အခန်း ၂၉ ရက်တစ်ရာပြည့်ပွဲ
ကျန်းကျိုးက ဝမ်ရန်ကို ပြန်လိုက်ပို့ပေးနေရင်း လမ်းတွင် တစ်ခုခုကို ရုတ်တရက် သတိရသွားခဲ့သည်။
လမ်းဘေးနှစ်ဘက်မှ အစိမ်းရောင်တစ်ဝက်နှင့် အဝါရောင်တစ်ဝက် ရောနှောနေသည့် ကောက်နှံများကြားတွင် လမ်းလျောက်နေရင်း သူက မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သည်။ ထိုလယ်ကွင်းများရှိ ကောက်နှံအများစုက ရိတ်သိမ်းပြီးပြီဖြစ်သောကြောင့် ယခုရှိနေသည့် အပင်များက ဒုတိယတစ်သုတ်ရိတ်သိမ်းရန် ကျန်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် လယ်ကွင်းများက အများအားဖြင့် အစိမ်းနှင့် အဝါရောင်များ အဆုံးမဲ့ပြန့်ကျဲနေလေသည်။
ဝမ်ရန်က သူ့နှုတ်ခမ်းနီနီလေးများကို ဖိကပ်ထားရင်း ဘေးမှအတူ လိုက်လျှောက်နေခဲ့သည်။ သူ့၏ရှည်လျားကျဉ်းမြောင်းသော မျက်လုံးလေးများပေါ်မှ မျက်တောင်ရှည်ရှည်လေးများက အပေါ်သို့ ကော့တက်နေပြီး သူ့၏ဖြူစင်ပြီး အေးစက်သော မျက်နှာကလေးကို ပေါ်လွင်ထင်ရှားစေသည်။ သို့သော် သူ ရှုထုတ်လိုက်သည့်လေပူများက ဆောင်းလေကြောင့် အငွေ့အဖြစ်သို့ ပြောင်းသွားကာ သူမျက်နှာရှေ့တွင် ဝေ့ဝဲနေသောကြောင့် သူ့၏အသွင်အပြင်ကို ပျော့ပြောင်းနူးညံ့နေသယောင် ထင်ရစေသည်။
ကျန်းကျိုး၏အကြည့်ကို အာရုံခံလိုက်မိသောကြောင့် ဝမ်ရန်က စူးစမ်းသည့်အမူအရာဖြင့် သူ့ခေါင်းလေးကို လှည့်လာပြီး အသံပြုလိုက်သည်။
"ဟမ်?"
ကျန်းကျိုးက ဝမ်ရန်၏အေးစက်နေသောလက်ကို သူ့လက်ဖဝါးတွင် ကိုင်ထားပြီး သူ့လက်ချောင်းထိပ်များမှ အပူချိန်ဖြင့် ဝမ်ရန်၏လက် နွေးထွေးစေရန် ကြိုးစားပေးနေခဲ့သည်။
"ရှောင်ယိရဲ့ ရက်တစ်ရာပြည့် ရောက်တော့မှာမလား?"
ကျန်းကျိုးက သူ့မျက်နှာကို ပြန်လိုက်လိုက်ပြီး ရှောင်ယိအကြောင်း မေးမြန်းလိုက်သည်။
သူတို့ရဲ့ကလေးကို နှင်းတွေစကျတဲ့ အချိန်မှာ မွေးဖွားခဲ့ပြီး အခုက ဆယ်နှစ်လပိုင်း ၁၇ ရက်နေ့ ရောက်နေပြီ၊ သူ သိသားထားတာ မမှားရင် နောက်လေးရက်အကြာက ရှောင်ယိ မွေးတာ ရက်တစ်ရာပြည့်တဲ့နေ့ ဖြစ်လိမ့်မယ်။
ဝမ်ရန်ကတော့ ထိုအကြောင်းအရာကို ရှင်းရှင်းလင်းလင်း မှတ်မိနေပြီး ရှောင်ယိ၏ ရက်တစ်ရာပြည့်ပွဲက အမှန်တကယ် နီးကပ်လာပြီ ဖြစ်သည်။ သူ့မိဘများက ရှောင်ယိ၏ ရက်တစ်ရာပြည့်ပွဲ အခမ်းအနားအတွက် လဝက်လောက် ကြိုတင်ပြင်ဆင်ရင်း အလုပ်ရှုပ်နေခဲ့သည်။
“ဟုတ်တယ်”
ကျန်းကျိုးက ဘာမှမပြောတော့ဘဲ သူ့ကို ငြိမ်ငြိမ်လေး ရပ်ကြည့်နေသည်ကို မြင်လိုက်ရသောကြောင့် ဝမ်ရန် သူ ဘာဆိုလိုသည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သို့သော်လည်း သူက "ကျွန်တော့်မိဘတွေက အဲဒါကို အိမ်မှာပဲ လုပ်ချင်နေကြတယ်။ သူတို့... သူတို့က နည်းနည်း စိတ်ပူနေလို့ပါ"
ကျန်းကျိုးက ထိုအကြောင်းပြချက်ကို သိပြီးသားဖြစ်သော်လည်း သူ့စိတ်ထဲတွင် မျှော်လင့်ချက်များ တဖျပ်ဖျပ်တောက်ပနေသောကြောင့် မေးရန် ဆုံးဖြတ်လိုက်သည်။
အဖေဝမ်နဲ့ အမေဝမ်က ရှောင်ယိရဲ့ ရက် ၁၀၀ ပြည့်ပွဲ အခမ်းအနား ကျင်းပဖို့ သူ့ကို မပြောတာနဲ့ပတ်သတ်ပြီး သူ့မှာ ဘာမှ ပြောစရာ မရှိတော့ပါဘူး။ သူ နည်းနည်း စိတ်မသက်မသာ ဖြစ်နေရုံပါပဲ။ ဘာပဲဖြစ်ဖြစ် သူက အဖေဖြစ်ပြီး သူ့သားလေးရဲ့ ရက်တစ်ရာပြည့်ပွဲကိုတောင် ကိုယ်တိုင် မလုပ်ပေးနိုင်ခဲ့ဘူး။
ကျန်းကျိုး၏ စိတ်အခြေအနေက သိသိသာသာ ထုံထိုင်းနေသော်လည်း ဝမ်ရန်က အနည်းငယ် ရယ်ချင်နေပုံရသည်။ သူက သူနှင့်လက်ချင်းတွဲထားသည့် ကျန်းကျိုးကို လက်ကို ခါယမ်းလိုက်ပြီး “ခင်ဗျား စိတ်မကောင်းဖြစ်နေတာလား?”
“အင်း”
ကျန်းကျိုးက ခေါင်းညိတ်လိုက်ပြီး သူ့စိတ်မချမ်းသာမှုကို ဝန်ခံလိုက်သည်။
အမှန်တကယ်တွင် ကျန်းကျိုး ထိုသို့ ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေသည့်အချိန်က ရှားပါးလွန်းလှသည်။ သို့သော် သူတို့က နှစ်ပေါင်းများစွာ တစ်ယောက်ကို တစ်ယောက် သိလာခဲ့ကြသောကြောင့် ဝမ်ရန်က ထိုအရာကို ရိပ်မိသွားခဲ့ခြင်း ဖြစ်သည်။
"ခင်ဗျားက ဘာကြောင့် စိတ်မကောင်း ဖြစ်နေရတာတာလဲ?"
ကျန်းကျိုးထံတွင် အားသာချက်တစ်ခု ရှိပြီး သူက မပျော်မရွှင် ဖြစ်နေသည့်တိုင် အကြာကြီး စိတ်ပျက်အားနည်နေမည် မဟုတ်ပေ။ သူက သူ့ခံစားချက်များနှင့် သူ့ကို မပျော်မရွှင် ဖြစ်စေသည့် နောက်ကွယ်မှ အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာတက်ကြောင်းလည်း ဝမ်ရန် သိထားပြီး ဖြစ်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း သူ မေးလိုက်သည်နှင့် ကျန်းကျိုးက သူစိတ်မကောင်းဖြစ်ရသည့်အကြောင်းကို အမှန်အတိုင်း ပြောပြလာခဲ့သည်။
"ရှောင်ယိမွေးတုန်းကလည်း ကိုယ် အနားမှာ ရှိပေးနိုင်ခဲ့ဘူး၊ အဲ့တုန်းက ကိုယ် သူ့အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ အခု သူ့ရဲ့ရက်တစ်ရာပြည့်ပွဲအတွက်တောင်…”
အဲတော့ သူက ဒီအကြောင်းကြောင့် မပျော်မရွှင်ဖြစ်နေတာပေါ့လေ။
ဝမ်ရန်က ထိုအရာကို မှန်းဆပြီးသားဖြစ်ကာ တမင်တကာ မေးလိုက်ခြင်းဖြစ်သည်။ သို့သော် ကျန်းကျိုး၏ ပြတ်ပြတ်သားသား တုံ့ပြန်မှုကို တွေ့လိုက်ရချိန်တွင် သူ့၏နှလုံးသားကလည်း အနည်းငယ် နာကျင်သွားခဲ့သည်။ သို့သော် စီစဉ်ထားသည့်ပွဲကို မရွှေ့ဆိုင်းနိုင်တော့ကြောင်း သူ သိနေပြီး ကျန်းကျိုးအား အခြားရှုထောင့်မှ နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
“ဒါက အဆင်ပြေပါတယ်၊ နောင်အနာဂတ်မှာ နေရက်တွေ အများကြီး ရှိပါသေးတယ်။ သူက ကျွန်တော်တို့နဲ့ အမြဲရှိနေမှာလေ။ သူရဲ့အရွယ်ရောက်အခမ်းအနားလည်း ရှိသေးတယ်။ ပြီးရင် သူ မင်္ဂလာပွဲ ကျင်းပပြီး ကလေးတွေ ယူတာကိုလည်း စောင့်ကြည့်ရဦးမယ်။ အခုက ရက်တစ်ရာပွဲလေးပါပဲ။ အဲ့ဒါအပြင် ကျွန်တော့်မိဘတွေက ခင်ဗျား မလာရဘူးလို့ မပြောခဲ့ဘူးလေ”
ဟုတ်သားပဲ.... ဝမ်ရန် ပြောတာမှန်တယ်... ဝမ်ရန်ရဲ့မိဘတွေက သူ မလာရဘူးလို့မှ မပြောတာပဲ။
အဖေဝမ်နဲ့ အမေဝမ်က သူ့ကို မကျေနပ်ဖူးလို့ သူ အမြဲခံစားခဲ့ရပြီး သူတို့က သူ့ကို ခွင့်မလွှတ်ဘူးလို့ ထင်ထားခဲ့တာ။ ယခုတော့ သူ့အတွေးတွေ မှားနေတာလည်း ဖြစ်နိုင်တယ်။ သူ့ကိုက သူ့ကို အရမ်းစိတ်ဆိုးနေရင် ဝမ်ရန်နဲ့ အခုလို တွေ့ခွင့်ပေးမှာ မဟုတ်ဘူးလေ။
ကျန်းကျိုး၏မျက်လုံးများက ပြန်တောက်ပလာပြီး ဝမ်ရန်ကို ကြည့်လိုက်ကာ “မင်းမိဘတွေက ကိုယ့်ကို စိတ်ဆိုးနေတာ မဟုတ်ဘူးလား?"
ဝမ်ရန်က ကူကယ်ရာမဲ့ဟန်လေးဖြင့် "သူတို့က ဘာလို့ ခင်ဗျားကို စိတ်ဆိုးရမှာလဲ? သူတို့ ဒေါသထွက်ချင်ရင် တခြားတစ်ယောက်ကိုပဲ ဒေါသထွက်သင့်တယ်။ အမှားတွေ အားလုံးက သူ လုပ်ခဲ့တာတွေပဲ။ ဒါပေမယ့် အဲဒီတုန်းက ခင်ဗျား မဟုတ်မှန်းတော့ ကျွန်တော် မိဘတွေ မသိသေးဘူး။ အခုအချိန်မှာ ခင်ဗျားအကြောင်းကို ပြောရရင် သူတို့အတွက် စိတ်ပူစရာ လုံးဝ မရှိဘူးလေ”
ကျန်းကျိုးက သူ မကြာသေးမီက အလုပ်ကြိုးစားခဲ့ပြီး ဝမ်ရန့်မိဘများ၏သဘောထားများက ပျော့ပျောင်းလာနိုင်ကြောင်း တွေးမိသော်လည်း ဝမ်ရန်ထံမှ အာမခံချက်ကို လိုချင်နေသေးသည်။ ထို့ကြောင့် သူက ဝမ်ရန်ကို နောက်တစ်ခါ ပြန်မေးပြီး အတည်ပြုရန် ကြိုးစားနေမိသည်။
"တကယ်လား?"
ကျန်းကျိုး၏ အားနည်းသော ဘက်အခြမ်းကို မြင်လိုက်ရသောကြောင့် ဝမ်ရန်က သူ့ကို နှစ်သိမ်းပေးရန် ပြုံးပြလိုက်သည့်အပြင် သူ့လက်ကိုလည်း ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် ကျန်းကျိုး စိတ်သက်သာရာရစေရန် ထပ်အတည်ပြုပေးလိုက်သည်။
"တကယ်ပါ”
ကျန်းကျိုးက ဝမ်ရန်၏လက်ကို ဆုပ်ကိုင်လိုက်ပြီး "ရက်တစ်ရာပြည့်ပွဲကို မင်း မိဘတွေရဲ့ နေရာမှာ လုပ်မယ်ဆိုပေမယ့် ကိုယ် ပြင်ဆင်မှုတွေအတွက် ကူညီပေးပါ့မယ်"
ဝမ်ရန်က ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
“တကယ်တော့ ကျွန်တော့်မိဘတွေက အဲအတွက် ပြင်ဆင်နေတာ လဝက်ကျော်နေပြီ၊ ကျွန်တော်တောင်မှ သူတို့ရဲ့အစီအစဉ်ထဲကို ဝင်မပါရဘူး။ သူတို့က အရာအားလုံးကို ကောင်းကောင်း စီစဉ်နေပြီး ဘာမှတောင် မလိုအပ်လောက်တော့ဘူး။ သူတို့ နောက်ထပ် ရက်အနည်းငယ်လည်းကို ထပ်ပြင်ဆင်ကြလိမ့်မယ်။ ခင်ဗျား မနက်ဖြန် အချိန်ရရင် ဒါမှမဟုတ် ခင်ဗျား စျေးရောင်းက ပြန်လာရင် အိမ်ကို လာခဲ့လေ၊ တစ်ချို့အရာတွေ ဆွေးနွေးလို့ ရတာပေါ့။ ခင်ဗျားရော ဘယ်လိုထင်လဲ?"
ကျန်းကျိုးက အဆင်သင့်သဘောတူလိုက်ပြီး နှစ်ယောက်သား လက်ချင်းတွဲကာ ဆက်လျှောက်လာကြသည်။ သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ကျန်းကျိုးက ရုတ်တရက် ရပ်လိုက်ပြီး ထပ်ပြောလာပြန်သည်။
"ဘာလို့ တစ်ခုခု ထူးဆန်းနေသလို ခံစားနေရတာလဲ?"
ဝမ်ရန်က မသိနားလည်ဟန်လေးဖြင့် ပြန်မေးလိုက်သည်။
"ဘာတွေထူးခြားနေလို့လဲ?"
“ဇနီးလေး”
ကျန်းကျိုးက သူ့ကို ခေါ်လိုက်သောကြောင့် ဝမ်ရန်က အပြစ်မကင်းဟန်လေးဖြင့် ပြန်ထူးလိုက်သည်။
“ဟင်”
ကျန်းကျိုးက မျက်ခုံးပင့်လိုက်ပြီး "မင်း ကိုယ့်ကို ကလေးတစ်ယောက်လို ဆက်ဆံနေတာလား?"
ဝမ်ရန်က သူတို့ပတ်ဝန်းကျင်ရှိ စိမ်းဝါရောင် လယ်ကွင်းများကို စိုက်ကြည့်ရင်း အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
“မဟုတ်ပါဘူး”
“တကယ်လား?”
ကျန်းကျိုးက ဝမ်ရန်၏ခါးလေးကို ညင်ညင်သာသာ လှမ်းညှစ်လိုက်သည်။ ဝမ်ရန်အတွက် သူ့၏ခါးက အထိခိုက်မခံနိုင်ဆုံးဖြစ်ပြီး ညင်သာစွာ ဆုပ်ကိုင်ထားရုံဖြင့် တကိုယ်လုံး တုန်ယင်လာတတ်သည်။ ယခု ကျန်းကျိုးက သူ့လက်ဖဝါးဖြင့်ပါ မရိုးမရွ ပွတ်သပ်နေသောကြောင့် ဝမ်ရန် တောင့်မခံနိုင်တော့ပေ။ သူက ရယ်မောနေရင်း သူ့အမှားကို ထပ်ခါထပ်ခါ ဝန်ခံလိုက်ပြီး သူ့လက်ကို ပြန်ဖယ်ပေးရန် ကျန်းကျိုးကို တောင်းဆိုနေခဲ့သည်။
“ကျိုးကော.... ကျွန်တော် မှားသွားပါတယ်၊ လွှတ်ပေးပါတော့”
လူဆိုးကြီးသဖွယ် နောက်ပြောင်လှည့်စားတက်သည့် ကျန်းကျိုးက စိတ်ဆိုးနေဟန်ဖြင့် “ဒါဆို တကယ်ပေါ့၊ မင်းက ဘာလို့ ကိုယ့်ကို ကလေးလို ဆက်ဆံနိုင်ရတာလဲ?"
ဝမ်ရန်က ရှက်နေဟန်ဖြင့် “တော်သေးတာပေါ့၊ လမ်းပေါ်မှာ ဘယ်သူမှ မရှိဘူး”
ကျန်းကျိုးက ဇနီးဖြစ်သူ၏လက်ကို တစ်ဖန်ပြန်ဆုပ်ကိုင်လိုက်ပြီး ရယ်မောပျော်ရွှင်နေလေသည်။ ဝမ်ရန်က ရှက်ရွံ့ပြီး ကြင်နာစွာ ပြုမူတတ်သည်ကို သူ သိသော်လည်း ယခု သူထပ် စနောက်ချင်လာပြန်သည်။
“ကိစ္စမရှိပါဘူး။ အခု ဒီမှာ တစ်ယောက်မှ မရှိဘူး။ သူတို့အားလုံးက သူတို့ဇနီးတွေနဲ့ အိမ်မှာ နွေးနွေးထွေးထွေး နေ နေကြမှာပေါ့”
သူ့စကားအဆုံးတွင် ကျန်းကျိုးက သက်ပြင်းချလိုက်ပြီး “အားရန်ကို အိမ်ပြန်ခေါ်ဖို့ မစောင့်နိုင်တော့ဘူး”
ဝမ်ရန်က နှုတ်ဆိတ်နေပြီး တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ သူလည်း ကျန်းကျိုး၏ နှလုံးသားထဲမှ စိုးရိမ်မှုများကို နားလည်နေပြီး သူတို့အတူရှိနေနိုင်သရွေ့ ချမ်းသာခြင်း သို့မဟုတ် ဆင်းရဲခြင်းကို ဂရုမစိုက်ကြောင်း ကျန်းကျိုးအား ပြောပြချင်နေမိသည်။
သို့သော် ကျန်းကျိုးက ခေါင်းမာသူဖြစ်ပြီး သူ့စိတ်က လွယ်လွယ်နှင့် မပြောင်းလဲတတ်ကြောင်းကိုလည်း ဝမ်ရန် အသိဆုံးဖြစ်သည်။ ထို့ကြောင့် ဝမ်ရန်က ကျန်းကျိုး၏ စိတ်ကို လွှမ်းမိုးနိုင်ရန် အချိန်တစ်ခုစောင့်ပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကျန်းကျိုးက အလျင်အမြန် ပြန်တက်ကြွလာပြီး သူ့ဘာသာသူ အာမခံနေပြန်သည်။
“ဒါပေမယ့် မကြာခင်မှာ ကွမ်တုန်းကျူလုပ်ငန်းက ချောချောမွေ့မွေ့ လည်ပတ်လာပြီး ပိုက်ဆံနည်းနည်းစုနိုင်တော့မှာပါ၊ အဲ့အချိန်ရောက်တာနဲ့ ကိုယ် မင်းကို ချက်ချင်း ပြန်ခေါ်မယ်။ နွေဦးပေါက်လာရင် ပိုနွေးလာပြီး ရှောင်ယိလည်း အသက်နည်းနည်းပိုကြီးလာလိမ့်မယ်။ အဲချိန်ရောက်မှ ပြန်ပြောင်းလာမလား? ဒီအချိန်မှာ ရွှေ့ပြောင်းတာက အဆင်မပြေလောက်ဘူး။ သူ ဖျားသွားမှာကို ကိုယ် စိုးရိမ်တယ်”
ကျန်းကျိုးက လမ်းလျှောက်ရင်း သူတို့၏အနာဂတ်အတွက် အစီအစဉ်များကို ဆက်လက်ရေးဆွဲနေပြီး ဝမ်ရန်က သူ့၏စကားများကို နားထောင်နေကာ လမ်းလျှောက်ရင်း လက်ချင်းတွဲထားခဲ့ကြသည်။
သူတို့ပတ်ဝန်းကျင်တွင် ဆောင်းလေအေးများ ကျယ်လောင်စွာ တိုက်ခတ်နေသော်လည်း ကျန်းကျိုးက ဝမ်ရန်အား ယုန်မွေးဝတ်ရုံ ခြုံပေးထားသောကြောင့် ဝမ်ရန်က နွေးထွေးနေမြဲ ဖြစ်သည်။ သူ့၏အပေါ်ဝတ်က ထူထဲပြီး နွေးထွေးစေသလို လည်ပင်းတစ်ဝိုက်တွင် သားမွေးအနားကွပ်လေးတစ်ခုပါရှိနေသောကြောင့် ဝမ်ရန်ကို ပိုမိုဖြူစင်စေပြီး ပေါ့ပါးနေစေသည်။ သူတို့ ရွှေလက်ကောက်ကို မယူလိုက်သောကြောင့် အဒေါ်လုက လုရှန်းရှီမှတဆင့် ထိုအင်္ကျီကို ထပ်ပေးလိုက်ခြင်း ဖြစ်သည်။ ကျန်းကျိုးက အေးသောရာသီဥတုအတွက် စိတ်ပူသောကြောင့် ဤခရီးအတွက် ကောင်းစွာ ပြင်ဆင်ထားခဲ့သည်။
နောက်ဆုံးတွက် ကျန်းကျိုးက ဝမ်ရန်ကို သူ့အိမ်သို့ ပို့ပေးလိုက်ပြီး နောက်နေ့တွင် ရှောင်ယိ၏ ရက်တစ်ရာပြည့်ပွဲအတွက် ဝမ်ရန်၏မိဘများနှင့် လာဆွေးနွေးရန် သဘောတူလိုက်ကြသည်။
ကျန်းကျိုး ဟွေ့ပင်အောက်သို့အရောက်တွင် ဦးလေးယွိကို တွေ့လိုက်ရပြီး နှစ်ယောက်သား အတူလမ်းလျှောက်လာကြကာ လှေသမားအိုကြီးက သူ့စိုးရိမ်မှုများကို ပြောပြနေခဲ့သည်။
"နောက်တစ်လကျော်လောက်ဆိုရင် မြစ်က အေးခဲသွားတော့မယ်လို့ ငါ ထင်တယ်။ မင်း အဲဒီအချိန်အထိ စီးပွားရေး လုပ်ချင်နေသေးရင် ဒုက္ခဖြစ်မှာကို ငါ စိုးရိမ်တယ်"
မြစ်ရေအေးခဲသွားလျှင် ကူးတို့လှေများက ၎င်းတို့၏လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။ လှေပေါ်မှ ခရီးသွားများကို မှီခိုရသည့် ကြက်ဥမုန့်လုပ်ငန်းက နွေဦးပေါက် ရေခဲများ အရည်ပျော်သည်အထိ စောင့်ဆိုင်းရပေတော့မည်။ မြစ်ကို ဖြတ်ရန် မဖြစ်နိုင်လျှင် ကျန်းကျိုး၏လုပ်ငန်းများ အထူးသဖြင့် သူ၏ ကွမ်တုန်းကျူဆိုင်ကို ဖွင့်ရန် စိန်ခေါ်မှုများ ရင်ဆိုင်ရတော့မည်ဟု ဆိုလိုသည်။
ကျန်းကျိုးကတော့ သိပ်စိုးရိမ်မနေပေ။ နှစ်သစ်ကူး နီးလာပြီဖြစ်၍ ထိုအချိန်တွင် သူ့လုပ်ငန်းကို ခေတ္တရပ်ရန် သူ စီစဉ်ခဲ့သည်။ သို့သော် ချမ်းအေးသည့် ရာသီဥတုကြောင့် ဖျော့တော့နေသည့် ဝမ်ရန်၏အသွင်အပြင်ကို ပြန်တွေးသွားမိသောကြောင့် သူတို့၏အနာဂတ် ကြိုးပမ်းမှုများကို ပိုမိုသက်တောင့်သက်သာဖြင့် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ရန် နွားလှည်းတစ်စီး ရင်းနှီးမြှုပ်နှံရန် စတင်စဉ်းစားနေခဲ့သည်။ ၎င်းကို ရွှေ့လျားဆိုင်အဖြစ်လည်း အသုံးပြုနိုင်မည်ဟု သူ ထပ်တွေးနေမိသည်။
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟