no

Font
Theme

အပိုင်း (၂) - အိုဟောင်းနေသော အတိတ်ပုံရိပ်များ

ချင်းရှုံက ဟုန်ကျွင့်ကို သူ့ကျောပေါ်ကနေ ဆွဲချလိုက်ပြီး သေသေချာချာ မတ်တတ်ရပ်ခိုင်းလိုက်သည်။

"မင်း ထပ်ပြီး ပြဿနာရှာပြန်ပြီမလား။"

ဟုန်ကျွင့်က ဖုန်မှုန့်များ၊ အိုးမဲများပေကျံနေသော သူ၏လက်များဖြင့် ချင်းရှုံ၏မျက်နှာကို ခုန်သုတ်ပစ်လိုက်၏။ ထို့နောက် တစ်ဖက်လူ၏ အတော်လေးရယ်စရာကောင်းနေသောပုံစံကို မြင်လိုက်ရသည်နှင့် လက်ညှိုးတထိုးထိုးဖြင့် ရယ်နေပြီး ရပ်တောင်မရပ်တော့ချေ။ ချင်းရှုံတစ်ယောက် ကြောင်အမ်းသွားခဲ့သည်။

သို့ဖြစ်ရာ ဟုန်ကျွင့်လည်း အကြောင်းစုံကို ရှင်းပြလိုက်လေသည်။ ချုံမင် မည်ကဲ့သို့ စိတ်လွတ်သွားကြောင်း ကွက်ကွက်ကွင်းကွင်း ကြားသိလိုက်ရသောအခါ ချင်းရှူံလည်း မထိန်းနိုင်ဘဲ ရယ်ချပစ်လိုက်သည်။ ထို့နောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တော်တော်ကြာသည်အထိ ရယ်မောနေခဲ့ကြလေ၏။

"ခင်ဗျား ဒီတစ်ခေါက်ပြန်လာတာ ကျွန်တော့်အတွက် ဘာယူလာလဲ...မြန်မြန်ပေး မြန်မြန်ပေး!!"

ချင်းရှုံ: "ဘာမှမပါဘူး။"

ဟုန်ကျွင့်က သူ့ကို မယုံသောကြောင့် အရှေ့သို့တက်လာပြီး ချင်းရှုံ၏ခန္ဓာကိုယ်ပေါ် ကိုယ်တိုင်ကိုယ်ကျ နှံ့နှံ့စပ်စပ် ရှာဖွေလေတော့သည်။ ချင်းရှုံက အမြဲလိုလို အင်္ကျီဗလာနေတတ်ပြီး အိတ်ကပ်နှစ်ခုသာ ရှိသော်လည်း ဟုန်ကျွင့်က လက်မလျှော့သေးဘဲ တူးဆွနေသည့်အတွက် ချင်းရှုံမှာ ထိုကောင်လေးကို ဆွဲတားလိုက်ရ၏။

“တကယ် မပါပါဘူးကွာ။"

"စာအုပ်တွေ မပါဘူး၊ စားစရာလည်း မပါဘူး။"

ဟုန်ကျွင့်မျက်နှာလေး အနည်းငယ် စူပုပ်သွား၏။ ထိုအခါ ချင်းရှုံက ပြုံးပြီး စကားဆက်လိုက်သည်။

"ငါ မင်းကို နောက်ဆုံးတစ်ခေါက်က ပို့လိုက်တဲ့ စာအုပ်တွေ ဖတ်ပြီးပြီလား။"

"စုတ်တောင်စုတ်ကုန်ပြီ။"

ချင်းရှုံက ဟုန်ကျွင့်၏ စိတ်ပျက်လက်ပျက် အမူအရာများနှင့် ပြည့်နှက်နေသော မျက်နှာလေးကို မြင်လိုက်ရသောကြောင့် သူ့အား ကျီစယ်ချင်လာသဖြင့် မထိန်းနိုင်ဘဲ မေးလိုက်သည်။

"မင်းရဲ့ကျောက်ကျစ်လုံကရော ဘယ်မှာလဲ။"

"ဟိုမှာ။"

ဟုန်ကျွင့်က စူပုပ်ပုပ်လေးဖြင့် အော်ပြောလိုက်သည်။ ငါးကြင်းမိစ္ဆာကို လွန်ခဲ့သည့်ငါးနှစ်ခန့်က ထိုက်ဟန်တောင်တန်း၌ မတော်တဆ တွေ့ရှိခဲ့ခြင်းဖြစ်၏။ ယခု ၎င်းက လူသားအဖြစ် တစ်ဝက်ခန့် အသွင်ပြောင်းလဲနိုင်နေလေပြီ။

ယခင်တစ်ခေါက်က သူသည် ဟုန်ကျွင့်အတွက် 'အင်ပါယာ သုံးနိုင်ငံရှိ သူရဲကောင်းများ' အကြောင်း ဒဏ္ဍာရီတချို့ကို ယူဆောင်လာခဲ့ရာ ဟုန်ကျွင့်ခမျာ အလွန်စိတ်လှုပ်ရှားသွားပြီး ငါးကြင်းမိစ္ဆာကို "ကျောက်ကျစ်လုံ" ဟု အမည်ပေးခဲ့သည်။ နဂါးဂိတ်တံခါးကို ကျော်ဖြတ်ကာ ရွှေနဂါးအဖြစ်သို့ ပြောင်းလဲသွားနိုင်ရန် နိမိတ်ဖတ်သည့်အနေဖြင့် ပေးခဲ့ခြင်းပင်။

ချင်းရှုံက သူ၏လက်ချောင်းများကြားမှ ကြိုးတစ်ချောင်းကိုထုတ်ကာ ဝိညာဥ်စွမ်းအင်ဖြင့် အလှည့်အပြောင်း လုပ်လိုက်သကဲ့သို့ တစ်စုံတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထို့နောက် သူက ဟုန်ကျွင့်မြင်နိုင်စေရန် ကြိုးမှာချိတ်ဆွဲထားသော ရတနာလေးတစ်ခုကိုလည်း ထုတ်ပြလိုက်၏။

"ဒါက ဘာလေးလဲ!"

ဟုန်ကျွင့်က အံ့သြစွာဖြင့် မေးလိုက်သည်။

ပစ္စည်းက အလွန်သေးငယ်လှ၏။ ၎င်းက ရွှေဆွဲကြိုးဖြင့် ချည်နှောင်ထားသော ဆွဲသီးလေးဖြစ်ပြီး ဆွဲသီးကိုလည်း ယန္တရားစက်ဝန်းများစွာဖြင့် ဝန်းရံထားသည်။ အတွင်းထဲမှ ဘောလုံးကဲ့သို့ အလင်းရောင်က ဆီမီးထွန်းထားသည့်အလား ထွန်းတောက်လျက်ရှိ၏။ ချင်းရှုံ ဆွဲသီးကို ထုတ်လိုက်သောအခါ ခြံဝင်းထဲကို နေရောင်ခြည်ထက် မလျော့သောအလင်းတန်းများ ဖြာထွက်သွားခဲ့သည်။

"အရင်ဆုံး လုံခြုံအောင် သိမ်းထား။"

ချင်းရှုံက ဆွဲကြိုးကို ဟုန်ကျွင့်လည်ပင်း၌ ဆွဲပေးလိုက်သည်။

"ဝိညာဥ်လက်နက် ကစားနည်းကိုတော့ ငါ သင်မပေးရဲဘူး။ မင်းအဖေ ငါ့ကို ကြိမ်းမောင်းလိမ့်မယ်။"

ဟုန်ကျွင့်တစ်ယောက် အနှီနူးညံ့သိမ်မွေ့သော ဝိညာဥ်လက်နက်ကို ရရှိသွားပြီးနောက်မှာ ချက်ချင်းဆိုသလို လက်ဖဝါးထဲ ဆုပ်ကိုင်လိုက်သည်။ သူက လေ့လာချင်နေသည့်အလား စပ်စုနေသောကြောင့် ချင်းရှုံက ချက်ချင်း ထပ်ပြောလိုက်၏။

"ဒါကို ချိုးမပစ်နဲ့ဦး ဒီသလင်းက အရမ်းကြွပ်ဆတ်တယ်။ သူ့အကြောင်းတော့ နောက်မှ ပြောပြမယ်။"

ဟုန်ကျွင့်က အမြန်ပြန်ဖြေရင်း လည်ဆွဲလေးကိုကိုင်လျက် ထွက်ခွာသွားခဲ့လေသည်။

...

"၁၆ နှစ်ရှိပြီ...."

ချင်းရှုံ ဘေးခန်းမထဲသို့ ရောက်သွားသောအခါ ချုံမင်တစ်ယောက် လက်ဖက်ရည်သောက်ရင်း စောင့်နေသည်အား တွေ့လိုက်ရသည်။ ချင်းရှုံက စားပွဲရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ကာ ချုံမင်ကို တစ်ချက်ကြည့်လိုက်သည်။

"ဒီနေ့ သူ ထပ်ပြီး ပြဿနာရှာပြန်ပြီ။ ငါ့ဆီက အပြစ်ပေးခံထားရတယ်။"

ချင်းရှုံက ပြောလိုက်သည်။

"လူငယ်တွေက အမြဲတမ်း ပြဿနာရှာရတာကို ကြိုက်တယ်လေ။ အဲဒီတုန်းက မင်း၊ ငါနဲ့ ခုန်ရွှမ်းလည်း ခဏခဏ ပြဿနာရှာတတ်တာပဲမလား။"

ထိုအခါ ချုံမင်က မျက်ခုံးပင့်လိုက်ပြီး ပြန်ပြောလိုက်သည်။

"သူက အဆင်သင့်မဖြစ်သေးဘူး။"

ချင်းရှုံ: "ငါဒီစာကို မနေ့ညက လက်ခံခဲ့တာ။ ဒါကို လူသားကမ္ဘာမှာရှိတဲ့ နတ်ဆိုးနှင်ဌာနက ပေးပို့လာတာ။ ကောင်းကင်နတ်ဆိုး ကမ္ဘာပေါ် ပြန်ရောက်မလာခင် ငါတို့မှာ လေးနှစ်လောက်ပဲ အချိန်ရှိတော့တယ်။ စာထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပင်ကိုယ်စွမ်းရည်ကောင်းကောင်းရှိတဲ့ လူငယ်ကို ချန်အန်းကို ပို့ပေးဖို့ တောင်းဆိုထားတယ်။ ငါ့ခန့်မှန်းချက်အရဆို ဒါက ကောင်းကင်နတ်ဆိုးရဲ့ ပြန်လည်ရှင်သန်ခြင်းအတွက် ပြင်ဆင်ဖို့ပဲဖြစ်ရမယ်။"

ချင်းရှုံက စာတစ်စောင်ကို ရှေ့တိုးပေးလိုက်သော်ငြားလည်း ချုံမင်က ကြည့်တောင်မကြည့်ဘဲ သူ့လက်ချောင်းများကို ပွတ်သပ်လိုက်သည်။ သူ၏ လက်ချောင်းထိပ်များဆီမှ အရှိန်ပြင်းသော မီးတောက်များ ထွက်လာရာ ချင်းရှုံလည်း စာရွက်လောင်သွားမည်စိုးသောကြောင့် အမြန်ဖယ်လိုက်ရသည်။

"ချုံမင်... အခု ကမ္ဘာပေါ်မှာ မိစ္ဆာတွေ သောင်းကျန်းနေပြီ။ ထန်မင်းဆက်ရဲ့ အရည်အချင်းတွေကလည်း ကျဆင်းနေပြီ။ ငါတို့မှာ အချိန်မရှိတော့ဘူး!"

ထိုအခိုက်အတန့်၌ ချုံမင်က ခေါင်းလှည့်ကာ ချင်းရှူံ၏

မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်လိုက်၏။

"မမေ့နဲ့ဦး.... ငါတို့ကလည်း မိစ္ဆာမျိုးနွယ်ပဲ။"

"ဪ၊ မင်းက မှတ်မိသေးတယ်ပေါ့။ မင်း မေ့သွားတာ ကြာပြီလို့တောင် ထင်နေတာ အရှင်မိစ္ဆာဘုရင်။"

ချင်းရှုံ၏စကားဆုံးသည်နှင့် ချုံမင်က သူ့ခန္ဓာကိုယ်ထဲကနေ မီးတောက်တစ်ခု တောက်လောင်လာတော့မည့်နှယ် ချက်ချင်းဆိုသလို သူ၏မျက်ခုံးတန်းများက စုကျုံ့လာပြီး ချင်းရှုံကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။

တစ်ဖက်က စာဖတ်ခန်း၌ ဟုန်ကျွင့်သည် ပထမဦးစွာ အပေါက်ဖောက်ရန် ဓားပျံနှစ်ချောင်းကို အသုံးပြုနေပြီး ဖြတ်ထုတ်ရန် ကတ်ကြေးတစ်လက်ကိုပါ အသုံးပြုနေခဲ့သော်လည်း ဆွဲသီးအပြင်ဘက်ရှိ ယန္တရားကို မဖွင့်နိုင်ဘဲ နောက်ဆုံး၌ ချွေးသီးချွေးပေါက်များသာ ကျဆင်းလာခဲ့သည်။ နောက်ဆုံး၌ သူက တူကိုအသုံးပြုခဲ့သည့်တိုင် ဆွဲသီးအတွင်းမှ သေးငယ်သော အပိုင်းကို မဖယ်ရှားနိုင်ခဲ့ပေ။

"အား...."

ဟုန်ကျွင့်တစ်ယောက် အော်ဟစ်ရင်း ၎င်းကို ရိုက်ချိုးပစ်ချင်လာခဲ့သည်။

"မင်းက ဘာဖြစ်လို့ ပြဿနာရှာနေပြန်တာလဲ။"

ငါးကြင်းမိစ္ဆာက မေးလိုက်သည်။

"အရှင်ချင်းရှူံက မင်းကို မချိုးပစ်ဖို့ ပြောထားတယ်မလား။"

"ငါ ဒါကိုဖယ်ပြီး ငါ့ဓားလက်ကိုင်မှာ တပ်မလို့!"

"ဒီထဲက အလင်းရောင်ကို ကြည့်ရတာ သာမန်အရာတော့ မဖြစ်နိုင်ဘူး။"

ထိုအခိုက်၌ ငါးကြင်းမိစ္ဆာင စားပွဲပေါ်သို့ ခုန်တက်လာကာ စာအုပ်တစ်အုပ်ကို နင်းဖြတ်၍ ချဥ်းကပ်လာခဲ့သည်။ ငါး၏မျက်လုံးများထဲမှာ ဆွဲသီးအတွင်းမှ တောက်ပနေသော အလင်းရောင်များ ရောင်ပြန်ဟပ်နေ၏။

"အပြင်မှာ အစီအရင်တစ်ခုရှိတယ်။"

ဟုန်ကျွင့်: "ဘာလဲ။ ဒါကို တံဆိပ်ခတ်ထားတာလား။ အလင်းရောင်က အရမ်း သက်သောင့်သက်သာရှိနေသလိုပဲ။"

“ကြည့်လိုက်ရုံနဲ့ နွေးနွေးထွေးထွေးဖြစ်သွားသလို ခံစားရတယ်။ ငါ့စိတ်ဝိညာဉ်က တော်တော်လေး ပေါ့ပါးသွားသလိုပဲ။”

သို့သော် ဟုန်ကျွင့်က ဆွဲသီးကို ကောက်ကိုင်လိုက်ပြီး ထပြောလိုက်လေ၏။

"ချင်းရှုံကို သွားမေးရအောင်..."

"မင်း မတ်တတ်ရပ်လို့ မပြီးသေးဘူးနော်!"

ငါးကြင်းမိစ္ဆာက သတိလှမ်းပေးလိုက်သော်လည်း ဟုန်ကျွင့်ကမူ သူ့လက်ထဲရှိ ဆွဲသီးတစ်ခုနှင့်အတူ ထွက်ခွာသွားခဲ့လေပြီ။

နေဝင်ချိန်က တောင်တန်းများကို သွေးရောင်ကဲ့သို့ နီရဲသွားစေ၏။ နေဝင်ချိန်ဖြစ်၍ တောင်ထွတ်ပေါ်ရှိ အိပ်တန်းတက်တော့မည့် ငှက်အော်သံများကိုလည်း ကြားနေရသည်။

ဟုန်ကျွင့် ခန်းမဘေးသို့ ရောက်သွားသောအခါ ခန်းမထဲက ပြင်းထန်သောငြင်းခုံသံများကို ကြားလိုက်ရပြီး သူ လန့်ဖျပ်သွားကာ တိုင်အနောက်မှာ ဝင်ပုန်းနေလိုက်သည်။

"နဂါးနက်ရဲ့အနေအထားက မမှန်ဘူး။ သူက ဘယ်တော့မှ နတ်ဆိုးဘုရင် ဖြစ်လာမှာမဟုတ်ဘူး။ မြောင်းထဲက တွားသွားသတ္တဝါတစ်ကောင်က ဘယ်လိုလုပ်ပြီး ထိုက်တန်နိုင်မှာလဲ။"

"ဒါပေမဲ့ ငါတို့ ရှုံးသွားပြီ။ ဒါက ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုပဲ။"

ချင်းရှုံက လေးနက်စွာဖြင့် ပြောလိုက်သည်။

"သူ လူ့လောကထဲ ပြန်ရောက်လာရင် အကုန်လုံးကို ဖျက်ဆီးပစ်လိမ့်မယ်။ ကောင်းကင်နတ်ဆိုး အသက်ပြန်ရှင်လာလို့ နတ်ဆိုးမျိုးနွယ်ကို ဦးဆောင်လိုက်ရင် ကမ္ဘာကြီးပါ ပျက်စီးသွားလိမ့်မယ်!"

"သူတို့ရဲ့သေရေးရှင်ရေးက ငါနဲ့ဘာဆိုင်လို့လဲ။"

ချုံမင်က ကျယ်လောင်စွာ အော်လိုက်သည်။

"လူသားမျိုးနွယ် ကျေးဇူးကန်းတာက ကျေးဇူးကန်းတာပဲ။ ဟမ့်... သူတို့က လောင်စန်းကို ခေါ်သွားပြီး ငါ ၁၂ နှစ်လောက် ပြုစုပျိုးထောင်ဖို့ လူသားကလေးတစ်ယောက်ကိုတောင် ချန်ထားခဲ့သေးတယ်။ လူ့သွေးတစ်ဝက်ပါတဲ့ မိဘမဲ့ကလေးကို ငါက ဘာကိစ္စနဲ့ စောင့်ရှောက်ပေးနေရတာလဲ။"

"အဲဒါက ခုန်ရွှမ်းရဲ့ကလေးပဲ!"

ချင်းရှုံက သြရှရှနှင့် ရှုတ်ချသည့်လေသံဖြင့် ဆက်ပြောလိုက်သည်။

"ခုန်ရွှမ်း ထွက်သွားတုန်းက မင်း နောင်တ မရခဲ့ဘူးလား။"

"ငါက ဘာကို နောင်တရ'ရမှာလဲ။"

ချုံမင်က ပြန်ဟောက်လိုက်သည်။

"အဲဒီလူသာ ခုန်ရွှမ်းကို မသတ်ခဲ့ဘူးဆိုရင် အခု ဟုန်ကျွင့်လည်း မိဘမဲ့ကလေး ဖြစ်လာမှာတဲ့လား။"

"လူသားမျိုးနွယ်ထဲမှာ ကျေးဇူးကန်းတဲ့ သူတွေရှိတယ်။ အကျိုးအမြတ်အတွက် သူတို့ရဲ့သစ္စာစောင့်သိမှုကို မေ့သွားတဲ့ လူတွေရှိတယ်။ ဒါပေမဲ့ တိရန်ကျယ်လို မိတ်ဆွေတွေလည်းရှိတယ်။"

"မိတ်ဆွေ?"

ချုံမင်က လှောင်ပြောင်လိုက်သည်။

"ဟုန်ကျွင့်က လူသားမျိုးနွယ်အတွက် ဘာမှလုပ်မပေးရဘူး၊ ငါ ခွင့်မပြုဘူး!"

ချင်းရှုံက အနည်းငယ် တုန်ယင်လာသောအသံဖြင့် ဆိုလိုက်၏။

"ခုန်ရွှမ်းက နတ်ဘုရားနဲ့ မိစ္ဆာတစ်ပိုင်း... ဟုန်ကျွင့်က သူ့ရဲ့ အလင်းငါးရောင်ကို အမွေဆက်ခံထားတယ်။ သူက မိစ္ဆာမျိုးနွယ်အတွက် နဂါးနက်ကို ချေမှုန်းနိုင်ပြီး သူ့အဖေအတွက် လက်စားချေပေးနိုင်လိမ့်မယ်။ ရှင်သန်ထမြောက်လာတဲ့ ကောင်းကင်နတ်ဆိုးကိုလည်း သူ ဖျက်ဆီးပစ်နိုင်လိမ့်မယ်။ ပြီးတော့ မင်း သဘောမတူဘဲ သူ့ကို တစ်သက်လုံး ဒီမှာပဲဆက်ထိန်းသိမ်းထားမယ်ဆိုရင်တောင် အနှေးနဲ့အမြန်ဆိုသလို အမှန်တရားကို သိလာမှာပဲ!"

"အလယ်ပိုင်းလွင်ပြင်ကနေ ထွက်ခွာခဲ့တဲ့နေ့ကတည်းက..."

ထိုအခိုက်အတန့်၌ ချုံမင်က စကားဖြတ်ပြောလာ၏။

"... မိစ္ဆာမျိုးနွယ်ရဲ့ သေရေးရှင်ရေးကို ငါ ဂရုမစိုက်ဘူးလို့ ပြောခဲ့ပြီးသား။ ကောင်းကင်နတ်ဆိုး၊ ဟုတ်လား။ အဲဒီကောင်းကင်နတ်ဆိုး အမြန်ဆုံးနိုးထလာပြီး သောက်ကျိုးနည်းလူသားမျိုးနွယ်ကို သတ်ပစ်ဖို့ပဲ ငါ မျှော်လင့်တယ်!"

"မင်း နည်းနည်းလောက်တောင် မရိုးသားနိုင်ဘူးလား၊ ချုံမင်!"

ချင်းရှုံက ရုတ်တရက် အရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ရောင်ဝါတို့က အရပ်မျက်နှာအနှံ့ ဖြန့်ကြက်သွားခဲ့သည်။ နှစ်ဦးသား ထိပ်တိုက်တွေ့ဆုံကြချိန်မှာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များက တုန်ခါသွားခဲ့ပြီး တဆတ်ဆတ် အသံများနှင့်အတူ ပြတင်းပေါက်များကပါ တုန်လှုပ်လာခဲ့သည်။

ရုတ်တရက်ဆိုသလို တံခါးအပြင်ဘက်ကနေ ခြေသံများကြားလိုက်ရသောကြောင့် ချင်းရှုံနှင့် ချုံမင်တို့က တစ်ပြိုင်နက်တည်း အရှိန်ပျက်သွားပြီး ချာခနဲ ခေါင်းလှည့်လိုက်ကြသည်။ ချင်းရှုံ ခြေလှမ်းအနည်းငယ် လိုက်သွားခဲ့သော်လည်း သူမြင်လိုက်ရသည်မှာ ဟုန်ကျွင့်၏ကျောပြင်လေးသာ။

"ခုန်ရွှမ်း ထွက်သွားတုန်းက မင်း သူ့ကိုတားဖို့ စကားတစ်ခွန်းလောက်သာ ပြောခဲ့ရင် ဒီလိုနေ့မျိုး ဘယ်လိုလုပ်ပြီး ရောက်လာနိုင်မှာလဲ။"

ချင်းရှုံက သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။

"မင်း သူ့ကို နောက်ဆုံးပြောခဲ့တဲ့စကားက 'ထွက်သွား' ဆိုတဲ့ စကားပဲ။ အဲဒီအချိန်ကစပြီး ငါတို့တွေ ထာဝရကွဲကွာသွားခဲ့ပြီ..."

ထိုစကားကိုပြောပြီးနောက် ချင်းရှုံက ခန်းမထဲကနေ ထွက်ခွာသွားခဲ့ပြီး ချုံမင်ကလည်း တံခါးအပြင်ဘက်ရှိ နေဝင်ရီတရောရှုခင်းများကို မျက်နှာမူကာ တိတ်တဆိတ် တွေးတောနေခဲ့သည်။

ညရောက်ပြီဖြစ်ရာ ကောင်းကင်ယံ၌ ကြယ်များဖြင့် ပြည့်နေပြီး နဂါးငွေ့တန်းက ထိုက်ဟန်တောင်ထွတ်ပေါ်ရှိ ရေတံခွန် တစ်ခုကဲ့သို့ ကောင်းကင်ထက်မှာ ဖြာကျလျက်ရှိနေသည်။

ခြေသံများက အဝေးတစ်နေရာကနေ တဖြည်းဖြည်း နီးလာခဲ့သည့်တိုင် ဟုန်ကျွင့်က ချောက်ကမ်းပါးပေါ်ရှိ ပြန့်ပြူးနေသော ကျောက်တုံးပေါ်တွင်သာ လဲလျောင်းနေခဲ့သည်။ သူသာ ဂရုမစိုက်လျှင် ချောက်ထဲကို အချိန်မရွေး လျှောကျသွားလိမ့်မည်။

ထိုအခိုက်အတန့်၌ ချင်းရှုံက ကျောက်တုံးပေါ်သို့ တက်လာခဲ့သည်။ သူက ဟုန်ကျွင့်အနားမှာ ထိုင်လိုက်သော်လည်း နှစ်ယောက်သား တိတ်ဆိတ်နေခဲ့ပြီး တောက်ပသည့်ညကောင်းကင်ယံနှင့် ကြယ်များကိုသာ ငေးကြည့်နေခဲ့ကြ၏။

"အမှန်ပဲလား။"

ခဏကြာသောအခါ ဟုန်ကျွင့်ဘက်မှ ရုတ်တရက် စကားဆိုလိုက်သည်။

"မှန်လား၊ မှားလားဆိုတာ မင်းနှလုံးသားထဲမှာ အဖြေရှိနေပြီးသားပါ။"

ဟုန်ကျွင့်က အသံမထွက်မိအောင် ထိန်းထားသော်လည်း ချင်းရှုံက လက်တစ်ဖက်မြှောက်ကာ ဟုန်ကျွင့်၏မျက်ရည်များကို သုတ်ပေးလိုက်သည်။ ထိုအခါ ဟုန်ကျွင့်တစ်ယောက် ချင်းရှုံ၏လက်ကို ဆုပ်ကိုင်၍ ငိုချပစ်လိုက်တော့၏။

"အဖေက ကျွန်တော့်ကို မုန်းနေတာမလား။"

"သူပြောနေတဲ့စကားနဲ့ သူ့စိတ်ထဲမှာ တွေးနေတဲ့အရာတွေက ဆန့်ကျင့်ဘက်တွေ ဖြစ်နေတတ်တယ်။ သူပြောခဲ့တဲ့ စကားအတွက် သူ့ကို အပြစ်မတင်ပါနဲ့။ ဒီနေ့ ငါ မင်းကို ပေးထားတဲ့ဟာက မင်းဆီမှာ ရှိနေတုန်းပဲမလား။"

ဟုန်ကျွင့်က ခေါင်းညိတ်ပြရင်း ဆွဲသီးလေးကို ထုတ်ယူလိုက်သည်။

"မင်း လူသားကမ္ဘာကို မသွားချင်ဘူးလား။"

ချင်းရှုံက ဆွဲသီးကို ယူလိုက်သည်။ ဆွဲသီးလေးထဲမှ ဖြာထွက်လာသော အလင်းတန်းလေးတစ်ခုက တောင်၏တစ်ဝက်လောက်ကို လင်းထိန်သွားစေ၏။ ထို့နောက် ကြယ်ရောင်စုံကောင်းကင်အောက်၌ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

"အရင်ကဆို မင်းက ငါရောက်လာတိုင်း မင်းကို လူသားကမ္ဘာဆီ ခေါ်သွားပေးဖို့ ပူညံပူညံလုပ်နေခဲ့တာ။ အခု မင်းက အရွယ်ရောက်လာပြီ။"

ချင်းရှူံ ပြောလိုက်သည်။

"အခု ငါပြောမယ်။ သွားသာသွား၊ ဘာကြောက်စရာရှိလို့လဲ။"

ဟုန်ကျွင့်တစ်ယောက် အစပိုင်းတွင် ပျော်ရွှင်သွားခဲ့သော်လည်း ချုံမင်အကြောင်းကို တွေးလိုက်မိသောအခါ သူ၏အမူအရာက ဝမ်းနည်းလာပြီး ချင်းရှုံကိုသာ ငူငူငိုင်ငိုင်ကြည့်နေလိုက်သည်။

"လူသားကမ္ဘာမှာ စားစရာတွေအများကြီးရှိတယ်၊ ဆော့စရာတွေလည်း အများကြီးရှိတယ်။ လှပတဲ့မိန်းကလေးတွေ၊ သူငယ်ချင်းတွေနဲ့ သောက်စားဖို့ သေရည်တွေ... ဆယ်မိုင်လောက်အထိ နားထောင်နိုင်တဲ့ သီချင်းတွေရှိတယ်။ သွားကြည့်လိုက်... သေမျိုးကမ္ဘာကို သွားကြည့်ရင် မင်း နောင်တရမှာ မဟုတ်ဘူး။"

*

နောက်တစ်နေ့တွင် ခန်းမကို သန့်ရှင်းရေးလုပ်ခဲ့ပြီး ပလ္လင်သုံးခုကို ယာယီနေရာရွှေ့ထားလိုက်သည်။

ဟုန်ကျွင့်က ဘေးခန်းမထဲသို့ လျှောက်သွားခဲ့၏။ လက်ရှိအချိန်၌ ချုံမင်က အလယ်ပလ္လင်မှာထိုင်ကာ ချင်းရှုံက သူ၏ဘယ်ဘက်မှာ နေရာယူထားသည်။ ချုံမင်၏အမူအရာက ယခင်အတိုင်း အေးစက်နေသောကြောင့် ဟုန်ကျွင့်မှာ 'အဖေ' ဟု ခေါ်ပြီး ထောင့်တစ်နေရာ၌ ယဉ်ကျေးစွာ ရပ်နေလိုက်သည်။

"ငါက မင်းအဖေ မဟုတ်ဘူး။"

ချုံမင်၏အသံက ခံစားချက်များမရှိသည့်အတိုင်း ခန်းမကြီးထဲ ဟိန်းထွက်လာခဲ့သည်။

"ဟုတ်တယ်။"

ဟုန်ကျွင့်က အနည်းငယ် စိတ်ကသိကအောက်ဖြစ်စွာဖြင့် ပြောလိုက်သည်။

"အဖေက ကျွန်တော့်အဖေပဲ။"

သို့သော် ချုံမင်က သူ့ကိုမကြည့်ဘဲ တတိယမြောက်ပလ္လင်ကိုသာ ကြည့်နေခဲ့သည်။

"မင်းအဖေနာမည်က ခုန်ရွှမ်း။"

သူက လေးနက်စွာဖြင့် စကားဆက်လိုက်သည်။

"ငါနဲ့ ချင်းရှုံလို မင်းရဲ့အဖေကလည်း ယောက်ကျင်းနန်းတော်ရဲ့အရှင်သခင်ပဲ။ တစ်ချိန်က ကျန်တဲ့ပလ္လင်ပေါ်မှာ ဘယ်သူထိုင်လဲလို့ မင်း ငါ့ကိုမေးခဲ့ဖူးတယ်။ အခု ငါ အဖြေပေးနိုင်ပြီ။"

"တစ်ချိန်တုန်းက မင်းရဲ့အဖေအရင်း ဒီပလ္လင်ပေါ်မှာ ထိုင်ခဲ့ဖူးတယ်။ မင်းအဖေဆုံးသွားတော့ ချင်းရှုံက မင်းကို ယောက်ကျင်းနန်းတော်ဆီ ပြန်ခေါ်လာခဲ့တာ။ အခု မင်းက အရွယ်ရောက်လာပြီဆိုတော့ ပြန်သွားဖို့ အချိန်တန်ပြီ။"

"ဘယ်ကိုပြန်ရမှာလဲ။"

ဟုန်ကျွင့်က ပြန်မေးလိုက်သည်။

"မင်း လာခဲ့တဲ့နေရာဆီကို။"

ချုံမင်က အတက်အကျမရှိသောအသံဖြင့် ပြောလိုက်သည်။

"ကျွန်တော်က ဒီနေရာကလာတာ။ ကျွန်တော် ဘယ်မှမသွားနိုင်ဘူး။"

ဟုန်ကျွင့် ချက်ချင်းဆိုသလို ပြန်ခံပြောလိုက်လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment