အပိုင်း (၂၂) - ညဉ့်အချိန်၌ မြေခွေးကိုအမဲလိုက်ခြင်း (၂)
ဟုန်ကျွင့်တစ်ယောက် ဓားပျံကို မသုံးစွဲခင် ခဏစောင့်နေခဲ့သော်လည်း မြေခွေးမိစ္ဆာက ချွန်ထက်သော ခြေသည်းများဖြင့် လီကျင်လုံအား ဖမ်းဆုပ်တော့မည်ကို မြင်လိုက်ရသောအခါ သူ လီကျင်လုံ၏အသက်ကိုတော့ လျစ်လျူမရှုထားနိုင်တော့ပေ။ သူက ခါးမှဒေါင်းမွေးကို ချက်ချင်းဆွဲယူပြီး ဝိညာဉ်စွမ်းအားများ ထိုးသွင်းကာ မြေကြီးပေါ် ပစ်ချလိုက်သည်။
လီကျင်လုံ: "ငါ့ကို ဂရုမစိုက်နဲ့!"
ဓားကို မြေခွေးမိစ္ဆာ၏ လည်ပင်းနောက်ဘက်တွင် ထိုးသွင်းခဲ့သောကြောင့် သူ့လက်ထဲမှာ လက်နက် မရှိတော့ပေ။ သို့ဖြင့် လုံဝူတပ်ဖွဲ့ဝင်တစ်ဦး၏လှံကို ကောက်ယူလိုက်သည်။
သို့သော် သူ မြှောက်လိုက်ရုံမျှဖြင့် မြေခွေးမိစ္ဆာ၏ ခြေသည်းဖြင့် တစ်ချက်တည်းနှင့် ထိုလှံကို နှစ်ပိုင်းပြတ်သွားစေခဲ့သည်။ သူ(မ)၏ခြေသည်းများင လီကျင်လုံ၏ ဝမ်းဗိုက်ကို ဖောက်ထွက်လုနီးပါး ဖြစ်သွားခဲ့ရချိန်မှာပင် ဒေါင်းမွေးက လီကျင်လုံ၏ ခြေထောက်နားသို့ ကျရောက်သွားခဲ့ပြီး သန့်စင်သော အလင်းတန်းများနှင့်အတူ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ မြေခွေးမိစ္ဆာ၏ တိုက်ကွက်ကို အောင်မြင်စွာ ကာကွယ်ပေးလိုက်သည်။
ထို့နောက် ချက်ချင်းပင် ဟုန်ကျွင့်၏အော်သံအား ကြားလိုက်ရ၏။
"သွား!"
ဓားပျံတစ်စင်း ပြေးထွက်သွားခဲ့သည်။ ဟုန်ကျွင့် ခိုးဝင်တိုက်ခိုက်ရန် စောင့်ဆိုင်းနေမှန်း သိသဖြင့် လီကျင်လုံက အနောက်ဆုတ်လိုက်သည်။ ဓားပျံက မြေခွေးမိစ္ဆာ၏ဗိုက်ကို ထိုးဖောက်ပစ်လိုက်သော်လည်း မြေခွေးမိစ္ဆာမှာ ဟုန်ကျွင့်ဆီရောက်သည်အထိ ပြေးလာနေဆဲပင်။
သို့ဖြင့် လီကျင်လုံက ချက်ချင်း ပြန်လှည့်လာတော့သည်။ ဟုန်ကျွင့်၏ခန္ဓာကိုယ်ပေါ်မှ မှော်လက်နက်များအားလုံးကို ထုတ်သုံးပြီးပြီဖြစ်၍ မြေခွေးမိစ္ဆာ၏လက်ထဲ ရောက်သွားလျှင် သေချာပေါက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပေလိမ့်မည်။
ဟုန်ကျွင့်ထံသို့ ပြေးဝင်လာခဲ့ရင်း၊ လီကျင်လုံက သူ့ကို မြေပြင်ပေါ်သို့ တွန်းချလိုက်သဖြင့် မြေခွေးမိစ္ဆာ၏တိုက်ကွက်မှ သီသီလေး လွတ်မြောက်သွားခဲ့သည်။
ထိုစဉ် အရှေ့ဈေး၏ အခြားတစ်ဖက်ရှိ အမိုးပေါ်တွင် ကြီးမားလှသော မီးခိုးရောင်ဝံပုလွေကြီးတစ်ကောင် ပေါ်ထွက်လာခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုသတ္တဝါက အရွယ်ရောက်ပြီးသား လူတစ်ယောက်နီးပါးအထိ မြင့်မားသော်လည်း မြေခွေးမိစ္ဆာနှင့် နှိုင်းယှဉ်လျှင်မူ အလွန်သေးငယ်လှသည်။ အောက်သို့ခုန်ဆင်းရင်း ၎င်းက မြေခွေးမိစ္ဆာ၏လည်ပင်းကို သူ၏ ထက်မြက်သောသွားများဖြင့် အမိအရ ကိုက်ခဲထားလိုက်၏။
"အဲဒါကဘာလဲ။"
ဟုန်ကျွင့်က အံ့သြသွားသည်။
လီကျင်လုံ: "အခုပဲ!"
ထိုအခါမှ ဟုန်ကျွင့်လည်း ချက်ချင်းသတိဝင်လာပြီး လက်ချောင်းများကို လှုပ်ရှားလိုက်လေသည်။ ဓားပျံနှစ်စင်းက မြေခွေးမိစ္ဆာ၏အသားထဲမှ ပြန်ထွက်လာစဥ် ကောင်းကင်တစ်ခုလုံး သွေးစက်များ ပက်ဖျန်းသွားကာ သူ၏လက်ချောင်းတို့လည်း စိုစွတ်သွားခဲ့သည်။
လက်တစ်ဖက်စီတွင် ဓားပျံတစ်စင်းစီကို ကိုင်ဆောင်လျက်၊ ဟုန်ကျွင့်က မြေခွေးမိစ္ဆာ၏အထက်သို့ တစ်ပြိုင်နက်တည်း ပြန်လည်ပစ်လွှတ်လိုက်၏။
"တိုက်ခိုက်စမ်း!"
ပျံသန်းနေသော ရေခဲဓားပျံတစ်စင်းနှင့် မီးတောက်ဓားပျံတစ်စင်းက မလှမ်းမကမ်းမှ ဖြတ်ပြေးလာကာ လီကျင်လုံ၏ ဆံပင်အနည်းငယ်ကို ပွတ်သပ်သွားရင်း မြေခွေးမိစ္ဆာ၏နှလုံးတည့်တည့်ကို ထိမှန်သွားသည်။
နောက်အခိုက်၌ လေထုထဲတွင် ရုန်းကန်နေရဆဲဖြစ်သော မြေခွေးမိစ္ဆာ၏ မျက်လုံးများထဲက သွေးနီရောင် အလင်းတန်းများက တဖြည်းဖြည်း မှိန်ဖျော့သွားကာ ၎င်း၏ခန္ဓာကိုယ်ကလည်း လျင်မြန်စွာ ကျုံ့သွားပြီးနောက် ဧရာမဝံပုလွေတစ်ကောင်၏ ပါးစပ်ထဲမှ တွဲလောင်းကိုက်ချီခံထားရသော မြေခွေးလေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ဓားရှည်နှင့် မြားများအပါအဝင် ဓားပျံများလည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။
ဧရာမဝံပုလွေကြီးက မြေခွေးလေးကို ပါးစပ်ထဲမှ ထွေးထုတ်ကာ ဟုန်ကျွင့်နှင့် လီကျင်လုံကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ လီကျင်လုံက ဟုန်ကျွင့်ကို ဆွဲထူလိုက်၏။
"မော့ရစ်ကန်း?"
ဧရာမဝံပုလွေကြီးက "ဝူး" ဟု အသံပြု၍ ကြည့်လာပုံမှာ ပြုံးပြနေသယောင်ပင်။ လုံဝူစစ်တပ်က စစ်သည်များမှာတော့ ခြေတုန်လက်တုန်ဖြင့် ထရပ်လာကြသည်။ လီကျင်လုံက ဤပြဿနာကို နောက်မှဆွေးနွေးပြီး လက်ရှိကိစ္စကိုသာ ဦးစွာစစ်ဆေးရန် ဟုန်ကျွင့်ကို အချက်ပြလိုက်သည်။
"ဒုတပ်မှူးလီ!"
တစ်ယောက်ပြီး တစ်ယောက် လာနှုတ်ဆက်ကြသည်။ ယခုလီကျင်လုံ၏ အရှိန်အဝါက လုံဝူစစ်တပ်တွင် ရှိစဉ်ကနှင့် သိသိသာသာ ကွဲပြားသွားချေပြီ။ ထို့အပြင် သူတို့၏မျက်လုံးထဲတွင်လည်း ကြည်ညိုလေးစားမှုများစွာကို ထင်ထင်ရှားရှား မြင်တွေ့နေရသည်။ ဤလူအုပ်ထဲ၌ လီကျင်လုံ၏ လက်အောက်ငယ်သားဟောင်းများ အများကြီး ရှိပေသည်။
လီကျင်လုံက မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း အတည်ပြုရန် တစ်ယောက်ပြီးတစ်ယောက် မေးကြည့်လိုက်သည်။
ထို့နောက် ဟုန်ကျွင့်ကို ပြန်ကြည့်ကာ ပြောလိုက်၏။
"ငါး ဘယ်မှာလဲ။ စိတ်ဝိညာဉ်လွင့်ပန်းမှုန် သုံးတော့လေ။"
ငါးကြင်းမိစ္ဆာခမျာ အပျက်အစီးများကြားက ထွက်လာရင်း ပြောလာ၏။
“ကုန်သွားပြီ!”
လီကျင်လုံ: "..."
"အား! မိစ္ဆာ!!"
လူတိုင်း ထိတ်လန့်သွားကြပြန်သည်။
"ငွေစ ၃၂၀၀ က တစ်ခါတည်း ကုန်သွားပြီလား!"
ငါးကြင်းမိစ္ဆာမှာ ငြင်းခုံလိုဟန်ဖြင့် ပြောလိိုက်၏။
“မင်းတို့ အရင်တစ်ခေါက် ရှူလိုက်မိတာကတင် သုံးပုံနှစ်ပုံလောက် ရှိတယ်လေ။ အိတ်ထဲမှာ ၈၀၀ ဖိုးလောက်ပဲ ကျန်တော့တာ။”
လီကျင်လုံလည်း ၎င်းကို ပြန်သတိရသွားကာ ဆူချင်သည့်ကိစ္စအား ဘေးဖယ်ထားလိုက်ရသည်။ လီကျင်လုံက မိစ္ဆာတစ်ကောင်ကို ကြိမ်းမောင်းနေသည်အား မြင်လိုက်ရသောအခါ စစ်သည်များခမျာ ထိတ်လန့်သွားကြပြန်သည်။
"ဒီနေ့ည ဖြစ်ပျက်ခဲ့တာကို တပ်မှူးဟူကလွဲရင် ဘယ်သူမှ မပြောပြကြနဲ့။ မနက်ဖြန် ငါ လုံဝူစစ်တပ်ကိုသွားပြီး လူကိုယ်တိုင် သတင်းပို့လိုက်မယ်။ ပြီးတော့ မင်းတို့ညီအစ်ကိုတွေကိုပြောထား၊ ဒီနေ့ည နောက်ထပ်ဆူညံသံတွေ ကြားခဲ့ရင်တောင် ဘယ်သူမှ လာမစစ်ဆေးစေနဲ့။"
လီကျင်လုံ၏စကားဆုံးသည်နှင့် လူတိုင်း တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်ပြခဲ့ကြသည်။ လီကျင်လုံလည်း စိတ်ဝိညာဥ်လွင့်ပန်းမှုန်မပါသော သတိပေးချက်က အလုပ်ဖြစ်မဖြစ် မသိသောကြောင့် ဤကံဆိုးမှုကို လက်ခံလိုက်ရန်နှင့် နောက်ပိုင်းကျမှ အဆင်ပြေအောင် ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့သည်။
လုံဝူစစ်တပ် ထွက်သွားပြီးနောက် လီကျင်လုံက ဟုန်ကျွင့်နှင့် ဧရာမဝံပုလွေကိုကြည့်ကာ ပြောလိုက်သည်။
"ဒဏ်ရာရှိ၊ မရှိ စစ်ကြည့်ကြဦး။"
ဟုန်ကျွင့်တစ်ယောက် မြေပြင်ပေါ်သို့ လဲကျစဉ်က သူ၏ တံတောင်ဆစ်မှာ အနည်းငယ် ပွန်းပဲ့သွားခဲ့သော်လည်း သူနှင့် မော့ရစ်ကန်းတို့မှာ အခြားသော ထိခိုက်ဒဏ်ရာများ မရှိပေ။ ဤသည်မှာ ဟုန်ကျွင့်အနေဖြင့် တောင်ပေါ်မှဆင်းလာခဲ့ပြီးနောက်ပိုင်း ကြုံတွေ့ခဲ့ရသမျှ တိုက်ပွဲများအနက် အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ခဲ့သဖြင့် သူ အရာရာကို ပြန်လည်သုံးသပ်ရန်အတွက် အချိန်အနည်းငယ် ကြာမြင့်ခဲ့သည်။
ထိုအချိန်တွင် အဝေးတစ်နေရာမှ မီးရှူးမီးပန်းများကဲ့သို့ မီးလုံးကြီးတစ်ခု ထွက်ပေါ်လာသဖြင့် အားလုံးတစ်ပြိုင်တည်း ခေါင်းလှည့်လိုက်ကြသည်။
လီကျင်လုံ: "ဖမ်းမိပြီ။ သွားကြရအောင်။"
"မင်း ငါ့ကျောပေါ်က လိုက်စီးလှည့်!"
ဟုန်ကျွင့် နည်းနည်း ပင်ပန်းနေသည်ကို မြင်လိုက်ရသဖြင့် မော့ရစ်ကန်းက ဆိုလေသည်။
"ငါ မင်းကို အဲဒီကိုခေါ်သွားပေးမယ်။"
မော့ရစ်ကန်းက ပြောလာပြီဖြစ်ရာ ဟုန်ကျွင့်လည်း ဝံပုလွေကြီး၏ နောက်ကျောပေါ် ခုန်တက်လိုက်၏။ ဝံပုလွေက သူ့ကို မြောက်ဘက်သို့ လျင်လျင်မြန်မြန်ဖြင့် သယ်ဆောင်သွားကာ လီကျင်လုံကလည်း အနောက်မှ မြင်းတစ်ကောင်ဖြင့် အမြန်လိုက်လာသည်။
"မော့ရစ်ကန်း?"
ဟုန်ကျွင့် အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
"ဟင်?"
ဝံပုလွေကြီးက ခေတ္တရပ်လိုက်ပြီးမှ အနည်းငယ် နောက်ပြန်လှည့်ကြည့်လာ၏။
ဟုန်ကျွင့်က ဆက်သွားဖို့ အချက်ပြကာ မေးလိုက်သည်။
"မင်းက မိစ္ဆာလား။"
"အဲ့လိုမျိုးပဲ။ ဒီစွမ်းအားက ငါ့ရဲ့မျိုးနွယ်စုထဲမှာ မပေါ်ထွက်လာခဲ့တာ ရာစုနှစ်တစ်ခုနီးပါး ရှိနေပြီ။ ငါကိုယ်တိုင်လည်း ငါက ဘာလဲဆိုတာကို အသေအချာ မသိဘူး။ ဒါကို အားထိုက်နဲ့ အခြားသူတွေကို မပြောပါနဲ့ဦး။"
ဝံပုလွေကြီးက ၎င်းတို့၏စကားဝိုင်းကို လီကျင်လုံအား မကြားစေချင်သောကြောင့် ခြံဝင်းတစ်ခုရှေ့သို့ ခုန်ကာ ခြံဝင်းနံရံပေါ် ခုန်တက်၍ ထိုမှတစ်ဆင့် အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။
ချန်အန်းမြို့၏ အထက်ရှိ မှောင်မိုက်သော တိမ်တိုက်များသည် တဖြည်းဖြည်းနှင့် ပွင့်ထွက်သွားခဲ့ကြပြီး တောက်ပလှသော လမင်းကြီး ပေါ်ထွက်လာခဲ့သည်။ ဝံပုလွေကြီးသည် သူ၏ ကျောပေါ်တွင် လူငယ်လေးကို တင်ဆောင်လျက် အမိုးများပေါ်မှတစ်ဆင့် တိတ်တဆိတ် ပြေးလွှားနေခဲ့သည်။
ဝံပုလွေကြီး: "မင်း ငါ့ကို ဖမ်းမှာတော့မဟုတ်ဘူးမလား။"
ထိုအခါ ဟုန်ကျွင့်က ရယ်လျက် ဝံပုလွေကြီး၏နားရွက်နား ကပ်ပြောလေသည်။
"ငါလည်း မိစ္ဆာတစ်ဝက်ပဲ။"
"အမ်?"
ဝံပုလွေကြီးက အလွန်အံ့သြသွားပုံရပြီး နားရွက်ကို ယမ်းလိုက်သည်။
"ဒါပေမဲ့ မင်းက မတူသလိုပဲ။"
"ငါ့အဖေက..."
"ရှူး... မင်း ငါ့ကို အကုန်လုံး ပြောပြဖို့မလိုပါဘူး။ ငါ့အဖေ တစ်ခါတုန်းက ပြောခဲ့ဖူးတယ်—လူသားတွေနဲ့ မိစ္ဆာတွေကြားမှာ ကြီးမားတဲ့ကွာခြားချက်မရှိဘူး၊ တစ်ခုတည်းသော ကွာခြားချက်ကတော့ အကောင်းနဲ့ အဆိုးပဲတဲ့။"
ဝံပုလွေကြီးက အိမ်ခေါင်မိုးပေါ်၌ ရပ်လျက် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ထိုစဥ် မြေပြင်ပေါ်၌ သွေးကွက်များကို ရှာတွေ့သွားသောကြောင့် ထိုဦးတည်ရာအတိုင်း ပြေးသွားခဲ့၏။
"ဟုန်ကျွင့်၊ မင်း အလင်းရောင်တွေထွက်နေတဲ့ အဖြူရောင်သမင်တစ်ကောင်ကို မြင်ဖူးလား။"
ဟုန်ကျွင့် ထိုက်ဟန်တောင်များ၌ နေထိုင်ခဲ့ဖူးသော်လည်း ဝံပုလွေကြီးဖော်ပြသည့် သမင်ဖြူကို တစ်ခါမှမတွေ့ဖူးကြောင်း ပြန်ဖြေလိုက်၏။
"ချန်အန်းကို ငါလာရတဲ့ အဓိကရည်ရွယ်ချက်က သူ့ကိုရှာဖို့။ မင်း သူ့ရဲ့ သဲလွန်စတစ်ခုခုကို တွေ့ခဲ့ရင် ငါ့ကို အသိပေးပါ။"
မော့ရစ်ကန်း ဝံပုလွေတစ်ကောင် ဖြစ်လာသော်ငြား သူ၏နောက်ကျောတွင် သားရေကြိုးပတ်ထားသော လေးနှင့် ကျည်တောက်တစ်ခု ရှိနေသေးသည်။ ဝံပုလွေ၏ကျောပေါ် တက်စီးရသည်က ခက်ခဲပြီး ဟုန်ကျွင့်ခမျာ အကြိမ်ပေါင်းများစွာ ချော်ကျလုနီးပါးဖြစ်သွားသဖြင့် သားရေကြိုးကို လက်ဖြင့် အတင်းဆုပ်ကိုင်ထားရသည်။
ဤအခိုက်၌ မလှမ်းမကမ်းမှ အလင်းတန်းများ ထွက်ပေါ်လာ၏။ တော်ဝင်နန်းတော်နားသို့ ချဉ်းကပ်လာခဲ့ပြီဖြစ်ရာ ဟုန်ကျွင့် ဆင်းနိုင်ရန် ဖြည်းညင်းစွာ ချပေးလိုက်ကာ သူလည်း လူသားမော့ရစ်ကန်းအသွင်သို့ ပြန်ပြောင်းသွားခဲ့သည်။ ဟုန်ကျွင့် လီကျင်လုံဘက်ကို ပြန်ကြည့်လိုက်သော် လီကျင်လုံက မြင်းတစ်ကောင်ကိုစီးပြီး သူတို့နှစ်ယောက်ကို အမီလိုက်ရန် ဖြတ်လမ်းမှ ပြေးထွက်လာလေသည်။
"လာပြီ လာပြီ!"
ချိုယုံစစ်နှင့် အားထိုက်က မြို့တံတိုင်း၏ အပြင်ဘက်နံရံကိုမှီလျက် ရပ်နေကြ၏။
ဟုန်ကျွင့်: "ငါ့ဓားပျံက ဘယ်မှာလဲ။"
အားထိုက်က အပြစ်ကင်းသော ပုံစံဖြင့် တံတိုင်း အတွင်းဘက်သို့ ညွှန်ပြလိုက်သည်။
ချိုယုံစစ်: "ငါတို့ မီးလုံးနဲ့ပစ်လိုက်လို့ ဒဏ်ရာရသွားပေမဲ့ နန်းတော်ထဲကို ခုန်ဆင်းသွားပြီ။"
အားထိုက်: "မီးလုံးနဲ့ ဒဏ်ရာရအောင် လုပ်ခဲ့တာက ငါပါနော်။ ညီအစ်ကိုချို မင်းက ဘာမှမလုပ်ခဲ့ဘူး!"
ချိုယုံစစ်: "... ငါတို့ ခေါင်းဆောင်ကို ထပ်ပြီး ဒုက္ခပေးမိမှာ ကြောက်လို့ အရူးအမူး မလုပ်ရဲဘူးလေ။ မင်းတို့လာတာကို စောင့်ပြီး အရင်မေးမလို့။"
လီကျင်လုံခမျာ မြင်းပေါ်က ဆင်းပြီးချင်း မြေခွေးက နန်းတော်ထဲကို ပြေးဝင်ကာ လွတ်သွားကြောင်း သိလိုက်ရတော့ ချက်ချင်းစိတ်ရှုပ်သွားသည်။
"မင်းတို့..."
လီကျင်လုံက စိတ်တိုတိုဖြင့် မေးလိုက်၏။
"မင်းတို့ ဒီအတိုင်း လွှတ်ပေးလိုက်တာလား။"
အားထိုက်: "မလွတ်သေးပါဘူး။ ငါတို့ အထဲဝင်ပြီး ဖမ်းပေးရမလား။"
မြေခွေးမိစ္ဆာမှာ နန်းတော်ထဲသို့ ပြေးဝင်လွတ်မြောက်သွားပြီမို့ လီကျင်လုံက လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်၏။ အားထိုက်နှင့် ချိုယုံစစ်က တစ်ခုခုကို သိထားသလို ပြုံးပြလာကြရာ ခဏကြာအတွင် လီကျင်လုံက ၎င်းတို့၏ ရည်ရွယ်ချက်များကို နားလည်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
၎င်းတို့က အုပ်စုနှစ်စုခွဲကာ ထွက်ပြေးသွားကြခြင်းပင်။ နှစ်ကောင်မှာ ရန်သူများအား မျှားခေါ်ရန်အတွက် အရှေ့ဈေးသို့ ထွက်ပြေးသွားခဲ့ကြသည်။ သို့ဖြစ်ပါက ကျန်တစ်ကောင်က စစ်ကူရှိနိုင်သည့် နေရာသို့ ပြေးသွားခြင်းဖြစ်မည်။ အားထိုက်နှင့် ချိုယုံစစ်တို့ ပြင်းပြင်းထန်ထန် မတိုက်ခိုက်ခဲ့ကြခြင်းမှာ ထိုအကောင် မည်သည့်နေရာသို့သွားကြောင်း သိနိုင်ရန်ဖြစ်၏။
တစ်နည်းဆိုရသော် နန်းတော်ထဲမှာ ပုန်းအောင်းနေသည့် မိစ္ဆာတစ်ကောင် ရှိနေလေသည်။ သို့သော် ဟုန်ကျွင့်၏ဓားပျံက မြေခွေးမိစ္ဆာ၏ကိုယ်ပေါ်၌ ရှိနေသေး၍ သူကတိပေးထားသည့်အတိုင်း ပြန်ရယူပေးရန် နည်းလမ်းရှာရတော့မည်။
လီကျင်လုံတစ်ယောက် စိတ်ထဲမှာ မရေမတွက်နိုင်သော အတွေးများ စီးဆင်းစေနေခိုက် သူ့နားထဲ အလွန်သိမ်မွေ့သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ယခုအချိန်က ညဘက်ဖြစ်ရာ အရာအားလုံးက တိတ်ဆိတ်နေပြီး ဆောင်းဦးနှောင်းပိုင်းတွင် ထွက်လာတတ်သော အင်းဆက်ပိုးကောင်များ၏ အော်သံကလည်း မှိန်ဖျော့သွားခဲ့သည်။ ချန်အန်းမြို့ထဲ၌ လေမတိုက်သေးပေ။ ထို့ကြောင့် ခြေလှမ်းတစ်ရာနီးပါး ဝေးသော အရပ်တွင် ပုန်းအောင်းနေသည့် မြေခွေးဆီက အသံသာ ဖြစ်နိုင်သည်။ ၎င်းမှာ ရှင်းချင့်နန်းတော်၏ တံစက်မြိတ်နှင့် ဓားပျံတို့ ထိခတ်သွားသည့် အသံပင်။
ဟုန်ကျွင့် စကားပြောခါနီးတွင် လီကျင်လုံက "ရှူး...." ဟူသော အမူအရာလုပ်ပြကာ အသက်အောင့်လျက် ဆက်နားထောင်ကြည့်ရာ အသံသေးသေးလေးများကို ကြားနိုင်လာ၏။
"အဝေးကြီးကို မရောက်သေးဘူး။ သူက မင်းရဲ့ဓားပျံကို ဆွဲထုတ်ဖို့ ခေါင်မိုးပေါ်မှာ ပုန်းနေတာ။ ငါ မင်းရဲ့ ဓားပျံအသံကို ကြားရတယ်။"
လီကျင်လုံက အလွန်တိုးရှသော အသံဖြင့် ပြောလိုက်သည်။
"အသုံးမဝင်ဘူး။"
ချိုယုံစစ်က ခေါင်းယမ်းပြလိုက်သည်။
"မင်းအနားကို ရောက်တာနဲ့ ထွက်ပြေးသွားလိမ့်မယ်။ မြေခွေးမိစ္ဆာက ဉာဏ်ကောင်းလွန်းတယ်။ နန်းတော်မှာ တစ်ခုခုဖြစ်သွားရင် အဲဒါကို ကိုင်တွယ်ဖို့ လွယ်မှာ မဟုတ်ဘူး။"
လီကျင်လုက သူ့နောက်ကျောမှလေးကို ချွတ်လိုက်သောအခါ လူတိုင်း သူ့ကို အံ့အားသင့်နေဟန်ဖြင့် ကြည့်နေကြလေသည်။
"ငါတို့မြားတွေက သာမန်စစ်သည်တွေ အတွက်ပဲ။ မိစ္ဆာကို မသတ်နိုင်ဘူး။ မော့ရစ်ကန်း မင်းရဲ့မြားကို ခဏငှား။"
မော့ရစ်ကန်း မယုံကြည်နိုင်စွာဖြင့်: "မင်းဒါကို ပစ်နိုင်လို့လား။"
"စမ်းကြည့်တာပေါ့။"
ဟုန်ကျွင့်သည် ငယ်စဉ်ကတည်းက ဓားပျံများကို အသုံးပြုခဲ့သူဖြစ်၏။ သူက ထိုကဲ့သို့သော ပစ်ခတ်မှုမျိုးက မည်မျှအထိ ခက်ခဲလိမ့်မည်ကို ကောင်းကောင်းသိထားသည်။ သူ သို့မဟုတ် အခြားသူများထဲမှ မည်သူကမျှ လီကျင်လုံ ဖော်ပြနေသော အသံများကို မကြားရပေ။ တကယ်၍ ကြားရခဲ့လျှင်တောင် ဟုန်ကျွင့်အနေဖြင့် ပထမဆုံးအကြိမ် ကြိုးစားမှုမှာတင် ခြေလှမ်းတစ်ရာခန့် အကွာအဝေးရှိ သားကောင်ကို အသံသက်သက်ဖြင့် ထိမှန်အောင် မည်သို့ ပစ်ခတ်နိုင်မည်မဟုတ်။
လီကျင်လုံက အမှောင်ထဲတွင် ရှည်လျားသောလေးကို ဆွဲလိုက်သည်။
သူက ခြေလှမ်းတစ်ရာအကွာမှ အသံများကို ခွဲခြားသိရန် ခေါင်းစောင်းကာ နားစွင့်နေခဲ့သည်။ ငယ်ငယ်ကတည်းက သူ၏မြင်းစီးနင်းမှုနှင့် မြားပစ်ခတ်မှုစွမ်းရည်က နှစ်တစ်ရာအတွင်း အကောင်းဆုံးဖြစ်ပြီး သူ့ကိုယ်သူ ရီဖေးစစ်သူကြီး လီကွမ်း၏ နောက်မျိုးဆက်ဟုတောင် မကြာခဏ ဝါကြွားခဲ့ဖူး၏။
သို့သော် အချိန်များသာကုန်လွန်ပြီး အခြားသူများ၏ ကဲ့ရဲ့ခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရသည်။ သူ့မှာ စစ်မြေပြင်သို့ သွားရန် အခွင့်အလမ်းမရှိသည့်အပြင် အရှင်သခင်များနှင့် မှူးမတ်များကို ဖျော်ဖြေရန်အတွက် တိရစ္ဆာန်တစ်ကောင်ကပြမှုကဲ့သို့ သူ၏မြားပစ်စွမ်းရည်များကို မပြသလိုသဖြင့် သူ၏ စွမ်းရည်များကို ထုတ်ပြရန် အခွင့်အရေးမရှိခဲ့ပေ။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ အရည်အချင်းများကို ဖော်ပြခြင်း မပြုတော့သည့်အပြင် လီမိသားစု၏အစွမ်းအစကို သက်သေမပြနိုင်တော့ဘဲ ချန်အန်းတစ်ခွင် ရယ်မောစရာအတိ ဖြစ်လာခဲ့၏။ သို့ဖြစ်၍ ယခုအချိန်တွင် အလွန်စိတ်လှုပ်ရှားနေပြီး သူ့လက်ပင် အနည်းငယ်တုန်လာသည်။
ရှင်းချင့်နန်းတော်၏ အမိုးထိပ်ရှိ မြေခွေးမိစ္ဆာသည် အန္တရာယ်ကို ခံစားရပုံပေါ်ပြီး မြင့်မားသော နံရံနောက်ကွယ်ရှိ အမှောင်ထုဆီသို့ လှမ်းကြည့်ကာ နန်းတော်အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ခြေဖွဖွနင်းလျက် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
"အရင်ဆုံး ပြန်သွားရအောင်လေ။"
ဟုန်ကျွင့်က အမှောင်ထဲမှ တိုးတိုးလေး ပြောလိုက်သည်။
"ခေါင်းဆောင်။ ကျွန်တော့်မှာ နောက်ထပ် ဓါးပျံနှစ်စင်းကျန်ပါသေးတယ်။ ဒါနဲ့လည်း ပြဿနာရှိမှာ မဟုတ်ပါဘူး။"
လီကျင်လုံသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ၏ လေးကြိုးကို အဆုံးအထိ ဆွဲတင်လိုက်သည်။ သူ ဟုန်ကျွင့်၏ မျက်လုံးများကို စိုက်ကြည့်လိုက်ချိန်မှာပင်၊ ကြွေပြားပေါ်တွင် သံမဏိဖြင့် ရိုက်ခတ်သည့်အသံကို သူ၏နားထဲသို့ ထပ်မံကြားလိုက်ရ၏။
သူ မြားကို လွှတ်လိုက်တော့သည်။
မြားတစ်စင်းက အမှောင်ထဲ၌ တိတ်တိတ်ဆိတ်ဆိတ် ပျံထွက်သွားပြီး နန်းတော်အတွင်း ပိတ်ဆို့နေသော မိုးမခပင်များကို ဖြတ်သွားကာ ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ မြားက ကြယ်လေးတစ်ပွင့်ကဲ့သို့ ခရီးနှင်သွားကာ ခြေလှမ်းတစ်ရာအကွာ၌ ခရီးစဉ်ကိုအဆုံးသတ်လိုက်ရင်း မြေခွေးမိစ္ဆာ၏ဝမ်းဗိုက်ထဲသို့ တိတ်တဆိတ် စိုက်ဝင်သွားခဲ့သဖြင့် ညဉ့်နက်သန်းခေါင်ယံအတွင်း သွေးများ ဖျန်းပက်သွားခဲ့တော့သည်။
ခဏကြာသည်အထိ ညည်းသံကို မကြားရသည့်အခါ လီကျင်လုံတစ်ယောက် မောပန်းစွာ သက်ပြင်းချလိုက်ပြီး ဟုန်ကျွင့်ကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ ဤအခိုက်အတန့်၌ သူ့မျက်လုံးများထဲတွင် အပြစ်ရှိစိတ်များ အပြည့်ဖြင့်ပင်။
"ငါ မလေ့ကျင့်တာကြာတော့ လက်ရည်ကျသွားပြီထင်တယ်။"
လီကျင်လုံက စိတ်ပျက်လက်ပျက်ဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သူ၏လေးကို နှစ်ပိုင်းချိုးပစ်ချင်စိတ်များတောင် ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ အားလုံးက ခေါင်းဆောင် ကောင်းကောင်း လုပ်ခဲ့ကြောင်း နှစ်သိမ့်ပေးခါနီး၌ မြေခွေး၏ခန္ဓာကိုယ်က အမိုးပေါ်မှ လိမ့်ကျလာခဲ့ပြီး အောက်ရှိ ရေကန်ထဲသို့ ခပ်ဖွဖွ အသံတစ်ခုနှင့်အတူ ပြုတ်ကျသွားခဲ့တော့သည်။
“ထိသွားတာလား။”
မော့ရစ်ကန်းက အံ့အားသင့်စွာပြောသည်။
ဟုန်ကျွင့်: "ထိသွားပြီလား။ ငါ ဝင်ပြီး ရှာကြည့်လိုက်မယ်။"
ဟုန်ကျွင့်လည်း ချိတ်ကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ခြံဝင်းနံရံသို့ တက်သွားတော့၏။ ကျန်လူများမှာ လီကျင်လုံကို အံ့အားသင့်စွာ ကြည့်နေကြသလို လီကျင်လုံမှာလည်း ခဏတာမျှ စကားပင် မပြောနိုင်ခဲ့ပေ။
"မင်း တွေ့ပြီဆိုတာနဲ့ ချက်ချင်း ပြန်ထွက်လာခဲ့!"
လီကျင်လုံက အမိန့်ပေးလိုက်သည်။
ခဏအကြာတွင် ဟုန်ကျွင့်က တတိယမြေခွေးကို ပစ်ချကာ တံတိုင်းအပြင်ဘက်သို့ ပြန်ရောက်လာခဲ့သည်။ မြေခွေးမိစ္ဆာမှာ ညာဘက်ရင်ဘတ်ကို မြှားဖြင့် ပစ်သတ်ခံလိုက်ရကာ သေဆုံးနေလေပြီ။ သို့မှသာ လီကျင်လုံလည်း သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။
"မင်းကို ပြန်ရှာပေးမယ်လို့ ကတိပေးထားတဲ့ ဓားပျံ ပြန်ရပြီ။"
လီကျင်လုံတစ်ယောက် လူတိုင်းရှေ့မှာ ဤကဲ့သို့အပြုံးမျိုးအား ဘယ်တုန်းကမှ မပြုံးပြခဲ့ဖူးချေ။ လူတိုင်းမှာလည်း သူ့ကိုကြည့်ရင်း နားမလည်နိုင်အောင် ကြောင်အမ်းနေကြသည်။ အားထိုက်နှင့် ချိုယုံစစ်မှာလည်း ပါးစပ်အဟောင်းသားဖြင့်ပင်။
"ခေါင်းဆောင်၊ မင်းပြုံးလိုက်ရင် အရမ်းကြည့်ကောင်းတာပဲ။ အမြဲတမ်း ရုပ်တည်ကြီး လုပ်မနေပါနဲ့။"
လီကျင်လုံတစ်ယောက် သဘာဝမကျစွာ ချောင်းဟန့်လိုက်ပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။
"သွားကြရအောင်။ ငါတို့ပြန်ပြီး ဆွေးနွေးကြည့်ဖို့ လိုနေပြီ။"
အားလုံးက လီကျင်လုံနောက်ကလိုက်၍ နတ်ဆိုးနှင်ဌာနသို့ ပြန်လာခဲ့လေ၏။
***
Aurora Novel Translation Team