no

Font
Theme

အခန်း ၁၅ လက်ဖက်ရည်ဆိုင်

ဆောင်းဦးရိတ်သိမ်းပွဲတော်၏ဒုတိယနေ့တွင် ကျန်းကျိုးတစ်ယောက် အိပ်ရာမှ စောစောနိုးနေခဲ့သည်။ ယခုအချိန်တွင် ဝမ်ရန်က စန်းရွှေ့လမ်းကြားသို့ မသွားလောက်သေးဘူးဟု သူ တွက်ဆမိသည့်အတွက် သူ ရောင်းချလိုသည့် ပစ္စည်းများကို ယူကာ ဈေးသို့ အရင်ထွက်လာခဲ့သည်။

သူ သူ့၏‌ရောင်းကုန်များကို နေရာမချရသေးမီမှာပင် ဖောက်သည်အချို့က သူ့ဆိုင်ရှေ့တွင် တန်းစီနေပြီး သူ ဆိုင်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ ကျန်းကျိုးက သူတို့အား အကြာကြီး စောင့်ခိုင်းရမည်ကို အားနာသောကြောင့် သူ၏အရှိန်ကို ထပ်မြှင့်လိုက်သည်။

သူ အားလုံးပြင်ဆင်ပြီး ဆိုင်ခင်းကာ စတင်ရောင်းချတော့မည့် အချိန်တွင် သူ့ဆိုင်ရှေ့မှ လူတန်းကြီးက ‌ဖရိုဖရဲ ဖြစ်သွားခဲ့သည်။ သူ အရင်ကမြင်ဖူးခဲ့သည့် ကျေးကျွန်နှစ်ယောက်က လူအုပ်ထဲမှ တွန်းထိုးထွက်လာပြီး ကျန်းကျိုးထံမှ ကြက်ဥမုန့်များအားလုံးကို သူတို့ အကုန်ဝယ်မည်ဟု ကြွေးကြော်နေကြသည်။

မြို့သူမြို့သားအများစုက ရိုးသားသော သာမန်လူများ ဖြစ်ကြပြီး သူတို့က မည်သည့်အခါမှ မကောင်းသည့်အရာများကို မလုပ်ဖူးကြဘဲ ကောင်းကောင်းနေထိုင်ရခြင်းကို နှစ်သက်ကြသည်။ သူတို့အနေဖြင့် ထိုကဲ့သို့ မောက်မာသော အပြုအမူမျိုးကို မမြင်ဖူးသောကြောင့် ယခုမြင်လိုက်ရချိန်တွင် တခဏတာမျှ တုန်လှုပ်သွားကြသည်။

ကျန်းကျိုးက သူ့မျက်ခုံးကို ပင့်တင်ကာ ထိုလူများကို စိုက်ကြည့်လိုက်သည်။

အစေခံနှစ်ယောက်ကလည်း လူအုပ်ကို တွန်းဖယ်ပြီး စားပွဲရှည်ကြီးကို တစ်ချက်လှမ်းကြည့်လိုက်ကြသည်။ ယခုတကြိမ်တွင် အလုပ်ကို လွယ်လွယ်ကူကူ ပြီးမြောက်တော့မည် ဖြစ်သောကြောင့် သူတို့ အလွန်ပျော်ရွှင်သွားခဲ့သည်။ ​နောက်ထပ်မျက်တောင်တစ်ခတ်စာတွင် သူတို့က ဆိုင်ရှင်ကို မော့ကြည့်​ သူတို့ မျက်နှာပေါ်ရှိ အပြုံးများက ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ​ထို့နောက်တွင် နှစ်ယောက်သား တင်းမာသောလေသံဖြင့် ​အော်မေး​လိုက်ကြ​သည်​။

"မင်းက...မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ?"

ကျန်းကျိုးက သူတို့ကို ပြုံးပြလိုက်ပြီး "မင်းတို့ တစ်ခုခု ဝယ်ချင်ရင် နောက်ကနေ တန်းစီဖို့ သွားလိုက်ပါနော်"

အစေခံတစ်ယောက်က သူ့ကို ပြန်ငြင်းခြန်ချင်နေသော်လည်း နောက်တစ်ယောက်က သူ့ကို လှမ်းဆွဲထားလိုက်ပြီး “မမိုက်မဲနဲ့။ သူက ငါတို့ကို မရောင်းရင် ငါတို့ ဘယ်လိုလုပ်မလဲ။ သခင်လေးက ဒီမုန့်ကို စားဖို့ အော်ဟစ်နေတာလေ။ ပြန်မဝယ်သွားနိုင်ရင် ငါတို့ ဆူပူကြိမ်းမောင်းရိုက်နှက်ခံရလိမ့်မယ်”

ငြင်းခုန်ချင်နေသည့်အစေခံကလည်း ယခုမှ ထိုအရာကို တွေးမိသွားပြီး သူ၏အဖော် ပြောသည်မှာ မှန်ကန်သည်ဟု ခံစားမိသည့်အတွက် တန်းစီရန် စိတ်ပျက်လက်ပျက် ပြန်လှည့်သွားခဲ့သည်။

မည်သူမျှ ပရမ်းပတာ မဖြစ်တော့ဘဲ အေးအေးဆေးဆေး ပြန်တန်းစီပြီးသွားသည်ကို မြင်လိုက်ရသောကြောင့် ကျန်းကျိုးက လက်ခုပ်တီးကာ အော်ပြောလိုက်သည်။ "ဒီနေ့ ကျွန်တော် ယူလာတဲ့ ကြက်ဥမုန့်အရေအတွက်က အကန့်အသတ်ရှိတယ်။ လူတစ်ယောက်ကို အများဆုံး​ မုန့်​ငါးတုံး​ပဲ ဝယ်​နိုင်လိမ့်မယ်၊ ကဲ ဝယ်ချင်တဲ့သူ လာလို့ရပါပြီ​"

ကျန်းကျိုး၏မုန့်ကို ဝယ်ရန် ရောက်လာသည့်သူ အများကြီး ရှိနေခဲ့သော်လည်း လူတန်းကြီးက မြန်မြန်ဆန်ဆန် လျော့ကျသွားခဲ့သည်။

အနောက်ဘက်မှ အစေခံနှစ်ယောက်က ခြေဖျားထောက်ကာ ရှေ့သို့ လှမ်းကြည့်နေရင်း အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသည်။ ကြက်ဥမုန့်များ တဖြည်းဖြည် လျော့နည်းလာသည်ကို မြင်လိုက်ရချိန်တွင် သူတို့ အလွန်အကျွံ စိုးရိမ်သွားပြီး နောက်ကနေ လှမ်းအော်နေကြပြန်သည်။

“ချန်ထားပေးပါဦး။ ငါတို့အတွက် တစ်ချို့တစ်လေ ချန်ထားပေးပါဦး!”

သူတို့ မည်သို့ပင် အော်နေပါစေ မုန့်များက တစစ လျော့နည်းလာခဲ့သည်။ သူတို့ အလှည့်သို့ ရောက်ခါနီးတွင် စားပွဲပေါ်၌ ကြက်ဥမုန့်တစ်လုံးသာ ကျန်နေတော့ပြီး သူတို့ရှေ့တွင် တန်းစီနေသည့်သူ တစ်ယောက်ရှိနေသေးသည်။

ထိုလူက စာသင်သား ဖြစ်ပုံရပြီး အရောင်လွင့်နေသည့် အဝတ်ဟောင်းများကို ဝတ်ဆင်ထားသည်။ သူက စားပွဲရှည်ကြီးရှေ့တွင် ရပ်နေပြီး အနည်းငယ် တုံ့ဆိုင်းနေပုံရသည်။

ကျန်းကျိုးက လူတိုင်းကို တန်းတူရည်တူ ဆက်ဆံပြီး "ဒါက မုန့်တစ်လုံးပဲ ကျန်တော့တယ်။ ခင်ဗျား ဒီတစ်​ခုကို​ လိုချင်​လား?"

စာသင်သားက ပြန်ဖြေတော့မည် ဖြစ်သော်လည်း အစေခံနှစ်ယောက်က သူ့ကို ဖမ်းဆွဲထားလိုက်ကြသည်။ သူတို့က ထိုစာသင်သားကို သူတို့ဘက်လှည့်စေပြီး ဘယ်ဘက်မှ တစ်ယောက်၊ ညာဘက်မှ တစ်ယောက် ညှပ်ထားကာ “ဒီမုန့်ကို ငါတို့ကို ပေးပါ။ ငါတို့ မင်းကို ငွေနှစ်ဆပြန်ပေးမယ် ဟုတ်ပြီလား?"

စာသင်သားက တုံ့ဆိုင်းနေသောကြောင့် အစေခံနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ “သုံးဆ။ ဒီထက်တော့ မပေးနိုင်တော့ဘူး"

"သဘောတူညီတယ်!" စာသင်သားက ချက်ချင်း သဘောတူလိုက်သည်။

ကျန်းကျိုးက ဘာမှ ပြန်မပြောဘဲ မုန့်ကို ထုပ်ပိုးပြီး သူတို့ကို လှမ်းပေးလိုက်သည်။

အစေခံနှစ်ယောက်က မုန့်ကို ယူကာ ပြန်ပြေးထွက်သွားကြပြီး အခြေအနေ ကြည့်ရန် ရောက်လာသည့် လုတာ့လန်ကို ဝင်တိုက်လုနီးပါး ဖြစ်သွားခဲ့သည်။

လုတာ့လန်က သူတို့ကို သေသေချာချာ စိုက်ကြည့်နေပြီးမှ ကျန်းကျိုးဆီကို လှမ်းသွားလိုက်ပြီး "ဒီလူနှစ်ယောက်ကို ငါ ရင်းနှီးနေသလိုပဲ"

“သူတို့က အသစ်ပြောင်းလာတဲ့ ချမ်းသာတဲ့ မိသားစုက ကျေးကျွန်တွေ ဖြစ်နိုင်တယ်။ မနေ့က သူတို့ သခင်လေးနဲ့ တွေ့ခဲ့တယ်"

လုတာ့လန်က အံ့သြသွားပုံဖြင့် “ဟမ်… ငါ ချမ်းသာတဲ့မိသားစုတွေ ပြောင်းလာတယ်လို့ မကြားမိပါဘူး”

ကျန်းကျိုးက ခေါင်းခါလိုက်ပြီး “ကျွန်တော်လည်း မသိဘူး”

လုတာ့လန်က ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး "မနေ့ညက မင်း ငါ့ကို ပြောခဲ့တဲ့ စကားတွေကို ငါ စဉ်းစားကြည့်ပြီးပြီ၊ အဲ့နေရာကိုလည်း ရောက်ခဲ့ပြီးပြီ၊ အဲ့တာက အလုပ်ဖြစ်နိုင်မယ်လို့ ငါ ထင်တယ်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို သွားတွေ့ပြီး စကားပြောဖို့တော့ လိုလိမ့်မယ်”

လုတာ့လန် ပြောနေသည်က မနေ့က လက်ဖက်ရည်ဆိုင်၏မှောင်မိုက်နေသည့် မြင်ကွင်းအကြောင်း ဖြစ်သည်။ ကျန်းကျိုးက သူ့ကို မနေ့က သူ တွေ့ခဲ့သည့် လက်ဖက်ရည်ဆိုင်အကြောင်း ပြောပြခဲ့ခြင်း ဖြစ်သည်။

ဤမြို့လေးတွင် လက်ဖက်ရည်ကို စွဲစွဲလမ်းလမ်း နှစ်သက်သည့်သူ နည်းပါးပြီး အမှန်တကယ်တွင် မရှိသလောက် နည်းပါးလှသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်က ပိုက်ဆံဆုံးရှုံးသည့် လုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုလက်ဖက်ရည်ဆိုင်ကို ဖွင့်ထားသည်မှာ နှစ်အတော်ကြာနေပြီးဖြစ်ကာ သူတို့လည်း စီးပွားတစ်ဝက်လောက် ဆုံးရှုံးနေပြီဟု သူ ကြားသိခဲ့ရသည်။ ဆိုင်ပိုင်ရှင်က ထိုနေရာကို စွန့်လွှတ်ရန် အကြိမ်ပေါင်းများစွာ စဉ်းစားနေခဲ့သော်လည်း ထိုလုပ်ငန်းကို သူ့ဘိုးဘေးများမှ သူ့အဖေ၏လက်ထက်အထိ မျိုးဆက်ပေါင်းများစွာ အမွေဆက်ခံခဲ့ခြင်း ဖြစ်နေပြီး စစ်ပွဲကာလကိုပင် ခြေရာခံနိုင်သည်ဟု ဆိုကြသည်။ ထို့ကြောင့် သူက ဆိုင်ကို မစွန့်လွှတ်ရက် ဖြစ်နေပြီး ယခုအချိန်အထိ အချိန်ဆွဲနေခဲ့သည်။

နှစ်ယောက်သား လမ်းလျှောက်ရင်း စကားစမြည်ပြောလာကြကာ မကြာမီ လက်ဖက်ရည်ဆိုင်သို့ ရောက်လာကြသည်။ ဤလက်ဖက်ရည်ဆိုင်ကို “ဖုန့်ထိုက်လက်ဖက်ရည်အိမ်” ဟု ခေါ်ပြီး ဆိုင်ရှင်သူဌေး၏မျိုးရိုးကတော့ ဖုန့်ထိုက် မဟုတ်ပေ၊ သူက လုမျိူးရိုးဖြစ်ပြီး သူ့အမည်က လုတဲရှင်း ဖြစ်သည်။

လုတဲရှင်းက သူတို့ကို လက်ဖက်ရည်ဆိုင်၏တံခါးတွင် ရပ်စောင့်နေခဲ့သည်။ ယနေ့တွင် လက်ဖက်ရည်ဆိုင်က မဖွင့်ထားဘဲ သူက တံခါးတစ်ဝက်ကိုသာ ပွင့်ပြီး ကျန်းကျိုးတို့ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ လုတဲရှင်းက သူတို့နှစ်ယောက်ကို လက်ဖက်ရည်ဆိုင်တစ်ဝိုက် အရင်လိုက်ပြနေရင်း သူ့၏ဒုက္ခများကို တချိန်လုံး ပြောပြနေခဲ့သည်။

အမှန်တကယ်တွင် လုတဲရှင်းက ဤလက်ဖက်ရည်ဆိုင်ကို ရောင်းရန် အခွင့်အရေး ရှာဖို့ စီစဉ်ထားခဲ့သော်လည်း သင့်တော်သည့်လူကို ရှာမတွေ့သေးပေ။ ထို့ကြောင့် သူက ယခုအချိန်အထိ အချိန်ဆွဲနေခဲ့သော်လည်း သူ့နေရာကို ကယ်တင်နိုင်မည်ဟု လုတာ့လန်ထံမှ ကြားသိလိုက်ချိန်တွင် သူလည်း စမ်းကြည့်ချင်နေခဲ့သည်။ သူက ၎င်းကို ကြိုးစားပြီး ပြင်းပြင်းထန်ထန် ရုန်းကန်ချင်ရုံသာဖြစ်သည်။ ယခုတစ်ကြိမ် အဆင်မပြေလျှင် ပိုက်ဆံ အနည်းငယ် ဆုံးရှုံးမည်ဆိုလျှင်တောင် သူက ဤလက်ဖက်ရည်ဆိုင်ကို လက်လွှတ်လိုက်တော့မည် ဖြစ်သည်။

ကျန်းကျိုးက သူ့နောက်မှ လိုက်ပါရင်း နေရာအနှံကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။ နောက်ဆုံးတစ်ကြိမ် ရောက်ခဲ့စဥ်က သူ ဆိုင်၏ယေဘူယျအသွင်အပြင်ကိုသာ ကြည့်ခဲ့ရပြီး ယခု သေသေချာချာ လိုက်ကြည့်ချင်နေခဲ့သည်။

ဤနေရာက တစ်ချိန်က ထင်ရှားကျော်ကြားသော လက်ဖက်ရည်ဆိုင် ဖြစ်ခဲ့သည်မှာ သိသာလှသည်။ ဆိုင်က အထပ်နှစ်ထပ် ပါရှိပြီး အောက်ထပ်တွင် ဧည့်ခန်းမကျယ်ကြီးတစ်ခု ပါရှိသည့်အပြင် ဆိုင်ရှင်အတွက် ကောင်တာတစ်ခုလည်း ရှိနေသေးသည်။ ဆိုင်အနောက်ဘက်သို့ ဦးတည်သွားနေသည့် တံခါးငယ်တစ်ခုလည်း ရှိနေခဲ့သည်။

ကျန်းကျိုးက ထိုတံခါးငယ်လေးကို ဖွင့်ကြည့်လိုက်ရာ ထိုနေရာက လက်ဖက်ရည် ပြင်ဆင်သင့်အခန်း ဖြစ်နေလေသည်။ အတွင်းဘက်တွင် လက်ဖက်ရွက်အမျိူးမျိုးကို အခြောက်ခံထားသည့် တစ်ဒါဇင်ကျော်ရှိသော အံဆွဲငယ်လေးများကို တွေ့လိုက်ရသည်။ လက်ဖက်ခြောက်နှင့် လက်ဖက်ကိတ်မုန့်များအပြင် အလွန်နက်ပုံရသော ရေတွင်းတစ်ခုလည်း ရှိနေခဲ့သည်။

ဒုတိယထပ်ရှိ သီးသန့်ခန်းဆီသို့ ဦးတည်နေသည့် လှေကားကို အံဝင်ခွင်ကျ တပ်ဆင်ထားပြီး လှေကားလက်ရန်းများက ရှေးယခင်က ထွင်းထုလေ့ရှိသော လက်ရာများ ဖြစ်ပုံပေါ်သည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အမွေဆက်ခံလာပြီးနောက်တွင် များစွာ ပျက်စီးနေပုံရပြီး ဆေးသုတ်ထားသော မျက်နှာပြင်က မှေးမှိန်နေကာ အတွင်းပိုင်းရှိ မူလသစ်သားအရောင်ကိုပင် ပေါ်လွင်နေစေပြီ ဖြစ်သည်။

သီးသန့်ခန်းထဲမှာ ရှုခင်းကတော့ တော်တော်လေး ကောင်းမွန်လှသည်။ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်လျှင် ကွေ့ကောက်နေသည့် မြစ်တစ်ဝက်နှင့် ထိုမြစ်ကြောင်းတစ်လျှောက် ကမ်းပေါ်တွင် မေးတင်နေသည့် ရွာငယ်လေးပေါင်းများစွာကို တွေ့မြင်နိုင်သည်။ အောက်ဘက်မှ လမ်းကို ငုံ့ကြည့်လိုက်လျှင်လည်း ဟိုဟိုသည်သည် လှုပ်လှုပ်ရှားရှား သွားလာနေသည့် လူအုပ်ကြီးကို မြင်တွေ့နိုင်ပြီး မနီးမဝေးတွင် ဈေးဆိုင်ငယ်များနှင့် ဈေးသည်များ ပြည့်နှက်နေလေသည်။ သက်ဝင်တက်ကြွသော လှုပ်ရှားမှုနှင့် အလွန်လှပသော ငြိမ်သက်ခြင်း နှစ်မျိုးစလုံးကို နှစ်သက်သလို ရှုစားနိုင်မည့် နေရာကောင်းတစ်ခု ဖြစ်သည်။

ကျန်းကျိုးက ဘာမှမပြောသောကြောင့် မူလကတည်းက စိုးရိမ်နေသည့် လုတဲရှင်း ပို၍ စိုးရိမ်လာပုံရကာ စိတ်ပူနေသည့်လေသံဖြင့် မေးလာခဲ့သည်။ "လုတာ့လန် ငါကို ပြောတာက မင်းမှာ ငါ့လက်ဖက်ရည်ဆိုင်ကို အသက်ပြန်ရှင်လာအောင် လုပ်ဖို့ နည်းလမ်းရှိတယ်တဲ့။ အဲ့ဒါ အမှန်ပဲလား?"

ထိုအချိန်တွင် ကျန်းကျိုးက အရာအားလုံးကို အကဲခတ်ပြီးသွားပြီ ဖြစ်သည်။ သူက လုတဲရှင်းကို အတွေးမများစေဘဲ တိုက်ရိုက်သာ ပြန်ဖြေလိုက်သည်။

“အင်း ကျွန်တော့်မှာ နည်းလမ်းရှိတယ်”

လုတဲရှင်း၏မျက်နှာက အရောင်တောက်လာပြီး သူက ဝမ်းသာအားရဖြင့် “ငါ့လက်ဖက်ရည်ဆိုင်ကို ပြန်အသက်သွင်း နိုင်သေးသ‌ရွေ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် မင်းတောင်းဆိုတာကို ငါ ကျေကျေနပ်နပ်ကြီး လုပ်ပေးပါ့မယ်"

ကျန်းကျိုး၏မျက်နှာပေါ်မှ ယုံကြည်မှုအပြည့်ရှိသောအမူအရာကို မြင်လိုက်ရချိန်တွင် လုတဲရှင်းက သူ့၏ စုတ်ပြတ်နေသော စိတ်ပျက်ဖွယ် လက်ဖက်ရည်ဆိုင်ကို တစ်ချက်ပြန်ကြည့်လိုက်ပြီး အံကြိတ်ကာ “မင်း ပြောသမျှကို ငါ လိုက်လုပ်ပေးပါ့မယ်။ ငါ့လက်ဖက်ရည်ဆိုင်ရဲ့ ၀င်ငွေက တိုးလာနိုင်ရင် ငါ မင်းကို အမြတ်ငွေ ဆယ်ပုံနှစ်ပုံ ခွဲဝေပေးမယ်၊ မဟုတ်ဘူး၊ ခနလေး သုံးပုံပေးမယ်!"

သူက ကျန်းကျိုးကို လက်သုံးချောင်း ထောင်ပြနေပြီး သူ့မျက်လုံးများက နောက်ဆုံးမျှော်လင့်ချက်တစ်ခုကို ရှာတွေ့သွားသလိုမျိုး တောက်ပနေခဲ့သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ သူ ရင်ဆိုင်ရနိုင်တာက ဆိုင်ကို ပိတ်လိုက် ရတာပဲ။ အနည်းဆုံးတော့ အခုလည်း ဆိုင်ကို ပိတ်ရလုနီးပါး ဖြစ်နေမှတော့ အဆိုးဆုံးအခြေအနေကို တွေးပြီး သူ အခုပဲ အလောင်းအစား လုပ်လိုက်တော့မယ်။ ပိုက်ဆံဆုံးရှုံးရင်တောင် အရေးမကြီးဘူး။ စီးပွားရေးမှာ အရှုံးနဲ့ အမြတ် နှစ်မျိုးပဲ ရှိတယ်။ တကယ်တော့ သူလည်း မနှစ်က ဖြစ်ခဲ့တဲ့ ကျန်းကျိုးရဲ့အကြောင်းတွေကို ကြားခဲ့ရတယ်။ ဒါပေမယ့် သူ ဂရုမစိုက်တော့ဘူး။ ဘာပဲဖြစ်ဖြစ် လုတာ့လန်က သူ့ကို အာမခံချက်တစ်ခု ပေးနိုင်သေးတယ်။ သူ့မှာလည်း စိုးရိမ်စရာတွေ ဆုံးရှုံးစရာတွေ အများကြီး မရှိဘူးလေ။

ကျန်းကျိုးနှင့် လုတာ့လန်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဘာမှ လျှို့ဝှက်ထားခြင်း မရှိတော့ပဲ သူတို့၏ အစီအစဉ်များကို စတင်ဆွေးနွေးကြတော့သည်။

“ခင်ဗျားရဲ့လက်ဖက်ရည်ဆိုင် အမြတ်မရနိုင်တဲ့ အကြောင်းရင်းက မင်းရဲ့ဖောက်သည်ပစ်မှတ် မှားနေတာကြောင့်ပဲ။ ကျွန်တော်တို့မြို့က လူတွေက လက်ဖက်ရည်သောက်ရတာကို ကြိုက်တယ်။ ဒါပေမယ့် သူတို့က ဘာလို့ လက်ဖက်ရည်ဆိုင်သေးသေးလေးတွေကိုပဲ သွားနေကြတာလဲ? အဲ့ဆိုင်သေး‌သေးလေးတွေက လက်ဖက်ရည်ရွက်က အကြမ်းဆုံး ဖြစ်ပြီး အရသာ မကောင်းပေမယ့် လူတိုင်းသောက်နိုင်လောက်အောင် ဈေးသက်သာတယ်။ ခင်ဗျားက ဒီမှာ ခင်ဗျားရဲ့လက်ဖက်ရည်ကို ပိုကောင်းအောင် စီမံထားတော့ ဈေးနှုန်းက မသက်သာနိုင်တော့ဘူး။ ပြီးတော့ ခင်ဗျားရဲ့လက်ဖက်ရည်ဆိုင်က အရမ်း ရိုးရှင်းလွန်းပြီး အဆာပြေမုန့်လေးတွေကလည်း အရမ်းစျေးပေါလွန်းတယ်။ စျေးကြီးတဲ့လက်ဖက်ရည်နဲ့ ရိုးရိုးသရေစာမုန့်တွေ... လိုက်ဖက်ညီတယ်လို့ ခင်ဗျား ထင်လား? အဲ့ပေါင်းစပ်မှုက မကောင်းတဲ့အပြင် သေးငယ်တဲ့သရေစာတွေကလည်း အမြတ်နည်းပါးလွန်းတယ်။”

လုတဲရှင်းကလည်း ဆိုင်ရှင်တစ်ယောက်အနေဖြင့် ထိုအရာကို မသိ မမြင်ရန် မဖြစ်နိုင်ပေ။ သို့သော် သူက တခြားတစ်ခုကိုလည်း ပြောင်းမလုပ်နိုင်ခဲ့ပေ။

ကျန်းကျိုးက သူ့ကို ပြုံးပြလိုက်ပြီး "ခင်ဗျား တခြားတစ်ခုခုကို မပြောင်းနိုင်ရင် ဘာလို့ ကျွန်တော်တို့နှစ်ဦးနှစ်ဘက် အဆင်ပြေစေမယ့် တခြားနည်းလမ်းကို မပြောင်းရမှာလဲ?”

"ဘယ်လိုလုပ်ရမှာလဲ?"

ကျန်းကျိုးက သူ့၏နား နားသို့ ကပ်လိုက်ပြီး တိုးတိုးလေး ပြောနေခဲ့သည်။ "ခင်ဗျား ဒီလိုလုပ်မယ်ဆိုရင်... ပြီးရင်..."

ထိုစကားများကို နားထောင်ပြီးနောက် လုတဲရှင်းက လက်ခုပ်တီးကာ “ကောင်းတယ်၊ ကောင်းတယ်၊ ဟုတ်ပြီ။ အဲဒါကို ငါ့ရဲ့ နောက်ဆုံးအခွင့်အရေးအဖြစ် သဘောထားလိုက်ကြရအောင်။ ငါ စမ်းကြည့်မယ်!"

ဒီစာရေးသူမှာ ပြောစရာတစ်ခု ရှိပါတယ်

သင့်ဇနီးကို ထောက်ပံ့ဖို့ ငွေရှာပါ။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment