချုပ်လုပ်ထားခြင်းဖြစ်ပြီး သူ၏ရုပ်ရည်ချောမောမှုကို ပိုမိုထင်ပေါ်သွားစေသည်။

ဟုန်ကျွင့် တစ်ဖက်လူကို အချိန်အကြာကြီး စိုက်ကြည့်နေမိ၏။ ထို့ကြောင့် လီကျင်လုံမှာ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ရသည်။

"ကြည့်ကောင်းလား။"

ဟုန်ကျွင့်က ခေါင်းညိတ်ပြသည်။

လီကျင်လုံ: "မင်းမှာလည်း တစ်ခုရှိတယ်။ မနက်ဖြန်မှာ ပထမဆုံးတာဝန်ကို ထမ်းဆောင်ရမယ်။ ငါတို့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ပြင်ထားရမယ်။ အားလုံးလည်း ဒီလိုဝတ်ရုံကို ဝတ်သွားကြမယ်။"

ဟုန်ကျွင့်က "အွန်း" ဟုသာ ပြောလိုက်ပြီး လီကျင်လုံနှင့်အတူ နတ်ဆိုးနှင်ဌာနကို ပြန်လာခဲ့သည်။

လီကျင်လုံ: "မင်း စိတ်ဆိုးနေတာလား။"

ဟုန်ကျွင့် "အွန်း" ဟုသာ ထပ်ပြောပြန်သည်။

"ငါက အဲဒီမြေခွေးလေးကို လွှတ်ပေးမယ်လို့ သဘောမတူခဲ့လို့လား။"

ဟုန်ကျွင့် ခဏလောက်စဉ်းစားပြီးမှ ပြန်ဖြေဖို့ သတ္တိမွေးလိုက်သည်။

"ခေါင်းဆောင်လီ၊ ခင်ဗျားမျက်လုံးထဲမှာ မိစ္ဆာတွေက သိပ်ရက်စက်တာပဲလား။"

လီကျင်လုံက မျက်မှောင်ကြုတ်ကာ ပြောသည်။

"ဟုန်ကျွင့်၊ မင်း မိစ္ဆာတွေကို လူသားတွေလို ဆက်ဆံလို့မရဘူး။ သတ္တဝါတွေက လူသားတွေရဲ့ စိတ်ခံစားမှုတွေရှိပြီး သူတို့က လူသားတွေလို ဟန်ဆောင်နေလိမ့်မယ်။ သူတို့က မင်းကို အသုံးချနေတာ။ မြေခွေးမိစ္ဆာအားလုံးက တစ်စုံတစ်ယောက်နဲ့ အတူနေချင်ကြတာ။ အဲဒီနေ့က ကျင့်ယွင်ပြောခဲ့တာကို မင်းနားမကြားလိုက်ဘူးလား။ သူတို့စကားတွေထဲမှာ ဘယ်ဟာက အစစ်အမှန်၊ ဘယ်ဟာက အတုအယောင်လို့ ထင်လဲ။"

"ဒါပေမဲ့……"

"ဒါပေမဲ့ မလုပ်တော့နဲ့။ သူက မင်းကို အသုံးချနေတာ။ မင်း လွယ်လွယ်နဲ့ လှည့်စားမခံရအောင်နေလို့ မရဘူးလား။"

လီကျင်လုံ စိတ်လှုပ်ရှားနေချိန်တွင် သူ၏ဗိုက်က ရုတ်တရက် "ဂွီ" ဟူသော အသံတစ်သံ မြည်လာတော့သည်။

ဟုန်ကျွင့်: "..."

ဟုန်ကျွင့်တစ်ယောက် စိတ်ထဲမှနေ၍ 'သူ သေချာပေါက် ဗိုက်တအားဆာနေလောက်ပြီ။ ဗိုက်ဆာတဲ့သူက ဒေါသအရမ်းကြီးတယ်တဲ့' ဟု တွေးလိုက်သည်။

လီကျင်လုံ: "မင်းက တခြားသူတွေကို ယုံလွယ်လွန်းတယ်။ သူက မင်းကို သွေးဆောင်နေတာ။ ဒီနေ့ မင်းကိုပြောခဲ့တာက မင်းကျေနပ်အောင် လုပ်ပြနေတာ၊ မင်း သနားသွားအောင် ဟန်ဆောင်နေတာ ဖြစ်နိုင်တယ်။ ဒါတွေအကုန်လုံး သူလိမ်ထားတာတောင် ဖြစ်နေနိုင်တယ်။ ဒါ့အပြင် မနက်ဖြန် ငါတို့က သူတို့မိသားစုဝင်တွေကို သတ်ပစ်တော့မှာ။ သူ့ကို လွှတ်လိုက်ရင် လက်စားချေဖို့ ပြန်မလာဘူးလို့ မင်း ပြောနိုင်လား။"

ထို့နောက် လီကျင်လုံ၏ဗိုက်က ထပ်မံမြည်လာပြန်၏။ ဟုန်ကျွင့် နောက်ဆုံးတွင် မထိန်းနိုင်ဘဲ တဟားဟား ရယ်ချလိုက်သည်။

လီကျင်လုံ ဒေါသတကြီးဖြင့်: "မရယ်နဲ့!"

ဟုန်ကျွင့်လည်း သူနှင့် စကားမပြောချင်တော့ကြောင်း သူ့လက်ကို ဝှေ့ယမ်းပြလိုက်သည်။ လီကျင်လုံလည်း သူ့အနောက်မှလိုက်၍ နတ်ဆိုးနှင်ဌာနဆီ ပြန်သွားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ အားလုံးက ညစာစားရန် စောင့်နေကြသောကြောင့် လီကျင်လုံပြန်လာသည်နှင့် ထရပ်လိုက်သည်။ တာဝန်များ ပြီးမြောက်အောင်မြင်သွားလေပြီ။

ဟုန်ကျွင့်က လက်စွပ်လေကို စားပွဲပေါ်တင်လိုက်သည်။

"ထမင်းစားပြီးပြီ။"

သူက ထိုသို့ပြောပြီးနောက် အခန်းထဲ ဝင်သွားခဲ့သည်။

"လက်စွပ်ကို မြက်တွေနဲ့ ထုံးထားတာပဲ။"

အားထိုက်က တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မြေခွေးက ဟုန်ကျွင့်အတွက် သူ့ကိုယ်သူ ပေးဆပ်ချင်နေတာ ဖြစ်ရမယ်။"

လီကျင်လုံက ကွင်းပြင်ကို ဖြတ်လျှောက်ကာ လိုက်သွားသော်ငြားလည်း တံခါးပိတ်ထားသော ဟုန်ကျွင့်ကို တွေ့လိုက်ရသောကြောင့် ထမင်းဝိုင်းဆီကိုသာ ပြန်လှည့်လာရတော့၏။ မနက်ဖြန် သူတို့၏အစီအစဉ်က ဘာပြဿနာမှမရှိဘဲ အဆင်ပြေချောမွေ့သွားလိမ့်မည်ဟု ယုံကြည်စိတ်ချနေကြသည့်အတွက် သူ၏အပေါင်းအပါများက သူ့ကို နောက်ထပ်ဘာမှ ထပ်မမေးကြတော့ပေ။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment