🌷 Chapter 7
"ချင်းချန်စီမံကိန်းလား ?"
ဖုန်းထဲမှ နန်ကျီ၏အသံမှာ နောက်ခံဆူညံသံတွေကြောင့် အနည်းငယ်တိုးလျနေခဲ့သည်။
နန်ယု သူ ဘားတွင် ထပ်ရောက်နေသည်ကို သိလိုက်သည်။
သို့သော် မကြာမီ သူတို့ တိတ်ဆိတ်သည့်နေရာသို့ ရောက်သွားသည့်အတွက် သူ့အသံမှာရှင်းလင်းလာခဲ့သည်။
“ဟုတ်တယ်၊ ငါ ပါချင်တယ်”
“ငါ အဲ့ဒီစီမံကိန်းအကြောင်း နည်းနည်းပါးပါးကြားဖူးတယ်၊ သာမန်ပဲ မဟုတ်လား ? နင် ဘာလို့ ရုတ်တရက်...” နန်ကျီ နားမလည်စွာမေးသည်။
သူ သူ့ညီမအား အထင်သေးတာမျိုးမဟုတ်ပေ။ သူမ မွေးလာကတည်းက တစ်ပြားတစ်ချပ်မှမရှာဖူးခဲ့သည့်အတွက်ဖြစ် သည်။
အချို့မိသားစုမှာ သူတို့၏ဂုဏ်သတင်းမြှင့်တင်ဖို့အတွက် ကလေးများကို စီမံကိန်း "ကြီးများ" တွင် တမင်တကာ ပါဝင်စေပြီး စီမံကိန်းများအား ၎င်းတို့ကိုယ်တိုင်ပြုလုပ်ခဲ့ကြောင်း ပြောဆိုကြသည်။
ဒါမှမဟုတ် သူတို့ဂုဏ်သတင်းနှင့် ဆုများရရှိရန် နိုင်ငံခြားသို့ ပို့ကြသည်။
ဒါပေမဲ့ နန်မိသားစုမှာ ထိုသို့အချည်းနှီးပြောဆိုမှုတွေမလုပ်ကြပေ။
နန်ယု ဥပဒေကို မချိုးဖောက်သရွေ့ သူ လိုချင်တာမှန်သမျှ လုပ်နိုင်သည်။
တစ်ဖက်ကကြည့်ရင် ဒီလို အလိုလိုက်ခံရမှုကြောင့်ပဲ သူမ လို ချင်တာမှန်သမျှ အမြဲတမ်းရနေတယ်လို့ အကျင့်ဖြစ်နေပြီး အသေးငယ်ဆုံးသောအခက်အခဲလေးကိုပင် မကျော်လွှားနိုင်တာမျိုးဖြစ်ခဲ့သည်။
ထိုသို့သောရလဒ်၏မျိုးစေ့များမှာ လွန်ခဲ့သော အချိန်ကပင် စိုက်ပျိုးပြီးဖြစ်သည်။
“ရိုးရိုးလေး စမ်းကြည့်တာပါ” နန်ယု ဂရုမစိုက်သည့်လေသံဖြင့် ပြောလိုက်သည်။
ထို့နောက် သူမ ဝူကျန့်ဝေ၏အခြေအနေကို နန်ကျီအားပြန် ပြောပြခဲ့သည်။
“ဒီအခွင့်အရေးက ရုတ်တရက်ပေါ်လာတာလေ ငါ့အတွက် ကောင်းမယ်လို့ထင်လို့ပါ”
—နင်က ကောင်းတဲ့အကြံလို့ ထင်တာလား ??
နန်ကျီ လှောင်ပြောင်လိုစိတ်ပေါက်လာသည်။
“ဟေး ကောင်မလေး၊ နင် ဘယ်စီမံကိန်းမှာမှပါခဲ့ဖူးတာမဟုတ်ဘူး၊ ဘယ်လိုကောင်းတာလဲ ? မိန်းကလေးတစ်ယောက်ရဲ့ ဆဋ္ဌမအာရုံလား"
ဝိုင်အနည်းငယ်သောက်ပြီးနောက် နန်ကျီ နားထင်အားမဖိဘဲ မနေနိုင်တော့ပေ။
“ဖေးယီကျန့်ကြောင့်လား”
“ဟမ် ?”
“နင် သူ့နဲ့ တူညီတဲ့အရာတစ်ခုခုရှိလာလိမ့်မယ်လို့ ထင်လို့လား”
နန်ကျီ မဆိုင်းမတွပင် သူ့မှန်းဆချက် သို့မဟုတ် အမှန်တရားဟု ယူဆထားသည့်အရာအား တိုက်ရိုက်ပြောဆိုလိုက်သည်။
နန်ယု နန်ကျီ ထိုသို့တွေးလိမ့်မည်ဟုမျှော်လင့်မထားခဲ့သော် လည်း ၎င်းမှာ သူမ၏ "အချစ်ရူး" ပုံစံနှင့်ကိုက်ညီနေသည်။
နန်ယု ဘာမှမပြောတော့သဖြင့် နန်ကျီ လက်ခံလိုက်သည်။
“ဘယ်တော့ စကားပြောမလဲ၊ လုကျယ်ကို ငါ လွှတ်လိုက်မယ်”
လျိုလုကျယ်မှာ နန်ကျီ၏အဓိကလက်ထောက်ဖြစ်ပြီး ကုမ္ပဏီ ၏ကဏ္ဍများစွာကိုတာဝန်ယူရသည်။ သူသည် ငယ်ရွယ်ပြီး အလားအလာရှိသလိုရုပ်လည်းချောသည်။
ထိုနာမဝိသေသနများကို သုံးရသည့်အကြောင်းရင်းမှာ နန်ကျီ ၏မိခင်မှ နန်ယုအား ထိုလူနှင့် စေ့စပ်ပေးရန်တစ်ချိန်ကကြိုး စားခဲ့ဖူးသောကြောင့်ပင်။ သို့သော် နန်ယု ပြင်းပြင်းထန်ထန် ငြင်းပယ်ခဲ့သည်။
နန်ကျီသည် ဝူကျန့်ဝေ နန်ယုအား စာချုပ်အကြောင်းလှည့်စားရဲမည်ကိုစိုးရိမ်ခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ နန်ယုသည် နန်နှင့်ဖေးမိသားစုနှစ်ခုလုံးအား ကိုယ်စားပြုသည်။
သို့သော် စိတ်ချရအောင် သူ၏ယုံကြည်ရသော လက်ထောက်အားစေလွှတ်လိုက်သည်။
နန်ယု ငြင်းမနေတော့ပေ။ နန်ကျီနှင့် စကားအနည်းငယ်ထပ် ပြောပြီးနောက် သူ ဖုန်းချလိုက်သည်။ နောက်ဆုံးသတိပေးစကားတစ်ခုသာကျန်တော့်သည်။
“အစ်ကို၊ နည်းနည်းလျှော့သောက်နော်”
“ဟား ဟား ဟား၊ ငါ သိပါတယ်၊ နည်းနည်းပဲသောက်မှာပါ”
နန်ယု ဖုန်းအားချလိုက်သည်။ သူ့အစ်ကိုမှာ အချစ်ရေးမှလွဲ၍ ကျန်သည့်ကိစ္စများတွင် ကောင်းမွန်ခဲ့သည်။ နောက်ဆုံးတွင် အချစ်သည် သူ၏ကျဆုံးခြင်းဟုပြောနိုင်သည်။
နန်ကျီသာ မသေခဲ့ရင် နန်ယုလည်း ထိုသို့ဖြစ်မည်မဟုတ်ပေ။
သူမ သက်တောင့်သက်သာနေလိုသည့်အတွက် နန်ကျီ ကိစ္စအား ဖြေရှင်းရမည်မှာသဘာဝကျသည်။ မဟုတ်ရင် အခြေ အနေမှာ လေးနှစ်အရွယ် ဖေးယွင်ကျင်းကိစ္စထက်အဆများစွာ ပိုမိုဆိုးရွားလာမည်။
နောက်တစ်နေ့ နေ့လည်တစ်နာရီတွင် ဖေးရှင်းလင် ဦးဆောင်သော သက်ကြီးပိုင်းငါးဦးအဖွဲ့မှာ နန်ယုဗီလာသို့ ရောက်ရှိလာသည်။
အိမ်တော်ထိန်းကျိုး လက်ဖက်ရည်ချပေးပြီးနောက်တိတ် ဆိတ်စွာ ဘေးသို့ဆုတ်သွားသည်။ နန်ယုနှင့် ဖေးယွင်ကျင်းတို့ကမူ သူတို့၏တစ်ဖက်တွင် ထိုင်နေခဲ့ကြသည်။
“မဒမ်ဖေး ဒီရက်ပိုင်းအဆင်ပြေနေပုံရတယ်”
ဖေးရှင်းလင် သိသိသာသာကျန်းမာရေးကောင်းမွန်ပြီး ပိုဝဖြိုးလာသည့် ဖေးယွင်ကျင်းအားကြည့်ကာ ကျေနပ်စွာပြုံးလိုက်သည်။
“သခင်လေးကိုလည်း ကောင်းကောင်းပြုစုထားပုံပဲ”
သူ့မျက်နှာပေါ်ရှိ ခြစ်ရာများကိုမူ သူ လုံးဝလျစ်လျူရှုလိုက်သည်။
ဖေးရှင်းလင်၏အတွေးအခေါ်မှာ ရှေးရိုးစွဲဆန်နေဆဲ ဖြစ် သည်။ သူက လက်ထပ်ပြီးနောက် မိန်းမတစ်ယောက်သည် ခင်ပွန်းနှင့် ကလေးများကိုသာ ပြုစုရန် လိုအပ်သည်ဟုယုံ ကြည်သည်။
ဖေးမိသားစုငွေကြေးချို့တဲ့ခြင်းမရှိသောကြောင့် မဒမ်ဖေးအနေဖြင့် ပြည်သူလူထုရှေ့တွင်ပေါ်လာရန် မလိုအပ်ဟု သူ ယူဆသည်။
ယနေ့ခေတ်တွင် ရေပန်းစားနေသော ခေတ်မီအမျိုးသမီးများကိုလည်း မနှစ်သက်ပေ။ ဖေးရှင်းလင်စိတ်ထဲတွင် သာမန်မိသားစုများနှင့် အသစ်ချမ်းသာလာသူများသာ ထိုသို့လုပ်ကြသည်။
တကယ့်သူကောင်းမျိုးမှာ အမျိုးသမီးတစ်ဦးအား ထိုမျှလောက်အလုပ်ကြိုးစားခိုင်းမည် မဟုတ်ပေ။
ဖေးယွင်ကျင့်၏နောက်ခံမှာ ဂုဏ်ရှိသည်ဟု မဆိုနိုင်သော် လည်း တကယ်တမ်းဆိုရင် သူသည် တရားမဝင်မွေးဖွားလာသောကလေးမဟုတ်ပေ။ နန်ယု သူ့အား ကောင်းစွာပြုစုရန် အရည်အချင်းပြည့်မီသည်ဟု ဖေးရှင်းလင် ယူဆသည်။
နန်ယု ဖေးရှင်းလင်လေသံနှင့် အမူအရာအားကြည့်ပြီး မျက် မှောင်ကြုတ်လိုက်မိသည်။ သူ့ပုံစံက ကြောင် ဒါမှမဟုတ် ခွေးက လေးတစ်ကောင်အား အကဲဖြတ်နေသလိုပင်။
သူ ခေါင်းငုံ့ထားသည့် ဖေးယွင်ကျင်းအား လက်လှမ်း၍ထိပြီး အားပေးလိုက်သည်။ ထို့နောက် သူ ညင်သာစွာပြုံးလိုက်သည်။
“ဖေးမိသားစုကနေထွက်လာပြီးနောက်မှာ စိတ်သက်သာရာရသွားပြီး ပိုပြီးအင်အားပြည့်လာတာဖြစ်နိုင်တယ်”
ဖေးရှင်းလင် နောက်မှ သက်ကြီးရွယ်အိုလေးဦး…
ခဏတာမျှ နန်ယုအား အပြစ်တင်လိုစိတ်ပေါ်လာသည်။ ဘယ် လိုလုပ် သက်ကြီးရွယ်အိုတွေကို ဒီလောက်ထိ မလေးစားနိုင်ရတာလဲ။ ဖေးမိသားစုကနေ ထွက်လာပြီးတော့မှ ပိုကောင်းသွားတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဖေးမိသားစုက နဂါးလှိုင်ဂူ ဒါမှမဟုတ် ကျားလှိုင်ဂူလား ? သူတို့က နန်ယုကို နှိပ်စက်နေလို့လား ??
သို့သော် ဖေးရှင်းလင်တိတ်ဆိတ်နေသောကြောင့် ထိုလေးဦးမှာ သူပြောမည့်စကားအားသိလိုစိတ်ဖြင့် သူတို့စကားများကို ထိန်းချုပ်ထားလိုက်သည်။
ဖေးရှင်းလင် တည်ငြိမ်နေပြီး သူ့လှုပ်ရှားမှုနှင့် အမူအရာများတွင် စိတ်ပျက်သည့် အရိပ်အယောင်ပင်မပြခဲ့ပေ။ ယင်းအစား သူ ခေါင်းညိတ်လိုက်ပြီး “မဒမ်ဖေး ပျော်နေသရွေ့ပေါ့”
သူ နည်းနည်းပါးပါးလေးထိမိရုံပဲ ပြောခဲ့တာကြောင့် တစ်စုံ တစ်ရာအား ပြောနေသကဲ့သို့လည်းကောင်း၊ ဘာမှမပြောနေသကဲ့သို့လည်းကောင်းဖြစ်နေသည်။
နန်ယု ဖေးရှင်းလင်နှင့် ဆက်ဆံရခက်သည်ကို သိသော်လည်း တကယ်တမ်းပြောရလျှင် သူတို့ကြားတွင် အကျိုးစီးပွားပဋိပက္ခမရှိခဲ့ပေ။
မူရင်းဝတ္ထုတွင် ဤလူမှာ ရှေးရိုးစွဲဖြစ်ပြီး စည်းကမ်းလိုက်နာကာ အမျိုးသမီးများကို အထင်သေးသော်လည်း ဖေးမိသားစု ၏အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်လောက်အောင် အလွန်သစ္စာရှိသည်။
နန်ယု၏ ယခင်အခက်အခဲများနှင့် ဖေးမိသားစုမှ ပြောင်းရွှေ့ထွက်ခွာခြင်းတို့သည် ဖေးရှင်းလင်၏အောက်ခြေစည်းကို မထိခဲ့ပေ။ ယင်းမှအပ အနာဂတ်တွင် သူတို့နှစ်ဦးကြားပဋိပက္ခများ ရှိလာမည်ဟု သူ မထင်ပေ။
ကွာရှင်းတာအတွက်လား ??
ကွာရှင်းပြီးနောက် နန်ယုနှင့် ဖေးမိသားစုတို့သည် ပိုလို့ပင် အဆက်အသွယ်နည်းသွားမည်ဖြစ်သည်။
“ဒါဆို ဒီနေ့ ဘာကိစ္စကြောင့် လာခဲ့တာလဲ”
နန်ယု သူတို့နှင့်စကားအချေအတင်ပြောနေရတာ ပျင်းတာကြောင့် အဓိကအချက်အား တိုက်ရိုက်မေးလိုက်သည်။
ရိုးရိုးရှင်းရှင်း လည်ပတ်တာလောက်နှင့် စုံစမ်းတာမျိုးပဲဆိုပါက လူတွေအများကြီးစေလွှတ်စရာအကြောင်းမရှိပေ။ သူ အစကတော့ ဖေးမိသားစုသို့ပြန်လာရန် တိုက်တွန်းဖို့လာသည်ဟု ထင်ခဲ့သည်။ ဒါပေမဲ့ အခုကြည့်ရတာ… တစ်ခုခုတော့ ရှိကိုရှိရမည်။
ဒါမှမဟုတ် သူ သဘောတူရမယ့် တစ်ခုခုပေါ့။
“မဒမ်ဖေး”
ဖေးရှင်းလင် သူ့ခေါင်းအား ဘယ်ဘက်သို့ အနည်းငယ်လှည့်လိုက်သည်။ ထိုအခါ သူ့ဘေးမှသူက ဖိတ်ကြားလွှာကဲ့သို့သော အရာတစ်ခုကို သူ့အားပေးလိုက်သည်။
ဖိတ်စာကို လက်ခံရရှိပြီးနောက် ဖေးရှင်းလင် နန်ယုအားပေး လိုက်သည်။
“လာမယ့်စနေနေ့က ပေထန်မိသားစုက အဖိုးကြီးရဲ့အသက်ရှစ်ဆယ်ပြည့်မွေးနေ့ပွဲပဲ၊ ကျွန်တော်တို့ ဖေးမိသားစုကမဖြစ်မနေတက်ရောက်ရမယ်”
“အိမ်တော်သခင်မလာနိုင်တဲ့အတွက် မဒမ်ဖေးက ဖေးမိသားစုကိုယ်စားပြုပြီး တက်ရောက်ပေးဖို့လိုအပ်ပါတယ်"
ဖေးယီကျန့်၏တရားဝင်ဇနီးနှင့် နန်မိသားစု၏သမီးဖြစ်သော နန်ယုသည် ဖေးယီကျန့် မရှိချိန်တွင် အသင့်တော်ဆုံးရွေးချယ်မှုပင်။
သို့ပေမဲ့ သူမ၏ယခင်အမူအကျင့်များကြောင့် မဒမ်ဖေးမှာ စိတ်လိုက်မာန်ပါဖြစ်ပြီး အနိုင်ကျင့်ရန်ခက်ခဲကြောင်း ဖေးမိသားစုအား သိရှိစေသည်။
သူတို့သည် ခင်ပွန်းမပါဘဲ ပွဲသို့တစ်ယောက်တည်း တက်ရောက်ရသည့်အတွက် ရှက်ရွံ့ပြီး သွားရန်ငြင်းဆန်မည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် လူများစွာကို ပို့ခဲ့ခြင်းဖြစ်သည်။ အရေးအကြီးဆုံးမှာ...
“ဖေးယွင်ကျင်းကို ခေါ်လာရမှာလား”
နန်ယု ဖိတ်စာအားဖွင့်ကြည့်လိုက်သည်။ စကားလုံးများမှာ တိုက်ရိုက်တော့မကျပေမဲ့ အဓိပ္ပာယ်ကတော့ ရှင်းသည်။
ဒါကြောင့် ဖေးရှင်းလင်လာတာ အံ့ဩစရာမရှိတော့ပေ။ သူမ ခင်ပွန်းမပါဘဲ လင်ပါသားအားခေါ်လာရခြင်းအတွက် အလွန်နစ်နာသည်ဟု ခံစားရသည်။
ဒီအသိုင်းအဝိုင်းတွင် ကောလဟာလတွေအများကြီးရှိတာကြောင့် နန်ယု ထိုကဲ့သို့ပုံစံနှင့် ပေါ်လာပါက သူမ နောက်ကွယ်တွင် ဘာပြောမည်ကိုသိသည်။
အမြဲတမ်း အလိုလိုက်ခံခဲ့ရသော နန်သခင်မလေးမှာ ထိုအခြေ အနေအား ဘယ်လိုသည်းခံနိုင်မှာလဲ။
နန်ယု၏မှတ်ဉာဏ်ထဲတွင် သူမနှင့် ဖေးယွင်ကျင်းတို့သည် ထိုပွဲသို့ မသွားခဲ့ကြပေ။ သူမ ဖျားနေ၍ မထနိုင်ခဲ့သောကြောင့် ဖြစ်ပြီး ဖေးယွင်ကျင်းကိုမူ ပေထန်မိသားစုမှ ဖိတ်ကြားခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်။
သူ့ အရင်ဘဝမှာဘာမှမဖိတ်ခဲ့ရင် ဘာလို့ဒီဘဝမှာအရာရာ ပြောင်းလဲသွားတာလဲ။
သူမ ဖေးယွင်ကျင်းနဲ့အတူတူ ထွက်လာတာကြောင့်ပဲလား ?
ကိစ္စမှာ သေးငယ်ပြီး သူမကိုယ်တိုင် ပါဝင်ခဲ့ခြင်းမရှိသည့်အ တွက် နန်ယု ၎င်းအားဂရုမစိုက်ခဲ့ပေ။ ယခု အခြေအနေက မတူညီတော့ချေ။ သူမ ပွဲတစ်ခုအတွက်နှင့် မိမိကိုယ်ကိုယ် တမင်တကာ ဖျားအောင်လုပ်၍မရတော့ပေ။
သို့သော် ရိုးရိုးလေး သဘောတူလိုက်ရုံနှင့်လည်း မပြီးနိုင်ပေ။
နန်ယု သူမ “နစ်နာမှုများ” အား သည်းခံမည့်သူမျိုးမဟုတ်ပေ။
“ဟုတ်တယ်၊ ပေထန်မိသားစုက သခင်လေးယွင်ကျင်းကို ဒီလောက်နှစ်တွေအများကြီးလျစ်လျူရှုထားပြီး ရုတ်တရက်ပေါ်လာတာ တစ်ခုခုတော့ရှိမှာပဲ”
ဖေးရှင်းလင် နန်ယု၏မကျေနပ်မှုအား မြင်လိုက်သောအခါ ၎င်းမှာ သူမျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်ဟု တွေးလိုက်သည်။
“အိမ်တော်သခင်သာတကယ်အားရင် သခင်မလေးကို စိတ်အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး”
သူ ထိုကိစ္စအား စီးပွားရေးကိစ္စအဖြစ် ပြောင်းလဲပြောဆိုရန် ကြိုးစားခဲ့ပြီး ဖေးယီကျန့်ကိုပင် ဆွဲထည့်ကာ နန်ယု အခြေအ နေတစ်ခုလုံးကို ထည့်သွင်းစဉ်းစားရန်မျှော်လင့်ခဲ့သည်။
ဒါ့အပြင် သူတို့၏သခင်မမှာ အိမ်တော်သခင်အား တကယ်ပင်ချစ်မြတ်နိုးပြီး မိန်းကလေးငယ်များမှာအချစ်အတွက် ပိုမိုပေး ဆပ်လေ့ရှိသည်။
ဖေးရှင်းလင် ထိုစကားကိုပြောလိုက်ချိန်တွင် သူ့ဘေးတွင်ရပ် နေသည့် ဖေးယွင်ကျင်းအားရှောင်လွှဲခြင်းမရှိခဲ့ပေ။ ပထမအချက်မှာ သူတို့ ပေါ်လာကတည်းက ကလေးမှာခေါင်းငုံ့ထားပြီး စိတ်ကျန်းမာရေးမကောင်းသကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ဖေးယွင်ကျင်းမှာ ဥာဏ်ရည်သိပ်မကောင်းပုံရသည်။
ဒုတိယအချက်အနေမှာ အသက်လေးနှစ်အရွယ်ကလေးက ဘာတွေသိမှာတုန်း။
ဖေးယွင်ကျင်း တစ်မှတစ်ရာအထိပင် ရေတွက်တတ်မည် မဟုတ်ပေ။ သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် သူ့တွင် ပရော်ဖက်ရှင်နယ် ကလေးထိန်းဆရာမလည်း မရှိသလို ကိုယ် တိုင် သင်ယူနိုင်သည့် အခြေအနေလည်းမရှိပေ။
ဖေးရှင်းလင် စိတ်ထဲတွင် ဖေးယွင်ကျင်းအားအမွေဆက်ခံသူစာရင်းမှ ဖယ်ထုတ်ပြီးဖြစ်သည်ဟုဆိုနိုင်သည်။ သူ နာခံပြီး ပြဿနာမရှာသရွေ့ အဆင်ပြေသည်။
ထို့ကြောင့် သူသည် ဖေးယွင်ကျင်း ဒူးပေါ်တွင် အနည်းငယ် ဆုပ်ထားသည့်လက်များနှင့် ဖြူဖျော့သွားအောင်ကိုက်ထားသည့် နှုတ်ခမ်းများကိုမူသတိမထားမိခဲ့ပေ။ သတိထားမိခဲ့လျှင်တောင် ဂရုစိုက်မည်မဟုတ်ချေ။
“တကယ်လား၊ တကယ်ဒီလိုကိစ္စမျိုးရှိတယ်ပေါ့၊ဘယ်လောက် တောင် ရှက်စရာကောင်းလိုက်လဲ! ဘယ်သာမန်လူမှ အဲ့လိုလုပ်မှာ မဟုတ်ဘူး!”
“ဘယ်သူက မဟုတ်ဘူးပြောလို့လဲ၊ မဟုတ်ရင် သခင်လေးယွင်ကျင်းကို ကြည့်ဦး၊ သူက…”
“အား၊ ဒါကြောင့်ပဲ လူတွေက ရောင့်ရဲတတ်ဖို့လိုတယ်၊ မင်း မလိုချင်သင့်တဲ့အရာတွေကို တပ်မက်နေတာက ဒီလိုကံကြမ္မာမျိုးဖြစ်လာလိမ့်မယ်”
အိမ်ဖော်များ၏နောက်ကွယ်မှ စကားများအားကောင်းမွန်သော မှတ်ဉာဏ်ကြောင့် သူ မှတ်မိနေဆဲဖြစ်သည်။
သူတို့သည် သူ့အား မရိုးသားသည့်နည်းလမ်းဖြင့် မွေးဖွားခဲ့ပြီး သေဆုံးသွားခဲ့သည့် သူ့မိခင်အကြောင်းပြောနေသည်အား သူ သိသည်။
ငယ်ရွယ်သည့် အရွယ်တွင်ပင် ဖေးယွင်ကျင်းသေဆုံးခြင်း၏ အဓိပ္ပာယ်အား နားလည်ပြီးသားဖြစ်သည်။
လူတစ်ယောက်သေသွားပြီဆိုရင် သူတို့ဘယ်တော့မှပြန်လာမှာမဟုတ်တော့ဘူး။
အများအားဖြင့် သူ့လည်ပင်းအား ညှစ်နေချိန်၊ ဒါမှမဟုတ် အငတ်ခံနေရချိန်တွေမှာ ဖေးယွင်ကျင်း စိတ်ကူးနေတတ် သည်။ သူ့အမေသာ အသက်ရှင်နေသေးရင် သူ့ကိုကာကွယ်ပေးမှာလား။ သူ့အတွက် အရသာရှိတဲ့ အစားအစာတွေ လုပ်ပေးမှာလား ?
သူမ သူ့ခေါင်းအားပြုံးပြီး ထိကာ—ယွင်ကျင်းက တော်တယ်၊ အမေက ယွင်ကျင်းကို အချစ်ဆုံးပဲလို့ ပြောပေးမှာလား ?
မဖြစ်နိုင်ဘူးဆိုတာ သူသိသည်။ ဒါပေမဲ့ အနည်းဆုံးတော့ သူ့အား ပိုကောင်းသည်ဟု ခံစားရစေသည်။
ဖေးယွင်ကျင်း သူမ၏နာမည်မှာ… ပေထန်ကဟုမှတ်မိနေ သည်။
နန်ယုလက်ဖဝါး၏နွေးထွေးမှုက သူ့ခေါင်းပေါ်မှာ ဆက်ရှိနေသလိုခံစားရသည်။ ဖေးယွင်ကျင်း အံကြိတ်ထားသည့်သွားများကိုဖြေလိုက်သည်။
အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။
ရှောင်ကျင်းက အရမ်းလိမ္မာနေခဲ့တာ၊ သူ့ကို ပြန်မပို့တော့ဘူး… ဟုတ်တယ်မလား ?
“ဟုတ်တယ်၊ ယီကျန့်က တကယ်အလုပ်များတာ”
သူမ မျက်တောင်ရှည်များ အနည်းငယ် လှုပ်ခတ်သွားပြီး
မကျေနပ်မှုများ အပြည့်ပါရှိသည်။
“ကျမ ပြောင်းလာတာ နှစ်လနီးပါးရှိပြီ၊ သူ တစ်ခါမှဖုန်းမခေါ်သေးဘူး”
“ဟမ့်၊ သူ ငါ့ကို ဖုန်းမခေါ်ရင် ငါလည်း သူ့ကိုပြန်ခေါ်မှာမဟုတ်ဘူး!”
ဖေးရှင်းလင်- “… သခင်မလေး၊ ကျေးဇူးပြုပြီး အိမ်တော်သခင်ကို နည်းနည်းလေးစာနာပေးပါဦး”
သူ ထိုလင်မယား၏ ကိုယ်ရေးကိုယ်တာကိစ္စများအား ဘယ် တုန်းကမှ ဂရုမစိုက်ခဲ့ပေ။ သို့သော် နန်ယု အလွန်လှပသော ကြောင့် ဖေးယီကျန့် အနည်းငယ် ကွဲပြားလိမ့်မည်ဟု အမြဲ တမ်းယူဆထားခဲ့သည်။
ယောကျ်ားတွေက အသွင်အပြင်ကို အဓိကထားကြတာပဲလေ။
မမျှော်လင့်ဘဲ...
ဖေးယီကျန့်အကြောင်းတွေးလိုက်တော့ ဖေးရှင်းလင် အိမ်တော်သခင်က ကမ္ဘာကြီးအားသိမြင်သွားပြီဆိုပြီး ဘုန်းကြီးဝတ်တော့မည်ဟု ရုတ်တရက်ပြောလာမည်ကိုတကယ်ကြောက်နေသည်။
“စာနာပေးရမယ်၊ ငါက သူ့အတွက် လုံလောက်အောင်စာနာမှု မရှိသေးဘူးလား”
နန်ယု ပို မကျေနပ်ဖြစ်သွားသည်။ ဒီလူအိုကြီးက စကားကြီး၊စကားကျယ်တွေပဲပြောတတ်ပြီး ရလဒ်တိတိကျကျ မရှိဘဲ သူ့ကို လုပ်ခိုင်းနေတာပဲ။
သူက တကယ်ကို ပရော်ဖက်ရှင်နယ် အဆင့် ၁၀ “လေပေါ်မှာအိမ်ဆောက်” အထူးကျွမ်းကျင်သူပဲ။
ဒါပေမယ့် နန်ယုကတော့ အယုံအကြည်မရှိခဲ့ပေ။
သူမပြောရင်းဖြင့် "ဒေါသထွက်နေသည့်" နန်ယုမှာ မတ်တပ်ရပ်ပြီး "ငါ လုံးဝမသွားဘူး" ဟု ပြောလိုသည့်ဟန်ဖြင့် ဖိတ် ကြားလွှာအား စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
ဖေးရှင်းလင်၏မျက်ခုံးအလယ်ရှိ အရေးအကြောင်းမှာ ပိုပြီးနက်ရှိုင်းသွားသည်။ ဒါသာ သူ့ချွေးမဆိုလျှင် အချိန်အကြာကြီးကတည်းက ကွာရှင်းလိုက်မှာဖြစ်သည်။ သူမ လုံးဝဂုဏ်သိက္ခာမရှိပေ။ နန်မိသားစုက သူတို့သမီးအား ဘယ်လိုပြုစုပျိုးထောင်လိုက်လဲဆိုတာ သူ တကယ်မသိတော့ပေ။
သို့ပေမဲ့ ဘယ်လိုပဲခံစားရပါစေ ဖေးရှင်းလင် နန်ယုအား ဖိတ်ဖို့လိုသည်။
“သခင်မလေးသာ တက်ရောက်ဖို့ဆန္ဒရှိရင် ကျွန်တော် အိမ်တော်သခင်ကို အမှန်အတိုင်းပြောပြပါ့မယ်၊ သူက ခင်ဗျားရဲ့နာကြည်းမှုတွေကိုနားလည်ပြီး ခင်ဗျားအတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်လိမ့်မယ်”
သူ့အတွက် စိတ်မကောင်းဖြစ်မယ်တဲ့လား။
နန်ယု စိတ်ထဲမှ မျက်လုံးကိုလှန်လိုက်သည်။ ဖေးယီကျန့်၏ နတ်သားမျက်နှာနှင့်ဆိုလျှင် သူမ သူ့ရှေ့မှာ သေသွားရင် တောင် “အရာအားလုံးက အကြောင်းအကျိုးရှိတယ်၊ မင်းနှလုံးသားနောက်ကိုလိုက်ပါ” လိုမျိုး ရိုးရှင်းသည့်စကားပဲပြောလိမ့်မည်။
စိတ်ခံစားမှုဆိုင်ရာကိစ္စဖြင့် မိန်းကလေးငယ်လေးအား ထပ်လှည့်စားဖို့ ကြိုးစားနေတာ၊ ဒီလူအိုကြီးက တကယ်ကို အရှက်မရှိဘူး။
“ဘာလို့ အခု ယီကျန့်ကိုဖုန်းခေါ်ပြီး သူ ဘာပြောမလဲဆိုတာ မကြည့်တာလဲ၊ သူသာ ကောင်းတဲ့စကားနည်းနည်းလောက်ပြောရင် မဖြစ်နိုင်တာတော့ မဟုတ်ဘူး”
ဖုန်းခေါ်လေ၊ ရဲရဲသာခေါ်ပစ်လိုက်စမ်းပါ။
သူ ဖေးယီကျန့် ဘယ်လိုကောင်းတဲ့စကားမျိုးပြောနိုင်မလဲဆိုသည်ကို သိချင်မိသည်။
“အိမ်တော်သခင်က အရမ်းအလုပ်များတယ်”
ဖေးရှင်းလင် ဖေးယီကျန့်၏ပင်ကိုစရိုက်အား ကောင်းကောင်းသိသည်။ သူ့ကို ဖုန်းခေါ်တာက လုံးဝရှုံးတာပဲ။
ဖေးယီကျန့်အား ဒီအကြောင်းပြောပြတော့ သူ မလာနိုင်ဘူးဟုပြောခဲ့သည်။ ဖေးရှင်းလင် နန်ယုအားအစားတက်ရောက်ဖို့ အကြံပြုခဲ့သည်။
ဖေးယီကျန့် ဘာပြောခဲ့လဲ ??
သူမ သွားချင်ရင်သွားလို့ရတယ်၊ မသွားချင်ရင် ထားလိုက်ပါ။
ဒါက ဆန္ဒရှိခြင်း၊ မရှိခြင်းနဲ့ သက်ဆိုင်တဲ့မေးခွန်းလား ??
“ဒါဆို ကျွန်မတစ်ယောက်တည်း အလုပ်မများဘဲ အားနေတာပေါ့၊ ဟုတ်လား ?”
နန်ယု၏ လှောင်ပြောင်မှုမှာ ဤတစ်ကြိမ်တွင် သိသာထင်ရှားနေခဲ့သည်။
“အိုး၊ ဘယ်လို လက်ထပ်ခြင်းပါလိမ့်!”
ဖေးရှင်းလင် အငယ်တစ်ယောက်ရှေ့မှာ သူ့အား လူကိုယ်တိုင် လှောင်ပြောင်လိုက်သည့်အတွက် အနည်းငယ်ရှက်ရွံ့သလို ခံစားခဲ့ရသည်။ ထို့ပြင် အနီးတွင်စောင့်ကြည့်နေသည့် အိမ်တော်ထိန်းတစ်ဦးလည်းရှိနေသေးသည်။
သူတို့သာ နန်ယုကိုအနိုင်ကျင့်ရဲပါက အသေအလဲတိုက်ခိုက်မည့်ဟန်ပေါ်နေသည်။
ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နေတာလဲ ??
သို့သော် ဖေးရှင်းလင် ချက်ချင်းစိတ်တည်ငြိမ်သွားပြီး ကျန်လေးဦးအား ထိန်းချုပ်ရန်အချက်ပြလိုက်သည်။
“ဒါဆို မဒမ်ဖေးအနေနဲ့ ဘာတွေလုပ်ပေးရရင် ပွဲကိုတက်ရောက်ပေးဖို့ ဆန္ဒရှိမှာလဲ”
သူ ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘဲ တိုက်ရိုက်မေးလိုက်သည်။
နန်ယု ဆိုဖာပေါ်သို့ ပြန်ထိုင်လိုက်ပြီးစဉ်းစားနေသည်။
ခဏအကြာတွင် သူမ ဖေးရှင်းလင် အကြည့်နှင့်ဆုံပြီး ဖြည်း ဖြည်းချင်းပြောလိုက်သည်။
“ပထမအချက်၊ ကျွန်မကို ဖေးမိသားစုကိုပြန်လာဖို့ အတင်းအ ကျပ်မလုပ်ပါနဲ့”
“ကောင်းပြီ”
“ဒုတိယအချက်၊ ကျွန်မ ကျွန်မအစ်ကိုနဲ့အတူတူတက်မယ်”
“…ကောင်းပြီ”
“တတိယအချက်”
ဖေးရှင်းလင်၏ပိုမိုလေးနက်လာသည့် အကြည့်အောက်တွင် နန်ယု သတိမထားမိသည့်အလားဆက်ပြောလိုက်သည်။
“ကျွန်မ ‘A Thousand Miles of Spring Scenery’ ဆိုတဲ့ ပန်းချီကားကို လိုချင်တယ်”