အပိုင်း (၇.၁) - ဟန်မူရာဘီ (၁)
လမ်းကြားလေးထဲ၌ ညဘက် ခွေးဟောင်သံများ ရံဖန်ရံခါ ထွက်လာသည်ကလွဲ၍ အလွန်တိတ်ဆိတ်နေသည်။ လမ်းကို မြင်ရရုံလောက် မီးအိမ်အနည်းငယ်သာ ရှိသဖြင့် ငါးကြင်းမိစ္ဆာမှာ စောစောလာရန် သူသတိပေးသည်ကို နားမထောင်ဟု ဟုန်ကျွင့်ကို အပြစ်တင်နေခဲ့ပြန်သည်။
မီးရောင်က အလွန်တရာမှိန်လွန်းသဖြင့် ဆိုင်အမည်များတောင် ပျောက်နေပြီဖြစ်ပြီး နတ်ဆိုးနှင်ဌာနကို ဘယ်မှာ သွားရှာရမှန်း မသိတော့ချေ။ ဟုန်ကျွင့် ခဏရပ်ပြီး လှည့်ပတ်ကြည့်နေစဥ် မြို့တွင်း၌ ဗုံတီးသံများ ရပ်တန့်သွားခဲ့သည်။
ဟုန်ကျွင့်တစ်ယောက် လမ်းမေးရန် တံခါးများကို လိုက်ခေါက်ခဲ့သော်လည်း မည်သူကမှ မတုံ့ပြန်ခဲ့ကြပေ။ အိမ်ပေါင်းများစွာကို တံခါးခေါက်ပြီး နောက်ဆုံးမှာတော့ ဟုန်ကျွင့်၏မျက်နှာအနီး မီးခွက်ကို ဝှေ့ယမ်းနေသော စကားမပြောတတ်သည့် အဘိုးအိုတစ်ဦးနှင့်သာ တွေ့ခဲ့ရလေသည်။ ဟုန်ကျွင့်မှာ နှောင့်ယှက်မိသည့်အတွက် တောင်းပန်ကြောင်းပြောကာ လှည့်ထွက်လာခဲ့လိုက်သည်။
သူက လမ်းကြားတစ်ခုထဲ ဆင်းသွားလိုက်ပြီး စွန့်ပစ်ထားပုံရသော အိမ်တစ်လုံးဆီ သွားလိုက်သည်။ အချိန်အတော်ကြာ သန့်ရှင်းရေးမလုပ်ဘဲ ပစ်ထားခဲ့ခြင်းကြောင့် ခြံဝင်းထဲမှာ ပေါင်းပင်များဖြင့် ပြည့်ကျပ်နေလေသည်။ ဟုန်ကျွင့်တစ်ယောက် ဖုန်များကို ဂရုမစိုက်တော့ဘဲ ကြမ်းပြင်ပေါ်လှဲချလိုက်ရာ လှဲပြီးပြီးချင်းမှာပင် အိပ်ပျော်သွားခဲ့တော့သည်။
...
ထိုနေ့ညက တိမ်ညိုတိမ်မည်းများက လရောင်ကို ဖုံးလွှမ်းထားခဲ့၏။
ရှင်းချင့်နန်းတော်အတွင်း၌ အေးစိမ့်နေသော လေပြင်းများသည် တစ်စုံတစ်ယောက် မှုတ်ထုတ်လိုက်သည့်အလား တိုးဝင်လာသဖြင့် ပိတ်ကျဲစကန့်လန့်ကာများ တဖျပ်ဖျပ်ခတ်သွားခဲ့သည်။ ဖယောင်းတိုင်မီးများကလည်း လေတိုက်ခတ်ရာအတိုင်း ယိမ်းနွဲ့ကုန်သည်။
အနက်ရောင်ပန်းထိုး၀တ်စုံကို ဝတ်ဆင်ထားသည့် မြင့်မြတ်သော အမျိုးသမီးတစ်ဦးက ခန်းမဆောင်ထဲရှိ ပင်မထိုင်ခုံတွင် ထိုင်နေ၏။ သူ(မ)ဘေးရှိ အမျိုးသားသုံးဦးအနက် တစ်ဦးက အင်္ကျီအတွင်းမှ သွေးစွန်းနေသည့် လက်တစ်ဖဝါးစာ အရာဝတ္ထုတစ်ခုကို ထုတ်ယူလိုက်သည်။
သူက ရှေ့သို့တစ်လှမ်းတက်ကာ လင်ပန်းထဲထည့်၍ ဆင်သလိုက်သည်။
"ဒါက ဘာလဲ။"
အမျိုးသမီးက မေးလေသည်။
"ဖေးအောင် မြို့ပြင်မှာ အမဲလိုက်ရင်း ဒီဓားနဲ့ အထိုးခံခဲ့ရတာပါ။"
အမျိုးသားက ပြောလာခဲ့သည်။
"သူ့ဒဏ်ရာတွေကို ကုသဖို့ သာ့မင်နန်းဆောင်မှာ ပုန်းအောင်းနေပါတယ်။"
မြင့်မြတ်သောအမျိုးသမီးက သူ(မ)၏သွယ်လျသော လက်ချောင်းများဖြင့် ပျံသန်းနေသောဓားကို လွှဲယူလိုက်သည်။ သူ(မ) ၎င်းကို တစ်ခဏတာမျှ ကြည့်နေစဉ် နတ်ဓားပျံပေါ်၌ သူ(မ)၏ ကျက်သရေရှိသော မျက်နှာက ရောင်ပြန်ဟပ်သွားခဲ့သည်။
"ငါ ဒါကို မမြင်ဖူးဘူး။"
ဓားပျံကို နံဘေးက ဗန်းပေါ်ပြန်ချကာ ပြတ်ပြတ်သားသား ဆိုလိုက်သည်။
“တစ်ယောက်ယောက်က ကျွန်တော်တို့နောက်ကို လိုက်နေတာပါ။”
နောက်ထပ် လူတစ်ယောက်က ပြောလာခဲ့၏။
“နှစ်တွေတောင် တော်တော်ကြာနေပြီ။”
မြင့်မြတ်သောအမျိုးသမီးက အေးစက်စွာ ရေရွတ်နေသည်။
“အခုမှ ရောက်လာတယ်ပေါ့။ ဒီဓားပျံကို မနက်ဖြန် အရှင်မင်းမြတ်ဆီ အပ်နှံလိုက်မယ်။ သူဘယ်လိုစီရင်မလဲ ကြည့်ကြတာပေါ့။ ဓားပျံပိုင်ရှင်ကရော?"
"လီကျင်လုံ သူ့ကို လိုက်ဖမ်းခဲ့ပြီး နှစ်ယောက်သား တိုက်ခိုက်ခဲ့ကြပါသေးတယ်။"
တတိယလူက ပြောလိုက်သည်။
"ကျွန်တော်တို့ လိုက်ရှာနေတုန်း ပျောက်သွားခဲ့တယ်။ ကျွန်တော် စိုးရိမ်မိတာက..."
"ဟားဟားဟား..."
ထိုအခိုက် မြင့်မြတ်သော အမျိုးသမီးက တုန်လှုပ်ချောက်ချားစရာ ကောင်းလောက်အောင် ရယ်မောလိုက်၏။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ရူးမိုက်မိုက် လီကျင်လုံက နတ်ဆိုးတွေကို သတ်ဖို့ အိပ်မက်မက်နေတုန်းပဲတဲ့လား။"
"မနေ့ညက အဖြစ်အပျက်ပြီးတော့ ဖေးအောင်က မြို့ရိုးထိပ်မှာ မတော်တဆ ပေါ်လာခဲ့ပါတယ်။ အဲဒီကိစ္စအကြောင်း အပြင်မှာ ကောလာဟလတွေ ပျံ့နေပြီ။ ချန်အန်းမှာ မိစ္ဆာတစ်ကောင် ရှိနေပြီတဲ့။"
"အို..."
မြင့်မြတ်သော အမျိုးသမီးက သံရှည်ဆွဲလိုက်ပြီးမှ စကားဆက်သည်။
"ချန်အန်းမှာ မိစ္ဆာတစ်ကောင် ရှိတယ်တဲ့လား။ ဒါကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ။ ဧကရာဇ်က ရာဇပလ္လင်ပေါ် ရှိနေတယ်။ ကမ္ဘာကြီးကလည်း ငြိမ်းချမ်းနေတယ်။ မိစ္ဆာက ဘယ်ကနေ ပေါ်လာပါလိမ့်။ ဓားပျံပိုင်ရှင်ကို အရင်ရှာရအောင်။ ရှာတွေ့ပြီးရင် ဖေးအောင်ရှေ့ ခေါ်သွားပြီး ကျွေးလိုက်!"
...
ဆောင်းဦး၏ မနက်စောစောဖြစ်၍ ကျေးငှက်ကလေးအချို့၏ တေးဆိုသံများက ချန်အန်းတစ်ခွင် ပျံ့လွင့်နေသည်။ ပြီးနောက် တစ်ခဏအကြာတွင် စွန့်ပစ်ထားသော အိမ်အပြင်ဘက်ရှိ သစ်ပင်ပေါ်မှ အတောင်ပံခတ်သံများ ထွက်ပေါ်လာကာ ငှက်ကလေးများအားလုံး ပျံသန်းသွားကြကုန်သည်။
ခြံရှေ့မှ ရုတ်တရက် ကျယ်လောင်သော ဆူညံသံ တစ်ခုကြောင့် ဟုန်ကျွင့်နှင့် ငါးကြင်းမိစ္ဆာတို့ အိပ်ပျော်နေရာကနေ လန့်နိုးလာ၏။
ငါးကြင်းမိစ္ဆာက အိတ်ထဲကနေ ခုန်ထွက်လိုက်ပြီး ပလက်ပလက်အသံနှင့်အတူ ၎င်း၏အမြီးဖြင့် ခုန်ဆွခုန်ဆွလုပ်နေခဲ့သည်။
"ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ!"
ဟုန်ကျွင့်က သူ့လက်နှစ်ဖက်ကို နောက်ပြန်ထောက်ကာ မြေကြီးပေါ်ကနေ ဂျွမ်းထိုးလျက် လျင်မြန်ဖျတ်လတ်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။
"ဒါက ဘယ်နေရာလဲ။"
"တစ်ယောက်ယောက်ရှိလား။"
ထိုစဥ် အမျိုးသားတစ်ယောက်က တံခါးဖွင့်ကာ လျှောက်ဝင်လာခဲ့သည်။ နေရောင်စူးစူးကြောင့် ဟုန်ကျွင့်လည်း ချက်ချင်းဆိုသလို သူ့မျက်နှာကိုကွယ်ရန် လက်မြှောက်လိုက်ရ၏။ မှုန်ဝါးနေသော နေရောင်အောက်မှာ အရပ်ကိုးပေနီးပါးရှိသည့် ပိန်ပိန်ပါးပါး လူငယ်လေးက သူ့ကို အံ့အားသင့်စွာ ကြည့်နေသည်အား တွေ့လိုက်ရသည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ခဏမျှ စိုက်ကြည့်နေခဲ့ကြ၏။ တစ်ဖက်လူက ပါးရိုးမြင့်ပြီး မျက်ခုံးမွေးများက လင်းယုန်အမွေးတောင်သဖွယ် ထူထဲလှသည်။ ထိုသူ၏နှုတ်ခမ်းများက ကောင်းကောင်း ထုဆစ်ထားသကဲ့သို့ ကြည့်ကောင်းပေ၏။ အသားအရေကတော့ တစ်နှစ်ပတ်လုံး နေရောင်နှင့်ထိတွေ့ထားသည့်နှယ် ကြေးဝါရောင်မျိုးပင်။
ပခုံးထက်မှာ အနက်ရောင် အမဲလိုက် လေးတစ်စင်းကို လွယ်ထားပြီး မုဆိုးတစ်ယောက်ကဲ့သို့ ခါးမှာ အဝတ်စတစ်ထည် ပတ်ထား၏။
ထိုလူ့မှာ ကျယ်ဝန်းသောပခုံးနှင့် ခါးကျဉ်းကျဉ်းတို့ ရှိသောကြောင့် အမဲလိုက်အင်္ကျီကို ၀တ်ထားသည့်တိုင် ထူးခြားသည့်ပုံပေါ်နေဆဲပင်။
ငါးကြင်းမိစ္ဆာက သူ့ရင်ဘတ်သူ ဖိလျက် ဆိုလာလေ၏။
“မိစ္ဆာကို လန့်သေအောင် ခြောက်နေတာပဲ။”
လူငယ်က ငါးကြင်းမိစ္ဆာကို မြင်လိုက်ရသည်နှင့် ရုတ်တရက် လန့်ဖျပ်သွားပြီး သူ့နောက်ကျောဘက်က မြားတစ်စင်းကို ဆွဲထုတ်ကာ လေးကြိုးပေါ် တင်လိုက်သည်။ ဟုန်ကျွင့်လည်း အထိတ်တလန့်ဖြင့် ငါးကြင်းမိစ္ဆာ၏အရှေ့မှာ ချက်ချင်းဝင်ရပ်ရင်း အလျင်စလို ရှင်းပြလိုက်သည်။
"ဒီမိစ္ဆာက လူတွေကို ဒုက္ခမပေးပါဘူး၊ ငါက နတ်ဆိုးနှင်သူပါ!"
တစ်ဖက်ကလည်း ငါးကြင်းမိစ္ဆာဖြတ်ပြောနေမည်ကို စိုးရိမ်သဖြင့် ခပ်မြန်မြန် ဆက်ပြောလိုက်သည်။
"ကျောက်ကျစ်လုံ၊ ပေါက်ကရတွေ မပြောတော့နဲ့!"
လူငယ်က သူ၏လေးနှင့်မြားတို့ကို ဖယ်လိုက်ပြီး ဟုန်ကျွင့်ကို သံသယအကြည့်တို့ဖြင့် ကြည့်လာလေ၏။
"မင်းက နတ်ဆိုးနှင်သူလား။ နတ်ဆိုးနှင်သူက ဘယ်လိုဖြစ်လို့ မိစ္ဆာတစ်ကောင်ကို သယ်လာရတာလဲ။ ပြီးတော့ ငါတို့က ဘယ်သူ့ကို အစီရင်ခံရမှာလဲ။"
ဟုန်ကျွင့်: "အစီရင်ခံရမှာလား။"
ထိုအခါ လူငယ်က သူ့လက်ကိုမြှောက်၍ ဟုန်ကျွင့်၏ဦးခေါင်းထိပ်ကို ညွှန်ပြပြီး လှည့်ကြည့်ရန် အချက်ပြသည်။ ဟုန်ကျွင့်လည်း ကပျာကယာ မျှော်ကြည့်လိုက်သော် 'မဟာထန်နတ်ဆိုးနှင်ဌာန' ဟူသော စာလုံးများပါသည့်ကမ္ဗည်းပြားကို စွန့်ပစ်ထားသော အရှေ့ခန်းတွင် ချိတ်ဆွဲထားသည်အား တွေ့လိုက်ရတော့၏။
...
ရှင်းချင့်နန်းဆောင်၏ ဥယျာဉ်ထဲ၌။
တံတိုင်းအပြင်ဘက်ရှိ ကောင်းကင်အထက်တွင် တိမ်တိုက်များ ဖုံးလွှမ်းနေသော်လည်း အလွန်ပူပြင်းနေသည်။ မဟာထန်၏ ရွှမ်ကျုန်းဧကရာဇ် လီလုန်ကျီးသည် ချစ်လှစွာသော ကြင်ယာတော်ယန်ယွိဟွမ်ကို ပူးကပ်ကာ ဖက်ထားချင်သောငြား အလွန်အမင်း ပူနေသောကြောင့် သူ(မ)နှင့် လူချင်းခွဲထားခဲ့သည်။ သို့သော် သူ(မ)ကို ဖက်ထားချင်မိပြန်၏။ ခဏအကြာတွင် သူတို့နှစ်ယောက် ချွေးစက်များ ရွှဲနစ်နေသည့်အကြားမှ ဆီးဖျော်ရည်ကိုသောက်ရင်း လက်ချောင်းချင်း ချိတ်ထားရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ယန်ယွိဟွမ်၏အစ်မဖြစ်သူ သခင်မကော်က ဘေးနားရှိ လိုင်ချီးသီးများကို အခွံခွာပြီး ငါးရောင်ခြယ်ဖန်ဇလုံတစ်ခုထဲသို့ ထည့်ကာ ရေခဲတုံးများဖြင့် အအေးခံထားပေးလေသည်။ သူ(မ)၏ဝမ််းကွဲဖြစ်သည့် အမတ်ချုပ်ယန်ကော်ကျုံးက အခွံခွာထားသော လိုင်ချီးသီးများကို တစ်လုံးချင်း ယူစားနေ၏။
"ဝူလုံစစ်တပ်က လီကျင်လုံ လုပ်ကြံဖန်တီးထားတဲ့ ရူးနှမ်းတဲ့ ပုံပြင်တစ်ပုဒ်သက်သက်ပဲ။ သူ့ရဲ့ လက်အောက်ငယ်သားတွေက အရက်မူးပြီး ရန်ပွဲဖြစ်နေတဲ့အချိန်မှာ သူက တာဝန်ချိန်အတွင်း ပြည့်တန်ဆာအိမ်ကို ခိုးထွက်သွားတာ။ နောက်ရက်မနက်ကျ သူလုပ်ထားတဲ့ ပြဿနာတွေကို မရှင်းနိုင်တော့တာနဲ့ ဒီလို အဓိပ္ပာယ်မရှိတဲ့ ပုံပြင်ကို လျှောက်လုပ်တော့တာပဲ။"
ယန်ကော်ကျုံးက ဝမ်းသာအားရဖြင့် ပြောပြနေခဲ့သည်။
ထိုအခါ သခင်မကော်က ပြောလိုက်သည်။
"အဲဒီလူကို သေချာလေး ကိုင်တွယ်မှ ဖြစ်လိမ့်မယ်။ သူက ထိန်းချုပ်မှုမကောင်းဘူး ပေါ့လျော့တယ်၊ သူ့တာဝန်ကို လစ်လျူရှုတယ်၊ ဧကရာဇ်ကို လှည့်စားတယ်၊ ကောလာဟလတွေ ဖြန့်တယ်။"
ယန်ယွိဟွမ်က ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်နှယ် ဝင်ထောက်လိုက်သည်။
"လီကျင်လုံက စစ်သူကြီးဖန်းရဲ့ဝမ်းကွဲ မဟုတ်လား!"
"သူပဲ!"
ယန်ကော်ကျုံးကလည်း ထောက်ခံလေသည်။
"ချန်ချင် ဟိုတစ်ရက်ကပြန်ရောက်တော့ ဒီလူငယ်ကို ရာထူးတိုးပေးဖို့ ထောက်ခံစာ တင်ပြခဲ့သေးတယ်။ ဒီကောင်လေး စစ်မှုထမ်းကောင်းတံဆိပ်ရနိုင်အောင် စစ်ပွဲတွေဆီ ခေါ်သွားချင်လို့တဲ့။ ဒီကောင်က အလုပ်မရှိဘဲ အားယားနေတာ။ သူ့ကို ဝေးလံခေါင်သီတဲ့ စစ်စခန်းတစ်ခုခုဆီ နှစ်အနည်းငယ်လောက် ပို့ထားလိုက်ရင် ငြိမ်သွားလိမ့်မယ်။"
လီလုန်ကျီးက တဟားဟားရယ်ရင်း ဝင်ပြောတော့မည့်အခိုက် သူ၏အမူအရာကို ကြည့်နေသူ ယန်ယွိဟွမ်မှာ သည်းမခံနိုင်တော့ဘဲ ဝင်ဆိုလေ၏။
“စစ်သူကြီးဖန်းက တိုင်းပြည်အတွက် စစ်ရေးအရ အောင်မြင်မှု ရလာတာဆိုတော့ သူ့ညီဝမ်းကွဲကို ဒီတိုင်းကြီး နယ်နှသ်ဒဏ်ပေးလိုက်တာက သိပ်မသင့်တော်ပါဘူး။ ဘာပဲဖြစ်ဖြစ် လူငယ်သဘာဝ သွေးဆူတတ်တာ ပြစ်မှုကြီးမှမဟုတ်တာ။”
"အဲဒီနှစ်တုန်းကဆို နယ်စားမင်းတိက အသက်ကြီးပြီး မူးလဲမတတ် ဖြစ်နေတာတောင် နတ်ဆိုးတွေ၊ နတ်ဆိုးတွေ ဆိုတဲ့ အကြောင်းပဲ တစ်နေကုန် ပြောနေခဲ့တာ။ 'နတ်ဆိုးနှင်ဌာန' ကိုလည်း တည်ထောင်ခဲ့တယ်မလား။ အဲဒီဌာနကို တရားစီရင်ရေးဌာနက တိုက်ရိုက် စီမံခန့်ခွဲခဲ့ပြီး နောက်ပိုင်း မြို့တော်ကိုလည်း အတူတူ ပြောင်းရွှေ့လာခဲ့တယ်မလား။"
ယန်ယွိဟွမ်: "ကျွန်မ ငယ်ငယ်တုန်းကကိစ္စတစ်ခုကို မှတ်မိသေးတယ်။"
"နင် မြေခွေးဖြူအကြောင်း ထပ်ပြောတော့မယ်ဆိုတာ ငါ သိတယ်နော်။"
သခင်မကော်က ပြုံးလျက် ဆိုလေသည်။
လီလုန်ကျီး: "ဒါကိုပြောတော့မှ ကိုယ်တော်လည်း ငယ်ငယ်တုန်းက ကောင်းကင်ကို ယဇ်ပူဇော်နေတဲ့အချိန် ရေထဲမှာ ကူးခတ်နေတဲ့ နဂါးနက်တစ်ကောင်ရဲ့ နောက်ကျောကိုတောင် မြင်ခဲ့ရသေးတယ်။"
ထို့နောက် ယန်ယွိဟွမ်က ပြုံးပြီးပြောပြ၏။
"ဒါက ကံတရားပဲလေ။ ကမ္ဘာပေါ်က လူတွေက သူတို့ရဲ့အလှကို မသိတော့ နတ်ဆိုးလို့ ခေါ်နေကြတာ။ အရှင့်ရဲ့ ဘုန်းကံက ကံတရားရဲ့သက်သေ မဟုတ်ဘူးလား။"
"ဟုတ်တယ်။"
လီလုန်ကျီးက ခေါင်းညိတ်လေသည်။
"ကောင်းပြီ၊ လီကျင်လုံမှာ အံ့သြစရာကောင်းတဲ့ အကြံဉာဏ်တွေ ရှိပြီး အစွမ်းအစတွေ ရှိတယ်ဆိုမှတော့ သူ့ကို နတ်ဆိုးနှင်ဌာနကို တာဝန်ယူဖို့ စေလွှတ်လိုက်ကြမယ်၊ ဘယ်လိုလဲ။"
ယန်ကော်ကျုံးနှင့် သခင်မကော်တို့အားလုံး ထိတ်လန့်သွားသော်ငြား ယန်ယွိဟွမ်ကတော့ ပြုံးလိုက်၏။ ထိုအခိုက် သခင်မကော်၏ပါးစပ်ထောင့်က အနည်းငယ် လှုပ်သွားသော်လည်း သူ(မ) မည်သို့ ပြန်ပြောရမည်အား မသိဘဲ ဖြစ်နေသည်။
လီလုန်ကျီး: "ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ နတ်ဆိုးနှင်ဌာနက ဘယ်မှာလဲဆိုတာတော့ ကိုယ်တော်လည်း မသိဘူး၊ ဒါပေမဲ့ ရှိမယ်လို့ ထင်တာပဲ။ လူက လုံဝူစစ်တပ်ထဲက ဖြစ်နေတယ်ဆိုတော့ သူ စစ်တပ်ထဲမှာ ဆက်နေလို့ မရနိုင်တော့ဘူး။ သူ့ကို နတ်ဆိုးနှင်ဌာနမှာ အစောင့်အကြပ်လုပ်ဖို့ လွှတ်လိုက်တာပဲ ကောင်းမယ်။ အဲ့ကို ပေးသွားပြီး ဖန်းချန်ချင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်တာပေါ့။ "
ယန်ကော်ကျုံး: "..."
***
Aurora Novel Translation Team
အပိုင်း (၇.၂) - ဟန်မူရာဘီ (၂)
စွန့်ပစ်ထားသော အိမ်ထဲရှိ ဟုန်ကျွင့်နှင့် ချောမောသော လူငယ်လေးမှာမူ စုရပ်က ဤနေရာဖြစ်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြပေ။ သို့သော် ဤနေရာသည် နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားခဲ့ရသည်မှာ သိသာထင်ရှားလှပြီး အိမ်ရှေ့ခန်းမပင် ပင့်ကူမျှင်များအောက် ပုံပျက်နေချေပြီ။
စတုတ္ထမြောက် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသောအခါဝယ် အတွင်းဘက်နေရာက အမှန်တကယ်ပင် ကျယ်ဝန်းလှကြောင်း တွေ့လိုက်ရလေသည်။ အိမ်ရှေ့ခန်းမတွင် ယိုယွင်းပျက်စီးနေသည့် သေတ္တာပေါင်းများစွာ ရှိရာ ဟင်းလင်းပြင်ကြီးတစ်ခု ရှိနေသော်ငြား သေတ္တာများအတွင်းတွင်တော့ ဘာမှ မရှိတော့ပေ။
လူငယ်၏အမည်မှာ မော့ရစ်ကန်းဖြစ်ပြီး သူသည် ရှစ်ဝေမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ အမှန်တကယ်တွင် သူကလည်း သတင်းပို့အစီရင်ခံရန် လာရောက်သော နတ်ဆိုးနှင်သူတစ်ဦးပင်။ သူက ဟုန်ကျွင့်ထံမှ ဖိတ်ခေါ်စာအား ကြည့်နိုင်မလားဟူ၍ တောင်းဆိုလာ၏။
ဟုန်ကျွင့်က အသာတကြည်ပေး၍ အပြင်ဘက်သို့ ဂရုတစိုက် ကြည့်ရှုနေခဲ့သည်။ ပေးစာနှစ်စောင်ပါ ယေဘူယျ သတင်းစကားမှာ 'ချန်အန်းတွင် မိစ္ဆာများ ခိုအောင်းနေ၍ နိုင်ငံတစ်ဝှမ်းမှ အထွတ်အမြတ်ထားသော မိသားစုများမှ ပါရမီရှင်များကို ချန်အန်းရှိ နတ်ဆိုးနှင်ဌာနသို့ လာရောက်ရန်' ဖိတ်ကြားထားခြင်းဖြစ်သည်။
မော့ရစ်ကန်း စာကိုဖတ်နေချိန် ဟုန်ကျွင့်တစ်ယောက် စွန့်ပစ်ထားသည့် ခြံဝန်းထဲ လှည့်ပတ်သွားလာနေခဲ့သည်။ ခြံဝင်းအတွင်း၌ စိုက်ထားသော တံစက်မြိတ်ထက်မြင့်သည့် သဖန်းပင်တစ်ပင်ကို တွေ့လိုက်ရသောအခါတွင် နှလုံးသားထဲက ရင်းနှီးမှုကို ခံစားလိုက်ရလေ၏။
အရှေ့နှင့်အနောက်ဘက်ခြမ်းကို အမိုးပါသော စင်္ကြံနှစ်ခုဖြင့် ချိတ်ဆက်ထားသည်။ အခန်းတံခါးများနှင့် ပြတင်းပေါက်များသည် စုတ်ပြတ်နေပြီး ကြွက်များလည်း ဟိုဟိုသည်သည် ပတ်ပြေးနေကြ၏။
အတွင်းဘက်အဆုံးတွင် ကျယ်ဝန်းသော ခန်းမတစ်ခုရှိသည်။ ခန်းမကျယ်ကြီးထဲတွင် ဝါးထိုင်ခုံ တစ်လုံးရှိကာ လက်ဖက်ရည်စားပွဲတစ်ခုလည်း ရှိနေသော်ငြား အချိန်ကြာလာပြီမို့ အရာအားလုံး ပျက်စီးသွားချေပြီ။ ကြွေခွက်အချို့လည်း သစ်သားစားပွဲအောက်မှာ ပြန့်ကျဲနေကြသည်။
အိမ်နောက်ဖေးတွင်တော့ မြင်းစောင်းနှင့် အလုံပိတ်ထားသော အနောက်တံခါးတစ်ချပ် ရှိသည်။
"ခုန်ဟုန်ကျွင့်!"
စာကို ဖတ်ပြီးနောက် အိမ်ရှေ့ခန်းရှိ မော့ရစ်ကန်းတစ်ယောက် လျင်မြန်စွာ ပြေးလာ၏။ သူ၏ ရှည်လျားသော ဦးခေါင်းက တံခါးဘောင်ကိုပင် ထိလုနီးပါးဖြစ်နေပေပြီ။
"ငါတို့စာတွေက အတူတူပဲ။"
ဟုန်ကျွင့် : "ထူးဆန်းလိုက်တာ။"
သူ့စိတ်ကူးထဲတွင် ထန်မင်းဆက်၏ နတ်ဆိုးနှင်ဌာနသည် ဒဏ္ဍာရီထဲကအတိုင်း အစိုးရနှင့်လက်မတွဲဘဲ လူများစုစုဝေးဖြင့် စည်ကားသော နေရာဖြစ်လေသည်။ ယခုမူ မည်သူမျှ မရှိနေသော ဟောင်းနွမ်းသည့် အဆောက်အပုံကြီး ဖြစ်နေပေသည်။
ဒါဆို စာကို ဘယ်သူပို့လိုက်တာလဲ။
တောင်ပေါ်က မဆင်းခင် ချင်းရှုံသည် စာက ဘယ်ကလာကြောင်း တစ်ခါမျှ မပြောခဲ့ဖူးသလို အနှီစာရေးသူ မိသားစုက မည်သို့သောလူမျိုးဖြစ်ကြောင်းလည်း မပြောခဲ့ပေ။ သို့သော် ဤအတိုင်းဆိုလျှင် တစ်စုံတစ်ယောက်က ၎င်းကို လက်ဖြင့် စာရွက်အောက်၌ 'တိ' ဟု ရေးထိုးကာ ပေးပို့ခဲ့ခြင်းဖြစ်မည်။
"စာပို့သူက တိရန်ကျယ်များလား။"
မော့ရစ်ကန်းက ဆိုလိုက်သည်။
"သူသေသွားတာဖြင့် နှစ်အတော်ကြာပြီ မဟုတ်ဘူးလား။"
ငါးကြင်းမိစ္ဆာ: "မင်းတို့ နံရံကို လာကြည့်ကြဦး!"
ငါးကြင်းမိစ္ဆာသည် ပင်မခန်းမတွင် ရပ်ကာ ခေါင်းကို ဘေးတိုက်စောင်းလျက် အော်ပြောလိုက်သည်။
ဟုန်ကျွင့်: "ဟင်?"
ဟုန်ကျွင့် ရှေ့သို့ လှမ်းကာ နံရံပေါ်ရှိ ဖုန်မှုန့်များကို သုတ်လိုက်ရာ နံရံပေါ်တွင် ခရမ်းရောင် အ၀တ်အစားများ ၀တ်ထားသည့် အရာရှိတစ်ဦး ထိုင်နေသော ပန်းချီအား ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။
မော့ရစ်ကန်း: "ဒါသူပဲ!!"
ဟုန်ကျွင့်: "နတ်ဆိုးနှင်ဌာနကို တခြားနေရာကို ရွှေ့လိုက်တာများလား။"
မော့ရစ်ကန်း: “စာထဲမှာ ပါတဲ့နေရာက ဒီနေရာပဲလေ။ ဒါ့ထက် ဒီနေရာကြီးက နှစ်တွေအကြာကြီး စွန့်ပစ်ထားခဲ့တာ သေချာတယ်။ ယာယီ ရွှေ့ပြောင်းသွားတယ်လို့တော့ မထင်ဘူး။"
ဟုန်ကျွင့်လည်း ပျက်စီးနေသော အတားအဆီးများကို ကျော်ဖြတ်ကာ ပန်းချီကားရှေ့မှာ ခဏ ရပ်လိုက်သည်။ တောင်တန်းများနှင့် မြစ်များစွာကို ဖြတ်သန်းကာ နောက်ဆုံး မိုင်ထောင်ပေါင်းများစွာ ခရီးနှင်လာခဲ့သော်ငြား သူစိတ်ကူးထားသည့် နေရာနှင့် လုံးဝခြားနားနေသည့် နေရာကိုသာ တွေ့လိုက်ရ၏။
ရုတ်တရက် တောင်ပေါ်ကို အကြာကြီး တက်လိုက်ရပြီးမှ ဘာမှမရသွားသူသကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်သွားလေ၏။ ထိုအခိုက်အတန့်၌ ခြံရှေ့က နောက်ထပ်အသံ ထပ်ကြားလိုက်ရသည်။
"အိုက်ယိုး! တံခါးတော့ ပြုတ်သွားပြီ။ တစ်ယောက်ယောက်များ ရှိလား။"
ပြေးကြည့်လိုက်သောအခါ စတိုင်ကျသော အသွင်အပြင်နှင့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ပြီး စောင်းတစ်လက်လွယ်ထားသည့် ဟူလူမျိုး လူငယ်တစ်ယောက် ခြံဝင်းထဲ ရပ်နေသည်အား တွေ့လိုက်ရသည်။ သူ့အနောက်၌ အထုပ်အပိုး ကြီးကြီးသေးသေးများကို ထမ်းလာသည့် လူနှစ်ယောက်လည်း ပါသေးသည်။
၎င်းတို့ ခရီးဆောင်အိတ်များကို ခြံထဲ ယူလာကြစဥ် လူငယ်က ငွေစများပေးချေနေ၏။
အရပ်မြင့်မြင့်၊ မျက်လုံးနက်နက်၊ ဆံပင်ကောက်ကောက် ရှိသော အနှီလူငယ်လေးက သူ၏လက်ချောင်းများ၌ လက်စွပ်လေးကွင်းကို ဝတ်ဆင်ထားသည်။ ထို့အပြင် အပြာရောင် ကျောက်မြက်များ စီခြယ်ထားသည့် ယပ်တောင်တစ်လက်ကိုတော့ နေပူကာရန် သူ့ခေါင်းပေါ်တွင် တင်ထားသည်။ သူသည် ပတ်ဝန်းကျင်ကို ဘယ်ညာဝေ့ကြည့်ရင်း စိတ်ရှုပ်နေပုံရ၏။
မော့ရစ်ကန်းနှင့် ဟုန်ကျွင့်တို့ အိမ်ရှေ့ဧည့်ခန်းမှ ပြေးထွက်လာခဲ့ကြသည်။
"ဟေး!"
လူငယ်လေး အော်လိုက်ရာ နှစ်ယောက်စလုံး လန့်ဖျပ်သွားခဲ့သည်။
"ဟေး၊ ဟန်မူရာဘီ။"
ဟူလူငယ်က လက်နှစ်ဖက်ကို ဖွင့်ပြီး ဆိုလိုက်၏။
"ထန်မင်းဆက်ရဲ့ ချစ်လှစွာသော သူငယ်ချင်းတို့ မင်္ဂလာပါ။"
ထို့နောက် ချက်ချင်းဆိုသလို လူငယ်က ရှေ့သို့ လျင်မြန်စွာ လျှောက်သွား၍ မော့ရစ်ကန်းကို ဦးစွာ ပွေ့ဖက်လိုက်ပြီး ဟုန်ကျွင့်ကိုလည်း အားတင်းတင်းဖြင့် ပွေ့ဖက်လိုက်လေသည်။
"ငါက ထိုက်လောပုတမီရာ့ ဟော့မီဟော့ခဲ့ ဟန်မူရာဘီပါ။ ဒါပေမဲ့ မင်းတို့ ငါ့ကို အားထိုက်လို့ ခေါ်လို့ရတယ်။"
အားထိုက်ဟုခေါ်သော ဟူလူငယ်က သူ့ကိုယ်သူ မိတ်ဆက်ကာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်လျက် ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်သွားလေသည်။
“ခွင့်လွှတ်ပါ၊ ဒါ ထန်မင်းဆက်ရဲ့ နတ်ဆိုးနှင်ဌာနလား ဒါက ငါ့ရဲ့ အကြံပြုစာပါ။ ဘယ်တစ်ယောက်က တာဝန်ရှိအရာရှိလဲ။"
မော့ရစ်ကန်းနှင့် ဟုန်ကျွင့်တို့ တစ်ချိန်တည်းတွင် အံသြသွားသော်လည်း တစ်ဖက်လူ မေးခွန်းများ ထပ်မမေးရသေးခင် နောက်တစ်ယောက်က ထပ်ဝင်လာခဲ့ပြန်သည်။
"တစ်ယောက်ယောက်ရှိလား။"
သူတို့သုံးယောက် တစ်ပြိုင်နက် ခေါင်းလှည့်ကြည့်လိုက်သောအခိုက်ဝယ် အရပ်မြင့်မြင့်၊ ပညာရှိအသွင်ဖြင့် လူငယ်တစ်ဦး ခြံအပြင်ဘက်မှ ခေါင်းသွင်းလျက် ခြံထဲသို့ လှည့်ပတ်စူးစမ်းကြည့်နေသည်အား တွေ့လိုက်ရ၏။
"ကျွန်တော်မျိုးက ကျန်းနမ် ဇာတိကဖြစ်တဲ့ ချိုယုံစစ်ပါ။"
ချိုယုံစစ်က သူ့လက်ကို ရင်ဘတ်ရှေ့၌ လက်သီးဆုပ်လျက် ယဥ်ယဥ်ကျေးကျေး ဂါဝရပြုလိုက်သည်။
"အဘိုးက အကြံပြုလို့ ဒီကိုလာခဲ့တာပါ။ ဘာဖြစ်နေတာလဲ။ မင်းတို့ရဲ့....အမူအရာတွေက..."
"ဒီလောက်....ထူး...ဆန်းရလား။ အမ်? နတ်ဆိုးနှင်ဌာနမှာ ဘာလို့ မိစ္ဆာတစ်ကောင်က ရှိနေတာလဲ!"
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာသောအခါ လူတိုင်းက စာတစ်စောင်စီ ယူလာပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်ရှုပ်ထွေးနေသည့် အကြည့်များဖြင့် ကြည့်နေခဲ့ကြလေသည်။
"ဒါကတော့ မဟုတ်သေးဘူး။ မင်းတို့အားလုံး သတင်းပို့ဖို့ ရောက်နေကြတာလား။ တရားစီရင်ရေးဌာနက တာဝန်ခံထားတာများလား။"
ရှစ်ဝေဇာတိ မော့ရစ်ကန်းက မေးလိုက်သည်။
ချိုယုံစစ်: "ဒီကိုမလာခင် ငါ တရားစီရင်ရေးဌာနကို အရင်သွားခဲ့သေးတယ်။ ဒါပေမဲ့ သူတို့က ဂရုတောင်မစိုက်ဘူး။"
ထိုအခါ တိုင်းတစ်ပါးသားတစ်ဦးဖြစ်သည့် အားထိုက်ကလည်း ဆိုလာခဲ့သည်။
"ငါလည်း တော်ဝင်အခမ်းအနား ကြီးကြပ်ရေးဌာနမှာ မေးခဲ့တယ်၊ သူတို့လည်း ဂရုမစိုက်ကြဘူး။"
လူလေးယောက် ဝိုင်းထိုင်ပြီး တိတ်ဆိတ်သွားခဲ့ကြသည်။ လူလေးယောက်စလုံး ဖိတ်ခေါ်စာကို လက်ခံရရှိကာ ပေါင်းပင်များ ထူထပ်ပေါများလွန်းလှသည့် စွန့်ပစ်ထားရာဌာနတစ်ခုဆီ ရောက်လာခဲ့ကြရသည်။
"တစ်ခုခုကတော့ သံသယဝင်စရာ ကောင်းနေပြီ။"
အားထိုက်က ယပ်တောင်တဖျပ်ဖျပ်ခတ်ရင်း ခန်းမထဲမှ မော့ရစ်ကန်းကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။
"ငါက ထူဟောလော်မှာ နေတယ်။ ညီအစ်ကို မော့ရစ်ကန်းက မြက်ခင်းလွင်ပြင်ကြီးက လာတာ။ ဒီက ညီအစ်ကိုအလှလေးက...."
"ငါ့နာမည်က ဟုန်ကျွင့်ပါ။ ခုန်ဟုန်ကျွင့်..."
"မင်းဘယ်မှာနေတာလဲ။" အားထိုက်က ပြုံးပြီးမေး၏။
"ထိုက်ဟန်တောင်တန်း။"
"မင်းရော?"
အားထိုက်က ချိုယုံစစ်ကိုလည်း လှည့်မေးလိုက်ပြန်သည်။
"အနောက်ရေကန်။"
"ငါတို့အားလုံးက အနီးကလူရော အဝေးကလူရော ပါတယ်။ စာရတဲ့ အချိန်တွေကျတော့ မတူကြဘူး။ ဘာလို့ အဲ့နေ့မှ ချန်အန်းကို ရောက်လာကြတာလဲ။"
"ဟုတ်သားပဲ!"
ဟုန်ကျွင့် ထောက်ခံလိုက်သည်။
ချိုယုံစစ်: "အိုး... မင်းတို့လည်း အခုမှ ရောက်တာလား။"
"ဟုတ်တယ်။"
မော့ရစ်ကန်းက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။
"စာပို့တဲ့သူကို ငါတို့ရှာတွေ့သရွေ့ အမှန်တရားကို နားလည်နိုင်မှာပါ။"
ဟုန်ကျွင့် စဥ်းစားလိုက်သည်။ ထိုလူက ချင်းရှုံဆီကို စာပို့နိုင်လျှင် သူ ယောက်ကျင်းနန်းတော်တွင် ရှိနေကြောင်း သိနေသည်ဟု ဆိုလိုခြင်းပင်။ သို့ဖြစ်လျှင် တိရန်ကျယ်နှင့် သူ့အဖေမှာ သိကောင်းသိနေနိုင်သည်။ အနည်းဆုံး စာပေးပို့သူသည် ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များ သိနေလောက်၏။
ဟုန်ကျွင့် ခဏတုံ့ဆိုင်းသွားပြီး မေးလိုက်၏။
"နောက်ထပ် လူထပ်လာဦးမယ်လို့ ထင်လား။"
အားထိုက်က အင်တင်တင်အပြုံးဖြင့် ခေါင်းညိတ်ပြီး ဖြေလေသည်။
"ဟုတ်တယ် ငါတို့အခု လုပ်နိုင်တာက ခဏလောက် စောင့်လိုက်တာပဲ။"
***
Aurora Novel Translation Team