Ch-6 : လုမိသားစု ရှိ သရဲများ
လုရှန်း သည် ကိုယ်ပျောက်ဂါထာစာရွက်ကို မိမိကိုယ်ပေါ်တွင် တင်လိုက်သည်နှင့် တပြိုင်နက် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
သူမ သည် လုနိုင်းရှိရာအခန်းသို့ သွား၍ အချိန်ကို တွက်ချက်ပြီး တံခါးကို ၃ ကြိမ်ခေါက်လိုက်သည်။
"လာပြီ..."
ချူမိသားစု က သူမကို အကောင်းမမြင်သောကြောင့် လုနိုင်း စိတ်ဆိုးနေဆဲဖြစ်သည်။ လုရှန်း၏ အလောင်းပျောက်ဆုံး မှုက သူမ၏ ညစ်နေသော စိတ်ကို ပိုမိုဆိုးရွားစေခဲ့သည်။
တံခါးခေါက်သံကို ရုတ်တရက်ကြားရသောအခါ အမျိုးသမီးလျို လာသည်ဟုသာ တွေးမိခဲ့သည်။ သို့သော် တံခါးဖွင့်လိုက်ချိန်တွင် လေပြင်းများ ရုတ်တရက်တိုက်ခတ်လာပြီး သူမရှေ့မှ ဖြတ်သန်းသွားကာ အပြင်ဘက်တွင် မည်သူမျှ မရှိပေ။
လုနိုင်း အနည်းငယ် သံသယဖြစ်လာကာ မျက်စောင်းထိုးကြည့်ရင်း "တံခါးကို ဘယ်သူခေါက်တာလဲ?"
မည်သူမျှ မတုန့်ပြန်သောကြောင့် တံခါးကို အမြန်ပိတ်ကာ သော့ခတ်လိုက်သည်။ သို့သော် သူမ သတိမထားမိခင် လုရှန်းသည် တံခါးဝတွင် ခဏတာရပ်နေစဉ် သူမကိုဖြတ်၍ အခန်းထဲသို့ ဝင်သွားခဲ့သည်။
လုနိုင်း သည် အခန်းထဲသို့ ပြန်ဝင်လာကာ ပို၍ကြောက်လာခဲ့သည်။ တံခါးအပြင်ဘက် မှ အသံကို သေချာနားထောင်ပြီး ဘာမှမကြားရတော့မှ သက်ပြင်းချလိုက်သည်။
"လုနိုင်း... နင် ငါ့ကို ရှာနေတာလား?"
လုရှန်း၏ တည်ငြိမ်သောအသံ က အခန်းထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လုနိုင်း ခဏရပ်ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။ ၆ နှစ်ကြာ အတူနေထိုင်ခဲ့သူဖြစ်သောကြောင့် လုရှန်း၏အသံကို အလွန်ရင်းနှီးသည်။
လုနိုင်း သည် ကြောက်လန့်တကြားဖြင့် အခန်းကို လှည့်ပတ်ကြည့်ရှုကာ တံခါးဆီသို့ ပြေးသွားပြီး သော့ကိုဆွဲဖွင့်ကာ ကြောက်လန့်တကြား ထွက်ပြေးတော့သည်။
လုရှန်း သည် လုနိုင်းကို ကြည့်ရင်း နှုတ်ခမ်းစူကာ တံခါးအပြင်ဘက်သို့ ထွက်လာခဲ့သည်။
အမျိုးသမီးလျိုသည် လုနိုင်း၏အော်သံကို ကြားသောအခါ တံခါးဖွင့်ကာ အလျင်အမြန်ထွက်လာခဲ့သည်။
"ရှောင်နိုင်း... ဘာဖြစ်နေတာလဲ" ဟု အမျိုးသမီးလျို က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
"အမေ... အမေ!" လုနိုင်း က တုန်ယင်နေသော လက်များဖြင့် အမျိုးသမီးလျို၏လက်ကို ဆွဲကိုင်ပြီး "အဲဒါ... လုရှန်းပဲ! သူ ပြန်လာပြီ!"
လုနိုင်း သည် စကားပြောရင်း မျက်နှာဖြူဖျော့သွားပြီး မျက်ရည်များ စီးကျလာခဲ့သည်။
အမျိုးသမီးလျို အံ့အားသင့်သွားခဲ့သည်။ သူမ သည် တစ်ခုခုပြောလိုသော်လည်း လုတာ့ဟွား က အနောက်မှ ထွက်လာသည်ကို သတိထားမိသောကြောင့် ရပ်လိုက်သည်။
"ဘာမှားလို့လဲ?" ဟု လုတာ့ဟွား က လုနိုင်းကို သံသယဖြင့် ကြည့်မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး" ဟု အမျိုးသမီးလျို က ညင်သာစွာဖြင့် "သူမ အိပ်မက်ဆိုးတစ်ခုမက်ပြီး ကြောက်နေတာ"
လုတာ့ဟွား စကားမပြောမီ အမျိုးသမီးလျိုက "တာ့ဟွား... ရှင် အားဂျန်၊ အားရှင်းတို့နဲ့အတူအိပ်လိုက်ပါ၊ ကျွန်မ ရှောင်နိုင်းနဲ့အတူအိပ်လိုက်မယ်"
လုတာ့ဟွားက ဘာမှပြန်မပြောဘဲ သမ်းဝေရင်း သူ့အခန်းထဲသို့ မပြန်မီ စောစောအိပ်ရန် ပြောခဲ့သည်။
အမျိုးသမီးလျို က လုနိုင်းကို သူမ၏အိပ်ခန်းထဲသို့ အမြန်ဆွဲခေါ်ကာ "ဘာဖြစ်တာလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။
"လုရှန်း... ပြန်လာပြီ။ အခုပဲ ခေါက်သံကြားလို့ စစ်ဆေးဖို့ ထွက်လာခဲ့တာ၊ အပြင်မှာ ဘယ်သူမှ မရှိဘူး။ ပြီးတော့ အခန်းထဲမှာ လုရှန်းရဲ့စကားသံ ကြားလိုက်ရတယ်"
"ဟင်..."
လုနိုင်း က ရုတ်တရက် ငိုချလိုက်ပြီး အမျိုးသမီးလျိုကို လက်မလွှတ်ဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
"သမီး ထင်ယောင်ထင်မှားဖြစ်နေတာများလား?" ဟု အမျိုးသမီးလျိုက ရယ်မောရင်း ပြောလိုက်သည်။ "ဒီကမ္ဘာမှာ သရဲတစ္ဆေ ဘယ်လိုလုပ်ရှိမှာလဲ? ဒီ၂ရက်လုံး ကောင်းကောင်းအိပ်မပျော်လို့ အကြားမှားတာနေမယ်"
"မဖြစ်နိုင်ဘူး!" လုနိုင်း က ခေါင်းယမ်းရင်း ပြောလိုက်သည်။ "ရှင်းရှင်းလင်းလင်း ကြားလိုက်ရတာ၊ တကယ်ကို လုရှန်းရဲ့အသံပဲ။ အမေ... အမေ! သူမ… သမီးတို့ကို သတ်ဖို့ ပြန်လာတာဖြစ်မယ်!"
အမျိုးသမီးလျို က မယုံကြည်သည့်ပုံစံကို မြင်ရသောအခါ လုနိုင်း သည် အလွန်စိုးရိမ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။
အမျိုးသမီးလျို က သူမ၏လက်ကို ပုတ်သပ်ကာ "မြန်မြန်အိပ်ချည်။ အမေတို့အတူအိပ်ကြမယ်။ မနက်ဖြန် နိုးရင် အဆင်ပြေသွားလိမ့်မယ်”
လုနိုင်း သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘယ်သူမျှမရှိသည်ကို မြင်ရမှ ကုတင်ပေါ်တက်ကာ စောင်ကို တင်းတင်းကြပ်ကြပ် ခြုံသည်။
အမျိုးသမီးလျို က ပြုံးကာ သူမ၏သမီးနံဘေးတွင် ဝင်လှဲလိုက်သည်။ သို့သော် ထိုအချိန်တွင် သော့ခတ်ထားသော တံခါး သည် ရုတ်တရက် ပွင့်ထွက်သွားပြီး အေးစက်သော လေပြင်းများ ဝင်ရောက်လာသောကြောင့် နှစ်ယောက်စလုံး အံ့အားသင့်သွားကာ အမြန်ထထိုင်လိုက်ကြသည်။ လုနိုင်း က အမျိုးသမီးလျို၏ခါးကို ဆွဲကိုင်ကာ အော်တော့သည်။
"မဟုတ်ဘူး... ဘာမှမဖြစ်ဘူး! တံခါးကို တင်းတင်းကျပ်ကျပ် မပိတ်ခဲ့တာ ဖြစ်နိုင်တယ်။ လေတိုက်လို့ ပွင့်သွားတာ"
အမျိုးသမီးလျို မှာ လုနိုင်းကို နှစ်သိမ့်နေသလား၊ သူမ၏ကိုယ်သူမ နှစ်သိမ့်နေသလား မသိနိုင်။ သို့သော် သူမသည် တံခါးကို သော့ခတ်ထားသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။