အပိုင်း (၈.၁) - နတ်ဆိုးနှင်ဌာန၏ခေါင်းဆောင်
ထိုနေ့မွန်းလွဲပိုင်းတွင် မိုးက ကွက်ကြားကွက်ကြား ရွာနေသော်လည်း အနည်းငယ် အေးနေသေးသဖြင့် သူတို့လေးဦး တံစက်မြိတ်အောက်မှာ ငြိမ်သက်စွာ ထိုင်နေခဲ့ကြသည်။
"ငါ့အဘိုးက မိစ္ဆာတွေကို နှိမ်နှင်းဖို့ဆိုပြီး ချန်အန်းမြို့ကို လွှတ်လိုက်တာ!"
ချိုယုံစစ်က ပြောလာခဲ့သည်။ သူက အန္တရာယ်ကင်းသည့် မျက်နှာလေးရှိသော လူငယ်တစ်ဦးပင်။
"မိစ္ဆာတွေကို နှိမ်နင်းတာက သတ္တိရှိလာအောင် လေ့ကျင့်ပေးနိုင်တယ်တဲ့။ ညီအစ်ကိုတို့ ငါက သင်ယူလေ့လာမှု သိပ်မကောင်းဘူး၊ မိစ္ဆာတွေ နှိမ်နှင်းတဲ့အခါ ကျေးဇူးပြုပြီး ငါ့ကို များများဂရုစိုက်ပေးကြပါ။"
ဟုန်ကျွင့် : "ငါလည်း သိပ်မကောင်းပါဘူး၊ သူတို့နှစ်ယောက်ပဲ။"
"ဒီယပ်တောင်က မင်းရဲ့လက်နက်လား။"
မော့ရစ်ကန်းက အားထိုက်ဘက်သို့ လှည့်မေးလိုက်သည်။
"မင်း အဲဒါကို တော်တော် ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တဲ့ပုံပဲ။"
"ငါ့ရဲ့ အကြီးကျယ်ဆုံး မှော်လက်နက်ကို ထုတ်မပြရသေးဘူးပဲ။"
အားထိုက်က ပြုံးလျက် ပြန်ပြောလေသည်။
"ချစ်သူငယ်ချင်းတို့... ငါ့လက်နက်က ဒီစောင်းပဲ။"
အားထိုက်က သူ့နောက်ကျောမှာလွယ်ထားသော စောင်းတစ်လက်ကို ဆွဲထုတ်ပြလိုက်သည်။ ဟုန်ကျွင့်သည် ငယ်ငယ်လေးကတည်းက မှော်လက်နက်များကို အလွန်နှစ်သက်ခဲ့သောကြောင့် အားထိုက်၏စောင်းကိုလည်း စိတ်ဝင်စားနေခဲ့သည်။ အားထိုက်နှင့် ယခုလေးတင်မှ သိကျွမ်းခြင်းဖြစ်သောကြောင့် အသေးစိတ်ကို မေးရခက်နေ၏။
“ဒီစောင်းလား။”
"ဟုတ်တယ်။"
အားထိုက်က ခေါင်းညိတ်ပြလိုက်သည်။
"ဒီစောင်းကို ကွယ်လွန်သွားတဲ့ ငါ့အဖေက ငါ့ဆီ အမွေပေးခဲ့တာ။ မိစ္ဆာတစ်ကောင် ပေါ်လာရင် ဒီဘက်အစွန်းကို ရန်သူဘက် ချိန်လိုက်ရုံပဲ။"
ဟုန်ကျွင့် : "ပြီးတော့ သီချင်းတစ်ပုဒ် တီးခတ်ရမှာလား။"
“မဟုတ်ဘူး။”
အားထိုက်က ခေါင်းခါပြလိုက်သည်။
“အဲ့ဒါကို မြှောက်ပြီး သူတို့ခေါင်းကို ရိုက်ချလိုက်ရုံပဲ။"
ဟုန်ကျွင့် : "..."
အားထိုက်: "ဒီစောင်းက ငါ့လက်ထဲမှာဆို ငှက်မွှေးလေးလို ပေါ့တယ်၊ ဒါပေမဲ့ တခြားလူတွေအတွက်ဆို တောင်တန်းကြီးလောက် လေးတယ်။ သူအစွမ်းထက်တဲ့ အချိန်ဆို နဂါးတစ်ကောင်ကိုတောင် တစ်ချက်တည်းနဲ့ သေစေနိုင်တယ်။"
"ရပြီ၊ ရပြီ၊ အဲ့လောက်ဆို လုံလောက်ပါပြီ။"
ဟုန်ကျွင့်မှာ သူ၏နဖူးပေါ် လက်ကိုတင်လိုက်ပြီး တိုးကပ်လာသော အားထိုက်၏မျက်နှာကို တွန်းထုတ်လိုက်တော့သည်။
အားထိုက် ဟုန်ကျွင့်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ အားထိုက်၏မျက်လုံးများသည် ပင်လယ်သမုဒ္ဒရာကဲ့သို့ နက်မှောင်နေပြီး နှုတ်ခမ်းပေါ်၌ အပြုံးတစ်ပွင့် တွဲခိုလိုက်ပုံမှာ လူကို မျက်စိလွှဲရခက်စေ၏။
"ညီအစ်ကိုအလှလေး၊ မင်းစိတ်ထဲ ဘာဖြစ်နေတာလဲ၊ မင်း ဘာအတွက် ဝမ်းနည်းနေတာလဲ။ ဘာလို့ အမြဲတမ်း မျက်မှောင်ကြုတ်နေတာလဲ။ ဘဝဆိုတာ သိပ်ကိုလှပတယ်၊ မင်းအတွက် သီချင်းတစ်ပုဒ်လောက် တီးခတ်ပြရမလား။"
မော့ရစ်ကန်းမှာ အားထိုက်၏ စကားချိုချိုများကို နားမထောင်နိုင်တော့သောကြောင့် ဟုန်ကျွင့်ပခုံးကို လက်တစ်ဖက်ဖြင့်ဖက်ကာ ကျန်လက်တစ်ဖက်ဖြင့် အားထိုက်ကို ပိတ်ဆို့ထားလိုက်သည်။
"သူ့ကို အနိုင်မကျင့်နဲ့တော့။ သူက ဘာမှနားမလည်ဘူး။"
ဟုန်ကျွင့်မှာ သူငယ်ချင်းအသစ် အနည်းငယ် ရခဲ့သော်လည်း သူ့နှလုံးမီးအိမ်လေးက ပျောက်သွားခဲ့၍ ပိစိလေး ဝမ်းနည်းနေခဲ့သည်။ သို့တင်မက သူ့ဓားပျံတစ်စင်းကလည်း ပျောက်နေ၏။ အစက နတ်ဆိုးနှင်ဌာနကို ရောက်လျှင် မိစ္ဆာများကိုနှိမ်နင်းရင်း ၎င်းကို ဖြည်းညင်းစွာ ရှာဖွေရန် စဥ်းစားထားခဲ့သည်။ အဖြေများရမည့်အစား အခြားသော ပဟေဠိတစ်ခုကိုသာ ထပ်မံတွေ့ရှိရလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့မိပေ။
ဟုန်ကျွင့်: "ငါ ပြဿနာတစ်ခုကြုံနေရတာ အမှန်ပဲ။။"
"ဘာပြဿနာလဲ။"
မော့ရစ်ကန်းက မေးလိုက်သည်။
"အားလုံးက မင်းကို ကူညီမှာပါ၊ မိစ္ဆာတစ်ကောင်ကြောင့်လား။"
"မိစ္ဆာ?!"
ချိုယုံစစ်က ချက်ချင်း မတ်မတ်ထိုင်လိုက်၏။
"တကယ်လား။ ချန်အန်းမှာ မိစ္ဆာတွေရှိတာလား။"
အားထိုက်: "မင်းကိုကူညီပေးရမှာ ငါ့ရဲ့ အကြီးကျယ်ဆုံး ဂုဏ်ယူစရာပါပဲ။"
သို့သော် ချိုယုံစစ်ကတော့ အနည်းငယ် ကြောက်သွား၏။
"မိစ္ဆာတွေနဲ့ သိပ်နီးနီးကပ်ကပ် မနေရသရွေ့တော့ တခြားအရာတွေကို ငါလည်း ကူညီနိုင်ပါတယ်။ ပြီးတော့... ငါလည်း သတ္တိရှိအောင် သင်ယူရဦးမှာဆိုတော့... ပြောပါဦး၊ အဲဒါက ဘယ်လိုမိစ္ဆာမျိုးလဲ။"
ဟုန်ကျွင့်: "ငါ တခြားနည်းလမ်းတွေကို စဉ်းစားလိုက်ဦးမယ်။ အဆင်မပြေမှ ပြောပြတော့မယ်။"
"ဟုတ်ပြီ။"
မော့ရစ်ကန်းကလည်း ပြုံးပြီး ခေါင်းညိတ်ပြလာသည်။
"ကောင်းကင်နဲ့ မြေကြီးကို အားကိုးတာထက် ကိုယ့်ကိုယ်ကိုယ် အားကိုးတာက ပိုကောင်းပါတယ်။ မင်းလုပ်နိုင်မှာပါ။"
မိုးက တဖြည်းဖြည်း တိတ်သွားပြီဖြစ်ကာ အားထိုက်တစ်ယောက် ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။
"အချိန်ကောင်းတွေကို အလဟဿ မဖြုန်းသင့်ဘူး။ ငါတို့ သီချင်းဆိုကြမလား။"
မော့ရစ်ကန်း: "အားလုံးပဲ သန့်ရှင်းရေးလုပ်ပြီး အခန်းနည်းနည်းကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ကြမယ်။ ဘာပဲဖြစ်ဖြစ် ဒီည ဒီမှာပဲ အိပ်ရတော့မယ့်ပုံပဲ။"
အားထိုက်: "ချန်အန်း တည်းခိုဆောင်မှာပဲ အိပ်ရအောင်။ လာပါ၊ ငါ မင်းတို့ကို ဧည့်ခံပါ့မယ်။"
"ငါကတော့ ဒီမှာ အိပ်လိုက်တာ ပိုကောင်းမယ်လို့ထင်တယ်။"
ဟုန်ကျွင့်က ဆို၏။
"ကျောက်ကျစ်လုံ တည်းခိုခန်းမှာ အိပ်လို့ ငါးနံ့က အရမ်းပြင်းရင် တခြားသူတွေကို ခြောက်မိသွားလိမ့်မယ်။"
အဘယ်ကြောင့်ဆိုသော် သူ ဤနေရာကိုလည်း အနည်းငယ် သဘောကျသည်။ ဤနေရာတစ်ဝိုက် လှည့်ပတ်ပြီးနောက် ခြံဝင်းထဲရှိ မြင့်မားသော သဖန်းပင်ကို မြင်သောအခါတွင် အနည်းငယ် ရင်းနှီးသလို ခံစားလာရ၏။ မော့ရစ်ကန်းက ဟုန်ကျွင့်နှင့် နေခဲ့ရန် ရွေးချယ်လိုက်ရာ အားထိုက်နှင့် ချိုယုံစစ်မှာလည်း ရွေးချယ်စရာလမ်းမရှိတော့ဘဲ သူတို့နောက်မှလိုက်ကာ ဤညစ်ပတ်သော နေရာ၌သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ရသည်။
ညနေစောင်းလာသည်နှင့်အမျှ နှင်းဆီရောင်တိမ်တိုက်များက ချန်အန်း၏ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။ သုံးရက်တိုင်တိုင် မိုးရွာပြီးနောက် ဆောင်းဦးရာသီက တရားဝင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဖန်းချန်ချင်က လုံဝူတပ်စခန်းမှ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာပြီး သူ၏ ဘယ်ဘက်လက်၌ တုတ်ကောက်ကို ကိုင်ထားကာ လီလုန်ကျီး၏ အမိန့်ပြန်တမ်းကိုတော့ ညာလက်တွင် ကိုင်ထား၏။ ထောင်ထောင်မောင်းမောင်း လီကျင်လုံက သူ၏ညာဘက်လက်မောင်းအောက်မှာ အိပ်ရာလိပ်ကိုပိုက်လျက် အနောက်ကလိုက်လာခဲ့သည်။
မူလက သူ့အစေခံများကို အထုပ်များပို့ရန် စေခိုင်းချင်ခဲ့သော်လည်း ဖန်းချန်ချင်က လုံဝူတပ်စခန်း၏ဂိတ်ဝမှ အိမ်အထိ လမ်းလျှောက်ခိုင်းခဲ့သည်။ ဤသည်မှာ သူ့အား လမ်းမပေါ်ရှိ ချန်အန်းအရပ်သားများ၏ အာရုံစိုက်မှုကို ပို၍ရရှိစေခဲ့သည်။
လုံဝူတပ်စခန်းမှ နှင်ထုတ်ခံခဲ့ရသော ဖြုန်းတီးသူ၊ လီကျင်လုံကို မြင်တွေ့ရသောအခါ ချန်အန်း၏အရပ်သားများမှာ မရယ်ဘဲ မနေနိုင်ကြတော့ပေ။
"မင်း ထန်မင်းဆက်ရဲ့ နတ်ဆိုးနှင်ဌာနကို ပြောင်းရွှေ့လိုက်ရပြီ။"
ဖန်းချန်ချင်သည် တော်ဝင်အမိန့်ကို ကိုင်ဆောင်ထားကာ လီကျင်လုံကို လှောင်ပြောင်နေသလား၊ သူ့ကိုယ်သူ လှောင်နေမိသလားပင် မသိတော့ပေ။
"တကယ်ကို ထူးခြားတဲ့ ခန့်အပ်မှုပဲ၊ လက်ယာဝန်ကြီးချုပ်ရဲ့ လက်အောက်မှာ—မင်း တစ်ညတည်းနဲ့ ရာထူးနှစ်ဆင့်တောင် တက်သွားတာ!"
ထိုစဥ် လီကျင်လုံက လေးနက်စွာ ပြောလာ၏။
"ကျွန်တော် လမ်းဆက်မလျှောက်တော့ဘူး။"
သာမန်အရပ်သားများ၏ လက်ညှိုးထိုးမှုများက သူ၏ကျောပြင်ကို ထိုးခွဲနေသော ထက်မြက်သည့် ဓားသွားများကဲ့သို့ လီကျင်လုံ ခံစားနေရသည်။ ဖန်းချန်ချင်က လှည့်၍ သူ့ကို တုတ်ကောက်ဖြင့် ရိုက်တော့သည်။
“မင်း ဖျင်ကန်းလီရဲ့ ပြည့်တန်ဆာအိမ်ထဲကနေ ပြေးထွက်သွားတုန်းက ဒီလိုကြောက်နေခဲ့လား။ အခုလမ်းမှာကျတော့ ရှက်စရာကောင်းတယ်လို့ ထင်တယ်ပေါ့၊ ဟုတ်လား!"
လီကျင်လုံမှာ အိပ်ရာလိပ်ကို မြေကြီးပေါ် ပစ်ချပြီး ထွက်သွားလိုက်ချင်သော်လည်း လူကြီးသူမများအပေါ် ရိုသေကိုင်းရှိုင်းမှု လူ့သဘောသဘာဝ၏ အခြေခံအုတ်မြစ် ဖြစ်လေသည်။ သူ့မိဘများမှာ သူ ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့၏။ ဖန်းချန်ချင်က ဝမ်းကွဲအစ်ကိုတစ်ယောက်ဖြစ်သော်လည်း ဤနှစ်များအတွင်း သူ့ကို ထောက်ခံပံ့ပိုးပေးခဲ့သည်။
အကယ်၍ လီကျင်လုံတစ်ယောက် လမ်းလယ်ခေါင်တွင် သူ၏ဝမ်းကွဲအစ်ကိုကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ခဲ့မည်ဆိုပါက နောက်နောင်မှာ ခေါင်းတောင် ဖော်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် သူ သည်းခံထားရမည်။
***
Aurora Novel Translation Team
အပိုင်း (၈.၂)
"မင်း လမ်းမတွေပေါ်မှာ အခုလို လျှောက်သွားနေတော့ ဘယ်သူက အရှက်ကွဲရလဲ။ ငါ! ငါပဲ အရှက်ကွဲတာ!"
လီကျင်လုံမှာ ဖန်းချန်ချင်၏အနောက်ကနေ လိုက်ပါခဲ့ရသည်။
"သီလရှိတဲ့ ကျိုးနယ်စားမင်းတောင်မှ ကောလာဟလတွေရဲ့ အင်အားကို ကြောက်ခဲ့ရတယ်။ တစ်ချိန်တည်းမှာပဲ ရက်စက်ကြမ်းကြုတ်တဲ့ ဝမ်မန်က ပလ္လင်ကို မလုယူခင်အထိ ဖြောင့်မတ်တဲ့ပုံစံကို ထိန်းသိမ်းထားခဲ့တယ်။ တကယ်လို့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်သာ စောစောစီးစီး သေဆုံးသွားခဲ့ရင်၊ သူတို့ဘဝရဲ့ ဘယ်အပိုင်းက အမှန်၊ ဘယ်အပိုင်းက အမှားဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။ အနှေးနဲ့အမြန်ဆိုသလို အမှန်တရားက ပေါ်လာမှာပါ။ တကယ်လို့ အစ်ကို ကျွန်တော့်ကို မယုံရင်၊ ဘာဖြစ်လို့ ဒီနေ့ ကျွန်တော့်ကို စစ်ဆေးဖို့ တပ်စခန်းဆီ လူအများကြီးကို ခေါ်ခဲ့ရတာလဲ။ ကျွန်တော် တစ်ခါမှ လိမ်ညာမပြောခဲ့ဘူးဆိုတာ အစ်ကို အသိဆုံးပါ!"
ဖန်းချန်ချင်: "မင်းပြောခဲ့တဲ့ မိစ္ဆာဆိုတာကို အရှင်မင်းမြတ်ကို ပြလိုက်လေ။ မင်းကြုံတွေ့ခဲ့ရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရန်သူကို ရှာပြီး ရုံးတော်ရှေ့မှာ မင်းကိုယ်မင်း ဘာလို့ မကာကွယ်ခဲ့တာလဲ။ သူတို့ကို သွားရှာပြီး ငါ့ကို ဘာဖြစ်လို့ လာမပြတာလဲ!"
လီကျင်လုံမှာ အလွန် ဒေါသထွက်နေသောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသော်ငြား လမ်းလယ်တွင် ရပ်လျက် လေးနက်စွာ ပြောလိုက်သေး၏။
“တစ်နေ့နေ့ကျ... အစ်ကို တွေ့စေရမယ်!!”
ဖန်းချန်ချင်က ဘာမှမပြောတော့ပေ။ ၎င်းတို့တွေ ချန်အန်းမြို့ တစ်ဝက်လောက်ကို ဖြတ်လျှောက်သွားပြီး ဖန်းချန်ချင်က လီကျင်လုံကို အနောက်ဈေးသို့ ဦးဆောင်ခေါ်လာခဲ့သည်။ လမ်းဆုံတစ်ခုသို့ ရောက်သောအခါ လီကျင်လုံက သူ၏အိပ်ရာလိပ်ကို ပွေ့ပိုက်လျက် လမ်းကြားတစ်ခုထဲသို့ လှည့်ဝင်သွားခဲ့သည်။ ဖန်းချန်ချင်က အသံမာမာဖြင့် အော်လိုက်၏။
"မင်းဘယ်သွားမလို့လဲ။"
လီကျင်လုံက မဖြေဘဲ လမ်းကြားထဲကို အမြန်လျှောက်သွားခဲ့၏။ သူ ဖန်းချန်ချင်၏အိမ်ကို မပြန်ချင်ပေ။ အကြောင်းမှာ အိမ်ပြန်ရောက်လျှင် သူတို့ ထပ်မံရန်ဖြစ်ကြဦးမည်ဖြစ်သည်။ သူသည် သူ၏တာဝန်သစ်ဆီသို့ တည့်တည့်သာ သွားလိုက်သည်။ ဖန်းချန်ချင်ကလည်း တုတ်ကောက်ကိုအားပြုကာ သူ့နောက်သို့လိုက်ရင်း စကားမပြောဘဲ လမ်းကြားထဲ လျှောက်ဝင်သွားခဲ့သည်။
စူးရှသော တေးသွားတစ်ခုက လမ်းကြားအတွင်းမှ ပျံလွင့်လာသည်။ တစ်စုံတစ်ယောက်က အနီးအနားမှာ အားရပါးရ သီချင်းဆိုနေခြင်းဖြစ်သည်။ ဝင်အံ့ဆဲဆဲ နေမင်းကြီးက အုတ်ခင်းလမ်းမကြီးကို နီရဲသောအရောင် ဆိုးပေးထားပြီး လီကျင်လုံ၏ အရိပ်ကို မြေပြင်ပေါ်တွင် ရှည်မျောမျောဆွဲဆန့်ထား၏။ ဆောင်းဦးလေပြေက ဖြတ်သန်းတိုက်ခတ်သွားပြီး၊ ၎င်း၏အအေးဓာတ်ဖြင့် သူတို့၏ အဝတ်အစားများကို လှုပ်ခတ်သွားစေခဲ့သည်။
"မင်းဘယ်သွားမလို့လဲ!"
ဖန်းချန်ချင် ထပ်မေးလိုက်၏။ လီကျင်လုံက မျက်နှာပျက်ပျက်ဖြင့် လမ်းကြားအဆုံးရှိ တံခါးဝတစ်ခုသို့ ရောက်သည်အထိ ဆက်သွားခဲ့သည်။ သူက ပျက်စီးနေသော နှစ်ဖက်ပိတ်တံခါးကို ဆောင့်တွန်းလိုက်ရာ ဘယ်ဘက်တံခါးရွက်က ချက်ချင်းဆိုသလို အတွင်းဘက်သို့ လဲကျသွားခဲ့သည်။ တံခါးက ကျယ်လောင်သော အသံဖြင့် လဲကျသွားပြီး အတွင်းရှိ မြင်ကွင်းကို ဖော်ပြလိုက်လေ၏။
ဗုန်း!
ပြုတ်ကျသွားသည့် တံခါးသံကြောင့် တံခါးအတွင်းဘက်မှ အသံများလည်း ရုတ်ခြည်း တိတ်ဆိတ်သွားခဲ့ပြီး အထဲမှ လူများကိုလည်း ဖော်ထုတ်ပြီးသားဖြစ်သွားသည်။ ခြံတွင်းရှိ တေးဂီတသံများ တိခနဲ ရပ်တန့်သွားကာ အားလုံးက လီကျင်လုံကို စိုက်ကြည့်နေခဲ့ကြသည်။
နတ်ဆိုးနှင်ဌာနဝင်းထဲတွင် အားထိုက်က စောင်းကို တီးခတ်နေပြီး ဟုန်ကျွင့်က ပန်းကန်အသေးလေးတစ်လုံးကိုယူကာ ၎င်းကို တူဖြင့် တီးခတ်နေ၏။ ချိုယုံစစ်က ဝါးလုံးချောင်းနှစ်ချောင်းကို ယူကာ ကျောက်တုံးများကို ဆူညံစွာ ရိုက်နေသလို မော့ရစ်ကန်းကလည်း စည်းချက်အတိုင်းလိုက်၍ လေးကြိုးကို ဆွဲနေခဲ့သည်။
လူတိုင်းက အလယ်ဗဟိုမှာ ရေအပြည့်ရှိသော သစ်သားအင်တုံ တစ်ဝက်ကို စက်ဝိုင်းတစ်ခုလို ဝိုင်းဖွဲ့ထိုင်နေကြသည်။ လက်နှစ်ချောင်းနှင့် ခြေထောက်နှစ်ချောင်းရှိသော ငါးကြင်းက သစ်သားအင်တုံထဲမှာ ရပ်လျက် လက်နှစ်ဖက်မြှောက်ကာ ကခုန်နေ၏။
တံခါးပြုတ်ကျသည်နှင့်တစ်ပြိုင်နက် လူလေးယောက်နှင့် ငါးတစ်ကောင်က တညီတညွတ်တည်း ရပ်တန့်သွားကြပြီး သူတို့အနောက်ဘက်ရှိ လီကျင်လုံနှင့် ဖန်းချန်ချင်ကို စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် စိုက်ကြည့်နေသည်။
လီကျင်လုံ: "..."
အရာရာတိုင်းက အကြောင်းတရားနှင့် အကျိုးတရားကြောင့် ဖြစ်ပေါ်လာကြပြီး ၎င်းတို့ကို လူသားများက ထိန်းချုပ်၍ မရချေ။
လီကျင်လုံ ဤဘ၀တွင် သူ့အား ထူးဆန်းသော စွမ်းအားများက မည်မျှတွန်းအားပေးနေခဲ့မှန်း မသိသေးသော်ငြား သူ၏ သေမျိုးဘဝ အနှစ်နှစ်ဆယ်အတွင်း ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက ယနေ့အတွက်ဖြစ်သည်ဟု ခံစားလိုက်ရသည်—ဆန်းကြယ်သော တိုက်ဆိုင်မှုများစွာက သူ့ကို လမ်းကြားရှိ တံခါးကိုတွန်းဖွင့်ရန် လမ်းပြခဲ့လေ၏။
သူ၏အကြည့်များက ခြံဝန်းထဲရှိ အရာအားလုံးဆီ ရွေ့လျားသွားသည်။ ထိုစဥ် ချောမောသော လူငယ်လေးကို ကြည့်လိုက်မိသည့်အခိုက် သူ့မျက်လုံးထဲတွင် ကမ္ဘာပေါ်ရှိ အရာအားလုံး ပျောက်ကွယ်သွားကာ သူ ဘယ်တော့မှ မမေ့နိုင်သော မျက်နှာတစ်ခုသာ ကျန်ရှိတော့သည်။
၎င်းမှာ ပထမဆုံးအကြိမ် စတွေ့ခဲ့စဥ်ကအတိုင်းပင်။
မရေမတွက်နိုင်သော စိတ်ခံစားမှုများက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို သယ်ဆောင်လာကာ သူ့နှလုံးသားထဲ လှိုင်းထလာခဲ့သည်။ အနှီလှိုင်းလုံးများက သူ၏ ဆင်ခြင်တုံတရား တာတမံကို လွှမ်းခြုံလာ၏။ ယင်းကြောင့် တစ်ခဏချင်းတွင် ထောင်နှင့်ချီသော စကားလုံးများက စကားစုတစ်ခုအဖြစ် ထွက်ပေါ်လာလေသည်။
"ငါ့ဖြူစင်မှုကို ပြန်ပေး!!!"
လီကျင်လုံက ဟိန်းဟောက်လိုက်ပြီးနောက် သူ့ဓားကို ဆွဲထုတ်ကာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲ၍ ဟုန်ကျွင့်ဆီသို့ ပြေးဝင်သွား၏။ ဟုန်ကျွင့်လည်း တစ်ဖက်လူ သူ့ဓားကို ဆွဲထုတ်လိုက်သည်အား မြင်လိုက်ရသဖြင့် ချက်ချင်း နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်လေး လေထဲ ရောက်သွားစဥ် အခြားသူများလည်း ချက်ချင်း တုံ့ပြန်လာခဲ့၏။
"နေဦး၊ မိစ္ဆာလေးကို မထိနဲ့!"
မော့ရစ်ကန်း အော်လိုက်သည်။
"သူငယ်ချင်း! ထိတ်လန့်စရာမလိုပါဘူး!"
အားထိုက်ကလည်း ဘေးကနေ အော်လိုက်သည်။
ချိုယုံစစ်: "မကြောက်နဲ့!"
သို့သော်လည်း လီကျင်လုံ၏ ပန်းတိုင်မှာ ငါးကြင်းမိစ္ဆာ မဟုတ်ဘဲ ဟုန်ကျွင့်ကို ဓားဖြင့် ရိုက်ချရန်ဖြစ်နေသည်။ သူတို့သုံးဦးက လူသတ်ချင်သည့် အသွင်အပြင်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် ဟုန်ကျွင့်ကို ကာကွယ်ရန် ပြင်လိုက်လေ၏။
အားထိုက် ယပ်တောင်ကို ဖွင့်လိုက်စဥ် မော့ရစ်ကန်းကလည်း ခန္ဓာကိုယ်ကြီးဖြင့် ပိတ်ဆို့လိုက်သည်။ ချိုယုံစစ်ကလည်း ရုတ်တရက် သူ့ဓားကို ဆွဲထုတ်လိုက်၏။ သုံးယောက်သား လီကျင်လုံကို တားဆီးရန် အသင့်ပြင်လိုက်ကြသည်။ သို့သော် ဤအခြင်းအရာက နှေးကွေးလွန်းလှသည်။ လီကျင့်လုံက ပြင်ပခြံဝင်းကို ဖြတ်ကျော်ကာ ဟုန်ကျွင့်အရှေ့သို့ ရောက်ရှိနေလေပြီ။
ဟုန်ကျွင့်: "သူက သေမျိုး၊ အရမ်းကြီး မလုပ်နဲ့!"
ဟုန်ကျွင့် တစ်ဖက်လူ၏လက်ထဲမှ ဓားကို အလွန်သတိထားနေမိသည်။ ထိုညက သူ၏ သတိကင်းမဲ့မှုကြောင့် ဤဓားက သူ၏နတ်အလင်းငါးရောင်ကို ဖြတ်ကျော်နိုင်ခဲ့၏။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူ့စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တွေးကြည့်ခဲ့ဖူးသည်။
သူ တူညီသောအမှားကို ထပ်ပြီး မကျူးလွန်ချင်တော့ပေ။ သူက လေထဲသို့ ခုန်တက်လျက် ဓားပျံဖြင့် ရှည်လျားပြီး နက်မှောင်သော ဓားသွားကို ပိတ်ဆို့လိုက်သည်။
ဓားပျံက သံချေးတက်နေသယောင်ရှိသည့် အနှီသံမဏိဓားကို ခုခံလိုက်သည့်အခိုက်တွင် မှော်လက်နက်များ ထိပ်တိုက်တွေ့ကာ ဝိညာဉ်စွမ်းအင်လှိုင်းသံများ ပဲ့တင်ထပ်သံသွား၏။ လီကျင်လုံ၏မျက်စိသူငယ်အိမ်များ ကျဥ်းမြောင်းသွားပြီး သူ နည်းဗျူဟာ မပြောင်းလဲနိုင်ခင်မှာပင်၊ ဟုန်ကျွင့်က လီကျင်လုံ၏ဓားကို သူ၏ဓားပျံများကြားညှပ်ကာ လက်ကောက်ဝတ်ကို လှည့်၍ သူ၏လက်မောင်းများကို ကျယ်ပြန့်စွာ လွှဲယမ်းလိုက်သည်။ လီကျင်လုံ၏လက်မနှင့် လက်ညှိုးကြားရှိ အရေပြားက ပူလောင်သွားပြီး ဓားက သူ၏လက်မှ လွတ်ထွက်သွားခဲ့သည်။
မော့ရစ်ကန်း၊ အားထိုက်နှင့် ချိုယုံစစ်တို့က အော်ဟစ်အားပေးခဲ့ကြသည်။ ဟုန်ကျွင့်က မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး၊ သူ ဘာဖြစ်သွားသည်ကို မသိရှိနိုင်ခင်မှာပင် သူ၏သူငယ်ချင်းများက လီကျင်လုံ၏ပခုံးကို ကိုင်ကာ ၎င်းတို့၏စွမ်းအင်များကို ပူးပေါင်း၍ သူ့ကို လွင့်ထွက်သွားစေခဲ့သည်။ ဝင်ပေါက်ခန်းမထဲသို့ လွင့်စဉ်သွားသည့် လီကျင်လုံမှာ ပြတင်းပေါက်ဖြင့် ခေါင်းတိုက်မိသွာပြီး အဓိကခြံဝင်းထဲသို့ ကျယ်လောင်သောအသံနှင့်အတူ ပြုတ်ကျသွားကာ ချက်ချင်း သတိလစ်သွားခဲ့သည်။
ဟုန်ကျွင့်က သတိပေးလိုက်သော်ငြား လူတိုင်းက အချိန်မီ မရပ်တန့်လိုက်နိုင်သောကြောင့် လက်အားပြင်းသွားခဲ့ကြသည်။
ဟုန်ကျွင့် မျက်မှောင်ကြုတ်လိုက်၏။ သူ၏လက်ချောင်းက လီကျင်လုံ၏ ဓားသွားနှင့် ခြစ်မိသွားသဖြင့် သွေးထွက်လာခဲ့သည်။ အခြားသူများက သူ၏ဒဏ်ရာများကို စစ်ဆေးရန် အလျင်အမြန် ရှေ့သို့ တိုးလာခဲ့ကြသည်။
"မင်း ဒဏ်ရာရသွားသေးလား။ ဒီလူက မင်းနဲ့ ဘယ်လိုရန်ငြိုးတွေများ ရှိနေတာလဲ။"
ငါးကြင်းမိစ္ဆာက ဘယ်ညာကြည့်ကာ တံခါးအပြင်ဘက်ရှိ ဖန်းချန်ချင်ကို စူးစူးစိုက်စိုက် ကြည့်နေ၏။ ဖန်းချန်ချင်မှာ ပါးစပ်ကို ဖွင့်ဟထားရာမှ အချိန်အတော်ကြာသည်အထိ ပြန်မစေ့နိုင်သေးဘဲ ကြက်သေသေနေရာ ငါးကြင်းမိစ္ဆာက ခြေတစ်လှမ်းဦးကာ အော်လိုက်သည်။
"နောက်တစ်ယောက် ရှိသေးတယ်။ သူ့ကို မပြေးစေနဲ့!"
အားထိုက်နှင့် ချိုယုံစစ်တို့ ချာခနဲလှည့်ကြည့်လိုက်ကြသည်။ ချိုယုံစစ်က ပထမဆုံး တုံ့ပြန်ခဲ့ပြီး ဓားကို ကိုင်ကာ ဖန်းချန်ချင်ဆီသို့ ပြေးသွားသည်။
"မိ....မိ.....မိစ္ဆာ!"
ချိုယုံစစ်က ဖန်းချန်ချင်ကန်ကာ သူ့ရင်ဘတ်ပေါ် ခြေထောက်တစ်ဖက်ဖြင့် ဖိထားလိုက်၏။ အားထိုက်က အခွင့်အရေးကို အသုံးချကာ ကြိုးနှစ်ချောင်းကို ဖန်တီးလိုက်ပြီး ဖန်းချန်ချင်၏လက်နှင့် ခြေထောက်များကို တုပ်နှောင်လိုက်သောအခါ ထိုလူမှာ ထိတ်လန့်တကြားဖြင့် သတိလစ်သွားခဲ့သည်။
တစ်နာရီကြာပြီးသော် ဟုန်ကျွင့် သူ၏လက်များကို ပတ်တီးများဖြင့် စည်းပြီးသွားခဲ့သည်။ သူ၏ညီအကိုများဖြစ်သော အားထိုက်တို့က သတိလစ်သွားကြသော လီကျင်လုံနှင့် ဖန်းချန်ချင်တို့ကို ပင်မခန်းမဆောင်ထောင့်၌ ပစ်ထားလေ၏။
"သူ့နာမည်က လီကျင်လုံ။ သူက သေမျိုးလူသား၊ အစောင့်တစ်ယောက်ပဲ။ အဲဒီနေ့က ချန်အန်းမြို့အပြင်ဘက်မှာ ငါ မိစ္ဆာတစ်ကောင်ကို လိုက်ဖမ်းနေရင်း...."
ဟုန်ကျွင့်သည် ခြံဝင်းထဲက လူသုံးယောက်ကို သူတို့ ဇာတ်လမ်းအကြောင်း ရှင်းပြလိုက်သည်။ နှလုံးမီးအိမ်အကြောင်း ပြောတော့မည့်အချိန်မှာ နားထောင်နေသော ငါးကြင်းမိစ္ဆာက အပိုမပြောသင့်ကြောင်း အချက်ပြလာ၍ ခေတ္တရပ်လိုက်ပြီး ထိုအပိုင်းကို ကျော်သွားလိုက်သည်။
သူ ပြောပြီးနောက် အားလုံးက အံ့သြသွားခဲ့ကြသည်။
"ဒါက နားလည်မှုလွဲနေတာပဲ။"
မော့ရစ်ကန်းက ဆိုသည်။
"ဒီလူက မင်းကို မိစ္ဆာတစ်ကောင်လို့ ထင်နေလို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာကိုး... မင်းရဲ့ဒဏ်ရာ မပြင်းထန်လို့ တော်သေးတာပေါ့။"
မော့ရစ်ကန်းက ၎င်းတို့အား ကြိုးဖြည်ပေးရန် ခြေလှမ်းပြင်နေပြီဖြစ်သော်လည်း ငါးကြင်းမိစ္ဆာက ဟုန်ကျွင့်ဒူးကို စာလိပ်ဖြင့် ခေါက်လိုက်သည်။
"အဲ့ဒါက ဘာလဲ။"
ဟုန်ကျွင့်လှမ်းယူရင်း ပြောလိုက်သောအခါ ငါးကြင်းမိစ္ဆာက ပြန်ဖြေလိုက်၏။
“သူတို့ အဲဒါကို တံခါးအပြင်မှာ ကျခဲ့တာ!"
ချိုယုံစစ်က ၎င်းကိုယူ၍ ဖြန့်ကြည့်လိုက်သည်။ တော်ဝင်အမိန့်စာဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်နှင့် ချက်ချင်းဆိုသလို ကျယ်လောင်စွာ အသံထွက်ဖတ်ပြလိုက်လေသည်။
"ဧကရာဇ်မင်းမြတ်၏ အုပ်ချုပ်မှုရလဒ်ကြောင့် ပေါ်ထွက်လာသော မင်္ဂလာရှိနိမိတ်လက္ခဏာများကို ထောက်ရှု၍ နတ်ဆိုးနှင်ဌာနကို ယခုအချိန်မှစ ပြန်လည်တည်ထောင်လိုက်ပါပြီ... ဧကရာဇ်၏အမိန့်တော်အရ အခုအချိန်မှစ၍ လီကျင်လုံသည် လုံဝူတပ်စခန်းမှနှုတ်ထွက်ကာ နတ် နတ် နတ် နတ်... နတ်ဆိုးနှင်ဌာန၏ ခေါင်း ခေါင်း ခေါင်းခေါင်းဆောင်အဖြစ် ခန့်အပ်စေ!"
ဧကရာဇ်၏တော်ဝင်အမိန့်ကို ဖတ်ကြားနေစဥ် ဘေးပတ်ပတ်လည်ရှိ လူများက တစ်ချိန်တည်း ခေါင်းလှည့်ကာ ခန်းမအတွင်းရှိ သတိလစ်နေသော လီကျင်လုံကို လှည့်ကြည့်လိုက်လေ၏။ ချိုယုံစစ်၏ တုန်ယင်နေသောလက်ထဲမှ စာရွက်က လှုပ်ခါနေပြီး သူ၏နှုတ်ခမ်းများက စိတ်ပျက်လက်ပျက်ဖြင့် တွန့်ချိုးနေခဲ့သည်။
***
Aurora Novel Translation Team