no

Font
Theme

အပိုင်း (၄၆) - မကြာခဏ ဖြစ်ပွားနေသော လူသတ်မှုများ (၁)

ထိုနေ့မွန်းလွဲပိုင်းတွင် တရားစီရင်ရေးဌာနက လက်ထောက်အမတ်ကြီး ဟွမ်ရုံသည် နတ်ဆိုးနှင်ဌာနသို့ လူကိုယ်တိုင် လာရောက်ခဲ့၏။

"ခေါင်းဆောင်လီ!"

ဟွမ်ရုံက လျန်ဟောက်ဟုခေါ်သော အရပ်ဘက်အရာရှိနှင့် အထမ်းသမားတစ်ယောက်ကို ခေါ်လာခဲ့သည်။ အထမ်းသမားအား သေတ္တာတစ်လုံးကို သယ်ဆောင်လာစေကာ နတ်ဆိုးနှင်ဌာန၏ခြံဝင်းထဲသို့ ပို့ဆောင်ခိုင်းလိုက်သည်။ လီကျင်လုံမှာ အရက်အရှိန်ကြောင့် ခေါင်းကိုက်နေဆဲဖြစ်သည့်အပြင် ဆံပင်များကလည်း အနည်းငယ်ရှုပ်ပွနေ၏။ ဧည့်သည်များကို ထွက်တွေ့စဥ်အခိုက် သူ၏မျက်ခုံးများကို နှိပ်နှယ်နေရသည်။

တော်ဝင်စာမေးပွဲအပြီးတွင် တရားစီရင်ရေးဌာနက လီကျင်လုံကို မျက်လုံးလှန်မပြရဲတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူက တိုင်းပြည်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခဲ့ပြီး အရှင်မင်းမြတ်ဆီကလည်း မျက်နှာသာရထားသောကြောင့်ပင်။

ဟွမ်ရုံ၏မျက်နှာပင် ပြုံးရွှင်နေပြီး ယခင်ကထက် ရင်းနှီးကျွမ်းဝင်ဟန်တို့ ပေါ်လာ၏။

"မနိုးကြသေးဘူးလား။ မာနကြီးလွန်းလိုက်တာ။ မင်းတို့နတ်ဆိုးနှင်ဌာနက ညဘက်မှာ မိစ္ဆာတွေဖမ်းဖို့ အပြင်ထွက်နေကြရတာ ဖြစ်မယ်။"

"အထဲကိုကြွပါ။"

လီကျင်လုံမှာ ဟုန်ကျွင့် အိပ်ခန်းထဲ ပြန်ရောက်လာရန် သုံးနာရီမျှ အချိန်ယူခဲ့ရသည်။ ဟုန်ကျွင့်က တစ်ကိုယ်လုံးနီးပါးကိုလည်း သူ့ကိုယ်ပေါ် ပစ်လှဲချခဲ့သဖြင့် မျက်လုံးတို့ကို မဖွင့်နိုင်လောက်အောင်ပင် ပင်ပန်းနွမ်းနယ်နေလေပြီ။

"ကျင်လုံ ရိုင်းပြမိသွားပါပြီ။ အဝတ်အစားလဲလိုက်ပါမယ်!"

"မင်းအိပ်ပါ။"

ဟွမ်ရုံက ကမန်းကတန်း ပြောလိုက်သည်။

"ဒါက တရားစီရင်ရေးဌာနကနေ မင်းလက်ထဲကို လွှဲအပ်ထားတဲ့အမှုတွေ။ ဒီမှာထားခဲ့လိုက်မယ်။"

လီကျင်လုံ ချက်ချင်းလန့်နိုးလာ၏။ သေတ္တာကို ကြည့်လိုက်ချိန်အထိ ကောင်းကောင်းကြီး အသိမဝင်လာသေးပေ။

ဟွမ်ရုံ: "ပြဿနာတစ်ခုခုရှိရင် လျန်ဟောက်ကို ပြောလိုက်ပါ။"

လျန်ဟောက်ကလည်း သူ့ကို သတိပေးနိုင်ကြောင်း မြန်မြန်ပြောပြီး ဟွမ်ရုံနှင့်အတူ ထွက်ပြေးသွားခဲ့၏။ လီကျင်လုံခမျာ ထိတ်လန့်စွာဖြင့် အမှုတွဲနှစ်ရာကျော်ပါဝင်သော သေတ္တာကို ဖွင့်ကြည့်လိုက်သည်။

ထိုနေ့ နေ့လယ်တွင် လူတိုင်း အိပ်ရာကနိုးလာကြသည်။ ဟုန်ကျွင့်တစ်ယောက် ရေချိုးရန် ထွက်လာစဥ်အခိုက် 'နွေဦးမြစ် လရောင်ည' ကို ဆိုနေသေး၏။ ပြီးနောက် အားလုံးအတူတူ အပျော်မယ်ဂေဟာက အကြောင်းများ ပြောနေကြတော့သည်။

ချိုယုံစစ်: "ညနေကျ ပြန်သွားပြီး ကစားရအောင်၊ ဟားဟားဟား။"

အားထိုက်: "ဘာပဲဖြစ်ဖြစ် ငါ့မှာ ပိုက်ဆံအများကြီး မရှိတော့ဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က ပေးထားတဲ့ ငွေ ၃၂၀၀ တောင် ငါ့ဆီ ပြန်ရောက်မလာသေးဘူး။"

ဟုန်ကျွင့်: "ငါ့မှာရှိတယ်၊ ငါ့မှာရှိတယ်။ ချယ်ရီသီးအစာသွပ်ဆိုင် သွားရအောင်။"

မော့ရစ်ကန်း: "ကောင်းပြီ။ အဲဒီဆိုင်..."

"အမှုစစ်ရဦးမယ်။"

လီကျင်လုံက စိတ်ပျက်လက်ပျက်အမူအရာဖြင့် ဖြတ်ပြောလိုက်၏။

"ကစားဦးမယ်ပေါ့။ ဖျက်သိမ်းလိုက်တော့။"

နေ့လယ်စာစားပြီးနောက် ဟုန်ကျွင့်က စားပွဲပေါ်ရှိ အမှုတွဲဖိုင်များကို ကြည့်ကာ ဆွံ့အနေပြီး ကျန်လူများမှာလည်း အံ့သြနေကြသည်။

မော့ရစ်ကန်း: "ငါတို့က ကြောင်တစ်ကောင်ကိုပဲ ရှာခဲ့ကြတာပါ။ ဒီလောက်ကြီး လိုလို့လား။"

လီကျင်လုံက စာလိပ်တစ်လိပ်ကို ပစ်ချလိုက်ပြီး: "ဒါတွေက တရားစီရင်ရေးဌာနက စုဆောင်းထားတဲ့ ခက်ခဲတဲ့ အမှုကိစ္စတွေပဲ။ အဲဒါတွေကို အရင်စစ်ဆေးပြီး မနက်ဖြန် လူခွဲ စုံစမ်းကြည့်ရအောင်။"

ဟုန်ကျွင့်: "ဒါတွေအားလုံးက မိစ္ဆာတွေနဲ့ သက်ဆိုင်နေတာလား။"

ထိုအခါ ချိုယုံစစ်က ပြုံး၍ ပြောလာ၏။

"ဒီလောက်များတဲ့ မိစ္ဆာတွေ ဘယ်ကရောက်လာမှာလဲ။ အရှင်မင်းမြတ်နဲ့ ကြင်ယာတော်ရှေ့မှာ ငါတို့က မျက်နှာသာရထားတော့ သူတို့မစော်ကားရဲတဲ့ လူတွေနဲ့ မဖြေရှင်းနိုင်တဲ့ အမှုတွေကို ငါတို့ဆီ ပစ်ချလိုက်တာဖြစ်မယ်။"

လီကျင်လုံ: "မိစ္ဆာတွေနဲ့ ဘာမှမဆိုင်သေးသရွေ့ သူတို့အားလုံးကို 'မိစ္ဆာအငွေ့အသက် စစ်ဆေးတွေ့ရှိမှု မရှိဘူး' လို့ တင်ပြပြီး တရားစီရင်ရေးဌာနကို ပြန်ပေးလိုက်မယ်။ ဂရုမစိုက်ဘူး။"

ဟုန်ကျွင့်က သူ့လက်ထဲကစာလိပ်ကို တစ်ချက်ကြည့်လိုက်ပြီး ရွတ်ပြသည်။

"ချင်မျိုးရိုးနဲ့ ဈေးသည်မလေးက ညသန်းခေါင်ကြီး အိမ်မှာ ရုတ်တရက် သေဆုံးသွားတယ်တဲ့။ ဒါကိုရော ခင်ဗျား ဂရုမစိုက်တော့ဘူးလား။"

လီကျင်လုံက ၎င်းကိုယူ၍ တစ်ချက်ကြည့်လိုက်ကာ ဘေးသို့ပစ်ချလိုက်သည်။

"လူသတ်မှုပါ။ မိစ္ဆာကြောင့် မဟုတ်ဘူး။"

အားထိုက်: "ကိုးလပိုင်း ဒုတိယနေ့ညမှာ ငါ့အိမ်က အကြွေစေ့လေးတွဲ ပျောက်သွားတယ်တဲ့။"

ချိုယုံစစ်က ရယ်မောပြီး: "အိမ်ကကလေးတွေ ခိုးယူပြီး သုံးပစ်တာနေမှာပေါ့။"

"ကလေးက ညဘက်ကြီး အော်ငိုနေတတ်တယ်။ သရဲဝင်ပူးနေသလိုပဲ..."

မော့ရစ်ကန်းက နောက်ထပ်အမှုတွဲတစ်ခုကို ယူလိုက်ပြီး ပြော၏။

"ညဘက်မှာ အော်ငိုတတ်တဲ့ ကလေးကလည်း မိစ္ဆာနဲ့ ဆိုင်သွားတာပဲလား။ ငိုနေတဲ့ကလေးကို ချော့သင့်တာလေ။ ဘာလို့ ငါတို့နတ်ဆိုးနှင်ဌာနကို ရောက်လာတာလဲ။"

လီကျင်လုံ: "မြို့ပြင်ကို ထွက်သွားတဲ့ မြည်းတွေက ကြောက်လန့်ပြီး ထွက်ပြေးသွားကြတယ်။ မိစ္ဆာကိုမြင်သွားတာလို့ သံသယဖြစ်မိတယ်။ သွားစမ်း... သွားစမ်း... သွားစမ်း!"

လီကျင်လုံက သူ၏လက်အောက်ငယ်သားများကို ဦးဆောင်ကာ တရားစီရင်ရေးဌာန၏ မြေကြီးများကိုပင် ဖြိုခွင်းချင်လာသည်။ ထိုစဥ် ဟုန်ကျွင့်က လူသတ်မှုစာလိပ်ကို ကောက်ယူပြီး မေးကြည့်လိုက်သည်။

"ကျွန်တော်တို့ ဒါကို မစစ်ဆေးရင် ဘာဖြစ်မှာလဲ။"

လီကျင်လုံ: "ဒါက တရားစီရင်ရေးဌာနရဲ့တာဝန်ပဲ။ ပြန်ပို့လိုက်ရင် သူတို့ဘာသာ စုံစမ်းစစ်ဆေးလိမ့်မယ်။"

"ခင်ဗျားတို့ပြောတဲ့အတိုင်း တရားစီရင်ရေးဌာနက လူသတ်သမားကို စော်ကားဖို့ မတတ်နိုင်ဘူးဆိုရင် ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ မဖြစ်နိုင်တော့ဘူးမလား။"

"ဒါဆို အမှုပိတ်ရုံပဲပေါ့။"

ချိုယုံစစ်က ပြန်ဖြေ၏။

ဟုန်ကျွင့်က စာလိပ်ကို ကောက်ယူကာ ဘေးဖယ်ထားလိုက်သည်။

လီကျင်လုံ သက်ပြင်းချလိုက်သည်။

"ထားပါတော့။ ဘာပဲဖြစ်ဖြစ် လုပ်စရာလည်း မရှိဘူး။ မင်းစုံစမ်းချင်ရင် သွားစုံစမ်းလိုက်။"

ထိုအခါ ဟုန်ကျွင့်တစ်ယောက် စာလိပ်ကို ကောက်ယူပြီး ချက်ချင်း ထွက်သွားတော့သည်။ မော့ရစ်ကန်း သူ့နောက်ကို လိုက်ချင်ခဲ့သော်ငြား ဟုန်ကျွင့်က မလိုဘူးဟူသည့် အမူအရာဖြင့် လက်ကိုဝှေ့ယမ်းပြီး အဝတ်အစားများကို ပြေးလဲ၍ ထွက်ချသွား၏။

"ငါသွားလိုက်မယ်။"

လီကျင်လုံမှာ စိတ်မငြိမ်မသက်ဖြစ်နေကာ မတ်တတ်ထရပ်လိုက်သည်။

ကျန်လူများက 'ဟုတ်တယ် ခေါင်းဆောင် မင်းသွားကြည့်လိုက်'၊ 'ခေါင်းဆောင် လိုက်သွားပေးသင့်တယ်' စသဖြင့် ပြောလာကြရာ လီကျင်လုံမှာ ဆွံ့အသွားလေသည်။

လီကျင်လုံ: "..."

လီကျင်လုံ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး လက်ပိုက်ကာ လေးလေးနက်နက် မေးလိုက်သည်။

"မင်းတို့သုံးယောက်... ငါ့အထင်တော့ ငါတို့ သေသေချာချာ ပြောဖို့လိုနေပြီ ထင်တယ်။ ငါ ဟုန်ကျွင့်ကို အထူးဂရုစိုက်နေတာကို တစ်ခုခု နားလည်မှုလွဲနေကြတာလား။"

...

ဟုန်ကျွင့်က လမ်းမပေါင်းများစွာကို ဖြတ်လျှောက်ပြီး ချန်အန်း၏ ဆင်းရဲသားများ နေထိုင်ရာ ကွေယိလမ်းထဲသို့ ရောက်လာခဲ့သည်။ ခြံဝင်းနံရံများက အတော်ပျက်စီးနေပြီး အိမ်ခြေများက ကပ်လျက်တည်ရှိ၏။ လမ်းတစ်ဖက်စီ၏ မြောင်းငယ်များတွင် မိလ္လာရေများကဲ့သို့ ရေဆိုးများ စီးဆင်းနေသည်။ မိသားစုတစ်စု၏ ခြံဝင်းဆိုလျှင် လမ်းဘေးဈေးသည်တစ်ဦး၏ ပစ္စည်းများဖြင့် ပြည့်နေပြီး အတွင်းထဲတွင် တိတ်ဆိတ်နေသည်။

ဟုန်ကျွင့်က မြေပြင်ပေါ်တွင် ပြုတ်ကျနေသော ပလုတ်တုတ်လေးကို ကောက်ကိုင်လိုက်ပြီး "ဒေါင်ဒေါင်" ကို အကြိမ်အနည်းငယ် တီးခတ်လိုက်ရာ အထဲမှာ လူငယ်တစ်ယောက်၏ အသံတစ်သံ ထွက်လာ၏။

"ကြိုက်ရင် ယူသွားပါ။ ပိုက်ဆံကိုတော့ ဘူးထဲ ပစ်ထည့်ခဲ့ပါ။"

ဟုန်ကျွင့် တံခါးကိုတွန်းဖွင့်ပြီး ဝင်လာခဲ့သည်။ သူမြင်လိုက်ရသည်က ချန်အန်းမှ ဆင်းရဲသားမိသားစု၏ အိမ်လေးပင်။ ပြတင်းပေါက်များကို စက္ကူဖြင့်ဖုံးထားပြီး ချပ်ဝတ်တန်ဆာ တစ်ထည်ကို တံခါးဝ၌ ချိတ်ထားသည်။ ထိုချပ်ဝတ်တန်ဆာမှာ လီကျင်လုံ၏ လုံဝူစစ်တပ်က သံချပ်ကာနှင့် ဆင်တူ၏။

ဟုန်ကျွင့်ထက် အသက်သိပ်မကြီးလောက်သော လူငယ်တစ်ယောက်က စားပွဲဘေးမှာထိုင်နေပြီး သူ့လက်ထဲက ဓားရှည်တစ်ချောင်းကို သုတ်လျက်ရှိ၏။ တံခါးဖွင့်သံ ကြားသောအခါ ဟုန်ကျွင့်ကို အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။

"နတ်ဆိုးနှင်ဌာနက စုံစမ်းစစ်ဆေးနေတာပါ။"

ဟုန်ကျွင့်က သူ၏ခါးတံဆိပ်ကို ပြပြီး

"မင်းက ဘယ်သူလဲ။ သေဆုံးသွားတဲ့လူက မင်းနဲ့ဘယ်လိုပတ်သက်လဲ။"

ဤသည်မှာ ဟုန်ကျွင့်၏ ပထမဆုံးအကြိမ် စုံစမ်းစစ်ဆေးမှုဖြစ်သည်။ ထိုကောင်လေး၏အမည်မှာ ချင်ဝူဖြစ်ပြီး အသက် ၁၉ နှစ်ရှိပြီပင်။ ယခင်က လီကျင်လုံ၏ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ခဲ့သေးသည်။

ထိုစဥ်က ချင်ဝူက ဓားကို ဘေးဖယ်ထားပြီး မျက်မှောင်ကြုတ်ကာ မေးလေ၏။

"နတ်ဆိုးနှင်ဌာနက ဒုတပ်မှူးလီရဲ့ တရားဝင်ရုံး မဟုတ်ဘူးလား။ မင်းက ဒီမှာဘာလုပ်နေတာလဲ။"

ဟုန်ကျွင့်: "ချင်မျိုးရိုးဈေးသည်က ညသန်းခေါင်ကြီး ကျူးလွန်... မတော်တဆမှု ဖြစ်ခဲ့တာ မဟုတ်လား။"

"ငါ့အဖေက အသတ်ခံလိုက်ရတာ။"

ချင်ဝူက မတ်တပ်ထရပ်ပြီး ဟုန်ကျွင့်ကို စိုက်ကြည့်လိုက်သည်။

"မင်းတို့ရဲ့ကိစ္စမဟုတ်ဘူး။ သွားပါတော့။"

သို့သော် ဟုန်ကျွင့်က စားပွဲဘေးမှာထိုင်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလိုက်သည်။

"မင်းနဲ့ ခဏလောက် အတူထိုင်ပေးမယ်။"

ချင်ဝူ: "အိမ်မှာ မင်းကိုဧည့်ခံဖို့ ဘာမှမရှိဘူး။ ဒုတပ်မှူးလီရော နေကောင်းရဲ့လား။"

ဟုန်ကျွင့်လည်း 'မဆိုးပါဘူး' ဟု ပြန်ဖြေလိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် အနေအထားဖြင့် ခဏလောက် ထိုင်လိုက်ပြီးနောက် ချင်ဝူက သက်ပြင်းရှည်ကြီးချလိုက်၏။ ထိုအခိုက် ဟုန်ကျွင့် ထပ်မေးလိုက်သည်။

"သူ့ကို ဘယ်သူသတ်လိုက်တာလဲ။"

"ယန်မိသားစုက ယန်ကော်ကျုံးရဲ့ ဝယ်ခြမ်းရေး ဒုတာဝန်ခံက ငါ့မိထွေးနဲ့ ပူးပေါင်းပြီး ညသန်းခေါင်ကြီးမှာ သူ့ကို လည်ပင်းညှစ်သတ်ဖို့ ကြံစည်ခဲ့တာ။ ငါတို့ ဘာမှမတတ်နိုင်ဘူး။ ငါ့မိသားစုက အရမ်းဆင်းရဲတယ်လေ။"

ချိုယုံစစ်၏ခန့်မှန်းချက်က အမှန်တရားနှင့်မဝေးကြောင်း ဟုန်ကျွင့် စိတ်ထဲမှ တွေးလိုက်သည်။ တရားစီရင်ရေးဌာနက လူသတ်သမားကို မစော်ကားဝံ့သောကြောင့် နတ်ဆိုးနှင်ဌာနကို လွှဲအပ်လိုက်ခြင်းပင်။ သို့ဖြစ်လျှင် သူလာခဲ့သည်ကလည်း အချည်းနှီး ဖြစ်သွားလေပြီ။

"နာမည် ဘယ်လိုခေါ်တာလဲ။"

ဟုန်ကျွင့် သည်းမခံနိုင်ဘဲ ထရပ်လိုက်မိသည်။

"ငါတို့ တရားစီရင်ရေးဌာနကို ထပ်သွားရအောင်။"

ချင်ဝူက ပြန်မဖြေဘဲ ဟုန်ကျွင့်ကိုသာ ကြည့်နေ၏။

"အဲဒီနေ့က လုံဝူစစ်တပ် အပြင်ဘက်က လေ့ကျင့်ရေးကွင်းမှာ မင်းကို တွေ့ခဲ့တယ်။ ဒုတပ်မှူးလီက မင်းအပေါ် ကောင်းလား။"

ဟုန်ကျွင့်မှာ တစ်ဖက်လူက အဘယ်ကြောင့် ဤသို့ မသက်ဆိုင်သော အကြောင်းအရာဆီကို ဦးတည်သွားသလဲ မသိချေ။ သို့သော် သူခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သေး၏။

"ခေါင်းဆောင်က အရမ်းကြင်နာတယ်။"

"ဟုတ်တယ်။ ကောင်းကောင်း တန်ဖိုးထားပေးပါ။ သူ ငါ့အတွက် စိတ်မပူစေနဲ့။"

ဟုန်ကျွင့်: "???"

ဟုန်ကျွင့် ထပ်မေးချင်သော်လည်း ချင်ဝူက ဧည့်သည်ကို နှင်လွှတ်တော့မည့် သဘောဖြင့် မတ်တတ်ရပ်လိုက်သဖြင့် ဟုန်ကျွင့်လည်း ပြန်လှည့်သွားခဲ့ရ၏။ ချင်ဝူက အလွန်တည်ငြိမ်လွန်းသည်။ ဟုန်ကျွင့်မှာ သူကိုယ်တိုင်ဆိုလျှင် ဤသို့ ဘယ်သောအခါမှ လုပ်နိုင်မည် မဟုတ်ဟု ခံစားနေရသည်။

ချင်ဝူက ဟုန်ကျွင့်ကို နှင်လွှတ်လိုက်ပြီးနောက် သူ၏ဓားကို ကောက်ကိုင်လိုက်စဥ် အိမ်တံခါးက တွန်းဖွင့်ခံလိုက်ပြန်၏။ ပြန်ကြည့်လိုက်သောအခါ ဝင်လာသူက လီကျင်လုံ ဖြစ်နေသည်။ သူတို့နှစ်ဦးသည် အမှောင်ခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ မျက်နှာချင်းဆိုင်နေကြ၏။ နောက်ဆုံးတွင် ချင်ဝူက ဆိုလာသည်။

"လီ... ဒုတပ်မှူးလီ..."

"ဟုန်ကျွင့် ဒီအမှုကို ကိုင်လိုက်ကတည်းက မင်းမိသားစုပဲလို့ ငါထင်လိုက်ပြီးသား။"

လီကျင်လုံက သက်ပြင်းချလိုက်ပြီး။

"မင်းရဲ့မိထွေး ဘယ်မှာလဲ။"

ချင်ဝူ: "ဝမ်းနည်းနေတယ်။ စုစုပေါင်း ၄၉ ရက်၊ ခု နောက်ဆုံးခုနစ်ရက်ပြီးတာနဲ့ လက်ထပ်တော့မှာ၊ အခု သူ(မ)က အပြင်မှာအိမ်ငှားနေနေတယ်။"

လီကျင်လုံ: "ယန်မိသားစုက မကြာသေးမီ နှစ်တွေအတွင်းမှာ အားကောင်းလာခဲ့တယ်။ မင်း ဒီဒေါသကို ခဏတော့ မျိုသိပ်ထားရမှာပဲ။"

ချင်ဝူက ဘာမျှပြန်မပြောဘဲ ခဏတိတ်ဆိတ်သွားရာ နောက်ဆုံးမှာတော့ လီကျင်လုံကပင် ဆက်ပြောလိုက်သည်။

"လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ မင်းကို အကြံပေးချင်တာ ရှိတယ်။ ဒီကိစ္စကို ငါ အလေးအနက်ထားပြီး လုပ်မှာပါ။ ဒါပေမဲ့ အချိန်မကျသေးဘူး။"

ချင်ဝူ: "ယန်မိသားစုက ကောင်းကင်ကို လက်တစ်ဖက်တည်းနဲ့ အုပ်ထားတာ။ ခွေးကလည်း သခင်ကို အားကိုးနေတယ်။ သူတို့က လူကို အနိုင်ကျင့်တယ်၊ မြေသြဇာကောင်းတဲ့ မြေကို သိမ်းတယ်၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ရိုက်နှက်တယ်။ တော်ဝင်စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ လစာတွေကို အလွဲသုံးစားလုပ်တယ်။ ငါ သူတို့ကို ဘယ်လောက်ကြာကြာ သည်းခံနေရမှာလဲ။"

လီကျင်လုံ: "လူတစ်ယောက်ရဲ့ဘဝမှာ မကျေမနပ်တာတွေ အများကြီးရှိပေမဲ့ နောက်ဆုံး တစ်နေ့ကျရင် ပြေလည်သွားလိမ့်မယ်။ မင်းရဲ့စိတ်တွေ မပျံ့လွင့်စေနဲ့။ ငါ ဒီကိစ္စကို အလေးအနက်ထားပါ့မယ်။ ဒီလောက်ပဲ။"

စကားပြောပြီးနောက် လီကျင်လုံ မတ်တတ်ထရပ်ပြီး ထွက်သွားလေ၏။ ချင်ဝူက ထွက်သွားသူ၏ နောက်ကျောကို စိုက်ကြည့်ရင်း ရုတ်တရက် လှမ်းပြောလိုက်သည်။

"ဒုတပ်မှူးလီ၊ မင်းက အရင်အတိုင်းပဲ။"

"အရင်လို မဟုတ်တော့ပါဘူး။"

လီကျင်လုံ သူ့ခေါင်းကိုလှည့်ပြီး ချင်မိသားစုအိမ်မှ ထွက်လာခဲ့သည်။

နောက်တစ်နေ့တွင် အမှုသစ်တစ်ခု ရောက်လာပြန်သည်။

ဟုန်ကျွင့်: "ဘာလို့များ ဒီလောက်များနေတာလဲ။"

ယမန်နေ့က အမှုစာလိပ်များကိုတောင် ဖတ်မပြီးသေးရာ နောက်တစ်ခုက ထပ်ရောက်လာပြန်ပြီ။ ယင်းကြောင့် အားလုံးလည်း စိတ်ညစ်သွားကြသည်။

လီကျင်လုံ: "လျန်ဟောက်! မင်း ရပ်စမ်း!"

"ဒီနေ့ လူသတ်မှုတစ်ခုရှိတယ်တဲ့!"

လျန်ဟောက်က နောက်ထပ် စာလိပ်များစွာကို ချပြီး အလျင်စလိုဖြင့် ထွက်ပြေးသွားခဲ့သည်။ လူတိုင်းက အနှီအမှုတွဲများကို ကြည့်ရင်း ငြီးငွေ့လာခဲ့ကြ၏။ မနက်ခင်းမှာ မော့ရစ်ကန်းနှင့် ချိုယုံစစ်က စာလိပ်များကိုဖတ်ပြီး နေ့လယ်ရောက်လျှင် လီကျင်လုံ၊ ဟုန်ကျွင့်နှင့် ငါးကြင်းမိစ္ဆာတို့က အမျိုးအစား ခွဲခဲ့ကြသည်။ အမှုကို စစ်ဆေးဖို့အတွက် မိစ္ဆာနှင့်မသက်ဆိုင်သော အမှုအားလုံးကို တရားစီရင်ရေးဌာနသို့ ပြန်ပို့ပေးခဲ့သည်။

ဟုန်ကျွင့်: "ချင်ဝူက ခင်ဗျားကို မေးနေသေးတယ်။"

"ဘာပြောလဲ။"

လီကျင်လုံက ပေါ့ပေါ့ပါးပါးဖြင့် ပြန်မေးရင်း အမှုတွဲစာလိပ်အောက်မှ ဟုန်ကျွင့်ကို လှမ်းကြည့်လိုက်သည်။

ဟုန်ကျွင့် စပ်စုလိုစိတ်လေးဖြင့်: "ခင်ဗျားတို့ အရင်က သူငယ်ချင်းတွေလား။"

လီကျင်လုံ: "ဟုတ်တယ်ဆိုပါတော့။"

ဟုန်ကျွင့်က သူ့မျက်လုံးများကို စိုက်ကြည့်နေသည်အား တွေ့လိုက်ရသဖြင့် လီကျင်လုံလည်း မနေနိုင်ဘဲ ထပ်ဖြည့်ပြောလိုက်သည်။

“ရှောင်ဝူ လုံဝူတပ်ထဲဝင်တုန်းက မင်းနဲ့ အသက်အတူတူလောက်ပဲ။”

လီကျင်လုံသည် ထိုအချိန်က လုံဝူစစ်တပ်တွင် ဒုတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ကိုယ်ခံပညာစွမ်းရည်ကို လက်အောက်ငယ်သားများက အလွန်သဘောကျ လေးစားခဲ့ကြ၏။ သို့ရာတွင် စစ်တပ်ထဲဝင်ပြီး ဒုတိယနှစ်ရောက်သော် ချင်ဝူနှင့်ပတ်သက်ပြီး တစ်ခုခုဖြစ်သွားခဲ့သည်။

“သစ္စာဖောက်ခံရတာမလား။”

ငါးကြင်းမိစ္ဆာက သူ့ခေါင်းလေးကို စာလိပ်များကြား မြှုပ်ထားရာမှ ဝင်ပြော၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment