အပိုင်း (၁.၁) - ယောက်ကျင်း သူတော်စင်သုံးပါး (၁)
ရေခဲထုများ ပိတ်ဆို့ထားသည့် မြစ်ဝါမြစ်ကို ဖြတ်ကူးချင်လျှင် ထိုက်ဟန်၏ နှင်းဖုံးတောင်တန်းများကို တက်ရမည်။
ကောင်းကင်ကြီးက မျက်စိတစ်ဆုံး မြင်နိုင်သလောက် ကျယ်ဝန်းလှသည်။ ထိုက်ဟန်တောင်ထိပ်များက တစ်နှစ်ပတ်လုံး နှင်းဖြူဖြူများဖြင့် ဖုံးလွှမ်းနေပြီး ကောင်းကင်ယံရှိ တိမ်တိုက်များနှင့် ရောယှက်နေသည်။ ဤနေရာက သာမန်ငှက်များ လက်လှမ်းမမီသောနေရာဖြစ်၍ ကောင်းကင်ပြာပြာပေါ်တွင် အဖြူရောင်သိမ်းငှက် အနည်းငယ်မျှသာ ပျံဝဲနိုင်၏။
လေပြင်းများ စဥ်ဆက်မပြတ် တိုက်ခတ်လျက်ရှိသော အပြာရောင်ကောင်းကင်အောက်တွင် ကုန်းမြေတို့မှာ အနက်ရောင် အစက်အပြောက်လေးများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။ ထိုအခိုက် ငှက်ကြီးတစ်ကောင်က ၎င်း၏ ခြေသည်းများကို ကုပ်ရင်း အတောင်ပံများကို ဖြန့်ကျက်၍ တိမ်တိုက်များထဲသို့ ဖြတ်ကျော်တိုးဝင်လာခဲ့သည်။
နေဝင်ရီတရောအချိန်ဖြစ်သောကြောင့် ၎င်း၏အတောင်ပံများက ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေ၏။ ၎င်းက တိမ်တိုက်များဖုံးလွှမ်းနေသော တောင်ထိပ်ဆီသို့ ပျံသန်းသွားနေခဲ့ခြင်းပင်။ တိမ်များနှင့် မြူခိုးများကို ဖြတ်ကျော်ပြီးနောက် တောင်တန်းများ ဝန်းရံထားသော အလယ်တွင် လှပသော နန်းတော်အဆောက်အအုံကြီး ပေါ်ထွက်လာ၏။
ညနေစောင်းအချိန်ကြောင့် နန်းတော်၏ အပြင်ဘက်နံရံများမှာ အနီရောင်မီးတောက်များ ခြယ်သထားသကဲ့သို့ ပြိုးပြိုးပြက်ပြက် တောက်ပနေလေသည်။
နန်းတော်ထဲတွင် တစ်နှစ်ပတ်လုံး ကျဆင်းနေသော ဆီးနှင်းများ မရှိတော့ဘဲ စိမ်းလန်းသော သဖန်းပင်များသာ အပြည့် ရှိနေ၏။ နေရောင်အောက်တွင် ညနေခင်းလေပြည်လေး ဖြတ်တိုက်လာသောအခါ သဖန်းပင်၏အရွက်များက တောင်တစ်ပြင်လုံးပေါ် ဖုံးလွှမ်းသွားနိုင်သည်အထိ ကြွေကျနေသည်။
အလွန်ကြီးမားသော ထိုငှက်ကြီးက ပင်မခန်းမအပြင်ဘက်ရှိ လမ်းမပေါ်၌ ဆင်းသက်လိုက်လေသည်။ ၎င်း၏ ရှည်လျားသော အော်ဟစ်သံနှင့်အတူ အတောင်များကို လှုပ်ခါပစ်သည့်အခိုက် ၎င်း၏တစ်ကိုယ်လုံးရှိ ရွှေရောင်တောက်နေသော အမွေးများက ရုတ်တရက် လွင့်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ခုအဖြစ်သို့ စုစည်းလာခဲ့သည်။ အမွေးအတောင်များကို ကောင်းကင်၌ ဖြန့်ကျက်လိုက်ပြီးနောက် အရပ်ရှည်ရှည် လူငယ်တစ်ဦး ပေါ်ထွက်လာ၏။
ထိုအမျိုးသားက အရပ်ကိုးပေနီးပါးရှိပြီး တည်ကြည်သော မျက်နှာအသွင်အပြင်၊ ရွှေညိုရောင် အရိပ်အမြွက်တို့ရှိသည့် မျက်လုံးများရှိသည်။ သန်မာသော ခန္ဓာကိုယ်အပေါ်ပိုင်းရှိ အထင်းသားပေါ်နေသော ဝမ်းဗိုက်ကြွက်သားများကို ပြသထားကာ ဂျုံရောင်အသားအရေ ရှိလေ၏။ ခါးတစ်ဝိုက်မှာတော့ ရွှေရောင်ပန်းထိုးထားသည့် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
လက်ရှိ၌ ထိုအမျိုးသားက သူ၏လက်ထဲတွင် ထုပ်ပိုးထားသော ပစ္စည်းတစ်ခုကို ကိုင်ကာ ပင်မခန်းမဆီသို့ ဖြည်းညင်းစွာ လျှောက်သွားနေခဲ့သည်။
နန်းတော်အတွင်းရှိ လူငယ်များနှင့် မိန်းကလေးများက ထိုသူ ဖြတ်သွားတာကို မြင်သည်နှင့် အားလုံး တစ်ပြိုင်တည်း ဒူးထောက်လိုက်ကြသည်။
"အရှင်ချင်းရှုံ။"
"ချင်းရှုံ" ဟုခေါ်သော ဤအမျိုးသားက တော်ဝင်ဝတ်ရုံ တလွင့်လွင့်ဖြင့် သဖန်းပင်များအပြည့်ရှိရာ နန်းတော်၏ ပင်မခန်းမဆောင်ဆီသို့ တန်းတန်းမတ်မတ် သွားနေခဲ့၏။ ညအချိန်အခါ ရောက်တော့မည်ဖြစ်၍ လရောင်က ပင်မခန်းမကို တိတ်ဆိတ်စွာ ဖုံးလွှမ်းနေသည်။ ခန်းမကြီးထဲတွင် အလင်းရောင် တစိုးတစိမျှ ရှိမနေပေ။
မှောင်မိုက်နေသော ကောင်းကင်အောက်ရှိ ခန်းမကြီးထဲတွင် မြင့်မားသော ပလ္လင်သုံးခုရှိသည့်အနက် နှစ်ခုက လွတ်နေသည်။ အလယ်ရှိ ပလ္လင်ပေါ်တွင်တော့ အနီရောင်အဝတ်အစား၊ ဆံပင်နီနီနှင့် လူတစ်ယောက် ထိုင်နေ၏။
သူ၏အနီရောင်ဆံပင်များက မီးတောက်ပမာ နီရဲနေကာ သူ၏တော်ဝင်ဝတ်စုံကလည်း မှောင်မည်းနေသော အခန်းထဲတွင်ပင် နံနက်ခင်း အလင်းရောင်များ တောက်ပနေသကဲ့သို့ ရွှန်းလဲ့နေ၏။ ခါးပတ်ပေါ်ရှိ ရှည်လျားသော မီးတောက်သဖွယ် အမွေးများက ကြမ်းပြင်ပေါ်၌ ဖြာကျနေသည်။
သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းရှိ တော်ဝင်ဝတ်စုံကို ပခုံးပေါ်၌ တစ်ဝက်ချိတ်ဆွဲထားသဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ဝက်ကို ပေါ်လွင်နေစေ၏။ ဤသည်က ဖြူစင်သော အသားအရေနှင့် သန်စွမ်းသော ကြွက်သားများကို ထင်ထင်ရှားရှား ပြသထားသကဲ့သို့ပင်။
ထိုလူက ခြေသံများကို ကြားလိုက်ရသောအခါ ခေါင်းမော့၍ ချင်းရှုံကို ကြည့်လိုက်သည်။
သူက ဤနန်းတော်၏ဘုရင်ဖြစ်ပြီး နှင်းထူထပ်သော မြေနှင့် ကောင်းကင်ကြီး၏ အရှင်သခင်ဖြစ်သည်။ သူ၏နာမည်အား "ချုံမင်" ဟု သိထားသူမှာ ဤကမ္ဘာပေါ်တွင် အနည်းစုသာ ရှိတော့၏။ မင်းဆက်များ အလီလီပြောင်းလဲသွားသကဲ့သို့ သူ၏နာမည်ကလည်း သမိုင်းမြစ်ကြောင်းထဲ၌ ပျောက်ကွယ်သွားခဲ့ချေပြီ။
သူ့တွင် ချောမောသော မျက်နှာ၊ ထက်ရှသော ဓားသဖွယ် မျက်ခုံးတန်းများရှိပြီး အေးစက်တည်ငြိမ်သော အရှိန်အဝါ ရှိသည်။ အစွမ်းထက်သည့် ခံစားမှုမျိုးနှင့် ဥပေက္ခာပြုထားသည့် အငွေ့အသက်က မျက်လုံးများထဲ၌ အပြည့်ပင်။ ထို့အပြင် သူ၏လည်ပင်းမှ နားရွက်အောက်အထိ မီးလောင်ထားသော အမှတ်အသားတစ်ခုလည်း ရှိနေ၏။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ချင်းရှုံက နောက်ဆုံး၌ စကားစလိုက်သည်။
"ခုန်ရွှမ်း မရှိတော့ဘူး။ မင်း ပြုစုပျိုးထောင်ဖို့ မိဘမဲ့ကလေးတစ်ယောက်ကို ထားခဲ့တယ်။"
"သူ ဘယ်လိုသေသွားခဲ့တာလဲ။"
ချုံမင်က အေးစက်စွာ မေးလိုက်သည်။ ထိုအခါ ချင်းရှုံက သူ၏ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်၏။ တစ်ချိန်တည်းမှာပင် ခန်းမကြီးကလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
"သူ့ရဲ့မျိုးဆက်က လူသားတစ်ယောက်မဟုတ်လား၊ ငါ အဲ့လိုအရာမျိုးကို မွေးမှာမဟုတ်ဘူး။"
ချုံမင်က အေးတိအေးစက် အသံဖြင့် ပြောသည်။
"တောင်အနောက်ဘက်က ချောက်ကမ်းပါးမှာ နေရာတစ်နေရာရှာပြီး ပစ်ချလိုက်!"
ထိုစဥ် ချင်းရှုံက ဒူးတစ်ဖက်ထောက်ကာ သူ့လက်ထဲမှာ ထုပ်ပိုးထားသောအရာကို မြေပြင်ပေါ်သို့ ချလိုက်လေသည်။ ထိုအရာက တဖြည်းဖြည်း အရွယ်အစားကြီးလာပြီး ကြာပန်းများပမာ ခြယ်လှယ်ထားသော ထောင့်လေးထောင့်က တဖြည်းဖြည်း ပွင့်လာသည်။ အထဲမှာ ကောင်လေးတစ်ယောက်ရှိနေ၏။
ကောင်လေးက အထုပ်လေးထဲ၌ ဘေးတစောင်းအနေအထားဖြင့် ကွေးကွေးလေးရှိနေကာ နူးညံ့သော အသွင်အပြင်လေးရှိသည်။ ကိုယ်ပေါ်တွင်မူ စုတ်ပြတ်နေသော ပိတ်စကို ၀တ်ဆင်ထားရှာသည်။ ပိန်ပါးသော ခန္ဓာကိုယ်လေး ပေါ်ထွက်လာခဲ့စဥ် သူ၏လက်ထဲမှာ အမည်မသိအရာတစ်ခုကို ဆုပ်ကိုင်ထားသည်အား တွေ့လိုက်ရ၏။ ကောင်လေးက သူ့လက်ထဲရှိအရာကို တင်းတင်းဆုပ်ထားသည်မှာ အရေးကြီးသောအရာကို ကာကွယ်ထားသည့် အလား။
"လူသားရဲ့သက်တမ်းနဲ့ဆို ဒီနှစ်မှာ အသက်လေးနှစ်ပဲ ရှိသေးတယ်။"
ချုံမင်က ကလေးကို တိတ်တဆိတ် ကြည့်နေ၏။ ချင်းရှုံ ကလေးကို ပွေ့ချီလိုက်သောအခါ ကလေးက မသက်မသာ ခံစားလိုက်ရသလို အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
"သူက သူ့အဖေ ငယ်ငယ်ကပုံစံလေးနဲ့ တစ်ပုံစံတည်းပဲ။"
သူက ကလေးကို ပွေ့ချီလျက် လှေကားပေါ် တက်လာရင်း ချုံမင်အနားသို့ ရောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကြည့်လိုက်... သူ့ရဲ့မျက်လုံး၊ မျက်ခုံး။"
ချုံမင်: "ငါပြောနေတယ်လေ... သတ်ပစ်လိုက်လို့!!"
ချင်းရှုံက ကလေးကို ပေးချင်ခဲ့သော်လည်း ချုံမင်က မထိမကိုင်ချင်ပေ။ သို့သော် သူကတော့ ကလေးငယ်အား ချုံမင်၏ခန္ဓာကိုယ်ပေါ်မှာ တင်ထားခဲ့လိုက်သည်။ ကလေးလေးက အိပ်ငိုက်နေရာမှ နိုးထလာတော့မည့်ဟန်ဖြင့် တစ်ဖန် ပြန်လှုပ်ရှားလာ၏။ ထိုစဥ် ချုံမင်၏ နူးညံ့နွေးထွေးသော ရင်ဘတ်ကို ခံစားမိလိုက်သည့်အခိုက် လှုပ်လီလှုပ်လဲ့ တိုးဝှေ့လိုက်သောကြောင့် သူ့လက်ထဲမှ အရာလေးကလည်း ပြုတ်ကျသွားတော့သည်။
၎င်းက အစိမ်းရောင် ဒေါင်းမွေးပင်။
"သူ့ကို နာမည်တစ်ခု ပေးလိုက်ဦး။ ငါ သွားတော့မယ်။"
"ဘယ်သွားမလို့လဲ။"
ချုံမင်က အေးစက်စွာ ပြောလိုက်သည်။
"သူ့ကို ငါ့ဘေးမှာထားရင် ငါ အဲဒီမိန်းမကိုတွေးမိပြီး သူ့ကို အချိန်မရွေး သတ်ပစ်လိုက်မှာ!"
"မင်းသဘောပဲ။"
ချင်းရှုံက ချုံမင်ကို မျက်နှာမူပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်လှည့်ကာ ပြောလာခဲ့သည်။
"တိရန်ကျယ်ပြောတဲ့ နောက်ဆုံးရက်က ရောက်လာပြီ။ ကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ နတ်ဆိုးတွေရဲ့ နယ်မြေ ဖြစ်လာတော့မှာ။ ကောင်းကင်နတ်ဆိုးရဲ့ ရှင်သန်ထမြောက်မဲ့ရက်ကလည်း နီးကပ်လာပြီ။ ငါ ခုန်ရွှမ်းသေရတဲ့ အကြောင်းရင်းအမှန်ကို ရှာရမယ်။"
"သွားပြီ..."
ချင်းရှုံက ထိုစကားတို့အား ပြောပြီးသည်နှင့် တစ်ပြိုင်နက် အရှေ့သို့ ခုန်တက်ကာ အတောင်ပံများကို ဖြန့်ချလိုက်တော့သည်။ ထို့နောက် အနက်ရောင် ငှက်ကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားလေ၏။ ၎င်းက အတောင်ပံများကို ခတ်ကာ ဟိန်းဟောက်သံအရှည်ကြီးဖြင့် ခန်းမထဲကနေ ထွက်သွားပြီး မှောင်မိုက်နေသော ညကောင်းကင်ထဲသို့ တိုးဝင်ပျံသန်းသွားခဲ့လေသည်။
ချင်းရှုံ၏ ရှည်လျားသော ညည်းတွားသံကို ကြားလိုက်ရသောအခါ ကလေးငယ်ကလည်း ရုတ်တရက် လန့်နိုးလာခဲ့သည်။
ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ဒေါင်းအမွေးက ချုံမင်၏ တော်ဝင်ဝတ်ရုံပေါ် လျှောကျကာ ၎င်းမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ၎င်းက တတောက်တောက်အသံမြည်လျက် လှေကားထစ်များတစ်လျှောက် လှိမ့်ဆင်းသွားခဲ့သည်။
ကလေးက သူ၏လက်ကို ငုံ့ကြည့်လိုက်သည့်အခိုက် ချုံမင်၏တော်ဝင်ဝတ်ရုံကို ကိုင်ထားမိမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။ ဖြည်းဖြည်းချင်း နူးညံ့စွာ ပြန်မော့ကြည့်လိုက်သောအခါ ချုံမင်၏ စူးရှသောမျက်လုံးများကို တွေ့လိုက်ရ၏။
ထိုအချိန်၌ ကလေးငယ်၏မျက်နှာပေါ်သို့ မျက်ရည်တစ်စက်က ပေါက်ခနဲ ကျလာခဲ့သည်။ အနှီမျက်ရည်စက်ကြောင့် ကလေးငယ်မှာလည်း စိတ်ရှုပ်ထွေးသွားပုံပင်။ သူ၏ နူးညံ့လှသော လက်ကလေးကိုဆန့်ကာ ချုံမင်၏မျက်နှာကို ထိလိုက်ပြီး မျက်ရည်များကို သုတ်ပေးလိုက်သည်။
"ဦးလေးကြီးက ဘယ်သူလဲဟင်။"
ကလေးငယ်က မဝံ့မရဲဖြင့် မေးခဲ့လေသည်။
.......
ဟယ်ပေ၊ ယိုးကျိုးမျှော်စင်၌။
အနီရောင် မေပယ်ရွက်များ ပျံဝဲနေသည့် တောင်တန်းများပေါ်ရှိ အဆောက်အအုံတစ်ခုရှေ့တွင် လူငယ်လေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ရှိနေ၏။ လူငယ်လေးက စိမ်းပြာရောင် အင်္ကျီဝတ်ထားပြီး မိန်းကလေးကလည်း ချောမောလှပသည်။ နှစ်ဦးသား လက်ရန်းအနီးတွင် မတ်တတ်ရပ်လျက် ကြီးကျယ်ခမ်းနားသော တောင်တန်းများနှင့် မြစ်များကို ငေးကြည့်နေကြသည်။
"ကောင်းကင်နဲ့ မြေကြီးရဲ့ ခရီးရှည်ကြီးကို တွေးရင်း ဝမ်းနည်းမျက်ရည်ကျမိတယ်။"
အင်္ကျီစိမ်းပြာရောင် ဝတ်ထားသော လူငယ်လေးက ရွတ်ဆိုလိုက်၏။
"ပေါယွိက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။"
"ဘာဖြစ်လို့ ရုတ်တရက်ကြီး ကဗျာတွေဘာတွေ ဆန်နေရတာလဲ။"
မိန်းကလေးက သူ့နောက်မှာ ရပ်နေပြီး ပြောလာသည်။
"တိရန်ကျယ်သေသွားတော့ ကမ္ဘာကြီးကလည်း တဖြည်းဖြည်းနဲ့ နတ်ဆိုးတွေရဲ့နယ်မြေ ဖြစ်လာပြီလေ။"
"အရမ်းမလောပါနဲ့။"
စိမ်းပြာရောင်၀တ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေးက ပြောလာ၏။
"အရန်အစီအစဥ်အနေနဲ့ အဲဒီကောင်မှာ နောက်မျိုးဆက် ကျန်နေသေးလား မသိရသေးဘူးလေ။ ဒါနဲ့ နတ်ဆိုးကောင်အတွက် ဘယ်လိုပြင်ဆင်ထားလဲ။"
လှပသော မိန်းကလေး: "ဒီတစ်ခေါက် အိမ်ရှင်ခန္ဓာကိုယ်က စေတနာရှိပြီး ပေါင်းစည်းမှုက အရမ်းကောင်းပေမဲ့ ထိန်းချုပ်နိုင်ဖို့က အချိန်လိုသေးတယ်။ ဒီလိုပြောမှ သတိရတယ်။ ခုန်ရွှမ်းကို သတ်ခဲ့တာကြောင့် ဒုက္ခရောက်မှာကို မကြောက်ဘူးလား။ ထိုက်ဟန်တောင်ထွတ်ရဲ့ အရှင်သခင်က ပြန်လာခဲ့ရင်..."
"လာချင်ရင် အစောကတည်းက လာနေလောက်ပြီ။"
စိမ်းပြာရောင်ဝတ်ရုံနှင့်လူငယ်လေးက ဆိုလေသည်။
"ကံကြမ္မာဆိုတာ ဒီရေအတက်အကျလိုပဲ၊ ဘယ်တော့မှ မမြဲဘူး။ ယောက်ကျင်းနန်းတော်ရဲ့ အထွတ်အထိပ်ကာလက ကြာခဲ့ပြီ။ ချုံမင်ကလည်း မီးအဆိပ်နဲ့ ပိတ်မိနေတာမလား။ အဲ့လိုမဟုတ်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာလောက်ကတည်းက ဒီလိုကြီး ပျောက်ကွယ်နေခဲ့မှာ မဟုတ်ဘူး။"
အဝေးတစ်နေရာမှ အသံတစ်သံ ကြားလိုက်ရသည့်အခိုက် စိမ်းပြာရောင်ဝတ်ရုံနှင့်လူငယ်လေးက ချောမောလှပသော မိန်းကလေးဆီ ချဉ်းကပ်သွားခဲ့သည်။ ထို့နောက် သူ(မ)၏ဆံပင်ကို ချော့မော့သည့်ဟန်ဖြင့် သပ်တင်ပေးရင်း တိုးတိုးလေး ပြောလိုက်၏။
“သွားရအောင်၊ အရှင်မင်းမြတ် စောင့်နေပြီ။”
***
Aurora Novel Translation Team
အပိုင်း (၁.၂) - ယောက်ကျင်း သူတော်စင်သုံးပါး (၂)
၁၂ နှစ် ကြာပြီးနောက်၊ ထိုက်ဟန်တောင်ထွတ်ရှိ ယောက်ကျင်းနန်းတော်၌။
နွေဦးနေရောင်က တောက်ပစွာ ထွန်းလင်းနေသဖြင့် သဖန်းပင်များ၏အရိပ်များမှာ မြေပြင်ပေါ်၌ ကြယ်ရောင် အစက်အပြောက်များသဖွယ် ဖြာကျလျက်ရှိသည်။
လူငယ်လေးတစ်ဦးက အနီရောင်ကျောက်ကလေးများ စီခြယ်ထားသော လက်ပြတ်အင်္ကျီတို၊ ခါးတစ်ဝိုက်တွင် စိမ်းမြမြချည်များဖြင့် ရက်ထားသည့်၀တ်စုံကို ၀တ်ဆင်ထားသည်။ လက်ရှိ၌ ထိုလူငယ်လေးက လှပသော ကျောက်စိမ်းကဲ့သို့ အပင်တစ်ပင်၏ အကိုင်းအခက်ပေါ်တွင် ထိုင်နေ၏။
သူ့လက်ထဲရှိ အဖြူရောင်ဇလုံထဲသို့ ပန်းဝတ်မှုန်များ ဖြူးထည့်ကာ ရောစပ်နေသည်။ ရံဖန်ရံခါ သူ၏စူးရှသော မျက်လုံးများက ပွင့်နေသော ပြတင်းပေါက်များရှိသည့် ပင်မခန်းမဆီသို့ လှမ်းလှမ်းကြည့်နေတတ်သည်။
ခန်းမဆောင်ကြီးထဲမှာ ပိတ်ပါးစ ကန့်လန့်ကာများ ဝဲလွင့်နေ၏။ ချုံမင်က နေရောင်ဖျော့ဖျော့ရှိသော တောင်တန်းများကို ဘေးတိုက်ကြည့်နေပုံရပြီး ပလ္လင်ပေါ်တွင် မှီတစ်ဝက်ထိုင်တစ်ဝက် အနေအထားဖြင့် ထိုင်နေခဲ့သည်။
"ဟုန်ကျွင့်!"
"ရှူး......."
ဟုန်ကျွင့်ဟုခေါ်သော ကောင်လေးက သစ်ပင်ပေါ်မှ ငုံ့ကြည့်ရင်း သူ့လက်ချောင်းလေးကို မြှောက်ကာ နှုတ်ခမ်းပေါ်တင်ရင်း တိုးတိုးနေရန် အချက်ပြလိုက်သည်။
အော်ခေါ်လာသူမှာ လက်နှစ်ဖက် ခြေနှစ်ဖက်နှင့် ငါးကြင်းမိစ္ဆာပင်။ မိစ္ဆာဟူသည့်အတိုင်း သူ၏ခန္ဓာကိုယ်က နှစ်ပေနီးပါး ရှည်လေ၏။ ဆူးတောင်များအနောက်မှ လက်နှစ်ဖက်ထွက်လာပြီး သစ်ပင်ပေါ် တွယ်တက်ပြီး အော်ပြောနေခဲ့သည်။
"မြန်မြန်ဆင်းလာခဲ့။"
ငါးကြင်းမိစ္ဆာက ပါးစပ်ကို ဖွင့်ကာပိတ်ကာလုပ်ရင်း ပူဖောင်းအနည်းငယ်ကို ထွေးထုတ်ကာ ၎င်း၏အမြီးကိုလည်း ဝှေ့ယမ်းနေခဲ့သည်။
"မင်း မပျံတတ်သေးဘူးနော်။ မင်း ပြုတ်ကျရင် အရှင်မင်းမြတ်က ရိုက်လိမ့်မယ်။"
ဟုန်ကျွင့်သည် ဝတ်မှုန်များ ရောစပ်ပြီးသည့်နောက် သစ်ပင်အောက်ကို ငုံ့ကြည့်ကာ တိုးတိုး ပြောလိုက်သည်။
"အဖေက ဟိုနေရာမှာပဲ တစ်နေကုန်ထိုင်နေတာ။ ဘယ်သူ့ကိုမှလည်း မတွေ့ဘူး။ တစ်ယောက်ယောက် ဝင်သွားရင်တောင် သူ့ဒေါသတွေ ပေါက်ကွဲသွားလိမ့်မယ် ထင်တယ်။"
"သူက လူတစ်ယောက်ကို စောင့်နေတာကွ။"
ငါးကြင်းမိစ္ဆာက ပြန်ပြောလေသည်။
"အရှင်မင်းမြတ်က ဒီနေ့ စိတ်အခြေအနေ မကောင်းဘူး။"
ဟုန်ကျွင့်လည်း သူ့လက်ထဲမှ ဝတ်မှုန်ကို ဆက်လက်ရောစပ်ပြီး မေးလိုက်သည်။
"ဘယ်သူ့ကို စောင့်နေတာလဲ။"
ငါးကြင်းမိစ္ဆာ တုံ့ဆိုင်းသွားစဥ်မှာ ဟုန်ကျွင့်တစ်ယောက် သစ်ပင်ပေါ်မှ ခုန်ဆင်းကာ ပင်မခန်းမဆီ အမြန်လျှောက်သွားနေလေပြီ။ လမ်းတစ်လျှောက်ရှိ ယောက်ကျင်းနန်းတော်မှ လူငယ်များက ဟုန်ကျွင့်ကို တွေ့သည်နှင့် ဦးညွှတ်ပြီး “အရှင့်သား” ဟုဆိုကာ ဂါဝရပြုကြရာ ဟုန်ကျွင့်ကလည်း ခေါင်းပြန်ညိတ်ပြလိုက်သည်။
ခန်းမအနောက်ဘက်သို့ ရောက်ရှိလာသောအခိုက် ချိတ်ကောက်တစ်ခုကို လွှင့်တင်၍ ခန်းမ၏ထိပ်ပေါ်သို့ ခုန်တက်သွားခဲ့သည်။ သူက နန်းတော်ခေါင်မိုးပေါ်၌ ဒူးထောက်ထိုင်ချလိုက်ပြီး ချုံမင်ရှိရာ အမိုးမြင့်မြင့်ဆီသို့ ကုပ်ချောင်းကုပ်ချောင်းဖြင့် ချဥ်းကပ်သွားလိုက်၏။ ထို့နောက် အုတ်ချပ်စဉ့်ကြွပ်များအား ညင်သာစွာဖွင့်ကာ လက်ထဲရှိ ဆေးပန်းကန်လုံးကို ညင်သာစွာ မှုတ်လိုက်သည်။
ဆေးဖက်ဝင်အမှုန့်များက ပန်းကန်လုံးထဲမှ အဖြူရောင် အလင်းတန်းအဖြစ် တောက်ပသွားကာ ပင်မခန်းမထဲသို့ လွင့်ပျံသွားကြသည်။ ငါးကြင်းမိစ္ဆာက ဘေးတိုက်လှည့်၍ ပင်မခန်းမအပြင်ဘက် ခပ်လှမ်းလှမ်းမှ တောင့်တင်းစွာ ရပ်ကြည့်နေခဲ့သည်။
ချုံမင်က ပင်မခန်းမ အပြင်ဘက်ရှိ ထိုက်ဟန်တောင်တန်းများဆီသို့ မျက်နှာမူကာ ပလ္လင်ပေါ်တွင် ထိုင်တစ်ဝက်လှဲတစ်ဝက် ထိုင်နေခဲ့သည်ပင်။ ထိုအခိုက်အတန့်၌ ရုတ်တရက်ဆိုသလို သူ့လည်ပင်းက တဖြည်းဖြည်း နီရဲလာခဲ့သည်။ ဝတ်မှုန်များက ချုံမင်၏အနီးတစ်ဝိုက်သို့ နဂါးငွေ့တန်းများသဖွယ် ပျံဝဲသွားပြီး အနီရောင် အမှုန်အမွှားအဖြစ် တဖြည်းဖြည်းတွဲကျကာ နှင်းခဲများ ဖြစ်လာခဲ့သည်။
ငါးကြင်းမိစ္ဆာ၏ နှုတ်ခမ်းပိစိလေးက အနည်းငယ် ကျယ်လာခဲ့၏။
ချုံမင်တစ်ယောက် ပုံမှန်အတိုင်း အသက်ရှူရင်း ဝတ်မှုန်အချို့ကိုပါ ရှူရှိုက်လိုက်မိသည်။ ရှူလိုက်မိသည်နှင့် တစ်ပြိုက်နက် ချက်ချင်းဆိုသလို မျက်လုံးများပွင့်လာပြီး သူ၏အမူအရာကလည်း အလွန်ထူးဆန်းလာခဲ့၏။
'အောင်မြင်ပြီ။'
ဟုန်ကျွင့်တစ်ယောက် သူ့ဘာသာသူ တွေးကာ ခန်းမခေါင်မိုးပေါ်ကနေ ခုန်ဆင်းလိုက်သည်။ ထို့နောက် ငါးကြင်းမိစ္ဆာနှင့်အတူ ချုံမင်ရှိရာဘက်သို့ လှမ်းကြည့်နေလိုက်၏။ ချုံမင်က အလျင်အမြန် မတ်တတ်ထရပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူ၏မျက်နှာက ဘယ်ညာလှည့်ရင်း ခန်းမအပြင်ကို လှမ်းကြည့်လိုက်သည်။
"အဖေ..."
ဟုန်ကျွင့်က ဝမ်းသာအားရ အော်ခေါ်လိုက်သည်။ ချုံမင် တစ်ယောက်ယောက်ကို ခေါ်တော့မည့်အခိုက်အတန့်၌...
"ဟက်... ဟက်ချိုး!"
*ဝုန်း!*
နှာတစ်ချက်ချေလိုက်သည်က တောင်ထွတ်ကြီးကို ဝုန်းခနဲ လှုပ်ခါသွားစေသဖြင့် ယောက်ကျင်းနန်းတော်ထဲရှိ အစောင့်အကြပ်များ ရုတ်တရက် ထိတ်လန့်တကြား အော်ဟစ်ကုန်ကြ၏။
"ငလျင် လှုပ်ပြီဟေ့!"
"ဟက်... ဟက်ချိုး!"
ခန်းမဆောင်ကြီး၏ အဖြူရောင် ကျောက်စိမ်းတိုင်ထဲသို့ မီးလုံးတစ်လုံး ပြေးဝင်သွားခဲ့သည်။ ဟုန်ကျွင့်လည်း အော်ဟစ်ရင်း ငါးကြင်းမိစ္ဆာကို ဆွဲခေါ်ကာ အခန်းတွင်းထဲက ရေကန်ထဲ၌ ပြေးပုန်းနေခဲ့သည်။
"ဟက်ချိုး! ဟက်ချိုး! ဟက်ချိုး!"
ချုံမင်မှာ ၃ ကြိမ်ဆက်တိုက် နှာချေပစ်သောကြောင့် မီးလုံးကြီးများ ပေါက်ကွဲသွားပြန်လေ၏။ တစ်ဆက်တည်း၌ပင် အမိုးပေါ်ရှိ သဖန်းပင်ကြီးက လောင်ကျွမ်းသွားခဲ့ပြီး ယောက်ကျင်းနန်းတော်တစ်ခုလုံး မီးအိုင်ထဲသို့ ကျရောက်သွားတော့သည်။
"ရေသွားယူ! ကူညီကြပါဦး!"
အင်္ဂတေရေကန်ထဲသို့ မီးလုံးတစ်လုံး ပြုတ်ကျလာသဖြင့် ငါးကြင်းမိစ္ဆာလည်း အထိတ်တလန့်ဖြင့် ထအော်လိုက်လေသည်။
"အား! ပူလိုက်တာ!"
ထိုအခိုက်၌ ဟုန်ကျွင့်က သူရေတွက်ထားသည့် အချိန်ပြည့်ပြီဟု တွေးရင်း ငါးကြင်းမိစ္ဆာကိုပွေ့ချီကာ ရေကန်ထဲကနေ ပြေးတက်လာခဲ့သည်။ သူက မီးလောင်နေသည့် သဖန်းပင်အောက်ကနေ အသည်းအသန်ပြေးရင်း ငါးကြင်းမိစ္ဆာကို တစ်နေရာ၌ ပစ်ချခဲ့ကာ ချုံမင်ဘက်ကို ခပ်သုတ်သုတ် ပြေးသွားခဲ့၏။
"အဖေ!"
ဟုန်ကျွင့် ခန်းမထဲသို့ ပြေးဝင်သွားသောအခါ ခန်းမတစ်ခုလုံး မီးလောင်ကျွမ်းနေလေပြီ။ ချုံမင်က သူ့ပါးစပ်နှင့် နှာခေါင်းကို အုပ်ပြီး ဟုန်ကျွင့်ဘက်ကို တစ်ချက် ကြည့်လိုက်သည်။
"အဖေ...ကျွန်တော်က အဖေ့အတွက် လုပ်ပေးချင်..."
ချုံမင် ချက်ချင်းဆိုသလို ခေါင်းကိုလှည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ ယခု သူ့ကြောင့် ကောင်းကင်တစ်ခွင်လုံး မီးတောက်များနှင့် ပြည့်လျှံသွားပြီး ပင်မခန်းမကြီးတစ်ခုလုံးလည်း မီးအိုင်ထဲ မြုပ်သွားခဲ့ပေပြီ။ ထို့ကြောင့် ဟုန်ကျွင့်ခမျာ နေရာပေါင်းစုံမှ မီးများဖြင့် ဝိုင်းရံခံထားရ၏။ ထိုအခိုက် ချုံမင်က လျင်မြန်စွာပြေးလာပြီး သူ့အရှေ့မှလူငယ်လေးကို ဆွဲကာ သူ့လက်နှစ်ဖက်ကြား၌ အကာအကွယ် ပေးထားလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ဇာမဏီတစ်ကောင်၏ အရိပ်တစ်ခုက ကောင်းကင်အထက်၌ ဟိန်းဟောက်သွား၏။ ထို့နောက်မှာတော့ ချုံမင်က သူ့နောက်ကျောမှ အတောင်များကို ဖြန့်ချကာ ဟုန်ကျွင့်ကိုသာမက သူ့ကိုယ်သူပါ လိမ္မော်ရောင် အလင်းတန်းများဖြင့် ကာကွယ်ထားလိုက်သည်။
ဇာမဏီ၏ အကာအကွယ် စွမ်းအင်အောက်မှာ မီးပင်လယ် ဖြစ်နေလျှင်တောင် ဒဏ်ရာကင်းစင်မည်ပင်။ သူတို့၏ အဝတ်အစားများကတော့ လုံးလုံးလျားလျား မီးလောင်သွားပြီဖြစ်၍ နှစ်ယောက်စလုံး ကိုယ်လုံးတီးများ ဖြစ်သွားကြသည်။
ဟုန်ကျွင့် ခေါင်းကို ချာခနဲလှည့်ကြည့်လိုက်ရာ ယောက်ကျင်းနန်းတော်၏ ပင်မခန်းမကြီးက မီးလုံးကြီးများအောက် လောင်ကျွမ်းနေကြောင်း တွေ့လိုက်ရသည်။
ငှက်မျိုးပေါင်းစုံက အရပ်ရပ်သို့ ပျံဝဲထွက်သွားခဲ့ကြသည်။ ထိုက်ဟန်တောင်တန်းများမှ နှင်းများကလည်း မြင့်ရာမှ နိမ့်ရာသို့ ရေတံခွန်များနှယ် တစ်ဟုန်ထိုး စီးဆင်းနေခဲ့သည်။ မူလက ယောက်ကျင်းနန်းတော်ကို လွှမ်းခြုံထားသော နှင်းတောင်ကြီးက မီးတောက်များကြား ချက်ချင်းနစ်မြုပ်ကာ အရည်ပျော်ကုန်လေပြီ။
တစ်နာရီကြာသောအခါ ဟုန်ကျွင့်တစ်ယောက် မီးလောင်ထားသော အစွန်းအထင်းများဖြင့် ရှုပ်ပွနေသော စာဖတ်ခန်း၏ အပြင်ဘက်မှာ ကြောင်အမ်းစွာ ရပ်နေခဲ့သည်။
"အား!"
ထိုအခိုက်အတန့်၌ အရှင်မင်းမြတ်က သူ့လက်ဖဝါးကို ရိုက်လိုက်သောကြောင့် ဟုန်ကျွင့် နာကျင်စွာ အော်လိုက်မိသည်။
"ဘယ်နှခါရှိပြီလဲ!"
ချုံမင်က အဝတ်အစားများ ဝတ်ဆင်ထားပြီဖြစ်ပြီး သူ၏လက်ထဲမှာလည်း ပေတံကို ကိုင်ထား၏။
"ပါးစပ်က ပြောစမ်း!"
သို့သော် ဟုန်ကျွင့်တစ်ယောက် တုံ့ဆိုင်းနေသဖြင့် ချုံမင်က သူ၏ခြေထောက်ကို ပေတံနှင့် ရိုက်ချလိုက်ပြန်သည်။ ထိုအခါ ဟုန်ကျွင့်ခမျာ နာကျင်စွာ အော်ရပြန်၏။
"ကိုယ့်ကိုယ်ကိုယ် မီးလောင်တိုက်သွင်းချင်နေတာလား။"
ချုံမင်က ဒေါသတကြီးဖြင့် ဆူပူကြိမ်းမောင်းနေ၏။
"ညရောက်တဲ့ထိ ခြံရှေ့မှာ ရပ်နေ!! မရပ်ရင်တော့ မင်း ညစာစားဖို့ မစဉ်းစားနဲ့!"
ချုံမင်က သူ့ကို တတိယအကြိမ်မြောက် ပြင်းပြင်းထန်ထန် ရိုက်လိုက်ချိန်မှာတော့ ဟုန်ကျွင့်တစ်ယောက် မျက်ရည်များပါ ကျလာတော့သည်။
"ထွက်သွားပြီး နံရံကို မျက်နှာမူရပ်နေစမ်း!"
ချုံမင်၏ ဒေါသတကြီးအော်သံကြောင့် ဟုန်ကျွင့်ခမျာ ခေါင်းလေးငုံ့ပြီး နံရံကိုမျက်နှာမူထားရန် ခြံဝင်းထဲသို့ လျှောက်သွားရုံသာ တတ်နိုင်တော့သည်။ ရွေးချယ်စရာ မရှိသော ငါးကြင်းကလည်း ၎င်း၏အကြေးခွံများကို ကုတ်ကာ ဟုန်ကျွင့်အနားမှာ ငုတ်တုတ်ထိုင်ချလိုက်၏။ ၎င်းက ခေါင်းကို တစ်ဖက်သို့လှည့်ကာ ခြံဝင်းအတွင်းရှိ အရည်ကျိုထားသော နှင်းရေများကို ခပ်သောက်လိုက်သည်။
ချုံမင်ဆိုသည်မှာ အလွန်ဒေါသကြီးသူဖြစ်ပြီး သူ ဘာမှမလုပ်ဘဲ လဲလျောင်းနေလျှင်တောင် ကြောက်စရာ ကောင်းလှသည်။
ထိုအခိုက်အတန့်၌ လေချွန်သံတစ်ချက်နှင့်အတူ ငှက်ကလေးများက အရပ်ရပ်သို့ ပျံသန်းနေကြ၏။ မီးလောင်ထားသော သစ်ကိုင်းများ၊ အုတ်ချပ်များနှင့် အပျက်အစီးများ အားလုံးက ခန်းမကြီးထဲမှ နှင်းများနှင့်အတူ မျောပါသွားခဲ့သည်။
“သွားမရှုပ်ပါနဲ့လို့ ငါပြောသားပဲ။”
ငါးကြင်းမိစ္ဆာက ပြောလိုက်သည်။
“အခုလည်း ဘယ်နှခါရှိနေပြီလဲ။ မင်းအဖေက ဒီနေ့ စိတ်အခြေအနေ မကောင်းပါဘူးဆို။”
"ငါလည်း သူ နှာချေလိမ့်မယ်လို့ ဘယ်ထင်ပါ့မလဲ။ ဒီနှင်းကြာမှုန့်ကို ရှာတွေ့ဖို့ ငါ့မှာ သုံးနှစ်လောက် ကြိုးစားထားခဲ့ရတာ။"
“အားလုံး ပြောထားပြီးသား မင်းအဖေရဲ့မီးအဆိပ်က မပျောက်နိုင်ဘူး။ မင်း သွားမနှောင့်ယှက်စမ်းပါနဲ့။”
ဟုန်ကျွင့်မှာ ပြန်မပြောနိုင်တော့ချေ။ သူက နံရံရှေ့မှာ ခေတ္တခြေစုံရပ်ပြီး ခြေတစ်ဖက်ထောက်လိုက်သည်။ ပျင်းစရာကောင်းသည်ဟု ခံစားလာရသည့်အခါ အခြားခြေထောက်တစ်ဖက်ကို ပြောင်းထောက်ပြန်၏။ ထို့နောက် ရှုခင်းပန်းချီနှင့်တူနေသော ခြံဝင်းနံရံပေါ်ရှိ မီးလောင်ပြာအမှတ်အသားများဆီသို့ အကြည့်ရွှေ့လိုက်သည်။
ဤသို့ဖြင့် အကြံတစ်ခုရသွားသည့် ဟုန်ကျွင့်တစ်ယောက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး မီးလောင်ပြာများပေါ်ကနေ တောင်တန်း၏ ကောက်ကြောင်းများပေါ်လာအောင် လိုက်ဆွဲနေလိုက်သည်။ သူက စိတ်တိုင်းကျ ရေးဆွဲနေခဲ့ပြီးနောက် နောက်ဆုံးရလဒ်က မင်များဖြင့်ရေးဆွဲထားသော ပန်းချီကားတစ်ချပ်နှင့် တူနေတော့သည်။
[TN - အပြစ်ပေးထားပါတယ်ဆို သူက ဆော့နေတယ်တဲ့။]
"မင်းလက်တွေ ညစ်ပတ်နေရင် မင်းအဖေက ထပ်ပြီး ကြိမ်းမောင်းလိမ့်မယ်နော်။"
ငါးကြင်းမိစ္ဆာက သတိပေးလိုက်သည်။ ဟုန်ကျွင့်ကလည်း အမြန်ပြန်ဖြေလိုက်၏။
"ထမင်းမစားခင် လက်ဆေးပါ့မယ်။"
ခန်းမကြီးထဲတွင် နေ့ခင်းဘက်ရောက်သည်အထိ မီးခိုးမည်းများက တလူလူ လွင့်နေဆဲပင်။ မီးခိုးများကြောင့် ပတ်ဝန်းကျင်က နွေးနေဆဲဖြစ်ပြီး နေရာတိုင်းမှာ နှင်းများ အရည်ပျော်ကျကာ ကြမ်းပြင်တစ်ခုလုံးကို ဗွက်အိုင်နေခဲ့သည်။ ချုံမင်ခမျာ ထိုမြင်ကွင်းကိုကြည့်ပြီး စိတ်ပျက်နေခဲ့သည်။
ထိုစဥ် ငှက်အော်သံတစ်ချက် ထွက်ပေါ်လာခဲ့ပြီး ရွှေရောင် အလင်းတန်းများ ဖုံးလွှမ်းထားသည့် အနက်ရောင်ငှက်ကြီးတစ်ကောင် ထိုက်ဟန်တောင်ထွတ်ဆီသို့ ပျံသန်းလာ၏။ ထိုငှက်ကြီး ဆင်းသက်သောအခါ အစိမ်းရောင်ဝတ်ရုံနှင့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဘာလိုဖြစ်လို့ ဒီလိုတွေ ပြောင်းလဲသွားရတာလဲ။"
ချင်းရှုံတစ်ယောက် ရောက်ရောက်ချင်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့အားသင့်သွားကာ မေးမြန်းရန် လူငယ် အစေခံလေးတစ်ယောက်ကို ခေါ်လိုက်သည်။
"ရန်သူ ရောက်လာတာလား။"
အစေခံမှာ မဖြေဝံ့သဖြင့် အရှင်မင်းမြတ်ချုံမင်က ဘေးအခန်း၌ စောင့်နေကြောင်းသာ ပြောလိုက်၏။ ဤသို့ဖြင့် ချင်းရှုံလည်း ခြံဝင်းထဲသို့ ဝင်သွားလိုက်သည်။
"ချင်းရှုံ!"
ဟုန်ကျွင့်တစ်ယောက် သူ့ဆီသို့ ခုန်ပေါက်ပြေးလာရင်း ပျော်ရွှင်မြူးတူးစွာ ခေါ်လိုက်၏။ ထို့နောက် သူက ခုန်လိုက်ပြီး ချင်းရှုံ၏လည်ပင်းကို ဖက်ကာ သူ့ကျောပေါ် ကျောပိုးစီးလိုက်လေသည်။
***
Aurora Novel Translation Team