အပိုင်း (၃၉)- လီရှန်းတောင်၌ ဧကရာဇ်မင်းနှင့်တွေ့ဆုံခြင်း (၂)
ထိုနှစ်တွင် လီရှန်းဖူနှင့် ကဲဖူရွှင့်တို့သည် ယွိလင်စစ်တပ်ကို ပုန်ကန်ရန် ကြံစည်ခဲ့ကြပြီး ဝူကျောက်ကို အတုယူကာ ဧကရာဇ်အဖြစ် နန်းတက်လိုသော မိဖုရားခေါင်ဝေကို သတ်ပစ်ခဲ့သည်။ လီလုန်ကျီးနှင့် မင်းသမီးထိုက်ဖျင်တို့က လင်ယန်းမျှော်စင်တွင် တွေ့ဆုံကြပြီး လီမိသားစုအား သေသည်အထိ ဒုက္ခပေးခဲ့သော မင်းသမီးအန်းလဲ့၊ ဝူယန်ရွှိ၊ ရှန့်ကွမ်းဝမ်အာတို့ကိုသတ်ရန် နန်းတော်ထဲသို့ ပြေးဝင်ကာ လီမိသားစုထီးနန်းကို ပြန်လည်သိမ်းပိုက်ခဲ့သည်။
အတိတ်သည် ကြာလွန်ခဲ့ပြီဟု ထင်ရသော်လည်း ဖန်းချန်ချင်က ဤဇာတ်လမ်းဟောင်းများကို ပြန်ပြောနေသည်ကို ကြားရသောအခါ လီလုန်ကျီးလည်း စိတ်အားထက်သန်စွာ တွေးတောကြည့်လိုက်သည်။
"ခိုင်းယွမ်ရဲ့ပထမနှစ်လည်း ရှိသေးတယ်။"
ဖန်းချန်ချင်က ဆက်ပြောလေသည်။ အတိအကျ မှတ်မိသလောက်ဆိုလျှင် ယင်းမှာ လီလုန်ကျီး အာဏာသိမ်းပြီး မင်းသမီးထိုက်ဖျင်ကို သတ်သည့်နှစ်ပင်။ ထိုအချိန်မှစ၍ တန်မင်းဆက်၏ သာယာဝပြောသော ခေတ်ဆီသို့ တရားဝင် စတင်ခရီးနှင်ခဲ့၏။
"ချန်ချင်၊ ဒီနေ့ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အချိန်ကာလက ပြည်သူတွေအတွက် ကောင်းချီးပဲဆိုတာတော့ မင်းသိထားရမယ်။ လူတွေကို ကောင်းချီးပေးနေတဲ့ နှစ်မှာ ငါ့ဓားကို မသုံးရရင် ပိုကောင်းလိမ့်မယ်။"
လီလုန်ကျီးက ဖန်းချန်ချင်ထံမှ အရိပ်အမြွက်အချို့ကို ကြားခဲ့ပြီးပြီဖြစ်၍ မည်သို့ပင်ဆိုစေ တရားရုံးတွင် ကြီးကြီးမားမား ရုန်းရင်းဆန်ခတ် မဖြစ်စေလိုကြောင်းလည်း အရိပ်အမြွက်ဖြင့် ပြန်လည်ပြောကြားခဲ့သည်။
"အရှင်မင်းမြတ်က ပညာရှိလှပါတယ်။"
ဖန်းချန်ချင်က ချက်ချင်း ပြန်ပြောလေသည်။
"ချန်ချင်က အရှင်မင်းမြတ်အကြောင်း တွေးနေပေမဲ့ ကိုယ့်အကြောင်းကိုလည်း မတွေးဘဲ မနေနိုင်ခဲ့ပါဘူး။"
လီလုန်ကျီး၏မျက်ခုံးများက အနည်းငယ် တွန့်သွားခဲ့သည်။
ဖန်းချန်ချင်: "စစ်သူကြီး ကောင်းရှန်းကျစ်ရဲ့ တဲထဲကို ဝင်ပြီးကတည်းက စစ်ဘက်ဆိုင်ရာ အချက်အလက်တွေကို ချန်ချင် တရားရုံးကို ဖုံးကွယ်ထားခဲ့တာ ရှိလားမသိဘူး။"
လီလုန်ကျီး: "မရှိဘူး။ အခြားသူတွေရဲ့ လိမ်ညာမှုကို ဖော်ထုတ်ပေးခဲ့တာလည်း မနည်းဘူး။"
"ဒီနှစ်တွေမှာ ချန်ချင်က အရှင်မင်းမြတ်ကို လှည့်စားဖူးတာများ ရှိလား။"
"တစ်လောကလုံးမှာ မင်းက အခြေအနေ ဘယ်လိုပဲရှိရှိ အမှန်အတိုင်း ပြောတတ်တဲ့သူပဲ။"
လီလုံကျီး၏လေသံမှာ သံသယဖြစ်ရာမလိုသော ဘုန်းအာနုဘော်တို့ဖြင့် ပြည့်နှက်နေသည်။
"နားဝင်ဆိုးပေမဲ့ မင်းက ဘယ်တော့မှ မလိမ်ညာတတ်တဲ့သူ။ ချန်အန်းမှာ ဘာဖြစ်နေတာလဲ။"
လီလုန်ကျီးသည် ငယ်စဉ်ကပင် ရက်စက်ကြမ်းကြုတ်သော လူတစ်ဦးဖြစ်ပြီး ယခုနှစ်များအတွင်း နူးညံ့သိမ်မွေ့စွာ ဖြတ်သန်းခဲ့ရသော်လည်း အမှားအမှန်ကို ရင်ဆိုင်ရာတွင် ကြည်လင်ပြတ်သားသော စိတ်ဓာတ်မျိုး ရှိနေဆဲဖြစ်သည်။
ဖန်းချန်ချင်က တုန်ယင်နေသည့်လက်ကို မြှောက်လိုက်ပြီး သူ့လည်ပင်းကို ညွှန်ပြလိုက်၏။
"ချန်ချင်က ဒီနေ့ မုသားပြောစကား ပြောခဲ့တာရှိရင် ဒီလည်ပင်းကနေ ဒီဦးခေါင်းကို ယူသွားဖို့ အရှင်မင်းမြတ်ကို ခွင့်တောင်းချင်ပါတယ်။ ချန်ချင် ဘာမှ မညည်းညူပါဘူး။"
လီလုန်ကျီးမှာ ဖန်းချန်ချင်တစ်ယောက် ဘယ်လို ဆေးအမျိုးအစားကို မှားသောက်ခဲ့သလဲ မသိသောကြောင့် မျက်မှောင်ကြုတ်နေသော်လည်း နောက်ဆုံးတွင် ဆိုလာခဲ့သည်။
“ပြောပါ။”
......
နံနက်သုံးနာရီတွင် မြို့မြောက်ဘက်ရှိ တော်ဝင် စာမေးပွဲခန်းမမှ “တင်း တင်း တင်း” ဟူသော ခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်လာပြီး စာသင်သားပေါင်း ၂၅၀၀ နီးပါးကို ကွင်းအတွင်းသို့ ဝင်ရောက်စေခဲ့သည်။ မျက်စိတဆုံး မြင်တွေ့နိုင်သည့် နေရာများတွင် သီးသန့်အခန်းများ ရှိ၏။
အခန်းများကို စင်္ကြံလမ်းများဖြင့် ချိတ်ဆက်ထားပြီး တံခါးပေါ်၌ 'ကောင်းကင်ပင်စည် မြေကြီးအကိုင်းအခက်' ဟူ၍ အမှတ်အသားပြုထားသည်။
စာသင်သားများသည် အပြင်ဘက်တွင် မိမိတို့၏တံဆိပ်ပြားအတိုင်း အခန်းကို ရှာဖွေရန် စောင့်ဆိုင်းနေကြသည်။ တောင်ပံအခန်းက စာမေးပွဲအခန်းစောင့်သည် အပြင်မှနေ၍ တံဆိပ်ပြား၏ အထောက်အထားကို စစ်ဆေး၏။ စစ်ဆေးပြီးနောက် ဝင်ရောက်ဖြေဆိုသူသည် တံဆိပ်ပြားကို တံခါးဝ၌ ချိတ်ဆွဲခဲ့ရသည်။
စင်္ကြံလမ်းဆယ်လမ်း ရှိကာ တစ်လမ်းစီတွင် အခန်း ၁၀၀ ရှိလေသည်။ အခန်းများကို ပိတ်ပြီးနောက် ကြီးမားလှသော စာမေးပွဲခန်းကြီးမှာ အလွန်အမင်း တိတ်ဆိတ်သွားတော့သည်။
စာမေးပွဲဖြေဆိုရာအခန်းတိုင်းကို အလုံပိတ်ထားကာ အလင်းရောင်ဝင်ရောက်နေသော ပြတင်းပေါက် တစ်ခုသာရှိ၏။ အစေခံများသည် အစားအစာများ ပို့ဆောင်ပေးကာ ရေအိမ်သွားထားသည်များအား သိမ်းဆည်းပေးသည်။ စာသင်သားများသည် ထိုအခန်းထဲတွင်သာ သုံးရက်ပြည့်သည်အထိ နေရမည်ဖြစ်သည်။
ဂိုဒေါင်ထဲတွင်မူ လူအချို့သည် အိပ်ပျော်နေသော အစေခံများကို ထောင့်စွန်းသို့ ဆွဲခေါ်သွားကာ ၎င်းတို့၏ တရားဝင်ဝတ်စုံများပေါ်တွင် အစေခံအဝတ်အစားများကို ထပ်၀တ်ထားကြသည်။
လီကျင်လုံ အသံတိုးတိုးဖြင့်: "စကြရအောင်။"
ငါးကြင်းမိစ္ဆာက ရေစည်အနောက်တွင် ပုန်းအောင်းနေခဲ့၏။ ဆေးမှုန့်ကိုခွဲဝေပေးပြီးနောက် လူတိုင်းကို သီးခြားစီ ခွဲထွက်သွားကြတော့သည်။
ဟုန်ကျွင့် ခေါင်းလေးငုံ့ကာ စင်္ကြံတစ်လျှောက် လျင်မြန်စွာ လျှောက်သွားသည်။ ဘေးဘီဝဲယာ မသိမသာ လှမ်းကြည့်လျှင် မတိုင်ခင်က ချိုယုံစစ်တို့ လုပ်ထားသည့် အမှတ်အသားများကို တွေ့တိုင်း ဓားပျံဖြင့် အမှတ်အသားတစ်ခုကို တံခါးဘောင်ပေါ်တွင် အသာအယာ ထွင်းထားခဲ့၏။
အားထိုက်သည်လည်း ခေါင်းငုံ့ကာ တံခါးတစ်ဘက်စီမှ ဖြတ်သွားရင်း ပေါ့ပေါ့ဆဆ လိုက်ကြည့်နေဟန်ဆောင်လိုက်သည်။
"ဟေ့!"
စင်္ကြံလမ်းအတိုင်း ဖြတ်သွားနေခိုက် အားထိုက်ကို အခန်းစောင့်တစ်ယောက်မှ ရှာတွေ့သွားခဲ့သည်။
“ဒီကို ခဏလာခဲ့!”
ထိုစာမေးပွဲအခန်းစောင့်က အားထိုက်ကို စာမေးပွဲခန်း အပြင်ဘက်၌ လှည့်ပတ်ကြည့်နေရသည့် အကြောင်းကို မေးမည်အပြု အနောက်မှတစ်စုံတစ်ခုသည် သူ၏ဝတ်ရုံထောင့်ကို လှမ်းဆွဲလာ၏။
အခန်းစောင့် :"?"
စာမေးပွဲအခန်းစောင့် နောက်ပြန်ကြည့်ခါနီး၌ ငါးကြင်းမိစ္ဆာသည် ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး ပန်းဝတ်မှုန်တို့ကို ခါယမ်းလိုက်လေသည်။
"ကျန်းမာ၊ ချမ်းသာကြပါစေ။"
စာမေးပွဲအခန်းစောင့် နှာချေနေစဥ် အားထိုက် ချက်ချင်းလှည့်၍ ငါးကြင်းမိစ္ဆာနှင့်အတူ ထောင့်တစ်နေရာသို့ ထွက်ပြေးသွားလေသည်။
စာမေးပွဲအခန်းစောင့်: "??"
......
"ရပ်စမ်း။ ငါမင်းကို အရင်က မတွေ့ဖူးဘူး။"
နောက်ထပ် စာမေးပွဲအခန်းစောင့်တစ်ယောက်ကလည်း ချိုယုံစစ်ကို တားလိုက်ပြန်သည်။
"ပျော်ရွှင်စွာနဲ့ နှုတ်ဆက်ပါတယ်!"
ငါးကြင်းမိစ္ဆာက ပန်းဝတ်မှုန်လေးများကို ကျဲချလိုက်ပြန်၏။ ထိုစာမေးပွဲအခန်းစောင့် နှာချေနေစဥ် ချိုယုံစစ်သည် ငါးကြင်းမိစ္ဆာကိုခေါ်ကာ လှည့်ထွက်လာခဲ့သည်။
ဟုန်ကျွင့် စင်္ကြံလမ်းတစ်လမ်းမှ ဖြတ်သွားရင်း အတွင်းသို့ တစ်ချက်ကြည့်လိုက်ရာ တုဟန်ချင်းကို တွေ့လိုက်ရသည်။ တုဟန်ချင်း ငြိမ်ငြိမ်ကလေး ထိုင်နေပုံကိုကြည့်ကာ ဟုန်ကျွင့် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ထိုအခန်းအနားမှ ဖြတ်သွားလေ၏။
လီကျင်လုံသည် စင်္ကြံအနောက်ဘက်မှ တိတ်တဆိတ် လှည့်ထွက်လာကာ ဟုန်ကျွင့်၏နောက်ကျောကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ မထင်မှတ်ဘဲ ဟုန်ကျွင့်က နောက်ပြန် လှည့်လာသောကြောင့် လီကျင်လုံလည်း စင်္ကြံနောက်သို့ ကမန်းကတန်း ဝင်ပုန်းလိုက်ရ၏။
ဟုန်ကျွင့်သည် ဓားပျံတစ်လက်ကို ကိုင်ထားပြီး ခဏလောက် တုံ့ဆိုင်းနေသည်အား တွေ့လိုက်ရသည်။ နောက်ဆုံးမှာတော့ အမှတ်အသားတစ်ခုကို နီရဲနေသော မျက်လုံးများဖြင့် ရက်စက်စွာ ထွင်းခဲ့လေသည်။ ထို့နောက် ပြတ်ပြတ်သားသား ထွက်သွား၏။
ခဏအကြာတွင် မော့ရစ်ကန်း ကပျာကယာ လျှောက်လာသည်။ သူသည် ခေါင်းငုံ့ကာ တံခါးအပြင်ဘက်ရှိ အမှတ်အသားကို ကြည့်ပြီးနောက် အခန်းတွင်းသို့ ချောင်းကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ပြီးလျှင် ထိုအမှတ်အသားကို ပိုနက်သွားအောင် ထွင်း၍ လှည့်ထွက်သွားခဲ့သည်။
လီကျင်လုံ: "..."
လီကျင်လုံ ထွက်ခွာခါနီးတွင် အားထိုက်တစ်ယောက် အလားတူပင် တုဟန်ချင်း၏ တံခါးကို စစ်ဆေးရန် ထွက်လာခဲ့သည်။ တစ်ယောက်မှာ ချိုယုံစစ်ပင်။
ချိုယုံစစ် စင်္ကြံတစ်ဘက်သို့ လှည့်လိုက်စဥ် လီကျင်လုံကို ဝင်တိုက်လုနီးပါး ဖြစ်သွားသောကြောင့် ခဏတာမျှ အထိတ်တလန့် ဖြစ်သွားလေသည်။
"ဟေး ခေါင်းဆောင်?"
ချိုယုံစစ် ပြုံးလိုက်သည်။
"ငါ့ရဲ့စိုးရိမ်နေတာတွေက အလကား ဖြစ်သွားပုံရတယ်။ မင်းတို့အားလုံး ဟုန်ကျွင့်ကို အရမ်းကာကွယ်ပေးကြတာပဲ။"
ချိုယုံစစ် ပြုံးပြီးပြောလေသည်။
"ငါက ပျက်စီးသွားမှာ ကြောက်လို့ပါ။ ခေါင်းဆောင်၊ ညီအစ်ကိုတွေအားလုံးက အခုလို အရေးကြီးတဲ့ အခိုက်အတန့်တွေဆိုရင် မင်းဘေးမှာပဲ ရှိနေမှာပါ။"
ချိုယုံစစ် ပြောပြီးနောက် လီကျင်လုံ၏ပခုံးကို ပုတ်လိုက်သည်။ တံခါးများ အားလုံးကို အမှတ်အသားပြုပြီးနောက် လူတိုင်းသည် ၎င်းတို့ကို ရေတွက်ပြီး ဂိုဒေါင်ထဲသို့ ပြန်ရောက်လာကြသည်။
လီကျင်လုံ: "အခန်း၂၆၆ ခန်း။ အားလုံးအဆင်သင့် ဖြစ်နေပြီ။ ခေါင်းလောင်းတီးတဲ့ အချိန်ကို စောင့်ရအောင်။"
ဟုန်ကျွင့် တိတ်ဆိတ်နေ၏။ ဘယ်သူမှ စကားမပြောကြသောကြောင့် ပတ်ဝန်းကျင်လေထုက အနည်းငယ် ထူးဆန်းသွားသည်။ လီကျင်လုံ တစ်လှမ်းနှစ်လှမ်း လျှောက်ကာ ဟုန်ကျွင့်ပခုံးကို ပေါ့ပေါ့ပါးပါး ဆုပ်ကိုင်လိုက်သည်။
"ဒီတစ်ခါကိစ္စတွေပြီးရင် အားလုံး သွားပျော်ကြမယ်။ မင်းတို့ပြောကြ ဘယ်ကိုသွားချင်လဲ။"
"တကယ်လား!"
ဟုန်ကျွင့် အံ့သြသွား၏။ သို့သော် မျက်လုံးများကို ကြည့်လိုက်လျှင် ပျော်ရွှင်သွားကြောင်း သိသာလှသည်။ လီကျင်လုံ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး 'မင်း စိတ်ညစ်တာတွေရော' ဟူ၍ပင် တွေးလိုက်မိ၏။
"ဖျင်ကန်းလီ!"
ချိုယုံစစ်လည်း ချက်ချင်း ဝင်ပြောလိုက်သည်။
လီကျင်လုံ: "..."
"ဖျင်ကန်းလီ။"
အားထိုက်ကလည်း ပြုံးပြီးပြောသည်။
ဟုန်ကျွင့်: "ဖျင်ကန်းလီဆို အဆင်ပြေလား။ ကျွန်တော်တကယ် မရောက်ဖူးသေးဘူး။ တကယ်လို့ ခေါင်းဆောင်က မကြိုက်ရင်လည်း ..."
မော့ရစ်ကန်း: "ဖျင်ကန်းလီပဲပေါ့။ တစ်ညလုံးနေစရာ မလိုပါဘူး။ ငါတို့က ကခုန်တာတွေ ကြည့်ပြီး သီချင်းတွေ နားထောင်လို့ရတာပဲ။ ဖျင်ကန်းလီက ဒီလိုနေရာမျိုးလည်း ဟုတ်တယ်မလား။"
လီကျင်လုံ: "မင်းပါ သွားချင်နေတာလား။"
လီကျင်လုံက ဤလက်အောက်ငယ်သားများ၏ ခေါင်းထဲတွင် ဘာတွေတွေးနေသလဲ လုံးဝ နားမလည်နိုင်တော့ပေ။
မော့ရစ်ကန်း: "အမ် ဒါ ငါ့ရဲ့ပထမဆုံးအကြိမ်ကို ဖြူ... ထားလိုက်တော့။ နောက်မှပြောကြတာပေါ့။ ဒါပေမဲ့ အရက်သောက်ပြီး သီချင်းနားထောင်တာကလည်း အဆင်ပြေတယ်မလား။"
ငါးကြင်းမိစ္ဆာ: "ဖျင်ကန်းလီဆို အဆင်ပြေလား။ အဲဒီကပန်းချီကားတွေကို ငါ အရမ်းကြည့်ချင်တယ်။"
"ဖျင်ကန်းလီပဲ!"
ချိုယုံစစ်က ပြက်ပြက်သားသား ထပ်ပြောပြန်သည်။
"ကောင်းပြီ!"
အားလုံး ဝမ်းသာသွားကြသော်ငြား လီကျင်လုံတစ်ဦးတည်းသာ ငြိမ်သက်နေလေသည်။ သူ့ခမျာ နဖူးပေါ်ကိုသာ လက်တင်ထားလိုက်ရ၏။ ဤအခိုက်အတန့်တွင် ခေါင်းလောင်းသံက "တင်း တင်း တင်း" ဟု မြည်လာရာ လူတိုင်း ချက်ချင်းထကာ ပြင်ဆင်ကြတော့သည်။
ဒုတိယအချိန်အတွက် ခေါင်းလောင်းသံ မြည်သောအခါ စာမေးပွဲအခန်းစောင့်များက စာရွက်များကို လက်ထဲတွင် ကိုင်ဆောင်ကာ အခန်းများဆီသို့ အလျင်အမြန် လျှောက်သွား၍ စာမေးပွဲစာရွက်များကို ပြတင်းပေါက်မှ ထည့်လိုက်ကြသည်။ ပြီးလျှင် နောက်တစ်ခန်းကို အမြန်လျှောက်သွားပြီး စာရွက်များထည့်ကာ ကျန်နေသည့် အခန်းများဆီသို့ ဆက်သွားကြ၏။
သူရိန်နေမင်းက ထိန်ထိန်လင်းနေပြီး ဖြစ်သလို ဟုန်ကျွင့်၏လက်ဖဝါးများမှာလည်း ချွေးစတို့ကြောင့် ရွှဲနစ်နေပေပြီ။ ထိုအခိုက် အပြင်မှာ တစ်ယောက်ယောက်က ဟစ်အော်လိုက်သည်။
"ရေလာပို့ပါပြီ!"
လူအားလုံးသည် အစေခံများနှင့် ရောနှောကာ ဝင်သွားကြသည်။ သူတို့က ခေါင်းငုံ့ကာ ရေအိုးများကို ထမ်း၍ ထွက်လာကြသည်။ ထိုစဥ် စာမေးပွဲအခန်းစောင့်များက ခြင်းတောင်းနှင့် ရေအိုးများကို ရှာဖွေစစ်ဆေးနေ၏။ လီကျင်လုံသည် ဘယ်လက်တွင် ရေပုံးကို ကိုင်ဆောင်ထားပြီး ညာဘက်လက်ထဲ၌ စိတ်ဝိညာဥ်လွင့်ပန်းမှုန့်ကို ကိုင်ထား၏။ အမှတ်အသားရှိသော တံခါးအပြင်ဘက် ရောက်လျှင် အစောင့်ထည့်ပေးသော ရေထဲအမှုန့်ကို ရော၍ ပြတင်းပေါက်မှ ထည့်ပေးလိုက်သည်။
အခန်းတစ်ရာနီးပါးကို ထိုနည်းအတိုင်း လုပ်လိုက်ရရာ လူတိုင်း ပင်ပန်းလွန်း၍ ချွေတဒီးဒီး ထွက်ကျနေချေပြီ။ ဂိုဒေါင်သို့ ပြန်ရောက်သောအခါ လီကျင်လုံသည် အချိန်ကုန်လုနီးပါးဖြစ်သည်ကို မြင်လိုက်ရကာ ခပ်တိုးတိုးလေး အမိန့်ပေးလိုက်၏။
"စမယ်!"
လူတိုင်းသည် နံရံကို ကျော်တက်ကာ စာမေးပွဲအခန်းများရှိသည့် ဦးတည်ရာဘက်သို့ ထွက်လာကြပြီး အားလုံးလိုလို စိတ်လှုပ်ရှားနေကြသည်။ ဤကြိုးစားအားထုတ်မှု အားလုံးပြီးနောက် တစ်နေ့တာ၏ အချ်ိန်အများစု ကုန်ဆုံးခဲ့ပြီပင်။ သို့သော် ဆောင်းဦးမွန်းလွဲပိုင်းမှာ အနည်းငယ် အေးနေသေးသည်။
ဟုန်ကျွင့်သည် ၎င်းတို့ ရေမသောက်မှာ သို့မဟုတ် ဆေးမလုံလောက်တော့မည်အား စိုးရွံ့နေ၏။ ယခုတော့ လီကျင်လုံက ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ထပ်မံ ပြင်ဆင်လာခဲ့ရာ အလွန်အမြော်အမြင် ကြီးလှကြောင်း ချီးကျူးမိလေသည်။
လီကျင်လုံသည် ခဏတာမျှ စိတ်ရှည်စွာ စောင့်ဆိုင်းကာ အသက်ပြင်းပြင်း ရှူနေသည်။ မကြာမီမှာပင် လမ်းပေါ်၌ ရထားလုံးသံများ ထွက်ပေါ်လာကာ ကောင်းလိရှစ်နှင့် တော်ဝင် စာမေးပွဲအတွက် တာဝန်ရှိသူများ ရောက်ရှိလာကြ၏။ လီကျင်လုံက ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သောကြောင့် ချက်ချင်း ပြောလိုက်သည်။
"လှုပ်ရှားကြစို့!"
ဟုန်ကျွင့်: "ခဏစောင့်ပါဦး။ ကျွန်တော် နည်းနည်းကြောက်တယ်။ သူတို့ ဒီလောက်မြန်မြန် မထွက်လာသင့်ဘူးလေ။ ခဏစောင့်ရအောင်။"
လီကျင်လုံ: "ငါသောက်ခဲ့ဖူးတဲ့ ရေနဲ့ မင်းရဲ့ဆေးကို စမ်းသပ်ခဲ့ပြီးပြီ။ ဆေးက လုံလောက်တယ်။"
ဟုန်ကျွင့် : "သူတို့ မသောက်မှာကြောက်တာ။"
လီကျင်လုံ: "မနက်တုန်းက မော့ရစ်ကန်း ထွက်သွားတယ် ဆိုတာက တော်ဝင်ကျောင်းတော် တစ်ခုလုံးရဲ့ မနက်စာထဲကို ၄၀% နီးပါး ထည့်ခိုင်းခဲ့တာ။"
ထိုအခိုက်၌ မော့ရစ်ကန်းမှလွဲ၍ လူတိုင်း တုန်လှုပ်သွား၏။ ချိုယုံစစ်က ဦးစွာဆိုလေသည်။
"ခေါင်းဆောင် ဒီနေ့ကစပြီး ငါမင်းနောက်ကို လိုက်ခဲ့မယ်နော်။"
အားထိုက်လည်း မယုံနိုင်စွာဖြင့်: "ဒါက ဘယ်လိုလူပါလိမ့်!"
လီကျင်လုံက နှိမ့်ချစွာပြောသည်။
"မင်းတို့ကို ရယ်ရအောင် လုပ်မိသွားပြီ။ အခုတော့ ပိုလေးနက်ရတော့မယ်။ သွားကြရအောင်။"
စကားပြောပြီးနောက် လီကျင်လုံသည် နက်ပြာရောင် အစေခံဝတ်စုံကို ချွတ်လိုက်ပြီး အရှင်မင်းမြတ်က ပေးထားသည့် တရားဝင်ဝတ်စုံကို ထုတ်ဖော်လိုက်သည်။ သူ၏ခါးတွင်တော့ ဉာဏ်အလင်းဓားကို ချိတ်ထားကာ ခန္ဓာကိုယ်အချိုးအစားကလည်း ဖြောင့်တန်းလေ၏။
ကျန်လူများလည်း သူ့နည်းအတိုင်း လိုက်လုပ်ခဲ့၏။ သူတို့၏တရားဝင်ဝတ်စုံကို ထုတ်ဖော်ပြီးသည့်အခါ လီကျင်လုံနောက်မှလိုက်၍ စာမေးပွဲအခန်းများဆီ လျှောက်သွားခဲ့ကြသည်။
***
Aurora Novel Translation Team