အပိုင်း (၃၂) - ရှေးဟောင်းဓား၏အမည် (၁)
လီကျင်လုံတစ်ယောက် ရုံးတော်၏ အပြင်ဘက်တွင် ၁၅ မိနစ်ကြာသည်အထိ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း စောင့်ဆိုင်းနေခဲ့သည်။ အမှုထမ်းအရာရှိများ ထွက်လာသောအခါ အားလုံးလိုလို သူ့ကိုကျော်တက်သွားပြီး တရားစီရင်ရေးရုံးက ဟွမ်ရုံနှင့် သူ၏ခေါင်းဆောင်ဟောင်း ဟူရှန်းတို့သာ ရပ်နေခဲ့၏။ လီကျင်လုံသည် မတ်တတ်ထရပ်ကာ နောက်ဆုံးရလဒ်ကို စောင့်မျှော်နေသော ပုံစံဖြင့် လူနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။
ဟူရှန်းက စကားတစ်ခွန်းမှ ပြောမလာပေ။ သူသည် လီကျင်လုံကို ကြည့်ကာ တန်ပြန်အစီအမံများကို မစဉ်းစားနိုင်တော့အောင် ဖြစ်နေသည်။ နှစ်များတစ်လျှောက်၌ ဤလက်အောက်ငယ်သားဟောင်း လီကျင်လုံအကြောင်း သိပ်မသိခဲ့ပေ။
လုံဝူစစ်တပ်ထဲ၌ သူ၏နာမည်မှာလည်း ယခင်က အလွန်ဆိုးရွားခဲ့သည်။ သူသည် အခြားလက်အောက်ငယ်များအား လီကျင်လုံကို အဘယ်ကြောင့် သိပ်မကြိုက်သနည်းဟုပင် သီးသန့်မေးမြန်းခဲ့သေး၏။
လက်အောက်ငယ်သား အားလုံးမှာ လီကျင်လုံသည် လျှို့ဝှက်ပြီး ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ပေ။ သူတို့သည် သူ့ကို မကြိုက်သလို မောက်မာပြခဲ့ကြသည်။ ဟူရှန်း နောက်ထပ် မေးခွန်းများကို မမေးတော့ပေ။ သူ၏နတ်ဆိုးနှင်ဌာနကို ပိတ်သိမ်းပြီးလျှင် သူမည်ကဲ့သို့ အခြေချနေထိုင်ရမည်နည်း။
ဤသည်မှာ ခက်ခဲသော မေးခွန်းတစ်ခုသာ ဖြစ်လေသည်။ သို့မဟုတ် သူ့ကို လုံဝူစစ်တပ်သို့ ပြန်ပို့လိုက်မည်လော။ လီကျင်လုံသည် စကားမပြောဘဲ သူတို့နှစ်ဦး စကားပြောမည့်အချိန်ကိုသာ ရပ်စောင့်နေခဲ့၏။
ဟွမ်ရုံနှင့် ဟူရှန်းတို့တွင် တူညီသော အတွေးအမြင်များ ရှိပြီး သူတို့ရှေ့မှလူငယ်လေးက သနားစရာကောင်းလှသည်ဟု ခံစားနေရသည်။ သားအကြီးဆုံးဖြစ်သော်ငြား ငယ်ငယ်ကတည်းက ဘိုးဘွားအိမ်ကို ရောင်းချခဲ့ရ၏။ သူ့မိသားစုက မရှိတော့သည့်အပြင် နောက်ဆုံးတော့ တိုးတက်မှုအချို့ ရှိလာခဲ့သော်ငြား ယခုမူ နတ်ဆိုးနှင်ဌာနကိုပါ ပြန်ပိတ်ရတော့မည်။
"မင်းမှာ လက်အောက်ငယ်သား ရှိလား။"
ဟူရှန်း အနည်းငယ်လှမ်းပြီး မေးလိုက်သည်။ လီကျင်လုံမှာ ချက်ချင်းဆိုသလို မျက်နှာအမူအရာ ပြောင်းသွားပြီး ဟုန်ကျွင့် ပြဿနာရှာထားမည်အား စိုးရိမ်သွား၏။ လီကျင်လုံသည် ဟွမ်ရုံကို တစ်ချက်ကြည့်လိုက်ကာ ဟွမ်ရုံရောက်လာစဥ်တုန်းက သူ့ဘေး၌ ဟုန်ကျွင့်ရပ်နေခဲ့ကြောင်း သတိရသွားသည်။
"ရှိပါတယ်။ ဘာဖြစ်လို့လဲ။"
ဟူရှန်း: "သူ့ကို ဒီကိုခေါ်ခဲ့။ ပြီးတော့ မင်း လုံဝူစစ်တပ်ထဲ ပြန်လာလို့ရတော့မှာ။ ကျန်တဲ့လူတွေကို အလုပ်သမားဌာနက ကိုင်တွယ်လိမ့်မယ်။ နောက်လရဲ့ ငါးရက်မြောက်နေ့မှာ နတ်ဆိုးနှင်ဌာနရဲ့ ကမ္ပည်းပြားကို ဖယ်ရှားကြလိမ့်မယ်။ မင်းတို့ကို ပြောင်းရွှေ့ဖို့ ၁၀ ရက် အချိန်ပေးမယ်။"
လီကျင်လုံသည် သူ့ခေါင်းထဲတွင် တစ်စုံတစ်ရာ ဝုန်းခနဲ ပေါက်ကွဲသွားသကဲ့သို့ ထိတ်လန့်သွားကာ သူ နားကြားမှားလေသလား သိရရန် ဗြောင်ကျကျဖြင့် ပြန်ကြည့်လိုက်သည်။
ဟူရှန်း: "လျှောက်မလုပ်တော့နဲ့။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ငါမင်းကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေခဲ့တာ။ ငါလုပ်ချင်တယ်လို့များ ထင်လား။ စိတ်အေးအေးထားပြီး ရက်နည်းနည်းလောက်ကြာမှ ထပ်ပြောကြရအောင်။"
ထိုစကားကို ပြောပြီးနောက် ဟူရှန်းက လီကျင်လုံအနီးသို့ လျှောက်သွားကာ ပခုံးကိုတစ်ချက်ပုတ်၍ ထွက်ခွာသွားခဲ့သည်။
ဟွမ်ရုံ: "လီကျင်လုံ ကမ္ဘာပေါ်မှာ မိစ္ဆာတွေရှိတယ်ဆိုတာ ငါယုံကြည်တယ်။ မင်းရဲ့စရိုက်ကိုလည်း ငါယုံကြည်တယ်။ ဒါပေမဲ့ တချို့အရာတွေက မင်းစိတ်ထဲရှိတဲ့အတိုင်း လုပ်လို့မဖြစ်ဘူး။ ဒါက ဘဝရဲ့အခက်ခဲဆုံး အရာပဲ။ မင်းမှာ နယ်စားမင်းတိရဲ့ ဓားတစ်ချောင်းရှိနေပြီ ဆိုကတည်းက နှိမ့်ချခံရမယ့် နိယာမတချို့ကိုလည်း သိထားလောက်ပါတယ်။"
လီကျင်လုံမှာတော့ ဟွမ်ရုံ၏စကားကို မကြားနိုင်တော့ပေ။ သူ ဟူရှန်းကို အမြန်လှည့်ကြည့်၍ တရားစီရင်ရေးရုံးသို့ ပြေးလိုက်သွားခဲ့သော်လည်း ဟူရှန်း၏ အရိပ်ကိုပင် မတွေ့ခဲ့ရ။ နောက်ဆုံး၌ လမ်းမကြီးပေါ်တွင် ခဏမျှရပ်နေမိပြီး ရုတ်တရက် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်နေသည့်အလား ကြောင်အသွားသည်။
လီကျင်လုံတစ်ယောက် ညနေငါးနာရီထိုးသောအခါ နတ်ဆိုးနှင်ဌာန တံခါးဝကို မည်သို့မည်ပုံ ပြန်ရောက်လာသည်ကိုပင် မသိတော့ပေ။ သူ၏အမြင်ထဲတွင် တုန်လှုပ်ခြင်းမဲ့အလင်းဘုရင်က မှော်လက်နက်ခြောက်ပါးကို ကိုင်ဆောင်ထား၏။ နူးညံ့သိမ်မွေ့သော အလင်းရောင်တို့က ၎င်းအပေါ်တွင် ဖုံးအုပ်ထားပြီး သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
...
ခြံဝင်းအတွင်း၌ ခွက်နှင့် ပန်းကန်အနည်းငယ်က ပြန့်ကျဲနေပြီး ခန်းမအတွင်းရှိ ထိုင်ခုံများကို ရွှေ့ကာ သစ်ပင်အောက်တွင် ချထား၏။ လက်ဖက်ရွက်အချို့ကလည်း မြေပြင်ပေါ်တွင် ပြန့်ကျဲနေရာ သူတို့ အပြင်ဘက်တွင် အချိန်အတော်ကြာသည်အထိ ရှိနေခဲ့ပုံရသည်။
အခန်းတိုင်း၏ တံခါးနှင့် မီးများကို ပိတ်ထားလေပြီ။ အခြားလူများက သူ့ကို မစောင့်နိုင်တော့သောကြောင့် အနားယူကုန်ပြီ ဖြစ်မည်။ လီကျင်လုံသည် ခြံဝန်းထဲရှိ ကွင်းပြင်ထဲတွင်ရပ်လျက် သူ့ရှေ့က မြင်ကွင်းကို အကြာကြီး ငြိမ်သက်စွာ ကြည့်နေသည်။
တစ်ဖက်မှာတော့ ဟုန်ကျွင့်က ခုတင်ပေါ်တွင် လဲလျောင်းနေပြီး အသိစိတ်က ထူးဆန်းသော အိပ်မက်တစ်ခုထဲသို့ ပြုတ်ကျသွားသည်။ အိပ်မက်ထဲမှာ ချန်အန်း၌ အလောင်းကောင်များစွာ တောင်လိုပြုံနေ၏။ သာ့မင်နန်းတော်တွင်လည်း အနက်ရောင်အခိုးအငွေ့များ ဖုံးလွှမ်းနေပြီး ငါးမိစ္ဆာများ ဟိုဟိုသည်သည် ပြေးလွှားနေသကဲ့သို့ ဖြစ်နေသည်။ အလောင်း၏လက်ချောင်းများက သူ့ဆီသို့ ဆန့်တန်းလာကာ သူ့ကိုဆွဲထုတ်သွားရန် ကြိုးစားနေသည်။
ဟုန်ကျွင့် အလွန်ထိတ်လန့်သွားပြီး နတ်အလင်းငါးရောင်ကို အကာအကွယ်အနေဖြင့် သုံးချင်သော်လည်း နတ်အလင်းများက ထွက်မလာချေ။ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး နတ်ဆိုးနှင်ဌာနသို့ ပြန်သွားချင်လာသည်။ ဘာကြောင့်ရယ်မသိ ဤအခိုက်၌ သူသတိရသွားသူမှာ ချုံမင်နှင့် ချင်းရှုံမဟုတ်ဘဲ လီကျင်လုံ ဖြစ်နေသည်။
"ခေါင်းဆောင်၊ ခေါင်းဆောင် ခင်ဗျား ဘယ်မှာလဲ။"
သူက ခြေချော်လုမတတ် ချန်အန်းမြို့ထဲ ပြေးဝင်သွား၏။ အလောင်းကောင်များက နေရာတိုင်းတွင် ရှိနေသည်။ အနက်ရောင် အခိုးအငွေ့များသည်လည်း အနောက်က ကပ်လိုက်လာလေသဖြင့် သူ၏ကျောပြင်တစ်ခုလုံး အေးစက်သွားလေသည်။ ထိုအခိုက်၌ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
"လီကျင်လုံ! လီကျင်လုံ!"
သူပြန်ထလာသောအခါတွင် ရင်ဘတ်ထဲမှ ပြင်းထန်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် သူ၏ရင်ဘတ်ကို ဆုတ်ဖြဲနေသကဲ့သို့ နာကျင်လွန်းလှ၏။
"လီကျင်လုံ!"
"ဟုန်ကျွင့်!"
အခန်းထဲမှာတော့ လီကျင်လုံက ဟုန်ကျွင့်တစ်ယောက် အိပ်ရာပေါ်ကလှိမ့်ချလိုက်ပြီး သူ့နာမည်ကို အော်ခေါ်နေသံ ကြားလိုက်သည်နှင့် ထိုကောင်လေးကို ဖမ်းထားရန် ခြေလှမ်းကျယ်ကြီးဖြင့် ပြေးဝင်သွားခဲ့သည်။
ဟုန်ကျွင့် ရုတ်တရက် ရုန်းကန်ရင်း လန့်နိုးလာခဲ့ပြီး အော်ဟစ်တော့မည့်ခိုက် လီကျင်လုံသည် 'ရှူး' ဟူသော အမူအရာလုပ်ပြရင်း အံ့သြစွာ စိုက်ကြည့်နေ၏။ ဟုန်ကျွင့်၏တစ်ကိုယ်လုံး ချွေးများစိုရွဲနေကာ မျက်လုံးလေးများလည်း ပြူးကျယ်ဝိုင်းစက်နေသည်။ သို့တင်မက မျက်နှာကပါ ဖြူဖျော့လျက်ရှိကာ အသက်ရှူမဝသကဲ့သို့ မောဟိုက်နေသည်။
"အိပ်မက်ဆိုး မက်လို့လား။"
လီကျင်လုံ အသံတိုးတိုးဖြင့် မေးလိုက်သည်။ သူက မြေပြင်ပေါ်တွင် ဒူးထောက်ထားပြီး ဟုန်ကျွင့်၏ပခုံးများကို ပွေ့ဖက်ထားသည်။ ဟုန်ကျွင့်ခမျာ လီကျင်လုံ၏ အဝတ်များကို တင်းတင်းဆုပ်ထားလေ၏။ ထို့နောက် သူ့ခေါင်းကို လီကျင်လုံ၏ လက်မောင်းနှစ်ဖက်ကြားတွင် မြှုပ်၍ သက်ပြင်းရှည်ကြီး ရှူထုတ်လိုက်သည်။
...
ညအချိန်ဖြစ်သော်ငြားလည်း လီကျင်လုံ၏အခန်းထဲတွင် မီးထွန်းထားသည်။ ဟုန်ကျွင့် အရှေ့ဘက်ခန်းမှ စိတ်ငြိမ်ဆေး အချို့ကိုယူကာ လီကျင်လုံ၏ အခန်းတံခါး အပြင်ဘက်မှ ဖြတ်သွားစဥ် အခန်းထဲမှ စကားလှမ်းပြောသံအား ကြားလိုက်ရ၏။
"ဝင်လာခဲ့။ ငါ့အတွက်လည်း ပေးပါဦး။"
ဟုန်ကျွင့်: "ကျွန်တော်ပြင်ဆင်ပြီးမှ ခင်ဗျားဆီ ပို့ပေးမယ်။"
ထိုနေ့က လီကျင်လုံ သူ့အား နှင်ထုတ်ခဲ့သည့် မြင်ကွင်းကို သူ မှတ်မိနေသေးသည်။ နောက်ပိုင်းတွင် ငါးကြင်းမိစ္ဆာအား မေးကြည့်လိုက်သောအခါ အချို့လူများသည် သူတို့အခန်းထဲသို့ သူစိမ်းဝင်သည်အား မကြိုက်ကြောင်း ပြောပြခဲ့သည်။
"ငါနဲ့ ခဏလောက်နေပေးပါ။"
လီကျင်လုံက ပြောလာခဲ့သည်။ ဟုန်ကျွင့်က ခြေဗလာလေးဖြင့် ဝင်သွားကာ မီးခြစ်ဆံလေးကို ပွတ်ဆွဲ၍ စားပွဲဘေးရှိ ကြေးမီးဖိုလေးကို မီးထွန်းညှိလိုက်သည်။ ထို့နောက် ကြေးပန်းကန်တစ်လုံးထဲသို့ ဆေးဖက်ဝင်ပစ္စည်းများကို ထည့်ပြီး ရောမွှေနေတော့၏။
လီကျင်လုံ: "မင်း ငယ်ငယ်က အိပ်မက်ဆိုး မက်ဖူးလား။"
ဟုန်ကျွင့် ခေါင်းယမ်းလိုက်သည်။
"မမက်ဖူးဘူး။ တောင်ပေါ်ဆင်းပြီးတော့မှ ကျွန်တော် အိပ်မက်ဆိုးတွေ မက်လာတာ။"
"မင်း အိမ်ကို လွမ်းနေတာလား။"
လီကျင်လုံ သက်ပြင်းချလိုက်ပြီး ထပ်မေးလိုက်၏။ ထို့နောက် သူ၏အပြင်ဝတ်ရုံကို ချွတ်လိုက်ပြီး အတွင်းဝတ် တစ်ထည်တည်းချန်ကာ စားပွဲတစ်ဖက်တွင် ဒူးကွေး၍ ဟုန်ကျွင့်နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
ဟုန်ကျွင့်သည် ပန်းကန်လုံးအတွင်းရှိ ဆေးဖက်ဝင် ပစ္စည်းများကို ညင်သာစွာမွှေရန် ကြေးဇွန်းတစ်ချောင်းကို အသုံးပြုနေသည်။ မီးရောင်က လူငယ်လေး၏ သူရဲကောင်းဆန်သော မျက်ခုံးနေရာကို ထင်ဟပ်ပြနေရာ အနည်းငယ် ဝမ်းနည်းနေပုံရသည့် ပုံရိပ်ကလေးကို တွေ့ရ၏။
လီကျင်လုံဆီက "အိမ်ကို လွမ်းနေတာလား" ဟူသော စကားကို ကြားလိုက်ရသောအခါ ဟုန်ကျွင့် လီကျင်လုံကို မော့ကြည့်ပြီး ပြုံးပြလိုက်သည်။ ထိုအပြုံးသည် ဘဝအပေါ် မျှော်လင့်ချက်မဲ့လုနီးပါး ဖြစ်နေသော လီကျင်လုံနှလုံးသား၏ နက်ရှိုင်းသောတစ်နေရာမှ ကြိုးများကို ညင်သာစွာ ဆွဲဖြုတ်သွားသကဲ့သို့ပင်။ ယင်းကြောင့် လှိုင်းတပိုးသံများတောင် ပုတ်ခတ်သွားသယောင် ရှိသည်။
"ကျောက်ကျစ်လုံက ပြောတယ်။ လူတွေက ကောင်းတဲ့အရာတွေကို ရှာတွေ့ဖို့အတွက် အမြဲတမ်း ဆုံးရှုံးစရာတွေ အများကြီးကို ကြုံရတယ်တဲ့။ နောက်ကြောင်းပြန်ကြည့်မှ အဲဒီအကျိုးကျေးဇူးတွေကို သိလာကြတာတဲ့။"
ဟုန်ကျွင့်က ပြုံး၍ပြောလိုက်၏။
"ကျွန်တော်အခု အိမ်ကိုလွမ်းနေတာက အိမ်က ထွက်လာရလို့။ ဒါပေမဲ့ နတ်ဆိုးနှင်ဌာနကိုလည်း သဘောကျတယ်။ ဒီကလူတိုင်းကို သဘောကျတယ်။"
လီကျင်လုံမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေပုံဖြင့် မေးလိုက်သည်။
"နတ်ဆိုးနှင်ဌာနက ဘာကိုကြိုက်တာလဲ။"
"သဖန်းပင်လေး။"
ဟုန်ကျွင့် သူ့ခေါင်းကို လှည့်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
"ခင်ဗျားက ကျွန်တော့်အတွက် ဆေးခြယ်ပေးတယ်။ အတူကစားခိုင်းပြီး ကျွန်တော်နဲ့လည်း အဖော်ပြုပေးတယ်လေ။"
လီကျင်လုံ: "ဘာလို့လဲတော့ မသိဘူး။ ဒါပေမဲ့ မင်းနဲ့ ငါ့ကြားမှာ အဆက်အသွယ် ရှိနေတယ်လို့ အမြဲတမ်းခံစားရတယ်။"
စိတ်ငြိမ်ဆေးက အကျိုးသက်ရောက်မှု ကောင်းပုံပင်။ ဆေးထက်ပစ္စည်းများ၏ ရောစပ်ထားသော မွှေးရနံ့များအောက်တွင် လီကျင်လုံ၏ စိုးရိမ်စိတ်များက သက်သာရာရသွား၏။ သူသည် အရှေ့က လူငယ်လေးကိုကြည့်ရင်း တစ်ဖက်လူကို အဘယ်ကြောင့် အထူးဂရုစိုက်ပေးချင်နေမိမှန်း နားမလည်နိုင်အောင် ဖြစ်နေသည်။
သူသည် ကျန်သုံးယောက်ကဲ့သို့ ကိုယ်စီကိုယ်စီ အစီအစဉ်မရှိ၍လော။ မဟုတ်ချေ။
လှပပြီး ဆွဲဆောင်မှု ရှိခြင်းကြောင့်လော။ ယင်းကြောင့်လည်း မဟုတ်လောက်ပေ။
"ဒီနေ့ ဘာဖြစ်လာလို့လဲ။"
ဟုန်ကျွင့်က ခေါင်းလေးမော့ပြီး မေးလိုက်၏။ လီကျင်လုံသည် ဟုန်ကျွင့်၏ မျက်လုံးများထဲရှိ စိတ်ရှုပ်ထွေးနေသော အရိပ်အယောင်တို့ကို မြင်လိုက်ရသောအခါ မထိန်းနိုင်ဘဲ ပြုံးမိသွားသည်။ သူ ရုတ်တရက် နားလည်သဘောပေါက်သွား၏။
ဟုန်ကျွင့်က အပြင်လောက၏ အကြောင်းအရာများစွာကို မသိပေ။ သူ၏မျက်လုံးများက မိမိကိုမြင်လျှင် လှောင်ပြောင်နေသည့် အခြားသူများ၏ မျက်လုံးများနှင့် မတူသလို သန်မာသူကို မြှောက်ပင့်ပြီး အားနည်းသူကို ရှုတ်ချတတ်သော လုံဝူစစ်တပ်အတွင်းရှိ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း မတူပေ။
သူက အကြံအစည်မရှိ၊ လူတို့၏ စိတ်နှလုံးကဲ့သို့ ဖောက်ပြန်လိုစိတ် မရှိပေ။ သူသည် ကမ္ဘာကြီးနှင့် လူ့ခံစားချက်များအကြောင်းကို မသိသေးသော ဖြူစင်သည့် ကလေးတစ်ယောက်အလား။
လူတို့က နုံအသူများနှင့် မိတ်ဆွေဖွဲ့ရသည်အား နှစ်သက်ကြသည်။ ၎င်းတို့ထံမှ လိမ်လည်လှည့်စားခံရရန် မလိုအပ်ရုံမက လိမ္မာပါးနပ်စရာလည်း မလိုပေ။
"ကျွန်တော့်ကြောင့် လှည့်စားခံရပြန်ပြီလား။"
လီကျင်လုံ ကူကယ်ရာမဲ့ပြုံးကာ ခေါင်းခါလိုက်သည်။ ဟုန်ကျွင့်၏ မျက်နှာပေါ်တွင်တော့ စိတ်ရှုပ်ထွေးနေသည့် အရိပ်အမြွက်တို့ဖြင့် ပြည့်နှက်နေပြီး လီကျင်လုံဘာတွေးနေသလဲ နားမလည်နိုင်အောင် ဖြစ်နေ၏။
အမှန်မှာ ဤလောကရှိလူများသည် သူတို့၏စကားလုံးများထဲတွင် အဓိပ္ပာယ်အချို့အား ဝှက်ထားလေ့ရှိကြောင်းကို လူအများစု၏ လိမ္မာပါးနပ်သော မှတ်ချက်များမှတစ်ဆင့် သူ တဖြည်းဖြည်း နားလည်လာခဲ့သည်။
လီကျင်လုံ: "မင်း အိမ်မှာလည်း သိပ်ဂရုမစိုက်ဘူးလား။ အမြဲတမ်း လှည့်ပတ်ပြီး ပြဿနာရှာနေတာလား။"
"ချုံမင် ဒေါသထွက်ရင် အရမ်းကြောက်စရာ ကောင်းတာကို ကျွန်တော်က ဘယ်လိုလုပ် ပြဿနာရှာရဲမှာလဲ။ ကံမကောင်းသွားရုံပါပဲ။"
"မင်းက တကယ်ကို ကံမကောင်းတာ။"
လီကျင်လုံမှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။ ဟုန်ကျွင့်နှင့် တွေ့ပြီးကတည်းက ကံမကောင်းသည့်အရာများကို တစ်ခုပြီးတစ်ခု ကြုံလာခဲ့ရသော်ငြား ရိုးသွားသည့်အလား ဖြစ်လာသည်။ လွန်ခဲ့သော အနှစ်၂၀ က အတွေ့အကြုံများထက် အများကြီး ပိုချဲ့ကားလာသည်ဟုသာ ခံစားလာရ၏။
"သာမန်လူတွေကို မင်း နားမလည်ပါဘူး။ သူတို့ဘဝက အရမ်းခက်ခဲတယ်။"
ဟုန်ကျွင့်ကလည်း ခေါင်းညိတ်ပြီး ပြန်ပြောသည်။
"ဟုတ်တယ်။ သာမန်လူတွေက အရမ်းသနားစရာကောင်းတယ်။ မိစ္ဆာတွေနဲ့ နတ်ဆိုးတွေမှာ မိစ္ဆာတွေက တောင်နတ်တွေနဲ့ တောရိုင်းနတ်ဆိုးတွေလို ဖြစ်နေတာ။ နတ်ဆိုးတွေကတော့ အရာခပ်သိမ်းရဲ့ ရန်ငြိုးနဲ့ နာကျင်မှုတွေ။"
ထိုအခိုက် လီကျင်လုံ၏ နှလုံးသားက သိမ့်ခနဲ တုန်လှုပ်သွားသည်။
"အားလုံးက 'နတ်ဆိုးနှင်သူ' ဆိုတဲ့ စကားလုံးကို ပြောကြတယ်။ ဘာလို့ 'မိစ္ဆာနှင်သူ' လို့မပြောကြတာလဲ။ မိစ္ဆာကို ငါမြင်ဖူးပေမဲ့ နတ်ဆိုးက ဘယ်မှာလဲ။ ချန်အန်းမှာလည်း ရှိလား။"
ဟုန်ကျွင့်က ခဏလောက်စဉ်းစားပြီးမှ ပြော၏။
“နတ်ဆိုးနှင်သူရဲ့ အဆုံးစွန်တာဝန်က ပြည်တွင်းက နာကျင်မှုတွေကို ဖယ်ရှားဖို့ လူ့အတွင်းစိတ်ထဲမှာရှိတဲ့ နတ်ဆိုးတွေကို မောင်းထုတ်ပေးဖို့ပဲ။ ပြီးတော့ နှစ်ပေါင်းများစွာ စုပြုံလာတဲ့ နတ်ဆိုး အတားအဆီးတွေကို ဖျက်ဆီးပြီး လူသားကမ္ဘာကြီးကို သန့်စင်ပေးရမယ်တဲ့။”
ဟုန်ကျွင့်က လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးသာ နေခဲ့သောကြောင့် စိုးရိမ်ပူပန်မှုများစွာ မရှိခဲ့ချေ။ ချုံမင်၏စွမ်းအားက သူ့ကို အချိန်တိုင်း၊ နေရာတိုင်းတွင် ကာကွယ်ပေးထားသည့် အတားအဆီးတစ်ခုအလား ဖြစ်နေသည်။
သို့သော် ထိုက်ဟန်တောင်ထွတ်မှ ထွက်ခွာပြီး နှစ်လအကြာတွင် အလယ်ပိုင်းဒေသထဲရှိ ပျော်ရွှင်မှုများ၊ ဝမ်းနည်းမှုများ၊ ခွဲခွာမှု၊ ပြန်လည်ဆုံဆည်းမှုများနှင့် ခါးသီးမှုများက အလွန်ပြင်းထန်ကြောင်း တွေ့ရှိခဲ့သည်။
လမ်းခရီးတစ်လျှောက်တွင် ဆင်းရဲဒုက္ခ၊ သေဆုံးခြင်း၊ ရောဂါဝေဒနာနှင့် အိုမင်းခြင်းများကို မြင်တွေ့ခဲ့ရသည်။ ငါးကြင်းမိစ္ဆာက ဤအရာများသည် မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဝေဒနာခံစားရခြင်း၊ သေခြင်း၊ နာကြည်းခြင်း၊ မချစ်ရသူနှင့်အတူရှိခြင်း၊ ချစ်ရသူနှင့် ကွေကွင်းရခြင်း၊ လိုသည့်အရာမရခြင်း ဟုခေါ်သော လူသားများ၏ ဘဝဖြစ်ကြောင်း ရှင်းပြခဲ့သည်။
***
Aurora Novel Translation Team