အပိုင်း (၄၅)- လျိုယင်းချွမ်းရှောင် (၂)
ဂီတဆရာများ၏ဂီတသံ ထွက်ပေါ်လာပြီးနောက် သစ်သားကန့်လန့်ကာအနောက်တွင် စောင့်ဆိုင်းနေသော မိန်းကလေးများ ပေါ်ထွက်လာ၏။ သူ(မ)တို့၏လက်ထဲတွင် ဖန်ခွက်တစ်လုံးစီ ကိုင်ဆောင်ထားကြကာ ဖန်ခွက်ထဲမှာ ရောင်စုံမီးလုံးလေးများ ရှိနေသည်။ သူ(မ)တို့က သစ်သားကန့်လန့်ကာ အနောက်မှထွက်လာကာ စင်မြင့်ထက်သို့ အမြန်လျှောက်သွားကြသည်။
ဒုတိယနှင့် တတိယထပ်တွင်လည်း အကမယ်လေးများ ပေါ်ထွက်လာ၏။ သူ(မ)တို့က လက်ထဲတွင် မီးပုံးများကို ကိုင်ဆောင်ထားကြသည်။ ခါးပတ်ပတ်လည်တွင် ရေပိုးဖြင့် ရစ်ပတ်ထားပြီး အပေါ်ထပ်မှ ပေါ့ပါးစွာ ဆင်းသက်လာခဲ့ကြသည်။
"ဝိုး..."
ဟုန်ကျွင့်မှာ ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သောကြောင့် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။ ထိုအခိုက် လီကျင်လုံက ပြောလာသည်။
"လျိုယင်းချွမ်းရှောင်ကတော့ နာမည်ပေးထားတဲ့ အတိုင်းပဲ။"
ရောင်စုံမီးလုံးများက နွေဦး၏အလင်းရောင်များပမာ မှိတ်တုတ်မှိတ်တုတ် လင်းလက်ကခုန်နေသည်။ ကချေသည်များက ဧည့်သည်များ တန်းစီထိုင်နေသော ထိုင်ခုံများရှေ့တွင် မတ်တတ်ရပ်ကာ ချိုသာစွာပြုံးနေ၏။ ခန်းမထဲတွင် ဤအကကို မြင်ဖူးသူများ ရှိကြသော်လည်း လက်ခုပ်သံများဖြင့် အားပေးနေဆဲပင်။
ဟုန်ကျွင့်လည်း တအံ့တသြလေသံလေးဖြင့် အော်ဟစ်လိုက်သည်။
"အရမ်းလှတာပဲ!"
ဂီတသံက နွေဦးရာသီတွင် ငှက်ပေါင်းတစ်ရာ တေးဆိုသကဲ့သို့ အသက်ဝင်လှ၏။ ကချေသည်များက စင်မြင့်အလယ်တွင် စတင်စုရုံးကာ တစ်ဖန်လူစုခွဲပြလိုက်ပြီး ခန်းမအလယ်က မျက်နှာပြင်တစ်ခုကို ဖော်ထုတ်ပြလိုက်သည်။
အလယ်တွင်တော့ စောင်းကိုင်ထားတဲ့ မိန်းကလေးတစ်ယောက် သီချင်းဆိုလေ၏။ စောစောက သီချင်းကို ဦးဆောင်ခဲ့သူမှာလည်း ဤမိန်းကလေးပင်။
"ဝေမြို့ရဲ့ မနက်ခင်း မိုးစက်တို့က ဖုန်မှုန့်များကို ဖြိုခွင်းသွားလေပြီ... တည်းခိုခန်းဘေးက မိုးမခတွေလည်း စိမ်းနေလေရဲ့..."
ဟုန်ကျွင့်: "!!!"
"ယန်ကွမ်းစန်းတျယ်" သီချင်းသည် ချန်အန်းတွင် အကျယ်ပြန့်ဆုံးသော ရိုးရာသီချင်းတစ်ပုဒ် ဖြစ်လေသည်။ ဤတေးသွားကို သူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် နားထောင်ဖူးသော်လည်း လက်ရှိတောက်ပသော နွေဦးအလင်းရောင်အောက်နှင့် ပတ်ဝန်းကျင်ရှိ မီးရောင်များအောက်တွင်တော့ သီချင်းသံမှာ တဖြည်းဖြည်း ပို၍ အဓိပ္ပာယ်ရှိသွားသည်။
စန်းအာက သေရည်ငှဲ့ပေးရန် ခြေတစ်လှမ်း ပြင်မည်ပြုလိုက်သောအခါ ဟုန်ကျွင့်က မူးနေလေပြီ။ သူက လီကျင်လုံ၏ပခုံးကို မှီပြီး စောင်းတီးနေသည့် ကောင်မလေးကို ငေးကြည့်လျက်ရှိသည်။ သို့တင်မက ပါးစပ်ကနေလည်း ရွတ်နေသေး၏။
"မိတ်ဆွေ၊ ဒီသေရည်တစ်ခွက်ကို နောက်တစ်ကြိမ် အပြည့်သောက်လိုက်ပါဦး...."
လီကျင်လုံက လက်တစ်ဖက်ကို စားပွဲပေါ်တင်လိုက်ပြီး ကျန်တစ်ဖက်ဖြင့် ဟုန်ကျွင့်လက်ကို ညင်ညင်သာသာလေး ပုတ်လိုက်ရင်း နှစ်ယောက်အတူ လိုက်ဆိုနေတော့သည်။
"...ယန်ကွမ်းရဲ့ အနောက်ဘက်မှာ... ရင်းနှီးသူမရှိပေ...."
စင်မြင့်အလယ်တွင် ထိုင်နေသည့် မိန်းကလေးသည် သူ(မ)ရှေ့က ထိုင်ခုံလေးများကို ညင်သာစွာ တွန်းထုတ်လိုက်ပြီး ပင်မခန်းမအလယ်ရှိ လီကျင်လုံနှင့် ဟုန်ကျွင့်တို့အနီးသို့ ဖြည်းညင်းစွာ ချဥ်းကပ်သွားကာ နောက်တစ်ပုဒ် ထပ်ဖြည့်ပြီး ဆိုလိုက်သည်။
"ယန်မြက်တွေ စိမ်းပြာရောင် ပိုးချည်မျှင်အလား စိမ်းလန်းလို့... ချင်ပိုးစာပင်တွေရဲ့ အစိမ်းရောင်အကိုင်းအခက်တွေလည်း ကိုင်းညွတ်နေပြီ..."
"လီပိုင်! လီပိုင်ရဲ့ကဗျာပဲ!"
ဟုန်ကျွင့်က သူကြိုက်သည့်ဆရာတစ်ယောက်၏ ကဗျာကို ကြားလိုက်သည်နှင့် ချက်ချင်း စိတ်လှုပ်ရှားသွား၏။ လီကျင်လုံတောင် မထိန်းနိုင်ဘဲ ရယ်ချလိုက်မိသည်။ သူက ဟုန်ကျွင့်ပခုံးပေါ် လက်တင်လိုက်စဥ် မိန်းကလေးသည် အရှေ့ကထိုင်ခုံများကို တွန်းဖယ်ကာ ရောက်လာလေပြီ။ သူ(မ)က ဟုန်ကျွင့်၏မျက်လုံးများကို စိုက်ကြည့်ရင်း ဆက်ဆို၏။
"မင်း အတိတ်ကို လွမ်းဆွတ်မိတဲ့အခါ တို့နှလုံးသားတွေ ကွဲကြေရချိန်ပါပဲ ...”
ဟုန်ကျွင့်က ပြုံးပြလိုက်သည်။ သူ့အပြုံးက မျက်ဝန်းမှတစ်ဆင့် နှလုံးသားထဲအထိ ကြည်နူးသွားစေလေသည်။ လီကျင်လုံမှာ ဟုန်ကျွင့်တစ်ယောက် စောင်းတီးနေသော ကောင်မလေး ပြုံးနေတာကို မြင်လိုက်သောအခါ သူ့မျက်နှာက လေးနက်လာပြန်သည်။
"... နွေဦးလေညင်းလေး မသိကျွမ်းပါဘဲ ဘာကြောင့် ကန့်လန့်ကာထဲ ဝင်လာရလေသလဲ။"
ထို့နောက် အနှီလှပသော မိန်းကလေးလည်း ခေါင်းငုံ့သွား၏။ သူ(မ)၏မျက်လုံးလေးများကတော့ ဝမ်းနည်းသွားသော အရိပ်အယောင်တို့ ပြည့်နှက်နေသည်။ သူ(မ)က နူးညံ့သိမ်မွေ့စွာ ဆက်လက်သီဆိုရင်း သူ(မ) ထိုင်နေခဲ့သည့် စင်မြင့်ပေါ် ပြန်တက်သွားခဲ့သည်။
ထိုအချိန်တွင် ခန်းမရှိလူတိုင်းက ရွှင်မြူးစွာ အော်ဟစ်ကြနေကြသည်။ မိန်းကလေးက တောက်ပစွာ ပြုံးပြနေစဥ် ခေါင်းအထက်မှ ဝုန်းခနဲအသံကြီး ကြားလိုက်ရာ ဟုန်ကျွင့် လန့်သွားပြီး ခေါင်းကိုအမြန် မော့ကြည့်လိုက်၏။ အစေခံများက မီးအိမ်ကြီးကို ဒုတိယထပ်နှင့် တတိယထပ်တွင် ချိတ်ဆွဲထားလေသည်။
လှည့်ပတ်နေသည့် မီးအိမ်ကြီးကို ထွန်းညှိလိုက်သောအခါ လျိုယင်းချွမ်းရှောင်၏ ခန်းမတစ်ခုလုံး ရုတ်တရက် လင်းထိန်သွားပြီး ၎င်း၏အလင်းရောင်အောက်တွင် မရေမတွက်နိုင်သော မျက်နှာပြင်များပေါ်ရှိ ငှက်တစ်ရာက ပေါ်ထွက်လာ၏။ လှည့်ပတ်နေသည့် မီးအိမ်ကြီး ဖြည်းညင်းစွာ ရွေ့လျားသွားသည့်အခါတိုင်း မရေမတွက်နိုင်သော ငှက်များ ပျံသန်းသွားသလို ခံစားရစေသည်။
ဟုန်ကျွင့် နောက်တစ်ကြိမ် မော့ကြည့်လိုက်ရာ သီဆိုသူမိန်းကလေးမှာ မျက်နှာပြင်အနောက်ကို ဖြည်းညင်းစွာ လှည့်သွားလေပြီ။ သူ(မ)၏ထိုင်ခုံလေး တစ်ဖက်သို့လှည့်သွားစဥ် ဖီဖာတစ်လက်ကိုင်ထားသည့် ပိန်ပိန်ပါးပါး လူလတ်ပိုင်း အမျိုးသားတစ်ဦး ပေါ်လာ၏။
ကခုန်နေသော ကချေသည်မိန်းကလေးများ ဆုတ်ခွာသွားကာ တောက်ပပြီး ကျယ်ဝန်းသောခန်းမက လူလတ်ပိုင်း အမျိုးသားအတွက် ဇာတ်စင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထိုအမျိုးသားက သူ၏ဂီတစွမ်းရည်ကို ပြသရန် ရည်ရွယ်ချက် မရှိပုံပင်။
"တောင်ပိုင်းတွင် ပဲနီသီး ပေါက်လေ၏၊ နွေဦးရောက်သော် အကိုင်းသစ်များ ဝေဆာလေ၏။
ခူးယူသိမ်းဆည်း ထားပါလော့၊
ပဲနီသီးကား အလွမ်း၏သင်္ကေတ ဖြစ်လေသတည်း..."
ဟုန်ကျွင့် အံ့အားသင့်သွားသည်။ ဤလူ၏သီဆိုသံက အားထိုက်၏အသံနှင့် တစ်ထပ်တည်းနီးပါး တူနေ၏။ အားထိုက်၏အသံက ရှင်းလင်းပြတ်သားပြီး ဤလူ၏အသံကတော့ နက်ရှိုင်းပြီး အနည်းငယ် အက်ကွဲနေသည်။ သို့သော်လည်း သီဆိုလိုက်သောအခါ အားထိုက်ကဲ့သို့ နှလုံးသားထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ရာ ဦးရေပြားကိုတောင် ထုံသွားစေ၏။
"လီကွေးနျန်?!"
ဤအခိုက်၌ လျိုယင်းချွမ်းရှောင်က ဧည့်သည်များအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြချေပြီ။ လူတစ်ယောက် ဂီတဆရာ၏အမည်ကို လှမ်းအော်လိုက်သည်နှင့် အခြားလူများက သူ့အား တိတ်ဆိတ်စွာနေရန် အလျင်စလို အချက်ပြကြကုန်သည်။
ရုတ်တရက် သစ်သားမျက်နှာပြင်အနောက်မှ ခွက်များနှင့် ပန်းကန်များ ပြုတ်ကျသွားသံများ ထွက်ပေါ်လာ၏။
ဟုန်ကျွင့်: "သူဆိုတာ အရမ်းကောင်းတယ်။ သူက ဘယ်သူလဲ။"
"လီကွေးနျန်..."
လီကျင်လုံ ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်ကာ အပြုံးတစ်ပွင့်ဖြင့် လီကွေးနျန်ကို လှမ်းကြည့်လိုက်သည်။
ထိုလူသည် မြို့တော်ထဲရှိ နံပါတ်တစ် ဂီတပညာရှင် လီကွေးနျန် ဖြစ်သည်။ သူက လီကျင်လုံကို တွေ့သောအခါ ခေါင်းတစ်ချက်ညိတ်ကာ ပြုံးပြပြီး သီချင်းဆက်ဆိုနေ၏။
ဟုန်ကျွင့် အံ့သြသွားကာ: "ခင်ဗျား သူ့ကိုသိလား။"
"အင်း။"
လီကျင်လုံသည် သစ်သားမျက်နှာပြင်ကို မှီ၍ လက်တစ်ဖက်ကိုဖွင့်ကာ ဟုန်ကျွင့်ကို ချဥ်းကပ်လာစေလိုက်သည်။ ပြီးသည်နှင့် ပျင်းရိစွာ ပြောပြလိုက်သည်။
"ဒီလူက စောင်းတီးဖို့အတွက်နဲ့ လျိုယင်းချွမ်းရှောင်ကို ခဏခဏ မရောက်လာတတ်ဘူး။ ဒီနေ့ သူ ဒီကို ငါ့မျက်နှာကြောင့် သက်သက် ရောက်လာတာ။"
ထိုအခါမှ လီကွေးနျန်က လီကျင်လုံဆီမှ အထူးဖိတ်ကြားခံရကြောင်း ဟုန်ကျွင့် သိလိုက်တော့၏။ လီကွေးနျန်သည် စောင်းကြိုးများကို ထပ်မံတီးခတ်ကာ တစ်ပုဒ်ပြောင်းဆိုပြန်သည်။
“နွေဦးမြစ်ဒီရေဟာ ပင်လယ်ရေနဲ့ ထိစပ်နေပြီ... ပင်လယ်ထဲက လရောင်ဟာလည်း ဒီရေနဲ့အတူ တက်လာပြီ.… လှိုင်းတွေနောက် လိုက်ရင်း မိုင်ထောင်ချီဝေးလာပေမဲ့ လရောင်မရှိတဲ့ နွေဦးမြစ်က ဘယ်မှာတဲ့လဲ....”
အမြင့်ကြီးမှာ လှည့်ပတ်နေသော မီးပုံးသည် မှိန်ဖျော့သွားကာ မိန်းကလေးများက လီကွေးနျန်၏နောက်တွင် တန်းစီပြီး ရပ်လိုက်သည်။ သူတို့လက်ထဲတွင်လည်း ဖီဖာများကိုင်ထားကာ လီကွေးနျန်၏ နက်နဲသောအသံနှင့်အတူ ညီညီညာညာ တီခတ်နေလေ၏။ အဆောက်အအုံအထက်ရှိ မီးအိမ်ကြီးသည် ကောင်းကင်အထက်က နွေဦးလမင်းလေးကဲ့သို့ပင် တောက်ပလွန်းလှသည်။
ဟုန်ကျွင့် စိတ်ဝင်တစား နားထောင်နေခဲ့သည်။ "လစောင်းလေး ပင်လယ်မြူတွေထဲ ငုပ်လျှိုးပျောက်ကွယ်လို့ ကျဲရှစ်နှင့် ရှောင်ရှန့်သို့ သွားရာလမ်းများ အဆုံးမရှိပေ..." ဟူသည့် နေရာရောက်သောအခါ လီကွေးနျန်၏အသံက တဖြည်းဖြည်း တိုးသွား၏။
"လရောင်အောက်မှာ လူဘယ်နှစ်ယောက် ပြန်လာလေမလဲမသိ...ကျဆင်းနေတဲ့လက ခံစားချက်တွေကို လှုပ်ခါပြီး မြစ်ထဲမှာလည်း သစ်ပင်အရိပ်တွေနဲ့ ပြည့်စေတယ်..."
စောင်းသံ တဖြည်းဖြည်း မှိန်ဖျော့သွားစဥ်အခါ ဟုန်ကျွင့်၏ နှလုံးသားလေးလည်း ဂီတဒီရေစီးဆင်းမှုနှင့်အတူ နဂိုအနေအထားကို ပြန်ရောက်ရှိသွားခဲ့သည်။ ခန်းမကြီးသည်လည်း တဖြည်းဖြည်း မှောင်ကျလာ၏။
"ဒီည သူနဲ့ ကစားလို့ရလား။"
"လီကွေးနျန်က ခန္ဓာကိုယ်ကို မရောင်းဘူး။"
လီကျင်လုံလည်း အနည်းငယ် မူးနေပြီဖြစ်ကာ ရယ်ရမလားငိုရမလား မသိတော့ပေ။
"ကျွန်တော် သူ့ဆီကနေ ပညာသင်ယူချင်တာပါ။"
ဟုန်ကျွင့် စိတ်လှုပ်ရှားစွာဖြင့်။
"သူ သီချင်းဆိုတာ အရမ်းကောင်းတယ်!"
"မင်းငါ့ကို မေ့သွားပြီလား။"
ထိုစဥ် အားထိုက်က ဘေးကနေ ခါးသီးစွာ ပြောလာ၏။ ဟုန်ကျွင့်ကလည်း ပြုံးပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"တစ်နေ့မှာ မင်းတို့နှစ်ယောက်လုံး စင်ပေါ်မှာ အတူတူတီးနိုင်မယ်လို့ တကယ် မျှော်လင့်တယ်။ ချန်အန်းတော့ သေချာပေါက် ပေါက်ကွဲသွားမှာပဲ။"
အားထိုက်: “ငါက သူနဲ့ မယှဉ်နိုင်သေးပါဘူး။"
ချိုယုံစစ်: "ခေါင်းဆောင် လီကွေးနျန်ကို သိလား။"
လီကျင်လုံ: "သူသိပ်မကျော်ကြားတဲ့ ဂီတဆရာ ဖြစ်နေတုန်းကပေါ့။ အစောပိုင်းနှစ်တွေမှာ သူ့ကို ထောက်ပံ့ဖို့ ပိုက်ဆံတွေ ခဏခဏ သုံးခဲ့ဖူးတယ်။ အခု သူက ဘုရင်မင်းမြတ်ရဲ့ တော်ဝင်ဂီတဆရာ ဖြစ်နေပြီဆိုတော့ ထောက်ပံ့ဖို့က မတတ်နိုင်တော့ဘူး။ ငါတို့ခင်မင်ခဲ့တာကို ထောက်ပြီး သီချင်းတစ်ပုဒ် လာတီးပေးဖို့ ငါ့မျက်နှာကို ရောင်းလိုက်ရတယ်လေ။"
ထိုအခိုက်ဝယ် ခန်းမထဲတွင် ရုတ်တရက် မီးပြန်လင်းလာသည်။ ဤတစ်ကြိမ်တွင် တေးဂီတအားလုံးကို တညီတညွတ်တည်း တီးမှုတ်နေကြပြီး ခန်းမအတွင်းရှိ အမျိုးသမီးများသည် ရောင်စုံငှက်ကလေးများပမာ ကပြခဲ့ကြသော်လည်း လီကွေးနျန် ပေါ်လာပြီးနောက် ယနေ့ညတွင် ကျန်သီချင်းများနှင့် အကများမှာ မထူးမခြားနား ဖြစ်သွားခဲ့သည်။ ဟုန်ကျွင့်၏ စိတ်ထဲတွင်တော့ လီကွေးနျန်၏ "နွေဦးမြစ် လရောင်ည" လောက်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ မကောင်းနိုင်ချေ။
ဒုတိယနာရီတွင် ဂီတသံက အဆုံးသတ်သွားပြီး လူတိုင်းလည်း လူစုခွဲသွားသည်။ ချန်အန်းတွင် ညမထွက်ရအမိန့်ချထား၏။ ဧည့်သည်များသည် အရက်အလွန်အကျွံ သောက်ထားသဖြင့် မိန်းကလေးများကို ပွေ့ဖက်ကာ ဒုတိယထပ်နှင့် တတိယထပ်သို့ တက်သွားကြသည်။ ဟုန်ကျွင့်ကလည်း တစ်ညလုံး သေရည်ကို ရေအဖြစ်သာ သောက်ပြီး မူးလာသဖြင့် စားပွဲပေါ် မှောက်သွားချေပြီ။ လီကျင်လုံ သူ့ကို လှုပ်ယမ်းပြီး မေးကြည့်လိုက်သည်။
"ဟေး မင်းပြန်နိုင်သေးလား။"
ချိုယုံစစ် လာကြည့်သောအခါ လီကျင်လုံက သူတို့လုပ်လိုသမျှ လုပ်နိုင်ကြောင်း လက်ဟန်ပြလိုက်၏။ မော့ရစ်ကန်းက ဆောင်းဦးလကို ကြည့်ရန် ပေါ့ပေါ့ပါးပါးပင် ထွက်သွားခဲ့သည်။ လီကျင်လုံ ဟုန်ကျွင့်ကို ပြန်ခေါ်သွားချင်နေသော်ငြား အပြင်တွင် အေးသောကြောင့် ဤနေရာ၌ အကာအရံလုပ်ကာ အနားယူရန် လုပ်လိုက်၏။ ဟုန်ကျွင့်၏တစ်ကိုယ်လုံး အရက်နံ့များ မွှန်ထူနေကာ လီကျင်လုံကို ရီဝေဝေဖြင့် မော့ကြည့်လာသည်။
"ခေါင်းဆောင်..."
"ရေသောက်မလို့လား။"
"ခင်ဗျား... ကျွန်တော့်နှလုံးမီးအိမ်ကို ပြန်ပေး...." ဟုန်ကျွင့်ပြုံး၍: "ကျွန်တော် အိမ်ပြန်မယ်။"
လီကျင်လုံ: "..."
ထိုသို့ပြောပြီးနောက် ဟုန်ကျွင့်က တစ်ဖက်သို့လှည့်ကာ အိပ်ပျော်သွားတော့သည်။ လီကျင်လုံလည်း ကူကယ်ရာမဲ့ ဖြစ်သွားကာ အပေါ်ထည်အင်္ကျီကို ချွတ်၍ ဟုန်ကျွင့်ဘေးတွင် လှဲချလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်သား ဘေးချင်းကပ်လျက် အိပ်ပျော်သွားလေ၏။
မိုးလင်းခါနီးအချိန်အထိ မော့ရစ်ကန်းက ပြန်မရောက်လာပေ။ ဘယ်ကိုရောက်သွားသလဲပင် မသိ။ လီကျင်လုံက ဟုန်ကျွင့်ကို လက်ဖြင့် အသာအယာ ပုတ်နှိုးလိုက်သည်။ ခန္ဓာကိုယ်ပေါ်က သေရည်နံ့များ အနည်းငယ် ပြေလျော့သွားပြီမို့ သူနှင့်ပြန်လိုက်ခဲ့ရန် ပြောလိုက်၏။
နှစ်ယောက်သား ကျိုချွီတံတားကို ဖြတ်ပြီး လမ်းလျှောက်ပြန်လာခဲ့ကြသည်။ ဟုန်ကျွင့် အသံမထွက်သောကြောင့် လီကျင်လုံ တမင်တကာ အရှိန်လျှော့ပြီး လှည့်မေးလိုက်သည်။
"အောက်ဆင်းပြီး လမ်းလျှောက်မလား။"
ဆောင်းဦး၏နံနက်ခင်းသည် မြူနှင်းများစွာ ထူထပ်နေပြီး ဟုန်ကျွင့်ခမျာ အေးစက်သော လေများ တိုက်ခတ်သောအခါ အနည်းငယ် အန်ချင်လာ၍ တံတားအောက်တွင် ထိုးအန်ခဲ့သည်။ သူ ပြန်လှည့်လာသောအခါတွင် လီကျင်လုံက ရေထည့်ထားသော ဝါးပြွန်ကို ကိုင်လာ၏။
ဟုန်ကျွင့် ပါးစပ်ကို ဆေးကြောပြီးနောက် ယိုင်တိုင်တိုင်ဖြင့် ထလိုက်သည်။ မေပယ်ပင်အောက်ခြေသို့ ရောက်လာစဥ်အခိုက် ရုတ်တရက် အိမ်ကို သတိရသွားလေသည်။
မနေ့ညက ငှက်ကလေးများပျံဝဲပြီး သီချင်းဆိုနေသည့် မြင်ကွင်းမှာ ဟုန်ကျွင့်အား ယောက်ကျင်းနန်းတော်ထဲက ရွှေရောင်တိမ်တိုက်များကို တွေးမိပြီး ဝမ်းနည်းလာစေခဲ့၏။
"ငါ မင်းရဲ့နှလုံးမီးအိမ်ကို ဖျက်ဆီးခဲ့တာက မင်း အိမ်ပြန်မရအောင် တားမိသလို ဖြစ်သွားတာလား။"
လီကျင်လုံက အနည်းငယ်မျက်မှောင်ကြုတ်ကာ ဟုန်ကျွင့်ကို ကြည့်လိုက်သည်။ လီကျင်လုံ ထိုကောင်လေးကို သစ်ပင်အောက်မှာ ခဏထိုင်ခိုင်းထားသည်။ ဈေးထဲက ထမင်းဆိုင်ဖွင့်နေပြီမို့ မနက်စာစားပြီးမှ ပြန်ခဲ့ကြ၏။
ဤအခိုက်အထိ ဟုန်ကျွင့်တစ်ယောက် အရက်မူးနေဆဲပင်။ လီကျင်လုံကို မူးမူးဖြင့်ပင် ပြောလာသေးသည်။
"ခင်ဗျားကို ကျွန်တော့်အိမ်ခေါ်သွားမယ်။ တောင်အနောက်မှာ... ငှက်တွေ အများကြီးရှိတယ်။"
လီကျင်လုံက ရယ်လိုက်သည်။
"ဘယ်တော့လဲ။"
"အင်း... မနက်ဖြန် စောစောထွက်မယ်။"
ဟုန်ကျွင့်က လီကျင်လုံပေါ် တစ်ကိုယ်လုံးမှီအိပ်နေပြီး လီကျင်လုံလည်း သူ့ကို မတွန်းလှန်ချင်ပေ။ မေပယ်ရွက်များက ကျိုချွီတံတားအောက်တွင် ပျံဝဲကခုန်နေပြီး ဟုန်ကျွင့်ကတော့ သူ၏ဦးခေါင်းကို လီကျင်လုံ့ရင်ဘတ်ပေါ်တွင် တင်ထားကာ အလွန်သက်တောင့်သက်သာ ရှိနေသည်။
သူသည် ငယ်စဉ်ကတည်းက သစ်ကိုင်းပေါ်၌ ဤသို့လှဲလျောင်းရင်း အိပ်စက်တတ်သည်။ လေတိုက်တိုင်း သစ်ရွက်ကလေးများ လှုပ်ရှားသွားသည်မှာ သူ့အား လေထဲရောက်နေသကဲ့သို့ လွတ်လပ်ပေါ့ပါးစေ၏။
လီကျင်လုံမှာ ခေါင်းကိုက်လာသည်။
"ဟေး၊ မအိပ်နဲ့တော့။ ညပြန်ရောက်မှအိပ်၊ ထတော့။"
ဟုန်ကျွင့်က ဘာမှပြန်မဖြေတော့ဘဲ လီကျင်လုံကိုသာ ခေါင်းအုံးထားတော့သည်။ တစ်အောင့်ကြာသောအခါ လီကျင်လုံလည်း ခေါင်းစောင်းသွားလေ၏။ သူ၏အသက်ရှူသံများက တဖြည်းဖြည်း ပိုမိုလေးလာပြီး သစ်ပင်အောက်၌ အိပ်ပျော်သွားခဲ့သည်။
ရထားလုံးများနှင့် မြင်းများက ကျိုချွီတံတားပေါ်မှ ဖြတ်သန်းသွားလာနေသည်။ သခင်မကော်က ရထားလုံး ကန့်လန့်ကာကိုဖွင့်ကာ တံတားအောက်က မြင်ကွင်းကို အဝေးမှ လှမ်းကြည့်လိုက်သည်။
ကောင်းကင်တစ်ခွင်ရှိ မေပယ်ရွက်များအောက်တွင် လီကျင်လုံက သစ်ပင်ကိုမှီကာ လဲလျောင်းနေပြီး ခွေးပေါက်လေးကဲ့သို့ အရက်မူးနေသော ဟုန်ကျွင့်က သူ့ခန္ဓာကိုယ်ပေါ်တွင် တစ်ကိုယ်လုံး ပစ်တင်ကာ လဲလျောင်းနေ၏။
"သခင်မ..."
ဝတ်ရုံဝတ်ထားသည့်လူက တိုးတိုးလေး ခေါ်လိုက်သည်။
“သူက ဘယ်ကလာတာလဲ။”
သခင်မကော်က အသံနက်ကြီးဖြင့် မေး၏။
ထိုလူက ခေါင်းယမ်းပြီး: "ရွှမ်ယင် အထူးတလည် စစ်ဆေးခဲ့ပေမဲ့ သူ့ရဲ့ဇာစ်မြစ်ကို မသိခဲ့ရပါဘူး။"
သခင်မကော်က ကျိုချွီတံတားအောက် ရောက်နေသော သူ(မ)၏အကြည့်ကို ရုပ်သိမ်းပြီး ထိုအမျိုးသားကို လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသား ဝတ်ရုံကို ချွတ်လိုက်သည်နှင့် အလွန်ရုပ်ဆိုးပြီး ကြမ်းတမ်းသော မျက်နှာ၊ ရှုံ့တွနေသော အသားအရေနှင့် ရက်စက်ကြမ်းကြုတ်သော မျက်လုံးများ ပေါ်ထွက်လာသည်။
ထိုလူ၏ပါးစပ်ထောင့်တို့၌ အစွယ်လေးခု ပေါ်လာပြီး လည်ပင်းအောက်မှာလည်း မီးအမှတ်အသား တစ်ခုရှိလေ၏။ ၎င်းမှာ နဂါးနတ်ဘုရား၏ သားကိုးယောက်အနက် 'ယာကျစ်' ဖြစ်သည်။
သခင်မကော်က ဆိုလိုက်သည်။
"သွား... ပါ့ရှာ့နဲ့ စွင်းနီတို့ကို အကြောင်းကြားလိုက်။ အချိန်ကျလာရင် ငါတို့ သီးခြားစီ လှုပ်ရှားကြမယ်။ လီကျင်လုံကိုတော့ ချန်ထားခဲ့။ ပြီးမှ သူ့အရေခွံကိုခွာပြီး ချန်အန်းတံခါးမှာ ချိတ်ဆွဲထားလိုက်မယ်။"
ယာကျစ်: "ဒီညတော့ ကျွန်တော်တို့ လှုပ်ရှားလို့ရတယ်။ နတ်ဆိုးနှင်သူတွေ ဘယ်လောက်ပဲ အားကောင်းနေပါစေ လူငါးယောက်ပဲ ရှိတာ။ သူတို့က ကျွန်တော်တို့နဲ့ ရွှမ်ယင်ရဲ့ ပြိုင်ဘက်တွေတောင် မဟုတ်ဘူး။"
"ငါတို့သေချာပေါက် တည်ငြိမ်နေရမယ်။ ထန်မင်းဆက်ရဲ့ ကံကြမ္မာက မပြီးဆုံးသေးဘူး။ မိုးကြိုးဘေးဒုက္ခတွေ မဖြစ်လာအောင် နောက်ဆုံးအချိန် မရောက်သေးရင် မတိုက်သေးနဲ့ဦး။"
သို့ဖြင့် ယာကျစ်လည်း ဦးညွှတ်ပြီး ရထားလုံးပေါ်မှ ဆင်းခဲ့တော့သည်။ ထို့နောက် ရထားလုံးက ကျိုချွီတံတားပေါ်မှ ထွက်ခွာပြီး ဧကရာဇ်နန်းတော်ဆီသို့ ပြေးထွက်သွားလေ၏။
***
Aurora Novel Translation Team