no

Font
Theme

အခန်း ၉ ချမ်းသာဖို့ တတိယခြေလှမ်း

အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ကျန်းကျိုးက တံခါးကို ပေါ့ပေါ့ပါးပါး ခေါက်လိုက်သည်။ အတွင်းမှ ရင်းနှီးနေသော အသံတစ်ခု၏ ရှင်းရှင်းလင်းလင်း ပြန်ဖြေသံကို ကြားလိုက်ရသည်။

"လာပါပြီ၊ ခဏလောက် စောင့်ပေးပါ"

တံခါးက ပွင့်လာပြီး အနွေးအင်္ကျီထပ်ဝတ်ထားသော ဝမ်ရန်က ထိုနေရာတွင် ရပ်နေခဲ့သည်။ ကျန်းကျိုးကို မြင်လိုက်ချိန်တွင် ဝမ်ရန်က မျက်မှောင်ကြုတ်လိုက်သော်လည်း သူ့မျက်လုံးများထဲတွင် ဝမ်းနည်းနေသော အရိပ်အယောင် အနည်းငယ် ရှိနေသေးသည်။

"ခင်ဗျားက ဘာလို့ ဒီကို ရောက်နေတာလဲ?"

ကျန်းကျိုးက ဝမ်ရန် အနေဖြင့် သူ့ဇာတ်လမ်းကို မယုံနိုင်သေးကြောင်း သိထားခဲ့သည်။ ထို့ကြောင့် သူက အလျင်စလို မလုပ်ဘဲ ဝမ်ရန် ဘေးကင်းသည်ဟု ခံစားရစေရန် ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်ပြီး "အားရန်၊ ကိုယ် မုန့်နည်းတစ်ခု ရခဲ့လို့ သရေစာ နည်းနည်း လုပ်လာခဲ့တယ်။ ဒါက မင်း မြည်းစမ်းကြည့်ဖို့ပါ"

ဝမ်ရန်၏မျက်နှာက အေးစက်နေဆဲ ဖြစ်သော်လည်း သူ့ကို ခဏလောက် စိုက်ကြည့်နေပြီး တံခါးကို မပိတ်ဘဲ ချီတုံချတုံမျက်နှာလေးနှင့် အနည်းငယ် စိတ်ရှုပ်နေသည်ကို ကျန်းကျိုး တွေ့လိုက်ရသည်။

သူ့‌ရှေ့က ကျန်းကျိုးက စိတ်သဘောထားပြောင်းလဲသွားတဲ့ ကျန်းကျိုးနဲ့ မတူဘူး၊ အဲဒီအစား သူ့နဲ့ရင်းနှီးတဲ့ ကျန်းကျိုးရဲ့စိတ်နေစိတ်ထားနဲ့ ပိုတူတယ်။

ဝမ်ရန်က သတိထားနေခဲ့ပြီး တစ်ချိန်တည်းမှာပင် တစ်ဖက်ကလည်း စိတ်ရှုပ်နေခဲ့သည်။ သူ့‌ရှေ့မှ လူထံကြောင့် ရှင်းပြ၍မရနိုင်သော ရင်းနှီးမှုကို ခံစားနေရပြီး သူလည်း သူ့ခင်ပွန်းကို အမှန်တကယ် လွမ်းဆွတ်နေမိသည်။ သို့သော်လည်း သူ့ခင်ပွန်း ပြန်ရောက်လာခြင်း ဟုတ် မဟုတ်နှင့် နတ်ဆိုးက သူခင်ပွန်း၏ခန္ဓာကိုယ်ကို အပိုစီးထားခြင်း ရှိ မရှိကို သူ မသိနိုင်သောကြောင့် အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။

နောက်ဆုံးတွင် ထိုရင်းနှီးနေသော ခံစားမှုက သူ့နှလုံးသားထဲတွင် ဝှက်ထားသော မကျေနပ်မှုများကို မဖုံးကွယ်နိုသောကြောင့် သူက ခပ်တောင့်တောင့် ပြန်ဖြေလိုက်သည်။

"မလိုပါဘူး"

ဒီနေ့ သူ့မိဘတွေ အပြင်ထွက်သွားကြတယ်။ သူနဲ့ ရှောင်ယိပဲ အိမ်မှာ ရှိတယ်။ အဲ့တာကြောင့် သူက ကျန်းကျိုးဆီကနေ ဘာကိုမှ မယူရဲသလို သူနဲ့ စကားပြောဖို့လည်း ကြောက်ရွံ့နေမိတယ်။

ဝမ်ရန်က ကျန်းကျိုးကို ပြန်ဖြေလိုက်ပြီး တံခါးပိတ်ရန် ပြင်လိုက်ချိန်တွင် ကျန်းကျိုးက ဆီစိမ်စက္ကူအိတ်ကို အမြန် ဖွင့်လိုက်ပြီး ကိတ်မုန့်ကို လှမ်းပေးလိုက်သည်။

ကျန်းကျိုးက ဘာစကားမှ မပြောဘဲ တောက်ပနေသော မျက်လုံးများဖြင့် ဝမ်ရန်ကို လှမ်းကြည့်နေခဲ့သည်။ ဝမ်ရန်က ကျန်းကျိုး၏ ထိုကဲ့သို့သော မျက်လုံးများနှင့် ရင်းနှီးနေခဲ့သည်။ ကျန်းကျိုးက ပစ္စည်းကောင်း တစ်ခုခု ရလာတိုင်း သို့မဟုတ် အသစ်အဆန်း တစ်ခုခုကို ရှာတွေ့လာတိုင်း ဝမ်ရန်ကို ဦးစွာပေးကာ "အားရန်၊ အရင် မြည်းစမ်းကြည့်လေ" ဟု ပြောကာ ချီးမွမ်းမှုရရန် မျက်လုံးတောက်တောက်များဖြင့် စောင့်နေလေ့ရှိသည်။

ဝမ်ရန်အတွက်လည်း ယခင်က ချဉ်သောအသီးအနှံနှင့် စပ်သောခေါက်ဆွဲများကို စားရန် ထိုမျက်လုံးဖြင့် ချော့မော့ခံခဲ့ရဖူးပြီး ထိုစဉ်က စပ်လွန်းသောကြောင့် သူ ငိုလုနီးပါး ဖြစ်ခဲ့ရသည်။ သူက မျက်မှောင်ကြုတ်ကာ လျှာကို ထုတ်လိုက်လျင် ကျန်းကျိုးက သူ့ကို ညင်သာစွာ ချော့မော့ပေးခဲ့ဖူးသည်။

ယခုတွင်မူ သူက သူရှေ့မှ ကျန်းကျိုး ကိုင်ထားသော ကိတ်မုန့်ပွကို လှမ်းကြည့်လိုက်သည်။ ကြက်ဥမုန့်ပွ၏ပုံသဏ္ဍာန်က သိပ်ကြည့်မကောင်းဘဲ အောက်ခြေက လေးထောင့်ပုံဖြစ်ပြီး အပေါ်က မိုးရွာပြီးနောက် တောင်တန်းများပေါ်တွင် ညတွင်းချင်း ပေါက်လာသော တောရိုင်းမှိုကဲ့သို့ ဖြစ်နေပြီး ထိုမှို၏ထိပ်က လေဖိအားနည်းရပ်ဝန်းကြောင့် အနည်းငယ် အညှစ်ခံထားရပုံပေါ်နေသေးသည်။ သို့သော်လည်း ချိုမြိန်သောအနံ့ကိုလည်း ရရှိနေခဲ့သည်။

ကျန်းကျိုးက ဝမ်ရန်၏တုံ့ဆိုင်းမှုကို မြင်နေရပြီး ဝမ်ရန်က သူ့ကို သတိထားနေကြောင်း နားလည်သွားသည်။ ထိုအရာက သူ့၏နှလုံးသားကို တုန်လှုပ်စေခဲ့သော်လည်း ကျန်းကျိုးက မုန့်ကို နည်းနည်း ဖဲ့ယူကာ သူ့ပါးစပ်ထဲသို့ ထည့်ပြလိုက်သည်။ ထို့နောက် သူက မုန့်ကို ဝမ်ရန်၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

ဝမ်ရန်ကလည်း ဘာကြောင့်မှန်းမသိ မုန့်ကို လှမ်းယူလိုက်ပြီး ကျန်းကျိုး၏ အပြုံးကို တွေ့လိုက်ရသည်။

ကျန်းကျိုးက အနည်းငယ် ဝမ်းသာသွားခဲ့သည်။

သူက အသွင်အပြင်ကောင်းတဲ့ မုန့်ကို ယူလာတာ မဟုတ်ဘဲ နည်းနည်း ပုံပျက်နေတဲ့ မုန့်ကို ရွေးပြီး ယူလာခဲ့တာပါ။ ပထမဆုံးအချက်အနေနဲ့ ဒါက သူ့ရဲ့ပထမဆုံး ကြိုးစားမှု ဖြစ်ပြီး ဒုတိယ အနေနဲ့ ဒီမုန့်က ကြည့်မကောင်းတော့ ဝမ်ရန်က သူ့ကို သံသယဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ သူသာ သပ်သပ်ရပ်ရပ် လုပ်ထားတဲ့ ကြက်ဥကိတ်မုန့်တွေကို ယူလာခဲ့ရင် ဝမ်ယန်က သူ့ကို စကားမပြောဘဲ တံခါးပြန်ပိတ်သွားမှာကို သူ ကြောက်တယ်။ ဘာပဲဖြစ်ဖြစ် သူမှာ ထူးချွန်တဲ့ ချက်ပြုစွမ်းရည် မရှိဘူးလေ။

ဝမ်ရန်က ကိတ်မုန့်ကို လှမ်းယူလိုက်ပြီး ကျန်းကျိုးက ပျော်ပျော်ရွှင်ရွှင် ပြုံးနေကာ သူတို့ကြားမှ လေထုက အနည်းငယ် ထူးဆန်းနေသော်လည်း ယခင်ကကဲ့သို့ အဆင်မပြေ မဖြစ်တော့ဘဲ အနည်းငယ် နွေးထွေးလာခဲ့သည်။

တစ်ယောက်နှင့် တစ်ယောက် အချိန်အတော်ကြာအောင် ကြည့်နေပြီးနောက် ကျန်းကျိုးက "ကောင်းပြီ ကိုယ် ပြန်သင့်ပြီ"

ဝမ်ရန်၏နှုတ်ခမ်းများက တစ်စုံတစ်ခု ပြောချင်သလို လှုပ်ယမ်းသွားသော်လည်း နော်ကဆုံးတွင် သူက စကားမပြောဘဲ သူ့လက်ထဲမှ ဆီစိမ်စက္ကူအိတ်ကို ဆုပ်ကိုင်ကာ ပြန်လှည့်ထွက်သွားခဲ့သည်။

ကျန်းကျိုးကလည်း ပြန်လှည့်ထွက်လာခဲ့ပြီး ခြေလှမ်း အနည်းငယ် လှမ်းပြီးတိုင်း နောက်သို့ ပြန်လှည့်ကြည့်နေခဲ့သည်။

အခုအချိန်မှာ ဝမ်ရန်က လုံခြုံမှုကင်းမဲ့သလို ခံစားရတာကြောင့် အတင်းအကျပ် ဖိအားပေးဖို့ မဖြစ်နိုင်ဘူးဆိုတာကို သူ သိတယ်။ သူ စိတ်မရှည်ရင် ဝမ်ရန်က သူ့ကို တွန်းထုတ်လိုက်မယ်။ အဲ့တာကြောင့် ယုံကြည်မှု ရဖို့ အရင် ကြိုးစားရမယ်။ အခုအချိန်မှာတော့ သူက သူ့ဇနီးဆီကို ခဏခဏ လာပြီး သူတို့ကြားက ဆက်ဆံရေးကို ပြင်ဖို့ ဖြည်းဖြည်းချင်း ကြိုးစားရုံပဲ ရှိတော့တယ်။ အနည်းဆုံးတော့ လက်ရှိ ဒီခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ သူက သူ ဆိုတာ ဝမ်ရန် ယုံကြည်အောင် လုပ်ဖို့ လိုတယ်။

နောက်ပြဿနာတစ်ခု ရှိသေးတာက ဦးလေးယွိက မုန့်တွေက တော်တော် စားကောင်းတာကြောင့် အများကြီး ပြင်ဆင်ထားဖို့ သူ့ကို ပြောခဲ့တယ်။ ဒါပေမယ့် သူ့မှာ ကြက်ဥ အလုံအလောက် မရှိသေးဘူး။

ကျန်းကျိုးက လှေဖြင့် ပြန်လာခဲ့ပြီး အိမ်သို့ ပြန်လာနေရင်း ကြက်ဥမုန့် လုပ်ရန် တွေးတောလာခဲ့သည်။ သူ အိမ်သို့ရောက်လာချိန်တွင် တစ်စုံတစ်ယောက်က သူ့အိမ်ရှေ့တွင် ငုတ်တုတ်ထိုင်နေပြီး အနီးကပ်ချိန်မှ ထိုလူက သူတို့၏ရွာဘေးမှ ရန်ဟယ်ရွာတွင် နေထိုင်သော လုတာ့လန်ဖြစ်နေသည်ကို သူ တွေ့လိုက် ရသည်။

ထိုလုတာ့လန်ကလည်း ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ ရန်ဟယ်ရွာတွင် ရေကြီးချိန်၌ လူတိုင်း၏ဘဝများက ခက်ခဲခဲ့သည်။ ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် သူက ရွာဘေးနာမှ တောကြက်များကို အစုလိုက် အပြုံလိုက် လိုက်ဖမ်းပြီး အိမ်မွေးကြက်များအဖြစ် ပြောင်းလဲ မွေးမြူရန် ဦးစွာ တွေးခဲ့သူ ဖြစ်သည်။ ထိုစဥ်က ရွာသားများက သူ့ကို မယုံကြဘဲ မဖြစ်ထွန်းနိုင်ဟု သတ်မှတ်ခဲ့သော်လည်း လုတာ့လန်က ပထမဆုံး စတင်မွေးမြူပြခဲ့သည်။ နောက်ပိုင်းတွင် သူ့ဘဝ တိုးတက်ကောင်းမွန်လာသည်ကို မြင်ရမှ ရွာသားများက သူ့ကို ယုံကြည်လာကာ ကြက်များကို စတင်မွေးမြူလာကြသည်။ အလွန်ကြီးမားသော ကြက်ခြံတစ်ခြံကို အတူတကွ တာ်ဆောက်ကြပြီး နောက်ပိုင်းတွင် အသားနှင့်ဥများ ထောက်ပံ့ပေးရန်အတွက် အကြီးစားမွေးမြူရေးခြံကို တည်ထောင်ခဲ့ကြသည်။ ယခုအချိန်တွင် ရန်ဟယ်ရွာက ၎င်းတို့၏ ကြက်သားနှင့် ကြက်ဥလုပ်ငန်းအတွက် လူသိများနေပြီ ဖြစ်သည်။

ထို “ဒဏ္ဍာရီလာ ပုဂ္ဂိုလ်” လုတာ့လန်က ကျန်းကျိုး ပြန်ရောက်လာသည်ကို မြင်သွားပြီး ချက်ချင်း ထရပ်ကာ နှုတ်ဆက်လိုက်သည်။

"ကျန်းတာ့"

ကျန်းကျိုးက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး "ဘာဖြစ်တာလဲ? တစ်ခုခု ရှိလို့လား?"

လုတာ့လန်က သူ့နှာခေါင်းကို ထိလိုက်ပြီး "မင်းရဲ့ကြက်ဥမုန့်တွေအကြောင်း ပြောဖို့ ငါ လာခဲ့တာပါ"

ယခုအချိန်တွင် ကြက်ဥမုန့်က သူ့ဘဝ တိုးတက်ရေးအတွက် အဓိက ဦးစားပေးဖြစ်သောကြောင့် ကျန်းကျိုးက စီးပွားရေးအကြောင်းပြောရန် လုတာ့လန်ကို ချက်ချင်း ဖိတ်ခေါ်လိုက်သည်။

"ထိုင်ပါဦး၊ ကျွန်တော် ခင်ဗျားအတွက် ရေတစ်ခွက် ယူပေးမယ်"

နှစ်ယောက်သား ထိုင်လိုက်ကြပြီးနောက်တွင် လုတာ့လန်က သူရောက်လာရသည့်ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။ ယနေ့ အစောပိုင်းတွင် သူက ဦးလေးယွိ၏လှေကို စီးခဲ့ပြီး ကြက်ဥမုန့်ကို မြည်းစမ်းကြည့်ခဲ့သည်။ မုန့်၏အမည်အရ အဓိက ပါဝင်ပစ္စည်းက ကြက်ဥ ဖြစ်ကြောင်း သူ သိခဲ့ရပြီး ဦးလေးယွိကို မေးကြည့်ချိန်တွင် ကျန်းကျိုးကလည်း ကြက်ဥရှာနေကြောင်း သူ သိလာရသည်။ ထို့ကြောင့် သူက အခွင့်အလမ်းကို အနံ့ခံကာ ရောက်လာခြင်းဖြစ်ပြီး ကျန်းကျိုးနှင့် ပူးပေါင်းဆောင်ရွက်မှုရန် ဆွေးနွေးမည် ဖြစ်သည်။

သူက သွယ်ဝိုက်ကာ လှည့်ပတ်နေခြင်းမျိုး မရှိဘဲ “မင်း ကြက်ဥတွေ လိုနေတယ်လို့ ငါ သိခဲ့ရတယ်။ ငါကလည်း အပြင်လူတွေကို ပေးပြီးတဲ့အပြင် ပိုနေတဲ့ ကြက်ဥတွေ ကျန်နေသေးတယ်။ ကြက်ဥဆယ်လုံးအတွက် နှစ်ဆယ့်ငါးဝမ်ဆိုရင် မင်း ဘယ်လိုထင်လဲ?"

စျေးထဲတွင် ကြက်ဥတစ်လုံးကို သုံးဝမ်နှုန်းဖြင့် ရောင်းချပြီး လက်ရှိပေါက်ဈေးအတိုင်းဆိုလျှင် ကြက်ဥဆယ်လုံးအတွက် ဝမ်သုံးဆယ် ကျသင့်မည် ဖြစ်သည်။ သို့သော် လုတာ့လန်က ကြက်ဥဆယ်လုံးကို ငါးဝမ်သက်သာစေမည့် စျေးနှုန်းဖြင့် အမှန်တကယ် ကမ်းလှမ်းခဲ့သည်။ သူ့၏ရက်ရောမှုက ကျန်းကျိုးကို အနည်းငယ် အံ့သြစေခဲ့သည်။

လုတာ့လန်က ကျန်းကျိုး၏ အံ့အားသင့်နေသော မျက်နှာကို ကြည့်နေရင်း ခါးခါးသီးသီး ပြုံးလိုက်ကာ "မင်း ငါ့ကို မယုံဘူးလား? ဒါပေမယ့် ဒီပိုနေတဲ့ကို ကြက်ဥတွေကို မင်းဆီ မရောင်းလိုက်ရင် ငါတို့ လက်ထဲမှာ ကျန်နေပြီး အရှုံးပေါ်သွားလိမ့်မယ်”

ဒါတွေအားလုံးက ဒီဆောင်းဦးရာသီမှာ စခဲ့တာ၊ မြို့ပေါ်က သခင်ကြီးချိုးက သူ့အမေရဲ့မွေးနေ့ပွဲအတွက် ကြက်ဥတွေ အများကြီး မှာထားခဲ့တယ်။ အရေအတွက်က အရမ်းများတော့ သူတို့ရွာက ရွာသူရွာသားတွေက ကြက်ဥတွေကို သိမ်းဆည်းထားခဲ့ကြတယ်။ ဒါပေမယ့် သခင်ကြီးချိုးက ရာထူးတိုးခံရပြီး တစ်နေရာရာကို ပြောင်းသွားလိုက်မယ်လို့တော့ ဘယ်သူက ကြိုတွေးနိုင်ခဲ့မှာလဲ? သူတို့က အလုပ်နေရာအတွက် အပြေးအလွှားသွားရမှာမို့ မွေးနေ့ပွဲကို မကျင်းပနိုင်တော့ဘူး။ ယခု ချိုးမိသားစုက သူတို့ရဲ့ခရီးဆောင်အိတ်တွေကို ထုပ်ပိုးနေပြီး အလုပ်များနေတာကြောင့် ကြက်ဥပြဿနာကို ခေတ္တဆိုင်းငံ့ထားကြတယ်။ သူက မနေနိုင်လို့ တစ်ယောက်ယောက်ကို သွားမေးခိုင်းမှ ချိုးမိသားစုက တောင်းပန်လာခဲ့ပြီး စရန်ငွေကိုလည်း ပြန်မယူတော့ဘူးလို့ပြောခဲ့တယ်။

ဝယ်သူဘက်က လုပ်ငန်း ဆက်မလုပ်နိုင်တော့လို့ တောင်းပန်စကားဆိုလိုက်တယ်။ အဲ့အတွက် သူလည်း ဘာမှ မတတ်နိုင်ဘူး။ ဒါပေမယ့် ကြက်ဥတွေက သူ့တို့လက်ထဲမှာ ရှိနေတုန်းပဲ။ ဒီမအောင်မြင်တဲ့ သဘောတူညီချက်ကို တာဝန်ခံဖို့ကလွဲပြီး သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။

ထို့ကြောင့် ကျန်းကျိုးက ကြက်ဥဝယ်ချင်နေသည်ဟု ကြားလိုကချိန်တွင် လုတာ့လန်က သူ့အတွက် ဖုံးကွယ်၍ ရောက်လာသော ကောင်းချီးဟု သတ်မှတ်ကာ ဤနေရာသို့ အမြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။

ကျန်းကျိုးက တိကျသော ပမာဏကို မေးမြန်းလိုက်ပြီး သူ အနည်းငယ် စိတ်ပူသွားမိသည်။

အခု သူ့မှာ ငွေတစ်လျန်ပဲ ရှိတယ်၊ အများကြီး ဝယ်ဖို့ သူ မတတ်နိုင်သေးဘူး။ သူက မုန့်တွေကို ဖြည်းဖြည်းချင်း ရောင်းပြီး သူ့ရဲ့ထုတ်ကုန်ကို တိုးမြင့်လာဖို့ အရင် ကြိုးစားရဦးမယ်၊ ကြက်ဥကိတ်မုန့်တွေကို နေ့တိုင်းရောင်းပြီး ရောင်းရငွေထဲက အမြတ်ကို ပြန်ရင်းနှီးမြှုပ်နှံပြီး ဖြည်းဖြည်းချင်း စျေးဝယ်ခဲ့မှာ။ နေ့စဥ်အမြတ်အစွန်းက သိသိသာသာ ကျဆင်းသွားနိုင်ပေမယ့် အမှန်တကယ် စွန့်စားရမှာမျိုတော့ မရှိဘူး၊ အမြဲတမ်း လှည့်ပတ်ဖို့ အပိုငွေလည်း ရှိနေလိမ့်မယ်။ ယခု လုတာ့လန်က စျေးနှုန်းချိုချိုသာသာနဲ့ ကြက်ဥတွေကို ရောင်းချပေးနေတော့ သူ ဆွဲဆောင်ခဲလိုက်ရတယ်။

လုတာ့လန်က သူ့ဘက်မှ အခက်အခဲကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သောကြောင့် ကျန်းကျိုးကလည်း သူ့၏ငွေကြေးပြဿနာကို မဖုံးကွယ်တော့ဘဲ ပြန်ပြောပြလိုက်သည်။ မမျှော်လင့်ဘဲ လုတာ့လန်က ထိုကိစ္စကို အလေးအနက်မထားဘဲ “မင်းရဲ့ လက်ရှိအခြေအနေကို ငါ သိတယ်။ ငွေ ကြိုရှင်းပေးစရာ မလိုပါဘူး။ ပြီးတော့ မင်း တစ်ဝက်ကို ငွေပေးချေပြီး ကျန်တဲ့အတွက် ကြက်ဥမုန့်တွေကို အစားထိုးလဲလှယ်လို့ရတယ်"

ကျန်းကျိုးက အံ့သြသွားပြီး "ကြက်ဥမုန့်နဲ့ လဲလှယ်မှာလား?"

လုတာ့လန်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်ပြီး “ဟုတ်တယ်၊ ငါတို့ ရွာက ရွာသားတိုင်းက ကြက်ဥတွေ စုဆောင်းထားခဲ့ကြတယ်။ ဘယ်မိသားစုမှာ ကြက်ဥဘယ်နှလုံးရှိတယ်ဆိုတဲ့ စာရင်းက ငါ့ဆီမှာရှိတယ်။ သူတို့ဆီက ကြက်ဥတွေနဲ့ လဲလှယ်ပြီးရင် သူတို့ရဲ့ ကြက်ဥအရေအတွက်အလိုက် သူတို့ကို ပြန်ခွဲဝေပေးမယ်၊ ကြက်ဥဆယ်နှစ်လုံးကို ကြက်ဥကိတ်မုန့်တစ်လုံးနဲ့ လဲလှယ်ကြမယ်။ ငါတို့က ဒီနားပတ်ဝန်းကျင်းမှာ ရောင်းချမှာ မဟုတ်တော့ မင်းရဲ့လုပ်ငန်းကိုလည်း ထိခိုက်စေမှာ မဟုတ်ဘူး။ ငါတို့ဆီမှာ ကြက်ဥနဲ့ ကြက်တွေ ယူရောင်းတဲ့ ဈေးသည်တွေ အများကြီး ရှိတယ်၊ မင်းရဲ့ကြက်ဥမုန့်တွေကို ငါ သူတို့နဲ့ အဝေးကို ယူသွားခိုင်းပြီး မင်းရဲ့နာမည်အောက်မှာပဲ ရောင်းခိုင်းပေးမယ်၊ ကျန်းကျိုး မင်း ဘယ်လို ထင်လဲ?"

ကျန်းကျိုးကလည်း သူ့စိတ်ထဲမှ တွက်ချက်နေခဲ့သည်။

ဒီကိစ္စက သူ့အတွက်တော့ အရှုံးရှိမှာ မဟုတ်ဘူး။ ပထမအချက်က သူ့မှာ ကြက်ဥဝယ်ဖို့ အပိုငွေအများကြီး မရှိဘူး။ ငွေအစား ကြက်ဥမုန့်ကို သုံးနိုင်တာက သူ့လုပ်ငန်းအတွက် ကောင်းမွန်တဲ့အရာပဲ။ အဲ့တာအပြင် ကြက်ဥမုန့်တစ်လုံးကို သုံးဝမ်နှုန်းနဲ့ပဲ တွက်ပေးထားတော့ လုတာ့လန်ဘက်က လျော့ပေးထားတယ်လို့ ပြောနိုင်တယ်။ ဒုတိယအနေနဲ့ လုတာ့လန်က သူ့ရဲ့မုန့်တွေ ရောင်းဖို့ ကူညီပေးနိုင်တယ်။ ဒီလူဆီမှာ ကျယ်ပြန့်တဲ့ စီးပွားရေး အချိတ်အဆက်တွေ ရှိတော့ အဲ့တာက စီးပွားရေးအတွက် ကောင်းမွန်တဲ့အရာပဲ။

သူကလည်း ကြက်ဥမုန့်တွေပဲ အမြဲရောင်းနေမှာ မဟုတ်ဘဲ အခြားလုပ်ငန်းတွေလည်း လုပ်ဖို့ စီစဉ်ထားတာဆိုတော့ သူရဲ့နာမည်ကို လူသိများလာရင် သူ့ရဲ့ထုတ်ကုန်အသစ်ကို ဝယ်ချင်တဲ့ ဖောက်သည်များတွေ ရှိလာနိုင်တယ်။

ဒီလိုသက်ရှိဆိုင်းဘုတ်တစ်ခု ဖန်တီးနိုင်ရင် အနာဂတ်မှာ သူ ကုန်ပစ္စည်းအသစ်တချို့ မိတ်ဆက်လိုက်တာနဲ့ အခြားသူတွေ မဝယ်မှာကို ကြောက်ရွံ့နေစရာမလိုတော့ဘူး။

စိတ်ထဲတွင် အကြိမ်ကြိမ် လှည့်ပတ်တွေးတောပြီးနောက် ကျန်းကျိုးက သူ့စိတ်ထဲမှ ချက်ချင်း ကျေနပ်သွားကာ ထိုသဘောတူညီချက်ကို အပြီးသတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက အနည်းငယ် ဇဝေဇဝါ ဖြစ်နေပြီး “ခင်ဗျားက ကျွန်တော့်ကို အဲ့လောက်တောင် ယုံတယ်လား?”

ဘာပဲဖြစ်ဖြစ်၊ မနှစ်ကတည်းက သူ့ဂုဏ်သတင်းက နည်းနည်းတော့ ပျက်ဆီးသွားခဲ့ပြီလေ။

မမျှော်လင့်ပဲ လုတာ့လန်က သူ့ကို ပြုံးပြလာခဲ့ပြီး "ကျိုးချူတောင်မှ ပြောင်းလဲနိုင်တယ်၊ ကျန်းကျိုးက ဘယ်လောက်ပိုကောင်းအောင် ပြောင်းလဲနိုင်မလဲ?"

(ကျိုးချု ဆိုတာက သူတို့ရဲ့ ဂန္တဝင်စာပေတွေထဲက လူတစ်ယောက်ပါ၊ အကျဥ်းချုပ်ပြောရရင်တော့ နဂါးရယ်၊ ကျားရယ်၊ ကျိုးချုရယ် အဖျက်ကောင်သုံးကောင်လို့ သတ်မှတ်ရလောက်အောင် ဆိုးသွမ်းပါတယ်၊ နောက်ဆုံးမှာ ပြောင်းလဲနိုင်ခဲ့ပြီး အရာရှိ ဖြစ်သွားတယ်တဲ့၊ အဲ့တာကြောင့် လူတစ်ယောက်က အချိန်မရွေးပြောင်းလဲနိုင်တယ်လို့ ဥပမာပေးချင်တဲ့အခါ နှိုင်းယှဥ်ပြီး ပြောကြတာပါ)

ကျန်းကျိုးက ဝမ်ရန်၏ဦးဆောင်မှုကြောင့် ဂန္တဝင်စာအုပ်နှစ်ခုကို ဖတ်ခဲ့ဖူးပြီး ကျိုးချူ၏ဇာတ်လမ်ကို သိနေခဲ့သည်။ နောက်ဆုံးတွင် သူက နားလည်သွားခဲ့ပြီး လုတာ့လန်ကို ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ်”

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီး သူတို့၏ စီးပွားရေး သဘောတူညီချက်အတွက် အလွန်ကျေနပ်နေကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာသလို ခံစားလိုက်ကြရသည်။

*****

ဒီစာရေးသူမှာ ပြောစရာတစ်ခု ရှိပါတယ်။

ကျိုးချုရဲ့ဇာတ်လမ်းက “Shì shuō xīnyŭ” ကနေ ဆင်းသက်လာတာပါ။

ပါးစပ်ပြောရာဇဝင်တွေအရ ကျိုးချူက ရက်စက်ကြမ်းကြုတ်ပြီး နိုင်လိုမင်းထက် ပြုမူတက်တဲ့သူပါ။ လူတွေက သူ့ကို ကြောက်ကြတယ်။ သူတို့ရဲ့ မြိုမှာ ရှိတဲ့ ကျားနဲ့ နဂါးရယ် သူရယ်ကို ပေါင်းပြီး နတ်ဆိုးသုံးပါးလို့ ခေါ်ဝေါ်ကြတယ်။ လူတွေက ကျိုးချူကို ကျားနဲ့ နဂါးကို သတ်ဖို့ သွေးထိုးလှုံ့ဆော်ပေးခဲ့ကြတယ်။ ရည်ရွယ်ချက်ကတော့ သူတို့ အချင်းချင်း တိုက်ခိုက်ကြပြီး တစ်ကောင်ပဲ ကျန်တော့ဖို့ပဲ။ ကျိုးချူက ကျားဖြူတစ်ကောင်ကို သတ်ပြီး နဂါးကို သတ်ဖို့ မြစ်ထဲကို ဆင်းသွားခဲ့တယ်။ သူ ပြန်ထွက်မလာတာ ကြာနေတော့ လူတွေက သူ သေသွားပြီလို့ ထင်သွားကြတယ်။ ဒါပေမယ့် ကျိုးချူက အောင်အောင်မြင်မြင် ပြန်ရောက်လာပြီး မြစ်ကမ်းမှာ လူတွေ တီးမှုတ်ကခုန်နေတာကို တွေ့လိုက်ရသည်။ သူက သူရဲ့အောင်မြင်မှုအတွက် လူတွေက ဂုဏ်ပြုနေတယ်လို့ ထင်ခဲ့ပေမယ့် နောက်တော့ သူ သေသွားလို့ ပျော်ပွဲရွှင်ပွဲ ကျင်းပနေမှန်း သိလိုက်ရတယ်။

အဲ့တော့မှ လူတွေရဲ့အမြင်မှာ သူက လူဆိုးလူညစ် ဖြစ်နေမှန်း သဘောပေါက်သွားပြီး သူ့နည်းလမ်းတွေကို ပြောင်းလဲလိုက်တာကြောင့် သစ္စာစောင့်သိတဲ့ အမတ်ကြီးတစ်ဦးဖြစ်လာခဲ့တယ်။

လုတာ့လန်က ယဉ်ကျေးတဲ့လူဖြစ်ပြီး ငါတို့ရဲ့ကျန်းကျိုးကို အရှုံးမရှိစေရပါဘူး၊ သူ့မိန်းမကလည်း ယဉ်ကျေးတဲ့သူတစ်ယောက်ပါ ဟား...ဟားးး

(T/N: ကျိုးချုရဲ့ဇာတ်လမ်းက အများအားဖြင့်တော့ အဲ့လိုပါပဲ၊ တချို့ကတော့ အမတ်ကြီးဖြစ်တဲ့ ကျိုးချုကို သိက္ခာချချင်လို့ လွန်လွန်ကဲကဲ ပြောကြတာလို့လည်း ပြန်ငြင်းကြတယ်တဲ့... ကျွန်တော်လည်း သေသေချာချာတော့ မသိပါဘူး၊ တစ်ခုခုမှားသွားရင် တောင်းပန်ပါတယ်)

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment