no

Font
Theme

အခန်း ၂၈ အဆိပ်မရှိဘူး

ဝါးခွက်၏အောက်ခြေတွင် ရေးထွင်းထားသော စကားလုံးက ခပ်သေးသေးဖြစ်ပြီး ထင်ရှားပေါ်လွင်နေခြင်း မရှိသဖြင့် အခြားသူများက ထိုစကားလုံးများကို လျစ်လျူရှုမိကာ ၎င်းကို သာမန်ဝါးခွက်ဟုဟာ ထင်ကြမည်ဖြစ်သည်။ ကျန်းကျိုး၏လက်ထဲတွင် ရှိနေသည့် ဝါးပန်းကန်နှစ်လုံးကလည်း ပုံစံ၊ ထုတည်နှင့် အထူအပါးတို့ အားလုံး တူညီလုနီးပါး ဖြစ်နေပြီး ၎င်းတို့ကို တူညီသောဝါးတစ်ခြမ်းမှ ဖြတ်တောက်ထားသည်ဟုပင် ထင်နေရသည်။

ဤ “ရန်” ဟူသော စကားလုံးသေးသေးလေးကြောင့်သာ မဟုတ်ပါက ကျန်းကျိုးက ဖြတ်ကျော်၍မရနိုင်သော ဘေးဆိုးကြီးတစ်ခုထဲတွင် ပိတ်မိသွားပြီး သူ့အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်မည် မဟုတ်တာ့ပေ။

ယခုအခြေအနေက ပွင့်လင်းမြင်သာမှု ရှိသလို သေသေချာချာလည်း ရှင်းလင်းသွားပြီ ဖြစ်သောကြောင့် အားလုံးက နျိုတင်းကိုသာ စိုက်ကြည့်နေကြ‌တော့သည်။

ကနဦးတွင် နျိုတင်းက အမြတ်ကြီးစားသည့် ကျန်းကျိုး ရောင်းချသော အစားအစာကြောင့် သူ့၏ညီအစ်ကိုတစ်ဦး အမှန်တကယ် ဒုက္ခရောက်ခဲ့ကြောင်း ယုံကြည်ခဲ့ပြီး ဒေါသတကြီးဖြင့် ကျန်းကျိုးကို လာရှာကာ ရန်လိုသည့် ထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆက်တွဲဖြစ်လာမည့် အကြာင်းအရာက သူ့ကို မျက်နှာပျက်စေပြီး အရှက်ရစေမည်ဟု သူ အနည်းငယ်မျှပင် ကြိုမတွေးခဲ့မိပေ။

ဒေါသထွက်နေသော နျိုတင်းက ၎င်းတို့ကြားရှိ အကွာအဝေးကို ခြေလှမ်းသုံးလှမ်းဖြင့် အမြန်ကျော်ဖြတ်လိုက်ပြီး လျိုတုန်းဆီသို့ ‌ရောက်သွားကာ သူ့အင်္ကျီလည်ဂုတ်ကို ဖမ်းဆွဲလိုက်ရင်း မျက်လုံးပြူး မျက်ဆံဖြူးဖြင့် အော်မေးလိုက်သည်။

“အမှန်တရားက ဘာလဲ?”

လျိုတုန်းက သူ ဖော်ထုတ်ခံလိုက်ရပြီကို နားလည်သွားပြီး သူ့မျက်နှာတွင် ရှက်ရွံ့မှုများ ပြည့်နှက်နေပြီ ဖြစ်သည်။ သူ့ဗိုက်က တကယ်နာနေပြီး သူ့အသံကို အားနည်းသွားစေကာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်.... အစ်ကိုနျိုတင်း.... ကျွန်တော်…”

သူက အချိန်ကြာမြင့်စွာ တုံ့ဆိုင်းနေပြီး သူ့အတွေးများကို စကားလုံးများအဖြစ်ပြောင်းရန် ရုန်းကန်နေခဲ့သည်။ နျိုတင်း၏ စိတ်မရှည်မှုကလည်း လူသိများလှပြီး ယခု သူက စိတ်မရှည်ဖြစ်နေကာ သူ့အသံကို ထပ်မြှင့်လိုက်ပြီး လျိုတုန်းက ထပ်အော်လိုက်သည်။

"အမှန်အတိုင်းပြောစမ်း!"

နျိုတင်း၏ တင်းမားသော အမူအရာကြောင့် ကြောက်ရွံ့နေသော လျိုတုန်းက သူ၏ အမှားများကို ဝန်လေးစွာ ထုတ်ဖော်ဝန်ခံလာခဲ့သည်။

လျိုတုန်းက ကျန်းကျိုးကို အစောပိုင်းကတည်းက မှတ်မိနေခဲ့ပြီး ကျန်းကျိုး ဟင်းခတ်အမွှေးအကြိုင်ဆိုင်ဖွင့်ရန် ရည်ရွယ်ချက်နေကတည်းက သိရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းကျိုးက လှည့်စားခံရပြီး နောက်ပိုင်းတွင် ဒေဝါလီခံခဲ့သည်။ ထိုအချိန်တွင် သူက ကျန်းကျိုးကို အခွင့်ကောင်းယူရန်လွယ်သာ အယုံလွယ်သည့်ငတုံးဟု ယူဆထားခဲ့သည်။

တစ်ချိန်တစ်ခုကြာလာပြီးနောက် ကျန်းကျိုး၏ ကြက်ဥမုန့်လုပ်ငန်းဖြင့် ပြန်ကြီးပွားလာသောကြောင့် လျိုတုန်းက မနာလိုဖြစ်ခဲ့သည်။ ကျန်းကျိုး၏အောင်မြင်မှုက ဆန်းသစ်သောအကြံအစည်တစ်ခုနှင့် ကြုံကြိက်လိုက်ရခြင်း ကြောင့်သာ ဖြစ်သည်ဟု သူ ယုံကြည်ပြီး ကျန်းကျိုး၏အောင်မြင်မှုကို ကံကောင်းခြင်းတစ်ခုအဖြစ် ရှုမြင်နေခဲ့သည်။

ထိုအချိန်တွင် ကျန်းကျိုး၏လုပ်ငန်းက ကြီးပွားနေပြီး အနီးနားရှိလူတိုင်းနီးပါးက ကျန်းကျိုး ထိုမုန့်လုပ်ငန်းဖြင့် ငွေများရှာနိုင်ကြောင်း သိထားကြသည်။ ကျန်းကျိုး စျေးလာရောင်းတိုင်း လူများက အလုအယက်ဝယ်ကြပြီး မြန်မြန်ဆန်ဆန် ရောင်းကုန်သွားတတ်သည်။

နောက်ပိုင်းတွင် သခင်လေးချိုးက ထိုမုန့်၏မူရင်း ပြုလုပ်နည်းမှာ ကြက်ဥနှင့် ဂျုံမှုန့်ကိုသာ အခြေခံကြောင်း ပြောပြခဲ့သည်။ တစ်ချို့လူများက ကျန်းကျိုး၏လုပ်ငန်းကို စိတ်ကူးယဥ်အားကျနေကြပြီး လိုက်လံတုပချင်နေကြသည်။ သူတို့က ထိုမုန့်ကို လုပ်နိုင်ရန် လျှို့ဝှက်စမ်းသပ်မှုပေါင်းများစွာ ပြုလုပ်ခဲ့ကြပြီး သူတို့ လုံးဝ မအောင်မြင်ခဲ့ကြပေ။

လျိုတုန်းက လမ်းပေါ်တွင် သွားလာနေသူ တစ်ဦးဖြစ်ပြီး သူကိုယ်တိုင် အလုပ်မကြိုးစားချင်သော်လည်း အလွန်လောဘကြီးပြီး သူ့ထက်သာလွန်သော သူများကို မနာလိုကာ မကောင်းသော အကြံအစည်များဖြင့် ဒုက္ခပေးချင်သူ ဖြစ်သည်။

သူက ကျန်းကျုး၏ ကြက်ဥမုန့်ကို အတုယူ ပြုလိုပ်နိုင်ရန် ကြိုးစားခဲ့ပြီး သူ့၏စမ်းသပ်မှုက မည်သည့်အခါမှ အကျိုးမဖြစ်ထွန်းခဲ့ပေ။

စိတ်မကောင်းစရာက သူ အကြံအစည်ကို အကောင်အထည် ဖော်ရန် ပြင်ဆင်နေချိန်တွင် ကျန်းကျိုးက ကြက်ဥမုန့်လုပ်ခြင်းကို ရပ်လိုက်ပြီး ကွမ်တုန်းကျူကို ပြောင်းလဲရောင်းချနေခဲ့သည်။

ထိုအချိန်တွင် လျိုတုန်းက ကျန်းကျိုးတစ်ယောက် မိုက်မဲသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်ဟု ယုံကြည်လိုက်သည်။ ကျန်းကျိုးက ကြက်ဥမုန့်လုပ်ငန်းကို ကောင်းကောင်းမလုပ်ဘဲ တခြားအရာများဖြင့် အချိန်ကုန်နေသည့်တွေးပြီး လှောင်ပြောင်ရန် အခွင့်အရေးလို့ စောင့်နေခဲ့သည်။ သို့သော်လည်း ကျန်းကျိုး၏ ကွမ်တုန်းကျူလုပ်ငန်းက ကောင်းမွန်နေပြီး သူ့ကို အံ့အားသင့်စေခဲ့သည်။

ထို့နောက် သူ လောဘတက်လာမိကာ ကွမ်တုန်းကျူစားပြီး ဗိုက်နာဟန်ဆောင်ကာ လိမ်လည်မှုတစ်ခု ပြုလုပ်ရန် ထပ်ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ့ကို ရှာရန် ရောက်လာသော နျိုတင်းနှင့် အဆင်ပြေစွာ တွေ့ဆုံမိခဲ့သည်။ နျိုတင်းက သူ၏ ရမ်းကားသည့်စရိုက်နှင့် ဒေါသထွက်လွယ်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားပြီး လျိုတုန်းက ကျန်းကျိုးကို အလွန်စက်ဆုပ်ရွံရှာဖွယ်အဖြစ် ပုံဖော်ရန် သူ့ကိုယ်သူ သနားစရာကောင်းသော နစ်နာသူအဖြစ် ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်ကာ နျိုတင်း၏ ဒေါသကို နှိုးဆွပေးခဲ့သည်။

လျိုတုန်းက သူ အခြေအနေကို ကောင်းစွာ ကြိုးကိုင်နိုင်လိမ့်မည်ဟုလည်း ယုံကြည်ခဲ့သည်။ သူက အမှန်တရားကို မည်သူမျှ ဖော်ထုတ်နိုင်မည်မဟုတ်ဟု တထစ်ချ တွက်ချက်ထားပြီး ကျန်းကျိုးကလည်း သူ၏နုံချာသော ဥာဏ်ရည်ကြောင့် အကျိုးဆက်များကို ဖြေရှင်းနိုင်မည်မဟုတ်ဟု သူ သတ်မှတ်ထားခဲ့သည်။

ထို့ကြောင့် ဤကိစ္စကို ဖြေရှင်းရန်အတွက် လျိုတုန်းက ကျန်းကျိုးထံမှ ပိုက်ဆံတောင်းမည်ဖြစ်ပြီး လူအများက သူ့ကို ပိုယုံကြည်လာစေရန် သူ ရက်တော်တော်ကြာ သိမ်းထားခဲသည့်အစားအစာများကိုပင် စားသောက်ခဲ့သည်။

ရလဒ်အနေဖြင့် ယခုအချိန်တွင် သူ အပြင်းအတန် ဗိုက်နာနေခဲ့သည်။

သို့သေည်လည်း ယခုအချိန်တွင် လျိုတုန်း အမှန်တကယ် နာကျင်ခြင်း ရှိ မရှိ မည်သူမျှ ဂရုမစိုက်ကြ‌တော့ပေ။ နျိုတင်းကလည်း သူ့၏ညီအစ်ကိုကို ယုံမိပြီး သူ့ကိုယ်သူ ဆွဲချမိသည့်အတွက် ဒေါသထွက်နေခဲ့သည်။

ကြည့်ရှုသူများကလည်း သူတို့၏၏လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချနေခဲ့သည်။ လောဘဇောဖြင့် မလိုလားအပ်သော အကြံအစည် ရှိခြင်းက မနှစ်မြို့ဖွယ် အမူအရာဟု လူတိုင်းက ပြောဆိုနေကြသည်။

ကျန်းကျိုးက လျိုတုန်း၏ကျန်းမာရေး အခြေအနေကို မေးမြန်းရန် စိတ်ဆန္ဒမရှိပေ။ သူက လက်ရှိအခြေအနေကို ဖြေရှင်းရန်သာ အာရုံစိုက်ထားခဲ့သည်။ လျိုတုန်းက အမှားတစ်ခုကို ကျူးလွန်ခဲ့ပြီး သူ၏ လောဘကြောင့် သူ့ကိုယ်သူ အဆုံးသတ်မိသွားခဲ့သည်။ သို့သော် ယခု သူ့ကို ဒီအတိုင်း လွှတ်ပေးလိုက်ရလျှင် ကျန်းကျိုး စိတ်ကျေနပ်နိုင်မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် နျိုတင်းက လူမိုက်ဖြစ်သော်လည်း အမှားအမှန်ကို သိပြီး သူ့“ညီအစ်ကို”၏ လုပ်ရပ်ကို ခွင့်မလွှတ်ပေ။ သူက ကျန်းကျိုးအား တောင်းပန်ရန် လျိုတုန်းအား အမိန့်ပေးလိုက်သည်။

တစ်စုံတစ်ယောက်က သူ့၏အူများကို ဆွဲထုတ်ကာ ကြိုးဖြင့် ချည်နေသကဲ့သို့ လျိုတင်း ခံစားနေရပြီး သူ့၏ဝမ်းဗိုက်အတွင်းမှ စူးစူးရှရှ ဝေဒနာက ပိုပြင်းထန်လာသည်။ သူက နာကျင်မှုကြောင့် တဆတ်ဆတ်တုန်နေပြီး နျိုတင်းကို တောင်းပန်ဟန်ဖြင့် မော့ကြည့်နေလေသည်။

နျိုတင်းက ခံစားချက်မဲ့သော မျက်နှာကို ထိန်းသိမ်းထားဆဲဖြစ်ကာ လျိုတုန်းအား တောင်းပန်ရန် ထပ်တိုက်တွန်းလိုက်သည်။

“တောင်းပန်လိုက်”

ကျန်းကျိုးက သူတို့နှစ်ဦးကို အပြန်ပြန်အလှန်လှန် ကြည့်နေခဲ့ပြီး တစ်ယောက်က အေးစက်သောအမူအရာ ဖြစ်နေကာ တစ်ဖက်က မကျေနပ်ချက်အပြည့်ရှိသော မျက်နှာကို ပြန်ဖော်ပြနေသောကြောင့် သူ ရယ်ချင်လာမိသည်။ သူက ဝမ်ရန်ကို တစ်ချက်ကြည့်လိုက်ပြီး “သူ မတောင်းပန်ချင်ရင်လည်း ထားလိုက်ပါ။ ဒီလိုမရိုးသားတဲ့ တောင်းပန်မှုက ငါတို့အတွက် အသုံးမဝင်ဘူး"

နျိုတင်း၏မျက်နှာက မည်းမှောင်သွားပြီး လျိုတုန်းကို တိုက်ရိုက်ဖိချလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။

"မင်း မတောင်းပန်ရင် ဒီနေ့ နာနာကျင်ကျင် သေရလိမ့်မယ်၊ ငါ မင်းကို ဂရုမစိုက်ပေးတော့ဘူး!"

သူ့အသံက တိုးတိုးလေး ဆိုသော်လည်း လျိုတုန်းအတွက် ဖုံးကွယ်ထားသည့် ခြိမ်းခြောက်မှုများ ပါနေကာ သူ မတောင်းပန်ပါက ဝေဒနာများစွာ ခံစားရလိမ့်မည်ဟု အခိုင်အမာ ပြောနေခြင်း ဖြစ်သည်။ လျိုတုန်းက နျိုတင်းထံတွင် ဤခြိမ်းခြောက်မှုအတွက် အပြည့်အဝ စွမ်းဆောင်နိုင်စွမ်းရှိကြောင်း သိထားပြီး နောက်ဆုံးတွင် သူက ငိုယိုကာ သူ့အမှားကို ဝန်ခံတောင်းပန်လာခဲ့သည်။

"ငါ မှားပါတယ်၊ ငါ မှားခဲ့ပါတယ်၊ ငါ တောင်းပန်ပါတယ်၊ ငါ ထပ်မလုပ်ရဲတော့ပါဘူး!"

ကျန်းကျိုးက ဘာမှ ပြန်မပြောဘဲ ပြုံးနေလိုက်သည်။

နျိုတင်းက ကျန်းကျိုး၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး တစ်ခုခုကို မှန်းဆမိသွားပုံဖြင့် သူ့မျက်နှာက မည်းမှောင်သွားသည်။ ထို့နောက် သူက လျိုတုန်းကို ကုန်ထုတ်လိုက်ပြီး ကျန်းကျိုးကို လက်ဟန်ဖြင့်အရိုအသေပေးကာ တောင်းပန်လိုက်သည်။

"ဒီနေ့ ငါ စိတ်လောပြီး မဆင်မခြင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်"

ထိုစကားကို ပြောပြီးနောက် နျိုတင်းက ကျန်းကျိုး၏တုံ့ပြန်မှုကို မစောင့်ဘဲ ချက်ချင်း ပြန်ထွက်ခွာသွားတော့သည်။ သူလူနှစ်ယောက်ကလည်း သူ့နောက်မှ လိုက်ပါသွားခဲ့သည်။

ကျိရှစ်ဆေးခန်းမမှ သမားတော်အိုကြီးက တိတ်ဆိတ်နေပြီး သူ့၏ဆေးပစ္စည်းများကို ပြန်သိမ်းကာ ဆေးခန်းမဘက်သို့ ဖြည်းညှင်းစွာ ပြန်သွားနေခဲ့သည်။ လျိုတုန်း ရှေ့မှ ဖြတ်သွားစဉ်တွင် သူက သူ့မုတ်ဆိတ်မွေးများကို သူ့လက်ဖြင့် ဆွဲနေရင်း "လူငယ်လေး၊ မင်းရဲ့ဆေးဖိုးဝါးခတွေကို ပေးချေဖို့ ကျိရှစ်ဆေးခန်းမကို လာဖြစ်အောင် လာခဲ့ပါ။ ငါ မင်းအတွက်​ ​ဆေး​တွေ ပြင်ထားပေးမယ်"

ထိုစကားကို ချန်ထားပြီးနောက် သူက သူ့လမ်းကိုသူ ဆက်လျှောက်သွားတော့သည်။

လျိုတင်းက စိတ်ဓာတ်ကျပြီး ပတ်ဝန်းကျင်မှ လူများ၏မျက်လုံးများကလည်း သူ့ကို စိတ်တိုလာစေသည်။

နောက်ဆုံးတော့ သူပဲ အရှက်တကွဲ ဖြစ်ပြီး ကျန်ရစ်နေရတယ်။

စိတ်လှုပ်ရှားမှုဖွယ်မြင်ကွင်း မရှိတော့သော်လည်း ကျန်းကျိုး၏ဆိုင်ကတော့ ပြန်လည်တက်ကြွလာခဲ့သည်။ အအေးဒဏ်ကို အချိန်ကြာမြင့်စွာ သည်းခံပြီး ပွဲကြည့်နေခဲ့သည့်သူများက သူတို့၏ဝမ်းဗိုက်များ နွေးထွေးစေရန် အစားအစာ ဖြည့်သွင်းဖို့ စိတ်အားထက်သန်နေကြသည်။ ထို့အပြင် သူတို့ရှေ့မှ ကျန်းကျိုး၏ဆိုင်ကလည်း သူတို့ကို အပြည့်အဝ ဆွဲဆောင်နေပြီး သူတို့ နှာခေါင်းထဲသို့ မွေးကြိုင်သည့်ဟင်းရည်ရနံ့ တိုးဝင်လာချိန်တွင် သူတို့၏ ခြေထောက်များက အမြစ်တွယ်နေသလို ဖြစ်သွားပြီး ထိုနေရာမှ ထွက်မသွားချင်ကြတော့ပေ။

ကျန်းကျိုးက သူ့လက်များ ရှုပ်ရှက်ခတ်အောင် ကွမ်တုန်းကျူ ထည့်ပေးနေရပြီး နေ့လည်စာ စာပြီးချိန်ဖြစ်သောကြောင့် အလုပ်မရှိတော့သည့် ဝမ်ရန်က ဆိုင်ကို စီမံခန့်ခွဲရာတွင် အကူအညီပေးနေခဲ့သည်။

သူတို့နှစ်ဦး နေ့တစ်ဝက်လောက် အလုပ် အတူတူ လုပ်နေကြပြီး သေးငယ်သော ငွေထည့်သည့်သေတ္တာလေးတွင် ငွေများ တဖြည်းဖြည်း ပြည့်လာသည်ကို သတိပြုမိသွားကြသည်။ ထိုအရာက သူတို့၏အတွင်းစိတ်ကို ကျေနပ်မှုတစ်ခု တိုးဝင်လာစေသည်။

....။....။....

ညနေစောင်းလာချိန်တွင် လမ်းမတွေ၌ သွားလာနေသူ အနည်းငယ်သာ ကျန်နေတော့သည်။ လမ်းတလျှောက်တွင် တန်းစီနေသော အိမ်အများအပြားက မီးထွန်းလိုက်ကြပုံပေါ်ကာ အလင်းရောင်များ ထွက်ပေါ်လာသည်။ ရံဖန်ရံခါတွင် ထိုအလင်းရောင်မှိန်ပျပျရှိနေသော ပြတင်းပေါက်များမှ ကလေးများ၏ ရယ်မောသံများနှင့် ငိုသံများကို ကြားနေရသည်။

ထိုကဲ့သို့သော ကလေးသံများကို ကြားလိုက်ရချိန်တွင် ကျန်းကျိုးက ရုတ်တရက် မေးလိုက်သည်။

"မင်း ရှောင်ယိကို မွေးတုန်းက အရမ်းနာကျင်ခဲ့ရတာလား?"

ဝမ်ရန်က သူ့ခြင်းတောင်းလေးကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ထုတ်ပိုးနေရင်း ကျန်းကျိုးကို ဘေးတိုက်စောင်းငဲ့ကြည့်လိုက်သည်။ သူ့ကို ကြည့်နေသည့် ကျန်းကျိုး၏အကြည့်များက ပုံမှန်အတိုင်း နူးညံ့သိမ်မွေ့နေပြီး ကြင်နာမှုများ ပါဝင်နေသောကြာင့် ထိုမျက်လုံးများကြောင့် သူက ကျန်းကျိုးကို ပို၍ နှစ်သက်လာမိသည်။

တုံ့ပြန်သည့်အနေဖြင့် ဝမ်ရန်က သူ့နှုတ်ခမ်းများကို တင်းတင်းဖိကပ်ရင်း အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ "ကျွန်တော် သူ့ကို ခက်ခက်ခဲခဲ သယ်ပိုးထားတာကို သူ သိနေတာ ဖြစ်နိုင်တယ်၊ ဒါကြောင့် မွေးတဲ့အချိန်မှာ ကျွန်တော့်ကို အများကြီး ဒုက္ခမပေးခဲ့ဘူး"

သူ ပြောနေတဲ့ စကားတွေက တကယ်ကို အမှန်တွေပါ။ သူ ကလေးကို ကိုယ်ဝန်ရှိနေတဲ့အချိန်အတောအတွင်း နေ့တိုင်းလိုလို အတွေးတွေနဲ့ ကြောက်ရွံ့နေပြီး စိုးရိမ်စိတ်တွေလည်း ဖြစ်နေတတ်တယ်။ အဲ့တာက ကလေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်စေပြီး ဗိုက်ထဲမှာနေတဲ့ ရှောင်ယိက မလုံမခြုံ ခံစားရပုံနဲ့ သူ့ဗိုက်ကို ကန်ပြီးရင်း ကန်နေတတ်တယ်။ ဒါပေမယ့် မွေးဖွားတဲ့အချိန်ရောက်တော့ ချောချောမွေ့မွေ့ မွေးဖွားနိုင်ခဲ့တယ်။

ကလေးလေးကို မွေးပြီးတဲ့နောက်တွင် ကလေးက အားနည်းနေပြီး သူ့ကို ပြုစုရတာ စိန်ခေါ်မှုလေးတွေ ရှိခဲ့ပေမယ့် သူက‌တော့ ကျေနပ်တယ်။ ဘာပဲဖြစ်ဖြစ် သူ့ကလေးလေးက သူ့အတွက် ကြီးမားတဲ့ပျော်ရွှင်မှုပဲ။

သူ့လက်တွဲဖော်လေး၏ စိတ်ကျေနပ်မှုများ ပြည့်နေသည့်မျက်နှာကို ကြည့်ရင်း ကျန်းကျိုးက ဝမ်ရန်၏ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။

“မင်းရဲ့ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ် ဇနီးလေး”

ဝမ်ရန်က သူ့မျက်လုံးလေးများ မှေးကျဥ်းသွားသည်အထိ ပြုံးနေရင်း ကျန်းကျိုးကို တုံ့ပြန်လိုက်သည်။

"မပင်ပန်းပါဘူး"

..... ခင်ဗျား ပြန်ရောက်လာပြီးကတည်းက အတိတ်က အခက်အခဲတွေ အားလုံးက ချိုမြိန်မှုအဖြစ် ပြောင်းလဲသွားပြီ။ အခု ကျွန်တော့်ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကိုအားလုံးက နောက်ဆုံးမှာ ခင်ဗျားရဲ့ချစ်ခြင်းမေတ္တာကြောင့် ကုစားနိုင်မယ်ဆိုတာကိ ကျွန်တော် သိနေလို့ပါပဲ။

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment