အပိုင်း (၃၆) - မြက်ရိုးလက်စွပ် (၁)
"ခေါင်းဆောင်ပြောတာ မှန်တယ်။ ဒါက တကယ့်အမှုကြီးပဲ။"
ချိုယုံစစ်က ပြောပြီးနောက် နတ်ဆိုးနှင်ဌာနထဲကို ဦးစွာ လှမ်းဝင်သွားခဲ့သည်။ မတိုင်ခင်က လူစုပြီး ဆွေးနွေးနေကြသူတို့သည် လူနှစ်ယောက် ပြန်ရောက်လာသည်ကို တွေ့သည့်အခိုက် ငြိမ်သက်သွားကြ၏။
လီကျင်လုံသည် နတ်ဆိုးနှင်ဌာန၏တံခါးကို ပိတ်ပြီး ကွင်းပြင်ထဲတွင် ထိုင်နေကြသည့် လူတိုင်းဘက် ပြန်လှည့်လိုက်သည်။ ထိုအခိုက် ချိုယုံစစ်က ပြုံးပြီး အရင်ထပြောလိုက်သည်။
"ဟုန်ကျွင့်က မိစ္ဆာတစ်ကောင်ကို ဆွဲဆောင်ထားပြီ!"
လူတိုင်း စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
"မဟုတ်ဘူး။ အဲဒါကို ထည့်မတွက်ဘူး။"
ဟုန်ကျွင့်က ပြောပြီး သူနှင့် ချိုယုံစစ်တို့၏ ကောက်ချက်ချမှုများကို အကျဉ်းချုံး၍ ရှင်းပြလိုက်သည်။
လီကျင်လုံ: "တော်ဝင်ကျောင်းတော်မှာ မိစ္ဆာဘယ်နှစ်ကောင်ရှိလဲ။"
ချိုယုံစစ်က ပြန်ဖြေသည်။
"ရှင်းရှင်းလင်းလင်းတော့ မသိရသေးဘူး။ ငါတို့ ဆက်စုံစမ်းဖို့ လိုသေးတယ်။ အကြမ်းဖျင်း ခန့်မှန်းချက်က တစ်ရာထက်မနည်း ရှိနေနိုင်တယ်။"
လီကျင်လုံ အသက်ပြင်းပြင်းရှူပြီး ပြန်ဖြေလိုက်သည်။
"တုန်လှုပ်စရာကောင်းတဲ့ အမှုတစ်ခုပဲ။"
အားထိုက်: "ဖျင်ကန်းလီမှာရှိတဲ့ ပြည့်တန်ဆာတွေ အားလုံးကို စစ်ဆေးပြီးပြီ။ မိစ္ဆာတွေ မရှိတော့ဘူး။ အဲဒီမြေခွေးမိစ္ဆာသုံးကောင်က လွန်ခဲ့တဲ့ တစ်နှစ်လောက်က ရောက်လာခဲ့တာ။"
ဟုန်ကျွင့်တစ်ယောက် စိတ်ထဲမှ ကောင်းကင်ကို ကျေးဇူးတင်ကြောင်း ပြောနေစဥ် လီကျင်လုံက စကားဝင်ဆက်လိုက်သည်။
"ဒါဆို လုပ်ငန်းစဥ်က အရမ်းသိသာထင်ရှားနေပြီ။ အခု ငါတို့လုပ်ရမှာက..."
ဟုန်ကျွင့် ကပျာကယာဖြင့်: "ခဏနေဦး။ အသေးစိတ် ပြောရအောင် ခင်ဗျားတို့အတွက်က သိသာပေမဲ့ ကျွန်တော့်အတွက်ကတော့ မသိသာဘူးလေ။"
ဤလူအုပ်စုသည် ၎င်းတို့စိတ်ထဲက အရာများကို တွက်ဆတိုင်း "သိသာထင်ရှားသော" စွမ်းအားကို အမြဲအသုံးပြုတတ်သည်။ လီကျင်လုံမှာ သူ့ကို အထူးဂရုစိုက်ကာ ရှင်းပြရန်မှလွဲ၍ ရွေးချယ်စရာမရှိသလို ဖြစ်သွား၏။
“လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက မြေခွေးမိစ္ဆာတွေ ချန်အန်းကို သိမ်းပိုက်ဖို့ စတင်ကျူးကျော်လာကြတာ။ အဲဒီသုံးကောင်က ယီရှီးလန်ထဲကို အရင်ဝင်လာကြတယ်။ ဘာလို့အဲ့နေရာကို ရွေးခဲ့တာလဲဆိုရင် ယီရှီးလန်က စာသင်သားတွေ အပန်းဖြေဖို့ အကြိုက်ဆုံးနေရာပဲလေ။”
အားထိုက် ဆက်၍: "ပထမစာသင်သားက ဖျင်ကန်းလီဘက်ကို ရောက်လာချိန်မှာ လိင်ဆက်ဆံပြီးတော့ မြေခွေးမိစ္ဆာက သူ့ကို အလောင်းခြောက်ဖြစ်သွားအောင် လုပ်ပစ်လိုက်တယ်။ ပြီးတော့ မြေခွေးမိစ္ဆာတစ်ကောင်က အဲ့လူနေရာကို အစားထိုး ဝင်လိုက်တယ်။"
ဟုန်ကျွင့် သဘောပေါက်သွားသည်။
လီကျင်လုံ: "ယီရှီးလန်မှာ လူတွေက ဝင်လိုက်ထွက်လိုက် လုပ်နေကြတာ။ အဲဒီမြေခွေးသုံးကောင်ကလည်း စာသင်သား ကိုယ်စားလှယ်လောင်းတွေကို အတိအကျ ရွေးထားတာ။ တစ်ကောင်ကို သတ်လိုက်တိုင်း သူတို့ညီငယ်တွေကို သိမ်းပိုက်ခွင့် ပေးထားလိုက်တယ်။ ရလဒ်အနေနဲ့က တော်ဝင်ကျောင်းတော်မှာ စာသင်သားတွေ များလာလေလေ မြေခွေးမိစ္ဆာတွေ ဖြစ်လာလေပဲ။ စာသင်သားတွေကတော့ အလောင်းခြောက်တွေ ဖြစ်လာပြီး စွန့်ပစ်ခံလိုက်ရတာ။"
ဟုန်ကျွင့် အံ့အားသင့်သွားသည်။
"ဒါဆို အဲဒီနေ့က အိပ်ရာအောက်မှာတွေ့တဲ့ အလောင်းခြောက်က!"
"ဟုတ်တယ်!"
လီကျင်လုံသည် ဟိုဟိုသည်သည် လျှောက်လှမ်းရင်း စကားဆက်လိုက်သည်။
"အဲဒါက သေပြီးသားလူသစ် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကျင့်ယွင်က အလောင်းကိုစွန့်ပစ်ဖို့ မေ့သွားတာ ဖြစ်နိုင်တယ်။ တိုတိုပြောရရင် သူ(မ) ကိုင်တွယ်ဖြေရှင်းဖို့ အချိန်မရသေးခင်မှာ ငါတို့က အလောင်းကို မတော်တဆ တွေ့သွားခဲ့တာ။ ဒဏ်ရာရထားတာတောင် အလောင်းကို မရမက မီးရှို့သွားရတဲ့ အကြောင်းရင်းက အစားထိုးကို တွေ့သွားမှာ ကြောက်နေလို့ပဲ။”
ချိုယုံစစ်: "အဲဒီမြေခွေးတွေက စာသင်သား ဖြစ်လာကြပြီ။ နောက်လရဲ့ ငါးရက်မြောက်နေ့ တော်ဝင်စာမေးပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြပြီးရင် သူတို့တွေက များပြားလှတဲ့ တရားဝင်ရာထူးတွေကို ရသွားကြလိမ့်မယ်။ ပြီးရင် ချန်အန်းတစ်ခွင်လုံး...."
ဤသို့ ပြောပြလိုက်သောအခါ အားလုံး တုန်လှုပ်သွားကြလေတော့သည်။
လီကျင်လုံ: "ဒါက မိစ္ဆာမျိုးနွယ်ရဲ့နယ်မြေ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ နောက်ထပ်အချက်တစ်ချက် ရှိပါသေးတယ်။ မြေခွေးမိစ္ဆာတွေ စာမေးပွဲမှာ အောင်မြင်မယ်လို့ ဘယ်လို အာမခံနိုင်မှာလဲ။"
ဟုန်ကျွင့်လည်း ဤကိစ္စမှာ အနည်းငယ် ရယ်စရာကောင်းသည်ဟုသာ ခံစားလိုက်ရသည်။ မြေခွေးအုပ်စုက တော်ဝင်စာမေးပွဲဖြေဆိုရန် ရောက်လာခဲ့ကြ၏။
လီကျင်လုံ လူတိုင်းကို တစ်ချက် ကြည့်လိုက်ပြီး ဆက်ပြော၏။
"အဲဒါကြောင့် နန်းတော်ထဲမှာ တစ်ယောက်ယောက် ရှိနေတယ်။ အဲဒီလူက ချန်အန်းရဲ့မိစ္ဆာဘုရင် မဟုတ်ရင်တောင် မိစ္ဆာဘုရင်ရဲ့ လက်အောက်ခံဖြစ်ရမယ်။ သူ့မှာ တော်ဝင်စာမေးပွဲကို ကိုင်တွယ်ထားဖို့ တာဝန်ရှိလိမ့်မယ်။ မြေခွေးမိစ္ဆာတွေ စာမေးပွဲဖြေနိုင်ဖို့နဲ့ စာတွေကို ကြိုတင်ပြင်ဆင်နိုင်စေဖို့ မေးခွန်းတွေကို ပေါက်ကြားအောင် လုပ်ပေးလို့ရတယ်။"
"အရပ်ဘက်အရာရှိများလား။"
ချိုယုံစစ် ရေရွတ်လိုက်သည်။
"မသေချာဘူး။"
အားထိုက်ကလည်း ဖြည်းညင်းစွာ ဝင်ပြောလာ၏။
လီကျင်လုံ: "မြေခွေးမိစ္ဆာတွေမှာ စွမ်းရည်အများကြီး မရှိဘူး။ လူသားတွေအဖြစ် အသွင်ပြောင်းနိုင်သရွေ့ သူတို့ရဲ့ လူအသွင်ပြောင်းတဲ့ စွမ်းအင်က တော်တော်လေး အောင်မြင်နေပြီ။ ငါ ဒီရက်ပိုင်း နယ်စားမင်းတိရဲ့ မှတ်တမ်းတွေကို ဖတ်ကြည့်မိတယ်။ သူရေးထားတဲ့ သဘောတရားအရဆို အဲဒီလူက မြေခွေးမိစ္ဆာတွေကို ပြုစုပျိုးထောင်ပေးထားတာ။ ဖေးအောင်က အဲ့မြေခွေးမိစ္ဆာတွေကို အကာအကွယ် ပေးနေတဲ့ ခွေးသာသာပဲ။"
မော့ရစ်ကန်းက အသံတိုးတိုးဖြင့်: "အခု အရေးကြီးဆုံးအချက်က တရားရုံးထဲကလူရဲ့ အထောက်အထားပဲ။ သူက စာမေးပွဲမေးခွန်းတွေနဲ့ ထိတွေ့နိုင်ရုံတင်မကဘူး အဆက်အသွယ်တွေလည်း ရှိနေလောက်တယ်။"
လီကျင်လုံ: "ကိစ္စမရှိပါဘူး။ ငါတို့ သူ့ရဲ့လက်အောက်ငယ်သားတွေ အားလုံးကို ဖယ်ရှားပြီးရင် တစ်နည်းနည်းနဲ့တော့ သေချာပေါက် ပေါ်လာမှာပဲ။ ဒီအမှုကို နိဂုံးချုပ်ပြီးတာနဲ့ ငါတို့ဘက်က သူ့ကို ဖယ်ရှားချင်နေပြီ ဆိုရင်တောင် သူ့ဘက်ကလည်း သေချာပေါက် ငါတို့ကို ရှင်းပစ်ချင်မှာပဲ။"
"ဟုန်ကျွင့်၊ ငါ့ရဲ့ခန့်မှန်းချက်သာ မှန်ရင် မင်းရဲ့နောက်ဆုံးဓားပျံက သူတို့သခင်ရဲ့ လက်ထဲမှာပဲရှိရမယ်။ လုပ်ကြရအောင်။ ဒီရက်ပိုင်းအတွင်းထဲမှာ အားလုံး နည်းနည်းတော့ ပင်ပန်းကြလိမ့်မယ်။ အားထိုက်၊ ချိုယုံစစ်နဲ့ မော့ရစ်ကန်း.. မင်းတို့ အရင် အနားယူကြ။ ဒီညအတူတူ လှုပ်ရှားကြမယ်။ တော်ဝင်ကျောင်းတော်ထဲ ဝင်ပြီးရင် မိစ္ဆာတွေရှိတဲ့ နေရာတွေအားလုံးကို အမှတ်အသားတွေနဲ့ သွားမှတ်ထားကြမယ်။ ဟုန်ကျွင့်! မင်းက ငါ့ကိုကူပြီး ဆေးနည်းနည်း ပြင်ဆင်ပေးပါဦး။"
လီကျင်လုံ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သော်လည်း ရုတ်တရက် နောက်ပြန်လှည့်ကာ ဘယ်ဘက်လက်သီးကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် အားလုံးက သူ၏လက်သီးကို လက်သီးဖြင့် တိုက်သွားကာ ပြင်ဆင်မှုများ ပြုလုပ်ရန် ထွက်သွားကြလေ၏။
…
ယနေ့ညတက လမင်းသည် တိမ်အချို့ကြောင့် ဖုံးအုပ်ခံလိုက်ရရာ ပတ်ဝန်းကျင်က မှောင်မိုက်သွားပြီး လေပြင်းတို့ တိုက်ခတ်လာခဲ့သည်။ ချိုယုံစစ်၊ အားထိုက်နှင့် မော့ရစ်ကန်းတို့သည် တော်ဝင်ကျောင်းတော်ထဲသို့ အသံတိတ် ခိုးဝင်ခဲ့ကြသည်။
ချိုယုံစစ်: "ငါတို့ မိစ္ဆာမှန်တစ်ချပ် လိုတယ်လို့ ခံစားရတယ်နော်။ မိစ္ဆာတွေကို ခွဲခြားဖော်ထုတ်ရတာ ပင်ပန်းလို့ သေတော့မယ်။"
"တစ်ခုလောက် လုပ်ကြမလား။"
အားထိုက်လည်း ထိုသို့ ခံစားမိ၏။ သူက အိပ်ခန်းထဲသို့ ချောင်းကြည့်လိုက်သည်။
အားထိုက်: "အဲ့တစ်ယောက်က မိစ္ဆာနဲ့တူလား။"
မော့ရစ်ကန်းလည်း ခုတင်ပေါ်မှာ လဲလျောင်းနေသော စာပေပညာရှင်တစ်ဦးကို တွေ့စဥ် လှည့်ပြောလာသည်။
"အမှားလုပ်မိပြီး သတ်တာထက် လွှတ်ထားလိုက်တာ ပိုကောင်းမယ်။ ဆယ်နှစ်လောက် ပြင်းပြင်းထန်ထန် စာသင်ခဲ့တာလေ။ တကယ်လို့ အမှားလုပ်မိရင် ဘဝပြတ်ပြီပဲ။"
ချိုယုံစစ်: "ဟုတ်တယ်၊ ငါ သူ့ကို ခန်းမထဲမှာ မြင်ဖူးတယ်။ လုပ်လိုက်ရအောင်။"
အားထိုက်က သူ၏ယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဆေးမှုန့်အချို့က မြေခွေးမိစ္ဆာ၏ ၀တ်ရုံထောင့်သို့ ကျရောက်ခဲ့ပြီး အလွန်သေးငယ်သော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။ မော့ရစ်ကန်းက အခြားပြတင်းပေါက်ကို ဖွင့်ကြည့်ပြီးနောက် လက်ဝှေ့ယမ်းကာ လာကြည့်ရန် လှုံ့ဆော်လိုက်လေ၏။
အခန်းထဲမှာ လူခြောက်ယောက် အိပ်ပျော်နေကြသည်။ မော့ရစ်ကန်းက သူ့လက်ကို ဖြန့်လိုက်သောအခါ သံခေါင်းမြားခုနှစ်စင်းသည် မိစ္ဆာအငွေ့အသက်ကို အာရုံခံမိသည့်နှယ် တဆတ်ဆတ် တုန်ခါသွားကြသည်။
"သူတို့အကုန်လုံးပဲဟ။"
ချိုယုံစစ်က ဆိုလိုက်၏။
"ကြည့်စမ်း။ သူတို့ထဲက မြေခွေးတစ်ကောင်က သူ့အမြီးကိုတောင် ထုတ်ပြီး အိပ်ပျော်နေတယ်။ လူအစစ်တွေကို အခန်းထဲမှာ အိပ်ခွင့်မပေးထားဘူး။ မဟုတ်ရင် သူတို့ရဲ့လျှို့ဝှက်ချက်တွေ အလွယ်တကူ ပေါ်ကုန်မှာ။"
အားထိုက်က ၎င်းတို့တစ်ကောင်ချင်းစီကိုပါ မှတ်သားထားလိုက်သည်။ ချန်အန်း၏ ဆောင်းဦးနှောင်းပိုင်း ကာလမှာ အေးမြနေပြီဖြစ်၍ လက်ဖက်ရည်သောက်ရန်နှင့် အနွေးဓာတ်ရရန် မီးဖိုများကို မကြာခဏ ပြုလုပ်လေ့ရှိသည်။
သို့ဖြစ်ရာ ဝတ်ရုံထောင့်များ ညစ်ပေနေခြင်းကလည်း ပုံမှန်ကိစ္စရပ်တစ်ခုပင်။ ဤမြေခွေးမိစ္ဆာများလည်း သတိမထားမိလောက်ပေ။
…
ညဘက်တွင် ဟုန်ကျွင့်က ခြံဝင်းထဲတွင် ဆေးမှုန့်များကို ထုထောင်းနေစဥ် လီကျင်လုံက ဘေးနားတွင်ထိုင်ကာ အမှုတွဲစာလိပ်များကို ဖတ်နေဆဲဖြစ်သည်။
လီကျင်လုံ: "မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။ နတ်ဆိုးနှင်ဌာနက ဒီတစ်ခါအဆင်ပြေသွားရင် မင်းတို့ကို ကစားလို့ရအောင် ခေါ်သွားပေးမယ်။"
"အဆင်ပြေသွားရင်?"
ဟုန်ကျွင့်က ထိုစကားကို အဓိပ္ပာယ်တစ်မျိုးဖြင့် ကြားလိုက်သည်။
လီကျင်လုံလည်း တစ်ခုခု ပေါက်ကြားသွားမည် စိုးသောကြောင့် ၎င်းကို ဖုံးဖိထားရန် ကြိုးစားလိုက်ရသည်။
"အမှုပြီးရင်။"
ဟုန်ကျွင့်: "မြေခွေးတွေအားလုံးကို ဖမ်းပြီးရင် ကျွန်တော်တို့ ဘယ်လိုဖြေရှင်းမှာလဲ။"
လီကျင်လုံ: "သူတို့အားလုံးကို မီးရှို့ပစ်ရမယ်။"
ဟုန်ကျွင့်: "..."
လီကျင်လုံလည်း ဟုန်ကျွင့်၏အမူအရာကို ကြည့်ကာ နားလည်သွားသောကြောင့် မေးကြည့်လိုက်သည်။
"မင်းက သူတို့အတွက် တောင်းဆိုချင်လို့လား။"
ဟုန်ကျွင့်သည် မြေခွေးမိစ္ဆာများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော စာသင်သားများအကြောင်းကို တွေးမိသွား၏။ မည်သူက သူတို့အတွက် တရားမျှတမှုယူပေးမလဲ မသိသော်ငြားလည်း ထိုမြေခွေးလေးမှာ အတော်လေး သနားစရာ ကောင်းသည်ဟု ခံစားမိသည့်အတွက် ပြောလိုက်သည်။
“နည်းနည်းလောက် လွှတ်ပေးလို့ မရဘူးလား။"
"အသတ်ခံရတဲ့ လူတွေကို ဘယ်သူကလွှတ်ပေးခဲ့လို့လဲ။ မင်းက နတ်ဆိုးနှင်သူ တစ်ယောက်နော်။"
နေ့ခင်းဘက်တုန်းက ချိုယုံစစ်ဆီမှ ထိုဇာတ်လမ်းကို ကြားသောအခါတွင် လီကျင်လုံမှာ ဟုန်ကျွင့်တစ်ယောက် ထိုမြေခွေးလေးနှင့် သူငယ်ချင်းဖြစ်မည်ကို စိုးရိမ်လာ၏။ တစ်ချိန်မဟုတ်တစ်ချိန် သို့မဟုတ် နှောင်းပိုင်းတွင် သူသည် ထာဝရဘေးဥပဒ်ထဲ ကျရောက်သွားမည် ဖြစ်ကာ အလွန်အန္တရာယ်များလှသည်။
"ခင်ဗျားက မိစ္ဆာတွေအားလုံးက မကောင်းဘူးလို့ ထင်တာလား။ ကျောက်ကျစ်လုံကရော?"
လီကျင်လုံ: "အနည်းဆုံး ဒီမြေခွေးတွေပဲ။"
ဟုန်ကျွင့်သည် လီကျင်လုံကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သော်လည်း ငြင်းခုံမနေတော့ပေ။ ယနေ့တွေ့ခဲ့သည့် မြေခွေးကလေးသာ ဘယ်သူ့ကိုမှ မထိခိုက်စေခဲ့လျှင် အသက်ကို ချမ်းသာပေး၍ရသလော။ သို့ရာတွင် သူက စာသင်သားများ သတ်ဖြတ်ခံရသည့်ကိစ္စ၌ သွယ်ဝိုက်ပြီး ပါဝင်ခဲ့သည် မဟုတ်ပါလား။
"များများထည့်။"
လီကျင်လုံက ၎င်းတို့ကြားကလေထုမှာ အနည်းငယ် အဆင်မပြေတော့ကြောင်း သဘောပေါက်သဖြင့် ထိုအကြောင်းကို ဆက်မပြောဘဲ ရပ်လိုက်သည်။
"သူတို့ လုံးလုံးအိပ်ပျော်သွားပြီး သူတို့ရဲ့ မူလပုံစံကို ဖော်ထုတ်နိုင်တဲ့အထိ ဖြစ်သွားစေတဲ့ ဆေးမှုန့်တွေ လိုချင်တယ်။"
နေ့ခင်းဘက်တွင် လီကျင်လုံက ချန်အန်းရှိ ဆေးဆိုင်များ အားလုံးကို သွားရောက်၍ မွှေနှောက်ဝယ်ယူခဲ့လေ၏။ ဟုန်ကျွင့်လည်း ထိုဆေးများကို များများထည့်ကာ နောက်ဆုံးတွင် အမှုန့်ဖြစ်အောင် သေချာ ထုထောင်းထားလိုက်သည်။
"ခင်ဗျား ဒါကို လုံးဝ လုံးဝ မရှူရဘူးနော်။"
ဟုန်ကျွင့်က သတိပေးပြီးနောက် ရုတ်တရက် စိတ်ပြောင်းသွားပြီး ပြုံး၍ ဆက်ပြော၏။
"ဒါပေမဲ့ ခေါင်းဆောင်က ဒီလောက်ထိ ကံဆိုးမှာ မဟုတ်ဘူးလို့တော့ ကျွန်တော် ယုံကြည်ပါတယ်။"
"ငါ့ကို ကျိန်ဆဲမနေနဲ့ ဟုတ်ပြီလား။"
လီကျင်လုံမှာ ဟုန်ကျွင့်တစ်ယောက် ပြဿနာရှာမည်ကို အမှန်ပင် ကြောက်သောကြောင့် သေသေချာချာ ထုပ်ပိုးပြီး အိတ်သေးသေးလေးများထဲ ထပ်ထည့်လိုက်သည်။
ညသန်းခေါင်ယံ၌။
၁၀ လပိုင်းက နောက်ဆုံးတော့ ကုန်ဆုံးခဲ့ပြီဖြစ်ရာ ဆောင်းဦးရာသီက ကုန်ဆုံးတော့မည်ဖြစ်သည်။
တော်ဝင်စာမေးပွဲ ကျင်းပမည့်ကာလမှာ ငါးရက် လိုသေး၏။
ထိုည၌ လူတိုင်း တာဝန်များပြီးဆုံးသွားသည့်အခါ ချိုယုံစစ်က အစီရင်ခံလိုက်သည်။
"မြေခွေးမိစ္ဆာ စုစုပေါင်း ၂၆၆ ကောင်ပဲ။"
"မျှော်လင့်ထားတာထက်တော့ နည်းသားပဲ။"
လီကျင်လုံက တိုးတိုးလေး ပြောနေသော်လည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေတာကြောင့် အပြောင်းအလဲတစ်စုံတစ်ရာ မဖြစ်လာအောင် အနှီမြေခွေးများကို ညတိုင်းအလှည့်ကျ စောင့်ကြည့်နေရန် စီစဥ်ထားခဲ့သည်။
သို့သော်လည်း နောက်တစ်နေ့တွင် အစိုးရက အမိန့်ထုတ်လာခဲ့သည်။ ယခုနှစ် ဆောင်းဦးရာသီ စာမေးပွဲကို တော်ဝင်ကျောင်းတော်၌ ၁၁ လပိုင်း၏ ဒုတိယနေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်လာခဲ့၏။ ချိုယုံစစ်သည် ရှေ့သို့ သုံးရက်ရွှေ့လိုက်ကြောင်း အကြောင်းစာ ယူလာသောအခိုက် အားလုံးက ခဏမျှ စဉ်းစားနေခဲ့ကြသည်။
လီကျင်လုံ: "မိစ္ဆာဘုရင်က ဖေးအောင် ကွပ်မျက်ခံရတဲ့အကြောင်းကို သိသွားတာဖြစ်မယ်။ ငါတို့ သူ့အစီအစဉ်ကို နှောင့်ယှက်မှာကို ကြောက်လို့ စာမေးပွဲကို ကြိုပြီးစလိုက်တာ။"
"ငါတို့အစီအစဥ်ကို ရှာတွေ့သွားတာများလား။"
မော့ရစ်ကန်းက မျက်မှောင်ကြုတ်လျက် ဝင်ဆိုလေ၏။ လီကျင်လုံက သူ့လက်ကို ဝှေ့ယမ်းပြီးပြောသည်။
"တစ်နည်းအားဖြင့် ပြောရရင် သူ့မှာ ငါတို့ထင်ထားသလို နောက်လိုက်များများစားစား မရှိတော့ဘူး။ ကမောက်ကမ မလုပ်မိအောင် မနက်ဖြန်ကို ကြိုပြီး စီစဥ်ကြမယ်။ မူလအစီအစဉ်အတိုင်း ဆက်သွားကြမယ်။"
ဟုန်ကျွင့်: "ဒါဆို ကျွန်တော်သွားရဦးမှာလား။"
ရိုးရိုးသားသား ပြောရလျှင် သူတို့လက်ထဲတွင် သေရတော့မည့် မြေခွေးတစ်ကောင်ကို သွားမတွေ့ချင်ပေ။
လီကျင်လုံ: "မင်းသွားရမယ်။ ဒီအချိန်မှာ မင်းရဲ့အချက်အလက်တွေက အရေးကြီးလာပြီ။"
ထိုစဥ် ငါးကြင်းမိစ္ဆာက ခေါင်းပြူထွက်လာပြီး 'ဘာဖြစ်တာလဲ' မေးမည်အပြု လူတိုင်းက ၎င်း ဤကိစ္စကို ဝင်ဖျက်ဆီးမိမည်စိုးသောကြောင့် ချက်ချင်း ချုပ်ထားလိုက်ကြတော့သည်။
ဟုန်ကျွင့်လည်း ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။ နေ့လယ်တစ်နာရီ၏ လေးပုံသုံးပုံခန့် အချိန်တွင် လီရွှေတံတားအောက်သို့ ရောက်လာခဲ့၏။ အမှန်မှာ လီကျင်လုံ စစ်ဆေးမှုစတင်သည်နှင့် တစ်ပြိုင်နက် ထိုမြေခွေးများကို ဖမ်းရန် စီစဉ်ခဲ့လေသည်။
ထို့နောက် ချိုယုံစစ်က မြေခွေးလေးကိုမြင်သည့်နေ့တွင် သူ၏အတွေးများ ပြောင်းလဲသွားကာ စူးစမ်းလေ့လာရန် လမ်းချန်ထားခဲ့သည်။ မြေခွေးမိစ္ဆာများသာ အန္တရာယ်ကို သတိပြုမိပါက ဟုန်ကျွင့်ကို စမ်းသပ်ရန် စေလွှတ်မည်မှာ သေချာ၏။
***
Aurora Novel Translation Team