no

Font
Theme

အပိုင်း (၆) - တစ်ပါးသူ၏အမိုးအောက်တွင် နေထိုင်ခြင်း

မိုးရွာချပြီးနောက် ချန်အန်း၏ ဆောင်းဦးရာသီကောင်းကင်ကြီးက ကြည်လင်ပြာလဲ့နေကာ ပင်လုံးကြိုင်ပန်း၏ မွှေးရနံ့များက လမ်းမများပေါ် သင်းပျံ့နေခဲ့သည်။ ဟုန်ကျွင့်တစ်ယောက် သဖန်းပင်အောက်တွင် ရပ်လျက် သစ်ပင်၏ပင်စည်အား တစ်ချက် ပိတ်ကန်လိုက်သည်။

ထိုသို့လုပ်လိုက်သောကြောင့် သစ်ရွက်များပေါ်မှ မိုးရေစက်လေးများ သက်ဆင်းလာကာ သူ့မျက်နှာကို ရေနှင့်ဆေးကြောပြီးသား ဖြစ်သွားခဲ့သည်။ သူက ရေအနည်းငယ်သောက်ပြီးသည်နှင့် သဖန်းရွက်နှစ်ရွက်ကို ခူး၍ နှုတ်ခမ်းပေါ်တင်ကာ မှုတ်နေတော့၏။

"ဘယ်လိုလုပ်ကြမလဲ။"

ငါးကြင်းမိစ္ဆာက ကောင်းကင်ကြီး ပြိုကျတော့မည့် မျက်နှာထားဖြင့် ဆိုလာခဲ့သည်။

"ဒီနေရာက အကျယ်ကြီးပဲ။ ငါတို့ တစ်ခုခုစားပြီးမှ ဆက်ပြောကြရအောင်။"

“ငါ ပိုးကောင်တွေကို မစားဘူးနော်။”

ငါးကြင်းမိစ္ဆာ ဆတ်ခနဲ ပြန်ပြောလိုက်သည်။

ဟုန်ကျွင့်: "မင်းစားဖို့ အသားရှာပေးမှာပါ။"

ဟုန်ကျွင့်: "ဖြည်းဖြည်းချင်း စဉ်းစားကြည့်ရအောင်။ ဟူး... လမ်းတစ်လျှောက်လုံး ဘာလို့ ဒီလောက်တောင် ကံဆိုးနေတာလဲ မသိဘူး... အိုး၊ ဟိုဟာက ဘာလဲမသိဘူး။"

ဟုန်ကျွင့်တစ်ယောက် တောင်ပေါ်မှ ဆင်းလာပြီးနောက်ပိုင်း ရောင်စုံကမ္ဘာကြီးကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် လက်ရှိဖြစ်နေသော ပြဿနာအားလုံးကို ချက်ချင်း ဘေးဖယ်ကာ ကြေးဒင်္ဂါးအနည်းငယ်ကို ထုတ်၍ အစားအသောက်ဝယ်ရန် ဈေးလမ်းထဲ ဝင်သွားခဲ့သည်။ ငါးကြင်းမိစ္ဆာက ထပ်ပြီး သတိပေးလိုက်၏။

“တောင်ပေါ်ကနေ ဆင်းပြီးတာနဲ့ တွေ့သမျှကို လိုက်စားနေတာ မင်း ဗိုက်ပျက်မှာကို မကြောက်ဘူးလား။”

ဟုန်ကျွင့်က စားသောက်ဆိုင်တစ်ဆိုင်၏ ထိုင်ခုံပေါ်မှာ ခြေထောက်တစ်ချောင်းထောင်လျက် ထိုင်နေပြီး ခေါက်ဆွဲပွဲကြီးတစ်ပန်းကန်လုံးကို ပြောင်သလင်းခါအောင် စားပစ်လိုက်သည်။ ယောက်ကျင်းနန်းတော်၌ အကြော်၊ အကင်၊ သိုးသားပြုတ်၊ ငါးရောင်ပန်းပွင့်ကိတ်၊ ဆန်ကိတ် စသဖြင့် အမျိုးမျိုးရှိသည်။ နန်းတော်တည်ရှိရာ တောင်ပေါ်မှ ဆင်းလာပြီးကတည်းက လမ်းတစ်လျှောက်လုံး ခရီးသွားရင်း အစာခြောက်ကိုသာ စားခဲ့ရ၏။

ကံအားလျော်စွာဖြင့် ချင်းရှုံက သူ့အကျင့်ကိုသိသောကြောင့် ချန်အန်းသို့ သွားနေစဉ်အတွင်း သုံးစွဲရန် ပုလဲများစွာကို ပြင်ဆင်ပေးခဲ့သည်။ ဟုန်ကျွင့်က ငါးကြင်းမိစ္ဆာ၏ သွန်သင်ချက်ကို လိုက်နာကာ ပုလဲများကို ဖြတ်သန်းသွားသော လှည်းတန်းများဆီမှ ငွေတုံးနှင့်လဲလှယ်ပြီးနောက် ငွေတုံးများကို တစ်ဖန် ကြေးဒင်္ဂါးများဖြင့် လဲလှယ်ခဲ့သည်။

သူက သေမျိုးလောကကို နားမလည်သော်လည်း ငါးကြင်းမိစ္ဆာက သူ့ကို အခါအားလျော်စွာ အကြံဉာဏ်ပေးသောကြောင့် ဟာသဖြစ်ရပ်များစွာကို မပြုလုပ်ခဲ့မိပေ။ သွားရင်းနားရင်းဖြင့်ပင် ဟုန်ကျွင့်လည်း အထာနပ်လာခဲ့၏။

တောင်ပေါ်မှ ဆင်းလာပြီးနောက် အချို့ကိစ္စများကို လျင်မြန်စွာ တတ်မြောက်လာခဲ့သည်။ ဥပမာအားဖြင့် အစပိုင်းတွင် စကားအနည်းငယ်ပြော၍ သင်ယူကာ နောက်ပိုင်းတွင် အခြားသူများ ဘာလုပ်နေသည်ကို ကြည့်၍ သင်ယူခဲ့၏။ မုန့်ပေါင်းဝယ်ရန် တန်းစီနေသောလူများကို မြင်လိုက်ရသောအခါ ဟုန်ကျွင့်လည်း ခဏလောက် စောင့်ကြည့်ပြီး ဒင်္ဂါးနှစ်ပြားပေး၍ ဝယ်လိုက်သည်။

ဈေးထဲမှာ ဖျော်ဖြေနေသော မီးရှူးမီးပန်းများ၏အလှကို မြင်လိုက်ရသောအခိုက် ဟုန်ကျွင့်တစ်ယောက် စပ်စုလိုစိတ်ဖြင့် ခဏလောက် ကြည့်လိုက်သော်ငြား သူက ပြောလိုက်သည်။

"ဒါက ဘာများဆန်းလို့လဲ၊ အဖေ နှာချေလိုက်ရင် ဒီထက် အများကြီး ထွေးထုတ်နိုင်တယ်။"

ငါးကြင်းမိစ္ဆာ : "..."

ရင်ဘတ်ပေါ် ကျောက်တုံးများ တင်ခွဲခြင်း၊ လည်ပင်းများတွင် သံကြိုးများ ဆွဲခြင်းနှင့် ဓားတောင်တန်းပေါ် ဖြတ်လျှောက်ခြင်း စသည့် သရုပ်ပြကွက်များကို မြင်သွားသောအခါ ဟုန်ကျွင့် တုန်လှုပ်သွားခဲ့သည်။

"သူတို့က ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဲဒီလိုတွေလုပ်ပြီး နှိပ်စက်နေရတာလဲ။"

ဟုန်ကျွင့်က နားမလည်သောကြောင့် ငါးကြင်းမိစ္ဆာက ရှင်းပြပေးရတော့၏။

"ငွေရှာရတာလေ။ မင်း နားမလည်ပါဘူး၊ လူ့ဘဝဆိုတာ ခက်ခဲတယ်!"

ပြပွဲအပြီးတွင် လူတစ်ယောက်က ဆုငွေတောင်းရန် ရောက်လာ၏။ ကြည့်ရှုသူများက ပန်းကန်ထဲကို ကြေးဒင်္ဂါးများ ပစ်ချနေသောကြောင့် ဟုန်ကျွင့်လည်း သနားစရာကောင်းသည်ဟု ခံစားရသဖြင့် ပုလဲတစ်လုံးကို ထည့်ပေးလိုက်သည်။ ငါးကြင်းမိစ္ဆာမှာ ဟုန်ကျွင့်ကျောနောက်မှာသာ သယ်ဆောင်ခံထားရပြီး အခြေအနေကို မသိလိုက်ဘဲ တစ်စုံတစ်ယောက်၏အော်သံကိုသာ ကြားလိုက်ရ၏။

"ညလင်းပုလဲ!"

ကြင်နာမှု၊ တရားမျှတမှုနှင့် အကျင့်စာရိတ္တတို့ကို ဂရုမစိုက်သည့် တစ်စုံတစ်ဦးက ချက်ချင်းလက်ဆန့်၍ လုယူလိုက်ရာ ကြည့်ရှုနေသူအားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက် ရိုက်နှက်ကာ လုယူကြတော့သည်။

"မရိုက်ပါနဲ့... ငါ့ဆီမှာကျန်သေးတယ် မရိုက်ကြပါနဲ့...!"

ငါးကြင်းမိစ္ဆာ : "မင်းသေလမ်းကို ရှာနေတာလား။ ပြေးတော့ဟ!"

ဈေးထဲမှာ ပရမ်းပတာဖြစ်လာသဖြင့် စစ်သည်များက အပြေးရောက်လာခဲ့သည်။ မနေ့ညက အဖြစ်အပျက်ပြီးနောက် ဟုန်ကျွင့်တစ်ယောက် စစ်သည်များကို မြင်သောအခါ တစ္ဆေသရဲများကို မြင်နေရသည့်အလား တုံ့ပြန်ကာ အလျင်အမြန် ထွက်ပြေးလာခဲ့၏။

ငါးကြင်းမိစ္ဆာက သူ့ကို နတ်ဆိုးနှင်ဌာနသို့ သတင်းပို့ရန် တိုက်တွန်းနေပြီး ဟုန်ကျွင့်က သူ သွားပါ့မည်ဟု အာမခံနေခဲ့သော်လည်း လမ်းမှာ မျောက်တစ်ကောင်ကို အသုံးချရင်း လူအများကို ဆွဲဆောင်ရန်ကြိုးစားနေသည့်နေရာ၌ ရပ်လိုက်ပြန်သည်။

"ဒီလို ချည်ထားတာကြီးက လွန်လွန်းတယ်။"

ဟုန်ကျွင့်မှာ မျောက်ကို ကြိုးချည်ထားသည်အား တွေ့လိုက်ရသောကြောင့် အလိုမကျစွာ ပြောလိုက်သည်။ ထိုအခိုက် မျောက်က သူ့ကို စိုက်ကြည့်လာ၏။ ငါးကြင်းမိစ္ဆာက ငိုတော့မည့်မျက်နှာဖြင့် ပြောလိုက်သည်။

“မြန်မြန်သွားရအောင်။”

ယခင်က သူတွေ့ဖူးသော မျောက်အုပ်စုသည် ထိုက်ဟန်တောင်များ၌ လွတ်လပ်စွာ သွားလာနေထိုင်ခဲ့သည့် မျောက်မျိုးနွယ်ပင်။ သို့သော် ယခုမျောက်က ပိန်လှီပြီး အစာကို လုံလုံလောက်လောက် မစားရဘဲ နေရာတိုင်းမှာ ခုန်ပေါက်နေရသည်။

ဟုန်ကျွင့်တစ်ယောက် ခြေလှမ်းဆယ်လှမ်းခန့် လျှောက်သွားကာ တစ်ဖန် လှည့်ကြည့်လိုက်သည်။ မည်သူမှ သတိမထားမိချိန်၌ ဓားပျံလေးတစ်စင်း ဖြတ်ပြေးသွားကာ မျောက်ကို ချည်နှောင်ထားသော သံကြိုးအား ချွင်ခနဲအသံဖြင့် ဖြတ်တောက်လိုက်လေ၏။ မျောက်က ခဏလောက် ထိတ်လန့်သွားပြီး ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။

"ပြေးတော့!"

ဟုန်ကျွင့်က တိုးတိုးလေး ပြောလိုက်သည်။

မျောက်လည်း အသိစိတ်ဝင်လာပြီး ချက်ချင်းဆိုသလို ထွက်ပြေးတော့သည်။ ထိုအခါ မျောက်သခင်က အနောက်ကနေ အသည်းအသန်ပြေးလိုက်ရင်း ပါးစပ်ကနေလည်း ကျိန်ဆဲနေရာ နောက်ထပ် ရုန်းရင်းဆန်ခတ်ပြဿနာကြီးတစ်ခု ဖြစ်သွားခဲ့ပြန်သည်။

ငါးကြင်းမိစ္ဆာ: "ဟုန်ကျွင့်၊ မင်းငါ့ကို အရှေ့ကထားစမ်း၊ မင်းဘာလုပ်နေတာလဲ။"

ဟုန်ကျွင့်က ပြုံးနေခဲ့သည်။ သူက မျောက်တစ်ကောင် ထွက်ပြေးသွားသည်ကို ကြည့်ပြီး နားမလည်နိုင်လောက်အောင် ဝမ်းသာနေမိ၏။ ထို့နောက် ဈေးအတွင်းထဲ ထပ်ဝင်လာခဲ့ရာ "ရွှယ်ဖုဝူချား" ဟူသော ကမ္ဗည်းပြားတစ်ခုရှေ့ ရောက်သွားခဲ့ပြန်လေသည်။

"ဒါက စာအုပ်ဆိုင်လား။"

ဟုန်ကျွင့်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

“မှောင်တော့မယ်နော်၊ ဒီအချိန်ကြီးတောင် မင်းက အပြင်ထွက်ဦးမလို့လား။”

ဟုန်ကျွင့်ကတော့ ထိုစည်းကမ်းချက်များကို ဂရုမစိုက်သည့်ဟန်ဖြင့် ဆိုင်ထဲ ဝင်သွားခဲ့သည်။ ငါးညှီနံ့က ရုတ်ခြည်းဆိုသလို စာအုပ်ဆိုင်တစ်ဆိုင်လုံး ပြည့်လျှံသွားလေရာ အားလုံးက ဟုန်ကျွင့်ကို ထူးဆန်းသည့်အမူအရာများဖြင့် လှည့်ကြည့်လာကြလေသည်။

"ငါးကို သယ်လာလို့မရဘူး။"

သူဌေးက ဆိုလာ၏။

"မင်း ငါးတစ်ကောင်ကိုသယ်ပြီး ဘာလုပ်နေတာလဲ။"

ငါးကြင်းမိစ္ဆာ: “ကြည့်! လူတွေက မကြိုက်ဘူးလို့ တွေ့လား။”

ဟုန်ကျွင့်: "အိမ်ကို ဝယ်သွားပြီး ငံပြာရည်နဲ့ ချက်စားမလို့ပါ..."

သူ့စကားကြောင့် ငါးကြင်းမိစ္ဆာ ဆွံ့အသွားချိန်၌ ဟုန်ကျွင့်က ငုံ့ကိုင်းကာ ပြောလိုက်၏။

"ငါ ကြည့်ပြီးရင် ချက်ချင်း ထွက်သွားမှာပါ။"

ငါးကြင်းမိစ္ဆာ : "..."

စာအုပ်ဆိုင်တွင် အကျော်ကြားဆုံးအရာက ကဗျာစာအုပ်များဖြစ်သည်။ ဟုန်ကျွင့်တစ်ယောက် လီပိုင်၏လက်ရာ စာအုပ်တစ်အုပ်ကို ဖွင့်ဖတ်လိုက်ပြီးနောက် ချက်ချင်းထွက်သွားမည်ဆိုသောကတိကို မေ့လျော့သွားတော့သည်။

...

မွန်းတည့်ချိန်၌ ချန်အန်းမြို့ရှိ နန်းဆောင်များက ဆောင်းဦးမှာတောင် ပူပြင်းလာပြီး ပုစဉ်းရင်ကွဲတို့၏ အော်ဟစ်သံများဖြင့် ဆူညံနေ၏။ ခြံဝင်းတစ်ခုအတွင်းမှာတော့ အသံဗလံများက ရပ်တန့်တိတ်ဆိတ်လျက်ပင်။ လီကျင်လုံတစ်ယောက် ဖျင်ကန်းလီမှ လွတ်မြောက်လာချိန်၌ ရှက်စရာကောင်းလောက်အောင် ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းနေခဲ့ကာ ယင်းကြောင့်ပင် ခြံဝင်းထဲတွင် ဒူးထောက်နေရသည်။

"မင်း...မင်းအဖေနဲ့ မင်းဘိုးဘေးတွေကို စော်ကားလိုက်တာပဲကွ!"

ဖန်းချန်ချင်က ထော့နဲ့ ထော့နဲ့ ဖြစ်နေပြီး ဘယ်ဘက်လက်တွင် “ထန်မင်းဆက် ဝူလုံစစ်သည် လီကျင်လုံ” ဟူသော တံဆိပ်ပြားကို ကိုင်ထားကာ သူ၏ ဘယ်ဘက်လက်တွင်တော့ ပေတံတစ်ချောင်းကို ကိုင်ထား၏။ သူလက်မြှောက်ပြီး ချလိုက်တိုင်း လီကျင်လုံ၏ လက်မောင်းမှာ အနီရောင်အမှတ်အသားတစ်ခု စွဲထင်သွားခဲ့သည်။

ဖန်းချန်ချင်က သူ၏လက်ထဲတွင် ကိုင်ထားသော ပေတံဖြင့် လီကျင်လုံ၏ ခံ့ညားသောမျက်နှာပေါ်ကို ရိုက်ချပစ်လိုက်သည်။

"ဒီနေ့ လူတွေ မင်းအကြောင်း ပြောနေပြီ။ ဒဏ်ရာရစစ်သည်တွေကို ညသန်းခေါင်ကြီး ပစ်ထားခဲ့ပါတယ်ဆိုတဲ့ ကောလဟာလတွေလည်း ဖြန့်နေကြပြီ။ မင်းက ဖျင်ကန်းလီမှာ ပြည့်တန်ဆာတစ်ယောက်နဲ့ အချိန်သွားဖြုန်းနေတယ်ပေါ့လေ၊ ဟုတ်လား!!"

လီကျင်လုံက ခေါင်းငုံ့ပြီး ဘာမှပြန်မပြောခဲ့ပေ။

"မင်း ဒုတပ်မှူးရာထူးရဖို့ ငါ့မှာ အများကြီးအားထုတ်ခဲ့ရတာ။ မင်းမှာ ရည်မှန်းချက်တွေရော ရှိသေးရဲ့လား!!"

"တစ်ခုခု ပြောဦးလေ!"

ဖန်းချန်ချင်: "သံချေးတက်နေတဲ့ ဓားကို ကိုင်လိုက်ရုံနဲ့ မင်းကိုယ်မင်း ဒုတပ်မှူးဖြစ်ပြီလို့ တကယ်ထင်နေတာလား။ မင်း ဒီထက်ပိုပြီး ကြီးပြင်းလာလို့ မရဘူးလား။ မင်းရဲ့ဓားကို ငါ့ဆီပေး။ ငါ လွှင့်ပစ်လိုက်မယ်!"

ဖန်းချန်ချင်က လီကျင်လုံ၏ဒူးအောက်မှ ဓားကို ကန်ထုတ်ရန် ခြေထောက်ကို ဆန့်တန်းလိုက်သော်လည်း လီကျင်လုံက လုံးဝငြိမ်သက်နေပြီး အတင်းဖိထားလေ၏။

"ဒီည နောက်ဆုံးပဲ။ မင်းရဲ့အထက်လူကြီးက မင်းကို တိုင်ချက်တင်လိုက်ပြီ!"

ဖန်းချန်ချင်မှာ ဒေါသအလွန်ထွက်နေမှန်း သိသာလှ၏။

"မနက်ဖြန် မနက်ခင်းညီလာခံမှာ မင်းကိစ္စကို အရင်ဆုံးဆွေးနွေးကြတော့မှာ!! မင်း ငါ့မျက်နှာကို ဘယ်နားမှာထားစေချင်နေတာလဲ!"

အစေခံများက စင်္ကြံအောက်မှာရပ်ကာ လီကျင်လုံ၏ ပြဇာတ်ကို ကြည့်နေခဲ့ကြ၏။ ချန်အန်း၌ လီကျင်လုံက အလှပန်းအိုးမျှသာဖြစ်ကြောင်း လူတိုင်း ပြောဆိုနေကြသည်။ လီကျင်လုံဆိုသည်မှာ ဖန်းချန်ချင်၏အဒေါ်ဘက်မှ မွေးဖွားလာသူပင်။ သူ့အမေက သူ လေးနှစ်လောက်ကတည်းက ဆုံးပါးသွားခဲ့သည်။

သူ၏အဖေ လီမိုကလည်း မဟာတံတိုင်းအပြင်ဘက်မှာ စစ်ချီထွက်ရင်း မြားတစ်စင်းကြောင့် သေဆုံးသွားခဲ့ရသည်။ ထိုနှစ်တွင် လီကျင်လုံက အသက် ၁၆ နှစ်မျှသာ ရှိသေး၏။ သူ၏ဖခင်က ကွယ်လွန်သွားပြီး ဆွေမျိုးများလည်းမရှိ၊ ပြုစုစောင့်ရှောက်ပေးမည့်သူ မရှိသောကြောင့် သူ့မိသားစု၏ပိုင်ဆိုင်မှုအားလုံးကို တဖြည်းဖြည်း ဆုံးရှုံးသွားခဲ့ရသည်။

ထို့နောက် သူက မသေမျိုးဆရာကြီးတစ်ပါးကို ရှာကာ အမတလမ်းစဥ်အကြောင်း မေးမြန်းရင်း စည်းစိမ်များ ကုန်သွားပြန်သည်။ နောက်ပိုင်းတွင် နတ်ဆိုးများကို အနိုင်ယူရန်အတွက် တိရန်ကျယ်အသုံးပြုခဲ့သော ဓားတစ်ချောင်းကို ဝယ်ယူနိုင်ခဲ့၏။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်ရှိသော ဖြုန်းတီးရေးသမား လီကျင်လုံက ချန်အန်းမြို့ရှိ မိန်းကလေးများစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရသော်လည်း သူ၏အသက်မွေးဝမ်းကြောင်းကြောင့် အိမ်ထောင်ပြုဖို့ကိစ္စ၌ တိုးတက်မှုမရှိခဲ့ပေ။

ယခု အသက် ၂၀ ပြည့်သည့်တိုင် မည်သည့်ကိစ္စမှ ဖြစ်ဖြစ်မြောက်မြောက် မအောင်မြင်ခဲ့သောကြောင့် အိမ်ထောင်ရေး ဆွေးနွေးပွဲများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

သူ့အသက်က မငယ်တော့သော်လည်း မိသားစုလည်း မရှိ၊ အသက်မွေးဝမ်းကြောင်းလည်း မရှိပေ။ ပြီးခဲ့သည့်နှစ်ကမှ ဖန်းချန်ချင်သည် အနောက်တိုင်းဒေသရှိ ပေါ်လုအင်ပါယာကို သိမ်းပိုက်ပြီး ဧကရာဇ်ရွှမ်ကျုံးဆီကနေ ဆုလာဘ်ကို လက်ခံရှိခဲ့သောကြောင့်သာ လီကျင်လုံက လုံဝူစစ်တပ်၌ နေရာရခဲ့ခြင်းဖြစ်၏။

လက်ရှိ၌ ဖန်းချန်ချင်က သူ့ဝမ်းကွဲညီဖြစ်သူ၏ ကျရှုံးမှုများကြောင့် စိတ်တိုဒေါသထွက်နေခဲ့သည်။ ထိုစဥ် သူ့ဇနီးက ပြေးလာကာ ပြင်းထန်စွာ ရိုက်ပုတ်နေသော ဖန်းချန်ချင်ကို ဝင်တားလိုက်လေ၏။

"မရိုက်နဲ့ပါတော့၊ မရိုက်ပါနဲ့တော့ရှင်!"

ဖန်းချန်ချင်၏ နောက်ဆုံးရိုက်ချက်ကြောင့် ပေတံက နှစ်ပိုင်းကွဲသွားတော့သည်။ ထို့အပြင် လီကျင်လုံ၏နဖူးမှ သွေးများကလည်း ပါးပြင်ပေါ်သို့ စီးကျလာခဲ့သည်။

"သခင်ကြီး စိတ်အေးအေးထားပါဦး!"

သခင်မဖန်းမှာ ဖန်းချန်ချင်၏ကျောကို ပွတ်သပ်ပေးရင်း ဖျောင်းဖျပေးနေ၏။ ဖန်းချန်ချင်မှာ သူ့ကို တော်ဝင်တရားရုံးကနေ တရားဝင်ရာထူးခန့်အပ်လာရန် စောင့်ဆိုင်းနေခဲ့သော်လည်း သူ၏ညီဝမ်းကွဲက ချန်အန်းတစ်မြို့လုံး၏ ဟာသပြရုပ်ကြီးဖြစ်နေ၏။

ဤသည်မှာ သူ၏ တရားဝင်ရတော့မည့် ရာထူးအပေါ် ထိခိုက်စေနိုင်သောကြောင့် မည်သို့မှ စိတ်အေးအေးမထားနိုင်ပေ။

ဖန်းချန်ချင်တစ်ယောက် လီကျင်လုံကို ရိုက်နှက်ဆုံးမပြီးနောက် ချာခနဲလှည့်ထွက်ကာ အိမ်ထဲသို့ ဝင်သွားခဲ့သည်။ သခင်မဖန်းက လီကျင်လုံ၏မျက်နှာကို သန့်စင်ပေးရန်အလို့ငှာ အ၀တ်သန့်ယူလာပေးဖို့ အစေခံကို အလျင်အမြန် အမိန့်ပေးလိုက်သည်။

"မင်းဘာလို့ ဒီလောက် ရူးရတာလဲ။ မင်းသာ အမှားဝန်ခံလိုက်ရင် မင်းအစ်ကိုက ဒီလောက်ထိ ဒေါသထွက်မှာမဟုတ်ဘူး။"

လီကျင်လုံက တိတ်ဆိတ်နေခဲ့သည်။ သူက နေဝင်ရီတရောအချိန်အထိ ငြိမ်သက်စွာ ဒူးထောက်နေခဲ့ပြီး မီးခိုးပြာရောင်အုတ်ကြမ်းပြင်ပေါ်မှာ နေဝင်ချိန်အလင်းရောင်များနှင့် သွေးစွန်းများက ရောထွေးနေခဲ့သည်။

...

ညနေစောင်း ရောက်သောအခါ ဟုန်ကျွင့်တစ်ယောက် စာအုပ်အနည်းငယ်ကိုပိုက်၍ အရှေ့ဈေးကနေ ပြန်ထွက်လာခဲ့သည်။ သူ ခေါင်းမော့ကြည့်လိုက်သောအခါ အနီရောင် တိမ်တိုက်ကြီးတစ်ခုက မိုးကုပ်စက်ဝိုင်းအနောက်ဘက်မှာ ပေါ်ထွက်နေလေပြီ။ ထိုအခိုက်အတန့်၌ အဝေးမှ ဗုံတီးသံများလည်း ထွက်ပေါ်လာခဲ့သည်။

*ဒုန်း.... ဒုန်း...*

တစ်ဆက်တည်းဆိုသလို အချက်ပေး ခေါင်းလောင်းသံလေးကလည်း မြည်ဟည်းလာပြီး ညနေခင်းရောက်ပြီဖြစ်ကြောင်း အချက်ပြနေခဲ့သည်။ ဟုန်ကျွင့် သမ်းဝေလိုက်၏။ မနေ့ညက တစ်ညလုံးအိပ်မပျော်ခဲ့သလို ယနေ့လည်း ပြေးလွှားနေရသောကြောင့် ပင်ပန်းနေလေပြီ။

ထိုက်ဟန်တောင်မှ ယူလာခဲ့သော နှလုံးမီးအိမ်က ကွဲကြေသွားခဲ့ရုံမက နတ်ဓားပျံတစ်စင်းလည်း ပျောက်သွားခဲ့သည်။ သူရိန်နေမင်းကြီး အနောက်ဘက်သို့ ငုပ်လျှိုးဝင်သွားသည့်အခိုက်တွင် သူ့စိတ်ထဲသို့ ဝမ်းနည်းစိတ်များ တိုးဝင်လာခဲ့ပြီး စိတ်ဓာတ်ကျသွားပြန်သည်။

"ဟေ့၊ ကျောက်ကျစ်လုံ!"

ဟုန်ကျွင့်တစ်ယောက် သူ၏နောက်ကျောမှ အိတ်ကလေးကို ပုတ်လိုက်သည်။ ငါးကြင်းမိစ္ဆာက ဟုန်ကျွင့် စာဖတ်နေစဥ်က မလှုပ်မယှက် အိပ်ပျော်သွားခဲ့ပြီး ရုတ်တရက် လှုပ်နှိုးခံလိုက်ရသောအခါ ပါးစပ်မှာ ဖွင့်ချည်ပိတ်ချည်ဖြင့် နိုးလာလေ၏။

"နတ်ဆိုးနှင်ဌာနက ဘယ်မှာလဲ။"

"ငါမသိဘူးလေ။"

ငါးကြင်းမိစ္ဆာ ခေါင်းကုတ်လိုက်သည်။

"ငါ ချန်အန်းကို နောက်ဆုံးအကြိမ် ရောက်ခဲ့တာက အနှစ် ၈၀ လောက်တောင် ရှိနေပြီ။"

ဟုန်ကျွင့်: "အဲ့ဒီတုန်းက မင်း ဘယ်လိုရောက်သွားတာလဲ။ သေချာမကြည့်ခဲ့ဘူးလား။"

"အဲ့ဒီတစ်ခေါက်တုန်းက ငါ အရှေ့ဈေးမှာ ရောင်းစားခံနေရတာလေ။ သံချိတ်နဲ့ ချိတ်ခံထားရလို့ ပါးစပ်ထဲက သွေးတွေတောင်ထွက်နေတာ၊ ငါက ဘယ်လိုလုပ်ပြီး လျှောက်ကြည့်နိုင်မှာလဲ။"

ဟုန်ကျွင့်: "..."

"အရှင်ချင်းရှူံ ပေးလိုက်တဲ့ စာထဲမှာ ရေးမထားဘူးလား။"

"ကြည့်ကြည့်လိုက်ဦးမယ်။ အမ်... ကျင်းချန်လမ်းခွဲက ဘယ်မှာလဲ။"

"အနောက်ဈေးရဲ့ မြောက်ဘက်မှာ။ မြန်မြန်သွားရအောင်၊ ညနေဗုံတီးပြီးရင် ညမထွက်ရအမိန့် လာတော့မယ်။ နောက်တစ်ခါ လျှောက်လည်နေဦးမယ်ဆိုရင် မင်း အဖမ်းခံရလိမ့်မယ်။"

သို့ဖြင့် ဟုန်ကျွင့်လည်း အရှိန်မြှင့်ကာ အရှေ့ဈေးကနေ အနောက်ဈေးသို့ လမ်းလျှောက်လာခဲ့လေ၏။ ထို့နောက် လမ်းတစ်လျှောက်ရှိ လူများကိုလည်း လမ်းမေးမြန်းရသေးသည်။ နောက်ဆုံး မှောင်သွားတော့မှ ကျင်းချန်လမ်းခွဲကို တွေ့လိုက်ရသည်။ ချန်အန်းရှိ လမ်းမများက လမ်းတစ်လမ်းကို အမည်တစ်မျိုး ပေးထားကြသည်။

ကျင်းချန်လမ်းထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတောင် ဟုန်ကျွင့်တစ်ယောက် နတ်ဆိုးနှင်ဌာနကို ရှာမတွေ့သေးသောကြောင့် မီးရောင်များ ထိန်ထိန်လင်းနေသည့် အဆောက်အအုံတစ်ခုထဲသို့ ဝင်သွားလိုက်တော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment