no

Font
Theme

အပိုင်း (၁၃) - အမှုကို တရားဝင်ကိုင်တွယ်ခြင်း (၁)

လီကျင်လုံနှင့် ဟုန်ကျွင့်တို့က ခန်းမထဲမှာ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေကြ၏။ ထိုစဥ် ဟုန်ကျွင့်က စိတ်သက်သာရာ ရသွားဟန်ဖြင့် ဆိုလာသည်။

"အဲ့ဒါက ဒီမှာရှိနေတာပဲ၊ ခေါင်းဆောင်ရဲ့နှလုံးသားထဲမှာ။ ကောင်းလိုက်တာ! နောက်ဆုံးတော့ ကျွန်တော်ရှာတွေ့ပြီ!!"

ဟုန်ကျွင့်တစ်ယောက် ပခုံးပေါ်မှ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုလုံး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က သူသည် နှလုံးအိမ်မီးအိမ်ကိုသာ တွေးပူနေရလွန်းသဖြင့် ထမင်းတောင် ကောင်းကောင်းမစားနိုင်ခဲ့ချေ။ ယခုအခါ သူ၏ အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုကို နောက်ဆုံး၌ အနားပေးလိုက်နိုင်လေပြီ။

"အဲ့ဒါကို ငါ့ကိုယ်ထဲက ဘယ်လိုထုတ်ပြီး မင်းဆီပြန်ပေးရမှာလဲ။"

လီကျင်လုံက မေးမြန်းလိုက်သည်။ ဟုန်ကျွင့်က ကူကယ်ရာမဲ့သွားဟန်ဖြင့် သူ့လက်များကို ဖြန့်ပြလိုက်လေ၏။

"ကျွန်တော်လည်း မသိသေးဘူး။ အခုလောလောဆယ် ခင်ဗျားကိုယ်ထဲမှာ ခဏ သိမ်းထားလိုက်မယ်။"

လီကျင်လုံက စကားမပြောတော့ဘဲ တုံ့ဆိုင်းသွားကာ နောက်ဆုံး၌ ခေါင်းညိတ်ပြလိုက်သည်။

ဟုန်ကျွင့်က ယောက်ကျင်းနန်းတော်ဆီ စာတစ်စောင် ရေးပြီး အကူအညီတောင်းရန် စဥ်းစားခဲ့ဖူးသော်ငြား မည်သို့ပို့ရမှန်း မသိခဲ့ပေ။ ကျောက်ကျစ်လုံကို ပြန်သွားပြီး စာပို့ပေးခိုင်းလျှင် အနှီငါးကြင်းမိစ္ဆာက အလွန်ပျင်းရိပြီး ခြေဖဝါးနာမည်ကို စိုးရိမ်ကာ သွားမည်မဟုတ်။ လမ်းလျှောက်သွားလျှင် ဝေးသလို တစ်ယောက်တည်း သွားရသည်ကလည်း အန္တရာယ်ရှိလေသည်။

ထို့အပြင် ချင်းရှုံက ယောက်ကျင်းနန်းတော်၌ ရှိမနေလျှင် အားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။ အကယ်၍ ချုံမင်သာ စာကို လက်ခံရရှိခဲ့ပါက သူ၏တုံ့ပြန်မှုမှာ 'မင်း အမှားလုပ်ခဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ?' ဆိုသည့် စကားမျိုးသာ သေချာပေါက် ဖြစ်နေပေလိမ့်မည်။

ဒုက္ခပါပဲ။

ဟုန်ကျွင့်တစ်ယာက် တွေးတောရင်း လီကျင်လုံကို မော့ကြည့်လိုက်၏။ ထိုလူ့ဆီမှာ ပြောစရာတစ်ခုခုရှိနေကြောင်း သူ မြင်တွေ့နေရသည်။

"ဒီနှလုံးမီးအိမ်ကို ငါ့ထဲမှာ သိမ်းဆည်းထားရင် ငါ့ခန္ဓာကိုယ်မှာ ပြောင်းလဲတာတွေ ရှိလာမှာလား။"

"ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး။"

ဟုန်ကျွင့်က တစ်ဖက်လူ စိတ်ပူနေမည်စိုး၍ ကမန်းကတန်း ရှင်းပြလိုက်သည်။

"ခန္ဓာကိုယ်ရဲ့ အင်္ဂါငါးပါးထဲမှာ နှလုံးက မီးဓါတ်နဲ့ သက်ဆိုင်တယ်။ နှလုံးမီးအိမ်က ခင်ဗျားရဲ့နှလုံးကို ကာကွယ်ပေးလိမ့်မယ်။ ပြီးတော့ ဒီမီးအိမ်ရဲ့စွမ်းအင်က သန့်စင်တယ်။ သူ့ရဲ့ အလင်းရောင်က ချီစွမ်းအင်တွေနဲ့ ပြည့်နှက်နေတာမို့ ခေါင်းဆောင်ကို ဘယ်လို အန္တရာယ်မှ ပေးမှာ မဟုတ်ပါဘူး။"

လီကျင်လုံက နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ ပြင်းထန်စွာ ရုန်းကန်နေရဆဲပင်။ ထို့နောက် သတိကပ်ကာ မေးလိုက်သည်။

"ဒါဆို ငါ့မှာ အစွမ်းတွေ ရှိလာမှာလား။"

"အာ?"

ဟုန်ကျွင့်လည်း ကြောင်အမ်းသွား၏။

"မ...မဖြစ်နိုင်ဘူး ထင်တယ်။ ခင်ဗျားရဲ့ သွေးကြောတွေထဲမှာ ဝိညာဥ်အစွမ်းမရှိဘူး။ ခင်ဗျားကို မှော်လက်နက်တစ်ခု ပေးလိုက်ရင်တောင် အဲဒါကို အသက်မသွင်းနိုင်လောက်ဘူး။"

လီကျင်လုံက သူ့ကိုယ်သူ နှစ်သိမ့်ပေးသည့်သဘောဖြင့် ဆိုလာခဲ့သည်။

"ငါနားလည်ပါတယ်။ ငါက သေမျိုးပဲလေ။"

ဟုန်ကျွင့်လည်း တစ်ဖက်သား၏ စိတ်ပျက်အားငယ်နေသည့်လေသံကို သတိပြုမိသွားကာ ပြန်မေးလိုက်သည်။

"ခင်ဗျားက သေမျိုးမဖြစ်ချင်ဘူးလား။"

လီကျင်လုံက ဟုန်ကျွင့်ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"မင်း၊ မော့ရစ်ကန်း၊ ဟန်မူရာဘီ၊ ချိုယုံစစ်။ မင်းတို့အားလုံးရဲ့ သွေးကြောတွေထဲမှာ ဝိညာဥ်အစွမ်းတွေ ရှိတယ်မလား။"

ဟုန်ကျွင့် ဤပြဿနာကို တွေးတောလေ့ မရှိပေ။ အခြားလူသုံးဦးသည် လှုပ်လှုပ်ရှားရှား တိုက်ခိုက်ခြင်းမျိုး မလုပ်ဖူးသော်လည်း အားထိုက် ထိုနေ့တွင် လက်ဖျောက်ကလေး တီးတိုက်ရုံဖြင့် မီးကို ထုတ်ယူနိုင်ခဲ့သည်ကတော့ ထင်ထင်ရှားရှားပင်။

"ဟုတ်တယ်။"

ဟုန်ကျွင့် ရိုးရိုးသားသားပင် ပြန်ဖြေလိုက်သည်။

"အဲဒီစွမ်းအင်တွေက ဘယ်ကလာတာလဲ။"

လီကျင်လုံ ထပ်မေး၏။ ဟုန်ကျွင့်ခမျာ လီကျင်လုံ၏ မေးခွန်းကြောင့် အနည်းငယ် အံ့ဩသွားမိသည်။

ငါးကြင်းမိစ္ဆာ: "မွေးရာပါလေ။"

ငါးကြင်းမိစ္ဆာသည် ခန်းမအပြင်ဘက်က နေပူထဲတွင် လဲလျောင်းနေရာက လှမ်းပြောလေ၏။

“မင်း အဲဒါကို စဉ်းစားမနေနဲ့။ မဟုတ်ရင် မင်းကိုဘယ်လိုလုပ် သေမျိုးလို့ ပြောနေပါ့မလဲ။”

လီကျင်လုံ: "လောလောဆယ် နှလုံးမီးအိမ်အကြောင်း တခြားသူတွေကို မပြောနဲ့ဦး။"

"ခင်ဗျားက သေမျိုးလူသားဆိုပေမဲ့ ခင်ဗျားမှာ အစွမ်းထက်တဲ့ ဓားတစ်လက်ရှိတယ်လေ။ ခင်ဗျားရဲ့ဓားက အရမ်းအံ့သြစရာ ကောင်းတယ်။ ကျွန်တော့်ရဲ့ နတ်အလင်းကိုတောင် ဖောက်နိုင်တယ်။ ကျွန်တော့်အဖေရဲ့ မီးတောင်..."

"ဟေး!"

ငါးကြင်းမိစ္ဆာသည် ဟုန်ကျွင့်တစ်ယောက် တစ်ဖက်သားကို နှစ်သိမ့်ပေးရင်း သူ့မိသားစု၏ နောက်ခံကို ထပ်ပြီး ထုတ်ဖော်မပြနိုင်အောင် အပြင်ဘက်က လှမ်းတားလိုက်ရသည်။ သို့သော် လီကျင်လုံသည် ထိုစကားကို ကြားသောအခါ ရုတ်တရက် တက်ကြွလာပြီး မတ်တတ်ထရပ်ကာ ဓားကို ဆွဲထုတ်လိုက်တော့သည်။

“ဒါ အရင်က တိရန်ကျယ်ရဲ့ ဓား။”

ဟုန်ကျွင့်လည်း နောက်ဆုံးတော့ ဓားကို ကောင်းကောင်း ကြည့်နိုင်ချေပြီ။ ထိုစဥ် လီကျင်လုံမှာ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသည့်နှယ် ပြောလာခဲ့သည်။

"ငါ ငယ်ငယ်ကတည်းက တိရန်ကျယ်ကို သဘောကျခဲ့တာ။ သူ လက်ဆင့်ကမ်းခဲ့တဲ့ စာအုပ်တစ်အုပ်ကို ဖတ်ဖူးတယ်။ မိစ္ဆာတွေအကြောင်း၊ တံခါးပိတ်ကျင့်ကြံနေတဲ့ ကျင့်ကြံသူတွေအကြောင်း ဇာတ်လမ်းတွေ၊ ထန်မင်းဆက်ရဲ့ အမတနတ်ဆိုးတွေနဲ့ နှစ်ရာနဲ့ချီတဲ့အထိ ပျောက်ကွယ်မသွားဘဲ လူဝင်စားမယ့် နတ်ဆိုးတွေ အကြောင်းတွေလည်း ပါတယ်။"

ဟုန်ကျွင့် ဓားသွားကို လှမ်းကိုင်လိုက်သည်။

"အဲဒါကြောင့် ခင်ဗျားက တခြားလူတွေလို မဟုတ်ဘဲ နတ်ဆိုးနှင်သူ ဖြစ်ချင်ခဲ့တာလား။"

လီကျင်လုံသည် ဓားကို လှမ်းကိုင်လာသည့် ဟုန်ကျွင့်၏ ဖြူသွယ်သွယ် လက်ချောင်းများကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလာခဲ့သည်။

"အဲ့လိုတော့လည်း မဟုတ်ဘူး။ ဒါက မွေးရာပါ သဘာဝကြောင့်လည်း ဖြစ်နိုင်တယ်။ ငါက အဲဒါကို စွဲလန်းတဲ့စိတ်နဲ့ မွေးလာခဲ့တာ။"

“အဲ့စာအုပ်ရဲ့နောက်ကျောမှာ စာပိုဒ်တစ်ပိုဒ် ရှိတယ်။ တိရန်ကျယ် ပြောခဲ့တဲ့စကားက လာမယ့်နှစ်ပေါင်း ၁၀၀ အတွင်းမှာ ထန်မင်းဆက်ကြီးက အရာအားလုံးကို ဖျက်ဆီးပစ်မယ့် ကပ်ဆိုးကြီးတစ်ခုနဲ့ ရင်ဆိုင်ရလိမ့်မယ်တဲ့။ ဒါပေမဲ့ သူမွေးဖွားလာခဲ့တာက အချိန်မှားသွားခဲ့တယ်။ သူက အသက် ၆၀ နီးပါးရှိနေပြီ။ သူ့မှာ ထန်မင်းဆက်ကို ကာကွယ်ဖို့ အရေးကြီးတာဝန်ကို ဆက်ခံမယ့်သူ မရှိဘူး။ သူ့ရဲ့ စာအုပ်နဲ့ ဓားကို ဆက်ခံမယ့်သူက ထန်မင်းဆက်နဲ့ ဒီလောကကို စောင့်ကြပ်ပေးရမယ်တဲ့!"

ဟုန်ကျွင့်တစ်ယောက် ဤစကားကို ကြားလိုက်သောအခါ လီကျင်လုံ၏လေးနက်မှုကြောင့် ရုတ်တရက် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ လောကကြီး၏ မငြိမ်မသက် ဖြစ်နေမှုမှာ သေချာပေါက် မှန်ကန်သည်မျိုး မဟုတ်သော်လည်း ချုံမင်နှင့် ချင်းရှုံတို့ သူ့ကို တာဝန်ပေးသည့် စကားအရဆိုလျှင် ဤကမ္ဘာပေါ်တွင် မိစ္ဆာများစွာ ပုန်းခိုနေလေ၏။ သို့ဖြစ်ပါက ချန်အန်းတွင် မငြိမ်မသက် ဖြစ်လာမည်မှာ ရှောင်လွှဲ၍ မရချေ။

"စာအုပ်က ဘယ်မှာလဲ။"

ဓားကို ကြည့်ပြီးနောက် ဟုန်ကျွင့် ချက်ချင်း ထမေးလိုက်သည်။ သူ့အဖေ ချုံမင်နှင့် ချင်းရှုံတို့ပြောသော "ကောင်းကင်နတ်ဆိုး" ကို သတိရသွားသောကြောင့် ရုတ်တရက် သိချင်လာမိသည်။

"ငါ့အဖေ မီးရှို့လိုက်ပြီ။"

လီကျင်လုံ ပြန်ပြောပြီးနောက် ဟုန်ကျွင့်လက်ထဲက ဓားကို စူးစိုက်ကြည့်နေလေသည်။

"သူတို့က ဒါတွေကို မယုံဘူးလေ။ အဲဒီစကားတွေက တိကုန်း အသက်ကြီးလာလို့ ပေါက်ကရတွေ လျှောက်ပြောနေတာလို့ပဲ ထင်နေကြတာ။"

ဟုန်ကျွင့် ခဏလောက် စဉ်းစားနေ၏။ သူ ဤဓား၏ မူလဇာစ်မြစ်ကို မသိသော်လည်း ၎င်းက သာမန်လက်နက်တစ်ခု မဟုတ်ကြောင်း ပြောနိုင်သည်—အမှန်အတိုင်းပြောရလျှင် ဤဓားကို တစ်နေရာရာတွင် သူ မြင်ဖူးခဲ့သလိုမျိုး ခံစားချက်တစ်ခုက သူ့ကို နှောက်ယှက်နေခဲ့သည်။

"ခေါင်းဆောင် ဒီဓားကို ဘယ်မှာတွေ့တာလဲ။"

လီကျင်လုံ: "အနောက်ဈေးက ကုန်သည်တစ်ယောက်ရဲ့ လက်ထဲမှာ တွေ့ခဲ့တာ။ တိရန်ကျယ် ကွယ်လွန်ပြီး ဆယ်စုနှစ်တွေကြာတော့ ကုန်စည်ပြပွဲတစ်ခုမှာ မတော်တဆ ရှာတွေ့ခဲ့တာတဲ့။ အဲဒါကို တိုင်းတစ်ပါးသားတွေလက်ထဲ ရောက်မသွားအောင် ငါ့ရဲ့အမွေတော်တော်များများကို ရောင်းပြီး ဝယ်ခဲ့ရတာ။ ဟူး... ငါဘာလို့ မင်းနဲ့ ဒီလိုတွေ ပြောနေမိပါလိမ့်။"

ဟုန်ကျွင့်: "?"

လီကျင်လုံက သက်ပြင်းတစ်ချက် ချလိုက်သည်။

"မင်းက ငါ့ကိုယုံတဲ့ တစ်ဦးသောသူဖြစ်နေလို့ ဖြစ်မယ်။"

"မော့ရစ်ကန်းနဲ့ တခြားသူတွေလည်း ခင်ဗျားကိုယုံမှာပါ။"

ဟုန်ကျွင့်က ဓား၏ဇာစ်မြစ်ကို မသိသော်လည်း တစ်နေရာရာမှာ မြင်ဖူးနေသလို ခံစားမိလေသည်။

"သူတို့နဲ့ စကားအများကြီး မပြောချင်ဘူး။ ထားပါတော့။"

ထိုအချိန်တွင် ဟုန်ကျွင့်တစ်ယောက် ကမ္ဘာပေါ်တွင် "တန်ဖိုးမရှိသော" နှင့် "အချိန်မှားပြီးမွေးဖွားခြင်း" ကဲ့သို့သော ဝမ်းနည်းစရာကိစ္စများစွာရှိကြောင်း မသိခဲ့ပေ။ သို့သော် လီကျင်လုံအကြောင်း တဖြည်းဖြည်း နည်းနည်း နားလည်လာသယောင်တော့ ခံစားလာရ၏။

"ဟုတ်တယ်!!"

ဟုန်ကျွင့် အကြံတစ်ခု ရသွားသည်။

"သေမျိုးတွေမှာ မှော်စွမ်းအင်မရှိပေမဲ့ သိုင်းပညာ လေ့ကျင့်မှုကို အားကိုးနိုင်တယ်မလား။ ကျွန်တော်မှတ်မိသလောက်..."

"ဟုန်ကျွင့်!"

ငါးကြင်းမိစ္ဆာက အပြင်ဘက်ကနေ လှမ်းအော်ပြန်လေသည်။

"သူ့ကို ထပ်မနာကျင်စေနဲ့!"

ဟုန်ကျွင့်တစ်ယောက် သူ့ကိုယ်သူ ပြဿနာအိုးမှန်း သိသလို လီကျင်လုံကို ထပ်မံအရှက်ရစေမည်အား စိုးရိမ်သောကြောင့် လောလောဆယ်တော့ ဘာမှထပ်မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။

အစတုန်းက လီကျင်လုံလည်း ဟုန်ကျွင့်က ပျင်းရိပြီး ပြဿနာသာ ရှာတတ်သည့် သခင်လေးတစ်ယောက်ဟု ထင်ခဲ့သည်။ အနည်းငယ် သိကျွမ်းလာပြီးနောက် ဤဟုန်ကျွင့်က သူထင်ထားသလို မဟုတ်ကြောင်း တဖြည်းဖြည်း နားလည်လာ၏။

လီကျင်လုံက ဟုန်ကျွင့်၏ အတိတ်အကြောင်းကို စုံစမ်းရန် ပြင်ဆင်လိုက်စဉ် မော့ရစ်ကန်းက အာထိုက်နှင့် ချိုယုံစစ်တို့ကို အနောက်ကနေ ဆွဲခေါ်လျက် အခန်းထဲသို့ ဝုန်းဒိုင်းကြဲ ဝင်ရောက်လာခဲ့သည်။

"ငါတို့ ရှာတွေ့ခဲ့ပြီ။"

ချိုယုံစစ်က သူ၏ချွေးများကို သုတ်ရင်း သေတ္တာတစ်လုံးကို စားပွဲပေါ်တွင် တင်လိုက်သည်။ သူက ပင်ပန်းလွန်းသဖြင့် အသက်ကို ပြင်းပြင်းရှူနေရဆဲပင်။

လီကျင်လုံက သေတ္တာဆီ လက်လှမ်းလိုက်စဉ် ဟုန်ကျွင့်၏ လက်က ချက်ချင်းရောက်ရှိလာပြီး အဖုံးကို ကျစ်ကျစ်ပါအောင် ပိတ်ထားလိုက်သည်။

"ခေါင်းဆောင် နှာခေါင်းကို အုပ်ပြီး လေမတိုက်တဲ့ နေရာကို ရှာရအောင်။ မဟုတ်ရင် ဝတ်မှုန်တွေပျံ့သွားတာနဲ့ နှာချေလိုက်ရင် အားလုံးကို မေ့သွားလိမ့်မယ်။"

"ငါတို့ ဒါကို ရှာဖို့ တော်တော်ကို အချိန်ပေးခဲ့ရတာ။ မင်းတို့နှစ်ယောက်ကတော့ ဒီမှာထိုင်ပြီး လက်ဖက်ရည် သောက်နေတဲ့အချိန်မှာ ငါတို့က ချန်အန်းမြို့တစ်ပတ်လုံး ပတ်ပြေးနေခဲ့ရတာလား။"

မော့ရစ်ကန်းက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်။

လီကျင်လုံက ချောင်းဟန့်လိုက်ပြီး နတ်ဆိုးနှင်ဌာန၏ ခေါင်းဆောင် ဂုဏ်သိက္ခာကို ဆက်လက် ထိန်းထားလိုက်လေသည်။

အသက်ရှူ မဝသေးသော အားထိုက်က မော့ရစ်ကန်း ပြောလက်စစကားကို ဆက်ပြောသည်။

"ခေါင်းဆောင် ဒီအတွက် ပေးချေမှာမလား။"

လီကျင်လုံ ပိုက်ဆံအိတ်ကို ထုတ်လိုက်စဥ် အားထိုက်က ဆကိပြောလေ၏။

“စုစုပေါင်း ငွေစ ၃၂၀၀ ကျတယ်။”

လီကျင်လုံ: "..."

"ငွေစ ၃၂၀၀?"

လီကျင်လုံက အလန့်တကြားဖြင့် အော်လိုက်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

"ဟုတ်တယ်လေ။"

အားထိုက်၊ မော့ရစ်ကန်းနှင့် ချိုယုံစစ်တို့က လီကျင်လုံကို နားမလည်နိုင်စွာ ကြည့်နေကြပြီး နောက်ဆုံး၌ အားထိုက် ရှင်းပြလိုက်သည်။

"ငါတို့က စိတ်ဝိညာဉ်လွင့်ပန်းမှုန် လေးထုပ်ဝယ်ခဲ့တာ။ ဝတ်မှုန်တစ်ထုပ်ကို ငွေစ ၈၀၀ ကျတယ်လေ။"

လီကျင်လုံခမျာ အချိန်အကြာကြီး စကားမပြောနိုင်တော့ဘဲ ဆွံ့အသွားရှာ၏။ ခဏကြာသည်အထိ သူတို့လေးယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြသည်။

"နတ်ဆိုးနှင်သူတွေသုံးတဲ့ ပစ္စည်းတွေ အားလုံးက ဒီလောက်တောင် စျေးကြီးတာလား။"

"ငါပဲ အဲဒါကို အရင် ပေးထားလိုက်ပါ့မယ်။"

မော့ရစ်ကန်းက ဝင်၍ အကြံပြုလိုက်သည်။ လီကျင်လုံက လုံဝူစစ်သူကြီးရာထူးက ဆင်းခဲ့ရပြီး အခန်းများကို ပြုပြင်ရန်အတွက်လည်း ငွေအမြောက်အမြား သုံးခဲ့ရ၏။

လီကျင်လုံ: "ငါ မင်းကို ၈၀၀ အရင်ပေးထားပါ့မယ်။"

“ထားလိုက်ပါတော့ ငါပဲ ဒကာခံလိုက်ပါ့မယ်။”

အားထိုက်က ပြန်ဖြေသည်။

မော့ရစ်ကန်း: "လူတိုင်းက အလှူငွေလို ထည့်ဝင်ကြရင်ရော။ အားထိုက်က ချမ်းသာတယ်။ အကုန်လုံး သူ့ကို ပေးချေခိုင်းထားလိုက်လည်း အဆင်ပြေပါတယ်။"

လီကျင်လုံက ထရပ်လိုက်၏။

"မဖြစ်ဘူး။"

"ခေါင်းဆောင်၊ ထိုင်ပါ၊ ထိုင်ပါ။"

ချိုယုံစစ်ကလည်း အပြုံးတစ်ခုဖြင့် ဝင်ပြောတော့၏။

"ခေါင်းဆောင်ကို ပိုက်ဆံပေးခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ။ ခေါင်းဆောင်က အတိတ်က အာဃာတတွေကို ဂရုမစိုက်ခဲ့ဘူးလေ။ လူတွေကို ကြုံသလို ရိုက်နှက်ခဲ့တာကိုလည်း အပြစ်မတင်ဘူး။ ဟုတ်တယ်မလား ဟုန်ကျွင့်?"

ဟုန်ကျွင့်လည်း ချက်ချင်းဆိုသလို ပုလဲများကို ထုတ်ယူလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်။ အကယ်၍ ခေါင်းဆောင်က ပြီးခဲ့တဲ့အဖြစ်အပျက်တွေအတွက် ကျွန်တော်တို့ကို အပြစ်မပေးဘူးလို့ ကတိပေးရင်၊ ငါလည်း ဒီအတွက် ပိုက်ဆံစိုက်ထုတ်ပေးပါ့မယ်။"

"ဟုန်ကျွင့်!"

ကျန်သုံးယောက်က စိတ်ပျက်လက်ပျက်နှင့် စိတ်ဆိုးမာန်ဆိုးဖြင့် လှမ်းအော်လိုက်ကြသည်။ အပြင်သို့ သွားနေစဉ်အတွင်း ချိုယုံစစ်၊ အာထိုက်နှင့် မော့ရစ်ကန်းတို့က လီကျင်လုံအား သူတို့၏ အတိတ်ကအမှားများကို ခွင့်လွှတ်ပေးရန် ဆွဲဆောင်ဖို့ အစီအစဉ်တစ်ခုကို ပူးပေါင်းကြံစည်ခဲ့ကြပုံရသည်။ ယခု ဟုန်ကျွင့်က လျှို့ဝှက်ချက်ကို တဲ့တိုးကြီး ထုတ်ပြောလိုက်သဖြင့် ၎င်းတို့၏မျက်နှာများတွင် ရှုပ်ထွေးသော ခံစားချက်မျိုးစုံ ပေါ်ထွက်လာတော့သည်။

ဟုန်ကျွင့်က ဇဝေဇဝါဖြစ်နေ၏။

"ငါပြောတာ မှားသွားလို့လား။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment