no

Font
Theme

အပိုင်း (၃၁)- ပါရှားမင်းသား (၂)

"ခေါင်းဆောင်က ငါတို့ပြောတဲ့ မိစ္ဆာဘုရင်အကြောင်းကို နားထောင်မယ်လို့ ထင်လား။"

အားထိုက်က စောင်းကြိုးများကိုညှိရင်း ပြန်ပြောလေ၏။

"သူနားထောင်မယ် ထင်တာပဲ။ ဒါပေမဲ့ မင်းတို့ကောင်တွေကတော့... စကားများများမပြောလေ ပိုကောင်းလေပဲထင်တယ်။"

ဟုန်ကျွင့်: "??"

မော့ရစ်ကန်း: "မင်း အပါအဝင်ပဲ။"

မော့ရစ်ကန်းက ဟုန်ကျွင့်ကိုလည်း လက်ညှိုးထိုးလိုက်သည်။

"ဟုန်ကျွင့်! မင်းက လူတွေကို အရမ်းယုံလွယ်လွန်းတယ်။"

ဟုန်ကျွင့်က ကျန်လူနှစ်ယောက်မှာ ပြောမပြနိုင်သော လျှို့ဝှက်ချက် အချို့ရှိလိမ့်မည်ဟု ခံစားခဲ့ရသော်လည်း အားထိုက်ကပါ ဧကန်စင်စစ် ပါရှားမင်းသား ဖြစ်နေမည်ဟုတော့ မထင်ထားခဲ့ချေ။

"မင်းတို့ကရော မင်းသားလား။"

အားထိုက်နှင့် ချိုယုံစစ်တို့နှစ်ယောက်စလုံး ပြုံးလျက် မေးလာစဥ် မော့ရစ်ကန်းက အမှန်အတိုင်း ခေါင်းညိတ်ပြခဲ့လေသည်။

"ဟုတ်တယ်ဆိုပါတော့။"

"အင်း..."

ချိုယုံစစ်က ပြောလိုက်သည်။

"ပြောရတော့ခက်တယ်။ ငါလည်း သေချာတော့မသိဘူး။ ဒါပေမဲ့ မင်းတို့ အဓိပ္ပာယ်ကို နည်းနည်းလောက် ကျယ်ကျယ်ပြန့်ပြန့် တွေးပေးမယ်ဆိုရင်... ပြီးတော့ မင်းတို့ဘက်ကလည်း ငါ့ကို လက်ခံပေးနိုင်မယ်ဆိုရင်တော့... ငါ့ကိုလည်း အဲဒီထဲကတစ်ယောက်လို့ သတ်မှတ်လို့ရနိုင်လောက်တယ်..."

ထိုအခိုက် ငါးကြင်းမိစ္ဆာက ရေကန်ထဲမှ ပြေးတက်လာပြီး ရေကန်ဘောင်ပေါ် ခေါင်းလေးတင်လျက် ဆိုလာသည်။

"ငါတို့ဟုန်ကျွင့်ကလည်း မင်းသားပဲ။ ဘယ်နေရာက မင်းသားနဲ့မတူလို့လဲ။"

၎င်း၏စကားကြောင့် အားလုံးက ရယ်မောကြပြီး အားထိုက်က ဟုန်ကျွင့်ပခုံးကို လှမ်းဖက်လိုက်သည်။

"ငါသိသားပဲ!"

"ကောင်းတယ်!"

တူညီသော ဂုဏ်ပုဒ်တစ်ခုကြောင့်လားမသိသော်လည်း တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာကြသည်။ အားထိုက် စောင်းတီးတော့မည့်အခိုက် ဟုန်ကျွင့်က ဖြတ်ပြောလိုက်လေ၏။

"အားထိုက် စောင်းတီးတာကို အရမ်းနားထောင်ချင်ပေမဲ့ ထပ်ပြီး နှောင့်ယှက်ရဦးမယ်။ ချန်အန်းမိစ္ဆာဘုရင်က ဘယ်မှာလဲ။"

အားထိုက် သူ့ခေါင်းကို မော့လိုက်ပြီး အားလုံးလည်း ရပ်သွားကြသည်။

မော့ရစ်ကန်း: "မင်းလည်း ရှာနေတာလား။"

ဟုန်ကျွင့်က လက်ညှိုးထိပ်လေး နှစ်ခုကို တို့ထိရင်း ကစားနေခဲ့ပြီး ငါးကြင်းမိစ္ဆာ ဘာမှဝင်မပြောသည်အား မြင်မှသာ ခေါင်းညိတ်ပြလိုက်သည်။

ချိုယုံစစ်: "ဘာလို့လဲ။"

မော့ရစ်ကန်းက ချိုယုံစစ်အား နောက်ထပ်မေးခွန်းများ အလွန်အကျွံ ထပ်မမေးမိစေရန် အချက်ပြပြီး သူကပဲ ဝင်ပြောလိုက်သည်။

"အရေးမကြီးပါဘူး။ ဟုန်ကျွင့်၊ မင်းက ငါတို့ဘက်မှာရှိနေတာပဲကို။"

"ဟုတ်တယ်!"

ဟုန်ကျွင့်လည်း မော့ရစ်ကန်းစကား၏အဓိပ္ပာယ်ကို နားလည်သောကြောင့် ကပျာကယာ ခေါင်းညိတ်လိုက်သည်။

"ရန်သူကို လက်နက်ချခိုင်းတာဖြစ်ဖြစ်၊ သတ်ပစ်တာဖြစ်ဖြစ် ငါတို့ရည်ရွယ်ချက်က အတူတူပဲ။"

"ဟုတ်တယ်!"

လူတိုင်း တစ်ပြိုင်နက်တည်း ထောက်ခံလိုက်ကြသည်။ ထို့နောက် ချိုယုံစစ်က ခြံဝင်းထဲတွင် တောင်လျှောက်မြောက်လျှောက်ဖြင့် လျှောက်သွားရင်း ပြောလိုက်သည်။

"မိစ္ဆာဘုရင်က ဒီလောကမှာ တစ်ခါမှ မပေါ်လာဖူးဘူး။ အခုဘယ်သူကမှ သူ့ရဲ့တည်နေရာနဲ့ ပုံစံအစစ်အမှန်ကို မသိသေးဘူး။ ဒါပေမဲ့ ငါတို့ သေချာသိနိုင်တာ တစ်ခုတော့ရှိတယ်။ မိစ္ဆာဘုရင်က လက်ရှိအရှင်မင်းမြတ်ရဲ့နံဘေးမှာ နီးနီးကပ်ကပ် ရှိနေလိမ့်မယ်။"

"အဲဒါက နဂါးနက်ပဲ။"

ဟုန်ကျွင့် ရုတ်တရက် ဝင်ပြောလိုက်သည်။

ကျန်သုံးယောက်မှာ ကြောင်အသွား၏။ မော့ရစ်ကန်းက လန့်ဖျပ်သွားပြီး သူ၏နှုတ်ခမ်းများက မသိစိတ်အလျောက် တင်းမာသွားစဥ် ချိုယုံစစ်က ပြောလိုက်၏။

"အဲဒါကို ငါလည်းသိတယ်။ ဖြည်းဖြည်းချင်း လိုက်ရှာကြတာပေါ့။ ရှာတွေ့နိုင်တဲ့ သဲလွန်စတွေတော့ ရှိနေနိုင်တာပဲ။ ငါကတော့ သူ ပုန်းအောင်းနေတဲ့နေရာထက် စိုးရိမ်မိတာက ငါတို့ရဲ့ လက်ရှိအင်အားက သူ့ပြိုင်ဘက် မဖြစ်နိုင်တာကိုပဲ။”

ဟုန်ကျွင့်က သက်ပြင်းလေးချလိုက်၏။

"ဓားပျံလေးစင်းထဲမှာ တစ်စင်းက ပျောက်သွားပြီ။ ပျောက်သွားတဲ့ မိုးကြိုးဓားကို ရှာတွေ့နိုင်ရင် ဓားပျံတွေကို ပေါင်းစည်းပြီး အပြင်းထန်ဆုံး စွမ်းအားကို အသုံးချနိုင်မှာ။ ဒါပေမဲ့ အခုချိန်မှာ ငါတို့က မိစ္ဆာငယ်လေးတွေကိုပဲ အနိုင်ယူနိုင်မှာ။ ချန်အန်းမိစ္ဆာဘုရင်နဲ့ တိုက်ခိုက်ဖို့ မဖြစ်နိုင်သေးဘူး။"

ဟုန်ကျွင့်၏ ဝိသေသလက္ခဏာက လျှို့ဝှက်ဆန်းကြယ်ဆုံး ဖြစ်ပြီး ကျန်လူများက သူ ဘယ်ကလာကြောင်း မသိကြသော်လည်း သေချာသည်မှာ ဤကလေးက သေမျိုးလူသား မဟုတ်သလို မသေမျိုးနတ်ဘုရား၏ တပည့်တောင် ဖြစ်နိုင်ဖွယ်ရှိနေသည်။ သို့ရာတွင် သူ့ဘက်က ဘာမှမပြောသည်မို့ အခြားလူများကလည်း ထပ်မမေးကြချေ။

အားထိုက်: "ဒါဆို ခုန်ဟုန်ကျွင့်။ မင်းလည်း မိစ္ဆာဘုရင်ကို နှိမ်နင်းဖို့ ချန်အန်းကို လာခဲ့တာလား။"

ကျန်သုံးယောက်စလုံးကလည်း ဟုန်ကျွင့်ကို တစ်ပြိုင်တည်း ကြည့်လိုက်၏။ သို့ဖြစ်ရာ ဟုန်ကျွင့်လည်း ခေါင်းလေးညိတ်ပြီး ဝန်ခံလိုက်တော့သည်။

"ဟုတ်တယ်။"

အားလုံးလည်း စိတ်သက်သာရာရသွားခဲ့သည်။

ဟုန်ကျွင့်၏နောက်ခံကို ခန့်မှန်းရာတွင် မိစ္ဆာမျိုးရိုးဟု ဦးစွာခန့်မှန်းမိကြသည်။ အကြောင်းမှာ ငါးကြင်းမိစ္ဆာတစ်ကောင်လည်း ရှိသောကြောင့် ဟုန်ကျွင့်က သူတို့ထဲကတစ်ယောက် မဟုတ်လောက်ဟု ထင်ခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေ ပန်းတိုင်တူနေသရွေ့ ဘာမဆို ပြောဆိုညှိနှိုင်း၍ရသေး၏။

အားထိုက်: "ငါတို့ရဲ့ ဘုံရည်မှန်းချက်က ချန်အန်းမိစ္ဆာဘုရင်ကို အနိုင်ယူကြဖို့ပဲ။ အဲ့တော့ စိတ်အားထက်သန်စေမယ့် တိုက်ပွဲဝင်သီချင်းတစ်ပုဒ်ကို အခုပဲ နားထောင်လိုက်ကြစို့!!"

အနာဂတ်က အားလုံးအတွက် မည်မျှခက်ခဲနေပါစေ သူငယ်ချင်းများ အချင်းချင်း အားပေးရင်း အားထိုက်က စောင်းစတီးလိုက်သည်။ ဟုန်ကျွင့်ကလည်း တီးခေါက်ရန် ပန်းကန်တစ်လုံးကို ရှာဖွေလိုက်၏။ ထို့နောက် သီချင်းတစ်ပုဒ်ကို လူတိုင်း အတူတူသီဆိုလိုက်ကြလေသည်။

...

တစ်ဖက်တွင်တော့ လီကျင်လုံက တရားစီရင်ရေးရုံး၏ တောက်ပသော အလင်းရောင်အောက်မှ ခန်းမထဲမှာ ရပ်နေလေသည်။ ရုပ်ပိုင်းဆိုင်ရာတင်မက စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေကာ ငါးကြင်းမိစ္ဆာ ချက်ပြုတ်ထားသော ညစာက ငန်လွန်းလှသဖြင့် သူ့ကို မကြာခဏ ရေအလွန်ဆာစေခြင်းပင်။

ဆောင်လုပ်ရေးဌာနက အမတ်ကြီးချင်ရှောက်ခမ်း၊ တရားရေးရာဌာနက အမတ်ကြီးဝမ်းယို့၊ တရားစီရင်ရေးရုံးမှ အမတ်ကြီးဟွမ်ရုံ၊ လီကျင်လုံ၏ခေါင်းဆောင်ဟောင်း ဟူရှန်း၊ ရှန်ဝူစစ်တပ်က စစ်ဦးစီးချုပ်ထူကျစ်ဝမ်၊ သာသနာရေးဌာနမှ အမတ်ကြီးနှင့် အလယ်ဗဟိုမှာ ထိုင်နေသည့် မိန်းမစိုးကြီး ကောင်းလိရှစ်၊ စသည့်အကြီးတန်းအရာရှိများ အားလုံးစုဝေးရောက်ရှိနေသည်။ အမည်ခံသက်သက်သာ စုံစမ်းစစ်ဆေးမှုဖြစ်သော်လည်း အမှန်တကယ်တော့ လက်ထိတ်ခတ်ထားရန်သာလိုတော့သည့် စစ်ဆေးမေးမြန်းခြင်းမျိုး ဖြစ်နေတော့သည်။

ယခုအချိန်၌ လီကျင်လုံ အလုပ်ချင်ဆုံးအရာက ချိုယုံစစ်၏ မှော်စွမ်းအင်ဖြင့် ဤလူများအားလုံးကို ကလောင်ပန်းချီကားထဲ ထည့်သွင်းပစ်ရန်သာဖြစ်ပြီး သန့်ရှင်းသော ထန်မင်းဆက်အတွက် ငြိမ်းချမ်းရေး ရယူလိုက်မည်။

လီကျင်လုံ: "ကျွန်တော် အစအဆုံး သုံးခါလောက် ပြောပြီးပြီ။ ကျွန်တော် ကျိန်ဆိုတယ်။ ဘာတစ်ခုမှ ဖုံးကွယ်ထားတာ မရှိဘူး။"

ကောင်းလိရှစ်က တန်ခိုးကြီးမားလှသည်။ ယခု နတ်ဆိုးနှင်ဌာနက ယန်ကော်ကျုံး၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိသေးသည်။ သို့သော် လီကျင်လုံက သာ့မင်နန်းတော်၏ အနည်းဆုံး တစ်ဆယ်ရာခိုင်နှုန်းသော ဧရိယာကို ဖျက်ဆီးရန် လက်အောက်ငယ်သား တစ်စုကို ဦးဆောင်ခဲ့ပြီး "နတ်ဆိုးများကို ဖမ်းနေသည်" ဟု ခေါင်းစဥ်တပ်ပြောခဲ့သည်။

"မင်းကို ငါယုံပါတယ်!"

ကောင်းလိရှစ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလေသည်။

"ဒါပေမဲ့ မင်းရဲ့အရှင်မင်းမြတ်ကို မင်း ဘယ်လိုပြန် တင်ပြစေချင်လဲ။"

"အမှန်တိုင်းပဲ ပြောလိုက်ပါ။ ချန်အန်းမှာရှိတဲ့ မိစ္ဆာတွေက အချိန်အကြာကြီး ဒုက္ခပေးနေခဲ့တာ။ ဒါက အစပဲရှိသေးတယ်။ အနှေးနဲ့အမြန်ဆိုသလို ကျွန်တော်တို့ နောက်ကွယ်က မိစ္ဆာဘုရင်ကို ရှာတွေ့တော့မှာ။ အခုအချိန်မှာ စစ်သူကြီးဘက်က သတင်းပို့စရာတွေ ပိုများနေလောက်တယ်။"

လီကျင်လုံ အသံထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း တိတ်ဆိတ်သွားခဲ့ကာ "မိစ္ဆာဘုရင်" ဟူသော စကားလုံးကို ကြားရသောအခါ အားလုံး အံ့သြသွားကြသည်။

"အတင့်ရဲလိုက်တာ!!"

တရားရေးရာအမတ်ကြီး ဝမ်းယို့က ထအော်လေ၏။

"လီကျင်လုံ၊ မင်း ရူးနေပြီ!!"

လီကျင်လုံကလည်း ကျယ်လောင်စွာ ပြန်လည်ရယ်မောပြလိုက်သည်။

"ဒါဆို သာ့မင်နန်းတော်က အစေခံတွေ၊ ရဲမတ်တွေ၊ နန်းတော်က လူတွေနဲ့ မြို့တံခါးမှာ မိစ္ဆာတွေကိုမြင်ခဲ့တဲ့ စစ်သည်တွေကို ခင်ဗျား ဘယ်လိုပြောမလဲ။ အဲဒီလူတွေရဲ့ ဝန်ခံမှုကို ဘယ်လိုရှင်းပြရမလဲ။ စစ်သူကြီးဟူကိုတောင် ခင်ဗျားက ရူးနေပြီလို့ ထင်ဦးမှာလား။"

ဟူရှန်း၏အမူအရာလည်း ရုတ်တရက် အလွန်ထူးဆန်းလာပြီး သူ လီကျင်လုံ၏ထောင်ချောက်ထဲသို့ ရောက်ရှိသွားခဲ့ကြောင်း သဘောပေါက်လိုက်သည်။ လီကျင်လုံ၏ အကြံအစည်က ယခုအချိန်တွင် မည်သို့ပင်ရှိစေကာမူ မျက်မြင်သက်သေကို ခေါ်ထုတ်ချင်နေပြီမလို့ ဟူရှန်းလည်း ငြင်းမရတော့ဘဲ ဝင်ပြောလိုက်၏။

"မြေခွေးမိစ္ဆာကို ကျုပ်ကိုယ်တိုင် မြင်ခဲ့ရတာပါ။ လီကျင်လုံပြောတာ အမှန်ပဲ။ ဘာဆက်ဖြစ်သွားမှန်းတော့ မသိလိုက်ဘူး။"

ကောင်းလိရှစ်တစ်ယောက် အံ့အားသင့်သွားသော်လည်း အမတ်ကြီး ချင်ရှောက်ခမ်းက ထအော်လေ၏။

"ဒါမှန်ရင်တောင် သာ့မင်နန်းတော်ကို ဖျက်ဆီးထားတဲ့ အပြစ်ကို ဘယ်လိုလုပ် ခွင့်လွှတ်နိုင်မှာလဲ။"

လီကျင်လုံ: "ဒါက မိစ္ဆာတွေကြောင့် ပျက်စီးသွားတာ!! ကျွန်တော်၊ ကျွန်တော့်လူတွေနဲ့ ဘာမှမဆိုင်ဘူး။"

"အဲဒါဆို ငါတို့က အဲ့မိစ္ဆာကောင်ဆီကို လျော်ကြေးသွားတောင်းရမယ်လို့ ဆိုလိုတာလား။"

သာသနာရေးအမတ်ကြီးက ပြောလိုက်သည်။

လီကျင်လုံက သည်းမခံနိုင်တော့ပေ။

"အဲဒီမိစ္ဆာတွေ ချန်အန်းမှာ ဒီထက်ပိုပြီး ဖျက်ဆီးပစ်လိုက်ရင် နောင်မှာ နောက်ထပ် လူဘယ်နှယောက် သေရမယ်ဆိုတာ ဒီကလူကြီးမင်းတို့များ သိကြလား။"

"လီကျင်လုံ..."

ကောင်းလိရှစ်က လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်၏။

"ရပြီ။ အကြောင်းပြချက်တွေရပ်ပြီး ထွက်သွားတော့။"

လီကျင်လုံ: "..."

လီကျင်လုံ၏ဒေါသနှင့် သွေးများက ချက်ချင်းဆိုသလို သူ့နားထင်အထိ ထိုးတက်လာပြီး ထိန်းမနိုင်သိမ်းမနိုင်ပေါက်ကွဲချင်လာသည်။ ထိုလူကြီးများနှင့် ရန်ဖြစ်ချင်သေးသော်လည်း တရားစီရင်ရေးရုံး၏ စည်းကမ်းထိန်းသိမ်းရေး အစောင့်များက သူ့ကို ဘယ်ညာတစ်ဖက်စီကနေကိုင်ကာ ဆွဲထုတ်သွားလေပြီ။

"ဒီအရူးကို အရှင့်ရဲ့ကြင်ယာတော်က ခန့်အပ်ထားတာလေ။ အစက သူ့ကို ဖယ်ရှားဖို့ အလုပ်ကိစ္စတစ်ခုနဲ့ ပို့ချင်ပေမဲ့ သူက ရာထူးရပြီးပြီးချင်း ဒီလောက်ကြီး ဒုက္ခပေးလာလိမ့်မယ်လို့ မထင်ထားဘူး။"

ဤစကားများက လီကျင်လုံ တံခါးဝနားရောက်ပြီး တံခါမပိတ်မီ ကြားလိုက်ရသော ချင်ရှောက်ခမ်း၏နောက်ဆုံးစကားတို့ ဖြစ်သည်။ ချက်ချင်းဆိုသလို ထိုအစောင့်များက သူ့ကို တရားရုံးအပြင်ဘက်က အမှောင်ထုထဲကို ခေါ်သွားပြီး ရလဒ်ကို စောင့်ခိုင်းလေ၏။

"အားလုံးပဲ ယုံကြလား။"

ကောင်းလိရှစ်က စမေးလေသည်။

အချင်းချင်း တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်နေ၏။ အများစုက အတွင်းစိတ်ထဲ၌ ယုံကြည်နေကြသော်ငြား အနှီထူးဆန်းလှသောဖြစ်ရပ်အပေါ် ရှင်းပြလိုစိတ်မရှိကြပေ။ မိစ္ဆာသောင်းကျန်းနေကြောင်းကို အရှင်မင်းမြတ်၏ ရှေ့မှောက်တွင်လည်း မလျှောက်တင်ရဲကြ။

ဟွမ်ရုံ: "ကျွန်တော့်အထင်တော့ သာ့မင်နန်းတော်မှာ ညဘက်ကြီး မုန်တိုင်းတိုက်ခတ်ပြီး မြေကြီးပြိုကျသွားတယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချတာက ပိုကောင်းမယ်လို့ထင်တယ်။ ပြီးရင် ဆောက်လုပ်ရေးဌာနက လက်မှုပညာရှင်တွေကို နေ့ရောညပါ ပြုပြင်ဖို့ စေလွှတ်လိုက်မယ်။"

ထိုအခါ ဆောက်လုပ်ရေးဌာနမှ အမတ်ကြီးက ဟမ့်ကနဲ နှာမှုတ်လေ၏။ သဘောမှာ တရားစီရင်ရေးရုံးကြောင့် ဖြစ်ရသည့်ပြဿနာကို ဆောက်လုပ်ရေးဌာနက အဘယ့်ကြောင့် ဝင်လုပ်ရမည်နည်းဟု အပြစ်ပြောလိုက်သလိုပင်။

ကောင်းလိရှစ်က ပြုံးပြီး သူ့လက်များကို ဖြန့်လိုက်သည်။

"နတ်ဆိုးနှင်ဌာနက အမတ်ချုပ်ယန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာလေ။ ငါတို့က ဘာလုပ်နိုင်မှာလဲ။"

"ဒီကိစ္စကို အမတ်ချုပ်ယန် မသိသေးဘူးလို့ ထင်ပါတယ်။"

အမတ်ကြီးဝမ်းယို့က နွေးထွေးစွာ ဝင်ရောက်ပြောကြားသည်။

ချင်ရှောက်ခမ်းက အေးတိအေးစက်ဖြင့်: "ဒီတစ်ခါတော့ အမတ်ချုပ်ယန်ကြောင့် လွှတ်ပေးထားလိုက်မယ်။ နောက်တစ်ခါဆိုရင်ရော။ အခေါက်တိုင်း ဒီလိုဖြစ်နေရင်ရော။"

"ငါက ဘာလုပ်နိုင်မှာလဲ။"

ကောင်းလိရှစ်က ခါးသက်စွာ ပြုံးပြီးပြော၏။

"ငါလည်း စိတ်ပူနေတာပဲ။ အားလုံးပဲ ငါတို့ အခုဒီမှာ အရက်သောက်နေသင့်တာ။ ညသန်းခေါင်ကြီး ဒီကိုလာဖို့ အခေါ်ခံရပြီး စာအုပ်တစ်အုပ်ထဲက ပုံပြင်ကို နားထောင်ခိုင်းနေသလိုပဲ။"

"အခုတော့ ငါ ယုံသွားပြီ။"

ဟွမ်ရုံက ဆိုသည်။

"ဒါ ပုံပြင် မဟုတ်တော့ဘူး။ လူကြီးမင်းတိ နတ်ဆိုးနှင်ဌာနကို တည်ထောင်ခဲ့တုန်းကလည်း..."

ဟွမ်ရုံ စကားမဆုံးသေး တရားရေးအမတ်က အေးစက်စွာ ဝင်နှောင့်ယှက်လိုက်သည်။

"ဒါက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဒီကိစ္စက ပျံ့နှံ့သွားရင် ချန်အန်းကလူတွေ ထိတ်လန့်ပြီး ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားလိမ့်မယ်။ သူ့ကို ဒီအတိုင်း ဆက်လုပ်ခိုင်းနေလို့ မဖြစ်ဘူး။ ရုံးကိုလည်း ပိတ်ခိုင်းရမယ်။ နားမလည်နိုင်တဲ့ အဲဒီမိစ္ဆာတွေ ဘယ်လောက်ပဲ ပြင်းထန်ပါစေ တရားစီရင်ရေးရုံးက တင်ပြလိုက်တော့ရော မိစ္ဆာကိုဖမ်းနိုင်ရောလား!"

ဝမ်းယို့က ဟွမ်ရုံထက် ရာထူးအဆင့်အားဖြင့် သာလွန်သူပင်။ ထိုလူ စကားဝင်ပြောသည်နှင့် ဟွမ်ရုံလည်း ပါးစပ်ပိတ်ပြီး ခေါင်းညိတ်လိုက်သည်။

ကောင်းလိရှစ်: "သူက အရှင့်ကြင်ယာတော်ကိုယ်တိုင် ခန့်ထားတဲ့သူနော်။"

"လူကြီးမင်းကောင်း!"

ဝမ်ယိုးက ရှေ့ကိုကိုင်း၍ ပြောလိုက်သည်။

"ဒီလူကို ဆက်ထားလိုက်ရင် နောင်မှာ ပိုဒုက္ခပေးလိမ့်မယ်။ အမတ်ချုပ်ယန်တောင်မှ ငြိစွန်းသွားမှာ ကြောက်ရတယ်။"

ကောင်းလိရှစ်လည်း မျက်လုံးပြူးသွားပြီး စကားရပ်လိုက်တော့သည်။

ရိုးရာဓလေ့အမတ်: "သာ့မင်နန်းတော် ပြိုကျပြီးရင် ပြုပြင်လို့ရတယ်။ နောက်ပိုင်း ဘိုးဘွားဘုံကျောင်းပါ ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ။"

ကောင်းလိရှစ် အလွန်အမင်း တုန်လှုပ်သွား၏။

ကောင်းလိရှစ်: "ဒါပေမဲ့ ဒီကိစ္စကို အမတ်ချုပ်ဆီကိုတော့ အကြောင်းကြားရမယ်။ အရှင့်ကြင်ယာတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထည့်သွင်းစဉ်းစားရမယ်။"

“ဒါပေါ့။”

ကျန်လူများက တစ်ယောက်ပြီးတစ်ယောက် သဘောတူညီမှု ရရှိခဲ့သဖြင့် စာရေးမှ လွှဲမိန့်ကို စတင်ရေးသားခဲ့သည်။

"အမတ်ချုပ်ရုံးကနေ မလုပ်နဲ့၊ မနက်ဖြန် ငါကိုယ်တိုင် အလုပ်သမားဌာနကို သွားမယ်။ နတ်ဆိုးနှင်ဌာနအတွက် လီကျင်လုံရဲ့ ရာထူးပြောင်းရွှေ့မိန့်က အပြည့်အစုံ မပြီးသေးလောက်သေးဘူး။ အဲဒါကို ငါပဲ ကြားဖြတ်ပြီး တားဆီးလိုက်မယ်။"

ကောင်းလိရှစ်က ခေါင်းညိတ်ပြီး: "အရှင်မင်းမြတ်ရဲ့ အမိန့်ပြန်တမ်းနဲ့ အမတ်ချုပ်ယန်ကို ကိုင်တွယ်ဖို့ ငါ့လက်ထဲကိုသာ အပ်ထားခဲ့လိုက်။ စစ်သူကြီးဟူက ဦးဆောင်ပြီး လီကျင်လုံရဲ့ နောက်ဆက်တွဲ အစီအစဉ်တွေကို ကိုင်တွယ်လိုက်။ မင်းက သူ့ခေါင်းဆောင်ဟောင်းဆိုတော့ ကမူးရှူးထိုးတွေ မလုပ်စေနဲ့။ ဖန်းချန်ချင်ဘက်ကိုလည်း တစ်ချက်ကြည့်ပေးပါ!"

ဟူရှန်း ဘာပြောနိုင်မည်နည်း။ သူ ခါးသက်သက် ပြုံး၍သာ ခေါင်းညိတ်နေခဲ့ရသည်။

နောက်ဆုံး၌ လူတိုင်းက ဆုံးဖြတ်ချက်တစ်ခု ချခဲ့ကြသည်။ အားလုံးက သူတို့၏တရားဝင်ရာထူးများ ဆုံးရှုံးပြီး ခေါင်းပြတ်မည့်လမ်းအပြင် အနာဂတ်တွင် ပိုပိုပြီးများလာမည့် ဒုက္ခများကို ရှောင်ရှားဖို့ရာ နတ်ဆိုးနှင်ဌာနတစ်ခုလုံးကို ရှင်းပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။

အရှင်မင်းမြတ်က အမြော်အမြင်ရှိသော်လည်း ဤကဲ့သို့သော အသုံးမကျသည့်အမတ်ဆိုးများ၏ ဆွဲချခြင်းကို ခံရသည့်အခါ ကိုယ်တိုင်လည်း ဘာမျှမတတ်နိုင်တော့ပေ။ ယခင်မင်းဆက်တုန်းက ဖြစ်ပွားခဲ့သည့် လိုင်ကျွင်းချန်ဖြစ်ရပ်ကို ကြည့်ရုံမျှဖြင့် သိနိုင်သည်။ ထိုစဉ်က တော်ဝင်မျိုးနွယ်စုဝင်များတောင် မဟုတ်မမှန် စွပ်စွဲချက်များဖြင့် မရှုမလှ ထောက်ချောက်ဆင်ခံခဲ့ရပြီး၊ အလားတူဖြစ်ရပ်ပေါင်းများစွာလည်း ရှိခဲ့သည်။ ထိုခေတ်အခါက အမတ်ကြီးများ၏ခေါင်းပြတ်ကျမှုက ရိတ်သိမ်းချိန်၌ ဂျုံပင်များ ပြိုလဲကျသည်ထက်တောင် လွယ်ကူနေသေးသည်။ ထို့ကြောင့် ဤဆုံးဖြတ်ချက်က လုံးဝဥဿုံ လိုအပ်ပေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment